
“ကိုးလာ .. တစ်ပျက်၊ ငါးလာ၊ ကိုးပျက်၊ တစ်လာ၊ ငါးပျက်”
“ငါးပျက်၊ တစ်လာ၊ ကိုးပျက်၊ ငါးလာ၊ တစ်ပျက်၊ ကိုးလာ”
“ကိုးလာ .. တစ်ပျက်၊ ငါးလာ၊ ကိုးပျက်၊ တစ်လာ၊ ငါးပျက်”
“ငါးပျက်၊ တစ်လာ၊ ကိုးပျက်၊ ငါးလာ၊ တစ်ပျက်၊ ကိုးလာ”
“ဟဲ့ တတွတ်တွတ်နဲ့ ဘာတွေ ရွတ်နေတာလဲ”
“မီးလာတဲ့အချိန်တွေ၊ ပျက်တဲ့အချိန်တွေလေ”
“အွန်း ..”
ဆုမွန်နှင့် သက်ထား တို့ က တခန်းထဲငှားနေကြသူတွေဖြစ်ကြပြီး နှစ်ယောက်စလုံးက နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြခြင်းဖြစ်၏။ သူတို့နှစ်ယောက်မှာ ရုံးမတူကြသော်လည်း ပိတ်ရက်တွေ၊ ရုံးဆင်း၊ ရုံးတက်ချိန်တွေ တူညီကြသည်။ ဒီနေ့က ဆုမွန် ထမင်းချက်အလှည့်ဖြစ်သည်။ ဒါကြောင့် ဆုမွန်က မီးလာချိန်တွေ၊ မီးပျက်ချိန်တွေကို ရေတွက်နေခြင်းဖြစ်ပုံရသည်။
“နင်မို့လို့ .. လျှပ်စစ်မီးကို ယုံစားနေသေးတယ်”
သက်ထားက မျက်တောင်မွှေးကော့နေရင်း ပြောသည်။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ နှစ်ယောက်သား အိမ်မှာ အတူရှိနေကြခြင်းဖြစ်၏။
“ဂတ်စ်အိုးလည်း မဖြည့်ရသေးဘူး။ အခုထိလည်း မလာသေးဘူး။ ကလင်ဒါအရဆိုရင်တော့ ၁နာရီမှာ လာမှာ”
“ဒါဆို ထမင်းက ၁နာရီမှ စားရမှာလား”
“ဆိုင်မှာ သွားစားကြမယ်ဟာ”
“ပြီးတာပဲ..”
နှစ်ယောက်သား ထမင်းစားရုံလောက်ဆိုတော့ ဘာမှပြင်ဆင်မနေတော့ဘဲ ပိုက်ဆံအိတ်လေး ကောက်ဆွဲပြီး ထွက်လာခါနီးမှ .. ဆုမွန်က ကမန်းကတန်းနှင့် ..
“ဟဲ့ .. ဟဲ့ .. မိန်းချလိုက်ဦး”
“အမလေးဟယ် .. ဒီနားတင်သွားမှာကို.. ပြီးတော့ မီးက ၁နာရီမှလာမှာမလား”
“အော် .. မတော်လို့ .. ဒီကြားထဲ လာနေရင် ရှော့တွေ ဘာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ဆုမွန်က ထိုသို့ဆိုလိုက်တော့ .. သက်ထားက .. ဗိုက်ကိုလက်နှင့်နှိပ်ပြီး အားရပါးရ ရယ်ကာ …
“နင်.. အဲဒီလို .. မယုံသင့်တာတွေကို လျှောက်ယုံနေလို့ ဘဲပစ်မ ဖြစ်နေတာ.. “
သက်ထားက ရယ်မောပြောဆိုပြီး တံခါးကို ပိတ်ချလိုက်သည်။ မိန်းလုံးဝမချ။ ဆုမွန်ကတော့ နောက်ဆံနည်းနည်းတင်းနေသည်။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်ရှင်က မှာထားသည်။ အပြင်သွားခါနီးတိုင်း မိန်းချခဲ့ဖို့။ မတော်လို့ ကြားထဲမှာ မီးများလာလိုက်ရင် ဒုက္ခပဲဆိုတဲ့ အတွေးက မပျောက်။ သက်ထားကတော့ ပေါ့ပေါ့ပါးပါးပင်။
ထမင်းစားသောက်ပြီးတော့ ၁၂နာရီခွဲနေပြီ။ ဆုမွန်က …
“ဟဲ့ .. နင့်ကို ငါမစောင့်တော့ဘူး ငါပြန်တော့မယ်”
“ကြွ … ကြွ.. “
သက်ထားက ဖုန်းပြောလိုက်ထမင်းစားလိုက်နှင့်ဆိုတော့ တော်တော်နှင့်မပြီး။ ဆုမွန်က မိန်းမချခဲ့ရတော့ အခန်းကို မြန်မြန်ပြန်ချင်နေတာကြောင့် သက်ထားကို မစောင့်တော့ဘဲ အရင်ပြန်နှင့်လေသည်။ သို့သော် .. အဲဒီနေ့က မီးက ၃နာရီ ၁၅မှ လာသည်။ ၄နာရီမှာ ပြန်ပျက်သွားပြီး ည ၉နာရီမှ ပြန်လာသည်။
“ရုံးမသွားဘူးလား”
အိပ်ရာထဲမှာ အိပ်နေသည့် သက်ထားကို ဆုမွန်က အံ့ဩတကြီးနှင့်မေးသည်။ သက်ထားက …
“အေးဟာ .. ညက သောက်တာများပြီး ခေါင်းကိုက်နေလို့ မသွားချင်တော့ဘူး။ ခွင့်တိုင်ထားတယ်”
“အေးအေး … ပြီးရော … အိုးထဲမှာ ဘဲဥချဉ်ဟင်းနဲ့ အုပ်ဆောင်းထဲမှာ ပန်းဂေါ်ဖီကြော်ရှိတယ်”
“ခေခေ … “
သက်ထားတစ်ယောက် နေ့လယ်ခင်းလောက်ရောက်တော့ ပျင်းလာသည်။ မီးပျက်နေတာကြောင့်လည်း ဖြစ်မည်။ ကောင်လေးဆီကို ဖုန်းဆက်ပြီး နေ့လယ်ခင်းလေး ကော်ဖီဆိုင်တဆိုင်မှာ တွေ့ဖို့ ချိန်းလိုက်၏။ ညနေ ၃နာရီလောက်ကျတော့ ဆုမွန်ဆီက ဖုန်းဝင်လာသည်။
“နင် အခန်းမှာလား”
“မဟုတ်ဘူး။ အပြင်မှာ”
“နင် .. မိန်းချသွားလား ..”
“လာပြန်ပြီ .. နင်ဘယ်လိုဖြစ်နေတာလဲ ..ငါလည်း မမှတ်မိဘူး။ ချမိလားမချမိလား”
“နင်ကတော့ ဒုက္ခပဲ .. ညနေ ၅နာရီဆို မီးလာမှာ”
“အေး .. ငါအချိန်မီပြန်မယ်”
သက်ထား စိတ်ညစ်သွားသည်။ ပြောရရင် သက်ထားက လျှပ်စစ်မီးကိုမယုံ၊ သူ့ကောင်လေးက သူ့ကို အရမ်းချစ်တယ်ဆိုတာကိုလည်း မယုံ။ သူ့အတွက်တော့ မီးလာလျှင် တီဗီကြည့်မည်၊ အဝတ်လျှော်မည်၊ ထမင်းဟင်းချက်ရက်ဆို ထမင်းဟင်းချက်မည်။ မီးဘယ်အချိန်လာတယ်တွေ၊ ဘယ်အချိန်ပျက်တယ်တွေ စိတ်မဝင်စား။ သူ့အတွက်က လာရင်လာတယ်၊ ပျက်ရင်ပျက်တယ်ပဲ။ ဘယ်တော့မှ လျှပ်စစ်မီးရဲ့ အချိန်ဇယားကို အယုံအကြည်မရှိ။ အဲဒီလိုပဲ ကောင်လေးအပေါ်မှာပဲ … ပျင်းရင်ခေါ်တွေ့လိုက်တာပဲ။ စွဲလမ်းတာတွေ၊ ချစ်တာတွေဘာတွေ သိပ်မရှိ။ သက်ထားကို ကြည့်ရတာပေါ့ပေါ့ပါးပါးနိုင်လွန်းသည်။ အခုလည်း အစိုးရိမ်လွန်တဲ့ ဆုမွန်ကြောင့် အစောကြီးပြန်ရဦးတော့မည်။
ဒီနေ့က ဆုမွန်နှင့် ကျော်ကြီးတို့ရဲ့ ရည်းစားသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့။
သက်ထားက ဆုမွန်ကို ကြည့်ပြီး ..
“အံမယ် .. လှနေပါလား”
“သွားတွေ့မလို့လေ..”
သက်ထားက မျက်မှောင်ကျုံ့ကာ …
“ညနေ ၆နာရီတောင်ထိုးနေပြီ ဘယ်အချိန်ပြန်လာမှာလဲ”
ဆုမွန်က ..
“မပြောတတ်ဘူးဟာ ပြန်လာဖြစ်ချင်မှလည်း ပြန်လာဖြစ်မယ်”
သက်ထားက မျက်စောင်းထိုးလိုက်ပြီး ..
“ကောင်မနော် .. တော်တော်ကဲ နေတယ်”
“ဒီနေ့က ငါတို့ နှစ်ပတ်လည်နေ့မို့လို့ပါ”
“အေးပါ .. သွားပါ .. ပြန်လာဖြစ် .. မလာဖြစ်လည်း ဖုန်းဆက်ဦး”
“အေး ..အေး ..”
တကယ်တော့ ဆုမွန်မှာ အကြံရှိသည်။ တိုက်ဆိုင်တာလို့လည်း ဆိုရမည်။ ဒီနေ့ ည ၈နာရီကနေ မနက် ၃နာရီလောက်ထိ မီးပျက်မယ်လို့ ကြေညာထားသည်။ အဲဒီတော့ ဒီလိုညမျိုးမှာ အပြင်ထွက်ပြီး ရည်းစားနှင့်တွေ့လိုက်လျှင် အရှုံးမရှိ။ ဒါပေမဲ့ မီးအမှောင်ထဲမှာ သက်ထားကို တယောက်ထဲ ထားခဲ့ရမှာကိုလည်း စိတ်မကောင်း။ အဲဒါနှင့် တံခါးဝရောက်မှ ..
“နင်လိုက်ခဲ့ပါလား”
“အံမယ် .. နင်တို့ နှစ်ယောက်ကြား ငါက ဘာလိုက်လုပ်ရမှာလဲ”
“နင့်ကောင်လေးပါ ခေါ်လိုက်ဟာ.. ငါတို့ နှစ်တွဲ နိုက်အောက်ကြမယ်လေ။ နင့်ကို ငါ ပြောဖို့မေ့နေလို့။ ဒီည ၈နာရီကနေ စပြီး မီးပျက်မှာ”
သက်ထားအတန်ငယ် စဉ်းစားလိုက်သည်။ မီးပျက်ရင်တော့ ပျင်းစရာကောင်းတာ အမှန်။ အဲဒါနှင့် သက်ထားက သူ့ကောင်လေးဆီကို ဖုန်းဆက်လိုက်ချိန်းကြည့်တော့ အဆင်ပြေသွားသည်။ အရင်ဆုံးဘီယာဆိုင်သွားကြသည်။ ပြီးတော့ ကေတီဗီကိုဆက်သည်။ နောက် ကလပ်ကို ထပ်သွားသည်။ သူတို့လေးယောက်စလုံးတော်တော်မူးနေကြပြီ။ ဘီယာတွေအပြင်၊ အရက်တွေလည်းပါသွားတာကြောင့် နှစ်ပင်လိမ်သွားကြခြင်းဖြစ်၏။ အချိန်ကလည်း ည ၁၂နည်းနည်းကျော်နေပြီ။ သူတို့ ဟိုတယ်တစ်ခုမှ ဝင်အိပ်ကြဖို့ ဆုံးဖြတ်လိုက်သည်။ သက်ထားနှင့်သူ့ကောင်လေးက တစ်ခန်း၊ ဆုမွန်နှင့်သူ့ကောင်လေးက တစ်ခန်း။
“တူ …တူ …တူ … “
“တူ ..တူ …တူ …”
ဆုမွန်က သက်ထားဆီ ဖုန်းခေါ်နေခြင်းဖြစ်သည်။ သက်ထားတို့က ဖုန်းလာနေတာသိပေမဲ့လည်း ဖုန်းမကိုင်အား။ ဆုမွန်ကလည်း မရပ်မနားခေါ်သည်။
“ကျွတ် .. အာရုံပဲ … ခဏနေဦး”
သက်ထားက စိတ်အလိုမကျစွာနှင့် … ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ပြော … “
ဆုမွန် က အာလေးလျှာလေးနှင့် ..
“နင် က ..လည်း .. ဖုန်း .. ခေါ်နေတာ .. ကြာ …လှပြီ.. “
“ကဲ ..ပြောပါ .. ဘာကိစ္စခေါ်တာတုန်း .. “
သက်ထားက ..စိတ်မရှည်တော့ ..
“ငါ … နင့် .. ကို .. မေးဖို့ .. အခုမှ .. သတိရလို့ .. “
“အေး .. ပြော .. ဘာလဲ ..”
“နင် .. မိန်းချခဲ့လား .. “
“ဒီ …ဖေ .. “
သက်ထား ဖုန်း ကို လွှင့်ပစ်လိုက်ပြီး … သူ့ကောင်လေးကို .. တစ်ခွန်းပဲ ပြောချလိုက်သည်။
“မနက်ဖြန် ငါတို့ ယူကြရအောင်” ..။ ။
ခြူသစ်မောင် ..
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg