"သစ္စာ"
lotaya.mpt.com.mm
|
2023-03-07

      ဦးချမ်းသာ။ နာမည်နှင့်လိုက်ဖက်စွာ ချမ်းသာကြွယ်ဝပါ၏။ အသက်အရွယ်မှာ ၅၅နှစ်ခန့်ရှိပြီဖြစ်သည်။ အိမ်ထောင်မရှိ။ ချမ်းသာသလောက် ကပ်စေးကုပ်သည်ဟုလည်း နာမည်ကြီးသူ ဖြစ်သည်။

     ဦးချမ်းသာ၌ မိဘအမွေအနှစ်ဖြစ်သော ရော်ဘာခြံများစွာ ပိုင်ဆိုင်ထားသလို၊ မြဝတီ-ရန်ကုန် ကုန်စည်ပို့ဆောင်သော ကုန်တင်ကားကြီး ၃စီးလည်း ပိုင်သည်။ငွေကြေးချမ်းသာသူပီပီ  တခြားသော ငွေဝင်သည့် လုပ်ငန်းများ၌လည်း ရှယ်ယာများစွာ ပါဝင်ထားလေ၏။ထို့ကြောင့် သူ့အတွက်

တစ်ရက်ဝင်ငွေကား မခန့်မှန်းနိုင်ပေ။ 

       သို့သော်  ဦးချမ်းသာသည် ထိုငွေများကို လှူတန်းရာ၌ မသုံး။ ဒါနအား အင်မတန်နည်းလေ၏။သူ ဝါသနာပါရာ ထူးဆန်းသောပစ္စည်းများ ဝယ်ယူရာ၌သာ ငွေအလုံးအရင်း ထုတ်သုံးလေ့ရှိသည်။

      သူအိမ်၌  လုံခြုံ၍ ကျယ်ဝန်းသော ပြခန်းတခု ရှိလေ၏။ဦးချမ်းသာသည် ရံဖန်ရံခါ၌ ထိုပြခန်းကို သူ၏ ရင်းနီးသော စီးပွားဖက် လုပ်ငန်းရှင်အချို့သာ ဝင်ထွက်ကြည့်ရှု့လေ့လာခွင့် ပြုခဲ့သည်။ သာမန်အချိန်များတွင်  ပြခန်းထဲကို မည်သူ့ကိုမျှ ဝင်ထွက်ခွင့်မပြုချေ။ 

      ဦးချမ်းသာ၏ မိတ်ဆွေများကလည်း ထိုပြခန်းသို့ တစ်ခါဝင်ဖူးပါက၊ နောက်တကြိမ် ထပ်မံ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခြင်း အလျင်းမရှိကြချေ။

      အဘယ်ကြောင့်ဆိုသော် ထိုပြခန်းထဲက ပစ္စည်းများကို ကြည့်ရှု့၍ ထိုပစ္စည်း၏ သမိုင်းကို သိရှိသွားသောအခါ၌  လွန်စွာ စိတ်မွန်းကြပ်သွားသောကြောင့်ပင်။

 ၎င်းစုဆောင်းထားသော ပစ္စည်းများမှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသောကြောင့် ဖြစ်လေ၏။

        မှန်သည်။ဦးချမ်းသာ စုဆောင်းသော ပစ္စည်းများက များသောအားဖြင့် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အထူးအဆန်း ပစ္စည်းများပင်။ ပစ္စည်းအချို့အား  ထုတ်နုတ်ဖော်ပြရပါက ...

    အမြင့်၄ပေခန့်ရှိမည့် လေးဘက်မြင်တစ်ပေပတ်လည်မှန်ကောင်တာထဲတွင်  မနီလာကြိုးကွင်းတခုကို ကြိုးတွဲလောင်းနှင့် ချိတ်ဆွဲထား၏။ ထိုကြိုးကွင်းသည် မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သေသွားသည့် ကြိုးဖြစ်၏။

       တခြားတစ်ဖက်၌ရှိသော အလျားလိုက် မှန်ကောင်တာထဲတွင် ၊ ရန်ကုန်မြို့က တစ်အိမ်သားလုံး  ပိုးသတ်ဆေး သောက်သေသွားသည့် ပိုးသတ်ဆေးထည့်၍ သောက်ခဲ့သော ကြွေပန်းကန်လုံးသုံးလုံး။ 

       တခြားကောင်တာထဲ၌ ကားရှေ့တွင် တပ်ဆင်လေ့ရှိသော ဘန်ဘာတချောင်း။ အကောင်းမဟုတ်။ ပိန့်လိမ်ရှုံ့တွနေပါ၏။

၎င်းပစ္စည်း၏သမိုင်းနောက်ခံက ... ချစ်သူစုံတွဲ၂ဦး  လမ်းလျှောက်လာသည်ကို  မိန်းကလေး၏ ချစ်သူဟောင်းက  ရက်ရက်စက်စက် သေသည်အထိ တိုက်သတ်ခဲ့သည်ဟုဆို၏။

       ညာဘက်က မှန်ကောင်တာထဲတွင်လည်း ... မိန်းမနှင့် သားသမီးသုံးယောက်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသတ်သမားခင်ပွန်းဖြစ်သူ၏ နောက်ဆုံးဝတ်ဆင်ခဲ့သော အပြာရင့်ရောင် ဘွိုင်လာ ဝတ်စုံ။

     စသဖြင့် မသတီစရာ အနိဌာရုံ မြင်ကွင်းများကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း ပေါ်စေသည့် ပစ္စည်းများကို ထူးဆန်းစွာ ရှာဖွေ စုဆောင်းထား၏။

တခြားသော ပစ္စည်းများစွာ ကျန်သေးသော်လည်း ဖော်ပြရန် မသင့်ပေ။

      ထို့အပြင်၌ ကတ္တီပါအနီရောင်ခံ၍ ခင်းကျင်းပြသထားသော လူသတ် ဓားမြောင်၊ လှံ၊ ဓားရှည် စသည်တို့မှာ အော့နှလုံးနာဖွယ် ရက်စက်ကြမ်းကြုတ်ခဲ့သော သမိုင်းကိုယ်စီ ရှိကြလေ၏။ 

      တစ်ချို့သော ပစ္စည်းများကတော့၊ သူ၏နောက်ခံသမိုင်းကို မသိရှိပါက မက်မောစရာ ကောင်းအောင် တန်ဖိုးကြီးလှပေ၏။၎င်းပစ္စည်းအချို့ ဖော်ပြရလျှင်...

     ကလေးလက်သည်းခွံလောက်ပမာဏသာရှိသော ကျောက်နီ ပတ္တမြား ၃လုံး။ ထိုပတ္တမြား သုံးလုံးကြောင့် အမွေခံ မိသားစု တစ်စုလုံး အသတ်ခံခဲ့ရသည်။

     ရှေးဟောင်း စိန်ဘယက်တစ်ကုံး။ ထိုစိန်ဘယက်ကို ရလိုမှုကြောင့် သားအရင်းက  မိခင်ကို အဆိပ်ခတ် လုပ်ကြံခဲ့သည်။

      စိန်ပြာလက်စွပ်တကွင်း။ ထိုလက်စွပ်  အမွေကို လုယက်ကြရင်း ညီအရင်းက အစ်ကိုဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

      စသဖြင့်သော သမိုင်းနောက်ခံ မလှပခဲ့သော အဖိုးတန် လက်ဝတ်ရတနာများလည်း ပါရှိလေ၏။

       ဦးချမ်းသာကား ထိုသို့သော ပစ္စည်းများကို စုဆောင်းတတ်သော ထူးဆန်းသည့်ဝါသနာရှင်တစ်ဦး ဖြစ်သည်။ ထိုသို့သော ပစ္စည်းများကို ဦးချမ်းသာသည် အတောမသတ်နိုင်အောင် ဝယ်ယူ စုဆောင်းလေ့ရှိလေ၏။ 

       ယခုလည်း  သူသည်  ဧည့်ခန်းထဲ၌ ထိုင်လိုက်ထလိုက်ဖြင့် စိတ်လှုပ်ရှားစွာ  အလားတူ ပစ္စည်းတစ်ခုကို မျှော်လင့် စောင့်စားနေပါ၏။

     ယခု ရောက်လာမည့် ပစ္စည်းမှာ သူ့၌ မရှိဖူးသေးသော ပစ္စည်းတစ်ခု ဖြစ်လေ၏။

     ထိုပစ္စည်းကား  တယောတစ်ချောင်းနှင့် ဘိုးတံပါသော တယောအိမ်တခု ဖြစ်လေ၏။ ပိုင်ရှင်မှာ လွန်ခဲ့သော တစ်လခန့်က ကြိုးမိန့်ဖြင့် ကွက်မျက်ခံရသော လူသတ်သမား ဖိုးကွန်း ဆိုသူ ဖြစ်သည်။

                  ___________

         ကြိုးမိန့်ချခံထားရသော ဖိုးကွန်းသည်  ကြိုးတိုက်ထဲ၌ ငြိမ်သက်စွာ လှဲလျောင်းနေ၏။ သူသည် မကြာခင်မှာ ကြိုးမိန့်ဖြင့် စီရင်ခံရတော့မည့် သေဒဏ်ကျအကျဥ်းသားတဦး ဖြစ်လေသည်။ သူသည် သူ့ဘဝကို ပြန်လှန်စဥ်းစား သုံးသပ်နေပုံရသည်။

      လွန်ခဲ့သော နာရီပိုင်းက ထောင်အရာရှိ၊ ထောင်ဆရာဝန်နှင့် ကြိုးတိုက်တာဝန်ခံတို့ သူ့ထံလာ၍ စစ်ဆေးပြီးကြပြီဖြစ်သည်။ 

      ၎င်းတို့သည် တရားရုံးက ချမှတ်လိုက်သော ကြိုးမိန့်ကို အပြီးသတ်ဆောင်ရွက်ကြရမည့်အတွက် အကျဥ်းသားကို စစ်ဆေးကြခြင်းဖြစ်သည်။ 

ထောင်ပိုင်ကြီးက ...

     " ခင်များ  နောက်ဆုံးအနေနဲ့ အခွင့်အရေးတခု တောင်းဆိုနိုင်ပါတယ် ကိုဖိုးကွန်း ၊ ဥပဒေဘောင်အတွင်းကဆိုရင် ကျွန်တော်တို့ ကူညီပေးပါ့မယ် "

      ထောင်ပိုင်ကြီးက ထိုသို့ဆိုလိုက်လျှင် ဖိုးကွန်းသည် မဆိုင်းမတွပင် တောင်းဆိုလိုက်လေ၏။

     " ကျွန်တော် ထိုးနေကျ တယောကို ဒီက ထောင်အာဏာပိုင်တွေထံမှာ အပ်ထားပါတယ်။ 

       မနက်ဖြန်  ကျွန်တော့ကို သေဒဏ် စီရင်မယ်ဆိုရင် ဒီကနေ့ညမှာ  နောက်ဆုံးအနေနဲ့၊ ကျွန်တော် တယောထိုးသွားချင်ပါတယ်။ ဆရာတို့ စီစဥ်ပေးနိုင်မလား "

      ထောင်ပိုင်ကြီးနှင့်ထောင် ဆရာဝန်တို့သည် တစ်ဦးကိုတစ်ဦး မတိုင်ပင်ဘဲ ကြည့်လိုက်မိကြသည်။ ကနေ့ညသည် ဖိုးကွန်း၏ နောက်ဆုံးည ဖြစ်သည်။ သူတို့အချင်းချင်း အင်္ဂလိပ်လို အပြန်အလှန် ပြောဆိုတိုင်ပင်လိုက်ကြသည်။ ဖိုးကွန်းမှာ မြန်မာစာပင် ရေးတတ်ဖတ်တတ်ဆိုလေတော့ သူတို့စကားကို တစ်ခွန်းမျှ နားမလည်ချေ။ ဆရာဝန်က ကြိုးဒဏ်ကျ တရားခံ၏ နောက်ဆုံးဆန္ဒကို လိုက်လျောရန် လိုလားပုံရသည်။

      နောက်ဆုံးတွင်  ထောင်ပိုင်ကြီးက ကြိုးတိုက်တာဝန်ခံအား စကားအနည်းငယ်ပြောဆို၍ ၊

    " ကိုဖိုးကွန်းရဲ့ နောက်ဆုံးဆန္ဒကို ကျွန်တော်တို့  ဖြည့်ဆည်းပေးပါ့မယ်။ ကိုဖိုးကွန်းကသာ ... "

     ဖိုးကွန်းက ...

   "စိတ်ချပါ ထောင်ပိုင်ကြီး ၊ ကျွန်တော်က လုပ်ရဲရင် ခံရဲပါတယ်။ တယောတစ်လက်က ကျွန်တော့ကို ဘာအန္တရာယ်မှ ပြုနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကတိပေးပါတယ်။ ထောင်ပိုင်ကြီး ဒီအတွက်နဲ့ ခေါင်းမရှုပ်စေရပါဘူး "

      သို့ဖြင့်  ထောင်ပိုင်ကြီးက  သူ့လက်အောက်က ထောင်ကြပ်အချို့ကို ယနေ့ည ဖိုးကွန်းအား အထူးဂရုစိုက်ပေးကြပါဟု မှာကြား၍ ပြန်သွားလေ၏။ဤသို့မှာရခြင်းမှာ ကြိုးဒဏ်ကျ အကျဥ်းသားအား ကြိုးဖြင့် စီရင်ကွပ်မျက်ရာ၌ အနှောက်အယှက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေလိုသောကြောင့်ဖြစ်သည်။ 

      ဖိုးကွန်းသည်  မိန်းမနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သောကြောင့်  သေဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။

      ဖိုးကွန်း သတ်ခဲ့သော အမျိုးသမီးနှစ်ဦးမှာ တစ်ဦးက ဇနီးဖြစ်သူ မထားရီဖြစ်ပြီး၊ ကျန်တစ်ဦးက မထားရီ၏ မိခင် ဒေါ်နန်းကြိုင် ဖြစ်လေ၏။ 

      ဖိုးကွန်းသည်  လူသတ်မှု မဖြစ်ခင်က ရိုးသားသော လူငယ်တစ်ဦးဖြစ်သည်။ သူသည်  နာမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အဖျော်ဆရာတစ်ဦးအဖြစ် လစာကောင်းစွာရသူဖြစ်လေ၏။

     ထားရီက  သူတို့လက်ဖက်ရည်ဆိုင်ဖွင့်သော လမ်းထိပ်က ကုန်ဈေးတန်း၌ ကုန်စိမ်းရောင်းသူ ဖြစ်သည်။

      ထားရီသည်  ဈေးသည်ပီပီ မျက်နှာချို၏။ သွက်လက်ချက်ချာ၏။ လူကလည်း ကိုယ်လုံးကိုယ်ပေါက် တောင့်တင်း၍ ညိုချောဖြစ်လေ၏။ ဒါကြောင့်ထားရီကို ကြိုက်သူက ခပ်များများ။ ထားရီကလည်း အားလုံးကို မငြင်း။ တစ်ယောက်မကောင်း နောက်တစ်ယောက်နဲ့ ပြောင်းတွဲတတ်သူ ဖြစ်၏။ထို့ကြောင့် ထားရီသည် မျက်နှာများသည်ဟု ဆိုရမည်။

      ဒီလိုနဲ့ ထားရီတစ်ယောက် လက်ဖက်ရည် ပါဆယ်လာဝယ်ရင်း၊ ကြာလာတော့ အဖျော်ဆရာ ဖိုးကွန်းနဲ့ စရာနောက်ရာကနေ  သံယောဇဥ်ငြိတွယ်ခဲ့ခြင်း ဖြစ်သည်။

   အံဩစရာက  ထားရီက ဖိုးကွန်းနဲ့ ရည်းစားဖြစ်နေသလို  လမ်းမတန်းက တရုတ်-ဗမာ ကပြား ကောင်လေးတစ်ယောက်နဲ့လည်း မရှင်း မရှင်း။ကောင်လေးနာမည်က မောင်မောင်စိန်။ ထားရီသည် ရည်းစားနှစ်ယောက်အပြိုင်ထားခြင်း ဖြစ်သည်။

     မောင်မောင်စိန်၏မိဘတွေက ကလက်တက်တက်နိုင်လှသော ထားရီနဲ့သဘောမတူကြချေ။ ထို့ကြောင့် သူတို့၏သားကို ထားရီနှင့် ဝေးရာ နိုင်ငံခြားသင်္ဘောပေါ် အလုပ်နှင့်တင်ပေးလိုက်၏။ သို့နှင့်မောင်မောင်စိန်က ပင်လယ်ကူး သင်္ဘောသားဖြစ်သွား၏။ အနေဝေးသွားတော့ မောင်မောင်စိန်နှင့် ထားရီပြတ်သွားသည်။ 

      သိပ်မကြာပါ။ ဖိုးကွန်းက  ထားရီကို ခိုးပြေးလေ၏။ မခိုးလို့ မဖြစ်တော့။ထားရီမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီတဲ့လေ။ အဲ့ဒီမှာ ဖိုးကွန်းဟာ ယောက်ျားပီပီ သူ့တာဝန် သူယူမည်ဟုဆိုကာ ခိုးပြေးသွားခဲ့ခြင်း ဖြစ်သည်။

     ယောက္ခမ ဒေါ်နန်းကြိုင်က ဖိုးကွန်း အလုပ်ရှင်ထံ လိုက်လာသည်။ဒေါ်နန်းကြိုင်က အစောတုန်းက ဖိုးကွန်းနဲ့ သူ့သမီးကို သဘောမတူဟု ကြွေးကြော်ထားတဲ့သူ။ ခုတော့ ဘာမှမတတ်နိုင်။ ပေးစားပါ့မည်ဟု လာပြောခြင်း ဖြစ်သည်။

    နောက်တော့  ဖိုးကွန်းက ထားရီကို လူကြီးစုံရာနဲ့ ပြန်အပ်ကာ လက်ထပ်ယူခဲ့သည်။ 

      ဘာမှ မကြာဘူး။ ထားရီရဲ့ဗိုက်က ထွက်လာ၏။ ဖိုးကွန်းကတော့ ရယ်ကြဲကြဲပါပဲ။ လက်ထပ် မယူခင်ကတည်းက သူတို့ ခရီးရောက်နေကြောင်း ရပ်ကွက်မှာ ပေါ်လွင်သွားသည်မဟုတ်လား။ 

     ဒီလိုနဲ့  ထားရီ  သမီးကလေးတယောက်မွေးသည်။ သမီးလေးမွေးပြီးတော့မှ သူတို့လင်မယား မကြာခဏ ရန်ဖြစ်ကြသည်။ ဘာကြောင့်လဲဆိုတော့ ...

      အညာသား ဖိုးကွန်းကလည်း အသားညိုသလို၊ ထားရီကလည်း အသားညိုပေမယ့် ၊ မွေးလာတဲ့ သမီးလေးက  တရုတ်မလေးလို ဖြူဖွေးဆွတ်နေသည်။ 

     အစောပိုင်းက ဖိုးကွန်း  သမီးကို ချီပိုးပြီး အပြင်မထွက်ရဲ။သူသာ ချီသွားပါက ကလေးသူခိုးဟုပင် အထင်ခံရလိမ့်မည်။သူက အညိုစင်၊  ကလေးက တကယ့် တရုတ်မလေးအတိုင်း ဖွေးဆွတ်နေသည်မဟုတ်လား။ 

     ဖိုးကွန်း သိလိုက်ပါပြီ။ သူလည်း  အဲ့သလောက်တုံးတဲ့ ' လူအ' တယောက်တော့ မဟုတ်ပါ။ ထားရီ  သူ့အပေါ် လူလည်ကျသည်ကို သိသွားပါ၏။ ဒီကလေးဟာ သူနဲ့ရတဲ့ ကလေးမဟုတ်။ ထားရီရဲ့ အရင်ရည်းစား တရုတ်-ဗမာ ကပြား မောင်မောင်စိန်နဲ့ ရတဲ့ သမီးသာ ဖြစ်လိမ့်မည်ဟု တွေးမိလေ၏။။

     ဒါပေမဲ့ နောက်ပိုင်းမှာ ဖိုးကွန်းသည်  ထားရီကို ချစ်၍  သမီးလေးကို သူ့သမီးပါဟု မျက်စိ စုံမှိတ် ယုံမှတ်ပေးခဲ့ပါသည်။ ထားရီကိုလည်း ထိုကိစ္စနဲ့ ပါတ်သက်ပြီး သူ ရန်မလုပ်တော့ချေ။ တီတီတာတာ ကလေး၏ ချစ်စဖွယ် အမူအယာများက သူ့အသဲနှလုံးကို ဖမ်းစားထားသည်မဟုတ်လား။ 

       အများက သူ့ကို ကွယ်ရာမှာ နွားကျသည်ဟု ဆိုကြသည်။ ဒါပေမဲ့ ဖိုးကွန်းသည် ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက် ဟု အောက်မေ့ကာ ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုထားလိုက်သည်။ သူ  မိသားစုအပေါ် ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။

       ဒီလိုနဲ့  သမီးကလေး ၂နှစ်ပြည့်လာသည်။ အဲ့ဒီမှာ ဖိုးကွန်းဘဝကို ပြောင်းပြန်လှန်ပစ်မည့် ကြမ္မာဆိုးက ဝင်လာလေတော့၏။ 

       ထားရီသည်  ကလေးငယ်စဥ်ကတော့ သူ့အပြစ်နှင့်သူ ၊ နောင်တရဟန် ရှိသော်လည်း ၊ သမီးလေး ၂နှစ်ပြည့်ပြီးသည့်နောက်မှာ အချိုးပြောင်းလာသည်။

      သမီးကို သူ့အမေ ဒေါ်နန်းကြိုင်နဲ့ ထားခဲ့ပြီး မကြာခဏ အပြင်ထွက်၏။ သူ အပြင်ထွက်ရင်လည်း အပျိုရှုံးအောင် အလှပြင်လေ့ရှိသည်။ ဒေါ်နန်းကြိုင်ဆိုတာက ဖဲဂျိုး။ သူ့သမီးရော သားမက်ပါ မရှိတာနဲ့ အဖေါ်တွေခေါ်ပြီး ဖဲရိုက်သည်။ ကလေးကို ဂရုစိုက်သည်မဟုတ်။ 

     ထားရီသည် ကလေးမွေးပြီးမှ ပိုတောင် လှလာ၏။ တစ်သားမွေး တစ်သွေးလှဆိုသည့်စကားက ထားရီကို ညွှန်းခဲ့လေသလားမသိ။ ပင်ကိုယ်က အဆက်အပေါက်လှသော ထားရီသည် ယခုအခါ  ပုရိသတွေ လည်ပြန်ငေးရလောက်အောင် ပို၍ လှလာသည်ကတော့ အမှန်ပင်။

      ဖိုးကွန်းက  မိုးမလင်းခင်ကတည်းက လက်ဖက်ရည်ဆိုင်ကို ရောက်ရသူ။ဆိုင်မဖွင့်မီ  စောစောကတည်းက ဖန်ရည်နှပ်ရ၊ ရေနွေးဆူအောင်တည်ရမဟုတ်လား။

 ဖိုးကွန်းက  သူ့အလုပ်ကို သူတာဝန်ကျေသူဖြစ်သည်။ နေ့ဆိုင်းညဆိုင်းဟု နှစ်ဆိုင်းခွဲထားပေမယ့် ဖိုးကွန်းက အိမ်မှာနေတော့ ငွေမဝင်ဘူးဟုဆိုကာ အပိုဝင်ငွေရအောင် လက်ဖက်ရည်ဆိုင်မှာပဲ အချိန်ပိုဆင်း၏။ 

      အိမ်မှာ ထားရီ ရှိလား/မရှိဘူးလား သူ မသိ။ ဆိုင်က ထမင်းကျွေးတာမို့ အိမ်ပြန်ထမင်းမစားတော့ ထားရီ အပြင်ထွက်တာကို သူ သတိမထားမိခဲ့ချေ။ ထားရီက ထိုအခွင့်အရေးကို အသုံးချ၍ အပြင်ထွက်ခြင်း ဖြစ်၏။

      အမှန်တော့  ထားရီ  အပြင်သို့ အလှပြင်ထွက်ခြင်းမှာ အကြောင်းရှိသည်။ သူ့ရည်းစားဟောင်း သင်္ဘောသား မောင်မောင်စိန်  ဗမာပြည်ကို ပြန်ရောက်နေသည်မဟုတ်လား။ 

     ထားရီသည် ဖိုးကွန်းအပေါ် သစ္စာမဲ့စွာ  မောင်မောင်စိန်နှင့် ပြန်ဆက်နေခြင်းဖြစ်သည်။ မောင်မောင်စိန်အား  ထားရီက သမီးလေးနဲ့ ပေးတွေ့သည်။ အင်မတန် ချစ်စရာကောင်းသော  သမီးလေးကို တွေ့ရတော့ မောင်မောင်စိန်သည် ချစ်မဝတော့ချေ။ ဒီသမီးလေးက ငါ့သမီးလေးပါလားဟူသော အတွေးက ထားရီကို ပို၍ တွေ့ရန် အကြောင်းဖန်လာ၏။ 

      သို့ဖြင့် မောင်မောင်စိန်နှင့် ထားရီတို့သည်  ဖိုးကွန်းအပေါ်  လစ်ရင်လစ်သလို လူမှုရေး ဖောက်ပြန်ကြလေ၏။ 

        ပန်းသတင်း လေညှင်းကဆောင်၏။ လူ့သတင်းကိုတော့ လူချင်း ဆောင်ယူကြသည်။ မောင်မောင်စိန်နဲ့ ထားရီတို့သတင်းက ပုပ်တော့ပေါ်သည်။ ဟုတ်တော့ ကျော်၏။ ထိုသတင်းက ဖိုးကွန်းထံ ပေါက်ကြားသွားသည်။

        ဖိုးကွန်းက  သူ့မိန်းမကို ဆုံးမသည်။ ရှေ့ဆက်မတိုးကြဖို့ အတတ်နိုင်ဆုံး ဖျောင်းဖျသည်။ ယောက္ခမဖြစ်သော ဒေါ်နန်းကြိုင်ကိုလည်း အသိပေးတိုင်ကြားသည်။ အမေ့သမီးကို ထိမ်းပေးပါဦးပေါ့။

     ဒါပေမဲ့  ဒေါ်နန်းကြိုင်သည် လူကြီးမပီသ။ သူက  သူ့သမီးဘက်က ခပ်ပါပါ။ အဖျော်ဆရာတယောက်ရဲ့ ယောက္ခမဖြစ်ရခြင်းထက် သင်္ဘောသားရဲ့ ယောက္ခမ ပိုဖြစ်ချင်ပုံရသည်။ 

      ဖိုးကွန်းအတွက်တော့ ထိုကာလများက  စိတ်အညစ်ရဆုံးကာလများပင်။ ဖိုးကွန်း  မသောက်စဖူး အရက်သောက်လာ၏။ စိတ်ညစ်ခြင်းကို အရက်ဖြင့် ကုစားမရဆိုတာ ဖိုးကွန်း တစ်ယောက် သိပါလေစ။ 

               __________

      ဖိုးကွန်းက  သမီးလေး ဖူးဖူးကို သိပ်ချစ်သည်။ သူ့လက်ပေါ် ကြီးလာတဲ့ ကလေးမဟုတ်လား။ ဖူးဖူးကလည်း ဖိုးကွန်းကို ချစ်၏။ ဖေဖေဟုတောင်မခေါ်။ ဖေဖေကြီးဟု ချစ်စနိုး ခေါ်တတ်၏။ ၂နှစ်သမီးဆိုတော့ စကားတတ်ခါစ။ တီတီတာတာနဲ့ အလွန်ချစ်ဖို့ကောင်း၏။

      ဖိုးကွန်းသည် သူ့လက်ဖက်ရည်ဆိုင်ကို လာသော တယောဆရာတစ်ယောက်နှင့် ရင်းနှီးသည်။ ထိုဆရာထံမှ တယောထိုးပညာ သင်ကြားထား၍ တယော ထိုးတတ်သည်။

   သို့သော် ကျွမ်းကျင်သော ပညာရှင်အဆင့်တော့မဟုတ်ချေ။ နားထောင်ကောင်းရုံမျှ ထိုးတတ်ခြင်းဖြစ်သည်။

သူ့မိန်းမ ထားရီ ကိုယ်ဝန်ရင့်စဥ်အခါက  ဖိုးကွန်းသည်  ညစဥ်မပျက် တယောထိုးကာ ချော့သိပ်တတ်သည်။

      ထို့ကြောင့်လားမသိ။ ဗိုက်ထဲကတည်းက ကလေးက တယောသံကို နားယဥ်နေပုံရသည်။  တစ်ခါတစ်ရံ  သမီးလေးသည် တယောအိမ်ကို သူ့ဖာသာ မနိုင့်တနိုင် သယ်လာပြီး ' ဖေဖေကြီး တယောထိုးပြ ' ပူဆာတတ်လေ၏။

    ထိုအခါမျိုးတွင် ဖိုးကွန်းသည် သူ့သမီးအား လိုလိုလားလား တယောထိုးကာ သီချင်းဆိုပြတတ်သည်။ ကလေးသည် တယောအထိုးရပ်သည်နှင့် ဖိုးကွန်းပေါင်ပေါ် ခေါင်းခုကာ အိပ်ပျော်တတ်လေ၏။ကလေးသည် တယောသံကို စွဲလန်းကာ ညစဥ် တယောသံကြားရလေခါမှ အိပ်ပျော်လေ့ရှိ၏။

      ယခု ဖိုးကွန်း  သမီးလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမှာ အရမ်းကြောက်သည်။ သေမတတ်ကြောက်သည်။

   ထို့ကြောင့် ထားရီရဲ့ အမြင့်ဆုံး လူမှုရေးဖောက်ပြန်မှုကို ဒေါသထွက်ငြားလည်း သမီးကလေးမျက်နှာကြောင့် တတ်နိုင်သမျှ သည်းခံ၍ ဖျောင်းဖျပြောဆိုနေခြင်းပင်။

    ထားရီ အနည်းငယ်တော့ ခြေငြိမ်သွားပြန်၏။ ဖိုးကွန်း ကျေနပ်အောင် နေပြခြင်းသာ။ သူမ ရင်ထဲမှာတော့ မောင်မောင်စိန်ကိုသာ စွဲလန်းနေလေ၏။ အခွင့်သာသည်နှင့် မောင်မောင်စိန်နှင့် ချိန်းတွေ့သည်။ 

       တစ်နေ့  ဖိုးကွန်း အလုပ်သွားချိန်၊ ထားရီက  အိမ်ကနေ  ခိုးထွက်သွားသည်။ အိမ်မှာ သမီးလေး ဖူးဖူးနဲ့ အဖွားဖြစ်သူ ဒေါ်နန်းကြိုင်သာ ကျန်ရစ်ခဲ့သည်။ 

      ဒေါ်နန်းကြိုင်က ထုံးစံအတိုင်း သူ့ဘော်ဒါတွေခေါ်ပြီး ပိုကာဝိုင်းထောင်သည်။ ဖူးဖူးကို ခြံထဲမှာ ဆော့ကစားနေစေ၏။ အိမ်ရှေ့ ဝင်းတံခါးကို သော့ခတ်ထားလိုက်သည်။ ကလေး အပြင်မထွက်လျှင် ကားတို့ဆိုင်ကယ်မတိုက်နိုင်သဖြင့်  လုံခြုံစိတ်ချရပြီဟု ဒေါ်နန်းကြိုင် မှတ်ယူထားသလားမသိနိုင်။

      နေ့လယ် ထမင်းစားချိန်ရောက်တော့ ဒေါ်နန်းကြိုင်က ဖူးဖူးကို ထမင်းကျွေးရန် ဖဲဝိုင်းမှ ထသည်။ 'ဖူးဖူးရေ  ဖူးဖူး' ဟု အော်ခေါ်သည်။ ကလေးရဲ့ ထူးသံမကြားရ။ ဒါနဲ့  ခြံထဲ ဆင်းကြည့်သည်။ 

       ဒေါ်နန်းကြိုင် အော်ဟစ်သံ ညံသွားသည်။ ဖူးဖူးကား ရေစည်ပိုင်းပြတ်ထဲမှာ ဘယ်အချိန်ကတည်းက ရေနစ်နေသည်မသိ။ ဒေါ်နန်းကြိုင် ဆယ်လိုက်တော့ ဖူးဖူး အသက်မရှိတော့ချေ။ 

        တသောင်လုံး ဇနီးမယားနဲ့ ယောက္ခမအပေါ် အောင့်အီး သည်းခံလာခဲ့သော ဖိုးကွန်းရဲ့ ဒေါသက ပေါက်ကွဲလေပြီ။ဒါပေမဲ့ ချက်ချင်းမဟုတ်။ ဖိုးကွန်းသည် ဖူးဖူး မြေကျသည်အထိ သူ့ဒေါသကို ထိမ်းထားလိုက်သေး၏။ 

       သမီးလေး ဖူးဖူးကို သင်္ဂြိုလ်ပြီး နောက်တစ်ရက်မှာဖိုးကွန်း  အရက်တွေမူးနေအောင်သောက်သည်။ 

     ထိုနေ့ညနေ  ရက်ပင်မလည်သေးသော နာရေးအိမ်၌  ဖိုးကွန်းသည် လွန်စွာ ဆွေးမြေ့ဖွယ်ကောင်းသော သီချင်းတစ်ပုတ်ကို တယောထိုးလေ၏။ ဖိုးကွန်းသည် မရှိတော့ပြီဖြစ်သော သမီးလေး ဖူးဖူးအား ချော့သိပ်နေဟန်တူ၏။

       အဲ့ဒီမှာ  ဒေါ်နန်းကြိုင်က ဖိုးကွန်းအား ဆဲဆိုလိုက်သည်။  ဖိုးကွန်း သည် တယောကို အထိုးရပ်၍ ဒေါ်နန်းကြိုင်ထံ အပြေးသွားကာ ဘယ်အချိန်က ဆောင်ထားသည် မသိရသော ဓားမြှောင်ဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်သည်။ 

       မိခင်ကို ဓားနဲ့အထိုးခံရတာ မြင်တော့  ထားရီက  ကယ်ကြပါဦးဟု ထိတ်လန့်တကြား အော်သည်။ 

        ဖိုးကွန်းမျက်လုံးတွေက ဒေါသ မပြေသေးဟန်တူ၏။ နီမြန်းနေသည်။ ဖိုးကွန်းသည် ထားရီထံ ရောက်သွားပြီး သစ္စာဖျက်မဟု တစ်ခွန်းသာ ပြောဆို၍ ဓားဖြင့် စိတ်ရှိလက်ရှိ ထိုးသတ်ပြန်သည်။ ထားရီကိုယ်ပေါ်၌ ဓားဒဏ်ရာ အချက်ပေါင်းများစွာ စူးနစ်ဝင်ရောက်ကာ သွေးများက မြင်မကောင်းတော့ပေ။ 

       ဒေါ်နန်းကြိုင်ရော ထားရီပါ ဖူးဖူးလေးနောက်သို့ လိုက်ပါသွားကြလေပြီ။ ဖိုးကွန်းသည် ဘယ်ကိုမှ မပြေး။ ရပ်ကွက်လူကြီးနှင့် ရဲများ ရောက်လာသည့်အခါ အသာတကြည်ပင် အဖမ်းခံ၏။ 

      ယခု ထိုအမှုဖြင့်ပင် သူ့အား တရားရုံးအဆင့်ဆင့်က သေဒဏ်ကို အတည်ပြု လိုက်ကြခြင်း ဖြစ်သည်။

     ဖိုးကွန်း၏ နောက်ဆုံးည ကြိုးတိုက်တာဝန်ကျ ထောင်မှုး ဦးသိန်းညွန့်က ...

    " သူ  တညလုံး  အဲ့ဒီတယောနဲ့  'သစ္စာ' ဆိုတဲ့ သီချင်းကို တိုးသဲ့သဲ့လေး ထပ်ခါထပ်ခါ သီဆိုနေခဲ့တယ်။

       သူ့ကြည့်ရတာ  သေရမှာကို ကြောက်လန့်နေတဲ့ပုံ လုံးဝ မပေါ်ဘူးခင်ဗျ။ သူ တယောထိုးပြီး သီချင်းဆိုနေတဲ့ဟန်က တယောက်ယောက်ကို ချော့သိပ်နေသလိုပါပဲ။  

       တာဝန်ကျနေတဲ့ ကျွန်တော်တောင် တစ်ချက်တစ်ချက် အိပ်ပျော်သလိုလို ဖြစ်ဖြစ်သွားသေးတယ်။ သူကတော့  မနက် ၃နာရီလောက်မှာ တယောထိုး ရပ်သွားတယ်။ 

        တယောသံရပ်သွားမှ ကျွန်တော်လဲ အိပ်ပျော်နေရာက နိုးတယ်။ သူက ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်ပြီး ... '  ကျုပ်အတွက် နောက်ဆုံးညဆိုတော့ အိပ်ရမှာ နှမြောတယ်ဗျာ ၊ ခင်ဗျား အိပ်ချင် အိပ်ပါ။ သေရမယ့်အတူတူ  ကျုပ် ဘယ်သူ့ကိုမှ ဒုက္ခပေးမသွားပါဘူး ... စိတ်ချပါ။ အဲ ... ဆေးလိပ်လေးများ ပါရင်တော့ တလိပ်လောက် ပေးဖွာပါဗျာ ' လို့ ပြောသွားသေးတယ်။ 

       ကျွန်တော့်မှာ ပါသမျှ ဆေးလိပ်တွေ သူ့ကို အကုန်ပေးလိုက်တယ်။ သူ အဲ့ဒီဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် ဖွာသွားခဲ့ပုံရတယ်။ ဆေးလိပ်ဖွာလိုက် တယောထိုးလိုက် နေမှာပေါ့။ မနက် မိုးလင်းတော့ ဖင်စီခံအတိုတွေပဲ တွေ့ရတော့တယ်။ 

       နောက်တနေ့ နံနက်စောစောမှာ ဖိုးကွန်းကို ထောင်အာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းအတိုင်း ကွပ်မျက်လိုက်ကြလေသည်။ 

       ကွပ်မျက်ခါနီးမှာ ခေါင်းစွပ် စွပ်တော့ ဖိုးကွန်းသည် ဘာကို မြင်တွေ့သွားသည်မသိ။ 'သမီးလေး ... 'ဟု ခပ်တိုးတိုး ရေရွတ်လိုက်သံ ကြားလိုက်ကြရသည်ဟု ဆိုသည်။

 နောက်ဆက်တွဲ စကားလုံးကိုတော့ မည်သူမျှ မကြားလိုက်ရပါ။ ဂျိုင်းခနဲဟူသော ကြိုးသမား၏ ခြေထောက်အောက်က တံခါးပွင့်သံက ကြိုးစင်အနီးတဝိုက် ဆူညံသွားသောကြောင့်ပင်။ 

                _____________

     သပ်ရပ် သေချာစွာ ထုပ်ပိုးထားသော  အထုပ်တစ်ထုပ်သည်  ညနေ နေဝင်ရီတရော်အချိန်မှ ဦးချမ်းသာ လက်ထဲသို့ ရောက်လာ၏။ 

     ဦးချမ်းသာသည် ထိုပါဆယ်ထုပ်ကို  တယုတယကိုင်တွယ်၍  သူ၏ ပြခန်းထဲသို့ ဝင်သွားလေ၏။

      ပြခန်းသည်  ယခင်နေ့များထက် ပို၍ အေးစက်နေသယောင်ပင်။ဝန်းကျင်ကလည်း ထူးကဲစွာ ငြိမ်သက်တိတ်ဆိပ်နေလေ၏။ 

     ဒီလိုအခြေအနေမျိုးကို ဦးချမ်းသာ ပို၍ သဘောကျ၏။ သူသည်  ပါဆယ်ထုပ်အပေါ်က အညိုရောင် စက္ကူများကို စိတ်လှုပ်ရှားခြင်းကြီးစွာ တဗြိဗြိနဲ့ ခွာလိုက်သည်။

      စက္ကူများ ခွာပြီးသည့်အခါ အနက်ရောင် တယောအိမ်ကို တွေ့လိုက်ရလေ၏။ 

       ဦးချမ်းသာသည်  မျက်စိကို မှိတ်လျက် တယောအိမ်၏ မျက်နှာပြင်ကို  သူ့လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။

    " ဟား ... "

      ကြမ်းရှသော အထိအတွေ့က သူ့လက်ဖဝါးမှတဆင့် နှလုံးအိမ်ထိတိုင် စီးမြောသွားဟန်တူ၏။ သူ သဘောကျစွာ ဟားခနဲ အသံထွက် ငြီးတွားလိုက်မိသည်။

 ထိုအသံ၏ နောက်ကွယ်တွင် ဦးချမ်းသာ၏ စိတ်ကျေနပ်မှုကို မြင်တွေ့နိုင်လေ၏။

သူ့ အာရုံတွင် သွေးများ မြင်မကောင်းအောင် ထွက်ကျ၍ မြေပေါ် လဲကျနေသော မိန်းမနှစ်ယောက်၏ အလောင်းများ ထင်ဟပ်လာကြသည်။

ဦးချမ်းသာသည် ဤမျှ အနိဌာရုံများအပေါ် စွဲလန်း ရူးသွပ်နေသူ တစ်ယောက်ပင် ဖြစ်သည်။ 

     တယောအိမ်ကို ကိုင်တွယ်ပွတ်သပ်၍ အားရသောအခါမှ ဦးချမ်းသာသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ တယောအိမ်၏ ဘေးတဖက်က ကလစ်များကို တွေ့သွားသည်။

      သူ့စိတ်ထဲတွင်  တယောအိမ်ကို ယခုပင် ဖွင့်ကြည့်ရမလား ... သို့မဟုတ် ဝိဉာဥ်တွေ မြူးထူးသော  ညသန်းခေါင်မှ ဖွင့်ရမလားဟု ဒွိဟစိတ် နှစ်ခွ ဝင်သွားသည်။

      သူ့လက်တွေကတော့ တယောအိမ် ဖွင့်သည့် ကလစ်နှစ်ခုထံ ရောက်သွားပြီ ဖြစ်၏။ ကလစ်နှစ်ခု၏ အေးစက်စက် အထိအတွေ့က သူ့ရင်ကို ပို၍ အခုန်မြန်စေသည်။ 

      တဒိန်းဒိန်း ခုန်နေသော ရင်ခုန်သံကိုပင် သူ့နားက ကြားယောင်မိသလိုပင်။ 

     ဦးချမ်းသာသည် ရူးသွပ်နေသူတစ်ယော                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 က်ပမာ ရှိလေ၏။ သူ့နားထဲတွင်  'တယောအိမ်ကို အခု ဖွင့်လိုက် 'ဟုသော တိုးညှင်းသော အသံတခုကိုလည်း ထပ်တလဲလဲ ကြားယောင်လာသည်။ သို့ပေမယ့်  သူ၏ ပုံမှန်စိတ်က  လုံးဝ မဖွင့်နဲ့ဟု တားမြစ်နေပြန်၏။

     သူ  တယောအိမ်တင်ထားသော စားပွဲအနီးမှ ခြေနှစ်လှမ်းစာမျှ နောက်ဆုတ်လိုက်သည်။ ပြီးနောက် လေးလံစွာ သက်ပြင်းမောကို ဟူးခနဲ အသံထွက်အောင် မှုတ်ထုတ်လိုက်သည်။ သူ တယောအိမ်ကို ကြည့်ပြန်သည်။ တယောအိမ်သည် ဖွင့်လှစ်ရန် သူ့အား စွဲဆောင်နေပါ၏။

     ဦးချမ်းသာသည် သူ့စိတ်ကို သူမနိုင်။ စိတ်ကို ဒုံးဒုံးချဟန်ဖြင့် ' အင်း ညသန်းခေါင်လောက်မှ ဖွင့်တာ ကောင်းပါတယ် ' ဟု တယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး၊ တယောအိမ်ကို ကျောခိုင်း၍  ပိတ်ထားသော ပြခန်းတံခါးဝဆီသို့ လျှောက်သွားပြန်သည်။ သူသည် တံခါးလက်ကိုင်ဘုကို ကိုင်လိုက်သည်။ လက်ကိုင်ဘုကို လှည့်ဖွင့်၍ အခန်းထဲမှ ထွက်သွားရန် ဖြစ်၏။

   " ချောက် "

     တံခါးလော့ ပွင့်သွားသည်။သူ လှည့်ဖွင့်လိုက်မိလား မဖွင့်လိုက်မိလား မသိချေ။ တံခါးကို တွန်းဖွင့်ရုံမျှနှင့် အပြင်သို့ ထွက်သွားနိုင်ပြီ ဖြစ်သည်။

     သို့ပေမယ့်  သူ့နားထဲသို့ ကြောင်စီစီ နိုင်လှသော အသံတခု ဝင်လာ၏။

    "တယောအိမ်ကို  အခု မဖွင့်ရင်  မင်း နောင်တရနေလိမ့်မယ်နော် ၊ ဘာလဲ  မင်း ကြောက်နေတာလား "

     ဦးချမ်းသာ လက်ကိုင်ဘုပေါ်က သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူသည် ချာခနဲ လှည့်ကာ  တယောအိမ်ဘက်သို့ မျက်နှာမူလိုက်ပြီး .. 

   "ငါက  ဘာလို့ ကြောက်ရမှာလဲ "

ဟု   ရူးသွပ်နေသူတယောက်ပမာ ရေရွတ်ပြောဆိုလိုက်ပြန်၏။ သူ အသက်ကို ဝအောင် ရှုသွင်းလိုက်သည့်အခါ ရင်အုံသည် မို့မောက်ကြွတက်လာ၏။ 

    ဦးချမ်းသာသည် တလှမ်းချင်း တယောအိမ် ရှိရာသို့ ခပ်မှန်မှန် လျှောက်သွားသည်။ သူ တယောအိမ် ရှေ့သို့ရောက်သွား၏။ 

     သူ့ လက်များက ဦးနှောက်က ခိုင်းစေသည့်အတိုင်း တယောအိမ်၏ ဘေးဘက်က ကလစ်နှစ်ခုဆီ ရောက်သွားသည်။

    " ချောက် ... "

    သူ  တယောအိမ်ကို၏ အဖုံးကို လှပ်လိုက်သည်။ 

      ပြခန်းအတွင်းက ရှိရင်းစွဲ အပူချိန်သည် ဇီးရိုး ဒီဂရီ အောက်ကို ထိုးဆင်းသွားသည့်အလား အထူးပင် အေးစိမ့်သွားလေ၏။ သူ့ ကျောထဲကပင် စိမ့်ခနဲ အေးသွားသည်။ တယောအိမ်ထဲတွင် ဟောင်းနွမ်းနေပြီဖြစ်သော တယောတစ်လက် ရှိနေသည်။ 

     သူ့လက်များသည်  သူ မစေခိုင်းရပါဘဲ တယောနှင့် ဘိုးတံကို ထုတ်ယူလိုက်မိတော့သည်။ ဦးချမ်းသာသည် တယောမတီးတတ်ပါ။ ယုတ်စွအဆုံး စည်းဝါးပင် မခွဲခြားတတ်ချေ။ 

     သို့သော်  ဦးချမ်းသာသည် တယောကို ဘယ်ဘက်ပခုန်းပေါ်သို့ သမ္ဘာရင့် တယောတီးသူအလား အကျအန တင်လိုက်မိသည်။ ပြီးသော ညာလက်ဖြင့် ဘိုးတံကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ကာ တယော၏ ကြိုးများပေါ်သို့ ညင်သာစွာ စတင်ထိုး လိုက်လေ၏။

     ကြောင်စီစီနိုင်လှသော တယောသံက ပျစ်ချွဲချွဲ ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့  ဦးချမ်းသာသည် တယောကို အဆက်မပြတ် ထိုးနေမိသည်။ 

      ပြခန်း၏ ထောင့်ချိုးများမှာ အရိပ်မည်းများ ပြေးကပ်သွားသည်။ အရိပ်မည်းများသည် အရွယ်စုံ၊ ဆိုဒ်စုံပင်။ 

     ဦးချမ်းသာသည် မျက်စိကို စုံမှိတ်လျက် တယောကို စိတ်ပါလက်ပါ ထိုးနေသည်။ ထိုအရိပ်မည်းများကို သူ မြင်တွေ့ဟန်မတူပါ။ သူ့ဟန်ပန်က ဂီတမှာ စီးမြောနေသူတယောက်ပမာ ရှိနေ၏။ 

       ဦးချမ်းသာ ရှေ့တည့်တည့်ဆီက အရိပ်လေးတခုသည် ဦးချမ်းသာထံ တရွေ့ရွေ့  တိုးကပ်လာနေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ရေစိုနေသော ကလေးခြေရာ သေးသေးလေးများက တကွက်ပြီး တကွက်  ဦးချမ်းသာထံ ဦးတည်၍ ထွက်ပေါ်လာသည်။

     ဦးချမ်းသာ ပါးစပ်က တစုံတရာကို တီးတိုး ရေရွတ်နေသည်။ အလွန်တိုးညှင်းသောကြောင့် သဲကွဲစွာ မကြားရချေ။ 

      သီချင်းတပုတ်များ သီဆိုနေရော့သလား။ အရိပ်ကလေးက ဦးချမ်းသာနှင့် အနီးဆုံးသို့ ရောက်သွားပြီ ဖြစ်သည်။ 

     တယောကို ထိုးနေသော ဦးချမ်းသာသည် ရုတ်တရက် အထိုးရပ်သွားလေ၏။ သူ   မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ 

     သူ့ရှေ့တည့်တည့်က အရိပ်လေးကို မြင်တွေ့သွားသည်။ 

    " ဟာ ! "

     ဦးချမ်းသာ ကြောက်လန့်တကြား အနောက်သို့ ဆုတ်လိုက်သည်။ သို့ပေမယ့်  သူ ပစ္စည်းတစ်

ခုနဲ့ တိုက်မိကာ လဲကျသွားသည်။ တယောသည် သူ့လက်မှ လွတ်ကျသွားသည်။

    "ဒေါင် ... "

    ဦးချမ်းသာ ယခုမှ သူ့ရှေ့က မြင်ကွင်းကို ခြုံငုံကြည့်ရှု့မိသွားဟန်တူ၏။ သူ့ပါးစပ် အဟောင်းသားဖြင့် 

တအစ်အစ်ဟူသော အသံသာထွက်နိုင်တော့သည်။

    သူ့ လဲကျနေသော နေရာအနီးတဝိုက်မှာ လှုပ်နှိုးခံရ၍  နိုးထလာကြသော  ရုပ်ပျက်ဆင်းပျက် ဝိဉာဥ်များစွာက သူ့အား စိမ်းစိမ်းကြီး ဝိုင်းကြည့်နေကြသည်မဟုတ်လား။ 

   " စွား  ... စွားကြ ... "

    ဦးချမ်းသာပါးစပ်က သွား ... သွားကြဟူသော စကားလုံးပင် မပီသတော့ချေ။ သူ အလွန်အမင်း ထိတ်လန့် ကြောက်ရွံနေသည်မဟုတ်လော။ 

      အရိပ်များစွာသည် ဦးချမ်းသာ အနီး စုပြုံဝိုင်းအုံလာကြသည်။ ဦးချမ်းသာသည် မျက်လုံးအစုံ ပြူးကျယ်လာပြီး ...

      " အား ... "

              ______________

      ည ၈နာရီ ဝန်းကျင်လောက်တွင် ၊ ရဲကားနှင့် ဆေးရုံကားတချို့ ဦးချမ်းသာ၏ နေအိမ်ခြံဝိုင်းထဲ ရောက်လာကြသည်။

     အကြောင်းကြားသူက ခြံစောင့် တင်ထွန်း ဖြစ်သည်။ 

    " အား လို့  ကျယ်ကျယ်လောင်လောင် အော်သံကြီး ကြားရလို့ ၊ သူဌေး တခုခုဖြစ်တာပဲဆိုပြီး ကျွန်တော် အိမ်ထဲ ပြေးဝင်ခဲ့ပါတယ်။ 

     ဧည့်ခန်းမှာ သူဌေးကို မတွေ့တော့၊ သူ ရှိမယ်ထင်တဲ့ ပြခန်းရဲ့ တံခါးကို ကျွန်တော် သွားခေါက်တယ်။ သူဌေး ဘာဖြစ်တာလဲလို့ မေးပါတယ်။ ဘာမှ ပြန်ဖြေသံမကြားရဘူး။ 

      ဒါနဲ့ တံခါးကို ဖွင့်ကြည့်လိုက်တော့ တံခါးက လော့ချမထားပဲ ဖွင့်လို့ရနေတာနဲ့ အထဲ ဝင်ကြည့်တော့ သူဌေးကို အဲ့သလို တွေ့ရတာပါပဲ "

     ဦးချမ်းသာသည် ဘိုးတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မျက်လုံးများ အဆမတန် ပြူးကျယ်ကာ သေဆုံးနေသည်။ သူ မသေမီက ထိတ်လန့်ချောက်ချားဖွယ်ရာ တစုံတခုကို မြင်တွေ့သွားပုံရသည်။

     ရဲအရာရှိက ခြံစောင့် တင်ထွန်းကို မေးလိုက်သည်။ 

    " အား လို့ အော်သံမကြားရခင်က ဘာများ ထူးခြားတာ ခင်များ မြင်ခဲ့တွေ့ခဲ့ကြားခဲ့ရသေးလဲ ကိုတင်ထွန်း"

   တင်ထွန်းက မျက်မှောင်ကြုတ်၍ စဥ်းစားဟန်ပြုလိုက်ပြီး ...

  " ထူးခြားတာတော့ ဘာမှ မတွေ့ခဲ့ရပါဘူး ။ ကျွန်တော်က ခြံစောင့်ဆိုတော့ ခြံထဲမှာပဲ နေရပါတယ်။ ခါတိုင်းလိုပါပဲ ခြံထဲကလဲ ငြိမ်သက်လို့ပေါ့ ။

       အဲ ... ဒီကနေ့ည  ထူးခြားတာ တခုတော့ ရှိသဗျ။ အဲ့ဒါက  သူဌေးအိမ်ထဲကနေ တယောထိုးသံ ကြားရတာပဲ။ နေပါအုံးဗျာ  သူထိုးနေတဲ့ သီချင်းက  ဘာပါလိမ့် ။  ဪ မှတ်မိပြီ။ ' သစ္စာ ' တဲ့ ။

     ရဲအရာရှိသည်  ခြံစောင့်တင်ထွန်းပြောသော နောက်ဆုံးစကားလုံးကို သံယောင်လိုက် ရေရွတ်လိုက်မိသည်။

       " သစ္စာ ... "

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

၂၁၊၂၊၂၀၂၃

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ




Some text some message..