
ထွန်းအောင်သိန်း တစ်ယောက် မန်နေဂျာဖြစ်ပြီး သုံးလလောက်အကြာမှာ …သူဌေးက ခေါ်တွေ့လေသည်။
“ငါတို့ရဲ့ ဒီဂျစ်တယ်မာကတ်တင်းကို အရှိန်မြှင့်ဖို့ လူတစ်ယောက်တော့ ထပ်ခေါ်ချင်တယ်”
“ဟုတ်ကဲ့ ဆရာ ..”
“အေး .. အဲဒါ အမြန်ဆုံးခန့်ဖို့ အင်တာဗျူးကြော်ငြာခေါ်လိုက်ကွာ”
ထွန်းအောင်သိန်းတစ်ယောက် အရင်ဆုံးသတိရမိသူက ဝေယံ။ အခု ဒီကောင်ဘာတွေလုပ်နေသည်မသိ။ အဆက်အသွယ်ပြတ်နေတာလည်း အရင်အလုပ်မှာ အတူတူပြုတ်ခဲ့ပြီးကတည်းက ဖြစ်သည်။ ဒီကောင်က စိတ်ချရသည်။ အလုပ်ပေါ်မှာ လေးစားမှုရှိသည်။ ပြီးတော့သူနှင့်လည်း ပြေလည်တဲ့ဆက်ဆံရေးရှိသည်။ ဒါကြောင့် အင်တာဗျူးကြော်ငြာမခေါ်ခင် သူ့ကို အရင်ကမ်းလှမ်းဖို့ ဆုံးဖြတ်လိုက်၏။
အိမ်မှာ အမ လုပ်သူက ပွစိပွစိလုပ်သဖြင့် ဝေယံတစ်ယောက် စိတ်ညစ်ညစ်နှင့် လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်မှာ ထွန်းအောင်သိန်းက ကြိုရောက်နှင့်နေသည်။
“အခုပဲ ဖုန်းဆက်တော့မလို့”
“ဘာကိစ္စလဲ”
“မင်းကို အလုပ်ပေးချင်လို့”
ဝေယံက သက်ပြင်းတချက်ချလိုက်ပြီး .. ရေနွေးတစ်ခွက်ငှဲ့လိုက်သည်။ ပြီးတော့ သူ့ပုံစံအတိုင်းအေးတိအေးစက်ပုံစံဖြင့် …
“ကျနော် အလုပ်မလုပ်ချင်သေးဘူး”
“မင်းကလည်းကွာ .. ငါနဲ့အတူတူလုပ်ရမယ့်ဟာကို”
ဝေယံက ရေနွေးကို သောက်ခါနီးမှ ရေနွေးခွက်ကိုပြန်ချလိုက်ကာ..
“ခင်ဗျားနဲ့အတူတူဆို ပိုတောင်မလုပ်ချင်သေးတယ်”
“မင်းငါ့ကို ဘာမကျေနပ်တာရှိနေတာတုန်းဟ”
“ဘာမှမရှိပါဘူး။ ခင်ဗျားက အမှတ်သည်းခြေမရှိတာ”
ဝေယံ ဘာကိုဆိုလိုမှန်း ထွန်းအောင်သိန်းရိပ်မိသွားသည်။ အကြောင်းရင်းကတော့ .. အရင်အလုပ်နှစ်ခုမှ ထွန်းအောင်သိန်းနှင့် ဝေယံတို့ အတူတူတွဲလုပ်ခဲ့ဖူးကြသည်။ အဲဒီ ကုမ္ပဏီနှစ်ခုစလုံး အရှုံးပေါ်ပြီး ဖျက်သိမ်းလိုက်ကြရသည်။ အဲဒီနောက်ပိုင်းကတည်းက ဝေယံက ထွန်းအောင်သိန်းနှင့် အလုပ်တစ်ခုထဲအတူတူမလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားသည်။ အခု ထွန်းအောင်သိန်းက လာပြီး အတူတူလုပ်ဖို့ ခေါ်နေသောကြောင့်ပင်။
ထွန်းအောင်သိန်းက …
“မင်းအဲဒီလို အယူအစွဲတွေမထားစမ်းပါနဲ့ဟ .. ဒါက တိုက်ဆိုင်မှုတွေပါကွ”
“ပထမအလုပ်ကတော့ ထားပါတော့ .. တကယ်လည်း ကျနော်တို့ စ ဝင်ကတည်းက ကုမ္ပဏီက ယိုင်နေတာဆိုတော့ .. ဒါပေမဲ့ ဒုတိယကမ္ပဏီလို အစစအရာရာအခြေအနေကောင်းနေတဲ့ ကုမ္ပဏီတောင် ကျနော်တို့ဝင်သွားပြီး လေးလကြာတော့ ဖျက်သိမ်းလိုက်ရတယ်မလား .. ကျနော်တို့ တွဲလုပ်လို့ မဖြစ်ပါဘူးဗျာ”
“ဒီတစ်ခါတော့ အဲဒီလိုမဖြစ်စေရဘူးကွာ”
ဝေယံက ထွန်းအောင်သိန်းကို နားလည်ရခက်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်။ ပြီးတော့ ရေနွေးထပ်ငှဲ့ပြီး ..
“အလုပ်က ဘယ်မှာဆင်းရမှာလဲ”
“သာကေတမှာ”
“ဖယ်ရီရှိလား”
“ရှိတယ်”
“လစာက .. “
“မင်းမျှော်မှန်းသလောက်ပေါ့ကွာ”
တကယ်တော့ ဝေယံက ဘာအလုပ်မှမလုပ်ဘဲ ထိုင်စားမယ်ဆိုလည်း သူ့အိမ်က တင်ကျွေးထားနိုင်သည်။ ဒါပေမဲ့ သူ့အစ်မကတော့ စိတ်လေမှာစိုးလို့ အလုပ်လေးတစ်ခုခုလုပ်စေချင်သည်။ လစာ နည်းနည်းများများ ဝေယံကို တည်တည်ငြိမ်ငြိမ်အလုပ်လေးရှိစေချင်တာပင်။ ဝေယံကတော့ စိတ်ပျော်လျှင်လုပ်သည်။ စိတ်မပျော်လျှင် နှစ်ရက်လောက်ပဲ ဆင်းရသေးပေမဲ့လည်း ထွက်ချင်ထွက်ပစ်တတ်၏။ နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်နှစ်ခုကတော့ ဝေယံ ပျော်သည်။ ဒါပေမဲ့ နှစ်ခုစလုံး ကုမ္ပဏီတွေ ဖျက်သိမ်းကုန်ကြသည်။
ဆိုတော့ အကျဉ်းချုံးပြောရရင် ဝေယံတစ်ယောက် ထွန်းအောင်သိန်းတို့ ကုမ္ပဏီမှာ အလုပ်ဝင်ဖြစ်သည်။ အလုပ်ထဲမှာ ခပ်ချောချောကောင်မလေးတွေကလည်းများ၊ အသွားအပြန်လေးကလည်းအဆင်ပြေတော့ ဝေယံပျော်လာသည်။ ပြီးတော့ အလုပ်ကလည်း တိုးတက်မှုရှိသည်။ ဝေယံဝင်ပြီးတော့မှ ထွန်းအောင်သိန်းက ရာထူးတွေတိုးသည်၊ ဝေယံကလည်း လစာတွေပိုရသည်။
အချိန်တွေက တော်တော်ကြာသွားသည်။ ထွန်းအောင်သိန်းက …
“မင်းကိုငါမပြောဘူးလား .. ငါတို့နှစ်ယောက်အတူတူလုပ်ရင် ကုမ္ပဏီပြုတ်တယ်ဆိုတာ တိုက်ဆိုင်မှုပါလို့”
ဝေယံက ထုံးစံအတိုင်း ချက်ချင်းမတုန့်ပြန်။ ပြီးတော့ ..
“ဒါဆို ရည်းစားလေးဘာလေးထားရင်ကောင်းမလား”
ဝေယံစကားကြောင့် ထွန်းအောင်သိန်း အံ့အားသင့်သွား၏။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်အတူတူလုပ်လာခဲ့တဲ့ တလျှောက်လုံးမှာ ဝေယံက ဘယ်ကောင်မလေးကိုမှ စိတ်ဝင်စားဟန်မပြခဲ့။ အခုမှ ကောက်ကာငင်ကာကြီး ရည်းစားထားဖို့ ထ ပြောတော့ အံ့အားသင့်မယ်ဆိုလည်း သင့်စရာ။
“မင်းတကယ်ပြောနေတာလား”
“တကယ် .. အတည်”
“ကောင်မလေး တွေ့ထားလို့လား”
“အင်း ..”
“ဘယ်ကလဲ..”
“ဒီရုံးကပဲ..”
“လိုက်ကွာ .. ရည်းစားနဲ့အတူတူအလုပ်လုပ်ရတော့ ပိုတက်ကြွတာပေါ့ကွာ”
“အဲဒါ အရေးမကြီးဘူး။ အရေးကြီးတာပြောမလို့”
“ပြော …”
“သူ့ကို လိုက်နေတဲ့ ကာလမှာ အလုပ်လေးနည်းနည်း ဝိုင်းကူလုပ်ပေး”
“စိတ်ချပါဟ”
ဝေယံတစ်ယောက် ရည်းစားရရှိရေးအတွက် စတင်လုံးပမ်းလေတော့သည်။ မန်နေဂျာထွန်းအောင်ငြိမ်းကလည်း စိတ်ချရသည်။ ဝေယံရဲ့ အလုပ်တွေကို လစ်ဟင်းမှုမရှိအောင် ကူညီပေး၏။ တစ်ရက်မှာတော့ သူဌေးက မန်နေဂျာလယ်ဗယ်တွေအားလုံးကို မီတင်ခေါ်လေသည်။ အကြောင်းကတော့ …
“ပြောရမှာတော့ စိတ်မကောင်းစရာပဲ။ ပြီးခဲ့တဲ့ ၃လအတွင်းမှာ ကုမ္ပဏီက ထွက်ငွေတွေအရမ်းများပြီး စံချိန်တင်အရှုံးများခဲ့တယ်။ မအောင်မြင်ခဲ့တဲ့ ပရောဂျက်တွေလည်း တော်တော်များခဲ့တယ်။ ဒါကြောင့် .. ကုမ္ပဏီကို ရောင်းချဖို့ ကြိုးစားခဲ့ရတယ်”
“ဗျာ .. “
“ဘယ်လိုဖြစ်တာလဲဗျာ”
“ဒီလောက် ဝင်ငွေတွေရနေတာကို”
မီတင်ခန်းထဲမှာ တစ်ယောက်တစ်မျိုး မှတ်ချက်တွေ ပေးကြသည်။ သူဌေးက အားလုံးကို လက်ကာပြလိုက်ပြီး …
“အဲဒီလို ရောင်းချဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတယ်”
“ဟာ ..”
“ဟင် ..”
“အို ..”
“ဆက်ပြောရရင် မန်နေဂျာတွေအနေနဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို နစ်နာမှုမရှိအောင်လို့ စီမံပေးစေချင်ပါတယ်။ လုပ်သက်နှစ်အလိုက် လျော်ကြေးပေးဖို့ရယ်၊ သူတို့ကိုအသိပေးဖို့ရယ် အခုလို ခေါ်ပြောတာပဲဖြစ်ပါတယ်။ နောက်တပတ်နေရင် မီတင်ပြန်လုပ်ပါမယ်”
ထွန်းအောင်သိန်းတစ်ယောက် မီတင်ခန်းထဲကနေ ခေါင်းငိုက်စိုက်ကျပြီး ထွက်လာသည်။ ဝေယံ ပြောတာတွေက တကယ်ကြီးမှန်နေပြီလားလို့ စတင်ယုံကြည်လာသည်။ အဲဒီအချိန်မှာပဲ ဝေယံဆီက စာပို့လာသည်။ သူ့ကို ကောင်မလေးက အဖြေပြန်ပေးလိုက်ပြီဆိုတဲ့အကြောင်း၊ အလုပ်တွေကို ပြန်ပြီးအာရုံစိုက်လုပ်နိုင်ပြီဆိုတဲ့အကြောင်းဖြစ်သည်။ ထွန်းအောင်သိန်းကတော့ အင်း တစ်လုံးထဲသာ စာပြန်နိုင်ခဲ့သည်။ သူ့အနေနဲ့ ဝေယံကို ဒီအခြေအနေကို ဘယ်လိုပြန်ပြောရမလဲပင်မသိတော့။
လက်ဖက်ရည်ဆိုင်မှာ နှစ်ယောက်စလုံး တိတ်ဆိတ်နေသည်။ ဝေယံက …
“ကျနော် မပြောခဲ့ဘူးလား”
ထွန်းအောင်သိန်းက ဘာမှမပြော။ ပြီးတော့ တောက်တချက်ပြင်းပြင်းခေါက်လိုက်ပြီး …
“ငါအခု နောက်အလုပ်တစ်ခုလျှောက်ထားတယ်။ ရဖို့လည်းများတယ်”
ဝေယံက ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး ….
“ကျနော့်ကို ခေါ်ဦးမလို့လား”
“အေး ..”
“ဗျာ ..”
ဝေယံနားမလည်နိုင်ဖြစ်သွားသည်။
“ဘာလို့ ကျနော့်ကို ခေါ်ချင်တာလဲ”
“အခုငါအလုပ်လျှောက်ထားတဲ့ ကုမ္ပဏီက ငါ့ရည်းစားဟောင်းရဲ့ ယောကျ်ားပိုင်တဲ့ကုမ္ပဏီ။ အဲဒီကုမ္ပဏီက ယိုင်နဲ့နဲ့ဖြစ်နေပြီ”
ဝေယံ သဘောပေါက်သွားသည်။
“ခင်ဗျား .. တော်တော်ယုတ်မာတာပဲ”
ထွန်းအောင်သိန်းအရင် အလုပ်ရသည်။ ပြီးတော့ ဝေယံကို ရအောင်ခေါ်ခန့်သည်။ သူတို့နှစ်ယောက် တစ်ကုမ္ပဏီထဲမှာ လေးကြိမ်မြောက် အတူတူလုပ်ဖြစ်ကြ၏။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ လုပ်သက်က လေးနှစ်တောင်ကျော်လာခဲ့ပြီး ကုမ္ပဏီကလည်း ရုံးခွဲပေါင်းမြောက်များစွာဖြစ်လာသည်။ ထွန်းအောင်သိန်းက အထွေထွေမန်နေဂျာချုပ်ဖြစ်လာပြီး ဝေယံက လက်ထောက်မန်နေဂျာအထိ ရာထူးတိုးလာသည်။ သူတို့ .. အဆိုပါ လေးနှစ်အတွင်း .. ကုမ္ပဏီပြုတ်သွားရေးသာ … အစဉ်တစိုက်အားထုတ်နေခဲ့ကြတာဖြစ်ပေမဲ့ အခုတော့ ကုမ္ပဏီက တစတစ ကြီးထွားလာသည်။
“ကျနော်တို့ရဲ့ ကျိန်စာလွတ်ပြီထင်ပါတယ်”
“အေးကွာ .. ငါလခွမ်း ပြုတ်စေချင်တဲ့ ကုမ္ပဏီကျမှ ပိုတောင်တိုးတက်လာနေသေးတယ်”
ဒါပေမဲ့ သူတို့ကျိန်စာက အကုန်အစင်မလွတ်သေးပါ။ အကြောင်းရင်းကတော့ ..
ကုမ္ပဏီရုံးခန်းထဲမှာ ထွန်းအောင်သိန်းရော၊ ဝေယံပါ ကျုံ့ကျုံ့လေး ထိုင်နေကြသည်။ သူဌေးဖြစ်သူက ..
“ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ .. ကျနော် ခင်ဗျားတို့ကို လျော်ကြေးပေးပြီးထုတ်ရလိမ့်မယ်”
“ဘာလို့လဲဗျ”
“ကျနော့် မိန်းမလေ .. သူ့ မောင်တွေအစ်ကိုတွေကို ဒီရုံးမှာ ခန့်ချင်လို့တဲ့။ အခုက ရုံးမှာက နေရာလွတ်ကလည်းသိပ်မရှိတော့ ခင်ဗျားတို့နေရာမှာပဲ သူတို့ကို ထည့်မလို့”
ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ ထွန်းအောင်သိန်းနဲ့ဝေယံ တို့ ထိုင်နေကြသည်။
အဝတ်အစားခပ်သန့်သန့်နဲ့ အသက် ၅၀ အရွယ်လူကြီးတယောက်က သူတို့ဝိုင်းမှာ ဝင်ထိုင်၏။
“မင်းတို့ အလုပ်ပြုတ်သွားကြတယ်ဆို”
“ဟုတ်တယ်..”
“ငါ့ဆီမှာ လုပ်မလား”
“ဘာအလုပ်လဲ”
“ငါ့အလုပ်ကတော့ ဖျက်သိမ်းသွားတဲ့ ကုမ္ပဏီတွေရဲ့ ရုံးခန်းက ပစ္စည်းတွေကို အောက်ဈေးနဲ့ လိုက်ဝယ်တဲ့အလုပ်ပဲ”
“ကျနော်တို့ ဘာလုပ်ရမှာလဲ”
“ဘာမှလုပ်စရာမလိုဘူး။ ငါတို့လျှောက်ခိုင်းတဲ့ ကုမ္ပဏီမှာ မင်းတို့နှစ်ယောက်တွဲအလုပ်လျှောက်ပေးဖို့ပဲ”
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg