ကဝေပျံရှင်နှောင်း - အတွဲ (၂) အပိုင်း(၃)
lotaya.mpt.com.mm
|
2023-03-17

အပိုင်း (၃)

အခန်း(၅)

ကဝေရှင်များအားလုံး တစ်ပတ်ခန့်အကြာတွင် ထီးလင်းမြို့သို့ရောက်ရှိနေကြပြီဖြစ်သည်။ ထီးလင်းမြို့ရှိတည်းခိုရာနေရာများတွင် လူစုခွဲကာ ပုံစံအမျိုးမျိုးနှင့် ရုပ်ဖျက်လျှက် ပတ်ဝန်းကျင်ကို စနည်းနာနေကြသည်။

ညရောက်သည့်အခါတွင်တော့ ဘုရားပျက်ကုန်းတစ်ခုတွင် သူတို့တွေ့ဆုံကြသည်။

''ဆရာသုန်၊ ကျုပ်တို့တော့ ဒီရှင်နှောင်းဆိုတဲ့မိန်းကလေးကို တိုက်ရိုက်ရှာပြီး လက်စားချေချင်တာပဲ''

ဆရာသုန်က ခေါင်းခါပြသည်။

''ခင်ဗျားတို့စိတ်ရှည်ရှည်ထားစမ်းပါ၊ သူတစ်ယောက်တည်းကို ကျုပ်တို့စုံစမ်းလို့မရဘူး၊ တကယ်လို့ တခြားကဝေတွေပါ ပါလာခဲ့ရင် ကျုပ်တို့ရဲ့လုပ်ရပ်တွေ အကုန်နှောင့်နှေးကုန်လိမ့်မယ်၊ ဒီတော့ ကျုပ်တို့ဒီမှာရှိတဲ့ ကဝေအစည်းအရုံးကို အရင်စုံစမ်းရမယ်''

''ဟုတ်တယ်၊ ဆရာသုန်ပြောတာ သဘာ၀ကျတယ်၊ ကျုပ်တို့တွေအကုန်ဟန်မပျက်နေပြီးတော့ ကဝေတွေနောက်ကို ခြေရာခံလိုက်ထားရမယ်''

ကဝေရှင်တွေအားလုံး သဘောတူလိုက်ကြသည်။

''ကောင်းပြီလေ၊ ဒါဆိုရင် ကဝေတစ်ယောက်ကို ခြေရာခံမိတာနဲ့ သူ့ကိုတန်းပြီးရန်မပြုသေးဘဲ သူ့အနောက်ကနေ ဆက်ပြီးစုံစမ်းကြစို့နော်''

ဘုရားပျက်ကုန်းမှ ကဝေရှင်များထွက်ခွာသွားကြသည်။ ကိုဘရှိန်နှင့် ဆရာသုန်လဲထီးလင်းမြို့ပေါ်တွင် အိမ်တစ်လုံးဝယ်ယူရန်အတွက် စီစဉ်ကြသည်။ ငွေကြေးချမ်းသာသော ကိုဘရှိန်မှာ ထီးလင်းမြို့စွန်၊ လူနေကျဲပါးသော ခြံတစ်ခြံရှိ သစ်သားအိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်တော့သည်။

ထိုသစ်သားအိမ်ကြီးမှာ ယခင်က ထီးလင်းမြို့ရှိ အင်္ဂလိပ်အုပ်ချုပ်ရေးအရာရှိတစ်ဦး၏ အိမ်ဖြစ်သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန် နီးနေပြီဖြစ်သဖြင့် အင်္ဂလိပ်အထက်ပိုင်းအရာရှိများမှာ မြန်မာပြည်မှ တဖြည်းဖြည်းထွက်ခွာနေကြချိန်တွင် ထိုအိမ်ကြီးကို ရသည့်ဈေးနှင့်ရောင်းချခဲ့ခြင်းဖြစ်သည်။

ဆရာသုန်တို့မှာ ထိုအိမ်ကြီးအတွင်းတွင်  ကဝေနိုင်သည့်အရံအတားအစီအရင်များကို သေချာခင်းကျင်းထားကြသည်။ အခြားသူများအဖို့ ကြည့်လိုက်လျှင် ထိုအိမ်ကြီးက သာမန်မျှသာဖြစ်သော်လည်း ကဝေများအတွက်မူ ထိုအိမ်ကြီးက ခံတပ်ကြီးတစ်ခုသဖွယ်ဖြစ်နေသည်။

''ဆရာသုန် အိမ်ကြီးက ဖုန်တွေနဲ့ တော်တော်ပျက်စီးနေတာပဲ၊ ကျုပ်တို့လူငှားမှထင်တယ်နော်''

ကိုဘရှိန်ပြောတော့ ဆရာသုန်ကပြုံးလိုက်သည်။ ထို့နောက် သူ့လွယ်အိတ်အတွင်းရှိ အဝတ်စနှင့်ထုပ်ပိုးထားသည့် အထုပ်တစ်ခုကိုထုတ်ယူလိုက်သည်။ ထို့နောက် ထိုအဝတ်စထုပ်ကို ဖြေကြည့်လိုက်ရာ အတွင်းတွင်တော့ ပုလင်းသေးသေးကလေးများကိုတွေ့ရသည်။ 

''ဘာတွေလဲ ဆရာသုန်''

''ငါတို့အတွက် အလုပ်သမားတွေလေကွာ''

ဆရာသုန်ကပြောဆိုလိုက်ပြီးနောက် ထိုပုလင်းကလေးများ၏ အဝတွင် ဆို့ထားသည့် ဖော့ဆို့ကလေးများကိုဖွင့်လိုက်သည်။ ပုလင်းငါးလုံးအား ဖွင့်ပြီးသည့်အခါတွင်တော့ 

''ဟေ့ကောင်၊ မင်းတို့တစ်တွေ အပေါ်ထပ်ကို သန့်ရှင်းရေးလုပ်ကြ၊ ဟုတ်ပြီလား''

ဆရာသုန်က တစ်နေရာကိုကြည့်ပြီး လက်ညှိုးထိုးကာပြောနေသဖြင့် ကိုဘရှိန်လဲ အံ့ဩနေရသည်။

''ဆရာ ခင်ဗျားဘယ်ကိုကြည့်ပြီးတော့ ပြောနေတာလဲ''

''ငါဖမ်းထားတဲ့ ကဝေတွေကိုပြောနေတာ၊ မင်းကတော့ ဘယ်မြင်ရမလဲ''

''ဆရာသုန်က ကဝေတွေဖမ်းထားတယ်ဟုတ်လား''

''ငါ့နာမည်က ကဝေရှင်ဘကောင်းတဲ့ကွ၊ လူနာမည် ဘကောင်းပေါ့ကွာ၊ ငါက ကဝေရှင်တစ်ယောက်ဆိုတာ မင်းလဲသိပြီးဖြစ်မှာပါ၊ မြန်မာပြည်တစ်ပြည်လုံးကို ပတ်ပြီး ကဝေတွေဖမ်းလာတာ မနည်းတော့ဘူး၊ ဒါကြောင့်လဲ ကဝေရှင်တွေက ငါ့ကိုလေးစားကြတာပေါ့''

ကိုဘရှိန်ခေါင်းကုတ်လိုက်သည်။

''ဒါနဲ့အထက်လမ်းဆရာ ဟံသာ၀တီ ဆရာသုန်ဆိုဗျ''

ဆရာသုန်က တဟားဟားနှင့်ရယ်မောလိုက်သည်။

''ကဝေတွေဖမ်းပြီးတော့ အသက်အရွယ်တစ်ခုရလာတဲ့အခါမှာ ကဝေရှင်အလုပ်ကနေ အနားယူပြီးတော့ ဖမ်းထားတဲ့ ကဝေတွေကို အသုံးချပြီး အထက်လမ်းဆရာယောင်ဆောင်ခဲ့တယ်၊ သူတို့ကိုအသုံးချလိုက်တော့ အချိန်တိုအတွင်းမှာ နာမည်ရလာတာပေါ့၊ လုပ်ငန်းပြောင်းတော့မယ်ဆိုတော့ နာမည်လဲပြောင်းရတာပေါ့ကွာ၊ ကဝေရှင်ဘကောင်းကနေပြီးတော့ အထက်လမ်းဆရာ ဆရာသုန်လို့ အမည်ပြောင်းလိုက်တာပဲ''

''ဒါနဲ့ ကဝေတွေကို ဘယ်လိုခိုင်းစားသလဲဗျ''

''ငါဖမ်းထားတဲ့ကဝေတွေဆိုတာ နှယ်နှယ်ရရတွေမဟုတ်ဘူးကွ၊ သူတို့ကို လူစင်စစ်ကနေ နာနာဘာ၀တွေဖြစ်အောင် လုပ်လိုက်ရတာ၊ ဒီအတွက် ဒီကဝေကြီးတွေက သူတို့ရှိတဲ့အစွမ်းလေးတွေ အနည်းအပါးရှိသေးတာပေါ့၊ ဗေဒင်ဟောတယ်ဆိုလဲ ငါ့ရဲ့ကဝေတွေကိုလွှတ်ပြီးတော့ ဟောမည့်သူရဲ့အိမ်တွေ၊ ခြံတွေ၊ သူတို့သားသမီးတွေကို လိုက်ပြီးကြည့်ခိုင်းရတာပေါ့၊ ပြီးတော့ သူတို့ပြောတာကို ပြန်ပြောတာ မှန်လိုက်တာဆိုပြီး ဖြစ်သွားတာပေါ့ကွာ''

ကိုဘရှိန်က ပြုံးလိုက်ပြီးနောက်

''ဒီလိုဆိုတော့လဲ ဆရာ့ရဲ့ ကဝေတွေက အားကိုးရသားဗျ''

''ပယောဂဆိုလဲ ငါ့ရဲ့ကဝေတွေကပဲ သွားပြီး ပူးကပ်နှောင့်ယှက်တာပေါ့၊ နောက်တော့ငါ့ဆီကိုလာပြီးတော့ ငါက ပယောဂထုတ်တယ်ဆိုပြီး လုပ်ရတာပေါ့ကွာ၊ ဒီလိုနဲ့ ငါပဲခူးမှာအခြေချတော့ ဟံသာ၀တီဆရာသုန်ဆိုပြီးတော့ နာမည်ကြီးလာတာပဲဟေ့၊ မင်းမိဘတွေတောင်မှ ငါ့ကိုအထူးအားကိုးကြတယ်မဟုတ်လား''

''ဟုတ်ပါပြီ၊ ဒါနဲ့ဘာဖြစ်လို့များ၊ ကဝေတွေနဲ့ဆက်လုပ်မစားတော့တာတုန်းဗျို့''

''မင်းအရိပ်အမြွက်လောက်တော့သိပြီဖြစ်မှာပါ၊ ငါ့ရဲ့ရည်မှန်းချက်က တစ်ခုပဲရှိတယ်၊ အဲဒါကတော့ အမှောင်သခင်ကြီးကို ပြန်လည်အသက်သွင်းပြီးတဲ့နောက်မှာတော့ သူနဲ့ငါအတူတူလောကကြီးကို အုပ်စိုးကြဖို့ပဲလေ''

''အကြံကြီးလှပါလား ဆရာရယ်၊ ဆရာတို့အောင်မြင်ရင် ကျုပ်ကို မေ့မထားရဘူးနော်''

''စိတ်ချပါ၊ မင်းကိုငါကတိပေးထားတဲ့အတိုင်း ငါတို့လောကကြီးကိုအုပ်စိုးတဲ့အချိန်မှာ မင်းကလဲ ဒီလောကကြီးထဲမှာ အချမ်းသာဆုံးသူဖြစ်ရမယ်၊ သုံးမကုန်နိုင်တဲ့ ရွှေတောင်ကြီးတွေ၊ ငွေတောင်ကြီးတွေအပေါ်မှာ မင်းစံစားရမယ်''

ကိုဘရှိန်က စိတ်ကူးရင်းအတော်ပျော်နေသည်။ ခဏကြာတော့ သူ့မျက်နှာက မဲ့သွားသည်။

''စိတ်ကူးနဲ့တော့ဟုတ်ပါပြီ၊ ဒါပေမယ့် ဆရာသုန်၊ ခင်ဗျားပြောနေတာတွေက ကလေးတွေစိတ်ကူးပြီးပြောနေသလိုကြီးဖြစ်နေတယ်နော်''

ဆရာသုန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးသည့်နောက် 

''ကျုပ်ပြောတာတွေကို ခင်ဗျားမယုံဘူးလား''

''ယုံတော့ယုံပါတယ်၊ ဒါပေမယ့်လဲ မမြင်ရဘူးဆိုတော့''

ဆရာသုန်က လွယ်အိတ်ထဲသို့လက်နှိုက်လိုက်ပြီး အတွင်းမှ ပုလင်းခပ်လတ်လတ်တစ်လုံးကိုထုတ်ယူလိုက်သည်။ ထို့နောက် ထိုပုလင်းကိုဖွင့်လျှက် လက်ဝါးပေါ်သို့ ခါချလိုက်သည့်အခါတွင် အတွင်းမှ လျှက်ဆားကဲ့သို့ အမှုန်လေးများထွက်လာသည်။ ထို့နောက် ထိုအမှုန်လေးများကို လေနှင့်မှုတ်လိုက်ရာ ကိုဘရှိန်မျက်နှာကို ထိုအမှုန်လေးများက ထိသွားတော့သည်။

''အား၊ စပ်လိုက်တာ၊ ဆရာသုန် ဘာလုပ်တာလဲ''

ကိုဘရှိန်က သူ့လည်ပင်းတွင်ပတ်ထားသည့် မာဖလာဖြင့် သူ့မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ

''အောင်မယ်လေးဗျ''

သူတို့အနားတွင်ရပ်နေသည့် သရဲကြီးများကိုတွေ့ရသည်။

''မြင်ပြီလား၊ အဲဒါ ငါဖမ်းထားတဲ့ကဝေတွေပဲ''

ထိုသရဲကြီးများမှာ အဝတ်အစားစုတ်ပြတ်ပြတ်နှင့်ဖြစ်ပြီး ဆံပင်တွေကလဲ ဖွာနေသည်။ မျက်နှာကြီးတွေက ဖြူဖပ်နေပြီးနောက် လက်သည်းရှည်ကြီးတွေနှင့်ဖြစ်သည်။ အချို့က အဝတ်အစားမပါသလို၊ အချို့ကတော့ ထဘီရင်လျားကြီးတွေနှင့်ဖြစ်သည်။ သို့သော် ထိုသူများ၏ ကိုယ်အောက်ပိုင်းကတော့ ခပ်ဝါးဝါးကလေးသာ မြင်ရသည်။

''ကြောက်စရာကြီးပါလား''

ဆရာသုန်က ပုလင်းလေးများကိုဆက်ဖွင့်သည့်အခါ အတွင်းမှ ကဝေများက အော်ဟစ်လျှက်ထွက်လာကြပြီးနောက် ဆရာသုန်ရှေ့တွင် မတ်တပ်ရပ်နေကြသည်။ 

''ကဲနင်တို့က အောက်ထပ်ကိုသန့်ရှင်းရေးလုပ်''

ဆရာသုန်လက်ညှိုးထိုးလိုက်သည့်အခါတွင် ကဝေသုံးယောက်က အိမ်အောက်ထပ်ဆီသို့ပြေးသွားကြသည်။

''နင်တို့နှစ်ယောက်က ခြံထဲက အမှိုက်တွေကိုရှင်း''

ဆရာသုန်လက်ညှိုးထိုးပြောလိုက်သည့်ကဝေများက ယောက်ျားလေးများဖြစ်ပုံရသည်။ တစ်ကိုယ်လုံး ကိုယ်လုံးတီးနှင့်ဖြစ်ပြီး တစ်ယောက်က အဖြူရောင်ကြီးဖြစ်ကာ၊ နောက်တစ်ယောက်ကတော့ အနက်ရောင်ကြီးဖြစ်သည်။ အဖြူရောင်ကဝေကြီးက ထွက်သွားသော်လည်း အနက်ရောင်ကဝေကြီးကတော့ ပေကပ်ကပ်လုပ်နေပြီး ဆရာသုန်ကို မျက်စောင်းထိုးပြီးကြည့်နေလေသည်။

''အောင်မာ၊ ငနက်၊ မင်းက ငါ့ကို အာခံချင်တာလား''

ဆရာသုန်က ဒေါသထွက်ထွက်နှင့် ငနက်ဆိုသည့် ကဝေကြီးကို လက်ညှိုးထိုးလိုက်သည်။ ထို့နောက် ပါးစပ်မှတစ်ခုခုကို ရွတ်ဆိုလိုက်သည့်အခါတွင် ထိုငနက်ဆိုသည့် ကဝေကြီးမှာ အလွန်နာကျင်သွားပုံရပြီး ပြင်းထန်စွာအော်ဟစ်နေသည်။ ထို့နောက် မြေပြင်တွင်လူးလိမ့်လျှက် အသံစူးစူးဝါးဝါးနှင့် အော်ဟစ်နေသည်။ ဆရာသုန်က ပြုံးရင်း ထိုငနက်ကြီးအော်နေသည်ကို ကြည့်နေသော်လည်း ကိုဘရှိန်ကတော့ ဝေဒနာခံစားနေရသည့် ငနက်ကြီးကိုကြည့်ပြီး သနားနေမိသည်။

''တော်၊ တော်ပါတော့ ဆရာသုန်ရာ၊ ဒီကောင်ကြီးကြည့်ရတာ တော်တော်နာနေတဲ့ပုံပဲဗျ''

''ဟား၊ ဟား ကိုဘရှိန်က နှလုံးနုတာကိုး၊ ဒီကောင်တွေ အာခံရင် ဒီလောက်နှိပ်စက်ထားမှ တော်ကာကျတာဗျို့''

ဆရာသုန်လက်ညှိုးကိုရုတ်သိမ်းလိုက်တော့မှ ထိုငနက်ကြီးလဲ မြေပေါ်မှ လူးလဲထလာသည်။

''မင်းနောက်တစ်ခါ ငါ့ကိုအာခံရင် ဒီထက်နာမယ်မှတ်၊ သွားစမ်း၊ ငါခိုင်းတာလုပ်''

ငနက်ဟုခေါ်သည့် ကဝေကြီးလဲ ခြံထဲသို့ပြေးထွက်သွားလေသည်။ မကြာမီ ခြံထဲမှ သစ်ရွက်ခြောက်များမှာ တဂျွတ်ဂျွတ်အသံမြည်လျှက် မြေပေါ်တွင် လိမ့်လာကြပြီး ခြံထောင့်တစ်နေရာတွင် စုပုံနေကြသည်။ အိမ်အောက်ထပ်တွင်လဲ တံမြက်စည်းလှဲသံများကြားရပြီး၊ အိမ်ပေါ်ထပ်တွင်လဲ တဒုန်းဒုန်းနှင့် အလုပ်လုပ်နေကြပုံရသည်။ ဆရာသုန်က ကိုဘရှိန်ဘက်သို့လှည့်လိုက်ပြီး

''ဗိုက်ဆာတယ်ဗျာ၊ တစ်ခုခုသွားစားရအောင်''

သူတို့နှစ်ယောက်လဲ ခြံထဲမှပြန်ထွက်ခဲ့ကြသည်။ ကိုဘရှိန်က ခြံအပြင်အရောက်တွင် အိမ်ကြီးကိုတစ်ချက်ပြန်လှည့်ကြည့်မိလိုက်သည်။ ထိုအခါတွင် ခြံထဲတွင် သစ်ရွက်ခြောက်များကို သယ်ယူနေသည့် ငနက်ကြီးနှင့် ငဖြူကြီးကို တွေ့လိုက်ရသဖြင့် ကြက်သီးမွေးညှင်းများပင် ထောင်ထသွားရသည်။

ထီးလင်းမြို့ထဲရှိ သန့်ပြန့်သော စားသောက်ဆိုင်တစ်ဆိုင်တွင် သူတို့စားသောက်လိုက်ကြသည်။ ထိုစဉ်မှာပင် အသုဘတစ်ခု လှည့်လည်လာသည်ကိုမြင်တွေ့ရသည်။ သေဆုံးသူ၏ ဆွေမျိုးများက အခေါင်းကြီးတစ်လုံးကို လှည်းပေါ်တင်ရင်း တန်းစီလျှက် လိုက်ပါလာကြသည်။ ထိုအဖြစ်ကို ဆရာသုန်ကတွေ့ပြီး

''ဟန်ကျပြီဗျို့၊ ကျုပ်တို့တော့ ဟန်ကျပြီ''

ကိုဘရှိန်က အသုဘအခေါင်းကိုကြည့်ရင်း ပြုံးနေသည့် ဆရာသုန်ကို နားမလည်သလိုကြည့်နေမိသည်။

''ဘာဟန်ကျတာလဲ ဆရာသုန်''

''အချိန်တန်တော့ သိပါလိမ့်မယ်ဗျာ''

ကိုဘရှိန်တို့ပြန်လာကြသည့်အခါတွင် သူတို့အိမ်ကြီးသည် အိမ်သစ်ကြီးအလား အလွန်တောက်ပြောင်နေသလို ခြံအတွင်းတွင်လဲ အမှိုက်များကင်းစင်လျှက်ရှိနေသည်။ အိမ်ထဲဝင်လာခဲ့ရာတွင် အိမ်ထဲတွင် သဲမှုန့်၊ ဖုန်မှုန့်၊ ပင့်ကူအိမ်များတစ်ခုမှမရှိတော့ဘဲ သန့်ရှင်းတောက်ပြောင်နေသည်ကို အံ့ဩဖွယ်မြင်တွေ့ရသည်။

''ဆရာသုန်ကိုတော့ မချီးကျူးဘဲ မနေနိုင်တော့ဘူးဗျာ''

ဆရာသုန်က အိမ်အောက်ထပ်ရှိ အခန်းတစ်ခုအတွင်းသို့ဝင်လိုက်ပြီး သူ့လွယ်အိတ်အတွင်းမှ ပုလင်းကလေးများကို ဆွဲထုတ်ကာ စားပွဲတစ်ခုပေါ်သို့စီပြီးတင်ထားလိုက်သည်။ ပုလင်းလေးတွေက အတော်များသည်။

''ဆရာသုန် ပုလင်းတွေကအများကြီးပဲနော်''

''အားလုံးပေါင်း (၉၉) လုံးရှိတယ်၊ ဒီကဝေ (၉၉) ယောက်က ငါဖမ်းထားသမျှထဲမှာ အတော်စွမ်းတဲ့ကဝေတွေပဲ''

ထို့နောက် ထိုပုလင်းကလေးများကိုဖွင့်လိုက်ပြီး

''ကဲ နင်တို့ဘာသာလွတ်လွတ်လပ်လပ်နေနိုင်တယ်၊ ဒါပေမယ့် ငါခေါ်လိုက်ရင် ပြန်လာရမယ်''

အမျိုးစုံသော ကဝေများမှာ ပုလင်းလေးများထဲမှထွက်လာကာ အခန်းထဲတွင် ဝေ့ဝိုက်ပျံသန်းနေကြသည်။ ထို့နောက် ဖွင့်ထားသည့် တံခါးမကြီးမှထွက်ခွာသွားကြတော့သည်။

''သူတို့ကို ဒီလိုမျိုးလွှတ်ပေးထားရတယ်၊ သူတို့တစ်တွေလဲ ရှာကြံစားသောက်ကြတာပေါ့''

''သူတို့က ဘာစားလဲ''

''အများအားဖြင့် မစင်တွေ၊ တံတွေးတွေ၊ နှပ်ချေးတွေ စတဲ့အညစ်အကြေးတွေကို စားသောက်ကြတာပေါ့၊ တစ်ခါတစ်လေတော့လဲ ငါလဲသူတို့ကို အမဲသားတွေဘာတွေကျွေးပါတယ်''

''သနားစရာကောင်းလိုက်တာဗျာ၊ ကျုပ်သာဆို သူတို့ကို နေ့တိုင်းအမဲသားဝယ်ကျွေးမှာ''

ဆရာသုန်က ကိုဘရှိန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်

''ကဝေတွေက အိမ်မွေးခွေးတွေမဟုတ်ဘူး ကိုဘရှိန်၊ သူတို့က ကျွန်တွေ၊ ဒီတော့ သူတို့ကိုတမင်သက်သက် အငတ်ထားထားတာ၊ ခိုင်းချင်တာရှိရင် သူတို့ကို ကျွေးမွေးပြီးတော့ ခိုင်းရမှာမဟုတ်လား''

ကိုဘရှိန်ဘာမှမပြောသာတော့ပေ။ ဆရာသုန်က အခန်းတံခါးမကြီးကိုဆွဲပိတ်လိုက်သည်။ အခန်းတွင်းရှိ ပြတင်းပေါက်များ အကုန်ပိတ်ထားသဖြင့် နေ့ခင်းပင်ဖြစ်သော်လည်း အခန်းအတွင်း အမှောင်ကျသွားသည်။ ထိုအခါ ဆရာသုန်က မီးအိမ်တစ်ခုကို ထွန်းညှိလိုက်သည်။ မီးအလင်းရောင်ကြောင့် အခန်းအတွင်းလင်းထိန်သွားသည်။ ဆရာသုန်က မီးအိမ်ကိုကိုင်ထားလျှက် နံရံနားသို့ တိုးကပ်သွားသည်။

''ဟောဟိုက နံရံပေါ်မှာ ငါ့အရိပ်ကျနေတယ်မဟုတ်လား၊ သေချာကြည့်ထားနော်''

ကိုဘရှိန်လဲ ဆရာသုန်ပြောသည့်အတိုင်း ဆရာသုန်၏အရိပ်ကိုသေချာစိုက်ကြည့်နေရာမှာ အရိပ်မှာတဖြည်းဖြည်းလှုပ်ရှားလာသည်ကိုတွေ့ရသည်။ ထို့နောက် ဆရာသုန်ကိုကြည့်လိုက်သည့်အခါတွင်လဲ ဆရာသုန်က တုတ်တုတ်မျှမလှုပ်ပေ။ ကြည့်နေရင်း အရိပ်ကြီးမှာ တဖြည်းဖြည်းကြီးထွားလာသည်။ ထို့နောက် ထိုအရိပ်ကြီးတွင် ဦးချိုကောက်ကြီးနှစ်ချောင်းပေါ်လာပြီးနောက် နီရဲသောမျက်လုံးများနှင့် ပါးစပ်ကြီးတစ်ခုလဲ ပေါ်လာခဲ့သည်။

ကိုဘရှိန်လဲကြည့်နေရင်း အလွန်ထိတ်လန့်နေမိသည်။

''ဒါ၊ ဒါ ဘာကြီးလဲ''

''ငါပြောတဲ့အမှောင်သခင်ကြီးပေါ့ကွာ''

''ဒါ၊ ဒါဆို သူက ခင်ဗျားကိုယ်ထဲမှာ ရှိနေတာလား''

''ဒါပေါ့၊ ကဲဘယ်လိုလဲ ကိုဘရှိန်၊ ခင်ဗျားအခုယုံပြီလား''

ကိုဘရှိန်က စကားနှင့်ပင်မဖြေနိုင်ပေ၊ ခေါင်းကိုညိတ်လိုက်သည်။

''အမှောင်သခင်ကြီးနဲ့ ကျုပ်နဲ့က ကိုယ်တစ်ခုထဲမှာ ဝိညာဉ်နှစ်ခုဆိုသလို ပူးကပ်ပြီးတည်ရှိနေကြတယ်၊ ကျုပ်ရဲ့အရိပ်ထဲမှာ အမှောင်သခင်ကြီးက လောလောဆယ်ခိုကပ်နေတယ်၊ ကဝေတွေဆီကနေ မှော်စွမ်းအင်တွေ စုပ်ယူပြီး မှော်စွမ်းအင်တွေပြည့်သွားတဲ့အခါ အမှောင်သခင်ကြီးက သူ့ရဲ့နဂိုမူလရုပ်သွင်ကို ပြန်လည်ရရှိသွားလိမ့်မယ်''

''ဒါဆို မှော်စွမ်းအင်တွေပြည့်ဖို့ တော်တော်လိုသေးတာလား''

''အဆင့်ငါးဆင့်ရှိတာမှာ နှစ်ဆင့်ပြည့်နေပြီလို့ပြောလို့ရတယ်၊ အဆင့်တွေတိုးလာလေလေ အမှောင်သခင်ကြီးက အစွမ်းတွေ သုံးလာနိုင်လေလေပဲ''

''ဒါဆို သိပ်မကြာတော့ဘူးပေါ့နော်''

''ဟုတ်တယ်၊ ကဝေရှင်တွေနဲ့ ကဝေတွေအကုန်လုံး ပေါင်းစုသွားတဲ့အချိန် မှော်စွမ်းအင်တွေကို သူတို့ဆီက နေစုပ်ယူလိုက်ရင်တော့ အဆင့်ငါးဆင့်စလုံး ပြည့်နိုင်ပါရဲ့''

''ဟား၊ ဟား၊ ဟား''

ထိုအခါတွင် အရိပ်ဖြစ်နေသည့် အမှောင်သခင်ကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အသံနက်ကြီးနှင့် ဟစ်အော်ရယ်မောလိုက်လေသည်။

အခန်း (၆)

လမိုက်ည။

ဆရာသုန်က မီးအိမ်ကလေးတစ်လုံးကိုကိုင်ကာ လှမ်းလျှောက်လာသည်။ သူ့အနောက်မှ ကိုဘရှိန်က ကြောက်ကြောက်လန့်လန့်နှင့်ပါလာခဲ့သည်။ မကြောက်နေနိုင်ပါ့မလား၊ သူတို့ရောက်နေသည့် နေရာက သင်္ချိုင်းကုန်းတစ်ခုတွင်ဖြစ်နေသည်။

ဆရာသုန်မီးအိမ်ကလေးကို ကိုင်ထားသော်လည်း မီးထွန်းထားခြင်းမရှိသဖြင့် အလွန်မှောင်မိုက်နေသည်။ လကွယ်ညလဲဖြစ်သဖြင့် အမှောင်ထုက ပိုပြီးဖုံးလွှမ်းနေသည်။ ဆရာသုန်မှာ ခြေလှမ်းတိုင်းကို ဟန်ပါပါဖြင့်လျှောက်နေသော်လည်း ကိုဘရှိန်ကတော့ မြေပုံများ၊ မှတ်တိုင်များနှင့် တိုက်မိပြီး အလဲလဲအပြိုပြိုဖြစ်နေသည်။

ဆရာသုန်က သင်္ချိုင်းအဝင်၀နားတွင်တော့ သူ့လွယ်အိတ်ထဲမှ အရာတစ်ခုကို ထုတ်ပြီးမြေပြင်ပေါ်ပစ်ချလိုက်သည်။ အလဲလဲအပြိုပြိုဖြစ်နေသည့် ကိုဘရှိန်ကိုလှည့်ကြည့်ရင်း

''မြန်မြန်လာစမ်းပါ ကိုဘရှိန်ရာ၊ ဒီလိုမှန်းသိရင် ကျုပ်ခင်ဗျားကိုအိမ်မှာထားခဲ့ပါတယ်''

''မ၊ မလုပ်ပါနဲ့ ဆရာသုန်ရယ်၊ ကဝေတွေပြည့်နေတဲ့ ခင်ဗျားအိမ်မှာ ကျုပ်တစ်ယောက်တည်း မနေဝံ့ဘူးဗျ''

''ဒါဆိုလဲ ချော်မလဲစေနဲ့နော်၊ ချော်လဲရင် သရဲတွေက အဲဒီလူကို ပူးကပ်တတ်သတဲ့ ဟား၊ ဟား''

ဆရာသုန်ပြောလိုက်သဖြင့် ကိုဘရှိန်လဲ ချော်မလဲအောင် သေချာသတိထားပြီးလျှောက်လှမ်းလာခဲ့သည်။ သင်္ချိုင်းအလယ်နားအရောက်တွင် ဆရာသုန်က လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် အုတ်ဂူတစ်ခုကို အကာအကွယ်ယူကာ ပုန်းအောင်းလိုက်သည်။

''ဘာတွေ့လို့လဲ''

ကိုဘရှိန်ကမေးတော့ ဆရာသုန်က ပါးစပ်ပိတ်ခိုင်းလိုက်ပြီးနောက် မီးအိမ်ကလေးကို စိုက်ကြည့်နေသည်။ မီးအိမ်ကလေးအတွင်းတွင် အစိမ်းရောင်အလင်းကလေးများက တဖြည်းဖြည်းပေါ်ထွက်နေသည်။ နောက်တော့ တဖြည်းဖြည်း မီးအိမ်ကလေးမှာ လင်းလာသည်။

''ဟော လင်းလာပြီ''

''အဲဒါ မှော်စွမ်းအင်ကို ရှာတဲ့နည်းပညာပဲ၊ အနီးအနားမှာ မှော်စွမ်းအင်သုံးရင် တဖြည်းဖြည်းလင်းလာလိမ့်မယ်၊ အလင်းဆုံးအခြေအနေရောက်ပြီဆိုရင် ကိုယ့်နားမှာ ကဝေက ရောက်နေပြီဆိုတဲ့သဘောပေါ့''

ဆရာသုန်ပြောနေရင်းမီးအိမ်ကလေးမှာ တဖြည်းဖြည်းလင်းလာပြီးနောက် နောက်ဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံးကို မြင်ရနိုင်လောက်အောင် လင်းထိန်သွားသည်။ ဆရာသုန်က ချက်ချင်းပင် မီးအိမ်ကလေးအားလက်နှင့်ပွတ်လိုက်ရာ မီးအိမ်ကလေးမှာ အလင်းပျောက်ပြီး မှောင်မဲသွားတော့သည်။

''ဘာလုပ်တာလဲဆရာသုန်''

''ဟိုမှာကြည့်လိုက်စမ်း''

ထိုအခါ သင်္ချိုင်းအတွင်း မိန်းမတစ်ဦးလမ်းလျှောက်လာသည်။ ထို့နောက် လူသေများမြှုပ်နှံထားသည့် မြေပုံများကို လက်ညှိုးများဖြင့် လိုက်ထိုးနေသည်။ ထိုသို့လိုက်ရှာနေရင်း တစ်နေရာအရောက်တွင် မြေပုံတစ်ခုရှေ့ရပ်တန့်သွားသည်။ ထို့နောက် ထိုမြေပုံအား လက်ညှိုးထိုးပြီး အကြာကြီးမတ်တပ်ရပ်နေတော့သည်။

သူတို့ကြည့်နေရင်း မြေပုံက လှုပ်ရွလှုပ်ရွဖြစ်လာသည်။ ထို့နောက် မြေစာပုံအတွင်းမှ လက်ကြီးတစ်ဖက်က ဘွားခနဲပေါ်ထွက်လာသည်။

''အောင်မလေးဗျ''

ကိုဘရှိန်က လွှတ်ခနဲ အော်လိုက်မိသည်။ ထိုအော်သံကိုကြားသည့်အခါတွင် ထိုမိန်းမက သူတို့ပုန်းအောင်းနေသည့် အုတ်ဂူကိုလှမ်းကြည့်လိုက်သည်။ ဆရာသုန်လဲ စောင့်ဆိုင်းမနေတော့ဘဲ အုတ်ဂူနောက်မှ ထွက်လိုက်ပြီးနောက် ကြိုးတစ်ချောင်းနှင့်ပစ်ခတ်လိုက်သည်။

ထိုမိန်းမကလဲ မြန်သည်။ ရိပ်ခနဲ ထိုကြိုးကိုရှောင်ရှားလိုက်ပြီးနောက် အလွန်လျှင်မြန်သော အမြန်နှုန်းဖြင့် သင်္ချိုင်းအပြင်ဘက်သို့ ပြေးထွက်သွားသည်။ သို့သော် သင်္ချိုင်းအဝင်၀နားအရောက်တွင် မြေကြီးပေါ်မှ အစိမ်းရောင်အလင်းတန်းတစ်ခု၏ ပစ်ခတ်ခြင်းကိုခံလိုက်ရပြီးနောက် လွင့်ထွက်သွားတော့သည်။

ဆရာသုန်လဲ အနောက်ကနေပြေးလိုက်ပြီးနောက် နောက်ထပ်ကြိုးတစ်ချောင်းဖြင့် ထိုမိန်းမကိုပစ်ခတ်လိုက်သည်။ ထိုမိန်းမနှင့်ထိသောအခါ ထိုကြိုးမှာ မြွေတစ်ကောင်ကဲ့သို့ဖြစ်သွားပြီးသည့်နောက် ထိုမိန်းမ၏ ကိုယ်လုံးကို တင်းကြပ်စွာရစ်ပတ်ထားလေသည်။

ဆရာသုန်နောက်မှာ ကိုဘရှိန်က မဝံ့မရဲနှင့်လိုက်ပါသွားသည်။ ဆရာသုန်က သူ့လက်ထဲက မီးအိမ်ကလေးကို လက်နှင့်ပွတ်လိုက်သည့်အခါတွင် မီးအိမ်ကလေးမှာ ထိန်လင်းသွားသည်။ ထိုမိန်းမက ဆရာသုန်အားကြည့်ပြီး

''နင်ဘာလုပ်တာလဲ နင့်သတ္တိရှိရှင် ငါ့ကိုကြိုးဖြေပေး''

''ဟား၊ ဟား ဖမ်းပါတယ်ဆိုမှတော့ ကြိုးဖြေပေးလို့ရမလား၊ လာ ၊ ငါတို့နဲ့လိုက်ခဲ့''

''မလိုက်ဘူး၊ မလိုက်ဘူး''

''အောင်မယ်၊ ပြောနေတာကို''

ဆရာသုန်က တစ်ခုခုရွတ်ဖတ်လိုက်သည့်အခါတွင် ကြိုးမှာ ပိုမိုတင်းကြပ်စွာရစ်ပတ်သွားလေသည်။

''အား၊ ကြောက်ပါပြီ၊ မလုပ်ပါနဲ့၊ လိုက်ဆိုရင် လိုက်ပါ့မယ်''

''မင်းဆီက သိချင်တာရှိသေးလို့ မင်းကိုမဖမ်းသေးတာလို့ မှတ်၊ လာလိုက်ခဲ့''

ထိုမိန်းမကို သူတို့နှစ်ယောက်ဆွဲခေါ်သွားကြသည်။ လမ်းတွင် ကိုဘရှိန်က

''ဆရာသုန်ရယ်၊ ဘာတွေများဖြစ်ကုန်တာလဲဆိုတာ ကျုပ်ကိုပြောပြပါအုံး''

''ဒီလိုလေ၊ ဒီနေ့က လကွယ်ည၊ လကွယ်ညဆိုရင် တချို့ကဝေတွေ မြူးတတ်တယ်၊ ဟိုတစ်နေ့က ကျုပ်တို့မြို့ထဲသွားတုန်း အသုဘတစ်ခုနဲ့တွေ့တယ်မဟုတ်လား၊ ဒီဟာကိုတွေးကြည့်လိုက်ရင် ဒီလကွယ်ညမှာတော့ လူသားစားတဲ့ကဝေတစ်ယောက်ယောက်က ဒီအလောင်းကောင်ကို စားတော့မယ်ဆိုတာ တွေးမိတယ်လေ''

''ဒါနဲ့ပဲ သင်္ချိုင်းကုန်းကို လာခဲ့တာပေါ့၊ ထင်တဲ့အတိုင်း ဒီက လူသားစား ကဝေမက ရောက်လာခဲ့တယ်၊ သူတို့က လူသားစားချင်ရင် လူသားလတ်မလတ်ကို စစ်ဆေးလေ့ရှိတယ်၊ နောက်ပြီးတော့ အဲဒီလူသေကောင်ကြီးကို မှော်အတတ်နဲ့ မြေပုံထဲက ထွက်လာအောင်လုပ်တယ်လေ၊ ဒါမှ သူတို့မြေတူးရသက်သာမှာမဟုတ်လား''

''ဆရာသုန်ကတော့ ဆရာသုန်ပါပဲ၊ ဒါနဲ့ သူထွက်ပြေးမှာကို ကြိုသိနေတာလား''

''ကြိုသိလို့ သင်္ချိုင်းအဝမှာ ကဝေထောင်ချောက်တစ်ခုကို ချထားခဲ့တာပေါ့ကွ၊ ဒီထောင်ချောက်က မှော်ပညာသုံးတဲ့သူကို ပစ်ခတ်ဖမ်းဆီးတတ်တယ်လေ၊ ဒါကလဲ ကဝေရှင်တွေ တတ်တဲ့ပညာတစ်ခုပေါ့ကွာ''

''ဒါဆို ကျုပ်တို့သူ့ကိုဘာလုပ်မလဲ''

''ငါတို့သိချင်တာကိုမေးမယ်လေ''

အိမ်ကိုပြန်ရောက်သည့်အခါ အောက်ထပ်အခန်းတစ်ခုအတွင်းဝင်ခဲ့ကြသည်။ အောက်ထပ်တွင် အခန်းနှစ်ခန်းရှိလေရာ တစ်ခန်းက ကဝေများထားသည့်အခန်းဖြစ်ပြီး နောက်တစ်ခန်းကတော့ အလွတ်ဖြစ်သည်။ ထိုအခန်းလွတ်ထဲသို့ ကဝေမကိုပါ ခေါ်ပြီး ဝင်လာခဲ့သည်။

''ငါသိချင်တာတွေ ပြောစမ်း၊ မင်းတို့ ကဝေအစည်းအရုံးက ဘယ်မှာလဲ''

''မပြောဘူး၊ လုံး၀မပြောဘူး''

ဆရာသုန်က တစ်ခုခုကိုရွတ်ဖတ်လိုက်ပြန်ရာ ထုံးစံအတိုင်း ချည်ထားသည့်ကြိုးများသည် ပိုမိုတင်းကြပ်လာခဲ့သည်။ သို့သော် ထိုကဝေမက ဘာမှမတုန့်ပြန်ဘဲ အံကိုကြိတ်လျှက် တင်းခံနေလေသည်။ ကြိုးများ ပိုပိုတိုးကြပ်လာတိုင်း ကဝေမ၏ ညည်းညူသံက အခန်းအတွင်းကျယ်လောင်လျှက်ရှိတော့သည်။ နောက်တော့ ဆရာသုန်လက်လျှော့လိုက်သည်။

''မဖြစ်နိုင်ဘူး၊ ဒီအတိုင်းမေးရင် သူသေသွားလိမ့်မယ်''

''ကဲပါ၊ ငါတို့နှစ်ယောက်စလုံး အဆင်ပြေသွားအောင်လို့ မင်းငါသိချင်တာကိုပြောပြပါ၊ မင်းပြောပြတယ်ဆိုတာကို ငါတို့မပြောဘူး''

''သေတောင်မပြောနိုင်ဘူး၊ ကဝေရှင်တွေရဲ့''

''အေးလေ၊ ဒါဆိုရင်လဲ မတတ်နိုင်ဘူး၊ ရှင်မယ်၊ ရှင်လှ လာခဲ့ကြစမ်း''

ထိုအခါတွင် အခန်းတံခါးမှာ ဝုန်းခနဲပွင့်သွားပြီးနောက် ကလေးလေးနှစ်ယောက်မှာ လေပေါ်တွင်ပျံဝဲလျှက် အခန်းအတွင်းသို့ဝင်လာကြသည်။ ထိုအဖြစ်ကိုကြည့်ချင်းဖြင့် ဆရာသုန်၏ မွေးထားသော ကဝေများကို ခိုင်းလျှက် ကလေးလေးများကို သယ်လာခိုင်းသည်ဖြစ်မှန်းကို ကိုဘရှိန်သိလိုက်သည်။ 

ကလေးနှစ်ယောက်ကိုမြင်သည်နှင့် သူတို့ဖမ်းလာသည့် ကဝေမမှာ ငိုကြွေးတော့သည်။ ဆရာသုန်က ကဝေမကို လက်ညှိုးထိုးလိုက်ပြီး

''မင်းတို့ကဝေတွေ စုဝေးနေတဲ့နေရာကိုပြောစမ်း၊ ဒါဆိုရင် မင်းကလေးတွေကို ငါပြန်လွှတ်ပေးမယ်''

ကဝေမက တင်းခံနေသဖြင့် ဆရာသုန်က ကလေးလေးနှစ်ယောက်၏ မျက်နှာကိုရေများဖြင့် ပက်လိုက်ရာ ကလေးနှစ်ယောက်မှာ လန့်နိုးလာသည်။ ကလေးတစ်ယောက်ကတော့ အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ကလေးတစ်ယောက်ကတော့ အသက်ခြောက်နှစ် ခုနစ်နှစ်ခန့်ရှိမည့် ယောက်ျားကလေးတစ်ယောက်ဖြစ်သည်။ သူတို့လန့်နိုးလာကြပြီးနောက် အမေဖြစ်သူကိုမြင်သည့်အခါတွင် 

''အမေ၊ အမေ ဘာဖြစ်တာလဲ''

''သားတို့၊ သမီးတို့၊ မင်းတို့လေးတွေကို အမေတောင်းပန်ပါတယ်ကလေးတို့ရယ်''

ထိုအခိုက်သမီးအကြီးမလေးက တစ်ခုခုကိုသဘောပေါက်လိုက်ပြီးနောက် ဆရာသုန်အား မှော်ပညာတစ်ခုဖြင့် လှမ်းပစ်ခတ်လိုက်သည်။ သို့သော် အကင်းပါးလှသည့်ဆရာသုန်က လက်ဝါးနှင့်ကာလိုက်ပြီးနောက် ပြုံးလိုက်လေသည်။

''အောင်မာ၊ အတော်အားကိုးရတဲ့သမီးလေးပဲနော်''

ထို့နောက် ထိုကောင်မလေးကို ဆွဲပြီးလည်ပင်းမှဖမ်းချုပ်ကိုင်လိုက်သည်။ ကလေးမလေးမှာ လည်ပင်းအစ်နေလျှက် အတင်းရုန်းကန်နေသော်လည်း ဆရာသုန်၏ အားကိုမဆန့်ကျင်နိုင်ပေ။

''သမီး၊ သမီး''

''ဟား၊ ဟား၊ ခင်ဗျားသမီးကို မသေစေချင်ရင် ခင်ဗျားတို့ကဝေတွေ စုဝေးတတ်တဲ့နေရာကို ပြောပြလိုက်ပါ၊ ဒါဆိုရင်တော့ ခင်ဗျားကိုလဲလွှတ်ပေးမယ်၊ ခင်ဗျားသားသမီးတွေ အကုန်လုံးကိုလဲလွှတ်ပေးမယ်''

ကဝေမက ပြောဖို့တွန့်ဆုတ်နေသည်။ ထိုအခါတွင် ဆရာသုန်က သူ့ပါးစပ်ကိုဟလိုက်ပြီးနောက် ကလေးမလေးမျက်နှာနားသို့ကပ်လိုက်သည်။ အစိမ်းရောင်အလင်းတန်းများက ကလေးမလေး၏ မျက်လုံးများ၊ နှာခေါင်းပေါက်များနှင့် ပါးစပ်များမှ တိုးထွက်လျှက် ဆရာသုန်၏ ပါးစပ်အတွင်းသို့စီးဝင်နေသည်။

''အမေ၊ အမေရေ ကယ်ပါအုံး''

သမီးဖြစ်သူက အော်ဟစ်လျှက် ရုန်းကန်နေသည်။ နောက်ဆုံးတော့ ကဝေမလဲ သားသမီးကိုထိသည်မို့ မတတ်သာတော့ပေ။

''လွှတ်လိုက်ပါ၊ ကျုပ်သမီးကိုလွှတ်လိုက်၊ ကျုပ်ပြောပြပါ့မယ်''

ဆရာသုန်က ပြုံးလိုက်ပြီး ပါးစပ်ကိုပြန်ပိတ်လိုက်သည်။ ထို့နောက် ကလေးမကို ဖမ်းချုပ်ထားသည့် လက်ကိုလွှတ်လိုက်သည့်အခါတွင် ကလေးမကလေးမှာ သူ့အမေဆီသို့ပြေးသွားလိုက်သည်။ အလားတူ သားကလေးမှာလဲ သူ့အမေထံသို့ပြေးဝင်သွားသည်။

''ကောင်းပြီ၊ မင်းကတိအတိုင်းပြောတော့''

''ကျုပ်တို့ကဝေတွေ လပြည့်ညတိုင်းဆိုရင် ဆုံတွေ့တတ်ကြတယ်၊ ကျုပ်တို့ဆုံတွေ့တဲ့နေရာကတော့ ဟိုးတောင်မကြီးရဲ့အလယ်က ကျောက်ဂူကြီးတစ်ခုထဲမှာပါ''

ဆရာသုန်က ပြုံးလိုက်ရင်း

''နင့်စကားအမှန်ပဲလားကဝေမ''

'''မှန်၊ အမှန်ပါပဲ၊ ကျုပ်မလိမ်ဝံ့ပါဘူး''

ဆရာသုန်က ခေါင်းတဆတ်ဆတ်ညိတ်လျှက် ကဝေမ ကိုယ်လုံးတွင် တုတ်နှောင်ထားသည့် နှောင်ကြိုးများကိုဖြေပေးလိုက်သည်။ ကိုဘရှိန်လဲ ထိုတော့မှ စိတ်သက်သာရာရသွားသည်။ မအေကို မေးမရသဖြင့် ကလေးများကို ဖမ်းပြီး နှိပ်စက်သည့်အလုပ်မှာ အလွန်ရက်စက်သည့်အလုပ်ဖြစ်ကြောင်းကို ကိုဘရှိန်သိသည်။ အခုလိုပြန်လွှတ်ပေးလိုက်တော့လဲ ကိုဘရှိန်စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။

ကဝေမသားအမိတွေလဲ တစ်ယောက်နှင့်တစ်ယောက်ဖက်ထားရင်း ရှိနေစဉ်မှာပင် ဆရာသုန်က မှော်ပညာတစ်ခုကိုအသုံးပြုပြီးနောက် ထိုကဝေမနှင့်သားသမီးများအားလုံးကိုချုပ်နှောင်လိုက်သည်။

''ရှင်၊ ရှင် ဒါဘာလုပ်တာလဲ''

ကဝေမ အံ့ဩပြီးမေးနေစဉ်မှာပင် ဆရာသုန်က ပါးစပ်ကိုဖြဲကာ ထိုသုံးဦးထံမှ မှော်ပညာများကို ခပ်မြန်မြန်စုပ်ယူလိုက်သည်။ ကဝေမနှင့် သားသမီးများမှာလဲ အလွန်နာကျင်စွာဟစ်အော်လျှက် သိပ်မကြာခင်အချိန်အတွင်းမှာပင် အရိုးခြောက်များအဖြစ်သို့ပြောင်းလဲသွားသည်။

''ဟေ့လူ၊ ဆရာသုန်၊ ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲဗျာ၊ ခင်ဗျားက သူတို့ကိုလွှတ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်မဟုတ်ဘူးလား''

ဆရာသုန်က ပြုံးစစမျက်နှာနှင့်

''ကျုပ်ကတိအတိုင်းသူတို့ကိုလွှတ်ပေးခဲ့တယ်မဟုတ်ဘူးလားဗျ''

''ဒါတော့ဒါပေါ့ဗျာ၊ ဒါပေမယ့် ခင်ဗျားအခုသူတို့ကို ပြန်ဖမ်းခဲ့တယ်လေ''

''ဒီမယ်ကိုဘရှိန်၊ ကျုပ်သူတို့ကိုလွှတ်ပေးမယ်ပဲ ပြောခဲ့တာလေ၊ ပြန်မဖမ်းဘူးလို့ ပြောခဲ့တာမှမဟုတ်တာ၊ ဒီတော့ ကျုပ်ကတိ တည်တယ်မဟုတ်ဘူးလား''

ဆရာသုန်က ရယ်မောလျှက် အခန်းအတွင်းမှထွက်သွားသည်။ ထို့နောက် အခန်းအဝအရောက်တွင် 

''ငဖြူ၊ ငနက် ဒီအရာတွေကို ရှင်းပစ်လိုက်စမ်းဟေ့၊ ငါတစ်ခါတည်းပြောထားမယ်နော်၊ အစအနတောင် မကျန်စေနဲ့၊ ဟုတ်ပြီလား''

ထိုသို့ပြောကာ အခန်းအပြင်သို့ထွက်သွားသည်။ အခန်းအတွင်းမီးရောင်အောက်တွင်တော့ အရိုးစုသုံးစုရှိသည်။ မိခင်ဖြစ်သူက ကဝေမက တစ်ဖက်တစ်ချက်တွင် သူ့ကလေးနှစ်ယောက်ကိုဖက်ထားရင်း အရိုးစုဖြစ်နေသည်။ ကလေးများကလဲ အလွန်နာကျင်နေပုံရသည်။ ပါးစပ်တွေဖြဲရင်း အော်ဟစ်လျှက် အရိုးစုလေးများဖြစ်နေကြသည်။

မကြာခင်တွင် အခန်းထဲသို့ ငဖြူနှင့် ငနက်ဆိုသည့် ကဝေသရဲကြီးများဝင်လာကြသည်။ သူတို့က ထိုအရိုးစုများကို ကောက်ကိုင်လျှက် ပါးစပ်ကြီးများအတွင်းသို့ ပစ်ထည့်လိုက်ကာ တဂျွတ်ဂျွတ်နှင့် ဝါးနေတော့သည်။ ကိုဘရှိန်လဲ ထိုမြင်ကွင်းများကို ဆက်ပြီးမကြည့်ချင်တော့သဖြင့် ထိုအခန်းထဲမှ ထွက်လာခဲ့သည်။ သူ့စိတ်ထဲတွင်တော့ ဆရာသုန်အား အလွန်မုန်းတီးနေမိသည်။ သို့သော်လည်း ဆက်လက်ပတ်သက်ရဦးမည်မို့ စိတ်ထဲတေးထားလိုက်တော့သည်။

ဆရာသုန်နောက်သို့လိုက်ခဲ့သောအခါ ဆရာသုန်က ကွမ်းအစ်ကိုဖွင့်လျှက် ကွမ်းတစ်ယာကို ယာနေသည်။

''ခင်ဗျားစိတ်ထဲ ကျုပ်ကိုတော်တော်မုန်းတီးနေမယ်ထင်ပါ့ ကိုဘရှိန်''

''အမှန်ပေါ့ဆရာသုန်ရာ၊ ခင်ဗျားဘယ်လောက်တော်တော်၊ ခင်ဗျားအခုလိုလုပ်လိုက်တာကိုမြင်ပြီးတော့ ကျုပ်စိတ်ထဲမကျေနပ်တာတော့အမှန်ပဲ''

''ဒီမယ်ကိုဘရှိန်၊ ကျုပ်အခုလုပ်လိုက်တာဟာ သူတို့သားအမိတွေအတွက် ပိုတောင်ကောင်းသွားသေးတယ်ဗျ''

ကိုဘရှိန်ပိုစိတ်တိုသွားသည်။

''ခင်ဗျားသတ်လို့ သူတို့သားအမိသုံးယောက်စလုံး သေခဲ့ပြီလေဗျာ၊ ဒါတောင်မှ ကောင်းသေးတယ်၊ ဟုတ်ရဲ့လား''

''ဒီမယ်ကိုဘရှိန်၊ ကျုပ်တို့ရောက်လာတာ သူပြောလို့ပါဆိုတာကို ကဝေတွေ သိသွားရင် သူတို့ကိုဘာလုပ်ကြမယ်ထင်သလဲ''

ကိုဘရှိန်တစ်ချက်စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

''သူတို့ကို အမှန်ပြောစေတဲ့ ကဝေအတတ်တစ်ခုအသုံးပြုပြီးတော့ စစ်မေးလိမ့်မယ်၊ တကယ်ဟုတ်တယ်ဆိုရင် ကဝေတွေက သူတို့ကို ဝိုင်းနှိပ်စက်ပြီးတော့မှ သေရလိမ့်မယ်ဗျ၊ သေတဲ့အခါကျရင်လဲချက်ချင်းသေမှာမဟုတ်သေးဘူး၊ နှိပ်စက်ခြင်းဆိုတဲ့ ကဝေအတတ်တစ်ခုကို အသုံးပြုလိုက်လိမ့်မယ်၊ အဲဒီအခါမှာ နှိပ်စက်ခံရသူက ခြေလက်အင်္ဂါတွေ သူ့အလိုလို ပြတ်ကျပြီးတော့ ချက်ချင်းမသေသေးဘဲ ခြောက်လလောက်ကြာတဲ့အထိ ဝေဒနာတွေကို ခံစားရပြီးတော့မှ သေရမှာဗျို့၊ နောက်ပြီးတော့ ကဝေတွေက အပြစ်ကြီးတွေကို ပေးတဲ့အခါ ဆွေမျိုးဆက်အကုန်လုံးကို အပြစ်ပေးတတ်ကြတယ်တဲ့ဗျ''

ကိုဘရှိန်တစ်ချက်တွေဝေနေသည်။ ဆရာသုန်က ပြုံးလိုက်ရင်း

''ကဲ ခင်ဗျားတွေးကြည့် ကိုဘရှိန်၊ ကဝေတွေက ဒီမိန်းမနဲ့ ကလေးတွေကို တဖြည်းဖြည်းချင်းနှိပ်စက်ပြီးသတ်တာက ရက်စက်သလား၊ ကျုပ်လုပ်လိုက်လို့ အချိန်ခဏလေးအတွင်းသေဆုံးသွားတာက ပိုရက်စက်သလားဆိုတာ ခင်ဗျားဘာသာစဉ်းစားကြည့်တော့ဗျို့''

ကိုဘရှိန်က ခေါင်းညိတ်လျှက်

''အင်းဗျာ၊ ဆရာသုန်ပြောတဲ့အတိုင်းသာဆိုရင်တော့ ဒီနေရာမှာသေသွားတာက သူတို့အတွက်တော့ ပိုသက်သာသွားတာတော့ အမှန်ပဲ၊ ဟုတ်ပါပြီဆရာသုန်၊ ဒါဆို ကျုပ်တို့ဘာဆက်လုပ်ကြမလဲ''

''လပြည့်တဲ့အထိတော့ စောင့်ရမှာပေါ့၊ လပြည့်နေ့ကျရင်တော့ ဒီမြို့ကိုရောက်နေတဲ့ ကဝေရှင်တွေအားလုံးကို စုဝေးပြီးတော့ သူတို့စုဝေးတတ်ကြတဲ့ ဂူကြီးဆီကို ချီတက်ကြတာပေါ့ဗျာ၊ ဟား၊ ဟား''

အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..