
Part - 14
" အား…ကျွတ်...ကျွတ် "
ခေါင်းထဲကတစစ်စစ်ထိုးကိုက်နေသည့် ခံစားချက်က ဆိုးရွားလွန်းလှသည်။ အိပ်ယာထဲလူးလိမ့်နေရင်းမှ မျက်ဝန်းကို အတင်းအားယူဖွင့်ကြည့်မိတော့ အိမ်ပြန်ရောက်နေပြီမှန်း သိလိုက်ရသည်။ ညက......ဟုတ်တယ်.... ညက သူ တစ်ခွက်သောက်ပြီး တန်းမှောက်သွားတာပဲ။
ယွန်း.....ဖျတ်ခနဲ ယွန်းကို သတိရမိတော့ အိပ်ယာထက်မှ လူးလဲထလာရင်း ငုတ်တုတ်ထိုင်ကာ ထုံးစံအတိုင်း အော်ခေါ်၏။
" ယွန်း........ယွန်း.......မြယွန်းချယ်......"
အခန်းတံခါးပွင့်လာကာ ခပ်ရို့ရို့လေးရပ်နေသည့် အိမ်အကူမိန်းကလေး။
" ဘာလိုလို့လဲ အစ်ကိုလေး......"
" ငါ့မိန်းမရော......"
" မမလေး ဘုရားခန်းထဲမှာပါ......ဘုရားပန်းတွေလဲနေတယ်။ "
ဂုဏ်တံတိုင်း ငြိမ်သွား၏။ ပြီးမှ....
" ညက ငါ့ကို ဘယ်သူလိုက်ပို့တာလဲ။ "
" မိန်းမတစ်ယောက်ပဲ.....ဆူဇီတဲ့.....မမလေးနဲ့တောင် စကားများနေသေးတယ်။ "
ဂုဏ်တံတိုင်း သက်ပြင်းချမိလိုက်သလို ညက သူ လမင်းနောင်နဲ့ စာချုပ်ချုပ်ချင်ဇောဖြင့် ပါတီထဲအရင်ရောက်သွားခဲ့သည်။ ဆူဇီကမ်းပေးလာသည့် ဝိုင်ခွက်ယူသောက်လိုက်တာ အတော်မူးသွားခဲ့တာပင်။
" မမလေး လာပြီ....."
ဂုဏ်တံတိုင်း လှမ်းကြည့်မိသွားသလို အခန်းထဲဝင်လာသည့် ယွန်းကို မြင်လိုက်ရ၏။ အိမ်အကူကောင်မလေးက အလိုက်တသိထွက်သွားသလို ယွန်းက သူ့ကို တစ်ချက်သာကြည့်ပြီး သူမဖုန်းလေး ယူကာ အခန်းထဲမှ ပြန်ထွက်သွားရန်ပြင်၏။
" ယွန်း......"
" ........."
မထူးသလို ပြန်လဲ လှည့်မကြည့်သဖြင့် သူ ထူးဆန်းသွားရသည်။
" မောင့်ကို သံပုရာရည်ဖျော်ပေး....."
ယွန်း မောင့်ကို ခပ်တည်တည်ပင် လှည့်ကြည့်လိုက်မိသည်။ မောင့်မျက်နှာကို စူးစိုက်ကြည့်ရင်း ယွန်းမှာ မြိုသိပ်ထားရတာတွေ မထွေးနိုင်မအန်နိုင်ဖြစ်နေသလောက် မောင်ကတော့ သူ ဘာမှမလုပ်ထားသလို အပြစ်မရှိသူတစ်ယောက်လို အေးအေးလူလူရှိနေလွန်းလှသည်။
ယွန်း မကျေနပ်ပါ။
ဒီအခြေအနေကို ယွန်း ဘယ်လိုမှသဘောမကျနိုင်ပဲ စိတ်တိုလှသည်။ ယွန်းမှာ ပူလောင်နေရသလောက် သူကအရေးတယူပင် မေးကြည့်ဖော်မရ။
" မောင် ယွန်းကို ပြောစရာမရှိဘူးလား....."
ယွန်း သည်းမခံနိုင်သည့်အဆုံး ထုတ်မေးပစ်သည်။
" မေးနေတယ်လေ.....မောင် ယွန်းကို သိပ်လျစ်လျူရှုလွန်းတယ်.....ညကတစ်ညလုံး မောင် ပြန်လာကြိုမှာကို ဘယ်လောက်စောင့်ခဲ့တယ်ထင်လဲ.....မောင့်မိန်းမက ယွန်းပါ.....မောင်ကဘာကိစ္စ အခြားမိန်းမနဲ့ပွဲတက်ပြီး ယွန်းကိုမေ့ထားနိုင်ရတာလဲ......မောင် ယွန်းကို အားမနာဘူးလား။ "
ဂုဏ်တံတိုင်း မဖြေပါ။
နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်းမှ ဘာစကားမှမဆိုမိ။ သူ တမင်မေ့ခဲ့သည်မှ မဟုတ်ပဲ။ ပြီးတော့ ယွန်းနဲ့သူ စကားများချင်စိတ်မရှိ။
" မောင်က ပွဲတက်မယားတစ်ယောက် အိမ်မှာတစ်ယောက်ပေါင်းချင်နေတာလား။ "
" မြယွန်းချယ်......"
သိက္ခာကိုထိပါးလာတေ့ာ ဂုဏ်တံတိုင်း ထအော်ရင်း မတ်တတ်ရပ်ပြီးသားဖြစ်သွားရသည်။ ယွန်းက သူ့ကိုကြည့်ပြီး မတုန်မလှုပ်လေး ရပ်နေသည်။ သူ စိတ်ကိုပြန်လျှော့လိုက်ရင်းမှ.....
" ခင်ဗျား စကားတွေမလွန်လာနဲ့......ခင်ဗျားဘာသာအမှီမပြင်ထားတာလေ......ကိုယ့်လင် နေကောင်းလား အဆင်ပြေရဲ့လားလဲ ကြည့်ဦး.....စွတ်ပြဿနာရှာနေတယ်။ အိမ်မှာမနေတာပဲ အေးတယ်။ "
သူကပင် တစ်ပြန်ကြီး စိတ်တိုကာ အခန်းထဲမှ ဒေါသတကြီး ထွက်သွားသည့် မောင့်ကိုကြည့်ရင်း ယွန်း အိပ်ယာထက် ဖင်ထိုင်ကျသွားရသည်။ မောင်ရယ်.....ရှင်းပြခြင်းတောင် တစ်ခွန်းမရှိဘူးနော်။ မောင့်အတွက် ယွန်းဟာ တစ်စိုးတစ်စိမျှတောင် အရေးမပါဘူးပဲ။ မောင့် စကားတစ်ခွန်းမှာ ပစ်ယုံမယ့်မိန်းမကို မောင်ဟာ နိုင်စားလွန်းနိုင်လိုက်တာ။
ထိုနေ့ညက မောင်အိမ်ပြန်မအိပ်ခဲ့ပါ။
ထိုနေ့မှမဟုတ်......မောင် သုံးရက်တိတိအိမ်ပြန်မလာခဲ့။ သို့ပေမယ့် သတင်းတွေကတော့ ကြားရပါသည်....မောင်နဲ့မောင့်အချစ်ဦးတို့ကို ဟိုနေရာမှာတွေ့သလို ဒီနေရာမှာတွေ့သလို ပြောလာကြတဲ့လူတွေဟာ ဒေါ်လေးငယ်ဆီသတင်းပေးတတ်သလို ယွန်းမှာ မျက်နှာပူပူဖြင့် ငြင်းရကာရပါသည်။
@@@@@@@@@@@@@
လေးရက်မြောက်သောနေ့.....။
ဂုဏ်တံတိုင်း ကားကိုခြံထဲထိုးဝင်လာသည်နှင့် အကြည့်က ခြံထဲပန်းပင်တွေနားရှိနေသည့် ယွန်းဆီ အကြည့်ရောက်သွားရသည်။ ကတ်ကြေးတစ်လက်ဖြင့် နှင်းဆီတွေလိုက်ခူးနေသလို သူ့ကားသံကြားတာတောင် မလှုပ်။ ကားပေါ်မှဆင်းကာ ယွန်းဆီပဲ တည့်တည့်လျှောက်လာခဲ့လိုက်သည်။
ယွန်း မျက်ဝန်းထောင့်ကနေ ယွန်းဆီလျှောက်လာတဲ့ မောင့်ကို လှမ်းမြင်လိုက်ရ၏။ မောင်ဟာ ပစ်ထားရက်နိုင်လွန်းသည်။ မောင့်မျက်နှာနှင့် မောင့်အိမ်လိုက်ခဲ့ရသူပါ.......ဖုန်းလေးပင်ခေါ်ဖော်မရတာတော့ လွန်လွန်းအားကြီးသည် မဟုတ်လား။
" ယွန်း......."
အနားရောက်သည်နှင့် နာမည်လေးခေါ်ရုံရှိသေး အိမ်ဘက်လှည့်ဝင်သွားသည့် ယွန်းကြောင့် ဂုဏ်တံတိုင်းအင်တင်တင်ဖြစ်သွားရသည်။ သူ့ကို စိတ်ဆိုးနေတာပဲဟု သိလိုက်သလို ချော့ဖို့ဆိုတာ သူ့အတွက်ခက်ခဲလှသည်။
အိမ်ထဲလိုက်ဝင်လာသလို ကြွေလေးအခန်းဆီရောက်တော့ ကြွေလေးက သူ့ကိုစိတ်ကောက်သဖြင့် နယ်ကိုအလုပ်ကိစ္စဖြင့် ရောက်သွားကြောင်း ရှင်းပြရသေးသည်။ ယွန်းကိုတော့ ညအိပ်ခါနီးမှ ပြောပြရန်တွေးထားပေမယ့် ဦးငယ်ကတော့ သူ့ကိုဆူသည်။ ယွန်း ထိုရက်တွေမှာ ထမင်းပင်မစားနိုင်ကြောင်း မျက်နှာလေးငယ်လျက် ရှိနေကြောင်း ပြောပြတော့ သူ့မှာ စိတ်မကောင်းရပြန်။ ကိုယ့်ကိုယ်ကိုယ်လဲ အားမရဖြစ်ရသည်။
ညဘက်ရေမိုးချိုးပြီး ယွန်းအတွက် နယ်မှဝယ်လာသည့် ဆွယ်တာအနွေးထည်လေးတွေ ၊ ချည်ထည်လေးတွေအား စားပွဲပေါ်တင်ထားကာ ထိုင်စောင့်နေပေမယ့် ယွန်းက ညသန်းခေါင်နားကပ်သည်အထိ ပေါ်မလာ။
ဂုဏ်တံတိုင်း ဆက်မစောင့်နိုင်တော့။ အခန်းထဲက ထွက်လာပြီး လိုက်ရှာတော့မှ အခန်းလွတ်တစ်ခုထဲဝင်ကာ ခွေခွေလေးသွားအိပ်နေသည့် ယွန်းကိုမြင်တော့ သူ့ရင်ထဲ အမျိုးအမည်မသိ ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။
ယွန်းက နှစ်ခြိုက်စွာပင် အိပ်မောကျနေပြီဖြစ်၏။ဂုဏ်တံတိုင်း ယွန်းဘေးတွင် ဝင်လှဲလိုက်ရင်းမှ မျက်နှာလှလှလေးအား ငေးစိုက်ကြည့်နေမိသည်။ ဒီမျက်နှာလေးက ဘယ်အချိန်ကြည့်ကြည့် အေးချမ်းစေသည်။ ဘယ်လောက်ပဲ ပြဿနာရှာရှာ သူ့အနားအမြဲရှိနေတတ်သည့် ယွန်း....။
ပါးမို့မို့လေးကို အသာဖိကပ်နမ်းရှိုက်ရင်း သူ့ရင်တွေသည် တဒိန်းဒိန်းခုန်ပေါက်နေခဲ့သည်။ ထိုညက သူအနမ်းသူခိုးလေး လုပ်မိပါသည်။ ပါးပြင်အိအိလေး....နဖူးပြေပြေလေး....နှာတံစင်းစင်းလေးသာမက နှုတ်ခမ်းဖူးဖူးစိုစိုလေးပါ နေရာလပ်မကျန် သူလိုက်နမ်းနေမိခဲ့သည်။
ရယ်တော့ရယ်ရသား.... ကိုယ့်မိန်းမကိုယ် ခိုးနမ်းနေရတယ်လို့။ ရင်ခုန်ဖို့လဲကောင်းသလို မြတ်နိုးစရာကလဲ ဖြစ်နေပြန်သည်။
မနက်မိုးလင်းလာသည်နှင့် ခါးမှာ လာဖက်ထားသည့် လက်ကြီးကြောင့် ယွန်းမှာ အလန့်တကြားလေးဖြစ်သွားရပါသေးသည်။ ပြီးမှ မောင်ဒီအထိ လိုက်အိပ်တာကိုလဲ စိတ်ထဲကထူးဆန်းပြီး မယုံရဲဖြစ်နေ၏။ ကပျာကယာ ထထိုင်ကာ အိပ်ယာပေါ်မှ ဆင်းလိုက်ပေမယ့်....
" ယွန်း.... "
" ..........."
ယွန်း စကားမပြောချင်ပါ။ မောင် ရက်စက်သမျှ ခံရလွန်းလို့ ယွန်းမှာ မောင့်ကို စိတ်ဆိုးနေသေးသည်။
" မောင် အိပ်ယာပြောင်းရင် မအိပ်တတ်ဘူး...... နောက် အခြားနေရာတွေ လိုက်မအိပ်နဲ့...မောင်လိုက်အိပ်ရတာ အဆင်မပြေဘူး။ "
ဒါက ဘာလဲ.....။
မောင် ယွန်းကို ရှင်းပြတာလဲ မဟုတ်။ ချော့တာလဲ မဖြစ်။
" မောင့်ကို ဘယ်သူမှလိုက်မအိပ်ခိုင်းဘူး......ကိုယ့်ဘာသာ အခန်းပြန်အိပ်ပေါ့။ "
ပြောလိုက်ပြီးမှ ယွန်း စကားက ကလေးဆန်သွားသလား တွေးမိသွားရင်း ပါးလေးရဲခနဲဖြစ်သွားရသေးသည်။
" မောင် ယွန်းဖို့ အဝတ်အစားတွေ ဝယ်လာတယ်... "
ယွန်း ပြန်မဖြေမိပါ။
မောင်ဟာ ဘယ်လိုများထင်နေသလဲ မသိ။ မောင် ယွန်းအပေါ် လျစ်လျူရှုခဲ့ခြင်းဟာ အဝတ်တစ်ထည် လက်ဆောင်လေးတွေပေးပြီး ကျေလည်စရာ ကိစ္စမျိုးများ ထင်နေရော့သလားပင်။
ဂုဏ်တံတိုင်း အခန်းထဲကနေ ထွက်သွားသည့် ယွန်းကိုငေးကြည့်ကာ ကျန်နေခဲ့ရင်းမှ သက်ပြင်းကျိတ်ချမိသည်။ ထိုနေ့ကစပြီး ယွန်းဟာ သူ့ကို ရှောင်နေသည်သာ များတော့သည်။
သူ စကားပြောလျှင်လဲ မသိဟန်ဆောင်နေတတ်သလို တော်ရုံလဲ ပြန်မပြော။ သူ့ဝေယျာဝစ္စတွေကို လစ်ဟင်းခြင်းမရှိအောင် လုပ်ပေးပေမယ့် သူ့အနားတော့ ရောက်မလာတတ်တော့။
အရင်ကဆို သူ့မျက်နှာကို အရိပ်လိုကြည့်နေတတ်သည့် ယွန်း။ သူ ဘာပြောပြော နားထောင်သလို အသံအေးအေးချိုချိုလေးနှင့် ပြန်ရှင်းပြတတ် ချော့မော့တတ်သည်။ ခုတော့ သူ့ကို ဂရုမစိုက်.....။ သူ ဘယ်လိုမှ မနေတတ်ပါ။
@@@@@@@@@@@@
" ယွန်း......"
သူ့ကို မော့ကြည့်လာသည့် မျက်ဝန်းလေးက မှိုင်းနေသယောင်ပင်။ ခြံထဲရှိ ဒန်းလေးပေါ် ထိုင်နေသည့် ယွန်းအနား သူ မသိဟန်ဆောင်ကာ တိုးကပ်ထိုင်မိ၏။
" ယွန်း ဘာလို့ မောင့်ကို စိတ်ဆိုးနေရတာလဲ။ အေးတိအေးစက်ကြီးနဲ့ ....မောင် နေရတာ ဘယ်လိုမှအဆင်မပြေဘူး။ "
သူ့ကို ငေးကြည့်နေသည့် ယွန်း မျက်နှာက ခပ်မဲ့မဲ့လေး ဖြစ်သွားသယောင် ထင်မိ၏။
" မောင်က အဆင်မပြေဘူးလား........အဲ့တော့ မောင် ဘယ်လိုလုပ်ချင်လဲ.....ဘာဖြစ်ချင်လဲ ပြောလေ။ "
လေသံ အေးအေးလေးဖြင့် ပြောလာသည့်စကားက သူ့နှလုံးသားကို ဆွဲကိုင်လှုပ်နှိုးပစ်လိုက်သည်။ ဒီစကားရဲ့ အဓိပ္ပါယ်ဦးတည်ရာက ဘယ်ဆီကို စကားဦးသမ်းနေတာလဲ သူရင်ပူသွား၏။
" ယွန်း ဘာပြောတယ်....."
" မောင် ကွာရှင်းချင်သလားဟင်....."
" တိတ်စမ်း ယွန်း......ခင်ဗျား ဘာပြောနေတာလဲ ။ "
ယွန်းက သူ့ကိုအေးဆေးစွာ ကြည့်နေနိုင်ပေမယ့် သူက မခံမရပ်နိုင် ထရပ်မိပြီး ရင်တွေပူသွားရသည်။
" ယွန်းက မောင်ဆန္ဒရှိသလားလို့ မေးတာပါ။ "
ဂုဏ်တံတိုင်း ယွန်းဘေး စွေ့ခနဲ ပြန်ဝင်ထိုင်ပြန်၏။
" ခင်ဗျား အဲ့လိုကြီးမလုပ်နေပါနဲ့ ယွန်းရာ.......ဘာလဲ ခင်ဗျားက ကျုပ်ကို......မ....မချစ် "
" ယွန်း မောင့်ကိုချစ်တာ မောင်သိပြီးသားပဲလေ......မချစ်ပဲ အမုန်းကြီးမုန်းနေတာက မောင်ပါ။ "
ဂုဏ်တံတိုင်း ငြိမ်ကျသွား၏။ အပြင်ပန်း ငြိမ်ကျသွားပေမယ့် စိတ်ထဲတော့ အတွေးတွေများနေသည်။ ခုရက်ပိုင်း ယွန်းကြောင့် သူ့မှာ အလုပ်လုပ်ရတာ အဆင်တောင်မပြေပါ။
---------------------
လမင်းနောင် ကားကိုမောင်းလာရင်း အကြည့်က လမ်းဘေးထိုးရပ်ထားသည့်ကားပေါ်မှ ဆင်းလာသည့် ယွန်းကိုမြင်၍ ဘေးထိုးရပ်လိုက်သည်။
" ယွန်း......"
" ဟင်......."
သူ့ကို ငေးငေးလေးကြောင်ကြည့်နေတာမို့ သူကပင် စမိတ်ဆက်လိုက်ရသည်။
" ကျွန်တော့်ကို မမှတ်မိဘူးလား ယွန်းရဲ့.....ကားပေါ်ကျလိုက်ငိုပြီး....ကိုဂုဏ်တံတိုင်း ရဲ့ ရုံးခန်းမှာလဲ တစ်ခါတွေ့တယ်လေ။ "
ယွန်း အားနာသလို ပြုံးလိုက်ရင်း နှုတ်ဆက်လိုက်ရသည်။ စျေးကပြန်လာတုန်း ကားပျက်၍ဆင်းအကြည့် လာတွေ့ခြင်းဖြစ်သလို မမှတ်မိသလို ဖြစ်သွားသည့်အတွက် အားနာသွားရသည်။
" ကားပျက်နေတာထင်တယ်......"
" ဟုတ်ကဲ့.....ယွန်း ကားပျက်လို့ဆင်းကြည့်တာပါ။ "
လမင်းနောင် ပြုံးမိသွား၏။
" ကျွန်တော့်ကိုယုံတယ်ဆိုရင် ကျွန်တော် လိုက်ပို့ပေးပါ့မယ်......"
ယွန်း ငေးခနဲ ကြည့်မိသွားရသလို လမင်းနောင်မှာလဲ မျက်နှာမကောင်းသည့် ယွန်းပုံစံလေးကိုကြည့်ရင်း တွေ့တိုင်း မှိန်ဖျော့နေတတ်သည့် သူမလေးမျက်ဝန်းတွေကို သတိထားမိနေသည်။
ဂုဏ်တံတိုင်း ခြံဝထိုးရပ်လာသည့် ကားကြောင့် ပြတင်းပေါက်မှ ဖျတ်ခနဲ လှမ်းကြည့်မိသည်။ ထိုကားပေါ်မှ ဆင်းလာသည့် ယွန်း.....ပြီးတော့ Tashi Group CEO လမင်းနောင်.....။ ယွန်း နဲ့ ဒီလူက ဘယ်လိုသိတာလဲ။ ဂုဏ်တံတိုင်း ရင်ထဲ အပူလှိုင်းလေးဖြတ်စီးသွား၏။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 15
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ