အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၂၅)
lotaya.mpt.com.mm
|
2023-04-29

Part - 25

" ယွန်းရယ်.....မောင်က တမင်ညာတာမှမဟုတ်ပါဘူး။ ယွန်းက မောင့်ဆို အမြဲနှင်နေတာလေ။ မောင်က ယွန်းအနားနေချင်တယ်....ယွန်းက မောင့်ဆို လျစ်လျူရှုတယ်။ "

သြော်.....တော်တော်ကိုကောင်းသည့်ဆင်ခြေပင်။ သူ့ဘာသာ လုပ်ချင်ရာလုပ်ပြီး ယွန်းကြောင့်ပါလို့ အမည်လာတပ်နေသည်။ ယွန်း မျက်နှာလေးက သုန်မှုန်နေရာမှ သူ့ကိုဆတ်ခနဲကြည့်ကာ......

" ဆင်ခြေတွေ တော်ပါတော့ ။ မင်းက အမြဲအဲ့အတိုင်းပဲ.... ကိုယ်လုပ်ချင်ရာလုပ်ပြီး သူများကိုအပြစ်တင်တယ်။ "

သူ သက်ပြင်းချလိုက်မိရင်းမှ....

" မောင် ယွန်းကို အရမ်းလွမ်းတယ် "

" ကြွေလေးကို မင်းစိတ်မပူဘူးလား......"

" ပူပေမယ့် ဘာလုပ်လို့ရတော့မှာလဲ။ ယွန်းနဲ့မောင် ဒီရောက်တော့ပဲ ညနေစောင်းနေပြီ။ ညမိုးချုပ်တော့မယ့်ဟာ....မောင်တို့ကားခေါ်ပြင်တာနဲ့ ပြန်လိုက်ရှာရမှာနဲ့တွက်လေ....ပြီးတော့ ဘယ်မှာလဲကသိတာမဟုတ်။ "

ယွန်း မျက်နှာလေးက သုန်မှုန်နေသလို ပြန်ရောက်ရင် ရှင်းရမည့်ပြဿနာတွေအတွက် ကြိုတွေးကာ ခေါင်းခဲနေမိသည်။ တကယ်လဲ ယွန်းတွေးပူနေသလိုပင်...ယွန်း၏ ဒေါ်လေးရော ဂုဏ်တံတိုင်း၏ ဦးလေးကပါ နှစ်ယောက်ကို ပြန်ပေါင်းရန်နားချကြသည်။ တစ်ဖက်က မှိုင်း နဲ့ ကြွေလေးကို လက်ထပ်ပေးရန်ပြင်သလို ယွန်းမှာလဲ သူ့အိမ်ပြန်လိုက်နေရ၏။ 

ဂုဏ်တံတိုင်း ဧည့်ခန်းထဲတွင် တိမ်ယံမှိုင်း နဲ့အတူ မင်္ဂလာပွဲအတွက် တိုင်ပင်နေစဉ် အပေါ်ထပ်မှဆင်းလာသည့် ယွန်းကိုလှမ်းမြင်လိုက်ရသဖြင့်....

" ယွန်း.....ဘယ်သွားမလို့လဲ။ "

" ကိုယ့်ဘာသာ ဘယ်သွားသွားပေါ့။ "

ဂုဏ်တံတိုင်း သက်ပြင်းချလိုက်မိသလို နေရာမှထလာရင်း ယွန်းနောက်လိုက်လာခဲ့သည်။ ကားပေါ်တက်ရန်ပြင်နေသည်ကို အသာလေးလှမ်းဆွဲရင်း......

" မောင်လိုက်ပို့ပေးမယ်လေ။ "

" ရတယ်.... မလိုဘူး။ "

ယွန်းက သူ့ကို စိတ်ဆိုးနေတုန်းပဲ ဖြစ်သည်။ သူနဲ့သာ မလွှဲသာ၍ပြန်လိုက်လာရပေမယ့် အခန်းကအစခွဲနေပြီး ဘာပြောပြော ရန်သာလိုနေသလို သူ့ကိုလဲ စိတ်အတော်ဆိုးနေတာပင်။ 

" အဲ့ဒါဆို ညနေမောင်လာကြိုရမလား။ "

" ကားပါတယ်လေ....ကိုယ့်ဘာသာပြန်လာမှာပေါ့။ အပိုတွေလာလုပ်နေတယ်။ "

သူ ပြုံးမိသလို ကားပေါ်တက်သွားသည့်ယွန်းကိုကြည့်ရင်း ကားတံခါးကိုအသာပိတ်ပေးလိုက်သည်။ ခြံထဲမှကားထွက်သွားတာငေးကြည့်ရင်း အိမ်ထဲပြန်ဝင်လာတော့ အကဲခတ်သလိုကြည့်နေသည့် တိမ်ယံမှိုင်း။

" ခင်ဗျားတို့ရော မင်္ဂလာပွဲပြန်လုပ်မှာလား။ "

" ယွန်းက မလုပ်ချင်ဘူးတဲ့.....အစထဲကကွာခဲ့တာမှမဟုတ်ပဲဟာ.....ဒါပေမယ့် ညစာစားပွဲလေးလုပ်မယ်တွေးထားတယ်။ ယွန်းကိုတော့ မပြောရသေးဘူး။ "

မှိုင်း ဂုဏ်တံတိုင်းကို ကြည့်ရင်း သူ့အနားတစ်ချိန်လုံးငြိမ်နေသည့် ကြွေလေးအားငဲ့ကြည့်ကာ....

" ကြွေလေးရော.......ဘာထပ်လုပ်ချင်သေးလဲ။ "

" ဟင့်အင်း.....မလုပ်ချင်ဘူး။ လူနည်းလေကောင်းလေပါပဲ။ "

ကြွေ တကယ်တမ်းတော့ အားငယ်သည်။ သူက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားချောလေ။ ကိုယ့်မှာက ဒုက္ခိတ။ အနည်းဆုံးမင်္ဂလာပွဲမှာတော့ လှလှပပလေး သူ့ဘေးမတ်တတ်ရပ်ချင်မိသည်။ ပြန်ကောင်းတော့မှာပေမယ့် တစ်လလောက်တော့ ကြာဦးမည်ပင်။

------------------

ယွန်း ရုံးခန်းထဲတွင် ဝန်ထမ်းတွေနှင့် အစည်းအဝေးလုပ်နေစဉ်မုန့်ထုပ်တွေကိုင်ပြီး ဝင်လာသည့် ဂုဏ်တံတိုင်းကြောင့် မျက်နှာလေးတည်သွား၏။ 

" သြော်.....အစည်းအဝေးလုပ်နေတာလား။ ယွန်းအဆာပြေစားရအောင် မုန့်လာပို့တာပါ။ ယွန်း မောင် ဒီမှာထားခဲ့ပြီနော်။ "

သူ့ကိုမသိဟန်ဆောင်နေသည်မို့ စားပွဲပေါ်အသာတင်ကာ ခပ်မြန်မြန်ပင်ထွက်လာခဲ့သည်။ တစ်ခါတစ်လေတော့လဲ စိတ်ထဲထိခိုက်ရပေမယ့် သူ့အမှားတွေရဲ့အကျိူးဆက်မို့ ကျေနပ်စွာ ခံယူဖို့သာ စဉ်းစားထား၏။ သူ့အနားပြန်ရောက်လာသည်ကိုပဲ ကျေနပ်လှပါပြီလေ။

@@@@@@@@@@@@

နာရီကိုလှမ်းကြည့်မိတော့ ည 7 နာရီ။

ဂုဏ်တံတိုင်း မကိုင်သည့်ဖုန်းကို ထပ်တလဲလဲဆက်ရင်း ရင်ထဲပူနေရပြီဖြစ်သည်။ အခုထိပြန်မရောက်သေးသလို ဖုန်းဆက်တော့လဲမကိုင်။ ယွန်းရဲ့အိမ်ကိုဖုန်းဆက်ကြည့်တော့လဲ မလာဘူးဆိုတာမို့ သူအတော်လေးစိတ်ပူနေရသည်။

တီ......တီ.......တီ

ကားဟွန်းတီးသံနဲ့အတူ ခြံထဲဝင်လာသည့် ကားကိုမြင်လိုက်ရတော့မှ ဂုဏ်တံတိုင်း ဟူးခနဲသက်ပြင်းချမိသည်။ ကားဆီလျှောက်လာရင်း ကားပေါ်မှဆင်းလာသည့် ယွန်းကိုယ်လေးကို ဆွဲဖက်၍.......

" ယွန်းရယ်......မောင် စိတ်ပူလိုက်ရတာ ။ "

ရုတ်တရတ်မို့ ယွန်း ကြောင်သွားပေမယ့် ကပျာကယာ ပြန်တွန်းထုတ်လိုက်ရင်း မကြည်သလိုကြည့်မိ၏။ 

" ဖယ်စမ်းပါ.....ဘာလို့ဖုန်းတွေဒီလောက်ဆက်နေရတာလဲ။ "

" ယွန်းကရော ဘာလို့မောင့်ဖုန်းမကိုင်တာလဲ။ "

" မကိုင်ချင်လို့......အသံမကြားချင်ဘူး။ "

သူ့မှာ ပြောစရာစကား ပျောက်ရှသွားရသည်။ ရင်ထဲနွမ်းချိသွားရတာအမှန်ပေမယ့် ယွန်းမျက်နှာလေးကိုသာ ဟန်ဆောင်ပြုံးကြည့်နေမိသည်။ အေးဆေးတည်ငြိမ်တဲ့မိန်းကလေးကို သူ့ကြောင့်မာကြောခက်ထန်စေခဲ့သည် မဟုတ်လား။

ယွန်း အိမ်ထဲဝင်လာခဲ့သလို အခန်းထဲရောက်သည်နှင့် ခဏနားပြီးရေမိုးချိုးလိုက်သည်။ ရေချိူးခန်းထဲမှ ပြန်ထွက်လာတော့ ယွန်းအခန်းထဲရောက်နေသည့် ဂုဏ်တံတိုင်းကြောင့် ယွန်းစိတ်တိုသွားရပြန်သည်။ တစ်နေ့တစ်နေ့ ယွန်းမှာ သူ့ကြောင့် အသက်တိုမှာပင်။

" သူများအခန်းထဲ ဘာလာလုပ်တာလဲ.... အခုထွက်။ "

ဂုဏ်တံတိုင်း ပြုံးမိသွားရင်း တဘက်ကြီးတစ်ထည်ကို ကိုယ်မှာပတ်ထားပြီး ရေချိုးခန်းထဲမှထွက်လာသည့် ယွန်းပုံစံလေးကို စေ့စေ့စိုက်ကြည့်ရင်း.....

" မောင့်မိန်းမအခန်းက မောင့်အခန်းပဲပေါ့....."

" ရူးနေလား...ဂုဏ်တံတိုင်း နင့်ကိုငါပြောနေတယ်နော်။ "

ပြောလဲပြော ယွန်းသူ့ကို အခန်းထဲမှ နှင်ထုတ်ရန်ပြင်သည်။ အတင်းဆွဲထူကာ အခန်းအပြင်တွန်းထုတ်ပေမယ့် ယွန်းကိုယ်လေးသာ ရင်ခွင်ထဲပုံလျက်သား ရောက်သွား၏။

" မောင့်ကို ထပ်ပြီးလျစ်လျူမရှုပါနဲ့တော့ ယွန်းရယ်....."

ယွန်းရဲ့နှုတ်ခမ်းလေးတွေ ပူနွေးစွတ်စိုသွားရသည်။ တစ်ချိန်ထဲမှာပင် ခပ်တင်းတင်းပွေ့ဖက်ခံလိုက်ရသလို အလန့်တကြားရုန်းရင်း လူကအိပ်ယာထက် သူနဲ့အတူအလဲအလဲအပြိုပြို။

ဟင့်အင်း.....။

အရှုံးပေးရတာတွေ တော်လောက်ပါပြီ။ သူချည်းပဲ အနိုင်ယူနေတာ တော်သင့်ပြီ မဟုတ်ဘူးလား။ ပါးပြင်ထက် မျက်ရည်စတို့က စီးကျလာရသလို ချစ်ခြင်းတွေက ခါးသက်လိုက်တာ။

ဂုဏ်တံတိုင်း ငိုယိုပြီးအိပ်မောကျသွားသည့် ယွန်းကို သဘောကျစွာငေးငေးလေးကြည့်ရင်း ပခုံးသားဝင်းဝင်းလေးကို ဖွဖွဖိနမ်းလိုက်သည်။ 

" ချစ်လိုက်တာ မောင့်ဇနီးရယ်....."

ချစ်ပါသည်ဆိုတာကို နှစ်နှစ်ကာကာလက်ခံလိုက်သည့်အခါ ချစ်ခြင်းတွေက တစိမ့်စိမ့်ကို ယိုဖိတ်တက်လာတော့တာမျိုးပင်။ နိုးလာလျှင် သူ့ကိုစိတ်ဆိုးစိတ်ကောကဦးမှာ ကျိန်းသေသလိူ သူကလဲ ချော့ရပေဦးမည်။

တကယ်လဲ ယွန်းက သူ့ကိုစိတ်ဆိုးပါသည်။ စကားကိုမပြောတော့သလို ရှောင်လို့ရသမျှရှောင်နေသည်။ သူကလဲ အခန်းကိုလုံးဝ ခွဲအိပ်မခံတော့သလို ယွန်းကိုလဲ ကုမ္ပဏီကအစ အပို့အကြိုကိုယ်တိုင်လုပ်ပေးနိုင်ရန် ယွန်းကားကိုမလှိမ့်တစ်ပတ်ဖြင့် ရောင်းထုတ်ပစ်လိုက်သည်။ မဟုတ်လျှင် ကားရှိနေသမျှ တစ်ယောက်ထဲသွားနေမှာ သူသိသည်လေ။

@@@@@@@@@@@@

ကားပေါ်မှာ လိုက်လာပေမယ့် ယွန်း၏ အသံလေးတွေတိတ်နေသလို ကားပြတင်းပေါက်မှန်လေးကိုသာ ငေးကြည့်နေ၏။ သူ ကားမောင်းရင်းမှ တစ်ချက်တစ်ချက် ငဲ့ကြည့်ကာ.....

" ယွန်း......နေမကောင်းဘူးလား။ ဘာဖြစ်လို့မှိုင်နေတာလဲ။ "

မေးတော့လဲ ပြန်မဖြေသလို မကြားသလို ၊ မသိသလိုသာနေ၏။ သူပိုပြီး မချင့်မရဲဖြစ်သွားရကာ ယွန်းလက်ကလေးတစ်ဖက်ကိုလှမ်းကိုင်၏။

" မောင်က မောင့်ကိုယ်မောင် သိပ်စိတ်ကြီးတယ်ထင်တာ.....ခုကျမောင့်မိန်းမက မောင့်ထက်ပိုပြီး စိတ်ကြီးနေပါလား ယွန်းရယ်။ "

ယွန်း နှုတ်ခမ်းလေးတင်းတင်းစေ့ထားရင်းမှ စကားပြန်မပြောပဲ မသိဟန်သာဆောင်နေလိုက်သည်။ သက်ပြင်းချသံအရှည်ကြီးကြားရသလို ယွန်းကလဲ လှည့်ကိုမကြည့်။

ကုမ္ပဏီရှေ့ကားထိုးရပ်လိုက်သည်နှင့် ယွန်းကားပေါ်မှဆင်းရန် ပြင်လိုက်ပေမယ့် လက်တစ်ဖက်ကို အတင်းလှမ်းဆွဲထား၏။ 

" မောင် ညနေလာကြိုမယ်နော်။ "

သူ့ကို ခပ်တည်တည်လေး စိုက်ကြည့်ရင်း လက်လေးပြန်ရုန်းယူ၍ ကားပေါ်မှဆင်းသွားသည့် ယွန်းကိုကြည့်ရင်း သူပြုံးမိ၏။ 

တိမ်ယံမှိုင်း တဖျတ်ဖျတ်လက်နေသည့် ကင်မရာမီးရောင်တွေကို လက်ကာပြလိုက်ရင်းမှ သတင်းစာရှင်းလင်းပွဲစရန် ပြင်လိုက်သည်။

" အားလုံးပဲ လာရောက်ပေးတာ ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော် ကြော်ငြာစရာကိစ္စရှိပါတယ်.....ဒါကတော့ အနုပညာအလုပ်တွေအကုန် ရပ်နားတော့မယ်ဆိုတာပါပဲ။ "

အာမေဋိတ်သံတွေနဲ့အတူ မေးခွန်းပေါင်းစုံတန်းစီထွက်လာ၏။ ကိုဆက်က လက်ကာပြလိူက်သလို သူကပဲဆက်ဖြေ၏။

" ထပ်ပြောချင်တာက ကျွန်တော့်ဘဝကို တစ်စုံတစ်ယောက်နဲ့အတူ တည်ဆောက်တော့မယ်ဆိုတာပါပဲ။ ဟုတ်ကဲ့.....ကျွန်တော်ချစ်မြတ်နိုးရတဲ့ အမျိုးသမီးလေးနဲ့လက်ထပ်တော့ပါမယ်။ "

" မိသားစုဘဝကို ထူထောင်တဲ့အခါ ကျွန်တော်ချစ်တဲ့မိန်းကလေးကို အချိန်တွေပေါပေါလောလောပေးချင်ပါတယ်။ အခုဆုံးဖြတ်ချက်ကို သူတောင် သိသေးမှာမဟုတ်ပါဘူး။ "

ကြွေ ဖုန်း Screen ကို ကြည့်ရင်းမှ နားမလည်နိုင်ဖြစ်မိသလို အရမ်းလဲအံ့သြရသည်။ ဒါ သူအင်မတန် သဘောကျသည့် အလုပ်နဲ့ဝါသနာမဟုတ်လား။ 

မင်္ဂလာပွဲအတွက်လဲ စီစဉ်စရာတွေစီစဉ်ရင်း သူပဲမအားသလို ကြွေကတော့ ခုထိမယုံနိူင်သေးပဲဖြစ်နေရသည်။ ကြွေ ကိုကို့ကို ချစ်ပါသည်။ သို့ပေမယ့် ကြွေ ထပ်ပြီးနာကျင်ခံစားရမှာကို ကြောက်နေခဲ့တာ ကိုကိုသိပုံရသည်။ 

လက်ထပ်ခါနီးလေ ကြွေ့မှာ စိတ်ထဲသိမ်ငယ်လာလေပင်။ ဆေးရုံသွားတော့လဲ ကိုကိုကလိုက်ပေးသလို လေ့ကျင့်ခန်းကအစလိုက်ကူ၏။ ကြွေ့မှာသာ ကိုကိုနဲ့ ထိုက်တန်ရဲ့လားတွေးပူမိနေတာပင်။

ယွန်း ရုံးခန်းထဲတွင် စားရင်းတွေစစ်နေစဉ် ဝင်လာသည့် ကိုနောင့်ကို မြင်လိုက်ရသဖြင့် နေရာမှထရပ်လိုက်မိသည်။ 

" ကိုနောင့်......."

" ယွန်း ကိုယ့်အပေါ် ရက်စက်တယ်လို့ မထင်ဘူးလား။ " 

ယွန်း အံ့အားသင့်သွားရသလို ယွန်းအနားလျှောက်လာကာ တမဟုတ်ချင်းဆွဲဖက်လိုက်တာမို့ မျက်လုံးလေးပြူးသွားရသည်။ တစ်ချိန်ထဲမှာပင် ရုံးခန်းတံခါးပွင့်လာရင်း....

" ယွန်း မောင်လာကြို...."

@@@@@@@@@@@@@@@@@@@@@@

To be continue P - 26

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..