
Part - 18
ယွန်း အိမ်အောက်ထပ်ဆင်းလာရင်းမှ အကြည့်က ကုမ္ပဏီကပြန်လာသည့် သူ့ကိုမြင်တော့ မျက်နှာလေးတင်းသွား၏။ ယွန်း သူ့ကို ပိုမမုန်းမုန်းအောင် ၊ စိတ်မနာနာအောင် သူလုပ်သည်။ အလျှော့ပေးတယ်ဆိုတာ မကွာပေးချင်၍ ဟန်ပြဟု ယွန်းကခံစားမိသလို တစ်လျှောက်လုံးအမုန်းကြီးမုန်းလာပြီး ခုမှ ရုတ်တရတ်ချစ်ပါသည်ဆိုတဲ့စကားက ဘယ်မိန်းကလေးမှယုံမည်မဟုတ်ပါ။ ယွန်းကိုသာ တကယ်ချစ်ခဲ့ရိုးမှန်ရင် သူရက်စက်နိုင်မှာမဟုတ်သလို ၊ ဥပေက္ခာပြုရက်ခဲ့မှာလဲမဟုတ်။ သူ့ကြောင့် ယွန်း အမြဲငိုခဲ့ရသည် မဟုတ်လား။
ယွန်း ခပ်တည်တည်လေး လှေကားမှဆက်ဆင်းလာတော့ ဂုဏ်တံတိုင်းက ယွန်းကိုမြင်ပြီးပြုံးသွား၏။ ကားပေါ်မှ ကပျာကယာဆင်းကာ ပန်းစည်းကြီးကို ကျောဘက်မှာ လက်နောက်ပြန်ဝှက်ကိုင်လာရင်း မျက်နှာက ပျော်ရွှင်နေလေရဲ့။ ယွန်းဆီ လျှောက်လာရင်း ယွန်းလက်တစ်ဖက်ကို အတင်းဆွဲထားကာ.......
" Suprise!!!......ယွန်းအတွက် ယွန်းကြိုက်တဲ့နေကြာပန်းတွေပါခင်ဗျာ။ "
မျက်စိရှေ့ရောက်လာသည့် ပန်းစည်းကို သူ မဆွဲထားသည့် အခြားလက်တစ်ဖက်ဖြင့် ဖယ်ရှားလိုက်ရင်းမှ......
" ပန်း မကြိုက်တော့ဘူး။ "
" ဟင်! "
ဂုဏ်တံတိုင်း အံ့သြသွားရသလို ကိုယ့်လက်ထဲကပန်းစည်းကိုယ်ပြန်ငုံ့ကြည့်မိသွားသည်။ ယူလာတုန်းက မျက်စိထဲသိပ်လှပခဲ့သည့် ပန်းစည်းက ငြင်းပယ်ခြင်းခံလိုက်ရလို့လားမသိ သူ့မျက်စိထဲ ညိုးငယ်နွမ်းဖတ်ကာ မလှတော့သယောင်ပင်။
ယွန်းက ကိုင်ဆွဲထားသည့်သူ့လက်ကို ဆွဲဖြုတ်ရင်း ထမင်းစားခန်းထဲ ဝင်သွားသည်မို့ ပန်းစည်းကြီးကိုင်ပြီး သူပါလိုက်ဝင်ခဲ့သည်။
" ယွန်း.....ညကျ Dinner ပွဲတစ်ခုတက်စရာရှိတယ်။ "
စကားပြန်မပြောသလို အေးတိအေးစက်ဖြင့် ရေခဲသေတ္တာတံခါးဖွင့်ကာ အအေးပုလင်းကိုဆွဲထုတ်နေတာမို့ ဂုဏ်တံတိုင်း မချင့်မရဲဖြစ်သွားရသည်။
" ယွန်း မောင်နဲ့အတူလိုက်တက်ပေးရမယ်....နော်။ "
" မတက်ချင်ဘူး......"
" မတက်လို့မရဘူး......"
ယွန်း မျက်နှာလေးက သူ့ဘက်ခပ်တည်တည် လှည့်ကြည့်လာရင်း....
" တောင်းဆိုတာမဟုတ်ပဲ အမိန့်ပေးတာဆိုရင်လဲ လူကြားကောင်းအောင်ချိုချိုသာသာတွေ ပြောမနေပါနဲ့လား......အရင်လိုပဲ မာရေကြောရေဆက်ဆံစမ်းပါ။ "
ဂုဏ်တံတိုင်း စကားမှားသွားမှန်း ရိပ်မိလိုက်တာမို့ သက်ပြင်းချရင်း ယွန်း လက်ကလေးကိုလှမ်းကိုင်တော့ အကိုင်မခံပါ။
" မဟုတ်ဘူးလေ ယွန်းရယ်......ဆောရီး မောင်ပြောတဲ့ပုံစံကမှားသွားပေမယ့် ယွန်းကိုအမိန့်ပေးတာ မဟုတ်ပါဘူး။ မောင် ယွန်းနဲ့အတူတူ ပွဲတက်ချင်လို့ပါ.....ကိုယ့်ဇနီးမယားနဲ့အတူ ပွဲတက်ချင်တာ မှားသလား ယွန်းရယ်။ "
သူကသာ အသဲအသန်ရှင်းပြပေမယ့် ယွန်းကတော့ သူ့ကိုစိတ်ကျေနပ်ဟန်မရပါ။ ခပ်အေးအေးစိုက်ကြည့်လာရင်းမှ.....
" ဟင့်အင်း......ငါ မင်းနဲ့အတူ ပွဲမတက်နိုင်ဘူး ဂုဏ်တံတိုင်း။ မင်းမှာ အတူပွဲတက်ပေးမယ့်သူတွေ မရှားပါဘူး.....အရင်တစ်ခါကလိုပဲ ခေါ်သွားလိုက်ပေါ့။ "
ဂုဏ်တံတိုင်း ငြိမ်ကျသွားသလို သတိပြန်ရသွားသည်။ ယွန်းကိုပွဲအတူတက်ရမည်ဆိုပြီး သူပြန်လာမခေါ်မိခဲ့တဲ့နေ့။
" ယွန်းရယ်.....အဲ့လိုကြီးတေးမှတ်မထားပါနဲ့လား။ ".
ယွန်း တေးမှတ်ထားခြင်းမဟုတ်ပါ။ အာဃာတလဲမရှိ.....သို့ပေမယ့် ယွန်းမေ့မရနိုင်တာတော့ အမှန်ပင်။ ပြန်သတိရမိတိုင်း ဝမ်းနည်းရသလို မျက်ရည်ကျမိသည်အထိ ယွန်းနာကျင်ရသည်။ မောင်ကတော့ ပြုလုပ်သူဆိုတော့ မေ့ဖျောက်ထားနိုင်မှာပေါ့။ မိန်းမတွေဟာ အပြစ်ကလေးများဆို သေးသေးလေးကအစ မှတ်မိတယ်ဟု မောင်တို့ယောကျာ်းတွေက ပြောတတ်ကြသည်။
တကယ်တော့ ထိုနာကျင်မှု ၊ ထိုမှတ်ဉာဏ်တွေဟာ တကယ်ချစ်မြတ်နိုးရသော ယောကျာ်းအတွက်သာ ဖြစ်တည်ခြင်းပင်။ ယွန်းလက်ကိုဆွဲရမယ့်အစား မောင်ဟာ ဟိုမိန်းမနဲ့အတူ ပွဲတက်ခဲ့တာ....ယွန်း ဘယ်လောက်နာကျင်စိတ်ထိခိုက်ခဲ့ရသလဲ မောင်မသိနိုင်ပါဘူး။ ယွန်း မောင့်ကိုမယုံတော့ပေ။
ယွန်း တစ်ခါအရှက်ကွဲပြီးပါပြီ။
ထပ်ပြီး မသိမ်ငယ်ချင်တော့ဘူး။
@@@@@@@@@@
ဂုဏ်တံတိုင်း အနောက်တိုင်းဝတ်စုံကို ဝတ်နေရင်းမှ အိပ်ယာထက်လှဲအိပ်နေသည့် ယွန်းကို တစ်ချက်ငဲ့ကြည့်လိုက်မိသည်။ တကယ်ကို သူ့နောက်လိုက်မည့်ပုံမပေါ်ပေ။
" ယွန်း......မောင် ဖိတ်စာထားခဲ့မယ်နော်။ စိတ်ပြောင်းသွားရင် လိုက်လာခဲ့ပေးမယ် မဟုတ်လား။ "
မသိဟန်မကြားဟန်ဆောင်နေတာမို့ သက်ပြင်းချမိရင်းမှ.....
" မောင် သွားပြီနော်...."
ကားသံကြားသည်အထိ ယွန်း တုပ်တုပ်မလှုပ်သလို မရမကကို စိတ်လေးတင်းထားပစ်သည်။ မသွားဘူး......မလိုက်ဘူး....သူ့ဘာသာပျော်။ အပိုတွေပါ။
ဂုဏ်တံတိုင်း ပါတီပွဲထဲရှိ စားပွဲတစ်ခုတွင် ထိုင်နေရင်း အနားရောက်လာသည့် လမင်းနောင် နှင့် ဆူဇီကြောင့် ပြုံးကာ နှုတ်ဆက်လိုက်ရသည်။
" ကိုဂုဏ်တံတိုင်းတစ်ယောက်ထဲလား......ယွန်းပါမယ်ထင်နေတာ။ မပါဘူးလား။ "
လမင်းနောင်စကားကြောင့် သူဟန်ဆောင်ပြုံးလိုက်ရင်းမှ.....
" ယွန်းက နေမကောင်းလို့ပါ။ ကိုလမင်းနောင်ရော....ချစ်သူရည်းစားလေးဘာလေး မပါဘူးလား။ "
" ချစ်သူရည်းစားမရှိတော့ ကိုယ့်အစ်မကိုပဲ အတူတက်ပေးဖို့ ခေါ်လာရတယ်ဗျာ.......ဟိုမှာလေ...သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်။"
လမင်းနောင် ပြသည့်ဆီ လှမ်းကြည့်လိုက်ရင်း သူအလိုက်သင့်ပြုံးပြမိသည်။ တကယ်ပဲ ယွန်းက နေနိုင်ရက်ပါသည်။
ယွန်း ဖိတ်စာလေးပြရင်း ပါတီပွဲထဲ ဝင်လာခဲ့သလို အရှိန်ရနေကြပြီမို့ တချို့ကတွဲပင် က နေကြပြီဖြစ်၏။ မောင်ရော.....ဘယ်မှာပါလိမ့်။
ဆူဇီ လက်ကိုဆောင့်ရုန်းလိုက်ရင်း အရက်ခိုးတွေဝေနေသည့် သိုက်ဆက်၏ မျက်နှာကို စေ့စေ့စိုက်ကြည့်လိုက်သည်။
" ငါ့မှာ ချစ်သူရှိတယ် သိုက်ဆက်.....နင် ငါ့ကိုဆက်မနှောက်ယှက်ပါနဲ့။ "
သိုက်ဆက်က လူလည်ပီပီ ခပ်ဟဟရယ်ရင်းမှ....
" ချစ်သူဟုတ်လား.....ဘယ်မှာလဲ ပြစမ်းပါ နင့်ချစ်သူကို "
အကြပ်ရိုက်သွားရချိန် မျက်ဝန်းက ခပ်မှိုင်မှိုင်ထိုင်နေသည့် ဂုဏ်တံတိုင်းကိုမြင်တော့ အနားတန်းရောက်သွား၏။
" ဒီမှာ သိုက်ဆက်.... ငါ့ချစ်သူ။ "
ဂုဏ်တံတိုင်း ကြောင်သွားရသလို သူ့ကို အခဲမကြေသလိုကြည့်နေသည့် ယောကျာ်းလေးသုံးယောက်ကြောင့် ဆူဇီ့ကို မကျေမချမ်းကြည့်မိသွားသည်။ သူ့လက်မောင်းကို ဖမ်းချိတ်ထားသလို ဟိုကောင့်ပုံစံက အဆင်မပြေတာမို့......
" တွေ့ရတာ ဝမ်းသာပါတယ်..... ဆူဇီ့ရဲ့ ချစ်သူပါ။ "
ကြားလိုက်ရသည့် စကားကြောင့် ဂုဏ်တံတိုင်း၏ နောက်ပါး၌ ရောက်နေသည့် ယွန်းမှာ နှုတ်ခမ်းလေးကော့ညွန့်အောင် ခပ်မဲ့မဲ့ပြုံးမိသွားရသည်။ ချာခနဲ နေရာမှ လှည့်ထွက်လိုက်သလို ဂုဏ်တံတိုင်းမှာ အခုမှယွန်းကို မြင်သွား၏။
" ယွန်း......."
သွားပြီဆိုတဲ့အသိနဲ့အတူ ကပျာကယာ ယွန်းနောက်ပြေးလိုက်ကာ လက်ကိုဖမ်းဆွဲ၏။ သူ့လက်ထဲမှ ဆောင့်ရုန်းပစ်သလို ပါးကိုလွှဲရိုက်ချပစ်တာမို့ ပါးတစ်ဖက်က ထူပူသွား၏။
" ယွန်း.......မောင် ရှင်းပြမယ်။ "
ယွန်း ပါးပြင်ပေါ် မျက်ရည်စတွေစီးကျလာရသလို ကားရပ်ထားသည့်နေရာတွေဆီ အမြန်လျှောက်လာခဲ့၏။ ကျွီခနဲ ယွန်းရှေ့သို့ ကားတစ်စီးထိုးရပ်လာသလို ကားမောင်းသူနေရာမှ လမင်းနောင်က ပြုံးရီရင်း နှုတ်ဆက်လာ၏။
" ဟာ....ယွန်း နေမကောင်းဘူးဆို။ "
နှုတ်ဆက်ရုံရှိသေး မျက်ရည်အရွှဲသားကို ခုမှသတိထားမိသလို သူ့ကားနောက်ခန်းတွင် ကားတံခါးဆွဲဖွင့်ကာ ဝင်ထိုင်လာရင်း.....
" မောင်းပေးပါ......ဒီနေရာကနေမြန်မြန်မောင်းပေးပါရှင်။ "
ဘာလို့မှန်းမသိ..... သူတစ်ချက်လေးပင် တွေဝေခြင်းမရှိခဲ့ပါ။ ကားကိုနေရာမှ မောင်းထွက်ပြီးသား ဖြစ်နေခဲ့သည်။ ဂုဏ်တံတိုင်း ကားပေါ်တက်ကာ အနောက်ကနေ ကပျာကယာလိုက်လာသလို ကိုယ့်ကိုယ်ကိုယ်ရော ဆူဇီ့ကိုပါ မုန်းမိတော့သည်။
လူကလောနေသလို ယွန်းကိုရှင်းပြချင်စိတ်သာ ကြီးမားနေခဲ့သည်။ တွေ့သမျှကား ကျော်တက်ရင်း တစ်ဖက်ယာဉ် ကြောမှ ကားကြီးကိုမြင်လိုက်ရတာမို့ စတီယာရင်ကို ဘေးဆွဲအချ ဒုန်းခနဲ မြည်သံနဲ့အတူ အရာရာဟာ အမှောင်နတ္ထိ။
@@@@@@@@@@@
ကမ္ဘာကြီးအိုးထိန်းစက်ကဲ့သို့ ချာချာလည်သည်ဆိုသော စကားကို ကြားခဲ့ဖူးပေမယ့် အခုတော့ ကိုယ်တွေ့ကြုံဆုံခံစားလိုက်ရလေသည်။ သူ့ကားက ဓာတ်တိုင်ကိုဝင်တိုက်ပြီး ကံကောင်းထောက်မ၍ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပဲ သတိလစ်သွားခဲ့သည်။
သူ့ကို ဆေးရုံအရောက်ပို့ပေးတာလဲ ယွန်း ဖြစ်သလို သူသတိရလာသည့်အချိန်တွင်တော့ ကွာရှင်းစာချုပ်သာ ကျန်ရှိနေခဲ့သည်။
" ယွန်း......ယွန်း ဘယ်မှာလဲ။ ကျွန်တော် တောင်းပန်ပါတယ်.....ယွန်း နဲ့တွေ့ခွင့်ပေးပါဗျာ။ ".
ယွန်းရဲ့အိမ်ရှေ့ထိကို သူရောက်သွားကာ မရမကတွေ့ခွင့်တောင်းခဲ့ပါသည်။ သို့ပေမယ့် ယွန်းမရှိတော့။ ဘယ်ကိုသွားမှန်းလဲ သူ့အားမပြောပြကြသလို နိုင်ငံခြားထွက်သွားသည်ဟုသာ သူသိခွင့်ရခဲ့သည်။
တစ်နှစ်....။
တစ်နှစ်အတွင်း ဂုဏ်တံတိုင်းတစ်ယောက် နာလန်မထူနိုင်အောင်ဖြစ်သွားခဲ့သည်။ နေ့နေ့ညညအရက်သောက်သလို ကုမ္ပဏီအလုပ်ကိုလဲ ဖိဖိစီးစီး မလုပ်နိုင်တော့။ မူးလာတိုင်း သူ့ကိုယ်သူအပြစ်တင်ကာ နာကျင်အောင်လုပ်တတ်တာမို့ ဦးငယ်က အမြဲအနားရှိရသည်။
" ကိုကို ခုလိုတွေလုပ်နေတာ ကြွေ့ကို ဘယ်လောက်ထိစိတ်ဆင်းရဲစေချင်လို့လဲ။ "
ကြွေ့ခမျာ တားရှာပါသည် ။ သို့ပေမယ့် နှလုံးသားကိုမှ အရက်နဲ့မစိမ်လျှင် သတိရလွမ်းဆွတ်စိတ်ကြောင့် သူရူးသွားလိမ့်မည်။ ယွန်းရဲ့အသံ၊ ယွန်းရဲ့ဟန်လေးတွေက သူ့နားထဲမျက်စိထဲ စွဲနေသလို လစ်ဟာနေသည့် ခံစားချက်က ဆိုးရွားလွန်းလှသည်။
-----------------
ဆရာဝန်ဝတ်စုံဖြင့် ဆေးရုံတွင် ကျန်းမာရေးအသိပေးအတိုလေး လာရိုက်ပေးနေသည့် တိမ်ယံမှိုင်းမှာ ဆေးရုံအပေါက်ဝကနေ ဝင်လာသည့် ဝှီးချဲလေးပေါ်က ကြွေ့ကိုမြင်တော့ လှမ်းငေးမိသွား၏။ ကြွေ့ဦးလေးက တွန်းလာပေးခြင်းဖြစ်သလို သူနဲ့ကြွေ မတွေ့တာ လမ်းခွဲပြီးထဲကပင်။
" ဟင်! "
မလှမ်းမကမ်းမှ စူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုမြင်တော့ ကြွေ ငေးခနဲဖြစ်သွား၏။ ကပျာကယာမျက်နှာပြန်လွှဲလိုက်ရင်းမှ....
" ဦးငယ်.....ကြွေ အိမ်ပဲပြန်တော့မယ်။ ".
" ဘာလို့လဲ ကြွေလေးရယ်... ရက်ချိန်းဆိုတာ..."
" ကြွေပြန်ချင်တယ်....."
တိမ်ယံမှိုင်း လှည့်ပြန်သွားကြသည့် တူဝရီးကိုကြည့်ရင်း သက်ပြင်းအသာချမိ၏။ သူ့ကိုမြင်တာနဲ့ တန်းပြန်သွားတာ သူသိသလို ကိုယ်ချစ်ရသည့်မိန်းကလေးအား ဒီလိုပုံမြင်တော့ သူလဲရင်နာသည်။
ဒီမိန်းကလေးက သိပ်မိုက်မဲတာ။
သူ ခွင့်မလွှတ်နိူင်တဲ့အပြစ်ကို ကျူးလွန်ခဲ့တဲ့အထိသူ့ကိုအရွဲ့တိုက်ခဲ့တာ သဝန်တို၍ပါဆိုသည့် ခေါင်းစဉ်နှင့်ပင်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 19
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ