အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၁၆)
lotaya.mpt.com.mm
|
2023-03-26

Part - 16

ဂုဏ်တံတိုင်း ကားပေါ်ထိုင်နေရင်းမှ ယွန်းတို့အိမ်ဘက်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေမိသည်။ ယွန်းကို တွေ့သည်နှင့် သူအတင်းအိမ်ပြန်ခေါ်သွားမည်။ နောက်ကိစ္စနောက်မှ ရှင်းမည်ဖြစ်သလို သူ့စိတ်ထဲ မြယွန်းချယ်ဟာ သူသာချော့နိုင်လျှင် အရင်လိုပြန်စိတ်ပြေပြီး ခွင့်လွှတ်ပေးလိမ့်မည်ဟု ထင်နေဆဲပင်။ 

သူမှန်း ရိပ်မိမည်စိုးတာကြောင့် အိမ်ကကားဖြင့်ပင် မစောင့်ပဲ သားစစ်၏ ကားကိုဆွဲယူလာခြင်းပင်။ တစ်နေကုန်စောင့်နေပေမယ့် ယွန်း၏ အရိပ်အယောင်လေးပင် မတွေ့သလို သူ့မှာလည်ပင်းတွေပင်ရှည်သည်။

အနည်းငယ်မှောင်ရိပ်သမ်းလာသည့် ပတ်ဝန်းကျင်နဲ့အတူ ကားတစ်စီးက ယွန်းတို့ခြံရှေ့ထိုးဆိုက်လာ၏။ ဂုဏ်တံတိုင်း ကားထဲမှ စိတ်ဝင်တစား စူးစိုက်ကြည့်နေမိသည်။ ယွန်း......ကားပေါ်မှ ယွန်း ဆင်းလာသည်။ ဂုဏ်တံတိုင်း ဝမ်းသာသွားရသလို ဆင်းရန်ပြင်တော့ တစ်ဖက်ကားတံခါးမှ ထပ်ဆင်းလာသည့် ကိုဆက်။ 

ယွန်း ကိုဆက်အား တစ်ချက်ပြန်ကြည့်ရင်းမှ. ..

" အိမ်ထဲဝင်ဦးလေ......."

" မဝင်တော့ပါဘူး ယွန်းရယ်.....ရှုတင်မှာ မှိုင်းတစ်ယောက်ထဲ ကျန်ခဲ့တာမို့ ပြန်သွားမှရမယ်။ "

ယွန်း ခေါင်းညိတ်ပြလိုက်ရင်း ကားပေါ်ပြန်တက်ကာ ထွက်သွားသည်ကို တစ်ချက်ငေးကြည့်မိ၏။ ခြံထဲလှည့်ဝင်ရန်ပြင်လိုက်တော့ စူးခနဲ ထိုးလာသည့် ကားမီးရောင်ကြောင့် လက်ကလေးတစ်ဖက်ဖြင့် လှမ်းကာလိုက်မိသည်။ 

" သိပ်ကြည်နူးနေတယ်ပေါ့ ဟုတ်လား....."

အလွတ်ကျတ်မိနေသည့် အသံကြောင့် ယွန်း သေချာကြည့်မိတော့ ယွန်းရှေ့တွင် ရပ်ကာ စူးစိုက်ကြည့်နေသည့် ဂုဏ်တံတိုင်း။ 

" မင်း ဘာလာလုပ်တာလဲ....."

" သြော်....ဟော်.....မောင်တောင် မခေါ်နိုင်တော့ဘူးပေါ့....."

ယွန်း ခြံထဲဝင်ရန်သာပြင်လိုက်၏။ သို့ပေမယ့် ယွန်း လက်တစ်ဖက်ကို ဆောင့်ဆွဲကာ သူ့ကားဆီ အတင်းဆွဲခေါ်လာသည့် သူ့ကြောင့် ယွန်း အသဲအသန် ရုန်းနေရသည်။

" ဂုဏ်တံတိုင်း...... မင်း လွှတ်စမ်း...မလိုက်ဘူး.....ငါမင်းနဲ့ပြန်မလိုက်ဘူးဆို။ "

" မလိုက်လို့မရဘူး....လွှတ်လဲမလွှတ်ပေးနိုင်ဘူး.....အခု ကားပေါ်တက်။ "

ဂုဏ်တံတိုင်း ယွန်းကိုယ်လေးကို ကားပေါ်အတင်းဆွဲတင်သလို ယွန်းကလဲ အသဲအသန်ရုန်း၏။ အားချင်းယှဥ်လာတော့ ယွန်းမှာ သူ့ကိုရှုံးရပြန်ပါသည်။ ကားပေါ်ပါလာရင်းကို နှစ်ယောက်သား ငြင်းခုန်ရန်ဖြစ်လာရသည်။ 

--------------------

အပေါ်ထပ်အခန်းထဲမှ သောင်းကျန်းရိုက်ခွဲသံတွေကြောင့် အောက်ထပ်မှ အိမ်အကူကောင်မလေးတွေပါ မျက်စိမျက်နှာပျက်နေကြသည်။ ကားနဲ့ရောက်လာပြီး ရုန်းကန်ထုရိုက်နေသည့် မမလေးကို အစ်ကိုလေးကိုယ်တိုင်အတင်းပွေ့ချီပြီး အပေါ်တက်သွားတာပင်။

အခန်းလေးထဲ ရှုပ်ပွနေသလို ယွန်းမှာ ရုန်းကန်ထားတာရော သူဆွဲခေါ်လာတာကြောင့်ပါ ကပိုကရိုတွေဖြစ်နေရသည်။ ဒေါသအရှိန်ကြောင့် ယွန်း မျက်နှာလေးက တင်းမာနေကာ ရင်ဘတ်လေးပင် နိမ့်ချည်မြင့်ချည်ဖြစ်နေရသည်။ 

" ပြောစမ်းပါ မြယွန်းချယ်ရဲ့......အဲ့ကောင်နဲ့ခင်ဗျား ဘယ်ကနေပြန်လာတာလဲ...ဟမ် မေးနေတယ်လေ။ "

" မင်းနဲ့မဆိုင်ဘူး....."

ဂုဏ်တံတိုင်း မျက်နှာကတည်တင်းနေရာမှ ယွန်း၏ ပခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ရှေ့တည့်တည့်ဆောင့်ဆွဲပစ်ရင်း......

" မဆိုင်ဘူး ဟုတ်လား......ခင်ဗျားက ကျုပ်မိန်းမလေ။ ဘာကိစ္စမဆိုင်ရမှာလဲ။ "

ယွန်း နှုတ်ခမ်းပါးလေးကို မဲ့ချရင်းမှ ....

" ငါ မင်းနဲ့ ကွာရှင်း......."

" ဘယ်သူ့သဘောနဲ့လဲ.....ဘယ်သူက ကွာရှင်းပေးမှာမို့လို့လဲ။ "

ဒေါသတကြီးပိတ်အော်ပစ်လိုက်သည့် ဂုဏ်တံတိုင်း ကြောင့် ယွန်း ကိုယ်လေးမှာ ဆတ်ခနဲတုန်ယင်သွားရသည်။ ဂုဏ်တံတိုင်း ယွန်းမျက်နှာလှလှလေးကို စူးစိုက်ကြည့်ရင်း ကွာမည့်စကားပဲ ပြောနေတာကြောင့် ခံပြင်းလာရသည်။ အရင်လို အပြုံးချိူချိူဖြင့် နူးညံ့သောစကားတွေအစား ခုကျ သူ့ဘေးကသာ ပြေးထွက်ချင်နေတာမို့ တုန်လှုပ်လာသည်။

ယွန်း ဒေါသတွေထွက်ကာ ခုထိ အတ္တကြီးနေသည့် မောင့်အား ငေးစိုက်ကြည့်နေမိသည်။ 

" မင်း အတ္တမကြီးပါနဲ့ မောင်.....ကျေးဇူးပြုပြီး ယွန်းကို ကွာရှင်းပေး... အွန့်.....အွင်းးး "

စကားမဆုံးခင်မှာပင် နှုတ်ခမ်းအစုံက ဖိကပ်နမ်းခံလိုက်ရသည်။ ယွန်း အလန့်တကြားရုန်းလိုက်ပေမယ့် မောင့်လက်တွေက ယွန်းကိုယ်လေးကို ဆတ်ခနဲဆွဲဖမ်းထိန်းကာ အတင်းအကြပ်နမ်းရှိုက်လာသဖြင့် ရုန်းကန်ရင်းကို ယွန်းမှာမျက်ရည်တွေစီးကျလာရသည်။

မလိုချင်ဘူး.......။

ယွန်းကို မချစ်တဲ့ချည်နှောင်ခြင်းမျိုးတွေဟာ အတ္တသက်သက်မို့ ခါးသီးပါသည်။ ယွန်းကိုယ်လေးက မောင့်အားကြောင့် အိပ်ယာထက်လဲပြိုကျသွားရသလို တဆက်ထဲရရှိလာသည့် အနမ်းကြမ်းတွေကြား စုန်းစုန်းမြုပ်သွားရင်း...... ။

ယွန်း သူ့ကို သိပ်မုန်းသည်။

@@@@@@@@@@@@@

အိပ်ယာထက်ဘေးစောင်းလေးလှဲရင်း ငိုရှိုက်နေသည့် ယွန်းကြောင့် သူ ဘေးကနေသာ ထိုင်ငေးကြည့်ရင်း ရင်တွေလဲနာရပါသည်။ သူနဲ့သူမဟာ အကြင်လင်မယား မဟုတ်ဘူးလား။ ဒီလောက်ထိ ဝမ်းနည်းနာကြင်စရာကောင်းနေသလား။ ယွန်း နဲ့သူအိမ်ထောင်ကျပြီးထဲကနေ မနေ့ကအထိ သူလက်ဖျားနဲ့ပင် မတို့ခဲ့တာလဲ သူမအသိ။

" ယွန်း...."

" ငါ နင့် အသံကို မကြားချင်ဘူး ဂုဏ်တံတိုင်း...."

စိမ်းသက်လွန်းသည့် အခေါ်အဝေါ်မှာ သူ့မျက်မှောင်ကြီးဟာ ထိကပ်လုနီးပါး ကျုံ သွားရသည်။ ကမန်းကတန်း ယွန်းကိုယ်လေးကို သူ့ဘက်အတင်းဆွဲလှည့်ပစ်တော့ သူ့ကိုနာနာကြည်းကြည်း စူးစိုက်ကြည့်နေသည့် မျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရသည်။

" ဘယ်လို ခေါ်လိုက်တယ်...ယွန်း....ယွန်း ခင်ဗျား ကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ။ "

သူ့မျက်နှာကို မမြင်ချင်မကြည့်ချင်သလို မျက်နှာလွှဲလိုက်သဖြင့် သူ့ရင်ထဲ ကျဉ်  တက်သွားရသည်။ 

" ယွန်း.....မောင် ယွန်းကိုအကုန်ရှင်းပြနေတာကို ဘာလို့ဒီလောက် စိတ်ဆိုးနေရတာလဲ။ "

" ငါ နင့်ကို စိတ်နာတာ .......နင် ငါ့အပေါ် ဘာတွေများ ညှာတာဖူးလဲ။ ငါ့ကိုမချစ်တဲ့ယောကျာ်းတစ်ယောက်နား ကပ်တွယ်နေရတာ ငါလဲပင်ပန်းနေပြီ....အခုကျ နင်ငါ့ဘဝကို ဒုတိယအကြိမ်ထပ်ဖျက်ဆီးတယ်..."

ဂုဏ်တံတိုင်း ယွန်းကိုယ်လေးကို ဆောင့်ဆွဲထူပစ်၏။ 

" မချစ်ရင် ကျုပ်ခင်ဗျားကို ယူမလား....ဖျက်ဆီးတယ် ဟုတ်လား..ကျုပ်မိန်းမကိုကျုပ်ချစ်တာလေ....ယွန်း.....ယွန်း ပြောတော့ မောင့်ကိုချစ်လှပါချည်ရဲ့ဆို......ခုကျ....."

" ခု နင့်ကိုမုန်းတယ် ဂုဏ်တံတိုင်းရဲ့ .......နင်ကအတ္တကြီးတဲ့ကောင်။ နင့်အတွက်ပဲနင်ကြည့်တာ....တခြားသူဘယ်လိုခံစားနေရလဲ နင်ကိုယ်ချင်းမစာဘူး။ လင်မယားဆိုလဲ လေးစားသမှုဆိုတာ ရှိရတယ်...ဘာချစ်တာလဲ....နင့်အတ္တတွေပါ ဂုဏ်တံတိုင်းရဲ့။ "

သွားပြီဆိုတာ သူသိလိုက်၏။ 

သူ ဘယ်လိုရှင်းပြရှင်းပြ ယွန်းက ယုံမှာ မဟုတ်တော့သလို အားလုံး သူ့အပြစ်တွေသာ။ သူ့ကို မုန်းတီးသလို ကြည့်နေသည့် ယွန်းမျက်နှာလေးကို သူကြည့်နိုင်စွမ်းမရှိတော့။ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်းမှ.....

" ယွန်း နားလိုက်ဦး....."

ဟင်။

ယွန်း အခန်းထဲမှ ထွက်သွားသည့် သူ့ကိုလှမ်းကြည့်ရင်း ကပျာကယာတံခါးဆီ ပြေးလာပေမယ့် နောက်ကျသွားပြီဖြစ်၏။ အပြင်ကနေ သော့ခတ်လိုက်သံလဲ ကြားလိုက်ရသလို ယွန်း အခန်းတံခါး

အား တဒုန်းဒုန်း ထုသည်။

" တံခါးဖွင့်ပေး.....ငါ ပြန်မယ်.....ပြန်ပါရစေ။ အခုဖွင့်ပေးလို့ ပြောနေတယ်နော်......"

ဂုဏ်တံတိုင်း အခန်းအပြင်ဘက်ကနေ အသာရပ်နားထောင်နေရင်း အံကိုတင်းခနဲကြိတ်မိသည်။ အောက်ထပ်ဆင်းလာတော့ ခြံစောင့်ဦးလေးကြီးက ပြေးလာရင်း.....

" အစ်ကိုလေး....ခြံရှေ့မှာ မမလေးရဲ့အဒေါ်ရောက်နေတယ်။ "

" တံခါးဖွင့်မပေးနဲ့......"

ဂုဏ်တံတိုင်း ထမင်းစားခန်းထဲ ဝင်လာခဲ့သလို ယွန်း အတွက် စားစရာပြင်ယူသွားဖို့ လုပ်နေလိုက်သည်။ ယွန်း ကို သူအမြဲ ချစ်ခဲ့ပါသည်။ သို့ပေမယ့် ကြွေလေးနဲ့ ပက်သက်ပြီး တိမ်ယံမှိုင်းကို သူမုန်းသည်။ ထို့ကြောင့် ယွန်းအပေါ် တင်းမာစွာဆက်ဆံခဲ့မိသမျှ ခုချိန်ကျ နောင်တတွေ တသီကြီးရမိသည်။ သူ ယွန်းမရှိပဲ မနေနိုင်ဘူး။ 

@@@@@@@@@@@@

! ဒေါက်......ဒေါက်....ဒေါက်!

" ယွန်း.......ယွန်း ရေချိုးတာ အရမ်းကြာနေပြီလေ။ အအေးပက်ပြီးဖျားဦးမယ်......"

အထဲမှ စကားပြန်မပြောပဲ ရေကျသံသာဆက်တိုက်ကြားနေရသဖြင့် ဂုဏ်တံတိုင်း စိတ်ပူလာသည်။

" ယွန်း......တော်တော့လို့ ပြောနေတယ်လေ။ "

ဂုဏ်တံတိုင်း ကပျာကယာ အံဆွဲထဲမှ သော့တွဲတွေပြန်ရှာကာ ရေချိုးခန်းသော့ကို ဆွဲယူ၍ ဖွင့်လိုက်တော့ ရေပန်းအောက် အဝတ်အစားတွေပင်မချွတ်ပဲ ငုတ်တုတ်လေးထိုင်နေသည့် ယွန်း။ 

" ဟာ.....ဘာလုပ်နေတာလဲ ယွန်းရဲ့။ "

ရေပန်းခလုတ်ပိတ်၍ ကပျာကယာ သူအတင်းဆွဲထူတာတောင် သူမက ပေကတ်ကတ်လေးလုပ်နေသေးသည်။ မျက်နှာလေးကို သေချာကြည့်မိတော့ နှုတ်ခမ်းတွေပင် ပြာချင်နေ၍ မေးရိုက်နေပြီဖြစ်သည်။ တစ်ကိုယ်လုံးလဲစိုရွှဲနေပြီဖြစ်သလို သူ့ကိုကျ ငဲ့ပင်မကြည့်။

" တစ်ကိုယ်လုံး အေးစက်နေပြီ..... ကျစ်! "

ယွန်း ကို ရေချိုးခန်းထဲမှ အတင်းဆွဲခေါ်လာရင်း သဘက်ကြီးခြုံပေးကာ ဗီရိုထဲမှ အဝတ်အစားတစ်စုံအမြန်ဆွဲထုတ်၍ ကမ်းပေးလိုက်သည်။

" လဲလိုက်ဦး.....ယွန်းဘာသာမလဲရင် မောင်ကိုယ်တိုင် လဲပေးမှာနော်။ "

သူ့ကို ခပ်စူးစူးစိုက်ကြည့်ရင်း အဝတ်လဲခန်းထဲဝင်သွားတာမို့ သူသက်ပြင်းချမိသည်။ ယွန်းကို သူမရမက ပြန်ခေါ်ထားတာ နှစ်ရက်ရှိနေပြီဖြစ်သည်။ သူ ယွန်းအဒေါ်နဲ့တွေ့ဖို့လဲ ညနေချိန်းထားပါသည်။ 

ယွန်း အဝတ်အစားလဲပြီး ပြန်ထွက်လာတော့ Hair Dryer ကိုင်ကာ အသင့်စောင့်နေသော သူ့ကို မြင်လိုက်ရသဖြင့် ခပ်လှောင်လှောင်ပြုံးမိသွားသည်။ အပေါ်ယံတွေ......။ 

ယွန်း၏ အပြုံးကို သူသဘောပေါက်ပါသည်။ ရင်ထဲအောင့်သက်သွားရပေမယ့် ပြုံးလိုက်ရင်း.....

" ဒီမှာ ထိုင်လေ ယွန်းရဲ့.....မောင် ဆံပင်တွေခြောက်သွားအောင် မှုတ်ပေးမယ်။ "

" မလိုပါဘူး......ငါ့ဘာသာလုပ်မယ်။ " 

ပြောပြောဆိုဆို သူ့လက်ထဲမှ Dryer ကို ဆွဲယူသွားပြီး မှန်တင်ခုံရှေ့ထိုင်ကာ ဆံပင်တွေအား အခြောက်ခံနေ၏။ ဂုဏ်တံတိုင်း ယွန်းပုံစံလေးကို ငေးကြည့်ရင်း အနားဝင်ထိုင်လိုက်သည်။

" ကိုယ့်ကိုယ်ကိုယ် မညဉ်းဆဲပါနဲ့ ယွန်းရယ်......"

ယွန်း သူ့ဘက်ကို ငဲ့ကြည့်လာသည်။ 

" မောင် တောင်းပန်ပါတယ်။ မောင် မှားခဲ့တယ်...ခုကစပြီး မောင် ယွန်းကိုစိတ်ချမ်းသာအောင် ထားမယ်လို့ ကတိပေးပါတယ်....နော်"

ယွန်း ဆီမှ အပြုံးယဲ့ယဲ့လေးက မပီပြင်လှပါ။ သူ့ကို မျက်ရည်စတွေရစ်ဝဲကာ ငေးစိုက်ကြည့်လာရင်းမှ.....

" ဒါဆို ကွာပေးပါ။ "

" ဟင်!"

" စိတ်ချမ်းသာစေရမယ်ဆို....ငါ့ကို ကွာရှင်းပေးပါ ။ "

ဂုဏ်တံတိုင်း နှုတ်ခမ်းတွေ တင်းတင်းစေ့မိ၏။ သူ ထင်ထားသည့်အတိုင်း သူမက ဒါပဲတောင်းဆိုပါသည်။ သူ သက်ပြင်းချမိရင်းမှ....

" မောင် မကွာရှင်းပေးနိုင်ဘူး။ "

ယွန်း နှုတ်ခမ်းပါးလေးကို မဲ့ချပစ်လိုက်ရင်း...

" မင်းက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့လူပါ။ "

သူ ခပ်ဆိတ်ဆိတ်သာ နေမိပါသည်။ ပြီးတော့ သူ ယွန်းရဲ့ အဒေါ်ကိုတွေ့ပြီး အခွင့်အရေး တောင်းရန် အစွမ်းကုန်ကြိုးစားမည်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 17

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..