
Part - 10
ယွန်း အခန်းထဲရှိ ဆိုဖာပေါ်ထိုင်နေရင်းမှ လက်ထဲဆုပ်ကိုင်ထားသည့် မောင့်ရှပ်အင်္ကျီကို ငေးစိုက်ကြည့်နေမိသည်။ ရင်ဘတ်နေရာမှာ ပေနေသည့် နှုတ်ခမ်းနီရာကို ငေးစိုက်ကြည့်နေရင်း ရင်ထဲက တစစ်စစ်နေအောင်ကို နာကျင်ရသလို နှလုံးသားထဲထိ စူးအောင့်ကာ ခံစားရသည်။
နဂိုထဲကမှ ယွန်းကိုမချစ်သည့်မောင့်အား မေးလို့ရော ဖြစ်နိုင်ပါ့မလား။
ဒါက ဘယ်လိုဖြစ်ရတာလဲ မောင်။
ဒီနှုတ်ခမ်းနီရာက ဘယ်လိုပေတာလဲ.....ဘယ်သူ့ဆီကလဲ ဆိုပြီး ရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်ပစ်ချင်သည်။
သို့ပေမယ့်....ဒါတွေဟာ ယွန်းစိတ်ဆန္ဒမျှသာ။
မေးလိုက်ပါပြီတဲ့......မောင်က ဟုတ်ပါတယ်လို့ဖြေလာခဲ့သည့်အခါ ယွန်း ဘယ်လိုရင်ဆိုင်ရမည်လဲ။ တွေးမိရုံနဲ့တင် တုန်လှုပ်ရပါသည်။ ထိုကဲ့သို့သော အခြေအနေကြုံလာရင် ရင်ဆိုင်နိုင်မယ့် ခွန်အား ယွန်းမှာ မရှိသေးပါ။
ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်စအချို့ကို လက်ခုံလေးဖြင့် သုတ်ဖယ်လိုက်ရင်းမှ အဝတ်လျှော်မည့်ခြင်းထဲသာ ထည့်လိုက်တော့သည်။ ရှိပါစေတော့လေ.....ယွန်းမှ မောင့်ကိုမစွန့်လွှတ်နိုင်ပဲ။
ဂုဏ်တံတိုင်း အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့ရင်း ရုံးခန်းဆီလျှောက်လာပေမယ့် စိတ်ကအတော်ရှုပ်ထွေးနေသည်။ ပရောဂျက်အသစ်တစ်ခု စမည်ဖြစ်သလို ရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံခြားမှ ကုမ္ပဏီနှစ်ခုနှင့် လက်တွဲလုပ်ကိုင်မည်ကို တစ်ခုက ခေါင်းမာနေသည်။
" ဘယ်လိုဖြစ်လို့ သူတို့က ခုထိစဉ်းစားမယ်ပြောနေတာလဲ။ "
အလိုမကျသလို မေးလာသည့် မေးခွန်းကြောင့် မြတ်သူ သက်ပြင်းချလိုက်ရင်းမှ.....
" တင်ပြထားတဲ့ ပရောဂျက်က မပြည့်စုံဘူးလို့ ထင်နေတယ် သူဌေး.....Sunshine Co.Ltd ကတော့ လက်ခံပါတယ်....သူတို့ဆီက ကိုယ်စားလှယ် မနက်ဖန်ရောက်လိမ့်မယ်။ "
" ဒါဆို TaShi Group ပဲ ဘဝင်မကျဖြစ်နေတာပေါ့....."
သူ့ကို ခေါင်းညိတ်ပြလာသည့် ကိုမြတ်သူ။ ဂုဏ်တံတိုင်း ပရောဂျက်ဖိုင်ကို ပြန်လှန်ကြည့်လိုက်ရင်းမှ.....
" ဒီည ငါပြန်စစ်ပြီး ပြင်မယ်....မင်းလဲ OT ဆင်းရမယ်...."
ဒီပရောဂျက်ဟာ သူ ကိုယ်တိုင်ရေးဆွဲခဲ့ခြင်းဖြစ်သလို ကြိုးစားခဲ့ရတာမနည်း။ ခရီးတွေထွက် နယ်တွေဆင်းပြီး ယွန်းနဲ့တောင် မင်္ဂလာဦးအချိန်ကာလ အနားမရှိနေနိုင်ခဲ့။
ယွန်း ခြံထဲဆင်းစောင့်နေရင်းမှ ဖုန်းမြည်သံကြောင့် ကြည့်မိတော့ မောင့်ဆီကပင်။ ကပျာကယာဖုန်းကိုင်ရင်း....
" မောင်......ပြန်မလာသေးဘူးလားဟင်။ "
" ကျွန်တော် ဒီညကုမ္ပဏီမှာပဲ အိပ်လိုက်မယ်.....ခင်ဗျားစောင့်မနေနဲ့တော့။ "
သူပြောချင်တာ ပြောပြီးသည်နှင့် ဖုန်းချသွားတာမို့ ယွန်း စကားလေးတောင် တစ်ခွန်းမပြောလိုက်ရပါ။ ဘာရယ်မဟုတ် ချက်ချင်းပင် စိတ်ထဲ မောင်ဟိုမိန်းကလေးဆီ ရောက်နေမလားလို့ တွေးမိကာ ရင်ထဲထိတ်လန့်သွားရပြန်၏။
အို.....ယွန်း မဟုတ်တာတွေ လျှောက်တွေးနေမိပြန်ပြီ။
ကိုယ့်ကိုယ်ကိုယ်ပြန်ဖြေသိမ့်ရင်းမှ ယွန်း အိမ်ထဲသာ ဝင်လာတာ မျက်နှာလေးက ညိုးငယ်နေသည်။ မောင်က မစောင့်နဲ့ပြောပေမယ့် ယွန်း တစ်ညလုံး စောင့်နေမိသည်။ ဦးဏှောက်က သတိပေးနေပေမယ့် နှလုံးသားက လိုလိုချင်ချင်ကို စောင့်ကြိုနေချင်တာမျိုး။
@@@@@@@@@@@@@
လေဆိပ်ထဲမှ ထွက်လာသည့် ခပ်လှလှမိန်းမတစ်ယောက်.... ။
အနက်ရောင်သားမွှေးလက်ပြတ်အင်္ကျီကို ဝတ်ထားကာ မီနီစကဒ်အတိုလေးဖြင့် Classy ဆန်ဆန် ကြွရွနေကာ မျက်ဝန်းတွေက စူးရဲနေ၏။
ပြန်ရောက်လာပြီ မောင်။
ဆူဇီ မောင့်အနား ပြန်ရောက်လာပြီ။
အပြုံးလှလှတစ်ပွင့်။
အရင်လိုပဲ မောင် ဆူဇီ့ကို စောင့်မျှော်နေမလား။
ပြီးတော့ မြယွန်းချယ်.....ဆူဇီ့နေရာမှာ မောင်အစားထိုးခဲ့တဲ့ မိန်းမဟာ ဘယ်လိုပုံစံ အရည်အချင်းမျိုးလဲ သိချင်လို့ပါ ။
ယွန်း ခြံထဲရှိ နှင်းဆီပန်းအိုးကို နေရာပြန်ချရင်း အနီအဝါလေးတွေ ရောထားလိုက်သည်။ စိတ်ထဲ အရောင်အသွေး ပိုစုံသလို ထင်ရရင်း သဘောကျစွာ ပြုံးမိသွားသည်။
တီ....တီ.....တီ
ကားဟွန်းသံနဲ့အတူ ခြံထဲဝင်လာသည့် မောင့်ကားကို မြင်လိုက်ရသဖြင့် ယွန်း လက်ထဲမှ နှင်းဆီအိုးကို ကမန်းကတန်း အောက်ချကာ မောင့်ဆီလျှောက်လာခဲ့၏။
" မောင် ပြန်လာပြီ ......"
ဂုဏ်တံတိုင်း သူ့အနားရောက်လာသည့် ယွန်းကို ကြည့်မိတော့ လက်ဖဝါးလေးက နီရဲနေသလို မြေကြီးတွေပေလူးနေ၏။ ကိုယ့်ဘာသာ အေးအေးလူလူ နေလို့ရသည့်ဟာ အလုပ်မရှိ အလုပ်ကိုရှာလွန်းသည်။
" ခင်ဗျား အရမ်းအားနေလား မြယွန်းချယ်။ "
" ဟမ်! "
နားမလည်နိုင်ဖြစ်သွားသည့် ယွန်းမှာ မောင် ဘာကိုဆိုလိုမှန်း မသိတာအမှန်ပင်။ ယွန်းကို မျက်မှောင်ကြီးကျုံ့ကာ ကြည့်ရင်းမှ ကျစ်ခနဲစုပ်သပ်ကာ အိမ်ထဲဝင်သွားပုံကြောင့် စောနကအချိန်ထိ အပျော်တွေဖြင့် ပြေးကြိုသမျှ ချက်ချင်းကွယ်ပျောက်သွားရသည်။
ညက မောင်အပြင်မှာအိပ်တာမို့ ယွန်း တစ်ညလုံး အိပ်မရနိုင်ပါ။ စိတ်ပူခြင်း စိတ်မချခြင်းများစွာဖြင့် ပူလောင်နေခဲ့ရတာ ယွန်းသာ သိပါသည်။ မောင် စောစောပြန်လာလို့ ဝမ်းသာအားရပြေးကြိုမိတာတောင်မှ မောင့်အတွက် စိတ်တိုင်းမကျစရာဖြစ်နေသည် ထင်ပါရဲ့။
ယွန်း မောင့်နောက်ကို အမှီလိုက်လာရင်းမှ အိမ်ပေါ်ထပ်လိုက်တက်လာကာ အခန်းထဲဝင်လာတော့ ရေချိုးခန်းထဲ ဝင်သွားသည့် မောင့်ကျောပြင်ကျယ်ကြီးကို တွေ့လိုက်ရသည်။ ကပျာကယာ အဝတ်အစားထုတ်ပေးထားရင်း တဘက်လေးတစ်ထည်ယူကာ အသင့်ဆောင်နေပြီး မကြာလိုက် ရေချိုးပြီးပြန်ထွက်လာသည့် မောင့်ဆီ တဘက်ကို ကမ်းပေးလိုက်သည်။
" ခင်ဗျား ကိုယ့်နေရာကိုယ်နေတတ်ဖို့လိုတယ် ယွန်း....."
သူ့ကိုယ်ကြီးမှ ရေစက်တွေကို တဘက်ကြီးဖြင့် သုတ်နေရင်းကနေ အသံပြတ်ကြီးဖြင့် ခပ်မာမာပြောလာသည့် မောင့်အား ယွန်း ငေးကြည့်မိသည်။
" ခင်ဗျားက ကျုပ်ဇနီး....ဒီအိမ်ရဲ့ အိမ်ရှင်မ....အလုပ်ကြမ်းတွေဝင်လုပ်နေတာ ကျုပ်နောက်မမြင်ချင်ဘူး။ "
သတိပေးသလို အမိန့်ဆန်သည့်စကားက နားဝင်ဆိုးစေတာတော့ အမှန်ပင်။ သို့ပေမယ့် ယွန်း မောင် စိတ်ချမ်းသာအောင် ခေါင်းလေးညိတ်ပြလိုက်ပါသည်။ ထိုအခါမှ မောင့်ပုံစံက ကျေနပ်သွားပုံရသည်......အနိုင်ရတာကို မပျော်တဲ့လူမှ မရှိပဲလေ။ မောင်က အနိုင်ပိုင်းရမှ ကျေနပ်သည့်လူမျိုးဖြစ်နေမှတော့ ယွန်းဟာ အရှုံးပေးခြင်းကို နေသားကျအောင် ကျင့်ယူထားသင့်သည် ထင်ပါသည်။
@@@@@@@@@@
ဂုဏ်တံတိုင်း မျက်စိရှေ့မြင်နေရသည့် လူကို မယုံနိုင်သလို ငေးကြည့်နေမိသည်။ သူ့ကုမ္ပဏီနဲ့ လက်တွဲလုပ်မည့် Sunshine Co.Ltd က ကိုယ်စားလှယ်ဟာ ဆူဇီတဲ့။ ကံကြမ္မာကလဲ တိုက်ဆိုင်လွန်းလှသည်။
" မတွေ့ရတာကြာပြီနော် မောင်။ "
" ဆူဇီ......မင်း...."
ဆူဇီ ခပ်လှလှပြုံးမိရင်းမှ ဂုဏ်တံတိုင်းမျက်နှာကို ငေးစိုက်ကြည့်လိုက်သည်။ တစ်ချိန်က ဂုဏ်တံတိုင်းဟာ ကျောင်းသားပဲရှိသေးမှာပေါ့.......သူမကို အမြဲချစ်ရေးဆိုခဲ့သည်။ နောက်က တကောက်ကောက်လိုက်ခဲ့သည်။ သေဆိုသေရှင်ဆိုရှင် ဖြစ်ခဲ့တဲ့ချာတိတ်။
ဂုဏ်တံတိုင်းကို ဆူဇီလဲ တိမ်းညွှတ်မိပါသည်။ ခပ်ချောချော သူမမှသူမ ဖြစ်နေခဲ့သည့် ယောကျာ်းမဟုတ်လား.....သို့ပေမယ့် သူမဘဝရှေ့ရေးကိုသာ ဦးစားပေးခဲ့သည်။
" မောင့်ဆီ ပြန်လာတာ.....ဘာလဲ မကြိုဆိုဘူးလား။ "
ဂုဏ်တံတိုင်း ခပ်ဟဟရယ်လာရင်း....
" မကြိုဆိုနိုင်စရာ အကြောင်းမရှိပါဘူးဗျာ...။ "
ယွန်း ကုမ္ပဏီထဲဝင်လာရင်းမှ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိသည်။ ဒါဟာ ယွန်း မောင့်ကုမ္ပဏီကို ပထမဆုံးအကြိမ်ရောက်ဖူးတာပင်။ အပြင်သွားရင်း အပြန်လမ်းသင့်သည်မို့ မောင်နဲ့အတူပြန်ချင်တာရော ဒီညပါ မောင်အပြင်မှာထပ်အိပ်နေမှာစိုးရိမ်တာကြောင့်ပါ ဝင်လာမိခဲ့ခြင်းပင်။
" ဟဲ့.....ခု လာတဲ့ ကိုယ်စားလှယ်က သူဌေးရဲ့အရင်ကရည်းစားဆို။ "
" အရမ်းခေတ်ဆန်ပြီး မိမိုက်အထာကျနေရောပဲနော်......သူဌေးနဲ့လိုက်တယ်။ "
" သူဌေးက အဲ့အစ်မကို အသဲအသန်လိုက်ခဲ့တာတဲ့....."
ယွန်း ဓာတ်လှေကားစီးလာရင်း ကြားနေရသည့် ဝန်ထမ်းကောင်မလေးနှစ်ယောက်၏ စကားသံတွေပင်။ ယွန်း မျက်နှာလေးက ပျက်ယွင်းနေပြီဖြစ်သလို ရင်တွေတလှပ်လှပ် တုန်ယင်လာ၏။ ခြေဖျားလက်ဖျားတွေ အေးစက်လာသလို အာခေါင်တွေပင်ခြောက်လာ၏။
ဓာတ်လှေကားထဲမှ ထွက်လာရင်း မောင့်ရုံးခန်းဆီလျှောက်လာပေမယ့် ခြေလှမ်းတွေက လေးပင်သွားသည်။ ကိုမြတ်သူက ယွန်းကိုမြင်တော့ ကပျာကယာ ပြေးလာရင်း....
" ဟာ....သူဌေးကတော် ။ သူဌေးဆီလာတာထင်တယ်.....ရုံးခန်းထဲမှာပါ..."
ယွန်း ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ရင်းမှ...
" ဟို...ယွန်း မောင့်ရုံးခန်းထဲ ဝင်လို့ရလားဟင်။ မောင်နဲ့အတူပြန်မလို့ပါ။ "
" အာ.....မရစရာလားဗျ။ ဧည့်သည်ရောက်နေပေမယ့် ဝင်သွား...အခြားလူမှမဟုတ်ပဲ။ လာပါ....ကျွန်တော် လိုက်ပို့မယ်။ "
ယွန်း ခေါင်းလေးညိတ်ပြရင်း ကိုမြတ်သူနဲ့အတူ လျှောက်လာကာ အခန်းတံခါးလေးကို ဖြည်းဖြည်းတွန်းအဖွင့်.....
" ဟင်! ".
မောင့်ရင်ခွင်ထဲကို မိန်းမတစ်ဦးရောက်နေသလို မောင်က အသာငြိမ်သက်နေ၏။ ထိုမိန်းမက မောင့်ခါးကိုသိုင်းဖက်ရင်း....
" မောင့်ကို ဆူဇီသိပ်လွမ်းတာပဲ... မောင်ရော သတိမရဘူးလားဟင်။ "
ယွန်း ငေးငေးလေးကြည့်နေရင်း ပါးပြင်ပေါ်မျက်ရည်စတို့က စီးကျလာရသည်။ ကိုမြတ်သူလဲ မျက်စိမျက်နှာပျက်သွားရင်း ဟရုံဟနေသည့် ဖွင့်လက်စ အခန်းတံခါးကို ဆက်ဖွင့်ရန်ကြိုးစားလိုက်၏။
သို့ပေမယ့်......။
ယွန်း ခေါင်းလေးခါယမ်းပြလိုက်မိသလို မောင့်ကို ငေးကြည့်မိသည်။ မောင်က ထိုမိန်းမ၏ ပခုံးနှစ်ဖက်ကို ပြန်လည်ဆုပ်ကိုင်ရင်း.....
" သတိရပါတယ်...."
ယွန်း ခြေလှမ်းတွေ ယိုင်ကျသွားသလို ကပျာကယာ နောက်ပြန်လှည့်ခဲ့ပါသည်။ ယွန်း ထွက်ပြေးခဲ့ချင်သည်။ ထိုနေရာမှတင်မဟုတ် မောင့်အနားက ယွန်းရဲ့နှလုံးသားဆီက.....အဝေးဆုံးကို ပြေးထွက်သွားချင်ခဲ့သည်။
ယွန်း ပြဿနာရှာဖို့ အားမရှိခဲ့ပါဘူး။
ကိုယ့်ဘာသာတောင် ကမ္ဘာမြေကြီးပေါ် မနည်းပြိုလဲမကျအောင် ခွေယိုင်နေသည့် ခြေလှမ်းတွေနှင့် ယွန်းဟာ မောင့်ဆီမှ စကားဒဏ်တွေကို ခံနိုင်ရည်မရှိမှာ ကျိန်းသေနေ၏။
ရက်စက်လိုက်တာ မောင်ရယ်။
မောင် ယွန်းအပေါ်ဆို အညှာတာကင်းလိုက်တာ။
@@@@@@@@@@@@@@@@@@@@@
To be continue P - 11
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ