
အပိုင်း(၅)
စိမ်းဖန့်ရောင်အလင်းတန်းကြီးက စွမ်းအင်များစုပ်ယူနေသဖြင့် မဇာမှာ လူးလွန့်နေကာ တဖြည်းဖြည်းအားအင်နည်းလာသည်။ ရှင်နှောင်းက ရှင်မွှေးကလေးကို ပြေးထူပြီး ထွက်ပြေးရန်အတွက် လှေကားရင်းသို့ပြေးလာခဲ့သည်။ သို့သော်အနောက်သို့တစ်ချက်ပြန်ကြည့်လိုက်ရာတွင် မဇာမှာ မူးခွေလဲကျသွားပြီးနောက် စိမ်းဖန့်ရောင်အလင်းတန်းကြီးကလဲ တဖြည်းဖြည်းအဝါရောင်ကြီးဖြစ်လာနေခဲ့သည်။ ကိုမိန်းကတော့ မဇာဆီမှအစွမ်းတွေကို စုပ်ယူ၍မပြီးစီးသေးသည်မို့ ရှင်နှောင်းတို့ထွက်ပြေးသွားမည်ကိုစိုးရိမ်သဖြင့် လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်။
"ပြေးတော့၊ ရှင်နှောင်း၊ ပြေးတော့"
ရှင်နှောင်းက မပြေးရက်၊ မဇာကိုကြည့်နေမိသည်။ ထို့နောက်ရှင်မွှေးကိုကြည့်လိုက်ပြီး
"ညီမလေး ပြေးတော့၊ အမ အမဇာနဲ့နေခဲ့မယ်၊ ဒီခြံထဲကထွက်သွားတာနဲ့ ရွာကလူတွေကို အိမ်မှာပြဿနာဖြစ်နေပြီလို့ လိုက်သာပြောတော့ ဟုတ်ပြီလား"
ရှင်မွှေးလဲ ခေါင်းညိတ်ပြီးနောက် အိမ်ပေါ်မှပြေးဆင်းသွားသည်။ ရှင်နှောင်းက မဇာအရှေ့သို့ ပြေးဝင်သွားကာ မဇာကိုတွန်းဖယ်လိုက်သည်။ အဝါရောင်အဖြစ်ပြောင်းလဲနေသည့် အလင်းတန်းကြီးမှာ ရှင်နှောင်းကိုရစ်ပတ်တွယ်ငင်သွားကာ ရှင်နှောင်းဆီမှ စွမ်းအင်များကိုစုပ်ယူနေပြန်သည်။ ကိုမိန်း အပျော်ကြီးပျော်သွားသည်။
"ဟား၊ ဟား စားရကံကြုံတယ်ဆိုတာ ဒါမျိုးပဲနေမှာ၊ ကောင်းတယ်၊ နင်တို့တစ်ယောက်ပြီးတစ်ယောက်ကို ငါစုပ်ယူမယ်"
အဝါရောင်အလင်းတန်းကြီး၏ ရောင်ပြန်ဟပ်မှုကြောင့် ကိုမိန်းမျက်နှာကြီးလင်းထိန်နေသည်။ မဇာက မြေပြင်တွင်လဲကျနေရင်း
"ရှင်နှောင်း၊ နင်ဘာလို့မပြေးတာလဲ"
ရှင်နှောင်းတစ်ကိုယ်လုံးကို အပ်နဲ့ပေါက်သလို စူးရှနေပြီးနောက် မွှေးညှင်းပေါက်များမှတဆင့် စွမ်းအင်များထွက်ခွာနေသည်ကို ခံစားလိုက်ရသည်။ တဖြည်းဖြည်းလဲ သူအားနည်းလာသည်ကို သိလိုက်ရသည်။ မတ်တပ်ရပ်နေရင်းကနေ ဒူးထောက်ပြီးထိုင်ကျသွားသည်။ ခြေဖျားလက်ဖျားတွေက ထုံကျင်နေပြီးတော့ အာရုံခံမရတော့ပေ။ ထိုအခါ ကိုမိန်းစုပ်ယူနေသည့် အလင်းတန်းကြီးမှာ တဖြည်းဖြည်းအနီရောင်ကြီးအဖြစ်ပြောင်းလဲသွားသည်။
"ကောင်းလိုက်တာ၊ ငါအစွမ်းတွေခံစားမိနေပြီ၊ အခြားကဝေဆယ်ယောက်လောက်ဆီက စုပ်ယူမှရလောက်မယ့် အစွမ်းတွေ ငါရလိုက်ပြီ"
မဇာက မထနိုင်တော့ပေ၊ ရှင်နှောင်းကလဲ သူ့မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းထိုင်ကျသွားပြီးသည့်နောက် ဇက်ကျိုးကျသွားသည်။ ထိုအခါတွင် နောက်ဆုံးကျန်နေသည့် အလင်းတန်းအနီရောင်ငွေ့ငွေ့ကလေးများက ရှင်နှောင်း၏ နှုတ်ခမ်းမှထွက်သွားတော့သည်။ ပုံမှန်အရ ထိုသို့နောက်ဆုံးအလင်းတန်းများ ကုန်သွားသည့်အခါတွင် မှော်အစွမ်းများကုန်ခမ်းသွားပြီဖြစ်သည်။
"ရှင်နှောင်း၊ ရှင်နှောင်း"
မဇာ အသံပြဲကြီးနှင့်အော်ဟစ်လိုက်သည်။ နောက်ဆုံးကျန်နေသေးသည့် စွမ်းအင်အစအနလေးများပါမကျန် ကိုမိန်းက စုပ်ယူနေပြီးသည့်နောက် သူ့မျက်နှာကြီးက ပြုံးဖြီးနေလေသည်။
"နင်တို့နှစ်ယောက်ကို သတ်လို့မရသေးဘူး၊ နင်တို့ကို အစီအရင်တွေလုပ်ပြီးတော့မှ အရှင်လတ်လတ်အစောင့်ဖြစ်အောင်လို့ ဘဝပြောင်းခိုင်းရမယ်"
ကိုမိန်းကို မဇာက အလွန်အခဲမကျေသည့်အကြည့်နှင့်ကြည့်ပြီးသည့်နောက် ရှင်နှောင်းဆီသို့ တရွတ်တိုက်တွားသွားလိုက်ပြီး ရှင်နှောင်း၏ အေးစက်နေသည့် လက်များကိုဆုပ်ကိုင်လိုက်သည်။
"ရှင်နှောင်း၊ ငါတာဝန်မကျေဘူး၊ ငါနင့်ကို ကာကွယ်မပေးနိုင်ခဲ့ဘူး"
ထိုသို့ပြောနေစဉ် ရှင်နှောင်းမှာ တစ်စုံတစ်ယောက်က လှုပ်နှိုးလိုက်သလိုမျိုး မျက်လုံးကြီးပွင့်ပြီး အလန့်တကြားနိုးထလာခဲ့သည်။ ထို့နောက်ခေါင်းကိုမော့ကြည့်လျှက် ပါးစပ်ကိုပြဲနေအောင် ဟလိုက်သည်။ ထိုအဖြစ်ကို မဇာရော၊ ကိုမိန်းပါ အံ့သြပြီးကြည့်နေမိသည်။ ထို့နောက် ကိုမိန်းခေါင်းပေါ်မှ ခေါင်းပေါင်းကြီးက ဝုန်းခနဲပြုတ်ကျသွားပြီးနောက် သူ့အင်းကွက်အတွင်းမှနေ၍ အစိမ်းဖန့်ရောင်အလင်းတန်းများ ခုန်ထွက်လာပြီး ရှင်နှောင်း၏ ပါးစပ်နှင့် နှာခေါင်းပေါက်များဆီသို့ ဝင်သွားကြလေသည်။
"မဖြစ်၊ မဖြစ်နိုင်ဘူး"
ကိုမိန်းက အံ့သြနေစဉ်မှာပင် ရှင်နှောင်းက ကိုမိန်း၏ စွမ်းအင်များကိုစတင်စုပ်ယူနေပြီဖြစ်သည်။ ကိုမိန်းက ရှင်နှောင်းကိုဟန့်တားရန်အတွက် ဖောင်တိန်ကိုဆွဲထုတ်လိုက်ပြီးသည့်နောက် ရှင်နှောင်းအားထိုးချိန်လိုက်ကာ အမြင့်ဆုံးအစွမ်းဖြစ်သည့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်သည့် မန္တန်တစ်ခုကိုရွတ်ဆိုလိုက်သည်။
"အား၊ အောင်မယ်လေး"
သို့သော်လည်း ကိုမိန်းမှာ ဗိုက်အလွန်အောင့်လာပြီးနောက် လက်ထဲတွင်ကိုင်ထားသည့် ဖောင်တိန်ပင်လွတ်ကျသွားတော့သည်။
"မဖြစ်နိုင်ဘူး၊ ဘာဖြစ်တာလဲ၊ ငါဘာဖြစ်တာလဲ"
ထိုအခါ ရှင်နှောင်းက စုပ်ယူနေသည့်အစွမ်းကိုတိုးမြှင့်လိုက်ရာ ကိုမိန်းခေါင်းပေါ်မှ အဝါရောင်အလင်းတန်းကြီးများသည် အလွန်လျှင်မြန်စွာနှင့် ရှင်နှောင်းဆီသို့တိုးဝင်နေပြီး ကိုမိန်းမှာလဲ အားအင်ချိနဲ့လာခဲ့သည်။ ရှင်နှောင်း၏ စုပ်ယူမှုအစွမ်းက ကိုမိန်းထက် လေးငါးဆခန့်ပိုမြန်သည်ဖြစ်ရာ ကိုမိန်းမှာ ချက်ချင်းပင်လဲကျသွားပြီးနောက် မြေတွင်လူးလိမ့်နေတော့သည်။ နောက်ဆုံးအလင်းတန်းကြီးမှာ အနီရောင်ကြီးအဖြစ်ပြောင်းလဲသွားပြီးသည့်နောက် ရှိသမျှစွမ်းအင်တွေအကုန် ရှင်နှောင်းဆီသို့ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။ ကြမ်းပြင်တွင် ခွေခွေကလေး လဲကျနေသည့် ကိုမိန်းမှာ နှုတ်မှတစ်ခုခုကိုရေရွတ်နေသည်။
"မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး"
ရှင်နှောင်းက မတ်တပ်ရပ်လိုက်ပြီးနောက် မဇာအနားသို့တိုးကပ်သွားကာ လဲကျနေသည့် မဇာအား သူ့ပါးစပ်အတွင်းမှ အလင်းတန်းကြီးများနှင့် မှုတ်ထည့်ပေးလိုက်သည်။ တစ်ခဏအတွင်းမဇာမှာ အားပြန်ပြည့်သွားပြီးနောက် မတ်တပ်ရပ်လာနိုင်ရာ ရှင်နှောင်းလဲ အလင်းတန်းကြီးကို ရပ်တန့်ပေးလိုက်သည်။ သူတို့နှစ်ယောက်စလုံး ကိုမိန်းဆီသို့ ပြေးသွားလိုက်ကြသည်။
"မဖြစ်နိုင်ဘူး၊ သူကဘာလို့၊ ဘာလို့ငါ့ဆီကနေအစွမ်းတွေ ပြန်စုပ်ယူနိုင်ရတာလဲ"
ကိုမိန်းမျက်နှာကြီးက ရွတ်တွနေပြီးတော့ ပါးရေတွေတွန့်နေတာမြင်မကောင်းပေ၊ ထို့အတူ မျက်တွင်းတွေလဲနက်နေပြီး အဘိုးကြီးတစ်ယောက်ပုံစံဖြစ်နေသည်။
"ဒါကြောင့်အကိုကြီးကိုပြောပါတယ်၊ ရှင်နှောင်းကိုအထင်မသေးပါနဲ့လို့၊ ကျုပ်အထင်တော့ ရှင်နှောင်းက အကိုကြီးကိုပြန်ပြီး ကဝေထောင်ချောက်ထည့်ပေးလိုက်နိုင်သလို အကိုကြီးဆီကလဲ အစွမ်းတွေပြန်ပြီး စုပ်ယူနိုင်တာပဲ၊ ဒီအဖြစ်က အလွန်ထူးဆန်းတယ်၊ ကျုပ်ဖြင့်တစ်သက်မှာတစ်ခါတောင် မဖြင်ဖူးပါဘူး"
မဇာက ထိုသို့ပြောဆိုလိုက်ရင်း ကိုမိန်းဆီသို့လှမ်းလျှောက်သွားသည်။ ကိုမိန်းက မဇာကို မော့ကြည့်ရင်း
"ညီမလေး၊ မလုပ်ပါနဲ့၊ ငါကမင်းရဲ့ အကိုအရင်း၊ ငါကအကိုကြီးပါ"
"တော်ပါတော့အကိုကြီးရယ်၊ ဒီကိစ္စကိုမြန်မြန်အဆုံးသတ်လိုက်ရအောင်"
"နင့်ကိုငါအရမ်းချစ်ခဲ့တယ်လေ၊ နင့်ကိုပညာတွေလဲသင်ပေးခဲ့တယ်၊ တို့မောင်နှမတွေရဲ့ မေတ္တာကို မင်းမထောက်ထားတော့ဘူးလား"
မဇာက နားမထောင်တော့ဘဲ ကိုမိန်း၏ဦးခေါင်းကို ငွေရောင်လက်နေသည့် အပ်ကလေးနှင့်စိုက်လိုက်တော့သည်။ ကိုမိန်းမှာ မျက်လုံးကြီးများပြူးထွက်လျှက် ဝင်သက်ထွက်သက် ကင်းမဲ့သွားတော့သည်။
"အခုဘာဆက်လုပ်ကြမလဲ အမဇာ"
"အကိုကြီးကိုရှင်းလင်းပြီးတော့၊ ခြံထဲမှာ သူလုပ်ထားတဲ့အစီအရင်တွေကို ဖယ်ရှားရမယ်၊ ပြီးတော့မှပဲ နင့်အဖေကို ပြန်နှိုးရမှာပေါ့"
မဇာက ကိုမိန်းအနားတွင်ရပ်လိုက်ပြီးသည့်နောက် သေဆုံးနေသည့်ကိုမိန်းရုပ်အလောင်းအားမန္တန်တစ်ခုအသုံးပြုပြီး အမှုန့်ကလေးများဖြစ်အောင်လုပ်လိုက်သည်။ ထို့နောက် ထိုအမှုန့်ကလေးများကို သေချာစွာသိမ်းဆည်းလိုက်ပြီး ကိုမိန်း၏ လွယ်အိတ်ကြီးကိုလဲ သိမ်းဆည်းထားလိုက်ကာ အိမ်အောက်သို့ဆင်းလာခဲ့သည်။ မဇာက ခြံထဲသို့ဆင်းသွားသည့်အခါတွင် ခြံထဲတွင်ပတ်ပြေးနေသည့် ရှင်မွှေးကိုသူတို့တွေ့လိုက်ရသည်။
"ညီမလေး"
"ဟင် အမ ဘယ်လိုလုပ်ပြီးလိုက်လာတာလဲ၊ ညီမလေးတောင် ပြေးရင်းတော်တော်ခရီးပေါက်နေပြီ"
မဇာကပြုံးလျှက်
"ဒါကလဲ အကိုကြီးလုပ်ထားတဲ့အစီအရင်တွေကြောင့်ဖြစ်မှာပါ၊ ကဲ ရှင်နှောင်းရေ ခြံရဲ့လေးဖက်လေးတန်မှာ သတ္တုနဲ့လုပ်ထားတဲ့ ပစ္စည်းလေးတွေရှိသလားလို့ ရှာကြည့်စမ်းပါအုံး"
အမဇာပြောသဖြင့် ရှင်မွှေးနှင့် ရှင်နှောင်းလဲ လိုက်ရှာကြရာ ခြံထောင့်လေးထောင့်မှ ကြေး၊ သံ၊ သွပ်၊ ခဲ နှင့်ပြုလုပ်ထားသည့် အချပ်ပြားဝိုင်းကလေးများကိုတွေ့လိုက်ရသည်။ အမဇာလဲ ထိုအပြားဝိုင်းကလေးများကိုကြည့်သည့်အခါ အဝိုင်းပြားကလေးများပေါ်တွင် ပုံစံမျိုးစုံနှင့်ရေးသားထားသည့် စာသားများကိုတွေ့လိုက်ရသည်။
"ဒီအချပ်ကလေးတွေကြောင့် ငါတို့တစ်တွေ မှော်အတတ်တွေသုံးပေမယ့် အနားမှာရှိတဲ့ ကဝေတွေက မသိတာကိုး"
ထိုအချပ်ကလေးများကို လက်ပေါ်တင်ကာ မဇာကပါးစပ်မှ မန္တန်ရွတ်ဖတ်လိုက်တော့ ထိုအချပ်ကလေးများမှာ သူ့အလိုလိုကွဲကျေကုန်ပြီး အပိုင်းအစကလေးများဖြစ်သွားတော့သည်။ ထို့နောက်သူတို့လဲ အိမ်ပေါ်ပြန်တက်ခဲ့ကြကာ ထမင်းဝိုင်းအနားတွင် မေ့လဲနေသည့် ဦးအုန်းအနားသို့ လျှောက်လာခဲ့သည်။
"နင်တို့တစ်တွေ ဟန်မပျက်အောင်နေနော်"
မဇာက ဦးအုန်းမျက်နှာကိုလက်ဝါးနှင့်သပ်လိုက်သည့်အခါတွင် ဦးအုန်းမှာ မျက်စိများပွင့်လာကာ ပြူးကြောင်လျှက် ငုတ်တုတ်ကောက်ထိုင်လိုက်သည်။
"ဟဲ့ ဘာဖြစ်နေတာတုန်း"
"ဘာမှမဖြစ်ပါဘူးကိုအုန်းရဲ့"
ဦးအုန်းမှာ အိပ်ပျော်နေရင်းတရေးလန့်နိုးလာသည့် လူနှယ်ကြောင်တောင်တောင်ဖြစ်နေသည်။
"ဟဲ့ ဒါနဲ့ခုနက အိမ်ပေါ်တက်လာတာ ကိုမိန်းလားလို့"
ရှင်နှောင်းလဲ မဇာကိုလှည့်ကြည့်လိုက်သည်။ မဇာလဲ ပြုံးလျှက်
"မရှိပါဘူးကိုအုန်းရယ်၊ ရှင်စိတ်ထဲထင်နေတာဖြစ်မှာပါ"
သို့နှင့် မိသားစုတစ်ညတာကို ပုံမှန်အတိုင်းဆက်လက်ဖြတ်သန်းလိုက်ကြတော့သည်။
"ဒါဆိုနင့်အကို ကိုမိန်းက ကဝေရှင်ပေါ့"
အလွန်တိတ်ဆိတ်နေသည့် လှိုဏ်ဂူကြီးအတွင်း ရဘိန်းနတ်ရုပ်ကြီး၏ အရှေ့တွင် မဇာနှင့် မယ်တော်နှစ်ယောက်သာရှိနေသည်။ ကဝေအစည်းအဝေးဆိုလျှင် လူစုံနေတတ်ပေမယ့် နှစ်ယောက်တည်းသီးသန့်ချိန်းတွေ့သည်မို့ ထိုလှိုဏ်ဂူကြီးက အခုတော့ တိတ်ဆိတ်နေသည်။
"ဟုတ်ပါတယ်မယ်တော်၊ ကျုပ်လဲ အဲဒီအချိန်မှသိလိုက်ရတာပါ"
မယ်တော်က တောင်ဝှေးကြီးကိုကိုင်လျှက် ခေါင်းညိတ်လိုက်သည်။
"အင်း၊ နင်ပြောတဲ့အတိုင်းဆိုရင်တော့ ရှင်နှောင်းဟာ တော်တော်မလွယ်တဲ့သူပဲ၊ သူ့မှာပင်ကိုယ်စွမ်းရည် တော်တော်ရှိပုံရတယ်၊ နင်ပြောပြတဲ့အဖြစ်အပျက်တွေကို ငါသုံးသပ်လိုက်တော့ သူက ကဝေထောင်ချောက်ကိုတောင်မှ ပြန်ထုတ်ပြီးပြန်ထည့်နိုင်တယ်ဆိုတာ အံ့သြစရာပဲ"
"ဟုတ်တယ်၊ ကိုမိန်းက ကျုပ်ဆီကအစွမ်းတွေ စုပ်တဲ့အချိန်မှာ ကဝေထောင်ချောက်လဲ ပြန်သိမ်းသွားခဲ့တယ်၊ ဒီအချိန်မှာ ရှင်နှောင်းက ကျုပ်အရှေ့ကနေဝင်ပြီးတော့ ကိုမိန်းရဲ့အစွမ်းတွေထဲကနေ ကဝေထောင်ချောက်ကိုသူ့ဗိုက်ထဲကို ပြန်ထည့်ခဲ့တာပဲဖြစ်မယ်"
မယ်တော်မှာ ခေါင်းညိတ်ရင်း
"ကောင်းပြီ၊ ဒီတော့ ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး၊ နင်အတန်တန်သူ့ကိုစောင့်ရှောက်ပါ၊ ကြားလား"
မဇာလဲ ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် ကိုမိန်း၏လွယ်အိတ်ကြီးကို မယ်တော်ဆီသို့ပေးလိုက်သည်။ ထိုလွယ်အိတ်ကြီးအတွင်းတွင် များစွာသောအင်းကွက်များနှင့်အစီအရင်များကိုတွေ့လိုက်ရသည်။ မယ်တော်က ထိုအင်းကွက်များ၊ အစီအရင်များကိုဖျက်လိုက်သည့်အခါ ထိုအထဲမှ ချုပ်နှောင်ဖမ်းဆီးခံရသည့် ကဝေများ၏ ဝိညာဉ်များသည် အသံအမျိုးမျိုးအော်ဟစ်လျှက် လွင့်ပျံသွားကြတော့သည်။ မဇာလဲ တာဝန်ပြီးပြီမို့ ဂူအတွင်းမှ ပြန်ထွက်ခဲ့သည်။ မဇာပြန်သွားတော့ မယ်တော်တစ်ယောက်သာ ရဘိန်းနတ်ရုပ်ကြီးအရှေ့တွင် တွေးတောရင်းကျန်နေခဲ့သည်။ ထို့နောက်နတ်မင်းကြီးကိုကြည့်ရင်း
"နတ်မင်းကြီးက ကျုပ်အတွက်ဖန်ဆင်းပေးလိုက်တာဖြစ်မယ်"
ထိုသို့ပြောကာ နတ်မင်းကြီးကိုအရိုအသေပြုရင်းတစ်ယောက်တည်း ကြိတ်ကာရယ်မောနေတော့သည်။
(စ)
"တော့်သမီးတွေကို ယာခင်းထဲမဆင်းစေချင်ဘူး"
မဇာပြောသဖြင့် ဦးအုန်းလဲ ခေါင်းညိတ်မိသည်။
"ဒါဆိုမင်းကဘာလုပ်ချင်လို့လဲ"
"ကျုပ်တို့တစ်မျိုးလုံး ပိုးလုပ်ခဲ့တာပါတော်၊ ဒီတော့ သူတို့ကိုလဲ ပိုးမွှေးခိုင်းမယ်လေ"
"ဖြစ်ပါ့မလားကွ၊ သူတို့ကလုပ်ချင်ပါ့မလား၊ ငါတော့မလုပ်တတ်ဘူးနော်"
"စိတ်ချပါ၊ အိမ်မှာပိုးစာဗန်းတွေဆင်ပြီးတော့ မွေးမယ်၊ ရှင်ကတော့ ပိုးစာရွက်သာ စိုက်ပေးပေါ့၊ ဒါဆိုရှင့်သမီးတွေလဲ အိုးမကွာအိမ်မကွာနဲ့ မိန်းကလေးပီပီသသအလုပ်လုပ်ရတာပေါ့"
"ကောင်းပါ့ကွာ၊ မင်းသဘောရှိသာလုပ်"
အိမ်ခြံဝန်းအတွင်း အရိပ်ရသည့်နေရာများတွင် နှီးစကောကလေးများကို ထပ်ဆင့်ပြီး ထိုအထဲတွင် ပိုးစာရွက်များခင်းကာ ပိုးကောင်လေးများကို မွေးမြူကြရသည်။ ထိုသို့မွေးမြူရသည့်အခါတွင်လဲ ပိုးကောင်ကလေးများမှာ အလွန်ဂရုတစိုက်နှင့် အချိန်ပြည့်ကြည့်ရှုစောင့်ရှောက်ရသဖြင့် ပိုးမွှေးသလိုမွေးရသည်ဟူသည့် စကားပုံတောင်ဖြစ်ပေါ်လာခဲ့ရသည်။ အပူချိန်၊ နေရောင်နှင့် စိုထိုင်းစ၊ ပိုးစာကျွေးမှု အစရှိသည်များကို သင့်သင့်လျှော်လျှော်လုပ်ကိုင်နိုင်မှ ထိုပိုးကောင်ကလေးများထံမှ အလွန်အရည်အသွေးကောင်းသည့် ပိုးအိမ်လုံးကလေးများကိုရရှိပေသည်။ ထိုပိုးအိမ်လုံးကလေးများကို ပြန်လည်ပြုတ်ပြီးသည့်နောက် ပိုးချည်အဖြစ် ဖန်တီးရခြင်းဖြစ်သည်။
အထူးသဖြင့် တောင်သားလူမျိုးအများစုမှာ ပိုးထည်လုပ်ငန်းလုပ်ကိုင်ကြသလို၊ ပိုးထည်များကိုလဲ အမြတ်တနိုးဝတ်ဆင်ကြလေ့ရှိသည်။ ပိုးထည်များ၏ အရည်အသွေးကြောင့်လဲ ရွှေတောင်ရွာပိုးထည်များ နာမည်ကြီးရခြင်းဖြစ်သည်။ မဇာလဲ ငယ်စဉ်ကတည်းက မိဘလက်ငုတ်လက်ရင်း ပိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရသည်မို့၊ ပိုးမွေးတာနှင့်ပက်သက်ပြီး သိပ်အခက်အခဲမရှိလှပေ။
ထို့အပြင် မဇာက သမီးနှစ်ယောက်ကို ပိုးမွေးခိုင်းရခြင်းမှာလဲ မျက်စိအောက်မှ အပျောက်မခံလိုသောကြောင့်ဖြစ်သည်။ မိန်းကလေးများ ယာထဲဆင်းလျှင် သူ့မျက်စိရှေ့တွင်နေနိုင်မည်မဟုတ်သောကြောင့် ပိုးမွေးသည့် အိမ်မှာနေရင်းလုပ်ရသည့်အလုပ်မျိုးကိုသာ စဉ်းစားမိပြီးပြုလုပ်ခိုင်းရခြင်းဖြစ်သည်။
ဘာလိုလိုနှင့် ညီအမနှစ်ယောက် တစ်ဆယ့်ခြောက်နှစ်အရွယ်၊ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ရှင်မွှေးနှင့် ရှင်နှောင်းတို့ညီအမနှစ်ယောက်မှာ အလွန်ဖွံ့ထွားကာ နုပျိုလှပသည့်ရုပ်ရည်နှင့် ချစ်စရာအလွန်ကောင်းကာ အလှသွေးကြွယ်နေချိန်ဖြစ်သည်။ သို့သော်လည်း ရှင်နှောင်းကတော့ မျက်နှာပေါ်ကအမာရွတ်ကြောင့် အကျည်းတန်နေခဲ့ပေမယ့် ရှင်မွှေးကလေးကတော့ အလွန်ချောမောလှပသူကလေးဖြစ်နေသဖြင့် ရပ်ထဲရွာထဲမှ ကာလသားများအားလုံးတို့၏ အလေးပေး အရေးစိုက်မှုကို ခံနေကြရသည်။ လူမျိုးထုံးစံအရ မိဘက သဘောတူသူနှင့်သာ လက်ထပ်ထိမ်းမြားခွင့်ရှိသည်မို့ ဦးအုန်းတစ်ယောက်လဲ သားရှင်များကပေးကမ်းကြသဖြင့် လဘ်လာဘတော်တော်ပွင့်နေလေသည်။
ထို့အတူ ပိုးစိုက်ခင်းကလဲ အောင်မြင်ပြီး လုပ်ငန်းကလဲကောင်းလာသောကြောင့် မိသားစုချောင်ချောင်လည်လည်ဖြစ်နေသည်။ အခုဆိုလျှင် ဦးအုန်းပင် ယာခင်းထဲသွားစရာမလိုတော့ဘဲ ပိုးလုပ်ငန်းသာလုပ်ကိုင်လေသည်။ အလွန်ချောမောလှပသည့် ရှင်မွှေးသတင်းမှာလဲ သူတို့ရွာအတွင်း မွှေးပျံ့နေလေတော့သည်။
တစ်ရက်တော့ သူတို့အိမ်ရှေ့တွင် ဝေါယဉ်ကြီးတစ်ခုဆိုက်ကပ်လာသဖြင့် ဦးအုန်းလဲ အိမ်ပေါ်မှနေ၍ လှမ်းကြည့်နေမိသည်။ ထိုဝေါယဉ်ကို လူခြောက်ယောက်ထမ်းပိုးထားပြီးနောက် ပုံစံတူဝတ်စုံများဝတ်ဆင်ထားကြသဖြင့် ဦးအုန်းက ရွာခံမဟုတ်ဟုတွေးလိုက်မိသည်။ ဝေါယဉ်ဆိုက်ပြီးသည့်အခါတွင် မောင်းကိုင်ထားသည့်လူတစ်ယောက်က သူတို့ခြံရှေ့တွင်ရပ်ကာ မောင်းကိုတီးခတ်လိုက်လေသည်။
"ထီးလင်းစော်ဘွားရဲ့ သားတော် ကြွမြန်းလာတယ်"
"ဒူ၊ ဒူ"
မောင်းထုသံတဒူဒူကြောင့် သူတို့ရွာသားတွေအိမ်ထဲမှ ထွက်လာခဲ့ကြသည်။ ဦးအုန်းရော မဇာပါ အိမ်ပေါ်မှဆင်းခဲ့ကြသည်။ ထီးလင်းစော်ဘွား၏ သားတော်ဆိုတော့လဲ သူတို့လို မျိုးရိုးနိမ့်ပါးသည့်သူများက ဝမ်းပမ်းတသာ ကြိုဆိုရုံပင်ရှိသည်။ ဝေါယဉ်ဘေးနားတွင် ဓါးကိုင်ထားသည့် လူလေးယောက်ရှိပြီးနောက် ဝေါယဉ်မှာ မြေသို့ချဆင်းလာသည်။ ထိုအခါတွင် ဝေါယဉ်ပေါ်မှ အဝါရောင်ပိုးအကျီတစ်ထည်ဝတ်ဆင်ထားသည့် စော်ဘွားမင်း၏ သားတော်ဆင်းလာသည်။ သူဆင်းလာသည့်အခါတွင် အနောက်မှ ထီးတော်မိုးတို့က ရွှေထီးကြီးနှင့် လိုက်လံမိုးပေးရသည်။
"ဟို၊ အရှင့်သား ဘယ်လိုအကြောင်းများကြောင့် ရောက်လာပါသလဲဘုရား"
"ခင်ဗျားက ဦးအုန်းဆိုသူလား"
"ဟုတ်ပါတယ် အရှင့်သား"
စော်ဘွား၏ သားကလေးမှာ ပိုးအကျီကို အောက်က အနောက်တိုင်းသက္ကလပ်သားဘောင်းဘီနှင့် သားရေခါးပတ်ကိုပတ်ထားပြီးနောက် နက်မှောင်တောက်ပြောင်နေလွန်းသည့် ရှူးဖိနပ်ကို စီးနင်းထားသည်။ သူ၏အသားမှာ ဝါနုနုကလေးဖြစ်သလို ခေါင်းတွင်လဲ ဘိုကေကို ခေါင်းလိမ်းဆီတွေရွှဲနေအောင် လိမ်းကျံထားကာ ပုံကျအောင်ဖြီးထားသည်။ နှုတ်ခမ်းမွှေး စစနှင့်လူငယ်ကလေးမို့ အလွန်ကြည့်ကောင်းလေသည်။ ရှင်မွှေးနှင့် ရှင်နှောင်းလဲ ပိုးမွေးသည့်စင်များအနီးတွင် ပုန်းအောင်းကာ ခိုးကြည့်နေမိသည်။
"အမ ကောင်လေးက လှလိုက်တာနော်၊ စော်ဘွားသားဆိုလားပဲ"
"ရှင်မွှေးရယ်၊ အိန္ဒြေလေးထားပါအုံး"
ရှင်နှောင်းက ခပ်အေးအေးနေသော်လည်း ရှင်မွှေးကတော့ စော်ဘွားသားတော်ကလေးကို ငေးကြည့်ရင်း ရင်ထဲတစ်မူထူးဆန်းသည့် ခံစားချက်များဖြစ်ပေါ်နေတော့သည်။
"ဒါနဲ့ ဦးလေးတို့အိမ်ကသမီးကလေးက အတော်ချော၊ အတော်လှဆိုဗျာ"
စော်ဘွားသားတော်ပြောလိုက်တော့ ဦးအုန်းမျက်နှာပျက်သွားသည်။
"သတင်းမှားတွေဖြစ်ပါလိမ့်မယ်၊ ရွာသူရွာသားတစ်ယောက်က ဘယ်လောက်ချောလှနိုင်မှာမို့လဲဘုရား"
"ထင်တော့ထင်သားပဲ၊ ဒါပေမယ့်လဲ ဟုတ်မဟုတ်တော့ ငါကိုယ်တိုင်ကြည့်ချင်တယ်၊ ဦးလေးခေါ်လာခဲ့ပါ"
ဦးအုန်းက ခေါင်းညိတ်လျှက်
"အိမ်ပေါ်တက်ပါအုံး အရှင့်သား"
အိမ်ပေါ်သို့စော်ဘွားသားနှင့်အဖွဲ့တွေအကုန်တက်သွားလိုက်ကြသည်။ ထိုအခါမှ ဦးအုန်းက
"သမီးရှင်မွှေးရေ၊ ဧည့်သည်ရောက်နေလို့ အခါးရည်ကြမ်းလေး ယူလာလှည့်ပါကွယ်"
ထိုအခါရှင်မွှေးက မြေရေနွေးကရားအိုးကလေးကို ကိုင်ကာ အိမ်ပေါ်သို့တက်သွားတော့သည်။ လှေကားမှတက်လာသည့်ရှင်မွှေးကို တွေ့လိုက်ရသည်နှင့် စော်ဘွားသားတော်ကလေးမှာ ငေးငိုင်သွားကာ စူးစိုက်ကြည့်နေမိသည်။ စူးရဲသည့်အကြည့်များကြောင့် ရှင်မွှေးလဲ ရှက်ကိုးရှက်ကန်းဖြစ်နေကာ လှေကားထိပ်တွင်ပင် ရပ်တန့်နေမိသည်။
"လာပါသမီးရဲ့၊ ဧည့်သည်ကို အားနာစရာကြီး"
"ဟုတ်၊ ဟုတ်ကဲ့ပါ"
ရှင်မွှေးအနားသို့ရောက်လာသည့်အခါတွင် စော်ဘွားကလေး မျက်တောင်မခတ်တော့ပေ၊ ရှင်မွှေး၏အလှအပများကြားတွင် မိန်းမောနေတော့သည်။ ရှင်မွှေးက ရေနွေးခွက်ကမ်းပေးလိုက်သည့်အခါတွင် စော်ဘွားသားတော်က ခွက်ကိုလှမ်းကိုင်ရင်း
"ရှုမငြီးလိုက်တာ ညီမငယ်၊ မိုးပေါ်က နတ်သမီးလေးများ နတ်သက်ကြွေဝင်စားသလားလို့ ထင်ရပါတယ်"
ရှင်မွှေးက ရှက်ပြုံးကလေးပြုံးနေမိသည်။
"ကဲ၊ ငါ့လူတို့ ဒီတစ်ခါသတင်းကတော့ တယ်မှန်ပါလား၊ ရွှေတောင်ရွာရဲ့အလှပဂေး ရှင်မွှေးဆိုတာ တကယ့်ကို သတင်းမွှေးရလောက်အောင် ချောမောလှပပါပေတယ်"
စော်ဘွားသားတော်အပြင် အခြားသူများပါ ငေးကြည့်နေရသည်အထိ ရှင်မွှေးအလှက ဖမ်းစားနိုင်လွန်းသည်။
"ကဲ ဦးလေးရေ၊ ရိုင်းတယ်လို့ထင်ရင်ထင်တော့ဗျာ၊ ကျုပ်တော့ဖြင့် ဦးလေးသမီးကိုမြင်မြင်ချင်း စုံဖက်ချင်သွားတာအမှန်ပါ၊ ဒီတော့ ဦးလေးဒီကိစ္စကို ဘယ်လိုသဘောရသလဲ"
ဦးအုန်းက တွေဝေနေသည်။ ထိုအခါ မဇာက
"တို့လူမျိုးတွေရဲ့ ထုံးစံအရ မင်္ဂလာစကားဆိုတာ မိချင်းဖချင်းသာ ဆိုရတဲ့ကိစ္စဖြစ်လေတော့ အရှင့်သားစိတ်လျှော့သည်းခံပါအုန်း"
စော်ဘွားသားတော်က ခေါင်းတဆတ်ဆတ်ညိတ်လျှက်
"မှန်တာပေါ့၊ မှန်တာပေါ့၊ ဒါဆိုရင် နောက်တစ်နေ့ကျရင် အဖစော်ဘွားကြီးကို ကျုပ်လွှတ်ပြီး မေးမြန်းခိုင်းစေလိုက်ပါ့မယ်"
"ကောင်းပါပြီအရှင့်သား၊ မိန်းမပျိုကလေးအိမ်မှာ သူစိမ်းယောက်ျားတွေအုံမနေသင့်တာမို့လို့ အရှင့်သားလဲ ဆင်ခြင်တော်မူပါ"
မဇာက စော်ဘွားသားကို ပညာသားပါပါနှင့် နှင်ထုတ်လိုက်ခြင်းဖြစ်သည်။ စော်ဘွားသားလဲ ခေါင်းညိတ်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။
"အကို့နာမည်က ဖရက်ညွှန့်ဝေပါ၊ ညီမငယ်မှတ်ထားပေးပါ"
ထိုသို့ပြောပြီး နောက်လိုက်နောက်ပါများနှင့် အိမ်ပေါ်မှဆင်းသွားတော့သည်။
ထိုခေတ်က ထီးလင်းနယ်တွင် စော်ဘွားများရှိသည်။ သို့သော်လည်း အာဏာမရှိတော့။ ရှေးအစဉ်အဆက်တော့ စော်ဘွားများအုပ်ချုပ်လာခဲ့ပြီးနောက် အင်္ဂလိပ်အစိုးရတက်လာပြီးချိန်တွင် စော်ဘွားများအာဏာကိုဖြုတ်သိမ်းကာ ထီးလင်းနယ်ကို ပခုက္ကူခရိုင်အတွင်းသွပ်သွင်းကာ ခရိုင်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်စေခဲ့သည့်အတွက် အာဏာရစော်ဘွားများ အာဏာမရှိတော့ပေ။ သို့သော်လည်း အင်္ဂလိပ်အစိုးရက စော်ဘွားများအား ရာထူးများပေးကာ ခန့်အပ်ထားခြင်းရှိသလို မြို့နေလူထုကလဲ ယခင်ကတည်းက စော်ဘွားများကို လေးစားဆက်ဆံခဲ့သည်မို့ လူမှုရေးအရတော့ စော်ဘွားများကို ကြောက်ရွံ့ရိုသေနေရဆဲဖြစ်သည်။ တစ်နည်းပြောရလျှင် စော်ဘွားများသည် အုပ်ချုပ်ရေးအရ အာဏာမရှိတော့သော်လည်း အများစုက တလေးတစားဆက်ဆံနေကြဆဲဖြစ်သည်။
"အဖဘုရား၊ သားတော် အဲဒီမိန်းကလေးကိုမှ မရရင် သေရပါတော့မယ်"
စော်ဘွားအိမ်တော်ထဲသို့ ဝင်လာပြီး ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်သည့် သားဖြစ်သူ၏ စကားကြောင့် စော်ဘွားကြီး ညွှန့်ေ၀ အလွန်အံ့သြသွားလေတော့သည်။
အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်