
“ဝေယံအထူးကုဆေးခန်း” ဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ ငွေသော် ဝင်ဖို့မဝံ့မရဲဖြစ်မိတာအမှန်ပင်။ ဘဝတလျှောက်လုံး လူမိုက်လောကထဲမှာပဲ ကျင်လည်ခဲ့တဲ့ ငွေသော်အနေနဲ့ အခုလို ညီဖြစ်သူရဲ့ ဆေးခန်းရှေ့ကို ပထမဆုံးရောက်ဖူးတာပဲ ဖြစ်သည်။ ငွေသော်က သူ့ရဲ့လောကထဲကို သူ့ညီနှင့်သူ့အမေကို ပတ်သက်မှုမရှိရအောင် ကြိုးစားနေထိုင်ခဲ့ခြင်းဖြစ်သည်။ အခုတော့ သူလည်း ဒုစရိုက်လောကထဲက မဟုတ်တော့။ ပြီးတော့ သူ့ဘဝမှာ ပထမဆုံးအကြိမ်အနေနှင့် ညီဖြစ်သူဆီက အကူအညီရယူဖို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
“ဟာ အစ်ကိုကြီး ဖုန်းလေးဘာလေးတောင်ကြိုမဆက်ဘူး”
ဝေယံက ရုတ်တရက်ဆိုင်းမဆင့်ဗုံမဆင့် ငွေသော်ကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသလို ပျော်လည်းပျော်သွားသည်။
“အမေကတောင် နောက်နှစ်လလောက်နေရင် အစ်ကိုကြီးဆီကို ကျနော့်ကို လိုက်ပို့ခိုင်းနေတာ”
ငွေသော်က ညီဖြစ်သူကိုကြည့်ပြီး အကျေနပ်ကြီးကျေနပ်နေမိ၏။ ဖိုးစီက ..
“ကိုငွေသော် ပွဲစားဆီအရင်သွားမလား”
အဲဒီတော့မှ ငွေသော်က လာရင်းကိစ္စကိုပြောသည်။ ပြီးတော့ ..
“ငါ မင်းဆီက ပိုက်ဆံနည်းနည်းလောက် ချေးချင်လို့”
“ကားက တွေ့ပြီလား”
“လောလောဆယ်တော့ မတွေ့သေးဘူးပေါ့။ ဒါပေမဲ့ ဖိုးစီရဲ့အဆက်အသွယ်တွေပြောပုံအရဆိုရင် ငါ့မှာပါတာနဲ့တော့ မလောက်ဘူး။”
“စိတ်မပူနဲ့ လိုတဲ့ငွေ ကျနော်စိုက်ပေးမယ်.. အခု အမေ့ဆီအရင်သွားမယ်လေ”
ပြောရရင် ငွေသော်က ရန်ကုန်မှာ ဟိုဟိုဒီဒီမသွားချင်။ အကြောင်းရင်းက သူ့ကို တွေ့သွားမှာစိုးသောကြောင့်ပင်။ မလိုလားအပ်သည့် ဘာပြဿနာမှ မဖြစ်အောင် သိုသိုသိပ်သိပ်လာပြီး ကားဝယ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ ဒါကြောင့် .. သူ့ညီကို နားလည်အောင်ရှင်းပြပြီး ပိုက်ဆံသာချေးဖို့ပြောလေသည်။ ဝေယံကလည်း နားလည်၏။ ငွေသော်နှင့် ဖိုးစီတို့ ဝေယံဆီက ပိုက်ဆံရပြီးနောက် ကားဝယ်ဖို့ ပွဲစားဆီကို ချီတက်ကြလေသည်။ ပြောရရင် ငွေသော်က တစ်ရက်တည်းနှင့် ကားဝယ်တဲ့ကိစ္စကိုပြီးပြတ်ချင်သည်။ သို့သော် …
“ကားက အစ်ကိုတို့လိုချင်တဲ့ အချက်အလက်နဲ့ပြည့်စုံတဲ့ကားတစ်စီးရှိတယ်။ ဒါပေမဲ့ အဲဒီကားက မနက်ဖြန်မှ ရောက်မှာ။ အခု ခရီးသွားနေလို့”
ငွေသော်က မစောင့်ချင်။ ဒါပေမဲ့ ဖိုးစီရဲ့ ပွဲစားက စိတ်ချရတဲ့သူဆိုတော့ ဒီတစ်ညတော့ စောင့်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ အဲဒီလိုနှင့် သူတို့ မြို့ထဲက တည်းခိုခန်းတစ်ခုမှ တည်းကြသည်။ အဲဒီအချိန်မှာ ဖိုးစီက ..
“ကိုငွေသော် .. သောက်ရအောင်”
ပြောရရင် ဖိုးစီကလည်း ရန်ကုန်ညချမ်းတွေနှင့် ဝေးကွာနေတာ နှစ်ပေါင်းတော်တော်ကြာပြီ။ ငွေသော်ကလည်း ဖိုးစီလောက်မကြာရင်တောင် သူလည်းရန်ကုန်ညတွေမှာ မသောက်ရတာကြာပြီ။ ဒါကြောင့် လူရှင်းတဲ့ဘီယာဆိုင်တစ်ခုမှ နှစ်ယောက်သားသောက်ကြဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ဟေ့ကောင် မင်းပြန်တော့ကွာ.”
ဘီယာဆိုင်ပိုင်ရှင်က ဆိုင်ထဲက သောက်နေသူတစ်ယောက်ကို အတင်းနှင်ထုတ်နေသည်။
“ကျနော် .. ဒီတိုင်းပဲ သောက်နေတာကို ဘာဖြစ်လို့နှင်ထုတ်တာလဲဗျ”
နှင်ထုတ်ခံရသူက ရှက်သွားပုံလည်းရသည်။ အဆိုပါအဖြစ်အပျက်ကို ငွေသော်တို့က မြင်နေရသည်။ ဒါပေမဲ့ သူတို့နှင့်မဆိုင်ဘူးယူဆကာ ကိုယ့်ဘီယာကိုယ်ဆက်သောက်နေသည်။ အဆိုပါပြဿနာက လွယ်လွယ်နှင့်မပြီး .. ဘီယာဆိုင်ပိုင်ရှင်နှင့် နှင်ထုတ်ခံရသူတို့ကြား စကားတွေအခြေအတင်ဖြစ်လာသည်။ အဲဒီအချိန်မှာပဲ ဘီယာဆိုင်ပိုင်ရှင်က စတင်ထိုးကြိတ်လေသည်။ ပြီးတော့ ဝိတ်တာတွေကပါ သူတို့သူဌေးဘက်က ဝင်ရောက်ထိုးကြိတ်ကြသည်။ ဆိုရရင် အများနှင့်တစ်ယောက်ဖြစ်တဲ့အပြင် တစ်ဖက်က ဘာမှမတုန့်ပြန်တော့ .. ငွေသော်တို့က ဒီအတိုင်းမနေနိုင်တော့ .. ဘီယာပုလင်းကိုကောက်ကိုင်ပြီး အနီးဆုံးဝိတ်တာတစ်ယောက်ကို ရိုက်ချလိုက်သည်။ ငွေသော်ရဲ့ မထင်မှတ်ထားတဲ့ ရိုက်ချက်ကြောင့် ပထမတော့ ဖိုးစီက ကြောင်သွားသည်။ နောက်တော့ သတိဝင်လာပြီး ဖိုးစီကလည်း လက်ထဲက ဘီယာပုလင်းနှင့် ဝိတ်တာတွေကို လိုက်ရိုက်၏။ အခြေအနေတွေက ရှုပ်ထွေးသွားသည်။ ငွေသော်နှင့်ဖိုးစီတို့လက်ချက်ကြောင့် ဝိတ်တာလေးယောက်လောက် ခေါင်းတွေကွဲသွားကြသည်။
“မင်းတို့က ဘယ်ကကောင်တွေလဲ .. ဘာဆိုင်လို့ ငါ့တပည့်တွေကို ရိုက်တာလဲ “
ဘီယာဆိုင်ပိုင်ရှင်က ထိုသို့မေးတော့ .. ငွေသော် က …
“မင်းတို့တွေ စောက်ရှက်မရှိကြဘူးလား .. ဘာမှမတုန့်ပြန်တဲ့လူတစ်ယောက်ကို ဝိုင်းထိုးကြိတ်နေကြတာ”
“အဲဒါမင်းနဲ့ ဘာဆိုင်လဲ”
ဘီယာဆိုင်ပိုင်ရှင်က ငှက်ကြီးတောင်ဓားကြီးဆွဲပြီး ထွက်လာသည်။ ငွေသော်ကလည်း ခုံအောက်မှာခုထားတဲ့ အုတ်ခဲကျိုးကို ကောက်ကိုင်လိုက်သည်။ ဖိုးစီက ဘီယာပုလင်းကို ခွဲချလိုက်သည်။ ချွန်မြနေတဲ့ ဘီယာပုလင်းကွဲစကို ကိုင်ထားတဲ့ ဖိုးစီက ..
“မအေပေး … မင်းသတ္တိရှိရင် ရှေ့တိုးလာခဲ့..”
ဝိတ်တာတွေက ခုနတုန်းက အများနှင့်တစ်ယောက်သာ ဆွမ်းကြီးဝိုင်းလောင်းရဲကြပေမဲ့ အခုငွေသော်နှင့် ဖိုးစီတို့ လက်သံကို မြင်ပြီးတော့ ရှေ့ဆက်မတိုးရဲကြ။ ဘီယာဆိုင်ရှင်ကလည်း လူမိုက်တစ်ယောက်ဖြစ်ပုံရသည်။ ရှေ့ဆက်တိုးလာသည်။ အဲဒီအချိန်မှာပဲ ..
“ဟေ့ကောင် မှုံကြီး .. ဘာဖြစ်နေတာလဲ”
ဘီယာဆိုင်ရှေ့မှာ ကားတစ်စီးဆိုက်လာပြီး ကားပေါ်က ဆင်းလာသူက .. ငှက်ကြီးတောင်ဓားကိုင်ထားတဲ့ ဘီယာဆိုင်ပိုင်ရှင်ကို မေးလိုက်ခြင်းဖြစ်၏။ ချက်ချင်းပဲ မှုံကြီးဆိုတဲ့ ဘီယာဆိုင်ပိုင်ရှင်ဖြစ်သူက ပြာပြာသလဲဖြစ်သွားကာ …
“အစ်ကိုကြီး .. ဒီနှစ်ကောင် ကျနော့် ဝိတ်တာတွေကို ရိုက်ခွဲလိုက်လို့”
မှုံကြီးက ထိုသို့တိုင်လိုက်တော့ ကားပေါ်ကဆင်းလာတဲ့ အစ်ကိုကြီးဖြစ်သူက .. ငွေသော်တို့ကို စေ့စေ့ကြည့်ကာ ..
“မင်းကိုငါ မြင်ဖူးသလိုပဲ”
ငွေသော်က စကားအပိုအလိုမပြောဘဲ ..
“ဒီဆိုင်ပိုင်ရှင်က မင်းတပည့်ဆိုရင် မင်းသေချာဆုံးမထား။ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာလဲ ဒီကောင့်ပဲမေးကြည့်လိုက်”
ငွေသော်က လက်ထဲက အုတ်ခဲကျိုးကို လွှတ်ချကာ ..ပိုက်ဆံတထပ်ခုံပေါ်တင်ပြီး ထွက်လာခဲ့သည်။ မှုံကြီးက ..
“အစ်ကိုကြီး ဒီကောင်တွေကို ဘာလို့ ဒီအတိုင်းလွှတ်ပေးလိုက်တာလဲ”
“နေစမ်းကွာ .. ငါ ဒီကောင့်ကို စဉ်းစားနေတာ.. စဉ်းစားရခက်လို့ ဒေါသထွက်နေတာ”
“ဆရာ ကျနော်တို့ လိုက်စုံစမ်းလိုက်ရမလား”
“အေး .. ဒီကောင်တွေ ဘယ်သူတွေလဲဆိုတာ ငါသိချင်တယ်။ စုံစမ်းလိုက်”
အိမ်အပြန်လမ်းမှာ .. ဖိုးစီက ဆေးလိပ်ဖွာရင်း …
“ကိုငွေသော်က အခုထိ လက်သွက်တုန်းပဲနော်”
“မင်းလည်းအတူတူပါပဲ”
“ဘာပဲဖြစ်ဖြစ် ငုပ်လျှိုးနေတဲ့ လူမိုက်စိတ်တွေတောင် ပြန် ထလာသလိုပဲ”
“ဟာ .. ဟေ့ကောင် မထ နဲ့။ မနက်ဖြန် ကားဝယ်ပြီးတာနဲ့ တန်းပြန်မယ်”
ဖိုးစီက ငွေသော်ရဲ့ ပြောစကားကို သဘောကျပြီး … အားရပါးရရယ်မောလေသည်။ ပြီးတော့ ..
“ကိုငွေသော်က တကယ်ကြီး ပြောင်းလဲနိုင်ခဲ့တာပဲ”
နောက်တစ်နေ့မှာတော့ ငွေသော်တို့ ကားဝယ်သည်။ စာရွက်စာတမ်းတွေ၊ လွှဲပြောင်းမှုတွေဘာတွေ လုပ်ပြီးတော့ ညနေစောင်းသွား၏။ ဒါပေမဲ့ သူတို့ တန်းပြန်ဖို့ဆုံးဖြတ်ပြီး ဝယ်ထားပြီးတဲ့ကားကို မောင်းပြီး ပြန်ချလာသည်။ အဲဒီအချိန် .. ရန်ကုန်မြို့မှာ … ငွေသော်တို့ကို ပိုက်စိပ်တိုက်ရှာနေတဲ့ လူတွေရှိသည်။
“မင်းက သေချာလို့လား”
“သေချာသလောက်ရှိတယ်ဗျာ .. ငွေသော်ဖြစ်ဖို့တော်တော်ကိုများတယ်”
“ဒီကောင်က ဘာလို့ပြန်ပေါ်လာတာလဲ”
“အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ဒီကောင်တွေကို ပြန်တွေ့တာ ငါတို့ လက်စားချေဖို့အကောင်းဆုံးအခွင့်အရေးပဲ”
ထိုသို့ဆိုသူက ဦးထွန်းအောင်၏ တူဖြစ်သူ အောင်ဖေဖြစ်သည်။ ငွေသော်မရှိတော့တဲ့နောက်ပိုင်း ရန်ကုန်လူမိုက်လောကမှာ ပါဝါတွေက ပြန့်ကျဲသွား၏။ စိုးကြီး၊ စိုးလှ၊ သူရိန်တို့က အဖွဲ့တော်တော်များနှင့် မဟာမိတ်ဖွဲ့ထားပြီး စီးပွားရေးကို ပိုလုပ်သည်။ ပြီးတော့ လူမိုက်အဖွဲ့အသစ်တော်တော်များများလည်း ပေါ်ထွက်လာသည်။ အဲဒီထဲမှာ ဦးထွန်းအောင်တူ အောင်ဖေလည်းပါသည်။ အောင်ဖေ က ထောင်ထဲက ဦးထွန်းအောင်ရဲ့ လမ်းညွှန်မှုနဲ့ လူမိုက်ဂိုဏ်းတစ်ခုကို ထူထောင်ထားနိုင်ခြင်းဖြစ်သည်။ သူတို့ စိုးကြီးတို့နှင့် မဟာမိတ်မဖွဲ့ထားသလို၊ ရန်ဘက်တွေလည်းမဟုတ်ကြဘဲ .. ကိုယ့်ခွင်နှင့်ကိုယ် နားလည်မှုယူထားကြခြင်းဖြစ်သည်။ အဲဒါကြောင့် ငွေသော်ကို ရန်ကုန်မြို့မှာ ပိုက်စိပ်တိုက်ပြီး လိုက်ရှာနေကြခြင်းဖြစ်သည်။ အဲဒီသတင်းကို စိုးကြီးတို့အဖွဲ့ကလည်း ကြားသည်။
“ကိုစိုးလှ ငွေသော်ရန်ကုန်ပြန်ရောက်နေတယ်လို့ သတင်းကြားတယ်”
“ဒီကောင်ပြန်ရောက်ရင် ငါတို့ကို ဆက်သွယ်မှာပေါ့”
“အခြားအကြောင်းကိစ္စရှိဦးမယ်ထင်တယ်”
ဒါပေမဲ့ ငွေသော်တို့ကတော့ ရွာအပြန်လမ်းမှာ စကားလေးတပြောပြောနှင့် ကားကို အေးဆေးမောင်းလာကြသည်။ ဆိုရရင် ရန်ကုန်တစ်မြို့လုံးမှာ လူမိုက်တွေ ခြေချင်းလိမ်ပြီး ငွေသော်တို့ကို လိုက်ရှာနေကြသည်။ ရှာတဲ့အထဲမှာ ငွေသော်ကို သတ်ပစ်ချင်တဲ့သူတွေလည်းပါသလို၊ ငွေသော်ကိုတွေ့ချင်သူတွေလည်းပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ ဘီယာဆိုင်မှာ ငွေသော်တို့ ဖြစ်ခဲ့တဲ့ပြဿနာက အမှိုက်တစ်ဖြစ်လာလိမ့်မယ်ဆိုတာကို ငွေသော်ရော၊ ဖိုးစီရော မသိခဲ့ကြပေ။ အဲဒီညက ရန်ကုန်မြို့မှာ လူမိုက်တွေအချင်းချင်း ခုတ်ကြထစ်ကြတဲ့ သတင်းက ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာတောင် ပါလာကြသေးသည်။ ငွေသော်တို့ကတော့ ရွာကို ပြန်ရောက်ပြီး အေးအေးဆေးဆေးပင် ဖြစ်နေသည်။ တစ်ခုပဲ .. အဲဒီအမှိုက်တစ်စဟာ ငွေသော်တို့အတွက် .. နောက်ထပ်အလှည့်အပြောင်းတစ်ခု .. ဖြစ်လာတော့မယ့်အရိပ်အယောင်တွေကို ငွေသော်တို့ ကိုယ်တိုင် အစလုပ်ခဲ့မိတယ်ဆိုတာ သူတို့ကိုယ်တိုင်ပင် မသိကြပေ။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg