
Part - 19
ဂုဏ်တံတိုင်း နေသိပ်မကောင်းတာမို့ အိမ်မှာပဲနေဖြစ်သလို ဘယ်သူနဲ့မှလဲ သိပ်မတွေ့ချင်တာမို့ အခန်းထဲပဲ အောင်းနေမိသည်။ သူ လူတွေလွှတ်ပြီး ယွန်းကိုရှာပါသည်။ မမြင်ချင်၍ တမင်ရှောင့်ပုန်းသူမို့လားမသိ.....ရှာလို့အစအနပင်မတွေ့ရပါ။ ရှာသူလဲမောလှပါပြီ.....ပုန်းသူလဲ တော်လှပါသည်။
! ဒေါက်.....ဒေါက်.....ဒေါက်!
" သားဂုဏ်...... ဦးငယ်ဝင်လာမယ်နော်။ "
အခန်းထဲဝင်လာသည့် ဦးငယ်က သူ့ကိုကြည့်ရင်း စိတ်မောသွားပုံရသည်။
" မင်းပုံစံက လူမမာကျနေတာပဲ ငါ့တူရယ်။ "
ဟုတ်သည်......သူ့ပုံစံက အတော်ဆိုးရွားနေသည်။ မဖြီးမသင်ဖြစ်သည့် ဆံပင်ဘုတ်သိုက်နှင့် လူပုံကညှင်းသိုးသိုးဖြစ်နေသလို အရက်နာကျပြီး မျက်စိတွေကနီရဲနေ၏။
" ကုမ္ပဏီအခြေအနေရော ဘယ်လိုရှိလဲ ဦးငယ်....."
" မင်းက စိတ်ဝင်စားသေးတာလား....."
ခနဲ့သလိုစကားကြောင့် သူဘာမှပြန်မပြောဖြစ်သလို နှုတ်ဆိတ်နေမိသည်။ သူ အလုပ်တွေကိုပစ်ချထားတာ အတော်ကြာပြီဖြစ်၏။ ပစ်မထားသင့်မှန်းသိပေမယ့် ကုမ္ပဏီမှာရှိလဲ စိတ်မှမနှစ်နိုင်ပဲ လူရောနှလုံးသားပါ ဟန်ချက်ပျက်နေသည့်အချိန် သူအရာရာလွှတ်ချထားမိသည်။
" ကုမ္ပဏီတစ်ခု ထူထောင်တယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး ဂုဏ်တံတိုင်း......အေး ပျက်ဆီးဖို့ကတော့ သိပ်လွယ်ကူတယ်။ "
" ယွန်းကို အမြဲလွမ်းနေရတယ် ဦးငယ်......ကျွန်တော် သူ့ကို ဒီတစ်သက်လုံးပြန်မတွေ့နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ "
သူ တကယ်ကြောက်ပါသည်။ ယွန်းကို သူထပ်မတွေ့နိုင်မှာ ကြောက်သည်။ ရှင်းပြခွင့်မရလိုက်မှာ စိုးရိမ်သည်။
" ကျွန်တော့်အမှားတွေပါပဲ......"
" ပြီးခဲ့တာတွေကို ပြန်ပြီးအပြစ်တင်နေလို့ ဘာများထူးလာမှာလဲ ငါ့တူ။ ပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့အတိတ်ကို မင်းတွယ်ဖက်ထားမနေနဲ့.....မင်းအနာဂါတ်ကို စဉ်း စား။ ကြွေလေးဆို မင်းပုံစံကြည့်ပြီး ဘယ်လောက်စိတ်ဆင်းရဲနေရလဲ။ "
ဟုတ်ပါသည်......သူဟာ ယွန်းရှိတုန်းက ယွန်းရဲ့တန်ဖိုးကိုမသိခဲ့တန်ဖိုးမထားခဲ့။ ဘယ်လိုမှ ပြင်ဆင်၍မရနိုင်တာ အချိန်နဲ့စကားလုံးတွေပင်။ ရက်ရက်စက်စက်ပြောခဲ့သမျှ သူ့ကိုချစ်သည်ဆိုပြီး အခွင့်အရေးအပြည့်အဝယူခဲ့မိသည်။ ပြောခဲ့မိတဲ့ စကားတွေကို စိတ်ရင်းနဲ့မဟုတ်ပါဘူးဟုလဲ ဖြေရှင်းမရတော့။
ဖုန်း Screen ပေါ်မြင်နေရသည့် အခြားမင်းသမီးတစဦးနဲ့အတူ တွဲရိုက်ထားသည့် မှိုင်း၏ ပုံအား ငေးကြည့်ရင်း ကြွေသက်ပြင်းချမိသည်။ အရာအားလုံးဟာ ကြွေ့အပြစ်ဟုသာ ခံယူထားတာမို့ အကုန်လွှတ်ချခဲ့ပေမယ့် နှလုံးသားကတော့ အချစ်ကိုမပစ်ပယ်နိုင်ပုံပင်။
အရင်လိုအခြေအနေမှာတောင် ကြွေ့မှာ သဝန်တိုရ ၊ ပူပန်ရနှင့် နောက်ဆုံးဒီအခြေအနေထိဖြစ်ကုန်တာ မဟုတ်လား။ အခုဆို ကြွေ့အခြေအနေက.....။
မှိုင်း တစ်နေ့က မျက်နှာလေးကို ထပ်တလဲလဲ ပြန်မြင်ယောင်နေမိတာမို့ ကိုယ့်ကိုယ်ကိုယ် စိတ်အလိုမကျနိုင်ဖြစ်ရသည်။ သူ ကြွေ့ကိုလမ်းခွဲစကားပြောပြီးထဲက လုံးဝမတွေ့ခဲ့သလို မတွေ့အောင်လဲ ရှောင်နေခဲ့သည်။ ကြွေ အောက်ပိုင်းသေသွားတာ ကြားပေမယ့် သူ့စိတ်သူမနိုင်မှာစိုး၍ နယ်ကိုကားရိုက်ပါဆင်းချသွားခဲ့တာပင်။
ခုကျ ပထမဆုံးပြန်မြင်သည့် ပုံစံလေးက သူ့ကို နှိပ်စက်နေသလို အပြစ်မကင်းသည့် ခံစားချက်လဲ ဖြစ်တည်၏။ အရင် သူ့ဆီ ပြေးပြေးလာကာ ပြဿနာရှာတတ်သည့် မိန်းကလေးက ခုကျ ကိုယ့်ကိုယ်ကိုယ်ပင် မထမပြုနိုင်သည့်အခြေအနေရောက်သွားတာ သူမအတွက် ဘယ်လောက်ဆိုးရွားမလဲဆိုတာ သူ ပထမဆုံးတွေးမိလာသည်။
" ကိုဆက်......"
သူ့ခေါ်သံကြောင့် ကိုဆက်က အနားရောက်လာသည်။
" ကြွေ့ကျန်းမာရေးအခြေအနေလေး တစ်ချက်စုံစမ်းပေးနိုင်မလား။ "
သူ့စကားကြောင့် ကိုဆက်က ထူးဆန်းသလို ကြည့်လာရင်း....
" ဘာဖြစ်လို့လဲ......မင်းပဲအရင်ကဆို စကားတောင်အစမခံပဲ။ "
" စုံစမ်းပေးစမ်းပါဗျာ.....သိရရင် ကျွန်တော့်ကိုပြော။ "
အချစ်ဆိုတာ တစ်ခါတစ်ရံ သိတတ်ခြင်းကင်း၏။ အချိန်အခါ နေရာဒေသလွဲမှားပြီး ကိုယ့်ဘက်ကို မငဲ့ကွက်တတ်တာမျိုး။
@@@@@@@@@@@
မန္တလေး.....။
ယွန်း မန္တလေးက အိမ်တွင်ရောက်နေတာ တစ်နှစ်တိတိရှိခဲ့ပြီဖြစ်၏။ ယွန်းအတွက် အရာရာဟာ အချိန်တစ်ခုတွင် အနည်ထိုင်လာပြီဟု ထင်ရသလိုရှိသည်။ တကယ်တော့ ဒီအိမ်က ယွန်းတို့အိမ်မဟုတ်သလို လမင်းနောင်၏ အိမ်ဆိုလဲမမှားပေ။ ပုန်းရှောင်စရာနေရာရှာနေသည့် ယွန်းအတွက် ကိုနောင်က လိုအပ်သည့်အကူအညီပေးခဲ့သည်။
တီ.....တီ....တီ
ကားဟွန်းတီးသံကြောင့် ယွန်း အိမ်ထဲမှထွက်ကြည့်မိတော့ ကိုနောင့်အစ်မ မမနွယ်ပင်။ ယွန်း မျက်နှာလေးက ပြုံးရွှင်သွားရရင်း ခြံတံခါးသော့ကိုဖွင့်ကာ ကားဝင်လို့ရအောင် တံခါးဆွဲဖွင့်ပေးလိုက်သည်။
" မမနွယ် လာတယ်.....ယွန်းကိုဖုန်းတောင်ကြိုမဆက်ဘူးနော်။ "
ခြံတံခါးလေးပြန်ပိတ်ကာ ပေါ်တီကိုအောက်လိုက်လာသလို ကားပေါ်မှဆင်းလာသည့် မမနွယ်က ကားထဲမှအထုပ်တွေဆွဲယူရင်း ယွန်းလက်ထဲထည့်ပေးလာ၏။
" ပထမတော့ မနွယ်လဲ မဝင်ဖြစ်တော့ဘူး......ဒါပေမယ့် နောင်က ယွန်းဆီဝင်ဖြစ်အောင်ဝင်လိုက်ပါတဲ့.....ပစ္စည်းတွေလဲ မှာလိုက်တယ်။ ယွန်းအတွက်တဲ့.....မနွယ်က ကိုယ်စားဝယ်ပြီး လာပို့ပေးရတာပါရှင်။ "
ယွန်း ခပ်အေးအေးလေးသာ ပြုံးမိ၏။
" အိမ်ထဲဝင်လေ မမနွယ်....."
" ဗိုက်ဆာတယ် ယွန်းရယ်......ဘာချက်လဲဟင်။ မနွယ် ထမင်းစားမကောင်းတာကြာပြီ။ ယွန်းလက်ရာကိုအဝစားသွားရမယ်။ "
" ကြိုမပြောဘူး မနွယ်ရယ်... ယွန်းက ဒီနေ့ဖွယ်ဖွယ်ရာရာ ဘာမှမချက်ဘူး။ ကင်ပွန်းချဉ်ရွက်ကို ပုစွန်လေးနဲ့စပ်စပ်စိုစိုလေးကြော်ထားတယ်။ ကြက်ရိုးနဲ့ဘူးသီးဟင်းချိုရယ်.....ကြက်ဥကီးမားကြော်တယ် .....မနွယ်အတွက် ယွန်း ကျောက်ပွင့်သုပ်လေးသုပ်ပေးမယ်။ "
" ရှိတာနဲ့စားမယ်ယွန်းရယ်.....ယွန်းလက်ရာဆို စားကောင်းမှာ ကျိန်းသေတယ်။ "
ယွန်း မနွယ်စားရန် ပြင်ဆင်ပေးပြီး ပလုတ်ပလောင်းစားနေတာကို ဘေးမှထိုင်ကြည့်ရင်း ပြုံးမိသည်။
" ဒါနဲ့....ယွန်း ဒေါ်လေး နေသိပ်မကောင်းဘူးဆို။ ရန်ကုန်ပြန်မှာလား။ "
ယွန်း သက်ပြင်းချမိသွားသည်။ ဟုတ်သည်......ဒေါ်လေးက ခုတလောနေမကောင်း၍ ယွန်းနဲ့ဖုန်းပြောတိုင်း လေသံတောင် တဖြည်းဖြည်းတိုးလျလာသည်။
" မသိသေးပါဘူး မမနွယ်ရယ်.....ဒေါ်လေးအခြေအနေကိုကြည့်ဦးမှာပါ,....ပိုပြီးမကျန်းမာလာရင်တော့ ပြန်ရမှာပေါ့။ ပြုစုပေးရမယ်လေ။ "
ယွန်း စကားကြောင့် မနွယ်က သက်ပြင်းချလာသည်။
" ဂုဏ်တံတိုင်းက အခု....."
" ယွန်း သူ့အကြောင်းတွေ မကြားချင်ဘူးလို့ မနွယ်ကို ပြောထားတယ်လေ။ "
စကားပင်အစမခံပဲ ပိတ်ပြောလိုက်သည့် ယွန်းကြောင့် မမနွယ်ခမျာ ဘာဆက်ပြောရမှန်းမသိ ။ ယွန်းကိုလဲသနားသလို ဂုဏ်တံတိုင်းကို မြင်တော့လဲ စိတ်ထဲမကောင်း။ ပထမကတော့ ယွန်းဘက်ကနေ ဂုဏ်တံတိုင်းကို ကြည့်မရပေမယ့် အလဲလဲအပြိုပြိုဖြစ်နေတာ မြင်ရတော့လဲ သနားပြန်သည်။ သနားတတ်လွန်းသည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမလိုပင်။
------------------
ကြွေ ဒီနေ့ ဆေးရုံရက်ချိန်းလာပြခြင်းဖြစ်သလို ဦးငယ်က ဆေးကောင်တာတွင် ဆေးသွားယူနေသည်မို့ တစ်ယောက်ထဲဝှီးချဲလေးပေါ်ထိုင်ရင်း စောင့်နေခြင်းပင်။ တကယ်ဆို ကြွေ ရေအရမ်းဆာနေပြီဖြစ်သလို ရေဗူးကလဲဦးငယ်ဆီပါသွား၏။
မတတ်နိုင်သည့်အဆုံး ဝှီးချဲလေးကို ကိုယ့်ဘာသာလှိမ့်တွန်းရင်း ဆေးရုံ၏ ရေသန့်စက်ဆီရောက်လာပေမယ့် ရေခွက်ကအပေါ်ဆုံးမှာ ဖြစ်နေပြန်သည်။
" ရော့....."
" ဟင်! "
မျက်စိရှေ့ရောက်လာသည့် ရေသန့်ဗူးကြောင့် ကြွေ မျက်လုံးလေးအဝိုင်းသားဖြင့် မော့ကြည့်မိသည့်အခါ...... တိမ်ယံမှိုင်း။ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ Mask ကြီးတပ်ထားပေမယ့် မမှတ်မိစရာလူတွေမှ မဟုတ်ခဲ့ပဲ။
" မင်း ဘယ်တုန်းက သူများနဲ့မျှသုံးတတ်လို့လဲ......အများသောက်နေတဲ့ခွက်နဲ့ သောက်မလို့လား။ "
ကြွေ ဘာမှပြန်မပြောသလို ရင်ထဲဝမ်းနည်းလာသည်မို့ ကပျာကယာ မျက်နှာလေးလွှဲရင်း ဝှီးချဲကို နေရာမှအတင်းရွေ့ရန် လှိမ့်၏။
" အ....အား "
လက်ညှပ်သွားတာမို့ ကြွေ့အော်သံယဲ့ယဲ့လေးထွက်လာသည်နှင့် မှိုင်း ပြာယာခတ်သွား၏။ ကပျာကယာ လက်လေးအားဆွဲယူရင်း....
" ဟာ...ဘယ်လိုဖြစ်တာလဲကွာ။ ပြစမ်း....."
ယူကြည့်လိုက်ပေမယ့် ကြွေ့လက်ကောက်ဝတ်မှာ အမာရွတ်လေးကိုမြင်တော့ သူမင်တက်သွားရသည်။ လက်ကောက်ဝတ်နေရာက အစင်းကြောင်းသဏ္ဍာန် ဒဏ်ရာလေးတွေဟာ ဘာကိုဆိုလိုသည်လဲ။
" လွှတ်...."
ကြွေ လက်ကလေးကို ပြန်ဆွဲယူလိုက်ရင်း သူ့ကိုမကြည့်မိအောင် ကြိုးစား၍ အကြည့်လွှဲနေရသည်။ မျက်ရည်တွေပြည့်လျှံနေတဲ့မျက်ဝန်းတွေကို မမြင်စေချင်သလို ထပ်ပြီးကျရှုံးမှာ ကြောက်လန့်နေသည်။
" ကြွေလေး....."
" ကြွေနဲ့ ဝေးဝေးနေပေးပါနော်.....ကြွေက မကောင်းတဲ့မိန်းမလေ.....သစ္စာမရှိတဲ့ကြွေ့လိုမိန်းကလေးနဲ့ ဝေးဝေးနေပေးပါရှင်။ "
ပြောရင်းကို အသံမှာရှိုက်သံတွေကပါနေ၏။ အနားရောက်လာသည့် သူနာပြုအစ်မအား အကူအညီတောင်းပြီး ကြွေ ဦးငယ်နောက်လိုက်လာခဲ့သည်။ ကြွေ ထပ်ပြီးမနာကျင်ချင်တော့။
@@@@@@@@@@@@
တီ.....တီ......တီ
ကားဟွန်းတီးသံနဲ့အတူ ခြံထဲထိုးဝင်လာသည့် ကားကြောင့် ဂုဏ်တံတိုင်း ခြံထဲရှိဒန်းပေါ်တစ်ယောက်ထဲထိုင်နေရာမှ ငဲ့ကြည့်လိုက်မိသည်။ ကားပေါ်မှဆင်းလာသည့် ဆူဇီ့ကို မြင်လိုက်ရသည်မို့ သူ ကျစ်ခနဲ စုပ်သပ်မိသွားသည်။ ဘယ်လောက်ပြောပြော နားမထောင်သလို ပြောထုတ်လဲမရ။
" မင်း ငါ့အိမ်ဘာလာလုပ်ပြန်တာလဲ။ "
" အလုပ်ကိစ္စပါ မောင်ရဲ့......ဒီမှာ ဒီအပတ်အတွင်း ပရောဂျက်က ရတဲ့အမြတ်ငွေပြစစ်တမ်းစာရွက်တွေ။ "
" ပေးပြီးရင် ပြန်....."
ဆူဇီ့မျက်နှာက စူပုတ်သွား၏။ ယူလာသည့် လက်ထပ်ဖိတ်စာကို ကမ်းပေးလိုက်ရင်း.....
" ဆူဇီ လက်ထပ်တော့မယ်.... "
ဂုဏ်တံတိုင်း အင်းဟုသာ ဝတ်ကျေတမ်းကျေ ခေါင်းညိတ်ပြလိုက်သည်။ တကယ်ဆို ယွန်းအထင်လွဲတာ အဲ့မိန်းမကြောင့်ပဲ မဟုတ်လား။ သူ ကျေနပ်မနေသလို ရင်ထဲလဲပန်းတွေပွင့်နေတာ မဟုတ်။
-----------------
လမင်းနောင် ကားပေါ်တွင် အိပ်မောကျနေသည့် ယွန်းကိုငဲ့ကြည့်ရင်း ခပ်သော့သော့ပြုံးမိ၏။ ရန်ကုန်ပြန်လာခြင်းဖြစ်သလို ယွန်း၏ ဒေါ်လေး နေမကောင်းသဖြင့် ယွန်းမပြန်လို့မရ။ သူကလဲ ယွန်းတစ်ယောက်ထဲ ပြန်လာမှာ စိတ်မချသဖြင့် ကိုယ်တိုင် မန္တလေးတက်သွားကာ ပြန်ကြိုလာခြင်းပင်။
" ဆောရီး.....ယွန်း အိပ်ပျော်သွားတယ်။ "
အိပ်ချင်မူးတူးဖြင့် သူမ မျက်လုံးလေးတွေကို လက်ညိုးဖြင့် ဖိပွတ်ကာ တောင်းပန်သလို ပြောလာသည်မို့ သူကပျာကယာ ငြင်း၏။
" အိပ်ပါ ယွန်းရဲ့......ရပါတယ်။ "
ယွန်း ရေဗူးလေးယူကာ မော့သောက်လိုက်စဥ် ကမ်းပေးလာသည့် တစ်ရှူးကြောင့် ပြုံးမိသွား၏။
" ဟိုလေ.....ယွန်းကို ကိုယ်မေးစရာရှိတယ်။ "
" ဟုတ်.....မေးလေ။ ဘာများလဲ ....."
" ယွန်း ဂုဏ်တံတိုင်းနဲ့ကိစ္စကို......"
သူ့မေးခွန်းကြောင့် သိသိသာသာလျော်ကျသွားသည့် ပန်းပွင့်လေးက သူ့ကိုနေမထိထိုင်မသာဖြစ်စေ၏။
" ဆောရီး ယွန်း.......ကိုယ်မေးတာ ဘောင်ကျော်သွားတယ်။ "
ယွန်း သက်ပြင်းလေးချရင်း ခပ်ယဲ့ယဲ့သာ ပြုံးမိ၏။
" ရပါတယ် ကိုနောင်ရယ်......သူ့ကိုက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ပေးခဲ့တာပဲ။ ဘာဖြစ်ဖြစ် ယွန်းတို့အိမ်ထောင်ရေးက အဆုံးသတ်ခဲ့ပါပြီ။ "
ကိုယ့်လူကြောင့်ပဲဖြစ်ဖြစ် ၊ တခြားလူကြောင့်ပဲဆိုဆို ယွန်းတို့ တကယ်ဝေးသွားခဲ့ကြတာပဲ မဟုတ်လား။ တစ်နှစ်ဆိုသည့် အချိန်တစ်ခုဟာ ယွန်းကိုသာမက သူ့ကိုပါ အနည်ထိုင်စေမှာပါ။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 20
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ