အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၂၁)
lotaya.mpt.com.mm
|
2023-04-15

Part - 21

တိမ်ယံမှိုင်း တစ်ဖက်မှတန်းကိုင်သည့် ဖုန်းကြောင့် စိတ်ထဲကျေနပ်သွားရသလို ကြားလိုက်ရသည့် အသံလေးကြောင့် စိတ်ထဲကကြိတ်ပြုံးမိသွား၏။

" ဘာလုပ်နေတာလဲ.... "

" အိပ်တော့မလို့လေ....ဖုန်းဆက်တာ ဘာပြောမလို့လဲဟင်။ "

ကြွေ့ဆီမှ မေးခွန်းကြားတော့လဲ သူပြောစရာစကားက သေချာမယ်မယ်ရရမရှိ။ သက်ပြင်းချလိုက်မိရင်းမှ.....

" နေ့လည်က ဆေးခန်းပြတာ ဆရာဝန်က ဘာပြောလဲ။ "

ကြွေ့ နှုတ်ခမ်းလေးက တင်းတင်းစေ့သွား၏။ အလ္လာပသလ္လာပပြောရလောက်အောင်လဲ မရင်းနှီးသင့်သည့် ဆက်ဆံရေးဖြစ်သလို အကုန်ပြီးခဲ့ပြီးမှ ဒီလိုတွေသနားသလို ဂရုဏာသက်သလို လာလုပ်နေတာ ကြွေ ပိုနာကျင်ရဖို့သာရှိပါသည်။ 

" ကြွေ့ကို မသနားပါနဲ့..... "

" ဘယ်လို... "

" အခု ကြွေ့ကို သနားနေတာလေ....ဒါမှမဟုတ် အပြစ်မကင်းသလို ခံစားရတာလဲပါမှာပေါ့။ တကယ်တော့ အဲ့လိုဖြစ်စရာမလိုပါဘူး.....အရာအားလုံးက ကြွေ့ဝဋ်ကြွေးပါပဲ.... ဒါကြောင့် အရင်ကလိုပဲ နေမြဲအတိုင်းနေပါ။ အေးအေးလူလူနေပါ။ သူစိမ်းတွေဖြစ်ခဲ့ပြီးပြီမို့ ဘာအကြောင်းနဲ့မှကြွေပြန်မပက်သက်ချင်တော့ဘူး....ဒါပဲနော်။ "

ပြောချင်တာပြောပြီး ဖုန်းချသွားသည်ကို သူ့မှာ တနင့်တပိုးကြီးနားထောင်ပြီး တလှိုက်လှိုက်ခံစားလိုက်ရသည်။ သနားလို့......တကယ်ပဲ သူ ကြွေ့ကိုသနားသွားတာလား။ သူ့အပြစ်မကင်းဘူးလို့ ခံစားပြီး လိုက်ငဲ့ကြည့်နေမိပြန်တာလား။ 

ထိုညက သူ အတွေးတွေများကာ အိပ်မပျော်ခဲ့သလို ကိုယ့်ကိုယ်ကိုယ်လဲ အားမလိုအားမရဖြစ်သည့် ခံစားချက်ကြီးက ဘာကြောင့်မှန်းမသိ ဝင်နေ၏။ အာရုံထဲလဲ အရင်က သွက်သွက်လက်လက်ဖြင့် ချစ်စဖွယ်ကောင်းသည့် ကြွေ့ပုံစံလေးနဲ့ အခုဝှီးချဲလေးပေါ်ထိုင်ကာ ငေးငေးငိုင်ငိုင်ရှိနေတတ်သည့်ပုံစံလေးသာ တဝဲလည်လည်မြင်ယောင်နေမိကာ အတွေးများရ၏။ 

လမင်းနောင်၏ စကားကြောင့် ဂုဏ်တံတိုင်း မျက်စပင့်မိသွားရသလို အနည်းငယ်စဉ်းစားမိ၏။ Project မှရတဲ့ အမြတ်ငွေကလဲ မနည်းသည်မို့ ကုမ္ပဏီဝန်ထမ်းတွေကို ညစာစားပွဲလုပ်ပေးသင့်တာတော့ အမှန်ပင်။ သို့ပေမယ့် ထိုပွဲတွင် ရာထူးတိုးကိစ္စတွေပါ ကြော်ငြာသင့်သည်ဆိုတာကတော့ သူ့ကုမ္ပဏီ၏ ကိစ္စကို ဝင်စွက်ဖက်သည်ဟု သူယူဆကာ မကြိုက်။ 

" ကျွန်တော်ပြောတာ ဘယ်လိုသဘောရလဲ ကိုတံတိုင်း ။ "

" ညစာစားပွဲကတော့ လုပ်ပေးဖို့ ကျွန်တော်လဲ အစီအစဉ်ရှိပြီးသားပါ။ ရာထူးတိုးတဲ့ကိစ္စကတော့ ကျွန်တော့် ကုမ္ပဏီကိစ္စမို့ ကိုလမင်းနောင် ဝင်မပါပါနဲ့။ "

ဂုဏ်တံတိုင်းစကားကြောင့် လမင်းနောင် မျက်နှာပျက်သွားရသလို ....

" ကျွန်တော် ဝင်စွက်ဖက်တာ မဟုတ်ပါဘူး ကိုတံတိုင်း.....အဲ့ညကျ ကျွန်တော့်ကုမ္ပဏီက ရှယ်ယာရှင် ကိုယ်စားလှယ်ကိုလဲ မိတ်ဆက်ပေးမယ့် စိတ်ကူးနဲ့ပါ။ "

နဂိုထဲက မကျေလည်သည့် သယံဇာတသည် ယွန်းနဲ့ပက်သက်ပြီး ဖြစ်တည်လာသည်ဆိုလဲ မမှားသဖြင့် သူ လမင်းနောင်ကို အမြင်ကြည်ခြင်း ရှိမနေပါ။ 

" ခင်ဗျားကုမ္ပဏီက ခင်ဗျားသဘောပါ...."

မကြည်ဖြူသော သဘောထားတွေကို မြင်နေရသည်မို့ အကင်းပါးသူပီပီ လမင်းနောင် ခေါင်းညိတ်လိုက်သည်။ 

" ကောင်းပါပြီ....ဒါဆို ဒီနေ့တော့ ဆွေးနွေးစရာလဲ ကုန်ပြီမို့ ခွင့်ပြုပါဦး။ "

နေရာမှထရပ်လိုက်သည့် လမင်းနောင်မှာ ထ မေးလိုက်သည့် မေးခွန်းကိုကြားတော့ ဖျတ်ခနဲ ငေးကြည့်မိသွားသည်။

" တစ်ချိန်လုံး ကျွန်တော့်မိန်းမကို ဝှက်ထားပေးခဲ့တာလား ကိုလမင်းနောင်......"

အဖြေမလာပဲ တိတ်ဆိတ်နေတာမို့ ဂုဏ်တံတိုင်း ဟက်ခနဲလှောင်ရယ်မိရင်း....

" ဘာရည်ရွယ်ချက်နဲ့ပဲ ဝှက်ထားပေးခဲ့တာဖြစ်ပါစေ.....ဘာကြောင့်ပဲ ယွန်းအနားရှိနေပါစေ ယွန်းက ခုချိန်ထိ ဂုဏ်တံတိုင်း ရဲ့ တရားဝင်ဇနီးမယားဆိုတာ သတိရပါ ကိုလမင်းနောင်......."

တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်မိသွားသလို ထိုခဏ၌ အရာရာက တိတ်ဆိတ်သွား၏။ စစ်မျက်နှာစာစဖွင့်လိုက်သည်ကို အနည်းငယ်ခံစားမိလိုက်ကြမည် ထင်ပါရဲ့။

@@@@@@@@@@@@@

ကုမ္ပဏီညစာစားပွဲမို့ ကုမ္ပဏီမှဝန်ထမ်းတွေ ၊ ရှယ်ယာရှင်တွေ....လုပ်ငန်းပါတနာတွေသာ ရှိသလို ပျော်ရွင်စွာ သောက်စားနေကြသည့် ဝန်ထမ်းတွေအားကြည့်ရင်း သူကတော့ ခပ်ဆိတ်ဆိတ်သာ ထိုင်နေမိသည်။ 

ညစာစားပွဲထဲ လမင်းနောင်နဲ့အတူ လက်ချင်းချိတ်ပြီး ဝင်လာသည့် ယွန်းကိုမြင်လိုက်ရသည့် ခဏ သူအတော်ကို ရှော့ရသွားရသည်။ ငွေရောင်ကိုယ်ကြပ်ဂါဝန်ရှည်လက်ပြတ်လေးနှင့် ဆံနွယ်တို့ကို ခပ်မြင့်မြင့်လေး နောက်ပါးတွင်စုစည်းထားတာမို့ ယွန်းပုံစံလေးက ကျော့ရှင်းနေသည်။

လမင်းနောင် သူတို့အနားသို့ရောက်လာသည့် ဂုဏ်တံတိုင်းကို ခပ်အေးအေးပင် ပြုံးပြလိုက်ရင်းမှ.....

" ကိုတံတိုင်းကိုမိတ်ဆက်ပေးရဦးမယ်.....ဒါ ကျွန်တော်တို့ Group ရဲ့ ရှယ်ယာဝင် မြယွန်းချယ်တဲ့.....ခုဖွင့်မယ့် လက်ခွဲကုမ္ပဏီကို ဦးစီးမယ့်သူပေါ့။ "

လမင်းနောင်စကားကြောင့် သူ ယွန်းမျက်နှာလေးကို ဖျတ်ခနဲငေးမိသွားသည်။ ရင်ထဲနင့်သွားရသလို သူ့ကိုငဲ့ကြည့်ဖော်ပင်မရသည့် ချစ်ရသူအား ကြေကွဲစို့နင့်စွာ စူးစိုက်ကြည့်နေမိသည်။ 

" ယွန်း........"

"............"

" မောင် ယွန်း နဲ့ အေးအေးလူလူ စကားခဏပြောချင်တယ်။ "

ယွန်း သူ့ကို ငဲ့ကြည့်လာရင်းမှ...

" ကျွန်မ ဘာစကားမှ မပြောချင်ဘူး။ "

သူ့ ရင်တွေမောသွားရသည်။ ဘာကြောင့်များ ဒီလောက်ထိ အမုန်းမပြယ်နိုင်ရသလဲ.....ခွင့်မလွှတ်နိုင်ရသည်လဲ။ လမင်းနောင်က အခြေအနေကြည့်နေရင်းမှ......

" ကျွန်တော် ယွန်းကိုခေါ်လာတာ ပုဂ္ဂိုလ်ရေးရာတွေအတွက်ထက် လက်ခွဲကုမ္ပဏီအတွက် ကြိုမိတ်ဆက်ပေးမလို့ပါ.....ဒါကြောင့် ကိုတံတိုင်း မနှောက်ယှက်စေချင်ဘူး။ "

လမင်းနောင်၏ စကားမဆုံးခင်မှာပင် ဂုဏ်တံတိုင်းက လမင်းနောင်ရင်ဘတ်ကို ဆောင့်တွန်းထုတ်ပြီးသားဖြစ်သွား၏ ။ ယွန်းမှာလဲ အလန့်တကြား ဖြစ်သွားရရင်း ကပျာကယာ ဂုဏ်တံတိုင်း၏လက်မောင်းကို ဖမ်းဆွဲလိုက်ရင်း ......

" ဘာလုပ်တာလဲ......မင်း အဲ့လောက်မရမ်းကားစမ်းနဲ့။ "

ယွန်းဆီမှ အပြစ်တင်စကားကြောင့် သူ ကျစ်ခနဲ စုပ်သပ်မိသလို ယွန်း၏ ပခုံးလေးအားဖမ်းကိုင်ပစ်ရင်းမှ....

" ရမ်းကားတယ်......မောင်က ရမ်းကားတယ်ဟုတ်လား။ အဲ့ကောင်ပြောတာ ယွန်းမကြားဘူးလား.....နှောက်ယှက်တယ်တဲ့...... မောင် ယွန်းကိုနှောက်ယှက်နေတာ မဟုတ်ဘူး။ မောင် ယွန်းကိုရှင်းပြချင်တာ.....မောင့်မိန်းမကို မောင်လိုက်ချော့နေတာ........."

ယွန်း အံလေးကိုတင်းခနဲ ကြိတ်မိ၏။ 

" ဒီလိုနည်းနဲ့လား.......လူတွေကြားထဲဆွဲလားရမ်းလားလုပ် အရှက်ခွဲပြီး ချော့တာလား။ "

" ဒါဖြင့် မောင်က ဘယ်လိုလုပ်ရမှာလဲ..... အမြဲတမ်းငြင်းဆန်နေပြီး .....အမြဲတမ်းအတွေ့မခံလုပ်ပြီး မောင်က ဘာဆက်လုပ်ရမှာလဲ။ "

ယွန်း အံ့သြပြီးရင်းသာ အံ့သြရတော့သည်။ မောင်ဟာ အခုချိန်ထိ သူ့အတွက်သာ သူကြည့်တုန်းပဲ ဖြစ်သည်။ သူ လုပ်ချင်တာသာ သူသိပြီး ယွန်း ၏ ဂုဏ်သိက္ခာအတွက်ကျ ထည့်မစဉ်းစားပေ။ 

" မောင် အခုချိန်ထိ ယွန်းကိုလွှတ်ပေးထားတာပါ .....အမှုမှာလဲ မောင်နိုင်ပြီးသား....မောင်သာဆန္ဒရှိရင်......."

ယွန်း မောင့်လက်တွေကို ဆောင့်ရုန်းပစ်ရင်းမှ....

" နင့်စိတ်ကြိုက်လုပ်စမ်းပါ ဂုဏ်တံတိုင်းရဲ့......ငါနင့်ကို ဂရုမစိုက်ဘူး။ အရင်က မြယွန်းချယ်လို ချစ်တဲ့စိတ်တစ်ခုနဲ့ အရာရာပြည်ဖုံးကားချထားတော့မှာ မဟုတ်ဘူးဆိုတာယုံ။ ငါ့ကို လာမခြိမ်းခြောက်နဲ့။ "

သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလာသည့် ယွန်းရဲ့စကားတွေကြောင့် ပျာပျာသလဲ ဖြစ်သွားသူက ဂုဏ်တံတိုင်းပင်။ သုံးယောက်သား တေ့ဆိုင်နေသည့်အခြေအနေမှာ ဧည့်ခံပွဲထဲရှိ တချို့တချို့တွေက ရိပ်မိနေပြီဖြစ်သလို နဂိုအေးဆေးသူမို့ ယွန်းက ရှက်သည်။ နေရာမှချာခနဲ လှည့်ထွက်လာသလို ဂုဏ်တံတိုင်း အနောက်ကနေ အပြေးတပိုင်းပါလာ၏။ လမင်းနောင်ကတော့ နေရာတွင်ကျန်နေခဲ့ရင်း နှစ်ယောက်ကြားဝင်မပါသင့်သည့်အချိန်ဟု ယူဆခဲ့သည်။ 

@@@@@@@@@@@@@

" ယွန်း.....ယွန်း နေပါဦးယွန်းရယ်.....ရပ်ပါဦး....မောင် တောင်းပန်ပါတယ် ။ "

ကားတွေပဲရပ်ထားသည့်နေရာမို့ လူရှင်းသလို စိတ်လောတကြီးဖြင့် လျှောက်လာသည့် ယွန်းမှာ ဘာမှမမြင်တော့ပဲ ခလုတ်တိုက်ကာ နေရာတွင်ပင် ပုံခနဲလဲ၏။

" အမေ့! !"

" ဟာ....ယွန်းရာ....."

ဂုဏ်တံတိုင်း ကပျာကယာ အနားတွင် ဒူးတစ်ဖက်ထောက်ထိုင်ချရင်း ဆွဲထူ၏။ ယွန်းက ဆွဲထူသည့် သူ့လက်ကိုအတင်းပုတ်ချသလို ဂုဏ်တံတိုင်းခမျာလဲ တတွတ်တွတ် ေချာ့ရင်း ထူရန်ကြိုးစား၏။

" ဖယ်....နင် ငါ့အသားကို မထိနဲ့.....သွား..."

" ယွန်းရယ်.....မောင် မှားပါတယ်...နော်။ လာ....ထ..."

" မထဘူး....မထဘူး....နင်လဲထူစရာမလိုဘူး....ငါနင့်ကို မုန်းတယ်.... သွား။ "

ဂုဏ်တံတိုင်း ရင်မောသွားရရင်း မတတ်သာသည့်အဆုံး ယွန်းကိုယ်လေးကို စွေ့ခနဲပွေ့ချီပစ်သည်။ ယွန်း ဆတ်ဆတ်ခါသွားရသလို သူပွေ့ထားသည်ကို အတင်းရုန်းကန်၍ သူ့ရင်ဘတ်ကြီးအား တဗုန်းဗုန်းထုရိုက်လာသည်။

" ဘာလုပ်တာလဲ......မချီနဲ့ ။ ငါ့ကို အောက်ပြန်ချပေးစမ်း ဂုဏ်တံတိုင်း။ ".

စိမ်းသက်သည့်အခေါ်အဝေါ်တွေက အဆက်မပြတ်ကို ကြားနေရသည်။ အရင်က မောင်ဆိုသည့် အသံလေးအစား နင်တွေငါတွေပြောလိုက် ဂုဏ်တံတိုင်းဆိုပြီး စိမ်းပြတ်စွာခေါ်လိုက်နှင့် သူ ဆက်သီးမခံနိုင်တော့။ 

" ဂုဏ်တံတိုင်း......နင့်ကိုငါ....အွန့်! "

ယွန်း နှုတ်ခမ်းလေး နွေးထွေးစွတ်စိုသွားသလို အနည်းငယ်ကြောင်သွား၏။ ဖျတ်ခနဲ နှုတ်ခမ်းကိုနမ်းရှိုက်ခံလိုက်ရသလို နမ်းပြီးပြုံးတုံ့တုံ့လုပ်နေသည့် ဂုဏ်တံတိုင်းပုံစံကြောင့် ယွန်း ဒေါသက ငယ်ထိပ်ရောက်တော့၏။

" နင်....နင်.....ရူးနေလား။ "

" အင်း.....ရူးသွားပြီ။ ယွန်းကိုချစ်ရလွန်း လွမ်းရလွန်းလို့ မောင် ရူးသွားပြီထင်တယ်။ "

ကြည့်စမ်း......မျက်နှာပြောင်တိုက်လိုက်တာ။ 

" ထပ်ပြီး နင်တွေငါတွေ နာမည်တွေခေါ်လာရင် မောင်စိတ်ကြိုက်ကို နမ်းပစ်မှာ။ "

! တောက်!

စိတ်တွေတိုပြီး မျက်နှာလေးနီမြန်းကာ တောက်ခေါက်လိုက်သည့် ပုံစံလေးအား အမြတ်တနိုးငေးကြည့်ရင်း အသဲတွေအူတွေယားနေရသည်။ ထိုညက ယွန်း လက်ခံခံမခံခံ သူ့ကားပေါ်အတင်းဆွဲတင်ကာ လိုက်ပို့ခဲ့သလို ယွန်း သူ့ကို အရမ်းဒေါသထွက်သွားတာ သိသည်။ ရှေ့လျှောက် ပိုစိတ်တိုရဦးမှာ မိန်းမရေ......မောင်က ကိုယ့်မိန်းမ ကိုယ်ပြန်ပိုးရတော့မှာမို့။ 

တိမ်ယံမှိုင်း မြင်လိုက်ရသည့် မြင်ကွင်းကို ဒေါသချည်းလှိမ့်ထွက်နေရသည်။ ကြွေလေးနဲ့ အဲ့ဆရာဝန်က ဘာလဲ။ သူ သိသလောက်က သူနဲ့လမ်းခွဲပြီး ကြွေလေးခုအခြေအနေဖြစ်ပြီးနောက်ပိုင်း ကြွေလေးဟာ သူမအကောင့်မှာ ဘာပိုစ့်မှတင်တော့တာ မဟုတ်။ 

ဒီနေ့ကျ အဲ့ဆရာဝန်က ကြွေလေးကို လေ့ကျင့်ခန်းကူလုပ်နေသည့်ပုံတွေနဲ့ အနီးကပ်ဂရုစိုက်နေပုံတွေအား သူ့အကောင့်မှာ ပိုစ့်တင်ရုံမက ကြွေလေးအကောင့်မှာပါ Tag တွဲထားသေးသည်။ 

! ဘာဘီလေးအား Train ပေးရသည့်နေ့.....!

Caption ကိုက ပေါက်တတ်ကရ။ ဘာဘီလေး......ဘာဘီလေးဆိုပဲ.....တကယ့်အပိုတွေ။ ပြောသာပြောရပေမယ့် ကြွေ့ပုံစံကလဲ တကယ်အရုပ်မလေးနဲ့တူသည်။ 

" မှိုင်း.......ရှုတင်စတော့မယ်.....လာတော့။ "

ကိုဆက်စကားကြောင့်သာ ဖုန်းကိုချပြီးလိုက်လာရပေမယ့် ထိုနေ့က ရှုတင်မှာသူပဲ အလွဲလွဲအမှားမှား။ အခြားသူတွေလဲ အားနာရသလို သူကိုယ်တိုင်လဲ တစ်နေကုန်ကို အလကားနေအလကား စိတ်တိုနေသည်။

မဖြစ်သေးပါဘူး.......။

သူ ကြွေ့ဆီသွားကြည့်မှကိုရမည်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 22

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..