ကဝေပျံရှင်နှောင်း - အတွဲ (၂) အပိုင်း(၂)
lotaya.mpt.com.mm
|
2023-03-11

''ကျွန်တော်လာရတဲ့အကြောင်းကတော့ ရှင်မွှေးနဲ့လက်ဆက်ချင်လို့ လာရတာပါပဲ''

ရှင်နှောင်းအံ့ဩသွားသည်။

''ရှင့်အဖေ စော်ဘွားကြီးရှိနေသေးတယ်မဟုတ်လား''

''မှန်ပါတယ်၊ ဒါပေမယ့် အဖဘုရားဟာ အခုတော့ ဝေဒနာတစ်ခုကြောင့် အိမ်ရာထဲလဲနေခဲ့တာ တစ်လကျော်ခဲ့ပါပြီ၊ အရှင်းဆုံးပြောရရင်တော့ အဖဘုရားဟာ ဒီတစ်ခါတော့ ထူထူထောင်ထောင်ပြန်ဖြစ်လာဖို့ မလွယ်ကူတော့ပါဘူး၊ ဒီတော့ ကျွန်တော့်ကို ထီးနန်းအရိုက်အရာတွေပေးခဲ့ဖို့အတွက် စီစဉ်နေပါပြီ''

''ဒါနဲ့ မင်းဆီမှာခင်ဦးဆိုလား ကြင်ယာတော်ရှိတယ်လို့ ကြားထားတယ်''

''ခင်ဦးကလဲ ကျွန်တော့်ကိုနားလည်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်က ငယ်ငယ်ကလေးကတည်းက ခင်မင်ခဲ့ကြတယ်ဆိုပေမယ့် မောင်နှမအရင်းတွေလိုပဲ ချစ်ခင်ခဲ့ကြတာပါ''

''ဒါဆိုရင် မင်းက ဘယ်လိုလုပ်ချင်သလဲ''

''အမခွင့်ပြုမယ်ဆိုရင် ကျွန်တော် ရှင်မွှေးကို ကြင်ယာတော်ဦးအနေနဲ့ ကောင်းကောင်းမွန်မွန် တင့်တင့်တယ်တယ်ထိမ်းမြားလက်ထပ်ချင်ပါတယ်''

ရှင်နှောင်းလဲ ခေါင်းတော့ညိတ်လိုက်မိသည်။

''ဒါပေမယ့်လည်း ညီမလေးရဲ့သဘောကို မသိရသေးဘူးမဟုတ်လား၊ သူ့ကိုမေးကြည့်မှ အဆင်ပြေမယ်ထင်တယ်''

''ညီမလေးလဲ အဆင်ပြေပါတယ်အစ်မ''

အနောက်က အသံကြားလိုက်သဖြင့်လှည့်ကြည့်လိုက်ရာ သူတို့စကားပြောနေသည်ကို ခိုးနားထောင်နေသည့် ရှင်မွှေးကိုတွေ့လိုက်ရသည်။

''တကယ်တော့ အမမသိလို့ပါ၊ ညီမလေးနဲ့ ဟောဒီက ကိုဖရက်နဲ့က အပြင်မှာခဏခဏတွေ့ကြပါတယ်''

''ဘယ်မှာတွေ့ကြသလဲ''

''အမရယ်၊ အိမ်ကထွက်တဲ့ပိုးထည်တွေကို ထီးလင်းဈေးက ကုန်သည်တွေကို သွားပို့တဲ့အခါမှာ အကိုဖရက်နဲ့ အမြဲတွေ့နေကျပါ''

''ကောင်းပြီလေ၊ ဒါဆို ရှည်ရှည်ဝေးဝေးပြောနေစရာမလိုတော့ပါဘူး၊ မင်းတို့နှစ်ယောက်အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲကွယ်''

ရှင်မွှေးမျက်နှာတွင် အလွန်နှစ်ခြိုက်ဝမ်းမြောက်နေသည့် အပြုံးကလေးကိုတွေ့လိုက်ရသည်။ ညီမဖြစ်သူ၏ အပြုံးကလေးကို မမြင်ရတာကြာပြီမို့ ရှင်နှောင်းတစ်ယောက်လဲ ရင်ထဲက ဝမ်းသာမိတာတော့အမှန်ဖြစ်သည်။ သို့နှင့် ရှင်မွှေးနှင့် စော်ဘွားကလေး ညားကြပြီဖြစ်သည်။ မြို့ထဲတွင် လက်ထပ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားကျင်းပကြသည်။ ရှင်နှောင်းနှင့် အရူးကြီးဖြစ်နေသည့် ဦးအုန်းမှာတော့ မင်္ဂလာပွဲကို ခဏတာသာ တက်ရောက်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ကြသည်။

ညီမဖြစ်သူမရှိတော့ အိမ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေသလိုခံစားရသည်။ အမှန်တော့ အိမ်က ပုံမှန်အတိုင်းပင်ဖြစ်နေသော်လည်း ရှင်နှောင်းစိတ်ထဲတွင် တစ်ခုခုလစ်ဟာနေသလို ခံစားရသည်။ ညီမဖြစ်သူ ရက်လုပ်လေ့ရှိသည့် ရက်ကန်းစင်ကလေးကို ကြည့်ရင်း ရှင်နှောင်းမျက်ရည်တွေကျနေမိသည်။

''ဪ၊ ညီမလေးရယ်''

သို့သော်လည်း ညီမဖြစ်သူကောင်းကောင်းမွန်မွန်နေထိုင်ရတော့မည်ဖြစ်သဖြင့် ညီမနောင်ရေးကိုတွေးကာ စိတ်အေးရပြန်သည်။ တစ်နေ့နေ့တော့ အချိန်တန်ရင် ခွဲခွာကြရမှာပဲ ဟု တွေးကာ စိတ်ကိုဖြေသိမ့်လိုက်တော့သည်။

ရှင်နှောင်းကတော့ သူ့ဘ၀မှာ အဖော်ရယ်လို့တွေးမနေတော့ဘဲ အိမ်အလုပ်တစ်ဖက်၊ ပိုးမွေးသည့်လုပ်ငန်းကတစ်ဖက်၊ ဖခင်ဖြစ်သူ ဦးအုန်းကို ပြုစုနေရင်းက တစ်ဖက်နှင့်သာ အချိန်တွေကုန်နေခဲ့တော့သည်။

အခန်း (၃)

ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးတစ်ခုအတွင်းတွင်ဖြစ်သည်။ အခန်းထဲရှိ ပရိဘောဂများအားလုံးမှာ အနောက်တိုင်းဥရောပ ပုံစံ ဆိုဖာများ၊ ကုလားထိုင်များဖြစ်သည်။ အခန်းမျက်နှာကျက်တွင်တော့ ကြီးမားသည့် မီးဆိုင်းကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ ထိုအခန်းအတွင်းသို့ အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားသည့် လူများတဖွဲဖွဲနှင့်ရောက်လာနေကြသည်။

အချို့မှာ ရှမ်းအင်္ကျီများ ဝတ်ဆင်ထားသလို၊ အချို့ကတော့ တောင်ရှည်ပုဆိုးများဝတ်ဆင်ထားကြပြီး၊ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသူများလဲပါဝင်ကြသည်။ ထိုလူများစုံသည့်အခါတွင်တော့ ဟိုတယ်ခန်းမတံခါးကြီးကို ပိတ်လိုက်သည်။ ထို့နောက် စင်မြင့်ပေါ်သို့ အဖြူရောင်သိုရင်း အင်္ကျီနှင့် ခေါင်းပေါင်းပေါင်းထားလျှက် ငွေရောင်တောင်ရှည်ပုဆိုးကြီးကို ဝတ်ဆင်ထားသည့်လူတစ်ယောက်တက်လာသည်။ 

ထိုသူမှာ မျက်နှာခပ်ဝိုင်းဝိုင်း၊ အသားခပ်လတ်လတ်ဖြစ်ပြီးနောက် နှုတ်ခမ်းမွှေးကားကားကြီးနှင့်ဖြစ်သည်။

''ကဝေရှင်များအားလုံး မင်္ဂလာပါ၊ ကျုပ်ကတော့ ကဝေရှင်များအတွင်း လူသိများတဲ့ ဟံသာ၀တီဆရာသုန်ပဲဖြစ်ပါတယ်''

ထိုသူကပြောပြီးနောက် နှုတ်ခမ်းမွှေးကိုတစ်ချက်ပွတ်သပ်လိုက်ပြီး ခန်းမအတွင်းမှ လူအားလုံးကိုကြည့်လိုက်ပြီးနောက်

''ဒီနေ့ကတော့ဖြင့် ကဝေရှင်တွေရဲ့ တစ်နှစ်တစ်ခါ စုဝေးတဲ့ပွဲဖြစ်ပါတယ်၊ ကဝေရှင်တွေကို ကျုပ်က နိုင်ငံခြားဖြစ် အစားအစာတွေ၊ အရက်သေစာတွေနဲ့ ဧည့်ခံချင်တာကြောင့် ဒီတစ်ခါတွေ့ဆုံပွဲကို အခုလို ဟိုတယ်ကြီးမှာ ကျင်းပရတာဖြစ်ပါတယ်''

''ဒီပွဲကြီးအတွင်း ကဝေရှင်တွေရဲ့ အတွေ့အကြုံတွေကို လဲလှယ်မျှဝေနိုင်သလို၊ ကဝေရှင်တွေ ဖမ်းဆီးပြီး စီရင်ထားတဲ့ ကဝေတွေကိုလဲ ရောင်းချ လဲလှယ်သွားနိုင်မှာဖြစ်ပါတယ်၊ အခု အခမ်းအနားစတင်ပါပြီ''

ကဝေရှင်များကလဲ တစ်နှစ်တစ်ခါဆိုသလို တွေ့ဆုံပွဲပြုလုပ်ကြသည်။ ထိုတွေ့ဆုံပွဲကို ခရီးလွန်နေသည့် ကဝေရှင်များမှာတစ်ပါး ကဝေရှင်တော်တော်များများက လာရောက်တတ်ရောက်ကြသည်။ ခမ်းနားလှသည့် ဟိုတယ်အခန်းကြီးအတွင်း တည်ခင်းထားသည့် ဟင်းလျာများနှင့် အဖျော်ယမကာများကို ကဝေရှင်များက စားသောက်နေကြသည်။

''တစ်ခုတော့ပြောချင်တယ်၊ အခုကဝေရှင်တွေကြားထဲမှာ လတ်တလောရေပန်းစားနေတဲ့ သတင်းလေးတစ်ခုရှိတယ်''

ကဝေရှင်တစ်ယောက်က ပြောလိုက်သဖြင့် အားလုံးစိတ်ဝင်စားသွားကြသည်။ ခန်းမအတွင်း ဆူညံသံများက တိတ်ဆိတ်သွားတော့သည်။

''ထီးလင်းနယ်မှာ အလွန်အစွမ်းထက်တဲ့ ကဝေတစ်ယောက် ပေါက်ထွက်နေသတဲ့၊ အဲဒီကဝေကို ဖမ်းဖို့ကြိုးစားတဲ့ ကိုမိန်းဆိုတဲ့သူတစ်ယောက် အဲဒီကဝေရဲ့လက်ချက်ကိုမိပြီး သေဆုံးသွားခဲ့ဖူးသတဲ့''

ကဝေရှင်များက တီးတိုးတီးတိုးပြောနေကြသည်။ ဆရာသုန်က ထိုကဝေရှင်ကိုကြည့်ပြီး

''ဒီသတင်းက ကြာပြီလေဗျာ၊ ကျုပ်တို့လဲ ကြားဖူးတာပဲ''

''ဒီတစ်ခါဆန်းတယ်ဗျ၊ အဲဒီကဝေက ကဝေအစည်းအရုံးတစ်ခုလုံးကို တိုက်ခိုက်တဲ့အပြင် ကဝေပျံခြောက်ယောက်နဲ့လဲ တိုက်ခိုက်ပြီး ကဝေပျံတစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တယ်တဲ့''

''အင်း၊ ဒါတော့ထူးဆန်းသွားပြီ''

''ဒီထက်ထူးဆန်းတာရှိသေးတယ်၊ အဲဒီကလေးမက သူတို့နယ်က ကဝေမယ်တော်ကိုတောင် တိုက်ခိုက်ပြီး အနိုင်ယူခဲ့တယ်ဆိုပဲ၊ သူ့ရဲ့ထူးခြားချက်ကတော့  သူ့မှာသူများနဲ့မတူဘဲ အလွန်ထူးကဲပြီးတော့ မှော်အစွမ်းတွေ အများအပြားရှိနေသတဲ့''

ဆရာသုန်မျက်လုံးများ အရောင်လက်သွားသည်။

''တကယ်ရောဟုတ်ရဲ့လား''

''ဟုတ်ပါတယ်၊ သူက မကြာသေးခင်ကမှ ကဝေတွေနဲ့တိုက်ခိုက်ပြီးတော့ ကဝေရှင်မယ်တော်ကိုတောင်မှ အနိုင်ယူလိုက်တယ်လို့ပြောပါတယ်၊ သူ့နာမည်က ရှင်နှောင်းဆိုလားပဲ''

''ဒါဆိုအစွမ်းမသေးဘူးပဲ၊ ကဲပါလေ အခုလိုရောက်လာတဲ့အခိုက်အတန့်မှာ အားလုံးပဲ ကျုပ်တည်ခင်းတဲ့စားစရာတွေနဲ့ စားသောက်ကြပါအုံး''

ကဝေရှင်များက ယခင်ကဆိုလျှင် အိမ်ပျက်ကြီးများ၊ ကွင်းပြင်များတွင်သာ စုဝေးကြသော်လည်း အခုတော့ တစ်မူထူးခြားပြီး ဟိုတယ်ကြီးတွင်စုဝေးကြသည်က တစ်ကြောင်း၊ အစားအသောက်များမှာလဲ သူတို့မစားဖူးသည့် အရာများဖြစ်နေသည်က တစ်ကြောင်းမို့ အားလုံးက အားရပါးရစားသောက်ကြတော့သည်။

ဆရာသုန်၏ဘေးနားတွင်တော့ အလွန်ဈေးကြီးပုံရသော နိုင်ငံခြားဖြစ်ကုတ်အင်္ကျီနှင့် အောက်က ဘန်ကောက်ကြွေပုဆိုးကိုဝတ်ဆင်ထားကာ ပြောင်လက်တောက်ပနေသည့် ရှူးဖိနပ်ကိုစီးထားသည့်  သူဌေးတစ်ဦးဟန် ပေါက်နေသည့် လူတစ်ယောက်က ရပ်နေလေသည်။

''ဆရာသုန်၊ ကဝေရှင်တွေကလဲ စားလှချည်လား''

''မပူပါနဲ့ စားပါစေ ကိုဘရှိန်ရေ၊ မကြာခင် ကျုပ်တို့အစီအစဉ် စတော့မှာပါ''

ဆရာသုန်က ထိုသို့ပြောပြီး ပြုံးနေလိုက်သည်။ ကဝေရှင်များက စားသောက်ပြီးသည့်အခါတွင် ဆရာသုန်က စင်ပေါ်သို့တက်ပြီးနောက် မှော်ပညာတစ်ခုကို အသုံးပြုလိုက်တော့သည်။

''အားလုံးကို ချုပ်ထားလိုက်စမ်း''

 ကဝေရှင်များလဲ ရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ မှော်ပညာများကို အသုံးပြုရန်ကြိုးစားသည့်အခါတွင် မှော်အစွမ်းများ ထုတ်မရတော့ပေ။ သူတို့ကဝေထောင်ချောက်များကို အစားအတွင်း စားမိပြီဖြစ်သည်။

''ဆရာသုန်၊ ခင်ဗျားဒါဘာလုပ်တာလဲ''

''ဟဲ၊ ဟဲ ခင်ဗျားတို့စားထားသောက်ထားတဲ့အကြွေးတွေ ပြန်တောင်းမလို့ပါ''

ဆရာသုန်ကပြောလိုက်ပြီးသည့်နောက် သူ့ပါးစပ်ကြီးကို ဟလိုက်သည်။ ထို့နောက် လူများနားမလည်နိုင်သည့် ဘာသာတစ်ခုနှင့်ရွတ်ဖတ်လိုက်ရာ ကဝေရှင်များထံမှ မှော်ပညာအစွမ်းများအားလုံးသည် အစိမ်းရောင်အလင်းတန်းကြီးများအဖြစ်ထွက်ပေါ်လာပြီးနောက် ဆရာသုန်က ထိုမှော်ပညာများကို စုပ်ယူနေတော့သည်။

ကဝေရှင်များလဲ မခုခံနိုင်ကြသည်မို့ အားလုံးအစုပ်ယူခံကြရသည်။ ဆယ့်ငါးမိနစ်ခန့် စုပ်ယူလိုက်သည့်အခါတွင် ကဝေရှင်များအားလုံး၏ မှော်ပညာအစွမ်းများ စုပ်ယူခံလိုက်ရကာ ကဝေရှင်များသည်လဲ အကုန်လုံးအသက်အရွယ်ကြီးရင့်ကာ အိုမင်းသွားကြတော့သည်။

''မင်း၊ မင်းဘာလုပ်တာလဲ''

''ဟား၊ ဟား၊ ကောင်းလိုက်တဲ့ မှော်စွမ်းအင်တွေ၊ ခင်ဗျားတို့မှတ်ထား အမှောင်သခင်ကြီး အာလစ်ခန်းက လောကကြီးကို အုပ်စိုးဖို့အချိန်ရောက်လာခဲ့ပြီ၊ ဟား၊ ဟား''

ဆရာသုန်က ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ့ဘေးတွင် ရပ်နေသည့်  ကိုဘရှိန်ကိုလှည့်ကြည့်လိုက်ပြီးနောက်

''ကဲ သွားကြစို့ ကိုဘရှိန်''

''ဒီ၊ ဒီလူတွေကို ဘယ်လိုလုပ်ကြမလဲ၊ တော်ကြာ ပုလိပ်တွေရောက်လာမှဖြင့် ရှုပ်ကုန်တော့မယ်''

ဆရာသုန်က ပြုံးလိုက်ပြီး

''မပူစမ်းပါနဲ့ဗျာ''

ထိုသို့ပြောကာ သူ့လက်ဝါးနှင့် မီးတောက်မီးလျှံများကို ဖန်တီးလိုက်ပြီးနောက် ထိုမီးတောက်ကို ပါးစပ်နှင့်မှုတ်လိုက်ရာ မီးတောက်များမှာ အခန်းအတွင်းသို့ကူးစက်သွားပြီး မီးစွဲလောင်နေတော့သည်။

''ကဲ ကိုဘရှိန် ခင်ဗျားပြောတဲ့ ပုလိပ်တွေရောက်လာရင် သူတို့ပြာဖြစ်နေလောက်ပြီ၊ လာ၊ မြန်မြန်သွားစို့''

ဆရာသုန်က ပြောလိုက်ပြီးနောက် သူတို့နှစ်ယောက် ဟိုတယ်ခန်းထဲမှထွက်လာခဲ့ကြပြီး ခန်းမတံခါးကြီးကို ပိတ်လှောင်ခြင်းဟူသည့် မှော်ပညာကိုအသုံးပြုကာ ပိတ်ခဲ့တော့လေသည်။

ကိုဘရှိန်က သူ၏ဂျစ်ကားကလေးကို စက်နှိုးလိုက်ပြီးနောက် ဟိုတယ်မှမောင်းထွက်လာခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ ဆရာသုန်လုပ်ခဲ့သည့် လုပ်ရက်များကို တွေးရင်း ကြောက်လန့်နေမိသည်။

''ဆရာ၊ ဆရာက ဘာလို့ ကဝေရှင်တွေကို သတ်ဖြတ်ပစ်တာလဲ၊ ဆရာပြောတော့ ဆရာလဲ ကဝေရှင်တစ်ယောက်ဆို''

ဆရာသုန်က ခေါင်းတဆတ်ဆတ်ညိတ်လျှက်

''အသေးစိတ်ကိုတော့ ပြောပြလို့မရသေးဘူး ကိုဘရှိန်၊ ဒါပေမယ့် ကျုပ်တစ်ခု အာမခံနိုင်တာက ဒီအတိုင်းဆိုရင် အမှောင်သခင်ကြီး အာလစ်ခန်းက နိုးထလာဖို့မကြာတော့ဘူး၊ သူက သူ့ရဲ့မှော်အစွမ်းတွေကို စုဆောင်းနေတာ၊ အချိန်တန်ရင် ဒီလောကကြီးကို အာလစ်ခန်းက အုပ်စိုးလိမ့်မယ်''

''ဆရာပြောတာတွေ တစ်ခုမှ နားမလည်ပါဘူးဗျာ၊ ဒါနဲ့ ကျုပ်ကိုကတိပေးထားတာတော့ ဆရာတည်ပါစေနော်''

''ဟား၊ ဟား စိတ်ချပါဗျာ၊ အာလစ်ခန်း အုပ်စိုးတဲ့နေ့ကျရင် ခင်ဗျားက ရွှေတောင်၊ ငွေတောင်တွေပေါ်မှာ စံစားရလိမ့်မယ်''

ကိုဘရှိန်လဲ အလွန်ကြည်နူးလျှက် ပြုံးနေမိတော့သည်။

ကဝေရှင်များတိုက်ခိုက်ခံရသည့် သတင်းကိုကြားသိရပြီးသည့်နောက် တစ်နိုင်ငံလုံးမှ ခရီးလွန်နေသည့် ကဝေရှင်များ၊ နှစ်စဉ်ကဝေရှင်ဆုံတွေ့ပွဲသို့ မလာနိုင်ကြသည့် ကဝေရှင်များက ဒေါသတကြီးနှင့် စုဝေးကြတော့သည်။ ထိုပွဲတွင် ကဝေရှင်များက ဆရာသုန်အား ဝိုင်းဝန်းမေးမြန်းကြသည်။

''ကဲ ဆရာသုန်ပြောပါအုံး၊ ခင်ဗျားက အဲဒီပွဲကနေ လွတ်လာတဲ့သူမဟုတ်လား''

ဆရာသုန်မျက်နှာက အလွန်ကြောက်ရွံ့နေလေသည်။ နဖူးတွင်ကျဆင်းနေသည့် ချွေးများကို ပုဝါတစ်ခုနှင့် သုတ်လိုက်ပြီးတော့မှ

''ဟုတ်၊ ဟုတ်ပါတယ်၊ အဲဒီပွဲမှာ ကျုပ်က ရေအိမ်သွားချင်လို့ခဏဆင်းသွားတာပါ၊ ကျုပ်ပြန်လာတော့ တစ်ခန်းလုံးက မီးတွေလောင်နေပြီ၊ ကဝေရှင်တွေကိုလဲ တစ်ယောက်ယောက်က မှော်အစွမ်းတွေကို စုပ်ယူသွားပုံရတယ်''

''ဘယ်သူလဲဆိုတာ ခင်ဗျားမြင်လိုက်သလား''

ဆရာသုန်က ခေါင်းညိတ်လျှက်

''ကျုပ်လဲ အခန်းထဲကိုပြန်မဝင်ဘဲ အခန်းအပြင်တစ်နေရာက ခန်းစီးစတစ်ခုနောက်မှာပုန်းနေလိုက်တယ်၊ ဒီအချိန်မှာ အခန်းထဲက ပြန်ထွက်လာတဲ့သူကတော့ မိန်းကလေးတစ်ဦးပဲ''

''မိန်းကလေးတစ်ဦး ဟုတ်လား''

ကဝေရှင်များက ရေရွတ်လိုက်ကြသည်။

''အဲဒီမိန်းကလေးက အသက်တော့ခပ်ငယ်ငယ်ပဲ၊ ဒါပေမယ့် သူ့ရဲ့စွမ်းအားတွေက အရမ်းပြင်းထန်တယ်၊ နောက်တော့ မီးတောက်မီးလျှံတွေနဲ့ အခန်းထဲကို မှုတ်ထုတ်တော့တာပဲ၊ ပြီးတဲ့အခါမှာတော့ ဟိုတယ်အခန်းတံခါးကိုပိတ်ပြီးတော့ ကဝေအတတ်တစ်ခုကို အသုံးပြုခဲ့တယ်''

ကဝေရှင်များက တစ်ဦးနှင့်တစ်ဦး တီးတိုးတိုင်ပင်ကြသည်။

''အဲဒါတခြားသူမဖြစ်နိုင်ဘူး၊ ထီးလင်းမှာ ကဝေရှင်တွေကို သတ်သွားခဲ့တဲ့ ရှင်နှောင်းဆိုတဲ့ ကဝေမပဲဖြစ်မယ်''

ကဝေရှင်တစ်ဦးက သူထင်သည့်အတိုင်း မှတ်ချက်ပေးသည်။

''ဟုတ်လောက်တယ်၊ အဲဒီရှင်နှောင်းဆိုတာက သိပ်စွမ်းတာလို့ပြောတယ်၊ သူတို့ကဝေတွေထဲက အကြီးဆုံး ပညာအတော်ဆုံးဆိုတဲ့  မယ်တော်ကြီးကိုတောင် သတ်ပစ်လိုက်တယ်တဲ့''

''အခုသုံးတာကလဲ မီးတွေနဲ့သုံးသွားတယ်၊ ထီးလင်းက ကဝေရှင်တွေသေတော့လဲ မီးလောင်ပြာကျပြီးသေတယ်ဆိုတာ့၊ သေချာတယ်၊ ဒါသူပဲဖြစ်မှာ''

ကဝေရှင်များအားလုံးလိုလိုက ရှင်နှောင်းလုပ်သည်ဟုပဲ ထင်မြင်ကြသည်။

''ဒါပေမယ့် ရှင်နှောင်းက ဘယ်လိုလုပ်ပြီး ဒီရန်ကုန်ကိုရောက်လာမှာလဲ''

ကဝေရှင်တစ်ယောက်က ထပြောတော့ အခြားကဝေရှင်တစ်ယောက်က

''ရှင်နှောင်းက ကဝေပျံဗျ၊ မြေလျှိုးမိုးပျံလို့ရတယ်ဆိုတော့ ဒီကိုလာဖို့ အလွယ်လေးမဟုတ်ဘူးလား''

ကဝေရှင်များကိုကြည့်ပြီး ဆရာသုန်ကတစ်ချက်ပြုံးလိုက်သည်။ နောက်တော့မှ ရုပ်ကိုတည်လိုက်ပြီး

''ဒါဆိုဘယ်သူလုပ်တယ်ဆိုတာ သိပြီပဲ ဘာလို့ကျုပ်တို့ဒီအတိုင်းထိုင်နေတော့မှာလဲ၊ ခင်ဗျားတို့မလိုက်ရင်နေ၊ ကျုပ်ကတော့ ထီးလင်းနယ်ကိုသွားပြီးတော့ အဲဒီရှင်နှောင်းဆိုတဲ့ ကဝေပျံမကို သွားပြီးလက်စားချေမယ်ဗျာ၊ ကျုပ်တို့ ကဝေရှင်တွေကို သက်သက်ဖျံကျသွားတာတော့ ကျုပ်လက်မခံနိုင်ဘူး''

ဆရာသုန်က လက်သီးလက်မောင်းတန်းပြီးပြောလိုက်သည့်အခါတွင် ကျန်သည့် ကဝေရှင်များသည်လဲ ဆရာသုန်အတိုင်းပင် မကျေနပ်ကြတော့ပေ။ ထို့ကြောင့် ကဝေရှင်တွေ အားလုံးဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

''ကောင်းပြီ၊ တို့ကဝေရှင်တွေအားလုံး စုပေါင်းပြီးတော့ ထီးလင်းကိုတက်ကြမယ်၊ ရှင်နှောင်းဆိုတဲ့ကဝေပျံမကို သုတ်သင်ပြီးတော့၊ တို့ ကဝေရှင်တွေအတွက် လက်စားချေရမယ်''

ထိုသို့ပြောကာ အားလုံးက စုဝေးလျှက် ဟစ်အော်လိုက်ကြတော့သည်။

အခန်း (၄)

ညီမဖြစ်သူမရှိတော့သည်မို့ ပိုးထည်လုပ်ငန်းတစ်ခုလုံးက ရှင်နှောင်းခေါင်းပေါ်ရောက်လာခဲ့သည်။ အပတ်စဉ် ထွက်ရှိသည့်ပိုးထည်များကို ရှင်နှောင်းက သယ်ယူပြီး ထီးလင်းဈေးသို့ သွားရောက်ကာ ပိုးကုန်သည်များထံသို့ ရောင်းချရသည်။ 

ယနေ့လဲ ပိုးချည်ထည်အထုပ်များကို ခေါင်းပေါ်ရွက်ရင်း ဈေးသို့လာခဲ့သည်။ ပိုးထည်များမှာ ပေါ့ပါးသဖြင့် သယ်ယူရသက်သာသည်။ မြင်းလှည်းပေါ်မှဆင်းလိုက်ပြီး ဈေးထဲသို့ဝင်မည်အပြုတွင် ဈေးရှေ့ညောင်ပင်ကြီးအောက်တွင် အရူးကြီးတစ်ယောက် ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအရူးကြီး၏အနီးတွင်လဲ ကလေးများက ဝိုင်းဝန်းလှောင်ပြောင် ကျီစယ်နေကြသည်ကိုလဲ တွေ့မြင်လိုက်ရသည်။

အရူးကြီးမှာ တစ်ကိုယ်လုံးစုတ်ပြတ်နေသည်။ စောင်အစုတ်ကြီးတစ်ထည်ကို ခြုံထားပြီးနောက် အောက်ကဝတ်ထားသည့် တရုတ်ဘောင်းဘီလို ဘောင်းဘီမှာလဲ စုတ်ပြဲနေသည်။ ရှည်လျားသည့် ဆံပင်ကြီးများကို ချထားပြီးနောက် ပါးစပ်ကလဲ ထူးဆန်းသည့်ဘာသာစကားများကို တတွတ်တွတ်ရွတ်ဆိုနေသည်။ 

ထိုအရူးကြီးကိုမြင်တော့ ရှင်နှောင်းသနားသွားမိသည်။ မိမိဖခင်ဖြစ်သူလဲ ထိုသူကဲ့သို့ပင် ရူးသွပ်နေသူမဟုတ်ပါလား။ တွေးနေရင်းမှ လာရင်းကိစ္စကို သတိရလိုက်ပြီးနောက် ဈေးထဲသို့ဝင်ခဲ့သည်။ ပိုးကုန်သည်များထံ ပိုးထည်များရောင်းချပြီးသည့်နောက် ဈေးထဲမှပြန်ထွက်လာခဲ့သည်။ ဈေးအထွက်တွင် မုန့်ပြားသလက် လုပ်ရောင်းသည့် မုန့်ဖိုလေးရှိရာ၊ မုန့်ပြားသလက် သုံးချပ်ကိုဝယ်ပြီး ဖက်နှင့်ထုပ်ယူလာခဲ့သည်။

ဈေးကနေထွက်လာပြီးအရူးအဘိုးကြီးအနားသို့လှမ်းလျှောက်သွားသည်။ 

''ဟဲ့ ကလေးတွေ၊ သွားကြစမ်း''

ကလေးများကို မောင်းထုတ်လိုက်ပြီးနောက် အရူးအဘိုးကြီးရှေ့တွင် ထိုင်ချလိုက်သည်။ ထို့နောက် ဖက်နှင့်ထုပ်ထားသည့် မုန့်ပြားသလက်သုံးခုကို အရူးအဘိုးကြီးဆီသို့လှမ်းပေးလိုက်သည်။ အရူးအဘိုးကြီးက ရှင်နှောင်းကို ထူးဆန်းစွာကြည့်နေသည်။ ထိုအဘိုးကြီးသည် အရူးဟုဆိုသော်လည်း သူ့မျက်လုံးတွေက တောက်ပနေသည်။ ရှင်နှောင်းပေးသည့် မုန့်ထုပ်ကိုလှမ်းယူလိုက်သည့်အခါတွင် ရှင်နှောင်း၏ လက်ဖျားများနှင့် ထိတွေ့မိသွားသည်။

''မင်း၊ မင်းကိုငါရှာတွေ့ပြီ''

''ရှင်၊ ရှင်ဘယ်သူလဲ''

အရူးအဖိုးကြီးက ရှင်နှောင်းလက်ကိုဆုပ်ကိုင်လိုက်ပြီးနောက် သူ့မျက်လုံးများကိုမှိတ်လျှက် တစ်ခုခုကိုအာရုံခံနေပုံရသည်။ ရှင်နှောင်းလဲထိတ်လန့်လာသဖြင့် သူ့လက်ကိုပြန်ဆွဲယူလိုက်သည်။

''မိန်းကလေး၊ မင်းကိုရှာနေတာကြာပြီ၊ မင်းကိုငါရှာနေတာ အတော်ကြာခဲ့ပြီ''

''နေပါအုံး ရှင်က ရူးနေတာမဟုတ်ဘူးလား''

အရူးအဘိုးကြီးက သစ်ပင်အောက်မှ ကုန်းထလိုက်ပြီး သူ့တောင်ဝှေးကို ကောက်ယူလိုက်သည်။

''ငါမရူးတော့ဘူး၊ အခုငါမရူးတော့ဘူး၊ မိန်းကလေး မင်းနဲ့အေးအေးဆေးဆေးစကားပြောချင်တယ်''

''ရှင်ဘယ်သူလဲဆိုတာကို အရင်ပြောပါ''

''ငါ့နာမည် မိုဖား ငါက ဟိုးတရုတ်ပြည်မြောက်ပိုင်းကနေ လာခဲ့ရတာ''

''ရှင်၊ ရှင်က ကဝေရှင်တစ်ယောက်လား''

အဘိုးကြီးက သူ့သွားမည်းမည်းကြီးတွေပေါ်အောင် ပြုံးပြရင်း

''မဟုတ်ပါဘူးမိန်းကလေး၊ ငါပြောနိုင်တာတစ်ခုကတော့ ငါကမင်းကို ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး''

ရှင်နှောင်းလဲ ထိုအရူးကြီးကို အကဲခတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

''ကောင်းပြီလေ၊ ဒါဆိုကျွန်မတို့အိမ်ကိုလိုက်ခဲ့ပါ''

ထိုအဘိုးကြီး မိုဖားကို ရှင်နှောင်းက ခေါ်သွားတော့သည်။ မြင်းလှည်းစီးရန်အတွက် မြင်းလှည်းဂိတ်နားအရောက်တွင်

''အစ်မ၊ အစ်မရှင်နှောင်း''

''ဟင်၊ ညီမလေး ရှင်မွှေးပါလား''

စော်ဘွားအိမ်တော်မှ အကောင်းစားမြင်းလှည်းကြီးတစ်ခုပေါ်မှ ရှင်မွှေးက ဆင်းလာခဲ့သည်။ 

''ညီမလေးရှင်မွှေး''

''အစ်မရယ် ညီမလေးဖြင့် အမကိုအောက်မေ့လိုက်တာ''

ညီအစ်မနှစ်ယောက် ဖက်လိုက်ကြသည်။ ထို့နောက် ရှင်နှောင်းက

''ညီမလေး စော်ဘွားအိမ်မှာနေရတာ အဆင်ပြေတယ်မဟုတ်လား''

''ပြေပါတယ်အမရယ်၊ ကိုဖရက်က ညီမလေးကို လိုလေသေးမရှိထားပါတယ်''

''အခုရော ဘယ်သွားမလို့လဲ''

''တောင်ပေါ်က ဆေးဆရာကြီးဆီကနေ ဆေးသွားယူမလို့လာခဲ့တာပဲအမ၊ စော်ဘွားကြီးက ကျန်းမာရေးတော်တော်မကောင်းဖြစ်နေတယ်၊ သူ့အတွက်ဆေးကို သွားယူပေးရမှာ''

ရှင်မွှေးကလဲ ရှင်နှောင်းကိုနှုတ်ဆက်ပြီးနောက် မြင်းလှည်းပေါ်ပြန်တက်သွားသည်။ အဘိုးကြီးမိုဖားက သူတို့ကို ကြည့်နေရင်း

''မင်းနဲ့ရုပ်ချင်းတော်တော်တူတာပဲနော်''

''အဲဒါကျွန်မရဲ့ အမွှာညီအစ်မရှင့်''

''ကဲပါ၊ ဒါဆိုရင်လဲ မင်းရဲ့အိမ်ကို မြန်မြန်သွားကြစို့''

''မလောပါနဲ့ရှင်၊ အိမ်ကို နေ့လည်လောက်တော့ ရောက်မှာပါ''

''ငါကတော့လောတယ်၊ ငါမင်းကိုရှာနေတာ အနှစ်သုံးဆယ်လောက်ရှိပြီဆိုတာကို မင်းသိရဲ့လား''

မြင်းလှည်းအလွတ်တစ်စီးကို ငှားရမ်းလိုက်ပြီးနောက် ရှင်နှောင်းတို့လဲ ရွာသို့ပြန်လာကြသည်။ အိမ်ရောက်တော့ အရူးအဘိုးကြီးတစ်ယောက်ပါလာသည်ကို အိမ်ကအဖေဖြစ်သူက ထူးဆန်းနေသည်။

''ထွက်သွား၊ ဟေ့ကောင်အရူး ငါ့အိမ်ထဲကနေထွက်သွား''

အဘိုးကြီးမိုဖားက ခါးထောက်လျှက်

''အောင်မာ၊ အရူးကများ ငါ့ကိုပြန်ပြောရသေးတယ်''

ရှင်နှောင်းလဲ စိတ်ထဲမခံချင်ဖြစ်သွားသည်။

''ကျွန်မအဖေကို အရူးလို့မခေါ်ပါနဲ့ ကျွန်မ မကြိုက်ဘူး''

''ဟား၊ ဟား အရူးကိုအရူးလို့ခေါ်တာ မကြိုက်ဘူးဆိုတော့ မိန်းကလေးကိုကြည့်ရတာ အမှန်တရားကို လက်မခံချင်သေးဘူးထင်တယ် ဟား၊ ဟား''

''ကဲပါ ရှင်မရူးဘူးဆိုရင်လဲ အခုရေမိုးချိုးပြီး အဝတ်အစားလဲလိုက်တော့ ကျွန်မအိမ်မှာပေပေစုတ်စုတ်မနေပါနဲ့''

အဘိုးကြီးမိုဖားက ရေမိုးချိုးပြီးတော့အတော်သန့်ပြန့်သွားသည်။ နေ့လည်စာစားသောက်ပြီးသည့်နောက် အဖေက ရွာထဲထွက်သွားသည်။ အိမ်တွင် အဘိုးကြီးမိုဖားနှင့် နှစ်ယောက်တည်းကျန်နေခဲ့သည်။ အိမ်အောက်တွင်တော့ ပိုးထည်လုပ်ငန်းလုပ်ကိုင်သည့် ရွာသူမိန်းကလေးများရှိသော်လည်း သူတို့အလုပ်နှင့်သူတို့မို့ မအားလပ်ကြပေ။

''ပြောစရာရှိတယ်ဆို၊ ကျွန်မတို့အိမ်မှာ တစ်သက်လုံးနေမယ်လို့ ပြောချင်တာမဟုတ်ပါဘူးနော်''

အဘိုးကြီးမိုဖားက ရေနွေးတစ်ခွက်ကောက်သောက်လိုက်ရင်း

''ပြောမယ်၊ ပြောရမှာ ရှည်တာမို့လို့ လည်ချောင်းရှင်းနေတာဟေ့''

''ဟိုးအရင်တုန်းကပေါ့၊ တို့မွန်ဂိုဒေသက ဒေသခံတွေက နတ်မင်းတွေကို ကိုးကွယ်ခဲ့တယ်၊ အဲဒီအခါမှာတော့ တန်ဂရီနတ်မင်းလို့ခေါ်တဲ့ နတ်မင်းကြီးက အရာအားလုံးကို ဖန်ဆင်းခဲ့တယ်လို့ ယုံကြည်ကြတယ်၊ တန်ဂရီနတ်မင်းကြီးက လူသားတွေကိုဖန်တီးပြီးတော့ နတ်မင်းတွေကိုလဲ ထပ်မံဖန်တီးခဲ့တယ်၊ အကြောင်းကတော့ သဘာ၀တရားကြီးကို စောင့်ရှောက်ဖို့ပေါ့၊ မြေနတ်၊ ရေနတ်၊ မီးနတ် စသဖြင့် နတ်မင်းတွေဖန်ဆင်းပြီးတော့ သဘာ၀တရားကြီးကို အဲဒီနတ်မင်းတွေက စောင့်ရှောက်ခဲ့တယ်''

''ဒါပေမယ့် တစ်နေ့မှာတော့ အာလစ်ခန်းဆိုတဲ့ နတ်မင်းက ပြောတယ်၊ တန်ဂရီနတ်မင်းကြီးတစ်ယောက်တည်း ဖန်ဆင်းနေရတာ ပင်ပန်းနေပါပြီ၊ သူ့ကိုလဲ ဖန်ဆင်းခွင့်ပြုပါဆိုပြီးပြောတဲ့အတွက် အာလစ်ခန်းကို တူတစ်လက်နဲ့ ပေတစ်ခုကို တန်ဂရီနတ်မင်းကြီးက ပေးလိုက်တယ်''

''ဒါပေမယ့် အာလစ်ခန်းက နတ်မင်းကြီးဖန်ဆင်းပေးတဲ့တူနဲ့ မကောင်းတဲ့အရာတွေကို ဖန်းဆင်းသတဲ့၊ ဓားလှံလက်နက်တွေ၊ ဆာလောင်မှုတွေ၊ ဒေါသတွေ၊ ရောဂါဘယတွေကို ဖန်းဆင်းတယ်၊ ပြီးတော့သူဟာ အရိပ်ကိုဖန်ဆင်းလိုက်ပြီး အရိပ်ထဲမှာ အဲဒီအရာတွေကို ထည့်သွင်းထားသတဲ့''

''တန်ဂရီနတ်မင်းကြီးဖန်ဆင်းထားတဲ့ လူသားတွေ၊ သတ္တဝါတွေဆီမှာ အဲဒီတုန်းက မကောင်းတဲ့အရာတွေမရှိခဲ့ဘူး၊ တစ်ရက်မှာတော့ အာလစ်ခန်းက အရိပ်တွေကို လူသားတွေ၊ သတ္တဝါတွေဆီကို တပ်ပေးလိုက်တယ်၊ ဒီအချိန်မှာတော့ အရိပ်နဲ့အတူ အာလစ်ခန်းဖန်ဆင်းထားတဲ့ မကောင်းတဲ့စိတ်တွေဟာ လူသားတွေဆီကိုရောက်သွားပါတော့တယ်''

ရှင်နှောင်းက အဘိုးကြီး မိုဖားပြောသည်ကို ခေါင်းကုတ်လျှက် နားထောင်နေသည်။

''ဒီမယ်၊ ကျွန်မကိုဘာလို့ ပုံပြင်တွေလာပြောပြနေရတာလဲ အဘိုးကြီး၊ ကျွန်မမှာ ရှင့်ပုံပြင်တွေကို နားထောင်ဖို့အချိန်မရှိဘူး''

''ဟား ၊ ဟား''

အဘိုးကြီးမိုဖားက ခြောက်ကပ်ကပ်အသံကြီးနှင့် ရယ်မောလိုက်သည်။

''ဒါတွေက ပုံပြင်မဟုတ်ဘူး ရှင်နှောင်း၊ ဒါတွေက တကယ့်အဖြစ်အပျက်တွေ''

ရှင်နှောင်းလဲ အံ့ဩသွားမိသည်။

''ရှင်၊ ရှင် ကျွန်မနာမည်ကိုသိတယ်ဟုတ်လား''

''ငါက မင်းနာမည်တင်မက၊ မင်းအဖေနာမည် ဦးအုန်းဆိုတာရော၊ မင်းရဲ့အမေ မိအေးနဲ့၊ မင်းမိထွေးမဇာရော၊ ပြောရရင် မင်းရဲ့ဖြစ်ပျက်ခဲ့သမျှ အတိတ်တွေအားလုံးကို ငါသိတယ်''

ရှင်နှောင်းပိုပြီးအံ့ဩသွားသည်။

''ငါဘာလို့သိသလဲဆိုတာ မင်းသိချင်သွားပြီမဟုတ်လား''

ရှင်နှောင်းခေါင်းညိတ်လိုက်သည်။

''ဒါဆိုရင် ငါပြောတာကို မင်းဆက်နားထောင်ပေါ့''

''တန်ဂရီနတ်မင်းကြီးက အာလစ်ခန်းရဲ့လုပ်ရပ်တွေကို စိတ်ဆိုးသွားတယ်၊ ဒါနဲ့ အာလစ်ခန်းကို ငရဲပြည်ကိုပို့လိုက်တယ်၊  အာလစ်ခန်းက အဲဒီအချိန်ကစပြီး ငရဲပြည်ကိုအပိုင်စားရသွားတယ်၊ တန်ဂရီနတ်မင်းကြီးလဲ သူဖန်တီးခဲ့တဲ့ လူတွေ၊ သတ္တဝါတွေကိုကြည့်ပြီးတော့ စိတ်ပျက်သွားမိတယ်၊ လူတွေဟာ မကောင်းတဲ့အရာတွေကို ကျူးလွန်နေတာကိုတွေ့တော့ စိတ်ပျက်သွားတယ်၊ ဒါနဲ့ သူလဲ ကောင်းကင်ပေါ်ကိုပြန်တက်သွားပြီး လူသားတွေနဲ့အတူတူ မနေတော့ဘူးတဲ့''

''မွန်ဂိုအယူအဆအရ လူတစ်ယောက်သေခါနီးမှာ တမန်တော်နှစ်ပါးလာသတဲ့၊ တစ်ယောက်က ကောင်းကင်ကလွှတ်လိုက်တဲ့ တန်ဂရီနတ်မင်းကြီးရဲ့ တမန်တော်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ငရဲကနေလွှတ်လိုက်တဲ့ အာလစ်ခန်းရဲ့ တမန်တော်ပဲ၊ သေဆုံးတဲ့သူကို တမန်တော်တွေက မြူဆွယ်ကြတယ်၊ သေဆုံးတဲ့သူက မကောင်းတာလုပ်တာများတဲ့သူဆိုရင်တော့ အာလစ်ခန်းရှိတဲ့ငရဲပြည်ကိုရောက်သွားတာပေါ့''

''ဒါတွေကိုပြောနေတယ်ဆိုတာက မင်းသိထားဖို့ပြောနေတာပဲ၊ အခု ငါတို့မှာ ကြုံတွေ့ရမယ့် အဖြစ်ဆိုးကြီးတစ်ခုရှိတယ်၊ လူသားတွေအကုန်လုံး မကြာခင် ကြုံတွေ့ရမည့် အဖြစ်ကြီးပေါ့''

''ဘာများလဲ''

''အာလစ်ခန်းလွတ်နေပြီ၊ သူက မကြာခင် လူ့လောကကို စိုးမိုးလိမ့်မယ်''

''အဲဒါ ကျွန်မနဲ့ဘာဆိုင်လဲ''

''အများကြီးဆိုင်တာပေါ့၊ ဘာလို့လဲဆိုတော့ မင်းက အာလစ်ခန်းကို အနိုင်ယူရမယ့် သူဖြစ်နေလို့ပေါ့''

ရှင်နှောင်းသက်ပြင်းချလိုက်သည်။

''အဘိုးကြီး ရှင်ပြန်တာကောင်းလိမ့်မယ်၊ အဲဒီ အာလစ်ခန်းဆိုလား ဘာလား၊ အဲဒါကိုအနိုင်ယူဖို့ တခြားသူတစ်ယောက်ကို သွားရှာလိုက်ပါ၊ ကျွန်မကတော့ အဲဒီလိုကိစ္စတွေထဲ ဝင်မပါချင်တော့ဘူး၊ ကျွန်မ အေးအေးဆေးဆေးနဲ့ အဖေ့ကိုပြုစုရင်း သာမန်လူတစ်ယောက်လိုပဲ နေသွားချင်တယ်''

''မရဘူး ရှင်နှောင်း၊ ဒီလောကကြီးမှာ အာလစ်ခန်းကိုနိုင်တဲ့သူက မင်းကလွဲလို့ တခြားသူမရှိဘူး၊ မင်းက အာလစ်ခန်းကို နှစ်ခါတိတိအနိုင်ရခဲ့ဖူးတယ်၊ ဒီတစ်ကြိမ်လဲ မင်းတစ်ယောက်ပဲ အာလစ်ခန်းကို တိုက်ခိုက်အနိုင်ယူနိုင်မှာ''

ရှင်နှောင်းက အဘိုးကြီးမိုဖား၏ လက်ကိုအတင်းဆွဲပြီးနောက် အိမ်အောက်သို့ဆွဲခေါ်လာသည်။ ထို့နောက် ခြံပြင်သို့ တွန်းထုတ်လိုက်ပြီး ဝါးဖြင့်ပြုလုပ်ထားသည့် ခြံတံခါးကိုပိတ်လိုက်သည်။

''တော်တော့၊ နောက်ဆိုကျွန်မဆီကို မလာနဲ့တော့''

''အေးပါ၊ ရှင်နှောင်း၊ မင်းဘယ်လောက်အထိ အေးအေးဆေးဆေးနေနိုင်မလဲဆိုတာကို  ငါစောင့်ကြည့်နေမယ်၊ အေး၊ ငါတစ်ခုတော့ သတိပေးလိုက်မယ်၊ မင်းက အာလစ်ခန်းဆီမသွားဘူးဆိုရင် အာလစ်ခန်းက မင်းဆီကိုရောက်အောင်လာလိမ့်မယ်''

ရှင်နှောင်းလဲ ထိုအဘိုးကြီးပြောသည့်စကားများကို နားမထောင်တော့ဘဲ ခြံထဲသို့ဝင်ခဲ့သည်။ ထိုအခါ အဘိုးကြီးက ခြံပြင်မှလှမ်းအော်သည်။

''မင်းငါ့ကိုတွေ့ချင်တယ်ဆိုရင်၊ ငါမင်းနဲ့တွေ့ခဲ့တဲ့နေရာမှာ ရှိနေမယ်''

မီးရထားကြီးက အရှိန်အဟုန်ဖြင့် ခုတ်မောင်းနေလေသည်။ မီးရထားအထက်တန်းအတွဲပေါ်တွင် ဆရာသုန်တစ်ယောက် ထိုင်လျှက်လိုက်ပါခဲ့သည်။ ညဘက်မို့ ရထားပြတင်းပေါက်တွေ ပိတ်ထားပြီး ရထားအတွင်း မီးအိမ်များထွန်းထားသည်။ ရထားစီးသည့် ခရီးသည်များအားလုံးမှာ အိပ်မောကျနေလျှက်ရှိသည်။ ဆရာသုန်၏ ဘေးတွင်လဲ ကိုဘရှိန်က တခေါခေါနှင့် အိပ်ပြီးလိုက်ပါလာသည်။

ထိုစဉ် ဆရာသုန်၏ နံရံပေါ်ကျနေသည့်အရိပ်က လှုပ်ရှားလာလေသည်။ ထို့နောက် ထိုအရိပ်တွင် ဦးချိုကြီးများနှင့်မျက်လုံးကြီးများ၊ ပါးစပ်ကြီးများပေါ်ပေါက်လာလေသည်။

''ငါမစောင့်နိုင်တော့ဘူး ဘကောင်း၊ ငါ့စိတ်ထဲကအတိုင်းဆိုရင် တွေ့သမျှလူတွေဆီက အသက်ဓါတ်တွေအကုန်လုံးကို စုပ်ယူလိုက်ချင်တယ်''

ဆရာသုန်က ပြုံးလျှက်

''အို၊ ခင်ဗျားစိတ်အတိုင်းလုပ်လိုက်လို့ ဟိုတစ်ခါ ကျုပ်တို့ရှုံးနိမ့်သွားတယ်မဟုတ်လား၊ ဒီတစ်ခါတော့ ခင်ဗျားစိတ်အတိုင်းဖြစ်လို့မရတော့ဘူး၊ ခင်ဗျားမှော်အစွမ်းတွေအကုန်လုံးမပြည့်သေးခင်အထိ သိုသိုသိပ်သိပ်နေမှရမယ်''

''မင်းဘယ်လိုစီစဉ်ထားလဲ ဘကောင်း''

''မှော်အစွမ်းတွေကို အလွယ်ရနိုင်ဖို့ဆိုရင်တော့ မှော်ပညာတတ်တဲ့သူတွေ များများလိုအပ်တယ်မဟုတ်လား၊ ဒါကြောင့် ကျုပ်က ကဝေရှင်တွေရယ်၊ ကဝေတွေရယ်ကို ရန်တိုက်ပေးလိုက်တာပဲ၊ သူတို့တစ်တွေစုသွားတဲ့အချိန်မှာ ခင်ဗျားက သူတို့ဆီက မှော်အစွမ်းတွေကို စုပ်ယူပေါ့ မဟုတ်ဘူးလား'

''ကောင်းတယ်၊ ကောင်းတယ်၊ ဒီတစ်ခါတော့ မင်းတော်တယ်ဘကောင်း၊ ဒါနဲ့ရှင်နှောင်းဆိုတဲ့ ကောင်မလေးကိုရော''

''ကျုပ်လဲတွေးထားပြီးသားပါ၊ လူတွေပြောပုံအရဆိုရင် သူ့ဆီမှာ မှော်စွမ်းအင်တွေ တော်တော်များများရှိတဲ့ပုံပဲ''

''မြန်မြန်လုပ်ကွာဘကောင်းရာ၊ ငါ့အစွမ်းတွေကို ငါအမြန်လိုချင်နေပြီ၊ အရိပ်တွေကိုအသုံးချပြီးတော့ ငါလူ့လောကကြီးကို အုပ်စိုးချင်နေပြီကွ''

''သိပ်မလောပါနဲ့ ဒီတစ်ကြိမ်တော့ ကျုပ်တို့အောင်မြင်မှာပါ၊ ကျုပ်တို့အတူတူ လောကကြီးကို အုပ်စိုးနိုင်မှာပါ''

အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..