အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၇)
lotaya.mpt.com.mm
|
2023-02-25

Part - 7

မင်္ဂလာပွဲလေးက စည်ကားလွန်းသလို မောင့်ဘက်မှ စီးပွားရေးလုပ်ငန်းရှင်တွေ အတော်များများ လာကြ၏။ ပြောဆိုဆက်ဆံတာတွေ... နှုတ်ဆက်စနောက်နေကြတာတွေ နားထောင်ကြည့်မှ မောင်ဟာ သဘောကောင်းပြီး စိတ်ထားဖြူကြောင်း သိခဲ့ရသလို ယွန်းအပေါ်သာ ခြွင်းချက်ဖြစ်နေခြင်းပင်။ 

" မောင်တိုင်း ဇနီးက အတော်လှတာပဲကွ......ဘယ်လိုများ ဝှက်ထားလဲပဲနော်....လက်ထပ်မှမြင်ဖူးတော့တယ်။ "

ချီးကျူးသံတွေကြောင့် ယွန်း ပြုံးကာ မောင့်မျက်နှာကို ငေးမိတော့ အောင့်သီးအောင့်သက်ပြူးနေရမှန်း သိပ်သိသာလွန်းပါသည်။ ယွန်း နဲ့ ပက်သတ်ပြီး မောင့်အပြုံးတွေက ရှားပါးလွန်းလိုက်သည့် ဖြစ်ခြင်းဟာ အတော်တော့ ရင်နာရပါသည်။ 

" ကြီးငယ်.....မှိုင်းက မလာဘူးနော်။ "

ခန်းမထဲ မျက်လုံးလေးဝေ့ဝဲ၍ မျှော်လင့်တကြီး လိုက်ရှာရင်း မျက်နှာလေးမကောင်းသည့် ယွန်းပုံစံကြောင့် ကြီးငယ်က သက်ပြင်းချရင်း....

" အရမ်း စိတ်ထဲမထားပါနဲ့ သမီးရယ်.....မင်္ဂလာပွဲမှာ မငိုရဘူး။ "

ယွန်း ခေါင်းလေး တဆတ်ဆတ်ညိတ်ပြလိုက်ပေမယ့် ရင်ထဲက ဝမ်းနည်းစိတ်ကြောင့် ငိုချင်နေသည်။ ရှိတာမှ ဒီမောင်နှမလေးနှစ်ယောက်မို့ ခုကျ ယွန်းကိုများ မုန်းသွားပြီလား တွေးကာ စိုးရိမ်နေရသည်။ 

" မြယွန်းချယ်.....ဒါ မင်္ဂလာဆောင်နော်။ အသုဘမဟုတ်ဘူး.....ခင်ဗျား မျက်နှာက ဘာဖြစ်နေတာလဲ။ ကျုပ် စိတ်တိုလာပြီ။ "

ဘေးနားရပ်နေရင်းမှ နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည့် မောင့်စကားကြောင့် ယွန်း ရင်ထဲမကောင်းဖြစ်သွားရသလို မောင့်မျက်နှာကို ငဲ့ကြည့်မိတော့ တင်းမာခက်ထန်နေ၏။ ယွန်း အနည်းငယ် ကြောက်လန့်သွားရသလို မောင် စိတ်ကွက်မှာ စိုးရိမ်တာမို့ မျက်လွှာလေးပြန်ချကာ ဟန်ဆောင်ပြီး ပြုံးပြုံးလေးနေရပြန်သည်။ 

မင်္ဂလာပွဲပြီး၍ မောင့်အိမ်ပြန်လာကြကာ ခြံထဲဝင်လိုက်သည်နှင့် မောင့်ချမ်းသာမှုကို သိလိုက်ခန့်မှန်းမိလိုက်သည်။ အလုပ်သမားလေးတွေက တန်းစီရပ်ကာ စောင့်ကြိုနေကြသလို သုံးထပ်တိုက်အိမ်ကြီးက ခန့်ညားထည်ဝါစွာ ရှိနေ၏။

ကားပေါ်မှဆင်းလိုက်သည်နှင့် ယွန်း၏ မင်္ဂလာဂါဝန်ကြီးကို ကောင်မလေးတစ်ယောက်က အပြေးလာကူပေးသလို မောင်က ယွန်းဘက်တစ်ချက်ငဲ့ကြည့်လာ၏။

" ဒါ ကျုပ်ဇနီးပဲ.....မြယွန်းချယ်တဲ့။ "

ယွန်း အကုန်လုံးကို ပြုံးပြကာ နှုတ်ဆက်ရန် ပါးစပ်လေးဟရုံရှိသေး.....

" အား….!!!!"

ရုတ်တရတ် ကြားလိုက်ရသည့် အော်သံကြောင့် ယွန်း ထိတ်လန့်သွားရသလို မောင့်ကို ကြည့်တော့ သက်ပြင်းချရင်း ယွန်းဘက်လှည့်ကြည့်၏။ 

" ကြွေလေးနဲ့ တွေ့ရအောင်....."

ကြွေလေး.....မောင့်ညီမပေါ့။

@@@@@@@@@@@@@

ယွန်း အဝတ်အစားလဲနေရင်းမှ ရင်အနည်းငယ် တုန်နေမိသည်။ မောင့်ညီမလေးအကြောင်းကို မသိသေးပေမယ့် မှိုင်းကြောင့် ဒီလိုတွေဖြစ်သွားရသည်ဆိုတော့ ဘာပဲပြောပြော ယွန်းသေချာဂရုစိုက်ပေးမည်ဟုသာ တွေးထားလိုက်သည်။ ပြီးတော့ မောင်ကလဲ သူ့ညီမကို သိပ်ချစ်သည့်ပုံပင်...မောင်ချစ်သည့် အရာမှန်သမျှကို ယွန်းချစ်သည်.....ယုတ်စွအဆုံး ယွန်းကိုမချစ်သည့် မောင့်ကိုတောင်ချစ်နိုင်သေးတာ ယွန်း မေတ္တာစစ်မှန်လျှင် တစ်နေ့မောင်ယွန်းအပေါ် နားလည်လာမည်ဟု ထင်၏။ 

ဗီရိုထဲမှ မီးခိုးရောင်ပန်းပွင့်စကဒ်အရှည်ကားကားလေးကို ထုတ်ဝတ်ကာ အပေါ်မှ အဖြူရောင်တီရှပ်လက်တိုလေး တွဲဝတ်၍ ထုံးထားသည့် ဆံပင်တွေဖြေချကာ မောင်ရှိသည့် မောင့်ညီမအခန်းဆီ အိမ်အကူကောင်မလေးတစ်ယောက်နဲ့အတူ ယွန်းရောက်လာခဲ့သည်။ 

! ဒေါက်.....ဒေါက်.....!

" အစ်ကိုလေး...."

" ဝင်ခဲ့...."

အိမ်အကူကောင်မလေးက တံခါးဖွင့်ပေးလိုက်သလို ယွန်း အခန်းထဲဝင်လိုက်သည်နှင့် မလိုမုန်းထားသော မိန်းကလေးတစ်ယောက်၏ မျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရသည်။ ယွန်း ခြေလှမ်းတွေ မရဲတရဲ တုန့်ဆိုင်းသွားတော့.....

" ဘာရပ်လုပ်နေတာလဲ....လာလေ "

ခပ်ငေါက်ငေါက်အသံကြောင့် ယွန်း မောင့်ကို လှမ်းကြည့်ကာ အနားလျှောက်လာခဲ့သည်။ 

" ညီမလေး.....ဒါ ကိုကို့ဇနီးလေ...မြယွန်းချယ်တဲ့။ ညီမလေးကို နောက်ဆို အမြဲအဖော်လုပ်ပေးတော့မှာ....."

ကြွေ့မျက်နှာလေးက မဲ့ချသွားရင်းမှ....

" ကြွေက ဒုက္ခိတမို့ ကိုကို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီ မဟုတ်လား။ မင်္ဂလာပွဲတောင် ကြွေ့မှာ မလာနိုင်ဘူးလေ....."

အို....ယွန်း ရင်ထဲထိခိုက်သွားရသလို မောင်လဲ မျက်နှာအတော်ပျက်သွား၏။ ယွန်း မနေတတ်သလို သူမလေး စိတ်အားငယ်နေတာ ရိပ်မိတာမို့...

" မဟုတ်ပါဘူး ညီမလေးရယ်......မောင်ရော မမရောက ...."

" ခင်ဗျား ဝင်မပြောနဲ့....."

ယွန်း ဟင်ခနဲ ဖြစ်သွားရသလို အခန်းထဲရှိ အလုပ်သမားလေးတွေပါ ယွန်းကို ငေးကြည့်လာကြ၏။ ယွန်း ရှက်ရွံ့သွားရသလို ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိ၏။

" ကြွေလေး.... ညီမလေး သိဖို့က ကိုကိုလုပ်သမျှက ညီမလေးအတွက်ပဲ.....မြယွန်းချယ်ကလဲ ရှင်းရှင်းပြောရရင် ညီမလေးကိုအနီးကပ်ပြုစုပေးနိုင်ဖိူ့ ကိုကိုလက်ထပ်ထားတာ....."

သြော်.....ယွန်း ရင်ထဲ အောင့်မျက်သွား၏။

ယွန်းကို မောင်ဟာ သူ့ညီမအတွက် အကူအနေနဲ့သာ လိုချင်ခဲ့တာပဲ။ တစ်ခန်းလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသလို ကြွေပင် ထိုစကားမှာ မင်တက်သွားသည်အထိ။ 

ယွန်း နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားရာမှ ဟန်ဆောင်ပြုံးလိုက်သလို ခေါင်းလေးသာညိတ်ပြမိ၏။ ပြည့်လျှံလာသည့် မျက်ရည်စတွေကို မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားရင်း ရင်ထဲစို့နင့်နေ၏။ 

ထိုနေ့က ညတွင်းချင်းပင် မောင်ဟာ သူ့အလုပ်ကိစ္စဖြင့် ခရီးထွက်သွားကာ စိမ်းသက်သောအနေအထားမှာ ယွန်းကိုတစ်ချက်ငဲ့မကြည့်ပဲ ထားပစ်ခဲ့သည်။ မောင့်မျက်နှာကြည့်ပြီး လိုက်နေရသည့် ယွန်းအတွက် အတော် နေထိုင်ရခက်ခဲလှပါသည်။ 

သုံးရက်မြောက်သည့်နေ့မှာ ယွန်း အိမ်က အလုပ်သမားတွေနှင့် သိလာ၏။ ဒီအိမ်မှာ မောင်နဲ့ မောင့်လေးလေးက ယောကျာ်းသားနှစ်ယောက်...ကြွေလေးကလဲ နေမကောင်းသဖြင့် အိမ်ထောင်ထိန်းသိမ်းတာ အတော်အဆင်မပြေတာ ယွန်း သတိထားမိ၏။ 

ယွန်းဟာ မောင့်ဇနီးဖြစ်လာပြီမို့ ထိုအရာတွေကို ဝင်ပါရန် ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး အိမ်သန့်ရှင်းရေးကို သေချာလုပ်ခိုင်းသလို ခန်းစီးစတွေ ၊ လိုက်ကာတွေ လဲပစ်သလို ဆိုဖာဆတ်တီကိုလဲ နေရာကျအောင် ပြင်စေ၏။ 

" ငါ့တူမကြီး ရောက်လာမှပဲ အိမ်နဲ့တူတော့တယ်ကွယ်......"

ချီးကျူးစကား ကြားရတော့ ဝမ်းသာပေမယ့် ခုချိန်ထိ မောင်ဟာ ယွန်းဆီ ဖုန်းလေးပင်ဆက်၍ နေရတာအဆင်ပြေမပြေ မေးဖော်မရပါ။ ယွန်းဆက်တော့လဲ မကိုင်တာကများသလို ဖုန်းဆက်ထားတာမြင်လျှင်တောင် ပြန်မခေါ်တတ်။ ကြင်စဦး ဇနီးမောင်နှံပေမယ့် ယွန်းအပေါ် မောင့်ရဲ့ ဥပေက္ခာတွေက တနင့်တပိုးရှိလွန်းလှ၏။ 

-------------

ယွန်း မုန့်ဟင်းခါးပန်းကန်လေးကို လင်ဗန်းလေးထဲ ထည့်ကာ ယူလာရင်းမှ အခန်းလေးထဲဝင်လာတော့ ကြွေလေးက ယွန်းကို မကြည်သလို ပေစောင်းစောင်းဖြင့် ကြည့်လာ၏။

" ညီမလေး..... မနက်စာစားရအောင်နော်။ "

" မစားချင်ဘူး.....ပြန်ယူသွား။ "

စူပုတ်ပုတ်ဖြင့် မျက်စောင်းထိုးကာ ပြန်ပြောလာသဖြင့် ယွန်း ပြုံးလိုက်မိရင်းမှ....

" စားလိုက်ပါ ညီမလေးရယ်.....မနက်စာဆိုတာ တစ်နေ့တာအတွက် ခွန်အားပဲ ညီမလေးရဲ့.....ဒီမှာကြည့်စမ်း မုန့်ဟင်းခါးပူပူလေး....ပဲသီး၊ နံနံ ၊ သံပရာသီး ၊ ပူစီနံ အကုန်ယူလာတယ်.....ကြိုက်တာထည့်စား။ "

ကြွေ မျက်လုံးလေး ထောင့်ကပ်ကာ ကြည့်မိသွားရသည်။ ဟုတ်ပ.....ယူလာလိုက်တာ ပန်းကန်သေးသေးလေးတွေနဲ့ စုံနေရောပဲ။

" စားလိုက်နော် ညီမလေး.....မမခွံ့ရမလား။ "

" အို....မလိုပါဘူး။ ကြွေက အောက်ပိုင်းပဲသေတာ... လက်ကအကောင်းကြီး။ "

ခပ်စွာစွာလေး ရန်ပြန်တွေ့ရင်းမှ ကြွေ မုန့်ဟင်းခါး ယူစားသလို စားရင်းလူကနှစ်ပွဲကုန်သွား၏။ ယွန်းကတော့ ဘေးကနေ ပြုံးကြည့်နေရင်း စကားတပြောပြောပင်။ 

@@@@@@@@@@@@

" အစ်ကိုလေး ပြန်လာပြီ..."

ကြားလိုက်ရသည့်အသံကြောင့် ယွန်း မီးဖိုချောင်ထဲတွင် ဟင်းချက်ရန်ပြင်ဆင်နေရာမှ အပြေးလေး အိမ်ရှေ့ထွက်လာခဲ့သည်။ မောင် သွားတာ တစ်ပတ်ကျော်ပြီမို့ ယွန်း ဘယ်လောက်မျှော်နေခဲ့ရသလဲ။ 

ဂုဏ်တံတိုင်း ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လိုက်သည်နှင့် ပြောင်းလဲနေသည့် အိမ်ပုံစံကြောင့် တစ်ချက်ကြည့်မိသွားရသည်။ လေးလေးက သူ့ကိုကြည့်ရင်း ခပ်ပြုံးပြုံးဖြင့်......

" ဒါတွေအကုန် တူမလေး ပြောင်းလဲထားတာလေ.....ဘယ်လိုလဲ..."

" မောင်....."

နူးညံ့ချိုသာသည့် အသံတိုးတိုးနှင့်အတူ သူ့ဆီကမ်းပေးလာသည့် ရေခွက်ကြောင့် ဂုဏ်တံတိုင်း ယွန်းကို ငဲ့ကြည့်ရင်း  ...

" ရတယ်.....ညီမလေး နေကောင်းရဲ့လား။ "

" ကောင်းပါတယ် မောင်ရဲ့....."

" ရေချိုးမယ်....ပြင်ထားပေးဦး။ "

ပြောလဲပြော အိမ်ပေါ်တက်သွားသည်မို့ ယွန်းနောက်ကနေ ကပျာကယာ လိုက်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် မောင့်ဆီမှ လက်ဆွဲအိတ်ကိုယူကာ သိမ်းလိုက်သလို မောင့်ကိုကြည့်တော့ အိပ်ယာထက်အသာလှဲချရင်း မျက်ဝန်းတွေကို ပင်ပန်းသလိုမှိတ်ထား၏။ 

ဂုဏ်တံတိုင်း ရေချိုးခန်းထဲမှအသံကြောင့် မျက်စိဖွင့်ကြည့်လိုက်မိကာ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ အသာထထိုင်ရင်း အင်္ကျီကို ချွတ်လိုက်တော့ ရေချိူးခန်းထဲမှ ထွက်လာသည့် ယွန်းခမျာ မျက်နှာလေး နီရဲသွားရင်း အကြည့်လွှဲသွား၏။

" ဟို....ယွန်း ထမင်းပွဲပြင်ထားလိုက်မယ်။ "

" ရတယ်....ဒီနေ့ ညီမလေးနဲ့အတူ အခန်းထဲမှာပဲစားမယ်။ "

ယွန်း မောင့်မျက်နှာကို ငေးခနဲ ပြန်ကြည့်မိသွား၏။ စိတ်ထဲက လိုအင်ဆန္ဒတို့ကို မြိုသိပ်လိုက်ရင်းမှ ခေါင်းလေးညိတ်ပြကာ အခန်းထဲမှ ထွက်လာခဲ့သည့်တိုင် ယွန်း ရင်ထဲဟာဆင်းနေ၏။ 

ယွန်းလဲ မောင်နဲ့အတူ ထမင်းလက်ဆုံစားချင်တာလေ။ 

--------------

လက်ထပ်ထား၍သာ ဇနီးမောင်နှံဖြစ်နေပေမယ့် မောင်နဲ့ယွန်းဟာ ဝေးကွာစိမ်းသက်လွန်းလှသည်။ ဒီအိမ်မှာ ယွန်းနဲ့ မရင်းနှီးသည့်လူဆို မောင့်ကိုပဲ လက်ညိုးထိုးပြရတော့မလို ဖြစ်နေသလို မောင်ကလဲ ယွန်းနားမကပ်ပဲ ခပ်ဝေးဝေးသာနေ၏။ 

ခရီးထွက်နေတာ လက်ထပ်ပြီးတစ်လအတွင်း အိမ်မှာ တစ်ပတ်လောက်သာရှိသည်။ ယွန်းနဲ့ထမင်းအတူစားတာ ရှားသလို စကားဆိုလဲ အပိုကမပြော။ အိပ်ယာတစ်ခုထဲအိပ်နေပေမယ့် ဖက်လုံးမခြားတောင် အမျိူးအမည်မသိ စည်းက နှစ်ယောက်ကြား ခြားထား၏။ ကျောခိုင်းအိပ်ကြသလို တစ်ချိန်ထဲ တူတူမအိပ်တတ်ကြ။ 

သို့ပေမယ့် မောင်ဟာ ယွန်းချစ်ရသည့် တစ်ဦးထဲသော အရင်းနှီးစိမ်းသူစိမ်းပင်ဖြစ်သည်။ အိမ်ကလူတွေလဲ ထုတ်၍သာမပြောပေမယ့် ယွန်း နဲ့မောင့်အကြောင်း ရိပ်မိကြပါသည်။ 

မောင် ရုံးကပြန်လာသည့်အခါ ပြေးကြိုမိတာလဲ ယွန်းပင်ဖြစ်သလို မောင့်ထံမှ အသိအမှတ်မပြုသည့် ခပ်အေးအေး မသိသလို လျစ်လျူရှုမှုတွေမြင်သည့်အခါ ယွန်းပဲ နာကျင်ရပြန်သည်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 8

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..