
Part - 26
" ကိုကို ဘာလို့ ဒီလိုလုပ်ရတာလဲဟင်....ကြွေ့ကြောင့်ဆိုရင်....."
" ကိုယ့်ဆန္ဒ ကိုယ့်သဘောအရလုပ်တာပါ။ "
ကြွေ့ဆီမှ မျက်ဝန်းဝိုင်းဝိုင်းလေးက သူ့ဆီရောက်လာ၏။ အကဲခတ်သလို ကြည့်နေတာမို့ ပါးပြင်လေးကို သူအုပ်ကိုင်လိုက်ရင်း....
" ကိုယ် ကြွေ့အနားရှိနေချင်တယ်.......ကြွေ အရင်က ကိုယ့်ကြောင့် အများကြီး မြိုသိပ်ခဲ့ရတာတွေ ၊ နားလည်ပေးခဲ့ရတာတွေ ရှိပေမယ့် ကိုယ်ဂရုမစိုက်မိခဲ့ဘူး။ ကြွေ့ကိုသာ ကိုယ်တတ်နိုင်သမျှ အချိန်ပေးပြီး ဂရုစိုက်ခဲ့ရင် ကိုယ်တို့ဝေးခဲ့မှာမဟုတ်ဘူး.....ကိုယ့်အမှားတွေပါ။ "
ကြွေ အင့်ခနဲရှိုက်မိသွားသလို ခေါင်းလေးခါယမ်းမိသည်။
" ဟင့်အင်း.......ကိုကို့ အမှားမဟုတ်ပါဘူး။ သစ္စာဖောက်ခဲ့မိတာက ကြွေပါ။ ".
မှိုင်း ပြုံးလိုက်မိရင်းမှ....
" ကြွေလေးကို အဲ့လိုဖြစ်အောင် ကိုယ်ကတွန်းပို့ခဲ့မိတာ......"
မှိုင်း သေချာတွေးကြည့်မိခဲ့ပါသည်။ တကယ်ဆို ကြွေဟာ ကလေးစိတ်.... သူ့အိမ်မှာ အားလုံး၏အကြိုက်အလိုလိုက်ခြင်းခံရသူ အချစ်ခံမိန်းကလေး။ သူ့ကိုစချစ်ထဲက အရာရာကို နားလည်ပေးခဲ့သလို နာကျင်ရသမျှ ကြိတ်ခံစားခဲ့ရသည်။ ကြွေ့ကို အခြားကောင်တစ်ကောင်ရဲ့ ရင်ခွင်ထဲမှာတွေ့ရုံနှင့် သူဘယ်လောက်နာကျင်ခဲ့ရသလဲ။ ချစ်သူကို ကိုယ်တစ်ယောက်ထဲသာ ပိုင်ဆိုင်လိုသည့် မနာလိုသဝန်တိုစိတ် အမျက်ဒေါသဟာ သူ့ကို ကိုယ်ချင်းစာတတ်စေခဲ့သည်။ ကြွေလေး ဘယ်လိုများ တောင့်ခံခဲ့ရမလဲ။
" ကိုကို.......မစဉ်း စားတော့ဘူးလားဟင်။ လက်ထပ်တယ်ဆိုတာ......"
" ကိုယ် လက်ထပ်ချင်တဲ့မိန်းကလေးက ကမ္ဘာပေါ်မှာ ကြွေလေးတစ်ယောက်ထဲရှိတယ်။ "
ကြွေ သက်ပြင်းချမိသွားရသည်။ ကြွေ ကြိုးစားမည်။ လမ်းအမြန်ဆုံးပြန်လျှောက်နိုင်အောင်.....ကိုကိုဘယ်နေရာမဆိုလက်တွဲသွားလို့ရတဲ့ ဇနီးတစ်ယောက်ဖြစ်ချင်၏။
တိမ်ယံမှိုင်း ကြွေ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲဖက်ထားရင်း သူမလေးကို ချစ်တာရောဂရုဏာပါပိုကာ မျက်စိအောက်ကကို အပျောက်မခံချင်။ ကားရိုက်တွေကိုလဲ အပြီးဖြတ်ပေးနေရတာရော မင်္ဂလာကိစ္စရော နားချိန်မရှိပေမယ့် သူမလေးကို မြင်လိုက်ရသည်နှင့် အင်အားတွေက အလိုလိုရှိလာတာမျိုး။
မင်္ဂလာပွဲကလဲ မနက်ဖန်မို့ သူ့မှာ ဖိတ်စာလိုက်ဖိတ်ရ... ဝတ်စုံသွားကြည့်ရ လက်စွပ်ရွေးရနဲ့တစ်ယောက်ထဲ ဗျာများခဲ့ပြီး တစ်ခုခုလွဲချော်မှာ ၊ မှားယွင်းမှာကို တွေးပူနေရပြန်သည်။ ပြီးတော့ ကြွေက အရင်နဲ့မတူ ခြားနားသွားသည်။ အမူအကျင့်လေးတွေကအစ ၊ အနေအထိုင်လေးတွေပါ အရင်လို မဟုတ်တော့။
အရင်က သွက်လက်သည့်မိန်းကလေးက အခုငြိမ်ငြိမ်လေးဖြစ်နေသလို သူ့အနားကပ်ချွဲကပ်ဂျီကျတတ်တဲ့ပုံစံလေးကနေ သူမဘာသာ အေးအေးလေးနေတတ်သည့်ပုံစံပြောင်းသွား၏။ ပြန်လိုချင်ပါသည်.....သူမလေး၏ အချွဲအမူ အသံစာစာလေးတွေကို ။
@@@@@@@@@@@
ယွန်း ရုံးခန်းထဲတွင် စားရင်းတွေစစ်နေစဉ် ဝင်လာသည့် ကိုနောင့်ကို မြင်လိုက်ရသဖြင့် နေရာမှထရပ်လိုက်မိသည်။
" ကိုနောင့်......."
" ယွန်း ကိုယ့်အပေါ် ရက်စက်တယ်လို့ မထင်ဘူးလား။ "
ယွန်း အံ့အားသင့်သွားရသလို ယွန်းအနားလျှောက်လာကာ ဆွဲဖက်လိုက်တာမို့ မျက်လုံးလေးပြူးသွားရသည်။ တစ်ချိန်ထဲမှာပင် ရုံးခန်းတံခါးပွင့်လာရင်း....
" ယွန်း မောင်လာကြို...."
ဂုဏ်တံတိုင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသက ငယ်ထိပ်ရောက်သွားရသလို ဝုန်းခနဲလေပွေပမာ အနားတမဟုတ်ချင်း ရောက်သွားကာ ထိုကောင့်ရင်ခွင်ထဲမှ ယွန်းကိုဆွဲခေါ်ပစ်လိုက်သည်။
" ဘာလုပ်တာလဲ......ကြာကူလီလုပ်ချင်နေတယ် ဟုတ်လား "
လမင်းနောင်၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဆောင့်တွန်းပစ်ရင်း ဆွဲထိုးရန်ပြင်လိုက်တော့ ယွန်းက ကပျာကယာ သူ့ခါးကိုဆွဲဖက်၍ ရှေ့ဆက်တိုးမရရန်တားထား၏။
" မလုပ်ပါနဲ့....ဒါ ရုံးခန်းကြီးနော် "
ဂုဏ်တံတိုင်း မချင့်မရဲဖြင့် ကျစ်ခနဲစုပ်သပ်လိုက်မိသည်။ လမင်းနောင်က သူ့ကို ခပ်ထေ့ထေ့စိုက်ကြည့်လာရင်း.....
" မင်းငါ့ကိုထိုးလဲ ငါပြန်ထိုးမှာ မဟုတ်ဘူးဂုဏ်တံတိုင်း........ငါကမင်းလို ဆုံးရှုံးရမှ တန်ဖိုးသိတဲ့ကောင် မဟုတ်ဘူး။ အစောထဲက ငါ ယွန်းကိုတန်ဖိုးထားတယ်....သူ့တန်ဖိုးကိုသိတယ်။ "
" ခင်ဗျားကများ......"
ရှေ့တိုးရန်ပြင်လိုက်ပေမယ့် ယွန်းက သူ့ကို မရမကဖမ်းဆွဲထား၏။
" ကိုနောင့်.....ပြန်ပါတော့။ "
လမင်းနောင် ယွန်းကို တစ်ချက်ငေးကြည့်ရင်း နေရာမှထွက်လာခဲ့သည်။ တကယ်တမ်း သူလဲထိုသို့ မရည်ရွယ်ခဲ့ပါ။ ယွန်းကိုမြင်တော့ ဆုံးရှုံးရမှာကြောက်သည့်စိတ်ဖြင့် ခဏသတိလက်လွတ်ဖြစ်သွားခြင်းပင်။
ဂုဏ်တံတိုင်း ကားကိုမောင်းလာပေမယ့် ဒေါသထွက်လွန်းတာမို့ တစ်လမ်းလုံး နှစ်ယောက်သားစကားများလာရသည်။ သူ့ကိုဇွတ်တားနေတာမို့ သူထိုကောင့်ကို မထိုးခဲ့ရတာ မဟုတ်လား။
" တောက်! ဘာကိစ္စကို လိုက်တားနေမှန်းမသိဘူး။ထိုးချင်တာ လက်ကိုယားနေတာပဲ။ ပြောစမ်းပါဦး.....လိုက်တားနေရတဲ့အကြောင်းအရင်း။ "
ယွန်း သက်ပြင်းချလိုက်မိရင်းမှ တစ်ဖက်ကို မျက်နှာလွှဲလိုက်၏။ ထိုပုံစံလေးကိုပင် ဂုဏ်တံတိုင်း အသဲယားသွားရကာ လမ်းဘေးတစ်နေရာတွင် ကားကိုကျွီခနဲ ထိုးရပ်ပစ်၏။
" ခုကျ စကားမပြောတော့ဘူး ဟုတ်လား။ ဟိုမှာတုန်းကကျ အသဲအသန်ဆွဲနေပြီး.......ဘာလဲ ဟိုကောင်အထိုးခံရမှာ အဲ့လောက်ကြောက်လား။ "
ပြန်မပြောတော့ ဂုဏ်တံတိုင်း ကားခါးပတ်ပါ ဆွဲဖြုတ်ရင်း ယွန်းကိုယ်လေးကို သူ့ဘက်ဆွဲလှည့်ပစ်၏။
" ယွန်း.....မောင်ပြောနေတယ်နော်။ တစ်ခုခုပြန်ပြော......မောင်အခုဘယ်လောက် ဒေါသထွက်နေရသလဲ သိလား.....စိတ်တိုလွန်းလို့ရူးမတတ်ပဲကွ။ "
ယွန်း စူးခနဲ သူ့ကိုပြန်ကြည့်ရင်းမှ....
" ပြောတော့ရော ဘာထူးမှာလဲ။ မင်းက အမြဲဒီအတိုင်းပဲဟာ....နည်းနည်းပါးပါး သွေးအေးအေးနဲ့ ဖြေရှင်းမယ်မရှိဘူး။ "
" ဟ! သွေးအေးရအောင် မောင့်မိန်းမကိုရင်ခွင်ထဲဆွဲထည့်ထားတာလေ။ သွေးအေးပါတယ်ဆိုပြီး မောင်ကလက်ပိုက်ကြည့်နေရမှာလား.....သေတောင်ဖြစ်လာမှာမဟုတ်ဘူး။ "
" ဒါပေမယ့် ကုမ္ပဏီရုံးခန်းကြီးထဲ မင်းသူ့ကိုဆွဲထိုးလို့မရဘူးလေ။ "
" သူကျ ရုံးခန်းကြီးထဲ သူများမိန်းမကို ဖက်လို့ရတယ်ပေါ့ ဟုတ်လား။ "
ယွန်း ကျစ်ခနဲစုပ်သပ်လိုက်မိရင်းမှ.....
" အဲ့လိုပြောတာ မဟုတ်ဘူးလေ ဂုဏ်တံတိုင်းရယ်......"
" ဒါဖြင့် ဘယ်လိုပြောတာလဲ ရှင်းစမ်းပါဦး။ "
ယွန်း ပြောရခက်သွားသလို ခေါင်းပါပူလွန်းလာပြီမို့.....
" မသိတော့ဘူး ဂုဏ်တံတိုင်းရယ်.....မင်းလုပ်ချင်တာသာလုပ်တော့။ "
" အဲ့ဒါဆို အခုသွားသတ်မှာ....."
" သတ်....သတ်....."
စိတ်ညစ်သလို မျက်နှာလေးလွှဲသွားသည့်ပုံက သဘောကျချင်စရာလေးမို့ သူပြုံးမိသွားသည်။ ယွန်းရဲ့မေးဖျားလေးကို သူလှမ်းဆွဲကာ သူ့ဘက်လှည့်လာသည်နှင့် နှုတ်ခမ်းလေးကိုနမ်းရှိုက်ပစ်လိုက်သည်။
ယွန်း မရုန်းပါ။
ရုန်းလို့လဲ လွှတ်ပေးမည်မထင်တာမို့ မျက်လွှာလေးသာချထားရင်း မသိလိုက်ခင်မှာပင် လက်လေးတစ်ဖက်က သူ့အင်္ကျီစလေးကို ဆုပ်ကိုင်ထားမိ၏။ ကားမှန်တွေတင်ထား၍သာ တော်တော့သည်.....စိတ်ဆိုးတာကို အသုံးချပြီး သူ့စိတ်ကြိုက်ကို နမ်းနေသည့် လူလည်ကိုလဲ ယွန်းတကယ်မှ မမုန်းနိုင်ပဲ။
@@@@@@@@@@@@@
မင်္ဂလာပွဲနေ့....။
ယွန်း ကြွေလေးအနားဝင်ထိုင်ရင်းမှ လက်ကလေးတစ်ဖက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။ ငေးငေးလေးကြည့်လာသည့် ကြွေ့မျက်ဝန်းလေးတွေထဲ စိုက်ကြည့်ကာ ပြုံးပြလိုက်ရင်းမှ....
" ငါ့ညီမလေးက လှလိုက်တာ....တကယ့်နတ်သမီးလေးပဲ။ "
ကြွေ့နှုတ်ခမ်းလေးတွေပြုံးယောင်သမ်းသွားရင်းမှ.....
" ကျေးဇူးပါ မမ......ဟိုလေ...ကြွေ ကြောက်နေတယ်။ "
" မကြောက်ပါနဲ့ကွယ်.....မှိုင်းကိုလဲ မယွန်း သေချာမှာထားပြီးသား။ မယွန်းမမှာလဲ မှိုင်းက ကြွေလေးကို ဘယ်လောက်ဂရုစိုက်လိုက်သလဲ။ "
စင်မြင့်ထက်တွင်ပဲ သတို့သား၊သတို့သမီးထိူင်နေကြကာ စုလျားရစ်ပတ်လက်ထပ်သလို ဧည့်ခံတာကိုတော့ ယွန်းနဲ့ ဂုဏ်တံတိုင်းသာ လိုက်ဧည့်ခံ၏။ မင်္ဂလာပွဲက အဆင်ပြေပြေပင် ပြီးသွားသလို ကြွေလေးက ဟန်းနီးမွန်းမသွားချင်တာမို့ မှိုင်းဝယ်ထားသည့်အိမ်မှာသာ နေကြသည်။
ခက်သည်က ဂုဏ်တံတိုင်းပင်။
မင်္ဂလာပွဲလာသည့် လမင်းနောင်ကို မကြည်သလိုကြည့်ကာ ဖိတ်ရပါ့မလားဆိုပြီး ပြဿနာရှာသည်။
" မောင် အဲ့ကောင်ကို မဖိတ်ဘူး.....ဘယ်သူဖိတ်တာလဲ။ ယွန်းဖိတ်တာလား။ "
" ဒေါ်လေးဖိတ်တာ.......ဘာဖြစ်နေတာလဲ ။ "
" ဘာဖြစ်ရမလဲ.....အဲ့ကောင်ကယွန်းကိုပဲကြည့်နေတာလေ။ "
ဂုဏ်တံတိုင်း လုံးဝ မကျေနပ်ပါ။
ဒီကောင် ယွန်းကိုဖွင့်ပြောထားတာလဲ သိသည်။ သူများမိန်းမကို ရာရာစစ ရည်းစားစကားလာပြောရတယ်လို့။ သူ့မှာ အခြားမိန်းမ မရှိတော့ဘူးလား။
လမင်းနောင် မင်္ဂလာပွဲမှအပြန်တွင် ဆိုင်တစ်ဆိုင်ရောက်သွားသလို စိတ်ပြေလက်ပျောက် ဝင်သောက်ခြင်းဖြစ်သည်။
" ဟော....ဘယ်သူများလဲမှတ်တယ်။ ကိုလမင်းနောင်ပါလား။ "
နှုတ်ဆက်သံကြောင့် လှည့်ကြည့်မိတော့ ဆူဇီနှင့် အမျိုးသားတစ်ယောက်။
" သြော်....မဆူဇီ။ ".
" ဒါ ဆူဇီမျိုးသားလေ။ ကို...ဒါဆူဇီပြောပြောနေတဲ့ ကိုလမင်းနောင်။ "
အပြန်အလှန် နှုတ်ဆက်ပြီး ထွက်သွားကြသည်ကိုကြည့်ရင်း သူ့စိတ်ထဲ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသားဖြစ်ခဲ့သည်။ ဟုတ်သည်....သူ ဒီလိုလုပ်တာ ပိုအဆင်ပြေဆုံးဖြစ်လိမ့်မည်။
------------------
ဂုဏ်တံတိုင်း ထမင်းစားနေရင်းမှ အစားနည်းလွန်းလှသည့် ယွန်းကိုကြည့်ရင်း သူ အားမရစွာ ဟင်းခပ်ထည့်လိုက်၍....
" စားပါ ယွန်းရဲ့......ဘာလို့လဲ စားမကောင်းဘူးလား။ "
" မဟုတ်ပါဘူး......"
" ဟင်းမကြိုက်လို့လား....."
" မင်းဘာသာစားစမ်းပါ။ "
သူ့ကို စိတ်မရှည်သလို ပြောပြီး ထမင်းပင်ဆက်မစားတော့ပဲ ထမင်းစားခန်းထဲမှ ထထွက်သွားသည်မို့ သူ စားလက်စကိုထားခဲ့ကာ နောက်ကလိုက်လာခဲ့၏။
" ဘာဖြစ်လို့လဲ ယွန်းရယ်.....နေမကောင်းဘူးလား။ "
နဖူးလေးကို သူ့လက်တစ်ဖက်ဖြင့် လှမ်းစမ်းတော့ ကိုယ်လေးကနွေးနေ၏။
" ယွန်း ဖျားချင်နေတာပဲ။ မောင် ခေါက်ဆွဲလေးပြုတ်ပေးမယ်.....ဆေးပါယူခဲ့မယ်နော်။ "
ပြောလဲပြော တစ်ယောက်ထဲ ပျာယာခတ်သွား၏။ ခေါက်ဆွဲပြုတ်နှင့် ဆေးကိုယူလာရင်း သူအခန်းထဲဝင်လာသည့်အချိန် ယွန်းမှာ အိပ်မောကျနေပြီဖြစ်၏။ သူ ငေးခနဲကြည့်မိသွားသလို အနားဝင်ထိုင်ရင်းမှ ဖွဖွလေးငုံ့နမ်းကာ သက်ပြင်းချလိုက်မိသည်။ စိတ်ကြီးလိုက်တာဆိုတာလေ တကယ့်ကိုအကြောမာလေးပင်။ သူ့ကိုညှင်းလိုက်တာလဲပြောမနေပါနှင့်။
ဒါပေမယ့် အမုန်းတွေပြီးလျှင် ချစ်ခြင်းတော့ ရှိကိုရှိရမည်။ သူ့အမုန်းမြို့ရိုးကိုသူမလေးက ဖြိုဖျက်နိုင်ခဲ့သလို သူမလေး၏အမုန်းမြို့ရိုးကိုလဲ သူကျော်လွန်နိုင်မှာပါ။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 27
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ