
အပိုင်း(၅)
အဘိုးကြီးဟဲမူက ဘတားနှင့် သူတို့ အိုဒူမျိုးရိုးမှ ကလေးငယ်များကို ပုံပြင်ပြောပြနေလျှက်ရှိသည်။
''ငရဲပြည်က နတ်ဆိုးဘုရင် အာလစ်ခန်းဟာ အရိပ်ကိုဖန်တီးလိုက်တယ်။ ပြီးတော့ အဲဒီအရိပ်ထဲမှာ မကောင်းတဲ့စိတ်တွေကို ထည့်ပေးထားလိုက်တယ်၊ ဟိုးလောကကြီးအစတုန်းက လူသားတွေမှာ အရိပ်မရှိကြဘူးတဲ့၊ အလားတူပဲ မကောင်းတဲ့စိတ်တွေလဲ မရှိကြသေးဘူး၊ ဒါပေမယ့် အာလစ်ခန်းက တန်ဂရီနတ်မင်းကြီးကို မကျေနပ်ဘူး၊ တန်ဂရီနတ်မင်းကြီး ဖန်ဆင်းထားတဲ့ လူတွေဟာ ပြည့်စုံလွန်းနေတယ်၊ တစ်နည်းအားဖြင့်ပြောရင် စိတ်ကောင်းရှိလွန်းနေတယ်''
''ဒါနဲ့ အာလစ်ခန်းက သူ့ရဲ့မကောင်းဆိုးဝါးတွေကို အသုံးချပြီးတော့ အရိပ်ဆိုတဲ့အရာကို လူတွေမှာလိုက်ပြီးချည်နှောင်စေတယ်၊ လူတွေမှာ အရိပ်ရှိတဲ့အချိန်ကစပြီးတော့ လူတွေက မကောင်းတဲ့အရာတွေ၊ မကောင်းတဲ့စိတ်တွေကို ပိုင်ဆိုင်လာကြတယ်လေ၊ ဒါတင်မကသေးဘူး အာလစ်ခန်းက အခြားသက်ရှိတွေအကုန်လုံးကို အရိပ်တွေထည့်ပေးလိုက်တော့တယ်''
''အဲဒီအချိန်ကစပြီး လူတွေမှာမကောင်းတဲ့စိတ်ရယ်၊ ကောင်းတဲ့စိတ်ရယ်ဆိုပြီးတော့ ဖြစ်ပေါ်လာခဲ့တာပေါ့ကွယ်''
အခြားကလေးများက တဲအတွင်းမီးပုံဖိုထားသဖြင့် နံရံပေါ်တွင် ကျရောက်နေသည့် သူတို့၏အရိပ်များကိုကြည့်ကာ ကြောက်ရွံ့နေသော်လည်း ဘတားကတော့ မကြောက်သည့်အပြင် ပိုပြီးစိတ်ဝင်စားနေမိသည်။
''ကဲ ပုံပြင်ကတော့ပြီးပြီ၊ ကလေးတွေ အိပ်ကြတော့''
သို့သော်လည်း ဘတားက မကျေနပ်နိုင်သေးပေ၊ အဘိုးဟဲမူပြောသဖြင့်သာ အိပ်လိုက်ရသည်။ သူတို့ဒေသက အရမ်းအေးသဖြင့် ရွက်ဖျင်တဲကြီးအလယ်တွင် မီးပုံကြီးဖိုထားကာ ထိုမီးပုံနံဘေးတွင် စုဝေးအိပ်စက်ကြသည်။ ဘတားက အိပ်ဖို့ကြံရင်း မီးဖိုမှအလင်းရောင်ကြောင့် ထွက်နေသည့် နံရံပေါ်မှ သူ့အရိပ်ကိုကြည့်နေမိသည်။
ထိုအခါ ထူးဆန်းစွာပင် သူ့အရိပ်မှာ လှုပ်ရှားနေလေသည်။ ဘတားလဲ ထူးဆန်းသွားပြီးနောက် သူ့မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်သွားရသည်။ မျက်လုံးများကို လက်နှင့်ပွတ်ပြီး ပြန်ကြည့်သည့်အခါတွင်တော့ သူ့အရိပ်မှာနဂိုအတိုင်း နံရံပေါ်တွင်ရှိမြဲဖြစ်သည်။
နောက်တစ်နေ့မိုးလင်းသည့်အခါတွင် ကလေးတွေအိမ်ပြင်ထွက်ဆော့ကြသည်။ သူတို့စီးနေကျ မြင်းကလေးတွေကို စီးပြီးတော့ မြက်ခင်းအတွင်းပြေးလွှားဆော့ကစားကြသည်။ အဘိုးကြီးဟဲမူက တဲများနှင့် မနီးမဝေး ကျောက်တောင်စောင်းတစ်ခုတွင်ထိုင်ကာ တေးသီချင်းတစ်ပုဒ်ကို ညည်းဆိုနေသည်။ ဘတားလဲ အဘိုးကြီးဟဲမူနားသို့ လာပြီး အဘိုးကြီးဘေးတွင် ဝင်ထိုင်လိုက်သည်။
''ကောင်လေး၊ ဘာလာရှုပ်တာလဲ''
''အရိပ်တွေနဲ့ ပက်သက်ပြီးစိတ်ဝင်စားလို့ပါ''
ဘတားက ထိုသို့ပြောပြီး နေအလင်းရောင်ကြောင့် မြေပေါ်တွင်ကျနေသည့် သူ့အရိပ်ကိုသူ ပြန်ကြည့်နေမိသည်။ သူလက်လှုပ်လျှင် သူ့အရိပ်ကလဲ လိုက်ပြီးလှုပ်သည်။ သူက ခေါင်းကိုစောင်းလိုက်သည့်အခါတွင်လဲ သူ့အရိပ်က ခေါင်းလိုက်စောင်းသည်။
''အရိပ်နဲ့ပက်သက်ပြီးက သိပ်ထွေထွေထူးထူးမရှိပါဘူးကွာ၊ အာလစ်ခန်းဆီမှာ သားကိုးယောက်၊ သမီးကိုးယောက်ရှိသတဲ့၊ သူ့သားသမီးတွေက မကောင်းတဲ့တာဝန်တစ်ယောက်တစ်ခုဆီယူပြီးတော့ လောကကြီးမှာ မကောင်းတာတွေလိုက်လုပ်နေတာပေါ့လေ၊ အဲဒီထဲကမှ ဆူယူ ဆိုတဲ့သမီးက အရိပ်ကိုပိုင်စားသတဲ့၊ သူတို့က လူတွေကို မကောင်းမှုတွေဖြစ်အောင်တိုက်တွန်းကြတယ်၊ ကောင်းတဲ့စိတ်ရှိတဲ့သူတွေကတော့ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ကြပေမယ့်၊ မကောင်းတဲ့စိတ်ရင်းခံများတဲ့သူတွေကတော့ သူတို့ခိုင်းတဲ့အတိုင်းလိုက်လုပ်ကြရင်း လူသတ်သမားတွေ၊ သူခိုးတွေ၊ ဓါးပြတွေဖြစ်ကုန်ကြတာပေါ့ကွယ်''
ဘတားလဲ ထိုအရိပ်ဇတ်လမ်းကိုနားထောင်ပြီး စိတ်ဝင်စားသွားသည်။
''ဒါနဲ့ အာလစ်ခန်းက ဘယ်လိုပုံစံရှိသလဲ အဘိုးဟဲမူ''
''အာလစ်ခန်းက ဝက်ဝံကြီးတစ်ကောင်နဲ့တူသတဲ့၊ ဒါပေမယ့် ဦးခေါင်းမှာ ဦးချိုနှစ်ချောင်းရှိပြီးတော့ လက်သည်းရှည်ကြီးတွေလဲရှိတယ်၊ တစ်ကိုယ်လုံးကိုလဲ နက်မှောင်တဲ့ အမွှေးအတောင်ကြီးတွေနဲ့ ဖုံးအုပ်ထားတယ်၊ အဲ၊ တစ်ခုထူးခြားတာကတော့ သူ့ရဲ့ခြေထောက်တွေက နွားရဲ့ခြေထောက်လို ခွာတွေနဲ့တဲ့''''
''ကြောက်စရာကြီးနေမှာပဲနော် အဘိုးဟဲမူ''
အဘိုးကြီးဟဲမူက ခေါင်းညိတ်လိုက်ပြီးနောက် သီချင်းတစ်ပုဒ်ကိုညည်းဆိုနေသည်။ သူတို့လှမ်းမြင်နေရသည့် မြက်ခင်းပြင်ကြီးတွင်တော့ မြင်းအုပ်ကြီးက ပြေးလွှားနေပြီး သူတို့၏ ဖခင်နှင့် ဦးလေးများက ထိုမြင်းအုပ်ကြီးများနောက်သို့ ကြာပွတ်တစ်ချောင်းနှင့်လိုက်ရင်း မြင်းကျောင်းနေကြလေသည်။
ဘာလိုလိုနှင့် ဘတားတစ်ယောက် အရွယ်ရောက်လာခဲ့သည်။ ဘတားလဲ သန်စွမ်းပြီး ကျန်းမာသည့် ယောက်ျားကလေးတစ်ဦးဖြစ်ခဲ့ပြီ၊ အဘိုးဟဲမူကတော့ လူ့လောကတွင်မရှိတော့၊ အာလစ်ခန်းရှိသည့် ငရဲပြည်သို့ရောက်သွားသလား တန်ဂရီနတ်မင်းကြီးရှိသည့် နတ်ပြည်သို့ရောက်သွားသလားတော့ ဘတားမသိပေ။
တစ်နေ့တွင် မြင်းစီးထားသည့် စစ်သည်တော်များသည် သူတို့တဲကလေးများဆီသို့ ရောက်လာခဲ့သည်။ စစ်သည်တော်များက သားမွှေးဝတ်စုံများဝတ်ဆင်ထားကြပြီးနောက် ဓါးကောက်ကြီးများကို ခါးတွင်ချိတ်ဆွဲထားကြသည်။ သူတို့ကျောကုန်းတွင်လဲ လေးနှင့်မြားကို လွယ်ထားကြသည်။ ထိုသူများရောက်လာသဖြင့် ဘတားလဲ သူတို့တဲများဆီသို့ပြန်လာခဲ့သည်။
''ကြီးမြတ်တဲ့မင်းကြီးက စစ်ဆင်တော့မယ်၊ မင်းတို့ အိုဒူမျိုးရိုးတွေလဲ စစ်ထဲပါဝင်ကြရလိမ့်မယ်''
ဘတားအဖေက အမိန့်ကိုနာခံလျှက် သူတို့မျိုးရိုးမှာရှိသည့်လူများအားလုံးကို စုစည်းလိုက်သည်။ အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် မိန်းကလေးများကို ချန်ထားလိုက်ပြီးနောက်၊ အသက်အရွယ်ကြီးရင့်နေသည့် အဘိုးကြီးများကိုလဲ ချန်ထားခဲ့လိုက်သည်။ ထို့နောက် တစ်ယောက်ချင်းဆီ၏ နာမည်များကို ခေါ်နေတော့သည်။
''ဘတား''
ဖခင်ခေါ်သံကိုကြားလိုက်သဖြင့် ဘတားလဲ အံ့ဩသွားသည်။ အဖေက ဘတားကို သေချာကြည့်ပြီးသည့်နောက်
''မင်းစစ်ထဲလိုက်ရမယ်ငါ့သား''
ဘတားပျော်ရွှင်သွားသည်။ မွန်ဂိုယောက်ျားတစ်ယောက်အဖို့ စစ်တိုက်ရသည်ကပင် အလွန်ကြီးကျယ်မြင့်မြတ်ပြီး ဂုဏ်ရှိသည့်လုပ်ရပ်တစ်ခုဖြစ်သည်။ ယောက်ျားကောင်းတစ်ယောက်အဖို့ စစ်ပွဲကိုအမြဲငံ့လင့်နေရသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲအတွင်းလိုက်ပါဖူးသူမှ မျိုးရိုးအတွင်းဂုဏ်ရှိပြီး မျိုးရိုးထဲမှ မိန်းမငယ်ကလေးများနှင့် လက်ထပ်နိုင်ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူက သူ့အား ဓားကောက်တစ်လက်၊ လေးတစ်ချောင်းနှင့် မြားတံများ၊ နောက်ပြီး စစ်ထွက်ရာတွင် ဝတ်ဆင်ရသည့် သားရေဝတ်စုံနှင့် ဦးထုပ်တစ်လုံးကိုပေးသည်။ ဦးထုပ်ကလဲ သားရေနှင့်ပြုလုပ်ထားခြင်းဖြစ်ပြီးနောက် ကတော့ချွန်ပုံချွန်တက်လျှက် ထိပ်ဖျားအချွန်ပိုင်းတွင် ငှက်မွှေးများတပ်ဆင်ထားသည်။ ဘတားတစ်ယောက် စစ်ဝတ်စုံများဝတ်ဆင်လိုက်သည့်အခါတွင် အလွန်ကျေနပ်နေမိသည်။ တိုက်ပွဲအတွင်းသို့ သွားရတော့မည့် စစ်သည်တစ်ယောက်၏အသွင်က စိတ်တက်ကြွစရာပင်ကောင်းနေသည်။
ထိုညက သူတို့အိုဒူမျိုးရိုး၏ စစ်ပွဲထွက်မည့်သူများအား အားပေးသည့်ပွဲဖြစ်သည်။ သူတို့မျိုးရိုးထဲမှ ဆယ့်ငါးယောက်ခန့်စစ်ထဲလိုက်ရမည်ဖြစ်သည်။ စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီးနောက် သေရည်များ၊ အသားကင်များဖြင့် ကျွေးမွေးကြလေသည်။ ထို့နောက် ဓားကောက်ကြီးများကိုထုတ်လျှက် စင်ကလေးတစ်ခုတွင် တင်ကာ စစ်နတ်ဘုရား ဒိုင်ချီကို ပူဇော်ပသကြသည်။
သို့သော်လည်း ဘတားခေါင်းထဲတွင် အယူတစ်ခုရှိနေသည်။ အာလစ်ခန်းက ဓါးလှံလက်နက်တွေကို ဖန်ဆင်းသည်ဟု အဘိုးဟဲမူပြောသဖြင့် သူ့စိတ်ထဲ ဓားလှံလက်နက်များကို အာလစ်ခန်းအား ပူဇော်လျှင် ပိုပြီးတော့ ထိရောက်နိုင်သည်ဟုတွေးလိုက်မိသည်။
ပူဇော်ပွဲပြီးသည့်အခါ ဓါးလှံလက်နက်များကို ထိုစင်ကလေးပေါ်တွင်ပင် တင်ထားရပြီး နောက်တစ်နေ့စစ်ထွက်ခါနီးမှ ယူဆောင်သွားရမည်ဖြစ်သည်။ လူခြေတိတ်ချိန်တွင် ဘတားတစ်ယောက် ထလာပြီးနောက် သူ့ဓါးဆီသို့လာခဲ့သည်။ ထို့နောက် သေရည်နှင့်လောင်းလိုက်ကာ အာလစ်ခန်းကို စိတ်ထဲမှန်းပြီးပူဇော်လိုက်သည်။
''အို ကြီးမြတ်သော သေခြင်းတရားတို့၏အရှင်သခင် အာလစ်ခန်းနတ်မင်းကြီး၊ ကျွန်ုပ်ကို သင်၏အစွမ်းများပေးသနားပါ၊ သင်၏ အစွမ်းများဖြင့် ရန်သူများကို များများချေမှုန်းနိုင်အောင် ကျွန်ုပ်အား စောင့်ရှောက်ပါ''
ထိုသို့ပြောပြီး တဲအတွင်းပြန်ဝင်လာခဲ့သည်။ တဲတံခါး၀အရောက်တွင် အနောက်က ခေါ်သံတိုးတိုးကလေးကြားသဖြင့် ဘတားလဲ လှည့်ကြည့်လိုက်သည်။
''ဟင်၊ ဆူရီပါလား''
ဆူရီမျက်လုံးထဲတွင် မျက်ရည်များကိုတွေ့ရသည်။ ဆူရီမှာလဲ သူတို့မျိုးရိုးထဲမှဖြစ်ပြီး သူနှင့်လက်ဆက်ပေးရန် ရည်ရွယ်ထားသူဖြစ်သလို ဘတားနှင့်လဲ သူငယ်ချင်းဖြစ်သည်။
''နင်ဘာလို့ငိုနေတာလဲ''
''နင်စစ်ပွဲထဲမှာ တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပေါ့''
ဘတားလဲ ဆူရီ၏ လက်မောင်းကလေးများကို ကိုင်လိုက်ပြီးနောက်
''ဘာမှမဖြစ်ဘူးဆူရီ၊ ငါကတိပေးတယ်၊ ငါကောင်းကောင်းမွန်မွန်နဲ့ ပြန်လာခဲ့မယ်၊ နင် ငါ့ကိုစောင့်နေနော်''
ဆူရီက ငိုရင်းခေါင်းညိတ်သည်။ ဘတားလဲ ဆူရီကိုဖက်လိုက်ပြီး ဆူရီ၏ နဖူးကလေးကို အနမ်းပေးလိုက်တော့သည်။
နောက်တစ်နေ့မနက်တွင်တော့ စစ်ချီတက်ပြီဖြစ်သည်။ စင်ကလေးတွင် ပူဇော်ထားသည့် ဓါးများကိုယူပြီးနောက် မြင်းများစီးလျှက် ထွက်လာခဲ့ကြသည်။ အဖွဲ့ထိပ်ဆုံးတွင်တော့ အဖေဖြစ်သူက သူတို့မျိုးရိုး၏ အလံကို ကိုင်ဆောင်ထားသည်။ မွန်ဂိုများတွင် ထိုကဲ့သို့ မျိုးရိုးစုပေါင်း ထောင်နှင့်ချီရှိပြီး စစ်ထွက်သည့်အခါ မျိုးရိုးစုအလိုက်ပါဝင်တိုက်ခိုက်ရသည်။ ရန်သူအား များများနှိမ်နင်းနိုင်လေလေ၊ ထိုမျိုးရိုးက ဂုဏ်ရှိလေဖြစ်သည်။
အခြားမျိုးရိုးများအားလုံးနှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် ကြီးမားသည့်မြင်းတပ်ကြီးတစ်တပ်ဖြစ်သွားသည်။ သူတို့ကိုဦးဆောင်မည့်သူက ကြီးမြတ်သည့် ခန်းဘုရင်းမင်းကြီးဖြစ်သည်။ ဘုရင်မင်းကြီးက ရွှေရောင်အကြေးခွံများနှင့်ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည်။ နောက်တော့ သူတို့မြင်းတပ်ကြီး ခရီးဆက် ချီတက်လာခဲ့ကြသည်။
ခရီးဆက်ပြီး တစ်ပတ်ခန့်ကြာသည့်အခါတွင်တော့ တောင်ကြားလမ်းတစ်ခုကိုတွေ့လိုက်ရသည်။ ထိုလမ်း၏ ဘေးနှစ်ဖက်တွင်တော့မြင့်မားလှသည့် တောင်ကမ်းပါးကြီးများ ကာရံထားသည်။ စစ်ချီတက်ရာတွင် မျိုးရိုးစုအလိုက် အတူတကွချီတက်ကြခြင်းဖြစ်သဖြင့် သူတို့အရှေ့ဆုံးတွင် အဖေဖြစ်သူက ဦးဆောင်နေလေသည်။
''သားရေ ဘတား၊ သတိတော့ထားဟေ့''
''ဘာဖြစ်လို့လဲအဖေရ''
''ဒီအခြေအနေကို အဖေသိပ်မကြိုက်ဘူး၊ တောင်ကြားကြီးက တိတ်ဆိတ်လွန်းနေတယ်''
စစ်ပွဲအတွေ့အကြုံများသည့် အဖေဖြစ်သူပြောသော်လည်း ဘတားကတော့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ မြင်းခွာသံများ၊ စကားပြောသည့် လူသံများဖြင့် ဆူညံနေသည်။
''ဟာ အဖေကလဲ၊ ဒီလောက် မြင်းခွာသံတွေဆူညံနေတာကို''
''မဟုတ်ဘူးငါ့သား၊ ဒီအချိန်ဆိုရင် ဒီတောင်ကြားကြီးထဲက ကျောက်အက်ကွဲလေးတွေကြားမှာ အနီရောင်ငှက်တော် ကလေးတွေ အသိုက်ဖွဲ့တဲ့အချိန်ပဲ၊ အနီရောင်ငှက်တော်ဆိုတာ အသံစူးစူးနဲ့အော်လေ့ရှိတယ်မဟုတ်လား၊ အခု သူတို့အော်သံကိုမကြားမှ မကြားရတာ''
ဖခင်ဖြစ်သူပြောတော့ ဘတားလဲ ခေါင်းညိတ်လိုက်ပြီးတော့ နားစွင့်နေမိသည်။ ငှက်အော်သံကို လုံး၀မကြားရပေ။
''ငှက်အော်သံမကြားရရင် ဘာဖြစ်သလဲအဖေ''
''ငှက်ကလေးတွေမရှိလို့ပေါ့၊ ငှက်ကလေးတွေဘာလို့မရှိလဲဆိုရင်တော့ သူတို့ကြောက်ရမယ့်အရာတစ်ခုခုရှိလို့ပေါ့''
ဖခင်ဖြစ်သူက ထိုသို့ပြောနေစဉ်မှာပင် မြားတစ်စီးက ပျံဝဲလာပြီးနောက် ဖခင်ဖြစ်သူ၏ လက်မောင်းကိုစိုက်ဝင်သွားသည်။ ဘတားလဲ အလွန်အံ့ဩနေစဉ်မှာပင် ဆူညံသည့်အသံတွေကို ကြားလိုက်ရသည်။
''ငါတို့တော့ အလစ်တိုက်ခိုက်ခံရပြီဟေ့''
သူတို့ကြည့်နေစဉ်မှာပင် တောင်ကမ်းပါးနှစ်ဖက်မှနေပြီးများပြားလှသည့် မြားတံများနှင့် ကျောက်တုံးကျောက်ခဲများက မိုးရွာသလို ကျဆင်းလာတော့သည်။ သူတို့နှင့်အတူ ချီတက်လာသူများသည် မြားမှန်ကြသလို၊ ကျောက်တုံးများထိပြီး လဲပြိုကုန်ကြသည်။
ဖခင်ဖြစ်သူက လေးကိုဆွဲထုတ်လိုက်ပြီး မြားတံကိုယူလိုက်ကာ တောင်ကမ်းပါးပေါ်သို့ ပြန်ချိန်ကာပစ်ခတ်နေသည်။ သို့သော်လည်း သူ့မြားတံက တောင်ကမ်းပါးပေါ်သို့ မရောက်နိုင်ပေ။ အလစ်တိုက်ခိုက်ခံရသဖြင့် အကျအဆုံးအတော်များသည်။ မြားတွေကလဲ မိုးရွာသလို ကျဆင်းနေရာ ဘတား၏ လက်မောင်းနှင့် ပေါင်ရင်းကိုလဲ မြားတံနှစ်ချောင်းက လာစိုက်လေသည်။
တပ်မှူးကြီးက တည်ငြိမ်နေကြရန် အမိန့်ပေးအော်ဟစ်နေသော်လည်း မြင်းတပ်ကတော့ကစဉ့်
ကလျားဖြစ်နေခဲ့ပြီဖြစ်သည်။
''ပြန်ဆုတ်၊ တောင်ကြားထဲက ပြန်ဆုတ်ခွာကြ''
အော်ဟစ် အမိန့်ပေးသံများကြောင့်မြင်းတပ်က အနောက်သို့ပြန်ဆုတ်နေသည်။ သို့သော် အလွန်နောက်ကျခဲ့ပြီ၊ အလစ်ဝင်တိုက်မှုခံရသောကြောင့် မြင်းတပ်တစ်တပ်လုံး အလဲလဲအပြိုပြိုနှင့် ကျဆုံးခဲ့ပြီ။ သူတို့ အိုဒူမျိုးရိုးများလဲ အတုန်းအရုန်းကျဆုံးကြသည်။ သို့နှင့် အဖေ့ကိုကြည့်လိုက်သည်။
''အဖေ''
ဘတားက ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်သည်။ သူ့အဖေကျောကုန်းတွင် မြားတံတွေက ဖြူတစ်ကောင်၏ ဆူးများကဲ့သို့ ပြည့်နှက်နေလေသည်။ အဖေက သူ့ကိုလှမ်းအော်ပြောနေသည်။
''ဘတား ပြန်ဆုတ်၊ ပြန်ဆုတ်တော့''
ထိုအချိန်မှာပင် အဖေ၏ ဦးခေါင်းကို လက်သီးဆုပ်ခန့်ပမာဏရှိ ကျောက်တုံးတစ်တုံးက ထိမှန်ပြီးနောက် အဖေက မြင်းပေါ်မှပြုတ်ကျသွားတော့သည်။ ဘတားလဲ အော်ဟစ်လိုက်ပြီးနောက် မြင်းကိုပြန်လှည့်လိုက်သည်။ သူစီးသည့်မြင်းတွင်လဲ မြားများထိမှန်ပြီးသည့်နောက် မြင်းမှာလဲအရှေ့သို့ဟပ်ထိုးလဲကျသွားသည်။ ဘတားတစ်ယောက်လဲ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။
အခန်း (၁၀)
အမှောင်ထုကြီးအတွင်း ဘတားနိုးထလာခဲ့သည်။ ပိန်းပိတ်အောင်မှောင်နေသဖြင့် ဘာဆိုဘာမှ မမြင်ရပေ။ ထိုအခါ သူ့ဆီသို့ လူတစ်ယောက်လှမ်းလျှောက်လာသည် အဝတ်အစားမပါသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ သို့သော် ထူးဆန်းသည်က ထိုကောင်မလေး၏ ဦးခေါင်းတွင် ဦးချိုပါပြီးနောက် အမြီးအရှည်ကြီးလဲပါသည်။ ထိုကောင်မလေးက ဘတား၏ မျက်နှာကိုလက်နှင့်ပွတ်သပ်လိုက်ပြီးနောက် အစွယ်ကြီးတွေပါသည့် ပါးစပ်ကြီးကိုဖြဲကာ အသံနက်ကြီးနှင့် အော်ဟစ်လိုက်သည်။
''ဘတား''
အသံကြီးကြားပြီး ဘတားနိုးထလာခဲ့သည်။ အသက်ကိုမနည်းရှုနေရသည်။ သူ့ကိုယ်ပေါ်တွင် လေးလံသည့် အရာကြီးတစ်ခုက ပိနေသည်။ ဘတားလဲ ထိုအရာကို အားနှင့်တွန်းထုတ်လိုက်တော့ သူစီးသည့်မြင်းဖြစ်နေသည်ကိုတွေ့ရသည်။ ထိုမြင်း၏ ကိုယ်လုံးတစ်ခြမ်းတွင်တော့ မြားတွေစိုက်ထားတာ မြင်လို့မကောင်းပေ။
''ငါ၊ ငါအသက်ရှင်နေသေးတာပဲ''
မြင်းက သူ့အပေါ် ပိနေသဖြင့်သာ ဘတားတစ်ယောက် မြားမထိဘဲအသက်ရှင်နိုင်ခြင်းဖြစ်သည်။ ညနေ နေစောင်းနေပြီဖြစ်သည်။ ဘတားတစ်ယောက် တောင်ကြားထဲကို လှည့်ကြည့်လိုက်သည့်အချိန်တွင် လူသေတွေ၊ မြင်းသေတွေက အပုံလိုက်နှင့် တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး မြင်မကောင်းသည့် အနိဌာရုံမြင်ကွင်းကြီးကို မြင်တွေ့လိုက်ရသည်။
''အဖေ၊ အဖေ''
ဘတားလဲ လဲကျနေသည့် သူ့အဖေဖြစ်သူထံပြေးသွားလိုက်သည်။ ကျောက်တုံးထိထားသဖြင့် အဖေ့ခေါင်းကြီးက ကြေမွနေပြီး ပိန်ချိုင့်နေသည်။ ဘတားလဲ ငိုယိုမိသည်။ အဖေ့လက်တွေကိုဆွဲပြီး ရင်ဘတ်ပေါ်တွင် ယှက်ထားပေးလိုက်သည်။
''အဖေဟာ မွန်မြတ်တဲ့သေခြင်းနဲ့ သေခဲ့ပါတယ်၊ တန်ဂရီနတ်မင်းကြီးထံကို အေးအေးလူလူနဲ့သွားပါတော့အဖေ''
ထိုသို့ရေရွတ်ရင်း ဘတားတစ်ယောက်ငိုနေမိသည်။ နေကျသွားပြီဖြစ်သဖြင့် တောင်ကြားထဲမှောင်လာသည်။ ဘတားထိုင်နေရင်းပင် တဖြည်းဖြည်းမှောင်မိုက်သွားပြီဖြစ်သည်။
''ချွင်၊ ချွင်၊ ချွင်''
အသံတစ်ခုခုကိုကြားလိုက်ရသည်။ ဘတားလဲ ထိုအခါမှ သတိရပြီး လူသေများအကြားပုန်းအောင်းလိုက်သည်။ ရန်သူများချီတက်လာလေသလားဆိုပြီး ကြောက်ရွံ့သွားသည်။ သို့သော် ဘတားမြင်လိုက်သည်က ရန်သူများမဟုတ်ဘဲ မည်းနက်သည့်အကောင်ကြီးဖြစ်နေသည်။ ထိုအကောင်ကြီးက လက်ထဲတွင် ကြေးပြားကလေးများတပ်ထားသည့် တုတ်ချောင်းကိုကိုင်ထားကာ တချွင်ချွင်နှင့် လှုပ်ယမ်းနေသည်။ ထိုအကောင်ကြီး၏ ပါးစပ်ကြီးနှင့် မျက်လုံးကြီးများမှ မီးတောက်များထွက်နေပြီး ထိုမီးတောက်များအလင်းရောင်ကြောင့် လင်းထိန်နေလေသည်။
''အို သေလူအပေါင်းတို့ ထကြလော့၊ အာလစ်ခန်းကြီးဆီကို လာခဲ့ကြလော့''
ထိုသို့အော်လိုက်သည့်အခါတွင် လဲကျသေဆုံးနေသည့် လူများထံမှ အနက်ရောင်အရိပ်များသည် ခုန်ပေါက်ထွက်သွားကြပြီးနောက် ထိုအကောင်ကြီးနောက်သို့လိုက်ပါသွားကြသည်။ ဘတားကြည့်နေစဉ်မှာပင် သူ့အဖေအလောင်းကြီးက လှုပ်ယမ်းလာသည်။ ထို့နောက် အရိပ်တစ်ခုက ကောက်ထပြီး ခုန်ပေါက်ထွက်သွားသည်။
''အဖေ၊ အဖေမလိုက်သွားရဘူး၊ အာလစ်ခန်းနောက်သွားရင် ငရဲပြည်ကိုရောက်သွားမှာ''
ထိုအရိပ်များနောက်သို့ ဘတားပြေးလိုက်ခဲ့သည်။ အရိပ်တွေက အားလုံးပုံစံတူနေသဖြင့် ဘယ်သူက အဖေလဲဆိုတာကို ဘတားမသိတော့ပေ၊ အရိပ်များက သူပြေးလိုက်လာသည်ကိုတွေ့သည့်အခါတွင် သူ့ကိုဝိုင်းထားလိုက်ကြသည်။ မည်းမည်းအကောင်ကြီးက သူ့ကိုသေချာကြည့်ပြီး ခေါင်းကုတ်သည်။
''မင်း၊ မင်းငါတို့ကိုမြင်ရတယ်၊ ဟုတ်သလား''
မယုံကြည်နိုင်အောင်ဖြစ်ပြီးနောက် ထိုအကောင်ကြီးကရေရွတ်နေသည်။ မကြာခင် သူ့အနားသို့တိုးလာသဖြင့် ဘတားလဲ လန့်ပြီးအနောက်ဆုတ်လိုက်သည်။
''ဟာ၊ မင်းဆီက အာလစ်ခန်းကြီးရဲ့ တန်ခိုးအစွမ်းတစ်ခုကိုငါတွေ့ရတယ်၊ ဒါကြောင့် မင်းမသေတာကိုး''
ဘတားလဲ ပြန်တွေးကြည့်ရင်း စစ်ပွဲမထွက်မီညက အာလစ်ခန်းကို ပူဇော်ခဲ့သည်ကို သွားအမှတ်ရမိသည်။
''ကဲ မင်းက ငါတို့ကိုမြင်ရတယ်ဆိုတော့ မင်းငါတို့နဲ့လိုက်ခဲ့ပေါ့''
ထိုအကောင်ကြီးက ပြောရင်းခြေထောက်ကိုဆောင့်ထည့်လိုက်သည်။ ဘတားခြေထောက်အောက်ရှိ မြေကြီးများမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီးနောက် အလွန်နက်ရှိုင်းလှသည့် တွင်းနက်ကြီးအတွင်းသို့ ပြုတ်ကျသွားလေသည်။
''ဘတား၊ မင်းရောက်လာခဲ့ပြီပေါ့''
ဦးခေါင်းတွင် ဦးချိုပါသည့် ဝက်ဝံလိုအကောင်ကြီးကိုမြင်လိုက်ရတော့မှ အာလစ်ခန်းမှန်း ဘတားသိလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ကြေးဝါရောင်တွေ၊ ကြေးနီရောင်တွေ လင်းလက်နေသည်။ ဘတားလဲ အံ့ဩနေမိသည်။
''လူသားတစ်ယောက်က ငါ့ကိုပူဇော်တာ ပထမဆုံးပဲကောင်လေး၊ ငါလဲဒီအခွင့်အရေးကို စောင့်နေတာကြာပြီ''
''ကျုပ်၊ ကျုပ်ဘယ်ရောက်နေတာလဲ''
''ငရဲပြည်ရဲ့ ကိုးထပ်မြောက်အထပ်လေ''
''ကျုပ်ငရဲမကျချင်ဘူး၊ ကျုပ်အိမ်ပြန်ချင်တယ်၊ ကျုပ်ကိုပြန်ပို့ပေးပါ''
အာလစ်ခန်းက ကြောက်စရာကောင်းသည့် အပြုံးနှင့် ပြုံးပြလိုက်ပြီးနောက်
''ပြန်ရမှာပါ လူသားကောင်လေး၊ မင်းအချိန်တန်တော့ပြန်ရမှာပါ''
ထိုသို့ပြောပြီးနောက် အာလစ်ခန်းက ဘတားအနီးသို့ရောက်လာခဲ့သည်။ ဘတား၏ ပါးစပ်ကို သူ့လက်ကြီးနှင့်ဖြဲပြီးနောက် သူ့ပါးစပ်ထဲမှ အနက်ရောင်အရည်များကို အန်ထည့်လိုက်သည်။ ဘတားလဲ အော်ဟစ်ရင်း တစ်ကိုယ်လုံး လေးကန်လာကာ မေ့မြောသွားတော့သည်။
သူသတိပြန်ရလာတော့ တောင်ကြားထဲမှာပင်ရှိသေးသည်။ လူသေတွေက စုပုံနေသည်။ မနက်ခင်းနေအလင်းကြောင့် တောင်ကြားထဲကောင်းစွာမြင်နေရသည်။ အဖေဖြစ်သူ၏ အလောင်းကလဲ သူ့ရှေ့တွင်ရှိနေသေးသည်။
''ဟင်၊ ငါအိပ်မက်တွေမက်နေခဲ့တာလား''
ထိုစဉ်မှာပင် မြင်းခွာသံတွေကြားရပြီးနောက် မွန်ဂိုစစ်သည်တွေရောက်လာသည်ကိုတွေ့ရသည်။
''ဟိတ်၊ မင်းဘယ်သူလဲ''
''ကျုပ်နာမည်ဘတားပါ၊ အိုဒူ မျိုးရိုးကပါ''
မွန်ဂိုစစ်သည်များက သူ့ကိုကြည့်ပြီးနောက် မြင်းပေါ်မှဆင်းကာ သူ့ကိုတွဲခေါ်ပေးကြသည်။ ပေါင်ရင်းတွင်ထိနေသည့် မြားချက်ဒဏ်ရာက အနာရင်းနေသည်။ သူ့ကိုမြင်းတစ်ကောင်ပေါ်တင်ပြီးနောက် စခန်းသို့ခေါ်သွားကြသည်။
မြားခေါင်းကို ခွဲထုတ်လိုက်ပြီးသည့်အခါတွင် ဘတားအလွန်နာကျင်စွာခံစားရသည်။ ဒဏ်ရာပြန်ကောင်းသော်လည်း ဘတား လမ်းလျှောက်လို့မကောင်းတော့၊ ပေါင်ကြီးက တောင့်နေပြီး ခြေထောက်က ထော့နဲ့ထော့နဲ့ဖြစ်နေသည်။ အရေးကြီးသည့် အကြောတစ်ခု ပြတ်တောက်သွားသည်ဟုဆိုသည်။
''မင်းအခြေအနေက စစ်တိုက်လို့မရတော့ဘူး၊ ဒီတော့ မင်းရဲ့မျိုးရိုးအတွက် ရသင့်တဲ့ဆုကြေး ငွေ
တွေ ချီးမြှင့်ပေးမယ်၊ မင်းအိမ်ပြန်လို့ရပြီ''
ဘတားပျော်လိုက်သည့်ဖြစ်ခြင်း၊ ကျဆုံးသွားသည့် သူများအတွက် စိတ်မကောင်းဖြစ်မိသော်လည်း အိမ်ပြန်တော့ရမည်ဆိုတော့ ဘတားအလွန်ပျော်သည်။ စစ်တပ်မှပေးလိုက်သည့် မြင်းကိုစီးပြီး ဘတားပြန်လာခဲ့သည်။
ရွာရောက်တော့ ကျဆုံးသွားသူများအတွက် ဈာပနကျင်းပပေးကြသည်။ စစ်တိုက်ရန်ထွက်သွားသည့် သူဆယ့်ငါးဦးအနက် ဘတားတစ်ဦးသာ ပြန်ရောက်လာခဲ့သည်။ တစ်ခုထူးဆန်းသည်က အနက်ရောင်ကျောက်ကလေးဖြစ်သည်။ သူ့လည်ပင်းတွင် ဘယ်သူချိတ်ဆွဲထားမိမှန်းမသိ
သော သုံးမြောင့်ချွန်ကျောက်တုံးအနက်ကလေးတစ်ခု ပါလာခြင်းဖြစ်သည်။ ဘတားက လွှင့်ပစ်ရန်ကြံစည်လိုက်သော်လည်း တိုက်ပွဲအမှတ်တရအဖြစ်နှင့် ဝတ်ဆင်ထားလိုက်သည်။
ထိုညက တိုက်ပွဲမှပြန်လာသည့် သူ့အတွက် ဂုဏ်ပြုပေးကြသည်။ ဘတားလဲ ပျော်ရွှင်စွာနှင့် သေရည်များသောက်စားပြီး အိပ်လိုက်တော့သည်။ သို့သော် ညသန်းခေါင်လောက်တွင် ဘတားနိုးထလာခဲ့သည်။ ထို့နောက် အိပ်ရာထဲမှ ထကာ လမ်းလျှောက်နေသည်။ ဘတားလဲ ဘယ်လိုဖြစ်သည်မသိတော့။ သူ့ကိုယ်လုံးကို သူထိန်းချုပ်မရတော့ဘဲ သူ့အလိုလိုသွားလာနေသည်ထင်သည်။
တဲအိမ်တစ်ခု၏တံခါးကို ခြေထောက်နှင့်ကန်ပြီးဖွင့်လိုက်သည်။ တဲအိမ်အတွင်းမှ အိပ်ပျော်နေသည့် မိန်းကလေးတစ်ဦးကိုဆွဲယူလိုက်သည်။ ထိုမိန်းကလေးက ဆူရီဖြစ်သည်။
''ဆူရီ''
ဘတားက ရေရွတ်လိုက်စဉ်မှာပင် သူက ဆူရီကိုလည်ပင်းမှ ဖမ်းဆွဲလိုက်ပြီးနောက် မျက်နှာချင်းကပ်လိုက်ကာ စုပ်ယူလိုက်သည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းများထွက်လာပြီး သူ့ပါးစပ်ထဲသို့ စီးဝင်နေသည်။ ဘတားလဲ သူဘာတွေလုပ်နေမိမှန်း သူကိုယ်တိုင်နားမလည်တော့။
''ဆူရီ၊ ဆူရီ''
သူရွတ်ဆိုနေစဉ်မှာပင် ဆူရီမှာအိုစာသွားပြီးသည့်နောက် လဲကျသွားတော့သည်။
''ငါဘာတွေဖြစ်နေတာလဲ''
ထိုအချိန်မှာပင် အိုဒူမျိုးရိုးမှ အခြားသူများပါ နိုးလာခဲ့သည်။ ထို့နောက် ဘတားကို တအံ့တဩနှင့်ကြည့်နေကြသည်။ သူတို့မျိုးရိုးထဲမှ နတ်ဆရာကြီးက ဘတား၏ မျက်နှာကိုသေချာကြည့်လျှက်
''မဟုတ်တော့ဘူး၊ သူက ဘတားမဟုတ်တော့ဘူး သူ့ကိုတစ်ခုခုက ဝင်ရောက်ပူးကပ်နေခဲ့ပြီ''
ထိုသို့အော်ဟစ်လိုက်စဉ်မှာပင် ဘတားတစ်ယောက် အကောင်ကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုအကောင်ကြီးကတော့ အထက်ကဆိုခဲ့သည့်အတိုင်း အာလစ်ခန်းပုံစံကြီးဖြစ်သည်။ ထိုအကောင်ကြီးကိုမြင်တော့ အားလုံးက အံ့ဩမှင်တက်သွားကြသည်။
''အာလစ်ခန်း၊ အဲဒါအာလစ်ခန်းပဲ''
အခန်း (၁၁)
ဘကောင်းတစ်ယောက် အရိုးမှစာများကို ဖတ်ရှုနေစဉ်မှာပင် စာများအားလုံးကုန်သွားလေသည်။ ဘကောင်းလဲ ဘာဆက်ဖြစ်သွားသလဲကို သိချင်သော်လည်း ဖတ်စရာမရှိတော့သဖြင့် စိတ်ပျက်သွားပြီး ထိုအရိုးများကို ပစ်ထုတ်လိုက်သည်။ ဂူအပြင်သို့ ဖြည်းဖြည်းချင်းထွက်ခဲ့ပြီး ဂူအပေါက်၀တွင်ထိုင်နေလိုက်သည်။ စမ်းချောင်းကလေး စီးဆင်းနေသည်ကိုတွေ့လိုက်ရတော့မှ စိတ်ထဲအမောပြေ လန်းဆန်းသွားသည်။ ထို့နောက် သူ့လည်ပင်းက ပယင်းနက်ကိုပွတ်ကြည့်လိုက်သည်။
ထိုအချိန်တွင်ပင် ဂူနံရံတွင်ကျနေသည့် သူ့အရိပ်က တဖြည်းဖြည်းလှုပ်လာသည်ကိုတွေ့ရသည်။ ဘကောင်းတစ်ယောက်အလွန်ထူးဆန်းသွားသည်။ သူက ထိုင်နေသော်လည်း သူ့အရိပ်က မတ်တပ်ရပ်လိုက်သည်ကိုတွေ့လိုက်ရသည်။ ထို့နောက် သူ့အရိပ်တွင် ပါးစပ်များ၊ မျက်လုံးများပေါ်လာကြသည်။
''ဘယ်၊ ဘယ်သူလဲ''
''မင်းငါ့ကိုမေ့နေပြီလား ဘတား''
ဘကောင်းလဲအလွန်အံ့ဩနေမိသည်။
''ခင်၊ ခင်ဗျားက ဒါဆို စာထဲကပါတဲ့ အာလစ်ခန်းလား''
''ဒါပေါ့ကွ ဘတားရဲ့''
''ဒါတော့ခင်ဗျားမှားနေပြီ၊ ကျုပ်ဘတားမဟုတ်ဘူး''
''ဟား၊ ဟား၊ မင်းက ဘတားပါကွ၊ ငါမင်းကိုစောင့်နေခဲ့တာ နှစ်ပေါင်းထောင်ချီကြာနေခဲ့ပြီ၊ အခုတော့ မင်းကိုငါပြန်တွေ့ပြီ၊ မင်းက ငါ့ကိုပူဇော်ထားတဲ့သူ၊ ငါကိုယ်တိုင် ငါ့ရဲ့ကိုယ်ပွားအရိပ်ကို မင်းကိုယ်ထဲကို စီရင်နိုင်ခဲ့တဲ့သူဆိုတော့ မင်းကိုငါကောင်းကောင်းမှတ်မိတယ်''
''ဒါဆို ကျုပ်က၊ ကျုပ်က ဒီစာထဲက ဘတားဆိုတဲ့လူလား''
''မှန်တယ်၊ ငါကလူအားလုံးကို ထိန်းချုပ်လို့မရပေမယ့် အရင်ကတည်းက ငါဝင်ခဲ့ဖူးတဲ့၊ တစ်နည်းအားဖြင့်ပြောရရင် ငါ့နဲ့ရင်းနှီးတဲ့ ဝိညာဉ်ကို ငါပူးကပ်နိုင်တယ်ဘတား၊ မင်းဟာ အရင်ဘ၀က ဘတားပဲ၊ မင်းသေဆုံးပေမယ့် မင်းရဲ့ဝိညာဉ်ဟာလွင့်မြောနေခဲ့တယ်၊ အခုတော့ မင်းနဲ့ငါ တစ်မြေရပ်ခြားမှာ ပြန်ဆုံပြီ''
ဘကောင်းဘာကိုမှ နားမလည်နိုင်တော့ပေ။
''ဒါဖြင့်ရင်ခင်ဗျားက ဘာကိုလိုချင်လို့ ကျုပ်ဆီမှာတွယ်ကပ်နေရတာလဲ''
''ငါလိုချင်တာအပေးအယူတစ်ခုပဲ၊ ငါမင်းကို ဒီတစ်လောကလုံးက လူသားတွေဆီမှာ မရှိတဲ့စွမ်းအင်တွေပေးမယ်၊ မင်းကတော့ငါ့ကို မင်းရဲ့ကိုယ်ထဲမှာ နေဖို့ပဲခွင့်ပေးပါ၊ ဘယ်လိုလဲအဆင်ပြေတယ်မဟုတ်လား''
ဘကောင်းက ခေါင်းခါလိုက်သည်။
''မဖြစ်ဘူး၊ ခင်ဗျားကြောင့် ကျုပ်အဖေကိုကျုပ်ပြန်သတ်မိခဲ့ပြီ''
ထိုအခါ အာလစ်ခန်းတစ်ဖြစ်လဲ သူ့အရိပ်က ဂူနံရံထက်တွင်ရယ်မောနေလေသည်။
''မင်းသတ်တာမဟုတ်ပါဘူးကွာ၊ ငါသတ်လိုက်တာပါ''
''ဘယ်လိုပဲဖြစ်ဖြစ်၊ ခင်ဗျားက မကောင်းဆိုးဝါးတစ်ကောင်ပဲ၊ ခင်ဗျားကို ကျုပ်ကိုယ်ထဲမှာ ထားနေသရွေ့ ခင်ဗျားက မကောင်းတဲ့အရာတွေကို ပြုလုပ်နေအုံးမှာပဲ''
ဘကောင်းပြောလိုက်စဉ်တွင် ချောင်းရေထဲတစ်စုံတစ်ဦးပြေးလာသံကိုကြားလိုက်ရသည်။ သို့နှင့် ဘကောင်းလဲ ဂူ၀ရှိကျောက်တုံးတစ်တုံးအနောက်တွင် ပုန်းအောင်းနေလိုက်သည်။ ပြေးလာသူကတော့ ကျားကလေးဂျီရားပင်ဖြစ်သည်။ ဂျီရားဖြစ်နေသောကြောင့် ဘကောင်းက ကျောက်တုံးနောက်မှထွက်လိုက်သည်။ ဂျီရားပုံစံက အမောတကောဖြစ်နေပြီး ခြေတစ်ဖက်ကလဲ ထော့နဲ့ထော့နဲ့ဖြစ်နေသည်။
''ဘာဖြစ်လာတာလဲ ဂျီရား''
ဂျီရားက သူ့ပါးစပ်ထဲတွင် ကိုက်လာသည့် မီးငယ်ကိုင်သည့် လေးကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ လေးမှာထက်ပိုင်းကျိုးနေပြီးနောက် ပျက်စီးနေလေသည်။ ဘကောင်းလဲ လေးကိုကြည့်ရင်း နားလည်လိုက်သည်။ မီးငယ်တစ်ခုခုတော့ဖြစ်နေပြီထင်သည်။
''မီးငယ်၊ နင်ဘာဖြစ်တာလဲ''
ဘကောင်းကုန်းထလိုက်သော်လည်း စိတ်သာရှိသည်၊ သူ့ကိုယ်က မထနိုင်ဘဲဖြစ်နေလေသည်။ ထိုအခါ နံရံပေါ်ကအရိပ်က သူ့ကိုကြည့်ပြီးပြုံးနေသည်။
''ဘယ်လိုလဲ မင်းကောင်းသွားအောင်လို့ ငါကူညီနိုင်တယ်နော်''
ဘကောင်းရွေးချယ်စရာမရှိတော့၊ မီးငယ်တစ်ခုခုဖြစ်နေတာသေချာသည်။ အတူအမဲလိုက်သွားသည့် ဂျီရားပြန်လာပြီး မီးငယ်ပြန်မလာပုံထောက်ရင်တော့ တစ်ခုခုတော့ဖြစ်နေပြီဆိုတာသေချာပြီ။
''ကောင်းပြီဗျာ၊ ကျုပ်ခင်ဗျားနဲ့အပေးအယူလုပ်မယ်၊ ကျုပ်ဒဏ်ရာတွေကိုသာ ပျောက်အောင်လုပ်ပေးစမ်းပါ''
အရိပ်က ရယ်မောလိုက်ပြီးနောက် သူ့အရိပ်အတိုင်းပြန်ဖြစ်သွားသည်။ မကြာခင်မှာပင် သူ့မှာရရှိထားသည့် ဒဏ်ရာများထဲမှ အဖြူရောင်မီးခိုးငွေ့များထွက်လာကြပြီးနောက် ဒဏ်ရာများမှာ ပြန်စေ့သွားကာ အမာရွတ်များအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားတော့သည်။
ဒဏ်ရာများပျောက်သွားသည်နှင့် ဘကောင်းလဲကုန်းထလိုက်သည်။ သူ့တစ်ကိုယ်လုံးပေါ့ပါးနေကာ လန်းဆန်းနေလေသည်။
-ဘတား၊ မင်းကိုငါကတိပေးထားတဲ့အတိုင်း ငါ့အစွမ်းတွေမျှပေးမယ်
ဘကောင်းနားအနားတွင် တစ်ယောက်ယောက်ကပ်ပြောနေသလို ပီပီသသကြားနေရသည်။ ထိုအသံကတော့ သူ့ကိုယ်ထဲတွင် စွဲကပ်နေသည့် အာလစ်ခန်း၏ အသံပင်ဖြစ်မည်ထင်သည်။
''ကျုပ်ကိုဘတားလို့ မခေါ်နဲ့ ကျုပ်နာမည်ဘကောင်း''
''ကောင်းပါပြီဘကောင်းရာ၊ နာမည်က အရေးမကြီးပါဘူး၊ ဟား၊ ဟား''
ထိုအခါဘကောင်းလဲ ဂျီရားခေါင်းကိုပွတ်သပ်လိုက်ပြီးနောက်
''ဘယ်မှာဖြစ်ခဲ့တာလဲဂျီရား၊ ငါ့ကိုလမ်းပြစမ်း''
ကျားကလေးဂျီရားက မတ်တပ်ထပြီးတောထဲပြေးဝင်သွားသည်။ ဘကောင်းလဲ ဂျီရားအနောက်ကနေ ပြေးလိုက်ခဲ့တော့သည်။
''မီးငယ်၊ ဘကောင်းဘယ်မှာလဲပြောစမ်း''
မီးငယ်ကို ဘသောင်းနှင့် မှော်ပညာရှင်များ၊ စစ်သည်တော်များက ဝိုင်းဝန်းဖမ်းဆီးထားပြီးနောက် တစ်ကိုယ်လုံးကို ကြိုးနှင့်တုပ်ထားကြသည်။
''မသိဘူး၊ သူဘယ်ရောက်နေသလဲဆိုတာ ကျုပ်မသိဘူး''
''မီးငယ်၊ နင်မလိမ်နဲ့၊ ဘကောင်းဆိုတဲ့ကောင်က သူ့အဖေကိုသူ ပြန်သတ်ပြီးထွက်ပြေးသွားတာ၊ သူ့ကို တွေ့အောင်ရှာမှဖြစ်မယ်''
ဘသောင်းပြောလိုက်သဖြင့် မီးငယ်တွေဝေသွားသည်။
''ဘကောင်း၊ ဘကောင်းက ဘိုးမိုင်ကို သတ်ပစ်လိုက်တယ်၊ ဟုတ်လား''
''ဒါပေါ့၊ ဒါတင်ဘယ်ကမလဲ ရွာကလူတော်တော်များများကိုလဲ သတ်ဖြစ်သွားတယ်''
ဘသောင်းစကားကိုကြားလိုက်ရသဖြင့် မီးငယ်အလွန်တုန်လှုပ်သွားသည်။ သူတို့လူမျိုးစုအတွင်း ဓလေ့အရ လူကြီးသူမများကို မသတ်ဖြတ်ရပေ၊ အထူးသဖြင့် မိမိကိုမွေးထားသည့် မိဘကို ပြန်မသတ်ရပေ။ ပြန်သတ်သူမှ အလွန်ကြောက်စရာကောင်းသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ ယခုလဲ ဘသောင်းပြောသည့် စကားတွေကို မီးငယ်ကြားတော့ ဘကောင်းအကြောင်းတွေးနေမိသည်။
''ဟုတ်ပါ့မလား၊ ဘကောင်းက သူ့အဖေကိုသူပြန်သတ်ပါ့မလား''
အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်