အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၁၇)
lotaya.mpt.com.mm
|
2023-04-01

Part - 17

ကော်ဖီဆိုင်လေးက တိတ်ဆိတ်နေသလို ဂုဏ်တံတိုင်းမှာလဲ ခေါင်းငုံ့လျက်သားရှိနေရသည်။ ယွန်း၏ ဒေါ်လေးကို လာတွေ့ခြင်းဖြစ်သလို သူ တောင်းဆိုတာက အခွင့်အရေးတစ်ခုသာ။ သို့ပေမယ့်.....

" လူဆိုတာ ကိုယ်စိုက်တဲ့အပင်ကိုယ်ရိတ်သိမ်းရတာ ထုံးစံပဲ မောင်ဂုဏ်တံတိုင်း။ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့ ယွန်းက ကြိုးစားခဲ့ပါတယ်....ဒါပေမယ့် မင်းက အာဃာတတွေပဲ ထားနေတာကိုး။ "

" ကျွန်တော်မှားမှန်း သိပါတယ်.....ဒါကြောင့် ဒီအိမ်ထောင်ကို ထိန်းသိမ်းဖို့ ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးစေချင်ပါတယ် ဒေါ်လေးရယ်။ "

" မင်း နဲ့ ဆူဇီဆိုတဲ့ မိန်းကလေးပတ်သက်မှုက....."

ဂုဏ်တံတိုင်း ကပျာကယာ ခေါင်းခါယမ်းလိုက်၏။

" ယွန်း အထင်လွဲနေတာပါ။ ကျွန်တော် နဲ့ ဆူဇီက အလုပ်ကိစ္စပဲ ပတ်သက်တာပါ ဒေါ်လေး။ အနူးအညွတ် တောင်းပန်ပါတယ်။ ယွန်းကို ဖြောင်းဖျပေးပါဗျာ။ "

သူ့စကားကို ပြန်မဖြေသလို အင်တင်တင်ဖြစ်နေသည့် ယွန်း၏ ဒေါ်လေးအားကြည့်၍ ဂုဏ်တံတိုင်း ပိုမချင့်မရဲဖြစ်သွားရသည်။ 

" ကျွန်တော် မေတ္တာရပ်ခံတာပါဗျာ.......ကျွန်တော် ယွန်းကို တကယ်ချစ်တယ် ။ အဆုံးရှုံးမခံနိုင်ဘူး။ "

သူ့စကားကို မယုံကြည်သလို ကြည့်လာသည့် အကြည့်ကြောင့် သူ မချင့်မရဲ ဖြစ်ရပေမယ့် မတတ်နိုင်ပါ။ ဒါတွေအားလုံးဟာ သူပဲလုပ်ခဲ့တာ မဟုတ်လား။ ထိုင်နေရာမှ ထလိုက်သည့် သူ့ကို အကဲခတ်နေတာသိသလို ဒူးထောက်ချလိုက်တော့ ယွန်းရဲ့ဒေါ်လေးမှာ ကပျာကယာ ဆွဲထူသည်။

" မင်းကွယ်......ထစမ်းပါ။ ဒါတွေအားလုံးက ဘယ်သူမပြုမိမိမှုပဲကွ..... သိလား။ 

သူ ခေါင်းတဆတ်ဆတ်ညိတ်မိသလို.....

" ကျွန်တော် ယွန်း နဲ့ မကွာရှင်းနိုင်ဘူး။ "

သက်ပြင်းချရင်း သူ့ကိုကြည့်လာသလို နောက်ဆုံးမှာ.....

" ကောင်းပြီလေ....."

---------------------

ယွန်း ကော်ဖီသောက်နေစဉ် ခန်းထဲဝင်လာသည့် ဂုဏ်တံတိုင်းကို မြင်လိုက်ရသဖြင့် မျက်နှာကိုဆတ်ခနဲလွှဲပစ်လိုက်သည်။ သူ့ကို မြင်တောင်မမြင်ချင်ပါ ။ ယွန်း အရမ်းမုန်းနေတာပဲ သိသည်။

" ယွန်း......မောင် Tuna Sandwich ဝယ်လာတယ်။ စားမယ်မဟုတ်လား။"

ပြန်မဖြေပဲ ငြိမ်နေတာမို့ သူ လက်ထဲမှအထုပ်လေးအား ယွန်း ကော်ဖီသောက်နေသည့် စားပွဲပေါ်အသာတင်ပေးလိုက်သည်။ ဆတ်ခနဲထရပ်ကာ နေရာမှရှောင်ထွက်ရန်ပြင်လိုက်သည့် ယွန်း၏အပြုအမူကြောင့် သူ ကပျာကယာလက်မောင်းလေးကို ဖမ်းဆွဲလိုက်ရင်း...

" ယွန်း.....နေ့လည်ကလည်း ထမင်းကောင်းကောင်းမစားဘူးဆို။ ဒါလေးတော့ စားလိုက်နော်။ "

စိုးရိမ်သလို လာဟန်ဆောင်ပြနေသည့် သူ့အား ယွန်းမကျေမနပ်ကြည့်မိ၏။ ဘယ်တုန်းကမှ ယွန်းစားလားသွားလား ပူပန်ခဲ့ပေးဖူးလို့လဲ။ ဖျားနေလျှင်တောင် သိတဲ့သူမှမဟုတ်တာ။ အခုမှ ကျဲချသည့် ရွှေမှုံတွေဟာ အပေါ်ယံစာလောက်သာမှန်း ကောင်းကောင်းနားလည်သည်မို့ ပိုစိတ်တို၏။ ယွန်း Sandwich ဗူးလေးအား ဆွဲယူပြီး အမှိုက်ပုံးထဲပစ်ချလိုက်တော့ ဂုဏ်တံတိုင်းမျက်နှာက ကွက်ခနဲပျက်သွား၏။

" ရပြီလား......"

သူ ပြန်မပြောနိုင်ပါ။ ယွန်းအပေါ် သူကပိုဆိုးခဲ့ဖူးတာ မဟုတ်လား။ 

" မောင် အခြားစားစရာတစ်ခုခုသွားပြင်လိုက်မယ်။ "

ဟင်....ကြည့်စမ်း။ 

လှည့်ထွက်သွားသည့် ကျောပြင်ကိုကြည့်ပြီး ဒေါသတွေက တလိတ်လိတ်တက်လာရသဖြင့် စားပွဲပေါ်မှ စာအုပ်တစ်အုပ်ဆွဲယူပြီး သူ့ကျောကို ကောက်ပေါက်ပစ်သည်။ ကျောပြင်ကို ဘုတ်ခနဲထိပြီး စာအုပ်က ကြမ်းပေါ်ပြုတ်ကျသွားတာမို့ ဂုဏ်တံတိုင်း ခဏရပ်သွား၏။ ပြန်လှည့်မကြည့်ပေမယ့် သူ စိတ်ညစ်သွားလား ယွန်းသိချင်သည်။ 

" မောင် ယွန်း ဒေါ်လေးနဲ့တွေ့လာတာ။ ကွာရှင်းဖို့မရှိတော့ဘူး ယွန်း။ "

ဒါ ဘာစကားလဲ။ စဉ်း စားလို့မရသေးခင်မှာပင် ဂုဏ်တံတိုင်းက အခန်းထဲမှထွက်သွားသလို ယွန်းသာ အလန့်တကြား ကျန်ခဲ့ရသည်။ ဧကန္တ မောင်ဟာ ဒေါ်လေးကို စည်းရုံးလိုက်တာလား။ ဟင့်အင်း.....ဒေါ်လေးလက်ခံလဲ ယွန်း လက်မခံပါ။ ယွန်းရဲ့ဘဝကို နောက်တစ်ကြိမ် သူ့လက်ထဲ ပုံမအပ်ရဲတော့။

@@@@@@@@@@@@@@

ဂုဏ်တံတိုင်း ကြွေလေးစားရန် အသီးလေးတွေစိတ်ပေးနေရင်းမှ ညနေဆေးခန်းရက်ချိန်းသွားပြရမည်မှန်း ပြောပြသတိပေးနေရသည်။ 

" မမယွန်းရော...... "

ဂုဏ်တံတိုင်း ဟန်ဆောင်ပြုံးလိုက်ရသည်။ ယွန်းက သူ့ကိုအရမ်းစိတ်နာနေသည်။ ကြွေလေးအခန်းလဲ လာမကြည့်သလို သူ့ဘာသာတောင် နေချင်သလိုနေနေတာပင်။ တားဖို့ထက် သူ့မှာ လုံခြုံရေးထပ်ခေါ်ပြီး အိမ်ထဲခြံထဲ ထပ်ခန့်ထားရသည်။ 

" ယွန်းက ..."

" ကိုကိုနဲ့ မမယွန်း ကွာရှင်းကြမလို့လားဟင်။ "

" ဘာကိစ္စကွာရှင်းရမှာလဲ......"

ဆတ်ဆတ်ထိမခံထအော်လိုက်မိသည့် သူ့ကို ကြွေလေးက အံ့သြသွားပုံရသည်။ သူ စိတ်ပြန်လျှော့လိုက်ရင်းမှ ဟင်းခနဲသက်ပြင်းချမိသည်။ 

" မမယွန်းကို ကိုကိုချစ်လား....."

ဂုဏ်တံတိုင်း ညီမဖြစ်သူကို ဖျတ်ခနဲ ငဲ့ကြည့်မိ၏။

" ဒီမေးခွန်းက မေးစရာတောင်မလိုတဲ့ မေးခွန်းပဲ....."

ကြွေလေးက သူ့ကိုကြည့်ကာ ပြုံးရင်းမှ....

" မမယွန်းမှာ အပြစ်မရှိပါဘူး ကိုကို။ "

ဂုဏ်တံတိုင်း ညီမဖြစ်သူကို နားမလည်သလို ကြည့်မိ၏။

" မမယွန်းက တိမ်ယံမှိုင်းရဲ့အစ်မဆိုတာ ကြွေလေး သိပြီးသားပါ။ "

ဂုဏ်တံတိုင်း ရင်ထဲတင်းကြပ်သွား၏။ 

" တကယ်တော့ အရာအားလုံးဟာ ကြွေ့အမှားပါ။ ကြွေ သူ့ကိုသိပ်ချစ်ခဲ့သလို သိပ်လဲသဝန်တိုခဲ့တာ။ မင်းသားဆိုတော့ တွဲရသမျှမင်းသမီးတွေလဲ ပြောဆိုဆက်ဆံရတာပေါ့လေ.....ကြွေကဒါကို လက်မခံနိုင်ဘူး....."

" ညီမလေး ဒီလိုဖြစ်သွားရတာက...."

" ကြွေ သူ့ကိုအရွဲ့တိုက်ခဲ့တယ်......"

ငေးကြည့်လာသည့် ကိုကို့မျက်ဝန်းတွေအား ကြွေခပ်ဖျော့ဖျော့လေးပြုံးပြမိသည်။

" သူ့ကိုအရွဲ့တိုက်ချင်တဲ့စိတ်နဲ့ အခြားတစ်ယောက်ကိုတွဲပစ်ခဲ့တာ။ အဲ့လူနဲ့ ဓာတ်ပုံတွေ သူ့ဆီပို့ခဲ့တယ်.....နမ်းနေတဲ့ပုံမျိုးတွေပေါ့။ "

ဂုဏ်တံတိုင်း မယုံနိုင်ဖြစ်သွားရသည်။

" သူ ကြွေ့ကို အတွေ့မခံတော့ဘူး။ အဆက်အသွယ်ဖြတ်သွားတယ်.....အဲ့အချိန်ကျမှ ကြွေ အရမ်းမှားမှန်းသိပြီး အဟင့်....ဟင့်....."

ငိုရှိက်လာသည့် ညီမဖြစ်သူကို သူ အသာဖက်ထားမိသည်။ ဒါကြောင့် တိမ်ယံမှိုင်းက ညီမလေးချိန်းတဲ့နေရာကို မလာခဲ့တာပေါ့။ 

" ကြွေ့အခြေအနေကို ကြွေလက်မခံနိုင်လို့ သူ့ကိုအပြစ်တင်မုန်းတီးမိခဲ့တာပါ။ ဒါပေမယ့် ကြွေ့စိတ်ထဲကသိနေတယ်.....ဒါတွေအားလုံးက ကြွေ့အမှားတွေဆိုတာ.....မမယွန်းက ဒါတွေအကုန်သိတယ် ကိိုကို။ သူ ကိုကို့ကိုမပြောရက်တာ....."

နောင်တ တရားက ရင်ဘတ်ထဲကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်၏။ ဝုန်းခနဲ ထရပ်ရင်းမှ အခန်းဆီပြန်လာတော့ အခန်းတံခါးလေးဖွင့်ကာ အောက်ဆင်းရန်ထွက်လာသည့် ယွန်းကိုမြင်လိုက်ရသဖြင့် သူရင်ခွင်ထဲဆွဲဖက်လိုက်သည်။

ယွန်း ရုတ်တရတ်ကြီးမို့ ခေတ္တခဏမျှ ကြောင်သွားရသည်။ သတိရမှ ကပျာကယာရုန်းထွက်ပစ်ရင်း တွန်းထုတ်ပစ်သလို အော်ထုတ်ပစ်၏။

" ဘာလုပ်တာလဲ.....ရူးနေလား။ "

ဂုဏ်တံတိုင်းမျက်နှာက ပြိုတော့မည့် မိုးလိုဖြစ်နေသည်။

" မောင်.....မောင် မှားပါတယ်ယွန်းရယ်။ "

ယွန်း မျက်ခုံးလေးပင့်မိသွား၏။

" ယွန်း ဒီအကြောင်းတွေ သိလျက်နဲ့ မောင့်ကိုဘာလို့မပြောခဲ့ရတာလဲဟင်။ "

ယွန်း တဖြည်းဖြည်း သဘောပေါက်သွားရသည်။ ရင်ထဲနာကျဉ် စွာ ပြုံးမိပါသည်။ အခုမှတော့ ဘာလုပ်ရမှာလဲ။ 

" ငါပြောတော့ရော မင်းကယုံမှာမို့လို့လား။ ငါတို့မောင်နှမနှစ်ယောက်က လိမ်ညာပြောတယ်ပဲ မင်းထင်မှာလေ။ "

ဟုတ်ပါတယ်......သူအတ္တသိပ်ကြီးခဲ့တာလေ။ ယွန်းက သူ့ကို စူးစိုက်ကြည့်ရင်းမှ အောက်ထပ်ဆင်းသွားသလို ငိုသွားတာလဲ သူသိသည်။ သေချာစဉ်း  စားမိရင် ယွန်းဟာ သူနဲ့လက်ထပ်ပြီးသည့်အချိန်ကစလို့ မျက်ရည်မကျရတဲ့နေ့မှ မရှိခဲ့ပဲ။ 

သူဟာ ဘယ်လောက်တောင် မုန်းတီးစရာကောင်းလိုက်သလဲ။

@@@@@@@@@@@@

ဝှီးချဲကိုကားနောက်ခန်းထဲတင်လိုက်ရင်းမှ ဧည့်ခန်းထဲတွင် ထိုင်နေသည့် ကြွေလေးကို ကားပေါ်ပွေ့တင်ရန် သူအိမ်ထဲပြန်ဝင်လာခဲ့သည်။ အရင်ကဆို ကြွေလေးဆေးခန်းရက်ချိန်းသွားပြန်ပြတိုင်း ယွန်းကအမြဲလိုက်၏။ 

" မမယွန်းရောဟင်...."

ဂုဏ်တံတိုင်း ကြွေလေးကိုအသာကြည့်ရင်းမှ....

" ကိုကိုလိုက်ပို့ပေးပါ့မယ်......သွားကြရအောင်နော်။ "

အခန်းထဲရှိ ယွန်းမှာလဲ ဆင်းရနိုးမဆင်းရနိုးဖြစ်နေရသည်။ ကြွေလေးကို ညီမလေးသဖွယ် ယွန်းချစ်ပါသည်။ ပြီးတော့ အမြဲဂရုစိုက်ပေးနေကြကို အခု မောင့်အား စိတ်ဆိုးလွန်းသဖြင့် မသိဟန်ဆောင်နေပေမယ့် နောက်ကွယ်ကတော့ လိုက်ဂရုစိုက်ပေးမိသည်။ အမြဲတမ်းလေ့ကျင့်ခန်းတွေအတူလုပ်ပေး၊ ဆေးပြနဲ့ခုဆို ကြွေလေးအခြေအနေက သိသိသာသာတိုးတက်လာသည် မဟုတ်ပါလား။

ခြံထဲမှထွက်သွားသည့် ကားသံကိုကြားလိုက်ရသလို ယွန်း အိပ်ယာထက်ထိုင်ချမိ၏။ ချစ်တုန်းကလဲ ပင်ပန်းရသလို မုန်းတီးမိတော့လဲ ခက်ခဲပင်ပန်းရပြန်၏။ အရာရာကို မေ့ပစ်လိုက်ချင်ပါတော့သည်။ 

------------

ဂုဏ်တံတိုင်း ကားကိုပေါ်တီကိုအောက်တွင် ရပ်လိုက်သလို ဦးလေးက ကားနောက်ခန်းမှဝှီးချဲအား ကားအောက်ချပေးလိုက်သည်။ ကြွေလေးကို ကားပေါ်မှပွေ့ချီပြီး ဝှီးချဲပေါ်တင်ပေးလိုက်စဥ် အိမ်ထဲကနေလွင့်ပျံ့လာသည့် ယွန်း၏ ရယ်သံလွင်လွင်လေးကြောင့် သူမျက်ခုံးပင့်မိသွားရသလို ရင်ထဲလဲပျော်သွား၏။ နောက်ဆုံးတော့ ရယ်သံလေးကြားရပြီမဟုတ်လား။

" ဧည့်သည်ရောက်နေတယ် အစ်ကိုလေး။ "

အိမ်ထဲမှထွက်လာသည့် အိမ်အကူကောင်မလေးပြောမှ သူခြံရှေ့နား ရပ်ထားသည့် ကားကိုသတိထားမိသွားသည်။ ကြွေလေးကို ဦးလေးနဲ့ထားခဲ့ကာ သူအိမ်ထဲဝင်လာတော့ ကြားလိုက်ရသည့် ယောကျာ်းတစ်ယောက်၏အသံ။

" နောက် လမ်းမှာလျှောက်မငိုရဘူးနော် ယွန်း။ "

" အဟင်း……ယွန်း ကိုနောင့်ကို တကယ်ကျေးဇူးတင်ပါတယ်။ "

လမင်းနောင်။

ဧည့်ခန်းထဲထိုင်ကာ ရယ်မောပြီးစကားပြောနေကြသည့်ပုံစံက သူ့ရင်ဘတ်ထဲမှ အသဲနှလုံးကိုဖျစ်ညှစ်လိုက်သလိုပင်။ ဂုဏ်တံတိုင်း မျက်နှာက တည်တင်းသွားသလို ဧည့်ခန်းထဲ ဝင်လာရင်းမှ ယွန်းအနားတိုးကပ်ထိုင်ပစ်လိုက်သည်။

" ဘာကိစ္စလဲ ကိုလမင်းနောင်။ "

" ကိုဂုဏ်တံတိုင်းကို စောင့်နေတာ။ အလုပ်ကိစ္စလေးပြောစရာရှိလို့ပါ။ "

" ယွန်းကိုခွင့်ပြုပါဦး ကိုနောင်.....စကားပြောကြပါ။ "

ကိုနောင်......။ 

အဖျားဆွတ်ခေါ်သည့် နာမ်စားတွေနဲ့ဆိုတော့ သူပို၍ သဝန်တိုရသည်။ ဘယ်တုန်းကများ ယွန်းနဲ့သိလို့လဲ။ ယွန်းကရော ဘာကြောင့် ဒီလူ့ကို ဒီလောက်ရင်းရင်းနှီးနှီးဆက်ဆံပေးရသလဲ။ သဝန်တိုစိတ်ကြောင့် သူ့မျက်နှာက တစ်ချိန်လုံးတင်းချီနေသလို စကားပြောလဲထောင့်မကျိုးဖြစ်နေ၏။ 

လမင်းနောင် ပြန်သွားသည်နှင့် သူ အပေါ်ထပ်တန်းလိုက်လာသလို အခန်းတံခါးကိုဆွဲဖွင့်ရင်း ယွန်းအနားတမဟုတ်ချင်းရောက်သွား၏။

" ယွန်း.....အဲ့လူနဲ့ယွန်းက ဘယလိုသိတာလဲ။ ဘာလို့ အဲ့လောက်ရင်းနှီးနေရတာလဲ။ "

ယွန်း က သူ့ကိုခပ်အေးအေးလေး လှည့်ကြည့်လာ၏။

" မင်းနဲ့ဘာဆိုင်လို့လဲ......"

" ဘာ!....ဘာဆိုင်...ဘာဆိုင်လို့လဲဟုတ်လား။ မောင်က ယွန်းရဲ့ယောကျာ်းလေ။ မောင့်မိန်းမက အခြားယောကျာ်းတစ်ယောက်နဲ့ရီမောနေတာ မောင်မကြိုက်ဘူး။ "

တယ်လဲ သဘောကျစရာကောင်းပါသည်။ ယွန်းအလှည့်တုန်းကရော.....။

" ယွန်း.....ယွန်းအကြည့်ကဘာလဲ။ မောင့်ကို အရွဲ့တိုက်ဖို့ စိတ်မကူးနဲ့နော်။ "

" လူဆိုတာ ကိုယ်တိုင်နာကျင်ဖူးမှ သူများနာကျင်မှုကို ကိုယ်ချင်းစာတတ်တာ မဟုတ်လား။ "

နှုတ်ခမ်းလေးတွန့်ရုံ ပြုံးရင်း သူ့ကိုပြန်ပြောလာပုံက တကယ်များလုပ်တော့မလားဟု ရင်ထဲမောဟဖိစီးသွားစေ၏။ မခံမရပ်နိုင်မှုနဲ့အတူ ဝန်တိုစိတ်ကြောင့် သူ့လက်တွေကယွန်းကိုယ်လေးကို ဆောင့်ဆွဲဖက်ပစ်ရင်း နှုတ်ခမ်းတွေကို အတင်းနမ်းရှိုက်ပစ်သည်။ ရင်ဘတ်ကိုထုရိုက်လာပေမယ့် သူဂရုမစိုက်......ထို့နောက် ဘယ်သူ့ကိုမှမပေးနိုင်သော လောဘတွေဖြင့် သူယွန်းကိုချစ်မြတ်နိုးမိသည်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 18

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..