
ဒယိမ်းဒယိုင်နဲ့ မူးလာတဲ့ မြတ်ကြီး ကို မြင်လိုက်တာနဲ့ အားလုံးတိတ်ဆိတ်သွားကြသည်။ ဒီရပ်ကွက်ထဲမှာ မြတ်ကြီးလာပြီဆိုတာနဲ့ အားလုံးစိုးရိမ်ထိတ်လန့်ကြ၏။ လူပုံက ပိန်ပိန်ပါးပါးနဲ့ ဘာကိုမှ ကြောက်တဲ့ပုံမျိုးမရှိ။ ပြီးတော့ မူးလာရင် ရစ်တတ်တာကြောင့် သူ့ကိုတော်တော်များများက ရှောင်ကြသည်။ အခုလည်း မြတ်ကြီးတစ်ယောက် ဒယိမ်းဒယိုင်ဖြင့် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာသည်။ လက်ဖက်ရည်ဆိုင်မှာ မန်ယူနဲ့ချယ်ဆီး ပွဲကို စောင့်နေကြသည့် ဘောလုံးပွဲကြိုက်တဲ့သူတွေ တော်တော်များများရှိကြသည်။ သူတို့အားလုံး စိတ်ညစ်သွားကြတာအမှန်။
“ဟေ့ .. ကျဆိမ့်တစ်ခွက်ချ .. ပလာတာရသေးလား”
“ပလာတာ မရတော့ဘူး ကိုမြတ်ကြီး”
“နံပြားရော”
“နံပြားလည်း မရတော့ဘူး”
“ဒါဆို ဘာရလဲကွာ .. မင်းတို့ ရောင်းမနေနဲ့ ပိတ်လိုက်တော့”
မြတ်ကြီးရဲ့ လေသံက တော်တော်မာသွားတော့ စားပွဲထိုးလေးပြာပြာသလဲဖြစ်သွားသည်။ ဆိုင်ရှင်ဖြစ်သူက ထွက်လာပြီး ..
“အချိန်က ညနက်နေပြီလေ ကိုမြတ်ကြီးရဲ့ အဲဒါကြောင့် ဘာမှမရတော့တာပါ”
ဆိုင်ရှင်က ချိုချိုသာသာနှင့် ပြေပြေလည်လည်ဝင်ပြောသည်။ စောစောက မန်ယူနဲ့ချယ်ဆီး ဘယ်သူပိုကောင်းလဲငြင်းနေကြသည့် အောင်ကြီးတို့ ဝိုင်းတောင် ငြင်းခုန်သံတွေမကြားရတော့။ မြတ်ကြီးက လက်ဖက်ရည်သောက်သည်။ ဘယ်သူ့ကိုမှ စကားမပြော။ အဲဒီအချိန်မှာ ဘောလုံးပွဲက စ လေပြီ။ မြတ်ကြီးက ဘောလုံးပွဲကို လှမ်းကြည့်၏။ ပြီးနောက် …
“ငါ မန်ယူဘက်က ရှိတယ် ..”
မြတ်ကြီးက ထိုသို့ဆိုလိုက်ပေမဲ့လည်း မြတ်ကြီးနှင့် ဆန့်ကျင်ပြီးလောင်းမည့်သူ တစ်ယောက်မျှ ထွက်မလာကြ။ မြတ်ကြီးက လက်ဖက်ရည်ဆိုင်ထဲကို ဝေ့ကြည့်လိုက်ပြီး ..
“ဘယ်သူမှ ချယ်ဆီးဘက်က မနေရဲကြဘူးလားကွ .. ဟမ်”
အားလုံးတစ်ယောက်မျှ တုတ်တုတ်မလှုပ်ကြ။ မြတ်ကြီးက ဆက်ပြောသည်။
“အေး .. ချယ်ဆီးဂိုးလို့ ထအော်တဲ့ကောင် ငါနဲ့တွေ့မယ်”
မြတ်ကြီးက ထိုသို့ကြိမ်းဝါးလိုက်တော့ လက်ဖက်ရည်ဆိုင်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ အဲဒီနေ့ကျမှ ချယ်ဆီးကလည်း လေးဂိုးတောင်ထည့်သည်။ မန်ယူ အလူးအလဲကို ခံနေရသည်။ မြတ်ကြီးကတော့ ဘောလုံးပွဲပင်မပြီးသေး ပိုက်ဆံရှင်းပြီး အိမ်ပြန်သွားသည်။
“ငါတော့ အဲဒီဘဲနဲ့ ဘယ်နေ့ ငြိမလဲမသိဘူး”
ညက အဖြစ်အပျက်ကို မကျေနပ်သည့် ချယ်ဆီးဖန် ကျော်ပု က ဒေါသသံနှင့်ပြောသည်။
“အံမယ် အခုမှ .. ညကတည်းက ထဖြဲပါလား”
“ဘောပွဲကြည့်ပျက်မှာစိုးလို့ပေါ့ကွ”
“မင်းတို့တွေ သူနဲ့တော့ ပြိုင်မမိုက်ကြနဲ့ကွာ”
မြတ်ကြီး က လူမိုက်တစ်ယောက်ဆိုပေမဲ့ အုပ်စုဖွဲ့တာဘာညာမရှိ။ သူ့ဘာသာ အေးဆေးနေလေ့ရှိပေမဲ့ မူးလာရင်တော့ သွေးနည်းနည်းဆိုးသည်။ ရပ်ကွက်ထဲမှာလည်း ဘယ်သူမှ သူနှင့်ပြိုင်မမိုက်ရဲကြ။ ဒါပေမဲ့ တစ်ရက်မှာတော့ …
“ဟေ့ကောင်တွေ ငါလည်း ပါမယ်”
အရက်ပုလင်းခါးကြားထိုးပြီး မြတ်ကြီးက ရပ်ကွက်ဘောလုံးကွင်းထဲ ဝင်ချလာသည်။ အားလုံးစိတ်ညစ်သွားကြ၏။
“ကိုမြတ်ကြီး မူးနေတာပဲဗျာ အေးဆေးထိုင်နေပါလား”
ကျော်ပု က ပြောလိုက်တော့ မြတ်ကြီးက ..
“မင်းက ဘာကောင်မို့လို့ ငါ့ကိုလာတားနေတာလဲ”
မြတ်ကြီးနှင့် ကျော်ပုတို့ ငြိကြတော့မလို ဖြစ်နေသည်။ အဲဒီအချိန်မှာပဲ ဘောလုံးကွင်းထဲကို ဘော်ဒီတောင့်တောင့်အရပ်မြင့်မြင့်နှင့် ကျော်မိုး ဝင်လာသည်။ ကျော်မိုးက ဘာမှမပြောဘဲ ကွင်းထောင့်မှာ ဝင်ထိုင်ပြီး ဆေးလိပ်ဖွာနေသည်။ မြတ်ကြီးက ကျော်မိုးကို မသိ။ ဘာဖြစ်လို့လည်းဆိုတော့ ကျော်မိုးက ဒီရပ်ကွက်ကို ပြောင်းလာတာမကြာသေး။ ကျော်မိုးပုံစံက ဂျင်တွေ ဆော့ထားတာကြောင့် ဗလတောင့်တောင့်နှင့် ဖြစ်သလို ဆံပင်ပုံစံက တိုတိုကပ်ကပ်ညှပ်ထားပြီး ရုပ်က ခပ်တည်တည်နှင့်ဖြစ်နေသောကြောင့် မြတ်ကြီးက ကျော်မိုး ကို နည်းနည်းရှိန်သွားပုံရသည်။ ပြီးတော့ ကျော်မိုး အကြောင်းလည်းမသိတာကြောင့် မြတ်ကြီးက အကဲခတ်သလိုကြည့်သည်။ ပြီးတော့ သူက ကျော်မိုးရဲ့ ဆန့်ကျင်ဘက် ဘောလုံးကွင်းတစ်ထောင့်မှာ သွားထိုင်သည်။ ကျော်မိုးက မြတ်ကြီးကို သေချာစိုက်ကြည့်နေသည်။ မြတ်ကြီးကလည်း ကျော်မိုးကို ပြန်ကြည့်သည်။ ပြီးတော့ သူတို့ အကြည့်ချင်းလွှဲသွားကြ၏။ ကြားထဲက ဘောလုံးကန်နေတဲ့သူတွေကလည်း ဘောလုံးပဲဆက်ကန်ရမလား .. သူတို့နှစ်ယောက် တစ်ခုခုထဖြစ်မှာကိုပဲ စောင့်ကြည့်ရမလား မသဲကွဲကြ။
မြတ်ကြီးက ..
“မင်းတို့ ဆက်ကန်ကြလေ .. ငါမကန်တော့ဘူး”
မြတ်ကြီးက အဲဒီလိုပြောပြီး ခါးကြားထဲက အရက်ပုလင်းကို ထုတ်မော့သည်။ ကျော်မိုးက ကွမ်းတစ်ရာကို ထုတ်ဝါးသည်။ ဘောလုံးကွင်းထဲမှာတော့ ဘောလုံးဆက်ကန်နေကြ၏။ ပြီးတော့ အားလုံးစိတ်ထဲမှာလည်း မြတ်ကြီး ကို ရှိန်သွားအောင်လုပ်နိုင်တဲ့ ကျော်မိုးကို စိတ်ထဲကနေ ကြိတ်ပြီးလေးစားနေမိသည်။ ဘာပဲဖြစ်ဖြစ် မြတ်ကြီးနဲ့ ကျော်မိုးတို့ တကွေ့ကွေ့မှာတော့ ထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ ထင်မှတ်ထားကြ၏။
ဒီတစ်ခါတော့ လက်ဖက်ရည်ဆိုင်ကို မြတ်ကြီးက ဘော်ဒါနှစ်ယောက်ကို ခေါ်ချလာ၏။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ ကျော်မိုးကလည်း ထိုင်နေသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က စိုးရိမ်ထိတ်လန့်နေသည်။ သူ့ဆိုင်မှာ တစ်ခုခုဖြစ်သွားမှာကို စိုးရွံ့နေပုံရသည်။ မြတ်ကြီး နှင့် ကျော်မိုးတို့က ဝိုင်းချင်းကပ်လျက်ထိုင်နေသည်။ နှစ်ယောက်သား ကျောချင်းခိုင်းထားကြသည်။ အဲဒီအချိန်မှာ ကျော်ပုတို့ အုပ်စုက ကျော်မိုးဝိုင်းမှာ ဝင်ထိုင်သည်။
“ကိုကျော်မိုး .. ဘာသောက်မလဲ ကျနော် ဝယ်တိုက်ပါ့မယ်”
“ကိုကျော်မိုး … စားချင်တာမှာဗျာ .. ဒီမှာ ကွမ်းထုပ်ပါသေးတယ်”
ဟိုတစ်နေ့က ဘောလုံးကွင်းမှာ သူ့ကို မချေမငံဆက်ဆံလိုက်သည့် ကျော်ပုဆိုတဲ့ကောင်က အခု ကျော်မိုးကို ရိုသေလေးစားပြနေတာတွေက မြတ်ကြီးကို ဒေါသထွက်စေသည်။ မြတ်ကြီး သူငယ်ချင်းတွေက ..
“ဟေ့ကောင် တီးမလား”
“နေဦးကွ .. ဒီကောင့် ပုံစံက နည်းနည်းတော့ သွေးအေးတယ်ကွ”
“ငါတို့က သုံးယောက်ပဲကို”
“သူ့ဘေးမှာ ဟိုကောင်လေးတွေတွေ့လား။ ဒီကောင်လေးတွေက ဟိုတစ်နေ့က ငါ့ကို ဘောလုံးကွင်းမှာ ပြန်ခံပြောထားတာ။ ငါတို့ တီးရင် ဒီကောင်တွေပါ ပါလာလိမ့်မယ်ထင်တယ်”
အဲဒီအချိန်မှာပဲ ကျော်မိုးက အကျီကို ချွတ်ချလိုက်သည်။ အဖုတွေအထစ်တွေနှင့် တောင့်တင်းသန်မာလွန်းသည့် ခန္ဓာကိုယ်မှာ တက်တူးတွေက အပြည့်။ မြတ်ကြီး က ကြည့်ပြီး နည်းနည်းတော့ ဖြုံသွား၏။ အဲဒီနေ့ကတော့ သူတို့ ဘာမှမဖြစ်ခဲ့ကြ။
“အစ်ကို ကျနော်တို့ အခြားရပ်ကွက်ပြောင်းရအောင်”
ကျော်မိုးက ထိုသို့ဆိုတော့ အစ်ကိုဖြစ်သူက ..
“ဟ .. ဒီမှာနေတာတောင် သုံးလလောက်ပဲရှိသေးတာကို မင်းက ဘယ်ကို ပြောင်းချင်တာလဲ”
“ကျနော် အဆင်မပြေဘူး”
“ဘာအဆင်မပြေတာလဲ..”
“ဒီရပ်ကွက်က ရပ်ကွက်လူမိုက်ဆိုတဲ့ဘဲက ကျနော့်ကို အမြဲတမ်း ဘုရှိုး ရှိုးနေတာ။ ဘယ်နေ့ ကျနော့်ကို ချမလဲမသိဘူး။ ကျနော် ကြောက်တယ်ဗျ”
သူတို့ ညီအစ်ကိုနှစ်ယောက်ပြောနေတာကို အိမ်ရှေ့ကဖြတ်သွားတဲ့ ကျော်ပု က ကြားသွားကာ .. ပြာပြာသလဲ ခြံထဲကို ဝင်လာကာ ..
“ဟာ .. ကိုကျော်မိုး မပြောင်းပါနဲ့ဗျာ”
“မင်းက ဘာသိလို့လဲ .. အဲဒီဘဲလာတိုင်း ငါ့စိတ်တွေကျဉ်းကျပ်တယ်။ ဘယ်တော့ ငါ့ကို ထရိုက်မလဲ ပြေးထိုးမလဲမသိဘူး”
ကျော်ပု က ..
“ကိုကျော်မိုး ကို သူ မလုပ်ရဲပါဘူး”
“သူလုပ်ရဲရဲ မလုပ်ရဲရဲကွာ .. ငါက ရန်ဖြစ်ဖူးတာလည်း မဟုတ်ဘူး ငါလန့်တယ်”
ကျော်ပု စိတ်ညစ်သွားသည်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ကျော်မိုးနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ရပ်ကွက်ထဲကို လွှင့်ထားပြီးသောကြောင့်ဖြစ်သည်။ ကျော်မိုးက အရင်ရပ်ကွက်မှာတုန်းက ဘယ်လိုမိုက်ခဲ့ကြောင်း၊ စကားအများကြီးမပြောကြောင်း၊ အချုပ်ထဲလည်းခဏခဏရောက်ဖူးကြောင်း၊ အေးအေးဆေးဆေးနေတတ်ပြီး ဘယ်သူ့ကိုမှလည်းရန်မစကြောင်း၊ သူ့ကို အာရုံလာနောက်လျှင်လည်း ကြီးကြီးမားမားဆုံးမတတ်ကြောင်း အစရှိသဖြင့် မဟုတ်မမှန်သတင်းတွေ လွှင့်ထားခြင်းဖြစ်သည်။ အကြောင်းရင်းကတော့ မြတ်ကြီး က ကျော်မိုးကို မြင်ပြီးနောက်ပိုင်း မူးလာရင်တောင် သူတို့ကိုလာပြီး အနိုင်မကျင့်၊ မရစ်တော့သောကြောင့် ကျော်ပု က အခုလိုမျိုး သတင်းလွှင့်ထားခြင်း ဖြစ်သည်။ တကယ်တမ်းမှာတော့ ကျော်မိုးက လူကြောက်တတ်သည်။ ဂျင်ဆော့တာ၊ တက်တူးထိုးတာက ဝါသနာအရသာဖြစ်ပြီး အခုထိ ရန်ပင်မဖြစ်ဖူး။ အခုတော့ ကျော်ပု ကောင်းမှုနှင့် ရပ်ကွက်လူမိုက်ဖြစ်နေသည်။
မြတ်ကြီးကလည်း အခုတလော အရက်ကိုအရမ်းကြီးမူးအောင် မသောက်ရဲ။ အကြောင်းရင်းကတော့ ရပ်ကွက်ထဲကို ပြောင်းလာတာမကြာသေးတဲ့ ဗလတောင့်တောင့်နဲ့ ကျော်မိုးဆိုတဲ့ကောင်နဲ့ အချိန်မရွေး ရန်ဖြစ်နိုင်သောကြောင့်ပင်။ ဒီကောင်နှင့် ယှဉ်ပြီးဖြစ်ရင်တော့ ကျိန်းသေပေါက်သူခံရမယ်ဆိုတာကို မြတ်ကြီးက တွေးထားသည်။ အရင်က ဒီရပ်ကွက်ထဲမှာ သူ့ကို ပြန်လှန်ရဲသူမရှိ။ တကယ်တော့ မြတ်ကြီးကလည်း တကယ့်လူမိုက်စစ်စစ်မဟုတ်။ အရင်တုန်းက ဘော်ဒါတွေကောင်းမှုနဲ့ ရန်ပွဲတွေမှာ အမည်ခံလူမိုက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဲဒီနောက်ပိုင်း ရပ်ကွက်ထဲမှာ မကြာခဏပါဝါပြပြပေးရသည်။ အကြောင်းရင်းက နောက်ထပ်လာမယ့် လူမိုက်ပေါက်စလေးတွေ သူ့ကို မကျော်နိုင်အောင် ကြိုကာထားခြင်း၏။ အခုတော့ ကျော်မိုးဆိုတဲ့ကောင်ကြောင့် သူ့အနေနဲ့ ဒီရပ်ကွက်မှာ ပါဝါမပြဖြစ်တာတောင် တော်တော်ကြာသွားပြီ။
တစ်ရက်မှာတော့ ကျားနှင့်ဆင်လယ်ပြင်မှာ တွေ့သလို မြတ်ကြီးနှင့် ကျော်မိုး တို့ ထိပ်တိုက်တွေ့လာဖို့ အကြောင်းဖန်လာတော့သည်။ အချိန်က ည ၁နာရီဝန်းကျင်ခန့်။ အဲဒီနေ့ မြတ်ကြီးက အရက်ဆိုင်က အပြန်နောက်ကျပြီး နည်းနည်းအမူးလွန်လာသည်။ ကျော်မိုးကလည်း အဲဒီနေ့မှ အပြင်ကဘော်ဒါတွေနှင့်သွားတွေ့တာ နောက်ကျပြီးမှ ပြန်လာသည်။ ရပ်ကွက်ကိုအဝင်လမ်းထိပ်မှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့ကြလေသည်။ မြတ်ကြီးက ကျော်မိုးကို မြင်တော့ ဒယိုင်းဒယိုင်ဖြစ်နေတဲ့ ခြေလှမ်းတွေက ဖြောင့်တန်းသွားသည်။ ကျော်မိုးကလည်း မြတ်ကြီးကို မြင်လိုက်တော့ မူလက ပြေလျော့နေတဲ့အကြောတွေက ထောင်တက်သွားသလားထင်မှတ်ရအောင် မျက်နှာထားကတည်သွားပြီး လမ်းလျှောက်ပုံက တောင့်တောင့်ကြီးဖြစ်သွား၏။ တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက် နီးကပ်လာသည်။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်တမ်းကြည့်နေကြသည်။ တစ်ယောက်ရဲ့ လှုပ်ရှားမှုကို တစ်ယောက်က အလွတ်မပေးရဲကြ။ ပြီးတော့ ဘာစကားမှလည်း မဆိုကြ။
သူတို့နှစ်ယောက် အနီးကပ်ဆုံးအခြေအနေကို ရောက်ရှိလို့လာခဲ့ပြီ။ မြတ်ကြီးက ဖြစ်ချင်ရာဖြစ် မနိုင်လည်း ခံချမယ်ဆိုတဲ့စိတ်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ကျော်မိုးကလည်း ဒီအချိန်မှာတော့ မထူးတော့ဘူး။ ရှောင်လွှဲလို့မရတော့မယ့်အတူတူ ရန်ပွဲဖြစ်လာရင်အဆင်သင့်ဖြစ်ဖို့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။
အဲဒီအချိန်မှာပဲ ရပ်ကွက်ကင်းအဖွဲ့က သူတို့နားရောက်လာသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရန်စောင်နေသည့်အသွင်သဏ္ဍန်နှင့် လက်သီးတွေဆုပ်ထားတာကို မြင်တော့ ..
“ဟာ .. ကိုမြတ်ကြီး စိတ်လျှော့ .. စိတ်လျှော့ ..”
“လာ … လာ ကိုကျော်မိုး အိမ်ပြန်ကြရအောင်”
အဲဒီအချိန်ကျမှ .. မြတ်ကြီးက ..
“ဒီနေ့တော့ မင်းကံကောင်းသွားတယ်မှတ်ပါ”
ကျော်မိုးကလည်း အားကျမခံ ..
“ဒီနေ့ ခင်ဗျား သွေးထွက်သံယိုဖြစ်ပြီး အိမ်မပြန်ရတာ ကံကောင်းတယ်မှတ်ပါ”
ဒီလိုနှင့် နောက်တစ်ပတ်လောက်အကြာမှာတော့ ရပ်ကွက်ထဲမှာ မြတ်ကြီးလည်းမရှိတော့၊ ကျော်မိုးလည်း မရှိတော့ပေ။ နှစ်ယောက်စလုံးရပ်ကွက်ပြောင်းသွားကြပုံရသည်။ အကြောင်းရင်းကတော့ ..
ကျော်မိုးက သူ့အစ်ကိုအား .
“ကျနော် ဆက်နေရင် သေလိမ့်မယ်ဗျ .. ဟိုနေ့က ကံကောင်းလို့ ရပ်ကွက်ကင်းလှည့်တာနဲ့ တိုးသွားလို့။ နောက်တစ်ခါထပ်တွေ့မှာ ကြောက်တယ်ဗျာ မြန်မြန်ပြောင်းကြရအောင်”
မြတ်ကြီးကလည်း သူ့သူငယ်ချင်းတွေအား ..
“ဒီကောင့်ရဲ့ သွေးအေးမှုနဲ့ စကားပြောပြတ်သားမှုတွေက တကယ်လုပ်မယ့်ရုပ်ကွ။ ငါဆက်နေလို့မဖြစ်တော့ဘူး။ ငါဒီရပ်ကွက်က မြန်မြန်ပြောင်းမှဖြစ်မယ်။ ငါ့ကို ကူညီကြပါဦးကွာ”
အကြောင်းရင်းကို မသိကြတဲ့ ရပ်ကွက်ထဲကလူတွေကတော့ .. ရပ်ကွက်ရဲ့ လူမိုက်နှစ်ယောက် .. ရပ်ကွက်ထဲက ပြောင်းသွားကြတာ .. ပဟေဠိတစ်ပုဒ်အဖြစ်ကျန်နေခဲ့ကြသည်။ ပြီးတော့ .. သူတို့နှစ်ယောက်ကြား ဘယ်သူပိုမိုက်လဲဆိုတဲ့ ငြင်းခုန်မှုတွေလည်း ကျန်ရစ်ခဲ့ကြ၏။ ဒါပေမဲ့ ဒီရပ်ကွက်မှာတော့ တစ်ချိန်က လူမိုက်နှစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာကိုတော့ တစ်ရပ်ကွက်လုံးက တညီတညွှတ်ထဲ လက်ခံထားကြလေသည်။ ကျော်ပုကတော့ အဲဒီလိုအသံတွေကြားတိုင်း ကျေကျေနပ်နပ်ကြီး ပြုံးနေမိတော့သည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg