
Part - 6
Dinner ပွဲလေးက စည်ကားလှသလို နာမည်ကြီးပရိုဂျူဆာတစ် ဦး ၏ မင်္ဂလာညစာစားပွဲမို့ ရုပ်ရှင် မင်းသား ၊ မင်းသမီးအများစုသာမက စီးပွားရေးသမားတွေပါ တက်ရောက်ကြသဖြင့် စည်ကားလှသည်။ ခြံဝင်းလေးထဲ မီးရောင်စုံထွန်းထားသဖြင့် လင်းထိန်နေသလို အစီအစဉ် တင်ဆက်သူကလဲ အရွှန်းဖောက်လိုက် သီချင်းလာလိုက်ဖြင့် အကုန် ဆူညံနေကြ၏။
ဂုဏ်တံတိုင်း လက်ထဲရှိ ဝိုင်ခွက်ကို အသာလှုပ်ယမ်း၍ သောက်နေသလို မလာမဖြစ်ပွဲမို့သာ သူရောက်လာခြင်းပင်။
" ဟင်.....ယွန်း..".
ဟုတ်သည်....ယွန်းပင်။
တိမ်ယံမှိုင်း နဲ့အတူ လျှောက်လာသည့် ယွန်း။ မိုးပြာရောင် Evening gown အရှည်ကြီးဖြင့် လှပနေသလို ဆံနွယ်ရှည်တို့ကို အလှလေးစုထုံးထား၏။
ယွန်း စူးစိုက်ကြည့်နေသည့် မောင့်ကို တန်းတွေ့လိုက်ရသဖြင့် ခြေလှမ်းတို့က ယိုင်ချင်သွား၏။ ဖျတ်ခနဲ အကြည့်လွှဲသွားပုံက မကြည်လင်သည့် အနေအထားဖြစ်သလို မောင့်မျက်နှာချောချောက မှုန်ကုတ်နေတာမို့ ယွန်းကြောက်မိတာ အမှန်ပင်။
" လာ မယွန်း....အဲ့ကောင်ကို ဘာမှဂရုစိုက်နေစရာ မလိုဘူး။ "
မှိုင်းစကားကြောင့် ယွန်း ခပ်ယဲ့ယဲ့ပြုံးရင်း ပြီးစလွယ်သာ ခေါင်းလေးညိတ်ပြမိ၏။ စားပွဲတစ်ခုတွင် နှစ်ယောက်သား ဝင်ထိုင်ရင်းမှ မောင့်ကိုမသိမသာ ခိုးကြည့်မိသည်။ မိန်းကလေးတစ်ယောက်နှင့် စကားပြောနေခြင်း ဖြစ်သလို ပြုံးရယ်နေတာမို့ ယွန်း ခေါင်းလေးငုံ့သွား၏။
" မယွန်း.....မယွန်း နဲ့ မိတ်ဆက်ပေးရ ဦး မယ်....ကိုထိုက်တန်.....ဒါ ကျွန်တော့်အစ်မလေ....မြယွန်းချယ်တဲ့။ မယွန်း....ဒါ ကျွန်တော် ခုရိုက်မယ့်ကားရဲ့ ပရိုဂျူဆာလေ....."
ယွန်း ပြုံးပြလိုက်ရင်းမှ ကမ်းပေးလာသည့်လက်ကို အလိုက်သင့်ဆွဲကိုင်ကာ နှုတ်ဆက်လိုက်၏။
" ဟုတ်ကဲ့....တွေ့ရတာ ဝမ်းသာပါတယ် ကိုထိုက်တန်။ "
ထိုက်တန် ပြုံးလိုက်ရင်းမှ တိမ်ယံမှိုင်း ဘေးရှိခုံတွင် ဝင်ထိုင်လိုက်သည်။
" မှိုင်းမှာ အစ်မရှိတယ်တော့ သိပါတယ်....ဒီလောက်လှမယ်တော့ မထင်ဘူးဗျာ....ဟားဟားဟား။ "
ယွန်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားသလို မျက်နှာပူသွား၏။ မှိုင်းကတော့ ကိုထိုက်တန်က ဒီလိုပဲ စနောက်နေကြဟုပြောပေမယ့် နေရခက်တာတော့ အမှန်ပင်။
ဂုဏ်တံတိုင်း မကြည်သလို ငေးစိုက်ကြည့်ရင်းမှ လက်ထဲရှိ ဝိုင်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်မိသည်။ ဟိုကောင်က ဘာတွေပြောလိုက်မှန်းမသိ ယွန်းမျက်နှာက နီသွားလိုက်တာများ....အတော်သဘောကျနေလားမသိ။
တိမ်ယံမှိုင်း... တိမ်ယံမှိုင်း... တစ်စက်ကလေးမှ ကျက်သရေမရှိသည့်ကောင်။ အစ်မကို အတော်စျေးတင်ရောင်းချင်နေလား မသိ။ ဒီလောက် သူ့ရှေ့မှာ မျက်စိကျွတ်ထွက်မတတ် ငမ်းနေတာကို တားမယ်မရှိဘူး။
@@@@@@@@@@
Toilet ထဲမှ ထွက်လာကာ ရေကူးကန်ဘေးမှ ပတ်လျှောက်လာသည့် ယွန်းရှေ့ကနေ ပိတ်ရပ်လိုက်သည့် ဂုဏ်တံတိုင်း။ ယွန်း ရှောင်ထွက်သွားရန် ပြင်လိုက်ပေမယ့် ဖျတ်ခနဲ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သဖြင့် ယွန်းကိုယ်လေးက အနည်းငယ် ယိုင်သွားရသည်။
" အ!.....ဘယ်လိုလုပ်တာလဲ။ "
" အသိတရားဝင်လာအောင်လို့လေ......ခင်ဗျား မမေ့နဲ့ မြယွန်းချယ်....ခင်ဗျားနဲ့ကျုပ်က ဘယ်လိုအနေအထားထိ ပက်သတ်ခဲ့သလဲဆိုတာ ခင်ဗျား အသိဆုံး။ ဟိုကောင်က ခင်ဗျားကို ဘာပြောပြော ကျုပ်တို့ပက်သတ်မှုကို သိရင်....."
မျက်ရည်အဝဲသားဖြင့် သူ့ကိုမော့ကြည့်လာသည့် မြယွန်း၏ မျက်ဝန်းအစုံကိုမြင်တော့ သူစကားဆက်မပြောနိုင်ဖြစ်သွားရသည်။
" ဆက်ပြောလေ.....မင်း ဘာတွေပြောချင်ချိုးချင်သေးလဲ မောင်။ ဆက်ပြောပါ.....။ "
ဂုဏ်တံတိုင်း နှုတ်ခမ်းတွေ တင်းတင်းစေ့သွား၏။
" ဟုတ်ပါတယ်.....ငါက မင်းနဲ့အဆုံးစွန် ပက်သတ်ခဲ့ဖူးတဲ့မိန်းမ.....အပျိုမဟုတ်တဲ့မိန်းမ....ဒါပေမယ့် ချစ်တဲ့သူက ချစ်ကိုချစ်တယ် မောင်။ ဘာအပြစ်အနာအဆာရှိရှိ....ဘာချို့ယွင်းချက်ရှိရှိ.....ဘာအမှားရှိရှိ ခွင့်လွှတ်နားလည်ပြီး ချစ်ပေးတယ်....."
သူ့လက်ထဲမှ သူမလက်လေးကို အတင်းရုန်းယူကာ မျက်ရည်သုတ်ပြီး ထွက်သွားတဲ့ မြယွန်းကြောင့် ဂုဏ်တံတိုင်း ဖျတ်ခနဲ မရမက လိုက်လာကာ ဖမ်းဆွဲလိုက်၏။ သူမပြောချင်တာက ဘာလဲ ....ဟိုကောင်က အပျိုမဟုတ်လဲ ချစ်ပေးမယ်လို့ပြောချင်တာလား....မရဘူး မြယွန်းချယ်။
" အားလုံးကို ကြော်ငြာစရာလေးရှိပါတယ်. ...."
ယွန်းလက်ကိုဆွဲကိုင်ကာ ခပ်ကျယ်ကျယ်ထပြောလိုက်သည့် မောင့်အသံကြောင့် အကုန်လုံး၏အကြည့်က ယွန်းတို့နှစ်ယောက်စီရောက်လာကြသည်။ ယွန်း မောင့်မျက်နှာကို ငေးခနဲ ကြည့်မိတော့ မောင်ကယွန်းကို ခပ်ပြုံးပြုံးကြည့်လာရင်း.....
" ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ ဟောဒီက မြယွန်းချယ်တို့လဲ မကြာမှီ မင်္ဂလာလက်ထပ်ပွဲကျင်းပမှာမို့ လူကြီးမင်းတို့အကုန် ဂုဏ်ပြုလက်ခုပ်သံလေး ချီးမြှင့်ပေးစေချင်ပါတယ် ခင်ဗျာ။ "
ဟမ်....။
ယွန်း မယုံကြည်နိုင်ဖြစ်သွားရသလို လက်ခုပ်သံတဖြောင်းဖြောင်းကြား ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွား၏။ သတိဝင်လာသည့်အချိန် ကပျာကယာ ငြင်းရန် ပါးစပ်လေးပြင်ရုံရှိသေး ယွန်းကို မောင်က ဆွဲနမ်းလိုက်သလို အားပေးသည့် အသံတွေသာ ဝိုးခနဲဝါးခနဲကြားလိုက်ရရင်း ယွန်း ကိုယ်တိုင်ထပ်မံပျော့ညံ့ခဲ့ပြန်သည်။
ယွန်းဟာ မောင့်ကိုဆို မလွန်ဆန်နိုင်မှပဲလေ...။ ဧည့်ခံပွဲကအပြန် မောင်နဲ့မှိုင်း အကြီးအကျယ်စကားများကြသလို မောင်ကတော့ ထုံးစံအတိုင်း ဘယ်သူ့မှဂရုမစိုက်သည့်လူပင်။
နောက်ဆုံး မှိုင်းဟာ ယွန်း နဲ့ မောင်၏လက်ထပ်ပွဲကို လုံးဝကန့်ကွက်ခဲ့ကာ အိမ်ပေါ်မှဆင်းချသွား၏။ ကြီးငယ်က ထိုအခါမှအကြောင်းစုံသိပြီး သက်ပြင်းချကာ ယွန်းကိုလက်ထပ်ရန်သာ တိုက်တွန်းသည်။ ယွန်း လက်ထပ်လိုက်တာ အမှန်ဆုံးဖြစ်မည်တဲ့လေ......။
@@@@@@@@@@@@
" ဒီမှာ မင်္ဂလာဖိတ်စာ။ "
ပန်းရောင်မင်္ဂလာဖိတ်စာကဒ်လေးမှာ ရေမွှေးနံ့လေးက သင်းနေသလို သတို့သား၊သတို့သမီးနာမည်လေးက ရွှေရောင်ဖောင်းကြွစာလုံးလေးတွေနှင့်ပင်။
" ရက်က မမြန်လွန်းဘူးလား...."
" မြန်တယ်.....ကျုပ်အားတဲ့ရက်စီစဥ်ရတာလေ။ မင်္ဂလာပွဲပြီးတာနဲ့ အလုပ်ကိစ္စအတွက် ဂျပန်သွားရ ဦး မှာ....ဟန်းနီးမွန်းတွေဘာတွေ စိတ်ကူး ယဉ် နေမှာစိုးလို့ ကြိုပြောတာ။ "
ယွန်း ရင်ထဲလေးပင်သွားရသည်။ သက်ပြင်းချလိုက်မိရင်းမှ မောင့်မျက်နှာကို ငေးစိုက်ကြည့်ရင်း ယွန်း အသိချင်ဆုံးမေးခွန်းကို ထုတ်မေးမိသည်။
" ဘာလို့လဲ......ဘာလို့ လက်ထပ်ကြမှာလဲဟင်။ "
".........."
" ယွန်း မင်းကိုသိပ်ချစ်တာပါ မောင်......ဒါပေမယ့် ကိုယ့်ကိုမချစ်တဲ့လူကို လက်မထပ်ရဲဘူး.....ယွန်းမှာ အဲ့လောက်သတ္တိမရှိဘူး။ "
ဂုဏ်တံတိုင်း ရွဲ့သလို နှုတ်ခမ်းကိုမဲ့ချ၏။ ဒါပါပဲ.....ချစ်တယ်ဆိုတာ အပေါ်ယံတွေ။
" နှစ်ယောက်လုံး နာကျင်မှာသိသိကြီးနဲ့ ဇွတ်မမိုက်ရအောင် မောင်ရယ်.....လက်ထပ်ပွဲကိုဖျက်လိုက်ပါ။ "
ပြောချင်တာပြောပြီး ထိုင်ရာမှထရပ်ကာ အိမ်ထဲဝင်သွားသည့် မြယွန်း။ ဂုဏ်တံတိုင်း ခေတ္တမျှ ငြိမ်သက်နေရာမှ အမြန်ထရပ်လိုက်ရင်း.....
" ဒါဆို ကျုပ်ညီမကရော......"
ယွန်း ခြေလှမ်းတွေ ရပ်တန့်သွားရင်း နောက်ပြန်လှည့်ကြည့်လာသည်။
" ခင်ဗျားမောင်ကြောင့် ဒုက္ခိတဖြစ်သွားရတဲ့ ကျုပ်ညီမကရော.....ဘယ်သူ တာဝန်ယူပေးမှာလဲ....အနည်းဆုံး ကျုပ်ညီမကို တောင်းပန်သင့်တယ် မဟုတ်ဘူးလား။ "
ယွန်း ငေးငေးလေး မောင့်ကိုကြည့်နေမိဆဲပင်။ ဒုက္ခိတတဲ့လား.....။ ယွန်း မောင့်မျက်နှာကို ငေးစိုက်ကြည့်မိရင်း သက်ပြင်းလေးချမိ၏။ မောင် သိပ်ကို မကျေမနပ်ဖြစ်နေတာပဲ.....အာဃာတတွေ သိပ်ကြီးမားနေခဲ့တာပဲ။
" ကောင်းပြီ......မောင်စိတ်တိုင်းကျ စီစဥ်လိုက်ပါ။ "
@@@@@@@@@@@@@@@@@@@@@@
To be continue P - 7
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ