ကဝေပျံရှင်နှောင်း - အတွဲ (၂) အပိုင်း(၅)
lotaya.mpt.com.mm
|
2023-03-24

အပိုင်း (၅)

ထင်းခုတ်သမားနှစ်ယောက်သီချင်းကလေးတကြော်ကြော်ဟစ်ကျွေးလျှက်တောအုပ်အတွင်းသို့ဝင်လာ

ကြသည်။ တစ်ဦးမှာ အသက်ကြီးကြီးနှင့်ဖြစ်ပြီး နောက်တစ်ဦးမှာ အသက်ငယ်ရွယ်သည့် လူငယ်တစ်ဦးဖြစ်သည်။ သူတို့လဲ လမ်းလျှောက်လာကြရင်း သစ်ပင်ကြီးတစ်ပင်နားသို့ရောက်လာကြသည်။

"အဘရေ၊ ဒီဘက်ကတောကြီးက အပင်တွေထူလို့ဗျ၊ ကျုပ်တို့လိုချင်တဲ့သစ်ကောင်းဝါးကောင်းတွေရမှာပဲ"

လူငယ်ကပြောလိုက်သည့်အခါတွင် လူကြီးက ထိုလူငယ်၏လက်ကိုလှမ်းဆွဲလိုက်သည်။

"အဲဒီသစ်တောနဲ့ဝေးဝေးနေစမ်းပါငါ့သားရဲ့၊ ဟိုမှာကြည့် အဲဒီသစ်တောကြီးအဝင်၀မှာ အမှတ်အသားတွေလုပ်ထားတယ်မဟုတ်လား"

ထိုတော့မှ ထိုလူငယ်လဲ ထိုသစ်တောရှိသစ်ပင်ကြီးတစ်ခုထံတွင် ရေးမှတ်ခုတ်ထစ်ထားသည့် အမှတ်အသားများကိုတွေ့ရသည်။ 

"အဲဒါဘာလို့ရေးထားတာလဲအဘ"

"မင်းကအတွေ့အကြုံနုသေးတော့ ကြိုပြောထားရအုံးမယ်၊ အဲဒီသစ်တောကြီးဘက်ကို ခြေဦးတောင်မလှည့်မိစေနဲ့နော်၊ အဲဒီသစ်တောကို မှော်ရုံတောလို့ခေါ်တယ်ကွ၊ အဲဒီသစ်တောကြီးထဲမှာ စုန်းမှော်တွေရှိတယ်"

"စုန်းမှော်တွေ ဟုတ်လားအဘ"

"အေး၊ သူတို့ဘာလဲဆိုတာတော့ ဘယ်သူမှမသိကြဘူးလေ၊ ဒါက သူတို့ကိုရွာသားတွေပေးထားတဲ့ နာမည်ပေါ့"

"သူတို့ရှိတာရှိတာပဲလေ၊ ကျုပ်တို့က သစ်ခုတ်ဖို့လာတာမဟုတ်လား"

"သားကလဲကွာ၊ သစ်ခုတ်ဖို့မပြောနဲ့ အဲဒီတောအုပ်ထဲကို ဝင်တောင်မဝင်ရဲကြဘူးကွ၊ အဲဒီတောအုပ်ထဲကိုဝင်သွားတဲ့လူတွေဟာ တောကြီးအတွင်းမျက်စိလည်နေတတ်ကြတယ်၊ နောက်ပြီးတော့ အဲဒီစုန်းမှော်တွေနဲ့တွေ့ရင် စုန်းမှော်တွေက အဲဒီလူရဲ့ အသွေးအသားတွေကို အစိမ်းလိုက်စားသောက်တတ်ကြတယ်၊ နောက်တော့ အဲဒီလူရဲ့ဦးခေါင်းကိုဖောက် ဦးနှောက်တွေကို စုပ်သောက်ကြသတဲ့၊ အဘတောင်ပြောရင်း ကျောချမ်းလာပါပြီ၊ လာပါလူလေးရယ်၊ အဲဒီဘက်ကိုမသွားစမ်းပါနဲ့"

ထိုလူကြီးက တစ်ဖက်သစ်တောသို့ဝင်သွားသည့်အခါ လူငယ်လဲ မှော်ရုံတောကြီးကိုတစ်ချက်ကြည့်ပြီးနောက် ထိုလူကြီးနောက်လိုက်သွားလေသည်။

အခန်း (၁၀)

ရှင်နှောင်းရောက်ရှိနေသည်က ထိုမှော်ရုံတောကြီးအတွင်းပင်ဖြစ်သည်။ ရှင်နှောင်းကိုမည်သူမျှ ထိုတောအုပ်အကြောင်းမပြောကြသဖြင့် မှော်ရုံတောမှန်း ရှင်နှောင်းမသိပေ။ ရှင်နှောင်းက တောထဲရှိ စမ်းချောင်း၊ ရေတံခွန်နှင့် ကျောက်ဖျာကြီးရှိသည့်နေရာတွင် နေထိုင်ကာ မှော်အတတ်ပညာများကို လေ့လာသင်ကြားနေသည်။ 

ညရောက်ပြီဖြစ်သည်။ တစ်နေ့လုံး ကျေးငှက်သာရကာများ၊ တောရိုင်းသားကောင်များ၏အော်သံများနှင့် ဆူညံနေခဲ့သည့် သစ်တောကြီးမှာ ညနေအရောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့အတူ တောအုပ်အောက်ခြေသစ်ပင်များ ကြားတွင် မြူကဲ့သို့ အမှုန်လေးများရစ်ဆိုင်းလာကာ ဝေဝါးလာသည်။ ရှင်နှောင်းလဲ ထိုကျောက်ဖျာကြီးပေါ်တွင် ထိုင်နေရင်းကြည့်နေမိသည်။ အမှောင်ထုက အုပ်ဆိုင်းလာခဲ့သည်။ မကြာခင်တွင် သစ်ပင်များခြေရင်းတွင် အစိမ်းရောင်အလင်းကလေးများပေါ်ထွက်လာသည်။ ထိုအစိမ်းရောင်အလုံးကလေးများတစ်လုံးပြီး တစ်လုံးပေါ်လာပြီး တောအုပ်အတွင်း အများကြီးဖြစ်ပြီး ပျံ့နှံ့သွားသည်။ ရှင်နှောင်းလဲထိုအစိမ်းရောင်ကလေးများ ထွန်းလင်းနေသည်ကို လှပသဖြင့်ထိုင်ကြည့်နေမိသည်။

"ပိုးစုန်းကြူးလေးတွေများလား"

သူကြည့်နေစဉ် ထိုအစိမ်းရောင်မီးလုံးကလေးများသည် အနီရောင်များအဖြစ်သို့ချက်ခြင်းပြောင်းလဲသွားသည်။ ထို့အတူ တစ်တောလုံးလဲတောတိုးသံများနှင့် ဆူညံနေသည်။

"တစ်ခုခုတော့မှားနေပြီ"

ထိုအချိန်တွင် ရေတံခွန်အနားတွင် မျက်လုံးအနီကြီးကိုမြင်တွေ့လိုက်ရပြီးနောက် ထိုမျက်လုံးအနီကြီးက သူ့ကိုကြည့်နေသည်။ မကြာခင်တွင် ထိုမျက်လုံးကြီးမှာ လရောင်အောက်သို့ထွက်လာခဲ့ရာ မည်းနက်နေသည့် ခွေးနက်ကြီးတစ်ကောင်ဖြစ်နေသည်။

ထိုခွေးကြီးက မိုးပေါ်သို့ကြည့်ပြီး အူသံရှည်ကြီးနှင့် အူလိုက်သည်။

"အူ၊ ဝူ၊ ဝု၊ ဝူး"

ခွေးအူသံကြီးပြီးသွားသည့်အခါတွင် တောအုပ်ချုံပုတ်များအတွင်းမှ အကောင်လေးများပြေးထွက်လာကြသည်။ ထိုအကောင်လေးများမှာ ခေါင်းသာပါပြီး ထိုခေါင်းတွင်လဲ မျက်လုံးအနီကလေးနှစ်လုံးက ဝင်းလက်တောက်ပနေသည်။ တစ်ကိုယ်လုံးအကြည်ရောင်နှင့်ထိုအကောင်လေးများမှာ တောအုပ်အတွင်းမှ ပျံသန်းထွက်လာကြပြီးနောက် ရှင်နှောင်းကိုယ်လုံးပေါ်သို့ တွယ်ကပ်ကြသည်။ သူတို့တွယ်ကပ်သည့်အခါတွင် အေးစက်ပြီး ပျော့အိသည့် အထိအတွေ့ကိုရလိုက်သည်။

"ဘာတွေလဲ၊ နင်တို့ကဘာတွေလဲ"

ရှင်နှောင်းလက်တွင် ဆစ်ခနဲနာကျင်သည့် ဝေဒနာများကိုခံစားရသည်။ ထိုအကောင်ကလေးများက ရှင်နှောင်းကိုတွယ်ကပ်ပြီးနောက် ရှင်နှောင်းကိုယ်မှသွေးများကို စုပ်ယူနေကြသည်။ 

"သွားစမ်း"

ရှင်နှောင်းက မီးတောက်များကို ဖန်တီးလိုက်ပြီးနောက် ထိုအကောင်ကလေးများကိုပစ်ခတ်လိုက်သည်။ ထိုအကောင်ကလေးများမှာ အသံစူးစူးဝါးဝါးအော်ဟစ်ပြီးသည့်နောက် ထွက်ပြေးကြသည်။ သို့သော် မရေမတွက်နိုင်အောင် များပြားသည့် အကောင်ကလေးများမှာ တောအုပ်အတွင်းမှပျံထွက်လာကြပြန်သည်။

ရှင်နှောင်းက လက်နှစ်ဖက်အတွင်း မီးလုံးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဖောက်ခွဲလိုက်သည်။ မီးတောက်မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးနောက် ထိုအကောင်လေးများကို ထိခိုက်သွားရာ ဟစ်အော်ထွက်ပြေးသည့်အကောင်က ထွက်ပြေးကြသည်။ မီးလောင်ပြီးပြုတ်ကျသည့်အကောင်လေးများက ပြုတ်ကျကုန်ကြသည်။

"လာလေ၊ နင်တို့ဘာကောင်တွေလဲ ရှင်နှောင်းအကြောင်းကိုသိသွားမယ်"

ထိုအချိန်တွင် ခွေးကြီးကရှင်နှောင်းဆီသို့ပြေးလာသည်။ ရှင်နှောင်းမီးတောက်များနှင့် ပစ်ပေါက်တိုက်ခိုက်သော်လည်း ထိုခွေးကြီးမှာ မိုးပေါ်ပျံသွားပြီးနောက် အခိုးအငွေ့သဖွယ်ပျံသန်းနေကာ ရှင်နှောင်းအနားသို့ရောက်လာသည်။ ကျောက်ဖျာကြီးပေါ်သို့ ထိုအခိုးအငွေ့က ကျသွားသည့်အခါတွင်တော့ အဘွားကြီးတစ်ယောက်အဖြစ်ပုံပြောင်းသွားသည်။ ရှင်နှောင်းက မီးတောက်မီးလျှံများကို ပစ်ခတ်ရန်အဆင်သင့်လုပ်ထားရင်း မေးလိုက်သည်။

"ရှင်ဘယ်သူလဲ"

"မင်းက ငါပိုင်တဲ့တောနက်ထဲကိုလဲလာတယ်၊ ငါ့ရဲ့လက်အောက်ခံတွေကိုလဲ သတ်တယ်၊ မင်းဘယ်သူလဲ၊ ဘာအကြောင်းနဲ့လာတာလဲဆိုတာကို ငါကပြန်မေးရမှာ"

"ကျုပ်နာမည်ရှင်နှောင်း၊ ကျုပ်ဒီတောထဲကိုလာရတာက မှော်အစွမ်းတွေကို လေ့ကျင့်ဖို့အတွက်လာခဲ့တာ"

ထိုအဘွားကြီးမှာ ပိန်ရှည်ရှည်ကြီးဖြစ်သည်။ အသားတွေက အစိမ်းရောင်ဖန့်ဖန့်ဖြစ်ပြီး တစ်ကိုယ်လုံးလဲ အရိုးအပြိုင်းပြိုင်းနှင့်ဖြစ်သည်။ ရှည်လျားလှသည့် မျက်နှာကြီးရှိပြီး နားရွက်ရှည်ကြီးတွေကလဲတွဲကျနေသည်။ ထိုနားရွက်များ၏ထိပ်တွင် နားဋောင်းအကြီးကြီးကိုလဲ ဝတ်ဆင်ထားသည်။ ဖြူဖွေးလှသည့်ဆံပင်တွေက မိုးပေါ်သို့ထောင်တက်နေသည်။

"မဖြစ်နိုင်ဘူး၊ မင်းဟာ တစ်ခြားသူတွေလိုပဲ ရတနာတွေကို လာရှာတဲ့သူပဲဖြစ်မယ်"

"ဘာရတနာလဲ ကျုပ်ဘာမှမသိဘူး"

"ခံငြင်းမနေနဲ့တော့၊ ထုံးစံအတိုင်း မင်းနဲ့ငါနဲ့တိုက်ခိုက်ကြတာပေါ့၊ ငါနိုင်ရင် မင်းရဲ့အသက်ကို ငါယူမယ်"

ထိုသို့ပြောရင်း ထိုအဘွားကြီးက ရှင်နှောင်းအား မှော်စွမ်းအင်များနှင့် ပစ်ခတ်သည်။ ရှင်နှောင်းက အကာအကွယ်အဖြစ် မှော်စက်ဝန်းတစ်ခုကို ဖန်တီးလိုက်သော်လည်း အဘွားကြီးပစ်သည့် မှော်စွမ်းအင်ကို မကာနိုင်ဘဲ ရှင်နှောင်းကိုထိကာ လွင့်ထွက်သွားသည်။

"ဟား၊ ဟား၊ နင်ငါ့အစွမ်းတွေကို ကာကွယ်လို့ရမယ်လို့ထင်နေတာလား"

အဘွားကြီးက ညာဘက်လက်အတွင်း မီးခိုးရောင်အလုံးကြီးတစ်ခုကို ဖန်တီးကာ ပစ်ခတ်လိုက်ပြန်သည်။ ရှင်နှောင်းလဲ ကာကွယ်မှုအတွက် ရွတ်ဖတ်မှုတစ်ခုနှင့် ကာကွယ်လိုက်ပြန်သည်။ သို့သော် ထိုမီးခိုးရောင်အလုံးကြီးကို မကာကွယ်နိုင်ဘဲရှင်နှောင်းအား တိုက်ရိုက်ထိသွားသည်။

ရှင်နှောင်းအတော်ဝေးဝေးသို့လွင့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့်တိုက်မိသွားသည်။ ရှင်နှောင်းပြန်ကုန်းထလိုက်သည်။ သူ့ပါးစောင်တွင် သွေးတွေစီးကျလာသည်။

"ကျုပ်အလှည့်"

ရှင်နှောင်းက လက်နှစ်ဖက်ကိုပူးကပ်လိုက်ပြီးနောက်

"ငရဲမီးလျှံထွက်စေ"

သူ့လက်နှစ်ချောင်းထိပ်မှာ မီးတောက်မီးလျှံအတန်းကြီးက အဘွားကြီးထံသို့ပြေးဝင်သွားသည်။ အဘွားကြီးက အလွယ်တကူပင် စမ်းချောင်းကလေးရှိရေအောက်သို့ခုန်ချပြီးရှောင်ရှားလိုက်သည်။.

ရှင်နှောင်းကလဲ အချိန်မဆိုင်းဘဲ တိုက်ကွက်အသစ်တစ်ခုပြောင်းလိုက်သည်။

"ချော်ရည်မီးတောက်ထွက်စေ"

လက်နှစ်ချောင်းထိပ်မှာ စေးကပ်နီရဲနေသည့် ချော်ရည်ပူများပန်းထွက်လာခဲ့သည်။ ရှင်နှောင်းက စမ်းချောင်းကလေးထဲသို့ လက်ညှိုးညွှန်လိုက်ရာ ချော်ရည်များစမ်းချောင်းထဲကျဆင်းသွားသည်။ စမ်းချောင်းရေများက ပွက်ပွက်ဆူလာပြီးနောက် ချော်ရည်များ၏ အပူချိန်က ပြင်းလွန်းသဖြင့် ရေများအငွေ့ပျံထွက်ကုန်သည်။ 

နောက်ဆုံးစမ်းချောင်းကလေးမှာ ချော်ရည်အခဲများနှင့် ပြည့်နှက်သွားတော့သည်။ အဘွားကြီးကိုရှာမတွေ့တော့သဖြင့် ရှင်နှောင်းလဲရပ်တန့်လိုက်သည်။ စမ်းချောင်းအနားသို့တိုးကပ်သွားပြီးနောက် အဘွားကြီးကိုရှာဖွေနေမိသည်။

"ဟား၊ ဟား" 

အဘွားကြီးက အော်ဟစ်လိုက်ပြီး စမ်းချောင်းအတွင်းရှိ ချော်ရည်ခဲများကြားမှ ခုန်ထွက်လာသည်။ 

"အံ့ဩသွားသလား"

"ရှင်၊ ဘယ်လိုဖြစ်ပြီးတော့ ရှင်ဘာမှမဖြစ်တာလဲ"

အဘွားကြီးက ပြန်မပြောတော့ဘဲ ရှင်နှောင်းအား မီးခိုးရောင်မှော်လုံးများနှင့် လေးငါးလုံးဆက်တိုက်ပစ်ခတ်လိုက်သည်။ ရှင်နှောင်းလဲ ပိတုန်းအသွင်ကို ပြောင်းလိုက်ကာ ပျံသန်းပြီး ရှောင်ရှားလိုက်သည်။

"ဟား၊ နင်က မဆိုးဘူးပဲ၊ ဟုတ်ပြီ၊ နင့်ကိုငါမသတ်ဘူး၊ ငါအရှင်ဖမ်းမယ်၊ ပြီးတော့ ငါ့နေရာမှာ နင့်ကိုအစားထိုးမယ်၊ ဒါဆိုရင်တော့ ငါလွတ်ပြီ ကျွတ်ပြီဟေ့"

ထိုသို့ပြောပြီး ရှင်နှောင်းနောက်သို့ ခွေးပုံစံပြောင်းကာ ပြေးလိုက်ခဲ့သည်။ ရှင်နှောင်းလဲ ပိတုန်းပုံစံပြောင်းကာ ပြေးလွှားနေရသော်လည်း ခွေးကြီးက သူ့ကိုတစ်ချက်တစ်ချက် လှမ်းပြီးခုန်ကိုက်သေးသည်။

ပြေးလွှားရတာကြာလာတော့ ရှင်နှောင်းလဲ မဟန်တော့။ ပိတုန်းပုံစံပြောင်းရခြင်းကို လေ့ကျင့်သားမရှိသေးသဖြင့် သိပ်ကြာကြာမပြောင်းနိုင်တော့ပေ။ သို့နှင့်မကြာခင်တွင် လူပုံအဖြစ်ပြန်ပြောင်းလဲသွားပြီးနောက် မိုးပေါ်မှအောက်သို့ပြုတ်ကျသွားသည်။ ပြုတ်ကျသည့်အချိန်တွင်လဲ သစ်ပင်နှစ်ပင်၊ သုံးပင်နှင့် တိုက်မိကာ လဲကျသွားသည်။

ခွေးကြီးကလဲ တစ်ပြိုင်နက် ရှင်နှောင်းကိုခုန်အုပ်လိုက်ပြီးနောက် သူ့ပါးစပ်ကြီးကိုဖြဲလိုက်ကာ ရှင်နှောင်းမျက်နှာကိုအပေါ်စီးမှကြည့်ပြီး စွမ်းအင်တစ်ခုနှင့်အော်ဟစ်လိုက်လေသည်။ ထိုအော်သံက ထူးဆန်းနေသည်။ ရှင်နှောင်းတစ်ကိုယ်လုံးပေါ့ပါးသွားပြီးနောက် လွင့်ထွက်သွားမလိုဖြစ်နေသည်။ သူ့ဝိညာဉ်က သူ့ရုပ်အတွင်းမှ လွင့်ထွက်သွားတော့မလိုဖြစ်နေသည်။ ရှင်နှောင်းလဲ ကျန်နေသည့်အားအင်များကို စုစည်းပြီးနောက်

"မီးလက်ဝါး"

ထိုသို့အော်လိုက်ပြီး ခွေးကြီး၏ ပါးစပ်အတွင်းသို့လက်ဝါးနှင့် နှိုက်လိုက်သည်။ ရှင်နှောင်းလက်ဝါးများမှာ မီးတောက်မီးခဲများကဲ့သို့ ရဲရဲနီနေသဖြင့် ခွေးကြီးမှာ အလွန်ပူလောင်သွားပုံရသည်။ ထိုအချိန်မှာပင် ရှင်နှောင်းက နောက်ထပ်မီးတောက်တစ်ခုကိုဖန်တီးလိုက်ပြီးနောက် ခွေးကြီး၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

"ကိန်၊ ဂိန်"

ခွေးကြီးမှာ မြေပြင်တွင်လူးလိမ့်နေပြီးနောက် အဘွားကြီးပုံစံအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားနေသည်။ ရှင်နှောင်းက ထိုအဘွားကြီးအား အဆုံးသတ်ပေးရန်အတွက် ပြင်ဆင်နေစဉ်

"နေအုံး၊ ရပ်လိုက်စမ်း"

အသံများကြားသဖြင့် ကြည့်လိုက်ရာ ထိုအဘွားကြိးကဲ့သို့ အဘွားကြီးနှစ်ယောက်ကို တွေ့လိုက်ရသည်။

"ရှင်တို့ကဘယ်သူတွေလဲ"

"ငါတို့က မှော်ရုံတောမှာ အစောင့်ကျနေတဲ့ စုန်းညီအမသုံးဖော်ပဲ"

ရှင်နှောင်းက သူတို့ကိုပါ တိုက်ခိုက်ရန်အသင့်ပြင်ထားသည်။ ထိုအခါ စုန်းမကြီးနှစ်ဦးအနက်မှ တစ်ဦးက

"အမတော်၊ ဒီမိန်းကလေးက ညီမထွေးကိုတောင် နိုင်တယ်ဆိုတော့ မဟုတ်မှလွဲရော၊ ရှေ့ဖြစ်ဟောထားတဲ့အတိုင်းများ ဖြစ်နေမလား"

မြေပြင်တွင်လူးလိမ့်နေသည့် စုန်းမကြီးက တဖြည်းဖြည်းထလာပြီးနောက် ထိုစုန်းမကြီးများအနောက်တွင် သွားရပ်လိုက်သည်။ သူတို့သုံးယောက်တွင် အမတော်ဟု အခေါ်ခံရသည့်စုန်းမကြီးက ဆံပင်ကြီးများဖြူလျှက် ထိုဆံပင်ဖြူကြီးများမှာလဲ ဒူးဆစ်လောက်အထိ ကျနေသည်။

"ငါ့ညီမထွေး ရိုင်းပြခဲ့တဲ့အတွက် မင်းကိုငါတောင်းပန်ပါတယ်"

"ကျုပ်ပြောပြီးသားပဲ၊ ကျုပ်က ဒီကိုလာတယ်ဆိုတာ ဘာရတနာကိုမှ ရှာဖို့မဟုတ်ဘူး၊ ကျုပ်လာတာက မှော်ပညာတွေ လေ့ကျင့်ဖို့လာခဲ့တာ"

ရှင်နှောင်းက ထိုသို့ပြောပြီး သူ့ကိုယ်ပေါ်တွင် ပေနေသည့် ဖုန်မှုန့်များကို လက်နှင့်ပွတ်ကာ သုတ်သင်နေသည်။

"ဒါဆိုရင် မိန်းကလေး၊ မင်းငါတို့နောက်ကို လိုက်ခဲ့နိုင်မလား၊ ငါတို့မင်းကိုတစ်ခုမေးစရာရှိလို့"

"ရှင်တို့သုံးယောက်ပေါင်းပြီး ကျုပ်ကိုတစ်ခုခုကြံဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူးမိန်းကလေး၊ မင်းကို ဘာမှမလုပ်ဘူးလို့ ငါကတိပေးပါတယ်"

"ဒါဆိုရင်လဲဒီမှာမေးလေ"

စုန်းမကြီးသုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အကြီးဆုံးစုန်းမကြီးက

"ဒါဆိုရင်လဲ မမေးတော့ပါဘူးမိန်းကလေး၊ မင်းသွားလို့ရပြီ"

ရှင်နှောင်းလဲလှည့်ပြန်ခဲ့သည်။ တော်တော်လှမ်းလှမ်းယောက်တော့ သူ့နောက်ကနေလှမ်းအော်ခေါ်သံကိုကြားလိုက်ရသည်။

"မိန်းကလေးရှင်နှောင်း"

နာမည်ခေါ်သဖြင့် ရှင်နှောင်းလဲ ရုတ်တရက်လှည့်ကြည့်လိုက်ရာတွင် သူ့ရှေ့တွင် စုန်းမကြီးတစ်ယောက် ဘွားခနဲပေါ်လာပြီးနောက် သူ့ကို အဖြူရောင်အမှုန်များနှင့်မှုတ်လိုက်တော့သည်။ ရှင်နှောင်းလဲ ထိုအမှုန်များနှင့် ထိတွေ့ပြီးသည့်နောက် မေ့မြောသွားတော့သည်။

အခန်း (၁၁)

အေးစက်သည့်အထိအတွေ့ကြောင့် ရှင်နှောင်းနိုးထလာခဲ့သည်။ သူရောက်နေသည့်နေရာကို လှည့်ပတ်ကြည့်လိုက်ရာ ကျောက်ဂူကြီးတစ်လုံးအတွင်း ဖြစ်နေသည်။ သူ့ဘေးနားတွင်တော့ စုန်းမကြီးသုံးယောက်က မတ်တပ်ရပ်နေကြသည်။

"ရှင်တို့၊ ရှင်တို့ဘာလုပ်လိုက်ကြတာလဲ"

"မင်းကိုတောင်းပန်ပါတယ် မိန်းကလေး၊ ဒီလိုလုပ်မှဖြစ်လို့ လုပ်လိုက်တာပါ"

ထို့နောက် သူတို့သုံးယောက်က ရှင်နှောင်းကို တစ်နေရာကိုလက်ညှိုးထိုးပြလိုက်သည်။ ကျောက်သားနှင့်လုပ်ထားသည့် ထိုင်ခုံကြီးတစ်ခုဖြစ်ပြီး ထိုခုံကြီးပေါ်တွင် လူတစ်ယောက်က ငုတ်တုတ်ကြီးထိုင်နေလေသည်။ ထိုလူ၏လက်တွင်လဲ ဓားကောက်တစ်ချောင်းကို ကိုင်ထားပြီး ထိုလူက မမှိတ်မသုန်နှင့်ထိုင်နေသည်။

ရှင်နှောင်းလဲ မတ်တပ်ရပ်လိုက်ပြီး ထိုလူကြီးအနားသို့ လျှောက်သွားသည်။

"ရှင်၊ ရှင်ကဘယ်သူလဲ"

ထိုအခါ စုန်းမကြီးများက ရယ်မောကြသည်။ 

"သူက ငါတို့သခင်၊ သူကသေနေတာ ကြာလှပြီ"

"ဒါပေမယ့် သူ့ဆံပင်လေးတွေ၊ သူ့အသားတွေက လတ်ဆတ်နေတုန်းပဲနော်"

"မင်းသိအောင်ပြောပြရမယ်ဆိုရင် ငါ့နာမည်က လီဇား၊ ဒီခုံမှာ ထိုင်နေတဲ့သူက ငါတို့အရှင်ကြီး အိုဒူခန်း"

ရှင်နှောင်းက ဆက်နားထောင်နေလိုက်သည်။

"အိုဒူခန်းဆိုတဲ့ ဘုရင်ကြီးရဲ့လက်အောက်မှာ ငါတို့က အကြံပေးအဖြစ်လုပ်တယ်၊ ငါကတော့ သူ့ရဲ့လက်စွဲတော် စုန်းမကြီးပေါ့''

အကြီးဆုံး စုန်းမကြီးက ထိုသို့ပြောရင်း ရှင်နှောင်းအနားသို့လျှောက်လာသည်။

"မွန်ဂိုအင်ပါယာကြီး အချိန်ကောင်းနေတဲ့အချိန်မှာ ငါတို့ကို ဒီအောက်ဘက် မြန်မာပြည်ကိုတိုက်ခိုက်ဖို့ စေလွှတ်ခဲ့တာပေါ့လေ၊ ငါတို့တိုက်ခိုက်ပြီးအပြန်မှာ အိုဒူခန်းရဲ့ နောက်ဆုံးအချိန်ရောက်တော့မယ်ဆိုတာကိုသိလိုက်တယ်၊ ဒါနဲ့ရတနာတွေကို ဒီမှာထားခဲ့ပြီးတဲ့နောက် အိုဒူခန်းက ကျိန်စာတစ်ခုကို ပြုလုပ်ခဲ့တယ်"

"ဘာကျိန်စာလဲ"

"သူသေပြီးသွားပေမယ့်၊ နောက်ဘ၀ရောက်သွားလို့ သူဒီကိုပြန်လာခဲ့မယ်ဆိုရင်၊ ဒီအရာတွေကို သူပြန်လာယူမယ်တဲ့"

"အဲဒီတော့"

"အဲဒီတော့ ဒီကမိန်းကလေးရှင်နှောင်းကို ကျုပ်တို့က အိုဒူခန်းလို့ ယူဆတယ်"

ရှင်နှောင်းလန့်သွားသည်။

"မဖြစ်နိုင်တာရှင်"

"ဖြစ်နိုင်ပါတယ်မိန်းကလေး၊ တကယ်လို့ အိုဒူခန်းအစစ်ဆိုရင် ငါတို့သုံးယောက်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါတို့ကတွက်ချက်ပြီးသားပါ၊ အခု မင်းက ငါ့ညီမထွေးကို အနိုင်ယူခဲ့ပြီမဟုတ်လား"

"ဒါပေမယ့် ကျုပ်က အခုမိန်းကလေးမဟုတ်လား"

"ဒါတွေထားလိုက်ပါ၊ မင်းကို ငါတို့က အိုဒူခန်းအစစ်ဟုတ်မဟုတ် စမ်းသပ်မယ်"

"တကယ်လို့ဟုတ်ခဲ့တယ်ဆိုရင်ရော"

"ဟုတ်ခဲ့တယ်ဆိုရင် မင်းကိုငါတို့ဒူးထောက်မယ်၊ ပြီးတော့ ငါတို့မင်းကိုတစ်ခုတောင်းဆိုမယ်"

ရှင်နှောင်းခေါင်းညိတ်လိုက်ပြီး

"ဒါနဲ့မဟုတ်ခဲ့ဘူးဆိုရင်ရော"

"မဟုတ်ဘူးဆိုရင်တော့  မင်းကို ငါတို့ဒီတောအုပ်ထဲကနေ ပြန်လွှတ်ပေးမယ်"

"ကောင်းပြီလေ၊ အခုဘာလုပ်ရမှာလဲ"

"သူ့လက်ထဲက ဓားကို မင်းဖြုတ်လိုက်ပါ၊ မင်းသာ အိုဒူခန်းအစစ်ဆိုရင် မင်းဖြုတ်လို့ရမှာသေချာတယ်"

ရှင်နှောင်းလဲ အနားသို့တိုးကပ်သွားလိုက်သည်။ ထိုင်ခုံတွင်ထိုင်ပြီး သေဆုံးနေသည့် လူကြီး၏ လက်ထဲတွင်ကိုင်ထားသည့် ဓားကိုဆွဲကြည့်လိုက်သည်။ ရှင်နှောင်းလက်နှင့်ထိလိုက်သည့်အချိန်ပင် ဓားက သူ့လက်တွင်အသာကလေးပါလာပြီးနောက် အိုဒူခန်း၏ ရုပ်အလောင်းကောင်ကြီးမှာလဲ ပြာမှုန်များအဖြစ် ချက်ချင်းပြောင်းလဲသွားကာ ထိုင်ခုံပေါ်တွင် အပုံလိုက်ကျန်နေတော့သည်။

စုန်းမကြီးသုံးယောက်လဲ မြေတွင်ဝပ်တွားလိုက်ပြီးနောက်

"သခင်ကြီးကို ခစားပါတယ်"

ထိုသို့ပြောကာ ကုန်းကုန်းကြီးလုပ်နေတော့သည်။ ရှင်နှောင်းလဲ လက်ထဲက ဓားကို သေချာကြည့်နေမိသည်။ ဓားက ရွှေရောင်ဝင်းလက်နေသည်။

"ကဲ ကျုပ်ဘာဆက်လုပ်ရမလဲ"

စုန်းမကြီး လီဇားက 

"ကျွန်မတို့ တစ်ခုတောင်းဆိုချင်ပါတယ် သခင်ကြီး"

"ဘာတောင်းဆိုမှာလဲ"

"ကျွန်မတို့ ဒီဘ၀ကလွတ်ချင်နေပါပြီ၊ ကျွန်မတို့ကို ကျွတ်လွတ်ခွင့်ပေးပါ"

ရှင်နှောင်းလဲ အံ့ဩသွားသည်။

"ရှင်တို့လိုချင်တာ ဒါပဲလား"

"မှန်ပါတယ်၊ သခင်ကြီး၊ ကျွန်မတို့ ဒီမှာ နှစ်ပေါင်းရာချီပြီးစောင့်နေခဲ့ရပါတယ်၊ သခင်ကြီးရဲ့အမိန့်ကြောင့် ဒီကနေ မထွက်သွားနိုင်ပဲဖြစ်နေရတယ်"

"ကောင်းပါပြီ၊ ကျုပ်ကိုသခင်ကြီးတွေ ဘာတွေမခေါ်ပါနဲ့ ဒီအတိုင်းမိန်းကလေးလို့ပဲခေါ်ပါ၊ နောက်ပြီးတော့ ဒီလိုကြီးလဲကုန်းမထားကြပါနဲ့၊ မတ်တပ်ရပ်ကြပါ"

စုန်းမကြီးလီဇားက မတ်တပ်ရပ်လိုက်ပြီး ရှင်နှောင်းလက်တွေကို ဆွဲကိုင်လိုက်သည်။

"သခင်ကြီးနောက်ဆုံးမှာသွားတာရှိတယ်မိန်းကလေး၊ သခင်ကြီးက အိုဒူမျိုးရိုးရဲ့ နောက်ဆုံးကျန်တဲ့မျိုးဆက်ပဲ၊ သူတို့အိုဒူမျိုးရိုးတစ်ခုလုံးကို ဘတားလို့ခေါ်တဲ့ ကောင်လေးက သတ်သွားခဲ့တယ်၊ တကယ်တော့ အဲဒီကောင်လေးဟာ အမှောင်သခင်ကြီး အာလစ်ခန်းရဲ့ ကိုယ်ပွားပဲ"

"အာလစ်ခန်း၊ လာပြန်ပြီလား၊ ဒါဆို အဘိုးကြီးမိုဖားပြောခဲ့တာတွေက"

"ဟုတ်တယ်၊ မိုဖားဆိုတာကလဲ သခင်ကြီးရဲ့အစေခံတစ်ယောက်ပဲ၊ သခင်ကြီးက မင်းကိုစေလွှတ်ဖို့ လိုက်ရှာခိုင်းထားခဲ့တာပဲ"

ရှင်နှောင်းအလွန်အံ့ဩနေမိသည်။

"အိုဒူမျိုးနွယ်ရဲ့နောက်ဆုံးလူဖြစ်တာမို့ သခင်ကြီးဟာ သူ့နာမည်ကို အိုဒူလို့အမည်ပြောင်းခဲ့တယ်၊ မွန်ဂိုဘုရင်လက်အောက်မှာ အမှုထမ်းရင်း ဒေသတစ်ခုကိုအပိုင်စိုးရတယ်၊ ဒါကြောင့်မို့ ခန်းလို့ခေါ်တဲ့ ဘုရင့်ရဲ့ဂုဏ်အင်ကို ရရှိခဲ့တယ်၊ အဲဒီမှာ သူ့ဆီမှာ ပုရောဟိတ်နှစ်ယောက်ရှိတယ်၊ ငါရယ်၊ မိုဖားရယ်ပေါ့။ ငါကစုန်းပညာတွေတတ်ပြီး မိုဖားကတော့ ရှော့ဖြစ်မယ့်အဖြစ်အပျက်တွေကို မြင်နိုင်တယ်''

 ''သခင်ကြီးရဲ့နောက်ဆုံးအချိန်မှာ သခင်ကြီးက ငါ့ကိုဒီနေရာကို စောင့်ကြပ်စေပြီးတော့ မိုဖားကိုတော့ တစ်ချိန်မှာ သူပြန်ဖြစ်လာမည့်လူကို လိုက်ရှာခိုင်းဖို့ စေလွှတ်ခဲ့တယ်"

"မင်းဒီကိုရောက်လာမယ်ဆိုတာ မိုဖားက သိပြီးဖြစ်မှာပါ၊ ကဲပါ၊ အာလစ်ခန်းကို မှော်ပညာနဲ့တိုက်ခိုက်လို့မရဘူး၊ သူ့ကိုသတ်ဖို့အတွက် ဓားလှံလက်နက်လိုတယ်"

လီဇားက ရှင်နှောင်းလက်ထဲမှ ဓားကြီးကိုလက်ညှိုးထိုးပြလိုက်သည်။

"ကြေးဝါဆိုတာ အလင်းရဲ့အမှတ်အသားပဲ၊ အိုဒူခန်းက အာလစ်ခန်းကို အဲဒီကြေးဝါဓါးနဲ့ နှိမ်နင်းခဲ့ဖူးတယ်၊ ဒီတော့ ဒီဘ၀မှာလဲ ဒီကြေးဝါဓားနဲ့ပဲ နှိမ်နင်းရလိမ့်မယ်"

"ဒါ၊ ဒါဆို အဘိုးကြီးမိုဖားပြောတာတွေက အကုန်မှန်နေတာပဲ"

"နောက်ထပ်မှန်တာတစ်ခုထပ်ပြောအုံးမယ် မိန်းကလေး၊ အခုက အချိန်မကျသေးဘူးနော်"

"ဟုတ်တယ်၊ အမှန်တော့ အဘိုးကြီးမိုဖားက အချိန်ကိုတစ်လတိတိပြန်လှည့်ပေးခဲ့တာ"

 "မိုဖားက အချိန်ကိုပဲ ပြန်ပြောင်းလို့ရမယ်၊ ကံကြမ္မာကိုတော့ ပြောင်းလဲလို့မရဘူးမိန်းကလေး၊ ကဲ၊ ငါပြောချင်တာပြီးပြီ၊ အခုမင်းငါတို့ကို ဒီဓားနဲ့ထိုးလိုက်ပါတော့၊ ငါတို့လွတ်လပ်ချင်နေပြီ"

ရှင်နှောင်းလဲ ဓားကိုမလိုက်ပြီးနောက် လီဇား၏ ရင်ဘတ်ကိုချိန်လိုက်သည်။

"ရှင် တကယ်သေချာတယ်နော်"

လီဇားကမျက်လုံးများမှိတ်ပြီး လက်နှစ်ဘက်ကိုဘေးသို့ဆန့်တန်းပေးထားလိုက်သည်။ ထိုအချိန်တွင် ရှင်နှောင်းက ဓားနှင့်အားကုန်စိုက်ထိုးလိုက်ရာ လီဇားကိုယ်လုံးကို ထိုးစိုက်ဝင်ရောက်သွားပြီးသည်နှင့် လီဇားမှာ သစ်ရွက်ခြောက်များသဖွယ်ကြေမွပြီး လွင့်ထွက်သွားတော့သည်။ လီဇားက ရှင်နှောင်းလက်ကိုဆွဲလိုက်သည့်အခါ ရှင်နှောင်းကိုယ်အတွင်းကို စွမ်းအင်တစ်ခုစီးဝင်သွားမှန်းခံစားလိုက်ရသည်။

"မိန်းကလေး မင်းကို ဝိညာဉ်မှော်အစွမ်းတွေပေးခဲ့မယ်၊ မင်းအာလစ်ခန်းကိုတားဆီးရမယ်၊ မင်းမတားဆီးနိုင်ရင် ဒီလောကကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

လီဇားက ထိုသို့ပြောပြီးနောက် တစ်ကိုယ်လုံးကြေမွသွားတော့သည်။ 

"စိတ်ချပါ၊ ကျုပ်ရအောင်တားမယ်"

ကျန်သည့် စုန်းမကြီးနှစ်ယောက်ကိုလဲ ထိုအတိုင်းပင်လုပ်ပေးလိုက်သည်။ အခုတော့ ကျောက်ဂူကြီးထဲ ရှင်နှောင်းတစ်ယောက်သာ ကျန်နေခဲ့တော့သည်။ သူ့ဘေးတွင်တော့ မွန်ဂိုများ မြန်မာပြည်ကိုတိုက်ခိုက်စဉ်က သိမ်းဆည်းထားသည့် ရွှေငွေရတနာများ အပုံလိုက်ကြီးကို တွေ့မြင်လိုက်ရသည်။

ရှင်နှောင်းလဲ ထိုကျောက်ဂူကြီးအနီးတွင်သာ စားတည်းချနေထိုင်ပြီးနောက် ပုရပိုက်ကြီးထဲတွင် ပါဝင်သည့်မှော်ပညာများကို အစွမ်းကုန်လေ့လာသင်ကြားနေတော့သည်။

အခန်း (၁၂)

ဆရာသုန်တို့အိမ်အတွင်းဖြစ်သည်။ ထိုအိမ်အတွင်းတွင် ကဝေရှင်များက စုရုံးနေကြသည်။ ဆရာသုန်က အိမ်ခန်းထဲမှထွက်လာပြီးနောက်

"ပြောပါအုံး၊ ဘာတွေများအကြောင်းထူးသလဲလို့"

"ပြောရရင်တော့ သိပ်မကောင်းဘူး ကိုဘကောင်း၊ ကျုပ်တို့ ကဝေတွေစုဝေးတဲ့ ကျောက်ဂူကြီးကိုရှာဖွေလို့မရဘူး"

ဆရာသုန်ဒေါသထွက်သွားပုံရသည်။ ထို့နောက် ထိုကဝေရှင်ဆီသို့လမ်းလျှောက်လာပြီးနောက်

"မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"

"ကိုဘကောင်းလို့ခေါ်လိုက်တာလေ၊ ခင်ဗျားနာမည်က ကဝေရှင်ဘကောင်းမဟုတ်ဘူးလား"

ဆရာသုန်က ထိုလူ၏လည်ပင်းကိုလက်နှင့်ညှစ်လိုက်ပြီးနောက် လက်ကိုလေပေါ်မြှောက်တင်လိုက်သည်။ ထိုအခါတွင် ထိုကဝေရှင်မှာလဲ လေပေါ်မြောက်တတ်သွားလေသည်။ ကဝေရှင်များအားလုံး အံ့အားသင့်စွာနှင့် ကြည့်နေကြသည်။

"မင်းငါ့ကို ဘကောင်းလို့မခေါ်ရဘူး၊ နောက်ပြီးဘယ်သူမှလဲ ငါ့ကိုဘကောင်းလို့ မခေါ်ကြဘူးမဟုတ်လား"

ထိုကဝေရှင်မှာ လည်ပင်းအစ်သဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ဆရာသုန်က သူ့ပါးစပ်ကိုဟလိုက်ပြီးနောက် ထိုကဝေရှင်ထံမှ အစွမ်းများကိုစုပ်ယူလိုက်သည်။ ကဝေရှင်မှာ ခဏအတွင်းပင် ပိန်ချုံးချည့်နဲ့နေသည့်အဘိုးကြီးတစ်ယောက်ဖြစ်သွားပြီးသည့်နောက် ဆရာသုန်က ထိုလူအား လက်လွှတ်ပေးလိုက်သည်။

ထိုကဝေရှင်လဲမြေပြင်ပေါ်သို့ကျသည့်အချိန်တွင် လူးလိမ့်ရင်း တဖြည်းဖြည်း အသားအရည်များခမ်းခြောက်နေသည့် အရိုးခြောက်ကြိးဖြစ်သွားတော့သည်။ ကဝေရှင်များအားလုံးလဲ ထိုအဖြစ်ကိုကြည့်ရင်း ကြောက်လန့်နေကြသည်။

"မှတ်ထား၊ နောက်ဆိုကျုပ်ကို ဘကောင်းလို့ခေါ်တဲ့သူ၊ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်မှတ်"

ကဝေရှင်များအားလုံး အချိန်အတန်ကြာသည်အထိ နှုတ်ဆိတ်နေကြသည်။ 

"ဒီ၊ ဒီလိုပါဆရာသုန်ရယ်၊ ဆရာသုန်ပြောတဲ့တောင်ပေါ်မှာ ကျုပ်တို့တွေ ဆယ်ရက်လောက်ကို လူအင်အားသုံးပြီး ပိုက်စိပ်တိုက်ရှာဖွေခဲ့ပါတယ်၊ ဒါပေမယ့် ဆရာသုန်ပြောတဲ့ ကျောက်လှိုဏ်ဂူကြီးကိုတော့ မတွေ့ခဲ့ပါဘူး။

ထိုစကားကြားတော့ ဆရာသုန်ခေါင်းကုပ်နေမိသည်။ ကဝေရှင်တစ်ယောက်က ထပ်မံပြီး

"ဆရာသုန်ကို ပြောပြတယ်ဆိုတဲ့ ဟိုကဝေမကရော၊ ပြောတာမှန်ရဲ့လား၊ လိမ်ပြောတာရော မဖြစ်နိုင်ဘူးလား"

"ပါးစပ်ပိတ်ထားကြစမ်း၊ ဘယ်လိုကဝေမျိုးက ငါလိုလူကို လိမ်ညာရဲမလဲ"

ဆရာသုန်ကြိမ်းမောင်းလိုက်သဖြင့် အားလုံးက တိတ်ဆိတ်သွားကြသည်။ ဆရာသုန်က စဉ်းစားရင်း

"အဲဒီနေရာမှာပဲရှိနေမှာပါ၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ ကဲ၊ ပြီးရင်ပြန်ကြတော့၊ ငါစဉ်းစားလို့ရရင် မင်းတို့ကိုအကြောင်းပြန်မယ်"

ကဝေရှင်များလဲ စိတ်ပျက်လက်ပျက်နှင့်ပြန်သွားကြသည်။  ဆရာသုန်စိတ်ပျက်လက်ပျက်နှင့်ထိုင်နေသည်ကို ကိုဘရှိန်က အနားကပ်လာသည်။

"ဘယ်လိုဖြစ်နိုင်မလဲဆရာသုန်"

ဆရာသုန်က နှုတ်ခမ်းမွှေးကြီးများကို ပွတ်သပ်ရင်း

"ဒီလိုတော့ရှိတယ်၊ သူတို့မှော်ပညာနဲ့ တစ်ခုခုလုပ်ပြီး ဝှက်ထားတာများလားပဲ"

သူတို့စဉ်းစားနေစဉ် သူတို့အိမ်ပေါ်သို့ အဘွားကြီးတစ်ယောက် တောင်ဝှေးကြီးကိုင်လျှက် တက်လာလေသည်။ အဘွားကြီးက သူ့ခေါင်းကို အဝတ်စကြီးတစ်ခုနှင့်ဖုံးအုပ်ထားပြီး မျက်လုံးနှစ်လုံးသာဖော်ထားလေသည်။

ထိုအဘွားကြီးကိုမြင်သည့်အခါ ဆရာသုန်နှင့် ကိုဘရှိန်မှာ အံ့ဩသွားသည်။

"ခင်ဗျား၊ ခင်ဗျားဘယ်သူလဲ၊ ငဖြူရေ၊ ငနက်ရေ"

ဆရာသုန်က အော်ပြောလိုက်သော်လည်း ထိုအဘွားကြီးက 

"ခေါ်မနေနဲ့တော့၊ ရှင့်အကောင်နှစ်ကောင် ခြံတံခါး၀နားမှာ မှောက်ပြီးကျန်နေခဲ့တယ်"

ဆရာသုန်အလွန်ထိတ်လန့်သွားပြိး ထိုအဘွားကြီးကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

"နေပါအုံး၊ ငါက နင်တို့ကိုရန်ပြုဖို့လာခဲ့တာမဟုတ်ဘူး၊ နင်တို့နဲ့ပူးပေါင်းဖို့လာခဲ့တာ"

"ခင်ဗျားဘယ်သူလဲ၊ ကဝေရှင်လား"

အဘွားကြီးက သူ့မျက်နှာတွင်ပတ်ထားသည့် အဝတ်စကြီးကိုဆွဲဖြုတ်လိုက်သည်။

"အောင်မယ်လေးဗျာ"

ကိုဘရှိန်ကလန့်ပြီးထအော်သည် အဘွားကြီးမျက်နှာကြီးက ပြင်းပြင်းထန်ထန်မီးလောင်ခဲ့ပုံရသည်။ လူရုပ်မပေါ်တော့ပေ၊ မျက်နှာတစ်ခုလုံး မီးရောင်ဒဏ်ရာကြီးများနှင့် ပြည့်နှက်ကာ ကြောက်စရာကြီးဖြစ်နေသည်။

"ငါ့နာမည်တင်ရီ၊ ငါ့ကိုသာ ပူးပေါင်းခွင့်ပေးမယ်ဆိုရင် ငါမင်းတို့ကို ကျောက်တောင်ဂူကြီးရဲ့တံခါးနေရာနဲ့ ပိတ်ထားတဲ့မှော်ပညာတွေကို ငါပြမယ်"

ကိုဘရှိန်လဲ မစဉ်းစားတတ်တော့သဖြင့် ဆရာသုန်အားလှမ်းကြည့်လိုက်သည်။

"ကောင်းပြီ၊ဒီတော့ ခင်ဗျားဘာလိုချင်တာလဲ၊ ကျုပ်တို့အဖွဲ့ထဲဝင်လိုက်လို့ ခင်ဗျားဘာအကျိုးအမြတ်ရမလဲ"

ဆရာသုန်ကမေးလိုက်ရာ အဘွားကြီးက ပြုံးပြီးသည့်နောက်

"ငါလိုချင်တာတစ်ခုပဲရှိတယ်၊ အဲဒါကတော့ ရှင်နှောင်းဆိုတဲ့မိန်းကလေးပဲ၊ သူ့ကြောင့် ငါရုပ်ရည်ဒီလိုဖြစ်ခဲ့ရတယ်၊ ဒါ့အပြင်ငါ့ဘ၀တစ်ခုလုံးလဲ ကွဲကြေပျက်စီးခဲ့ရတယ်၊ သူ့ကိုလက်စားမချေနိုင်သရွေ့ ငါဒီတစ်သက်မကျေတော့ဘူးလို့ ငါဆုံးဖြတ်ထားတယ်"

ဆရာသုန်က သဘောကျစွာနှင့်ပြုံးလိုက်သည်။ ထို့နောက် သူ့ဘေးတွင်ထိုင်နေသည့် ကိုဘရှိန်ကိုကြည့်လိုက်ပြီးနောက်

"ကဲ၊ ကိုဘရှိန်၊ ခင်ဗျားဘယ်လိုထင်သလဲဗျ"

ကိုဘရှိန်က အသံကိုပြင်လျှက်

"ကျုပ်ဖတ်ဖူးတဲ့စာအုပ်ထဲက စကားအတိုင်းဆိုရင် ကိုယ့်ရန်သူရဲ့ ရန်သူက ကိုယ့်ရဲ့မိတ်ဆွေပဲတဲ့"

"ကောင်းလိုက်တာဗျာ၊ ခင်ဗျားပြောတဲ့ ဒီစကားလေးကိုတော့ ကျုပ်ကြိုက်သွားပြီး ကိုဘရှိန်"

"ဒီတော့ ကျုပ်တို့က ရှင်နှောင်းကိုမုန်းနေတာ၊ ရှင်နှောင်းကိုလဲ ဒီကအဘွားကြီးက မုန်းနေတာဆိုတော့ ကျုပ်တို့ မဟာမိတ်ဖွဲ့ကြရင် ပိုကေင်းမယ်နော်"

"ကောင်းသပေါ့ဗျာ၊ သိပ်ကောင်း၊ ကဲ မတင်ရီ၊ ကျုပ်တို့ကဝေရှင်အဖွဲ့နေ ကြိုဆိုပါတယ်ဗျာ၊ ကဲ ခင်ဗျားကတိပေးထားတဲ့အတိုင်း လှိုဏ်ဂူကြီးတည်နေရာကိုသာ ပြောပြတော့"

ဆရာသုန်က ရယ်မောရင်းပြောလိုက်သည်။

အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..