
အင်္ကျီအဖြူလည်ကတုံးနဲ့ ယောပုဆိုးကို ဝတ်ထားပြီး သန့်ပြန့်နေတဲ့ သူ့ကို ကြည့်ကာ အမေဖြစ်သူက ..
“ဒါက ဘယ်တုန်း”
“ကောင်မလေးနဲ့ သွားတွေ့မလို့”
အမေဖြစ်သူက နှုတ်ခမ်းကိုမဲ့ရွဲ့ကာ အထင်မကြီးသလိုဟန်နှင့် ..
“ပြန်လာရင်သာ မူးမလာနဲ့”
“စိတ်ချပါ အမေရ”
အချိန်က နံနက် ၆နာရီခွဲခန့်သာရှိသေး၏။ ဒီနေ့ဟာ သူ့အတွက် အရမ်းကို အရေးကြီးတဲ့နေ့လို့ ဆိုရမည်။ ဘာဖြစ်လို့လည်းဆိုတော့ မမ က ဒီနေ့ အဖြေပြန်ပေးမည်မဟုတ်ပါလား။ လမ်းထိပ်ရောက်တော့ ကွမ်းယာဆိုင်က ဦးမြင့်က ..
“ဟေ့ကောင် ကွမ်းယူဦးမှာလား”
“ဒီနေ့တော့ မယူသေးဘူးဗျာ .. ပြန်လာမှ စားမယ်”
ဘာပဲဖြစ်ဖြစ် ဒီလိုနေ့မျိုးမှာ သွားတွေဝါထိန်နေပြီး ကွမ်းတပျစ်ပျစ်ဖြစ်နေလျှင် မမ က ငြိုငြင်သွားမှာကို စိုးမိသည်။ အသေးအဖွဲကအစ ဂရုစိုက်ရမည်။ ဒီနေ့ဟာ ရင်ခုန်ကြည်နူးစရာအမှတ်တရနေ့လေးတစ်နေ့ ဖြစ်ကောင်းဖြစ်လာနိုင်၏။ ယုံကြည်ချက်အပြည့်နှင့်ခြေလှမ်းတွေက တက်ကြွလွန်းနေသည်။ ကွမ်းယာဆိုင်ကို ကျော်ပြီး မီတာ ၂၀၀ လောက်အရောက်မှာ ဘုံဆိုင်ထဲက ဒယိမ်းဒယိုင်နဲ့ထွက်လာတဲ့ .. ထွန်းထွန်းက ..
“ဟေ့ကောင် ဘယ်တုန်း”
“ငါသွားစရာလေး ရှိလို့”
“နည်းနည်းလောက်တင်သွားပါလား”
“တော်ပါပြီကွာ .. ပြန်လာမှပေါ့”
အထက်ပါဆိုခဲ့သည့်အတိုင်း ဒီနေ့က သူ့အကြိုက်ဆုံးအရာတွေကို ခဏတော့စွန့်လွှတ်ရမည်။ ဒီနေ့မှာ အရေးကြီးဆုံးက မမ ဆီက ချစ်တယ်ဆိုတဲ့ အဖြေရဖို့ပင်။ ကျန်တာတွေက ဘာမှအရေးမကြီး။ လိုင်းကားက တော်တော်ကြာကြာ စောင့်ရသည်။ အဲဒီအချိန်မှာ အချို့စုံတွဲလေးတွေကဆင်တူအင်္ကျီလေးတွေဝတ်လို့၊ အချို့ကလည်း ပန်းစည်းလေးတွေ၊ အရုပ်ကလေးတွေပိုက်လို့။ သူ့လက်ထဲမှာတော့ ဘာမှမပါပေ။ ဒါက အရေးမကြီးဘူးလို့လည်း သူယူဆ၏။ ဘာပဲဖြစ်ဖြစ် ဒီနေ့သာ မမ ဆီက ချစ်တယ်ဆိုတဲ့အဖြေကို ရခဲ့မယ်ဆိုရင် ..သူ့အနေနှင့် ပန်းစည်းတွေ၊ အရုပ်တွေထက် ပိုမိုကောင်းမွန်တဲ့ ချစ်သူများနေ့ လက်ဆောင်ကို မမ ကို ပေးဖို့ စီစဉ်ထားပြီးသားမဟုတ်လား။
ချိန်းထားတဲ့နေရာရောက်တော့ မမ က မရောက်သေး။ နာရီကိုကြည့်လိုက်တော့ ၇နာရီထိုးတော့မည်။ ချိန်းထားက ၇ခွဲဆိုတော့ သူ့အနေနှင့် နာရီဝက်တောင်ကြိုရောက်နေတာလို့ ဆိုလို့ရသည်။ ဒီနာရီဝက်က သူ့အတွက်တော့ တော်တော်လေးကြာဦးမည်။ အဲဒီအချိန်မှာပဲ သူနဲ့ မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက် မယောင်မလည်နှင့်မတ်တပ်ရပ်နေတာကိုတွေ့ရသည်။ အဲဒီကောင်လေးလက်ထဲမှာလည်း အရုပ်လေးတစ်ရုပ်ကိုင်လို့။ ဒီနေရာမှာ ထိုင်ခုံကလည်း တစ်လုံးသာရှိသည်။ အဆိုပါကောင်လေးက ဒီထိုင်ခုံမှာ ထိုင်ဖို့ မျှော်လင့်နေပုံရသည်။ ဒါပေမဲ့ ဒီနေ့တော့ သူဘယ်သူ့ကိုမှာ အားမနာနိုင်။ ဒါကြောင့် ကိုယ်အရင်ရောက်ပြီး ဦးနေတဲ့ ဒီနေရာမှာ သူထိုင်ရာကမထဘဲ မမ ကို စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။
မမ လာပြီ။ သူ့ရင်ခုန်သံတွေခုန်နေသလို၊ ခြေဖျားလက်ဖျားတွေကလည်း အေးစက်နေသလို ခံစားရသည်။ ပြီးတော့ အိမ်သာတက်ချင်သလိုလိုဘာလိုလိုဖြစ်လာ၏။
“ရောက်နေတာကြာပြီလား”
မမ ရဲ့ ချိုသာပျော့ပြောင်းလွန်းတဲ့ နှုတ်ထွက်စကားက သူ့တစ်ကိုယ်လုံးကို ဓာတ်လိုက်သွားသလို ခံစားရစေသည်။ သူ့ စိတ်ကို အတည်ငြိမ်ဆုံး ထိန်းချုပ်ဖို့ကြိုးစားကာ ..
“ဟုတ် .. သိပ်မကြာသေးပါဘူး”
ပြီးတော့ ဘာဆက်ပြောလို့ ပြောရမှန်းမသိ။ အဲဒီအချိန်ထိ မလှမ်းမကမ်းမှာရှိနေတဲ့ အရုပ်ကိုင်ထားတဲ့ ကောင်လေးက မတ်တပ်ရပ်နေတုန်း။ ပြီးတော့ သူ အိမ်သာတက်ချင်သလိုလို ဖြစ်လာပြန်သည်။
“မမ ..”
မျက်ဝန်းလေးပင့်ကြည့်လိုက်တဲ့ မမ နဲ့ အကြည့်ချင်းဆုံတော့ သူပြောဖို့စဉ်းစားထားတဲ့ စကားလုံးတွေ ပျောက်ဆုံးသွားပြန်သည်။ ပြီးတော့ မမ က မခို့တရို့လေးပြုံးကာ…
“မင်း ပုံစံကြည့်ရတာ မသက်မသာရှိလိုက်တာ”
“ကျနော် ရင်တွေခုန်နေလို့ပါ”
မမ က သူ့ရဲ့ အဖြေစကားကြောင့် မပွင့်တပွင့်လေး ရယ်လိုက်ပြန်သည်။ သူ ထပ်ကြွေသွားပြန်သည်။ ပြီးတော့ အိမ်သာတက်ချင်သလိုလို၊ လေလည်ချင်သလိုလိုဖြစ်လာပြန်သည်။ ခက်တော့ခက်ပြီ။
“မင်း ဒီနေ့ မမဆီက ဘယ်လို အဖြေစကားကြားရမယ်လို့ မျှော်လင့်ထားလဲ”
“ဗျာ .. “
သူ ရုတ်တရက်ဘာဖြေရမှန်းမသိ။ ပြီးတော့ အိမ်သာတက်ချင်စိတ်က ပိုဆိုးလာပြန်သည်။ ပြီးတော့မှ သတိရမိသည်။ သူ မနက်အိမ်ကထွက်လာကတည်းက အိမ်သာမတက်ဖြစ်ခဲ့။ မိုးလင်းရင် အိမ်သာတက်တဲ့အကျင့်ရှိတဲ့သူ့အတွက် အခုတော့ ခန္ဓာကိုယ်က အိမ်သာတက်ဖို့ အချက်ပြနေပြီ။
“မမ ..”
“အင်း ..”
“ကျနော်လေ .. “
သူ ရုတ်တရက်ဆက်မပြောနိုင်။
“ပြောလေ .. ဘာပြောမလို့လဲ”
“ကျနော် .. ကျနော် .. “
သူ ဆက်မပြောနိုင်။ နောက်ဆုံးတော့ စိတ်ကို ဒုံးဒုံးချကာ .
“ကျနော် .. အိမ်သာ ခဏတက်ချင်လို့”
“ဘာ … “
မမရဲ့ အသံက တော်တော်လေး ကျယ်လောင်သွားသည်။ ဒေါသလည်း ထွက်သွားပုံရ၏။
“ပြန်ပြောလိုက်စမ်း …”
“ကျနော် အိမ်သာတက်ချင်လို့ လို့”
မမ က တော်တော်လေးကို ဒေါသဖြစ်သွားပုံရသည်။ ပြီးတော့ …
“မင်းတို့ ယောကျ်ားတွေကလေ တစ်ခုခုဆို အိမ်သာတက်ဖို့ပဲ ကြိုးစားနေကြတာလား”
“ဗျာ .. “
“မဗျာနဲ့ .. ငါနဲ့ တွေ့နေရင် အဲဒီလို အိမ်သာတက်ချင်တာကို အရမ်းမုန်းတာ”
“ဘာ .. ဘာဖြစ်လို့လဲဗျာ ..”
“မင်းကို ရှင်းရှင်းပဲပြောမယ် .. အခုချိန်မှာ အိမ်သာနဲ့ ငါ့အချစ်ဆိုရင် မင်းဘာရွေးမလဲ”
“ဟာ .. မမကလည်း အဲဒီလိုကြီး မမေးနဲ့လေ”
ဗိုက်ကလည်း ထိုးပြီးအောင့်လာသည်။ ချုပ်တီးထားရတဲ့အချိန်က ကြာပြီဆိုတော့ ကိစ္စကလည်းထိပ်ဝကို ရောက်နေပြီ။ အဲဒါကို မမ က ဘာလို့ ဒေါသထွက်သွားသလဲနားမလည်နိုင်။ မမ က ဆက်ပြောသည်။
“ငါ့ဘဝမှာ အမုန်းဆုံးက နင်တို့ ယောကျ်ားတွေ အိမ်သာတက်တာကိုပဲ”
“ဒါပေမဲ့ .. မမ ..ရယ်..”
“ဘာမှ မဒါပေမဲ့နဲ့ ..မင်းအခု ချီးထွက်ကျတော့မယ်မလား .. ငါ့ရှေ့က မြန်မြန်သွားတော့ .. ပြီးတော့ .. ငါ့ကိုလည်း နောက်ထပ်ဘယ်တော့မှ တွေ့ဖို့မစဉ်းစားနဲ့တော့”
သူ့အနေနဲ့ ဘာမှဆက်မပြောနိုင်။ ဖင်ကိုပိတ်ပြီး အိမ်သာရှိရာကိုသာ အမြန်ပြေးရတော့သည်။ အဲဒီအချိန်မှာ မမ ရဲ့ ချစ်တယ်ဆိုတဲ့အဖြေထက် အိမ်သာတစ်လုံးကို အမြန်ဆုံးတွေ့ရဖို့က အရေးကြီးတာအမှန်ပင်။ အိမ်သာတက်လို့အပြီးမှာတော့ လူက လန်းဆန်းပေါ့ပါးသွားသည်။ ပြီးတော့ မမ ကို သေသေချာချာသွားပြီး ပြန်တောင်းပန်မည်ဆိုသည့် စိတ်ကူးနှင့် ခုနက နေရာကို ပြန်သွားချိန်မှာတော့ ..။
မမ လက်ထဲမှာ အရုပ်ကလေးတစ်ရုပ်ကိုင်ထားသည်။ ဘေးနားမှာလည်း စောစောက မယောင်မလည်လုပ်နေသည့် ကောင်လေးက ထိုင်နေသည်။ သူ အရာအားလုံးကို နားလည်လိုက်သည်။ မမ သူ့နေရာမှာ အစားထိုးလိုက်ပြီဆိုတာကို။ ချစ်သူများနေ့ရဲ့ အိမ်အပြန်လမ်းက သူ့အတွက် ပျော်စရာမကောင်းခဲ့ပါ။ ခေါင်းငိုက်စိုက်နဲ့ အရက်ဆိုင်ထဲကို ဝင်လာတဲ့ သူ့ကို ထွန်းထွန်းက …
“ဟေ့ကောင် .. ဘယ်လိုလဲ”
“ခဏနေဦးကွာ .. ငါ အိမ်သာတက်လိုက်ဦးမယ်”
“အာ .. ဒီကောင် …”
ယောကျ်ားတွေသည် အိမ်သာတက်ရင် ကြာတတ်သည်။ ပြီးတော့ ဘယ်အရာကိုမဆို သူတို့ ထိန်းချုပ်နိုင်ပေမဲ့ အိမ်သာတက်ချင်စိတ်ကိုတော့ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူ၊ ကိုယ်ယောကျ်ား အိမ်သာတက်ချင်နေချိန်မှာ၊ အိမ်သာတက်ကြာနေတာမျိုးမှာ နားလည်မှုလေးပေးလိုက်ဖို့ သိပ်လိုအပ်သည်။ အထူးသဖြင့် ချစ်သူများနေ့လို အထိမ်းအမှတ်နေ့မျိုးတွေမှာတောင်ပေါ့။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg