ကပွဲခန်းမကို လိုက်ပို့ခိုင်းတဲ့တစ္ဆေ
lotaya.mpt.com.mm
|
2023-05-02

အခန်း(၁)

     မြစ်ကြီးနားမြို့မှာ ဇွန်လဆို ဒညင်းသီး ပေါ်ချိန်ဖြစ်သည်။ ဇွန်လမှစ၍ ဒညင်းသီးများကို သီးနှံပွဲရုံများမှာ ကုန်တင်ကားကြီးများက အိတ်ကြီးများဖြင့် အလျိုလျို လာချကြသည်။ အိတ်ထဲတွင် အခွံမခွါရသေးသော ဒညင်းသီးများပါရှိသည်။ဇွန်လနှင့် ဇူလိုင်လတွင် ဒညင်းသီး လှိုင်လှိုင်ပေါပြီဖြစ်သည်။

      ဒညင်းသီးကို ပြည်မ(မန္တလေး)သို့ ပို့သည့်အခါ အခွံခွါပြီး ပို့ရသည်ရှိသလို၊ အခွံမခွါဘဲ ပို့ရသည်လည်း ရှိပါ၏။

       ပွဲရုံများတွင် ဒညင်းသီး အခွံခွဲရသော အလုပ်သမားများစွာ ရှိကြသည်။ ဒညင်းသီး တလုံးကို အခွံခွါခ ပြားရှစ်ဆယ် သို့မဟုတ် တကျပ် ရ၏။ 

       နှစ်တင်းဝင် အိတ်တလုံးမှာ ဒညင်းသီး  အကြီးအသေးအရွယ်အစားပေါ် မူတည်၍ အလုံးရေ ၃၀၀၀မှ ၃၅၀၀အထိ ပါတတ်သည်။ 

      ဒညင်းသီးကို ဤဒေသမှာတော့ အဓိကအားဖြင့် အမျိုးအစား ၄မျိုး ခွဲထားသည်။ စာသေး၊ စာလတ်၊ စာကြီးနှင့် ခမောက်ဟု ၄မျိုးရှိပါသည်။ 

       စာသေးနှင့်စာလတ်မှာ စီး၍ ရောင်းပန်းလှသည်။ စာကြီးမှာ စီးပင် စီးငြားလည်း စာသေး၊စာလတ်လောက် မစီးချေ။ စာကြီးသည် ခမောက်သီး အရွယ်အစားမျှ ရှိသည်။

      ခမောက်သီးမှာ အရွယ်အကြီးဆုံးဖြစ်ပြီး အသီးမှာ အဖုအထစ်များပါ၏။ သူလည်း စား၍ ကောင်းသော အသီးဖြစ်၏။ 

       ဒညင်းသီး ပေါ်ချိန်တွင် ပွဲရုံများမှ ဒညင်းသီး အခွံခွဲသော အလုပ်သမများအား နေ့ဆိုင်း/ညဆိုင်း ၂ဆိုင်းခွဲ၍ပင် ခွဲခိုင်းရသည်အထိ အလုပ်များလေ့ ရှိသည်။ ဒညင်းသီးကို ပြည်မ(မန္တလေး)သို့ အများဆုံး တင်ပို့ရ၏။ ပြည်မက အမှာများရင် များသလောက် အခွံခွဲကြသူများမှာ အလုပ်များကြသည်။ ပြည်မသို့ ပို့လျင် အခွံခွါပြီးမှ ပို့ရသည်ကများ၏။ အခွံခွါထားသည့်အခါ ပိုးထိုးသီး၊အပုပ်သီးတို့ကို အလွယ်ရွေးထုတ် ပယ်နိုင်သောကြောင့်ဖြစ်သည်။

      ဒညင်းသီး အခွံခွါရသည်မှာ လွယ်တော့မလွယ်။

       အင်မတန် လက်သွက်သော လုပ်နေကျ အလုပ်သမတယောက်မှ တနေ့ကို အလုံးရေ ၈၀၀၀နှင့် တသောင်းအကြား ခွဲနိုင်သည်။

     တလုံးကို တကျပ်နှင့်တွက်သော်   ရှစ်ထောင်/တသောင်းကျပ်ခန့် နေ့တွက်စီလေ၏။ တချို့ အသက်ကြီးသော အလုပ်သမများကတော့ ၄ထောင်/ငါးထောင်လောက်သာ ရကြသည်။ 

                 _________

အခန်း(၂)

      'အောင်တော်မူ' သီးနှံပွဲရုံတွင် အသက်၃၀ အရွယ် မအိအိဖြိုးသည် ဒညင်းသီး အခွံခွဲသည့် အလုပ်ကို ဝင်လုပ်ကိုင်နေသည်။

      မအိအိဖြိုးသည်  ၇နှစ်အရွယ် သမီးတယောက်ရှိပြီး၊ လင်သားဖြစ်သူနှင့် အိမ်ထောင်ကွဲနေသည်မှာ ၃နှစ်ကျော် ရှိပြီဖြစ်သည်။ သမီးလေးအမည်မှာ ဇင်သူထက် ဖြစ်ပါ၏။

       ယခုအခါ  မအိအိဖြိုးတို့သားအမိသည် အသက် ၅၇နှစ်အရွယ်ရှိသော မိခင်ကြီးနှင့်အတူ ပွဲရုံနှင့် နှစ်မိုင်နီးပါး ဝေးသော ဗမာရပ်ကွက်တခုတွင် အိမ်ငှါးနေထိုင်သည်။ 

      ပွဲရုံကို  ဆိုင်ကယ်ဖြင့် အသွားအပြန်လုပ်၏။ မအိအိဖြိုးမှာ မိခင်နှင့် သမီးကို ရရာအလုပ်ဖြင့် လုပ်ကျွေးနေရသူဖြစ်သည်။

      ဒညင်းသီး အခွံခွဲသည့် အလုပ်မရှိလျင် တခြား အလုပ်ကို လုပ်၏။ သူမသည် သမာအာဇီဝကျသော အလုပ်ဆို ဇံမရွေးသူဖြစ်ပါသည်။

       မအိအိဖြိုး၏ သမီးကလေး ဇင်သူထက်သည် ချုချာ၏။ မကြာခဏ ဖျားနာတတ်သည်။ အထူးသဖြင့်တော့ မြစ်ကြီးနားရဲ့ ဆောင်းရာသီနဲ့ တည့်ဟန်မတူ။

      ဇင်သူထက်သည် ဆောင်းဝင်လေတိုင်း ဖျားလေ့ရှိသည်။ အဖွားဖြစ်သူနှင့် အနေများသော ဇင်သူထက်မှာ တခြားကလေးများနှင့်မတူ ကိုယ်ခံအားနည်းသူ ဖြစ်သည်။

       တခါတရံ  ဇင်သူထက် ဖျားလျင် မအိအိဖြိုးမှာ နေ့ဘက် အလုပ်မဆင်းနိုင်ချေ။ ဇင်သူထက်ကို ဆိုင်ကယ်ပေါ်တင်၍ ဆေးပေးခန်းကို သွားရရှာသည်။ ထိုအခါမျိုးမှာ မအိအိဖြိုးသည်  နေ့ဘက်မအား၍  ညဆိုင်း ဆင်းရလေ့ရှိသည်။ 

       နေ့ဘက် အလုပ်ဆင်းရသည်နှင့် ညဘက် အလုပ်ဆင်းရသည်က မတူ။ ညဘက်က အလုပ်ပိုတွင်၏။ ညဘက်ဆိုတော့ ငေးစရာ ဘာမှမရှိ။ အလုပ်ကိုသာ ဖိလုပ်ဖြစ်သည်။ 

         ည ၇နာရီလောက်ကနေ ညလယ်၂နာရီအထိ  အခွံခွဲလျင် အနည်းဆုံး  အလုံး၈၅၀၀ တော့ ခွဲပြီး၏။ တခါတရံ တသောင်းအထိ ပြီးသည်လည်း ရှိ၏။ 

       မနက်၄နာရီလောက်တွင် အိမ်ကို ပြန်နိုင်သည်။ ထိုသို့ ညဆိုင်းဆင်းသည့်အခါ မအိအိဖြိုးသည် မိုးလင်းဈေးဟုခေါ်သော တပ်ကုန်းအနီးက ဈေးလေးကို ဝင်၍  မနက်စာ ချက်ပြုတ်ရန် အသီးအနှံ ၊ အသားငါးတို့ ဝင်ဝယ်လေ့ရှိသည်။

     တချို့က  မီးခွက်ဈေးဟု ခေါ်ဆိုကြသည်။ယခင်က ဈေးသည်များက မီးခွက်ထွန်း၍ ရောင်းချသောဈေးဖြစ်သောကြောင့် ခေါ်ဆိုကြဟန်တူသည်။ ယခုတော့ လျှပ်စစ်အားသွင်း မီးသီး၊မီးချောင်းများနှင့် လင်းထိန်နေပါသည်။

       ထိုဈေးလေးသည် မနက်၂နာရီလောက်ကတည်းက ရောင်းသည်။ သား၊ငါး၊ကြက်ဥတို့အပြင် လတ်ဆတ်သော သီးနှံတို့ကို ဈေးချိုချိုနဲ့ ဝယ်ယူနိုင်သည်။ 

      ဈေးနှင့် သူမ နေသော ရပ်ကွက်က သိပ်မဝေးတော့ချေ။ ဆယ်မိနစ်သာသာခန့် ဆိုင်ကယ်စီးလျင် ရောက်ပြီ ဖြစ်၏။ ဈေးအနောက်ဖက်တွင် နှစ်ခြင်း ခရစ်စယာန်ကျောင်းရှိသည်။ ထိုကျောင်းရှေ့မှ  နေ့စဥ် ဖြတ်သွားဖြတ်လာပြုရသည်။ 

   ထိုကျောင်းမှ သင်းအုပ်ဆရာတော်မှာ အလွန်သဘောကောင်းသည်။ ကလေးများလည်း ချစ်တတ်သည်။ ပွဲတော်ရက်များတွင် ကလေးများကို မုန့်ပေးဝေလေ့ရှိသည်။ 

      မအိအိဖြိုးနှင့် သမီးသည် သင်းအုပ်ဆရာတော်က မုန့်ဝေသည့်အခါတိုင်း ဝင်၍ တန်းစီလေ့ရှိကြသည်။

     ထို့ကြောင့် မကြာခဏ မုန့်ပေးဝေတတ်သော သင်းအုပ်ဆရာတော်နှင့် မအိအိဖြိုးတို့သားအမိမှာ မျက်မှန်းတန်းမိနေရုံသာမက ရင်းနှီးနေကြပါသည်။ 

       ချစ်စရာကောင်းသော သမီးလေး ဇင်သူထက်ကို သင်းအုပ်ဆရာတော်က  ကောင်းစွာ မှတ်မိနေသည်။

      ဆင်းရဲနွမ်းပါးဟန်ရှိသော မအိအိဖြိုးတို့သားအမိ၏ အခြေအနေကို သုံးသပ်မိဟန်လည်းတူ၏။ ပြီးခဲ့သော ခရစ်စမတ်နေ့က သင်းအုပ်ဆရာတော်က ဇင်သူထက်အား  မွေးပွအရုပ်တခုကိုတကူးတက လက်ဆောင်ပေးခဲ့လေသည်။ 

       မအိအိဖြိုးတို့ သားအမိသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။သို့သော် ခရစ်စယာန် သင်းအုပ်ဆရာတော်နှင့် မိသားစုပမာ ရင်းနီးခင်မင်နေကြသည်မှာ အဆန်းတော့မဟုတ်ပါချေ။

     သန့်ရှင်းဖြူစင်သော မေတ္တာကိုပေးသောသူသည် စစ်မှန်သော မေတ္တာပြန်ရတတ်သည့်သဘောပင် ဖြစ်လိမ့်မည်ထင်ပါသည်။  

                 ____________

အခန်း(၃)    

       ဇူလိုင်လ၏ လလယ်  နေ့တနေ့တွင်  မအိအိဖြိုးသည်  'အောင်တော်မူ' သီးနှံပွဲရုံ၌  ညဆိုင်း ဒညင်းသီး အခွံခွါနေခဲ့သည်။ 

      အချိန်အားဖြင့် ညဆယ့်နှစ်နာရီ ထိုးပြီ ဖြစ်သည်။ မအိအိဖြိုး၏ အရှေ့တွင် အခွံခွါပြီး ဒညင်းသီးလုံးများ ပုံနေသည်။ အရေအတွက်အားဖြင့်ဆိုဆိုလျင် ခုနှစ်ထောင်ကျော်ခန့် ရှိလိမ့်မည်ဖြစ်သည်။ 

     " အိဖြိုး ... ငါတို့ ဒီနေ့ စောပြန်မလို့၊ အဲ့တာ နင် ပြန်လိုက်မှာလား "

      တရပ်ကွက်တည်းအတူနေ၊ မသူဇာနဲ့ မအိခိုင်က လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ ခါတိုင်းဆို မအိအိဖြိုးသည် ၎င်းတို့နှင့် အတူပြန်နေကျဖြစ်သည်။ 

     " ဟင့်အင်း  ... ကျွန်မ မလိုက်သေးဘူးအစ်မ။ ဒညင်းသီးက အခုမှ ခုနှစ်ထောင်ကျော်ပဲ ခွဲပြီးသေးတာ၊ ဆက်ခွဲလိုက်အုံးမယ် "

     " အေးပါ  ... ဒါဆိုလဲ ငါတို့ ပြန်နှင့်မယ်အေ ၊ ညည်းသမီး ဇင်သူထက်ရော သက်သာရဲ့လား "

    " ဟုတ်ကဲ့ အစ်မ၊ အဖျားက ကျသွားပါပြီ၊ ညနေက ဆေးခန်းက ပြန်ကတည်းက တော်တော်သက်သာနေပြီ။ မနက်ဖြန်တော့ ဆေးခန်း တခေါက် ထပ်ပြရအုံးမယ် "

    " အေးအေ ... ညည်းမလဲ ညည်းသမီး ဆေးခန်းဖိုးနဲ့ မလွယ်ဘူး "

    " ဒီလိုပဲပေါ့ အစ်မရယ်၊ သူ နေကောင်းရင်တော့ လုပ်အားခလေးက ပိုပါတယ် "

      မသူဇာနဲ့ မအိခိုင်က ညနေလေးနာရီထိုးကတည်းက အခွံခွဲတာဆိုတော့ ၊ တယောက်ကို တသောင်းဖိုးလောက် ပြီးသွားပြီဖြစ်သည်။

     မအိအိဖြိုးက နေမကောင်းသော  သူ့သမီးငယ်ကို ဆေးတိုက်ရ ၊ ဆန်ပြုတ်တိုက်ရနဲ့ လူမမားကို ပြုစုနေရသည်ဆိုတော့၊  ည၇နာရီထိုးပြီးမှ ပွဲရုံကို နောက်ကျ၍ ရောက်ပါ၏။ထို့ကြောင့် ည ၁၂နာရီထိုးအပြီးမှာ မအိအိဖြိုးသည် အလုံးရေ ခုနှစ်ထောင်ကျော်သာ အခွံခွဲပြီးသေးခြင်း ဖြစ်လေသည်။ 

     သူမအတွက်က ငွေ၃၀၀၀ကျပ်ဆိုလည်း မနည်းမို့၊ တသောင်းပြည့်အောင် ထပ်မံခွဲရဦးမည်။ သူများပြန်လို့၊ လိုက်ပြီး ပြန်ချင်လို့မရ။ 

      သို့ဖြင့် မအိအိဖြိုးသည် မနက်၃နာရီခွဲ ၊ ၄နာရီလောက်အထိ ဒညင်းသီးကို အခွံ ဆက်ခွါခဲ့သည်။ သူမအတွက် အလုံးရေ တသောင်းပြည့်တော့ ဓါးကို သိမ်းသည်။ 

      ပွဲရုံက ဦးတင်ဦးပင် တရေးနိုးလာပြီဖြစ်သည်။ ဦးတင်ဦးသည် မနက်အစောကြီး ဝင်လာတတ်သော ဒညင်းသီးကုန်ကားများကို စောင့်ဆိုင်းရန် မနက်အစောကြီး ထရ၏။

    အိပ်စုံမှုန်ဝါးနဲ့ ထလာသော ဦးတင်မြင့်က  တခြားသောအခွံခွဲသူတွေကို မမြင်သဖြင့် ...

    " ဟဲ့  အိအိဖြိုး ... သူဇာတို့က ပြန်သွားကြပြီလား "

    " ဟုတ်တယ် ဦးလေး သူတို့ ညဆယ့်နှစ်နာရီကတည်းက ပြန်သွားကြပြီ။ ကျွန်မကတော့  အခုမှ ခွဲပြီးတယ်"

     ဦးတင်မြင့်က အခွံခွါထားသော ဒညင်းသီးပုံကို ကြည့်၍ ...

     " အေး ... အေး ... ပိုက်ဆံတခါတည်း ယူသွား အိအိဖြိုးရေ။ မန္တလေးက အော်ဒါတွေ ထပ်ရောက်တယ်။ နောက်နေ့တွေလဲ ညဆိုင်း လာဆင်းပေးအုံးနော်"

    မအိအိဖြိုးက ပြုံးလိုက်ရင်း ...

     "စိတ်ချ စိတ်ချ ဦးလေးရေ။ ဦးလေးက မဆင်းနဲ့ဆိုရင်တောင် ဆင်းရအုံးမယ်၊ အခုရက်ပိုင်း ကလေးဆေးဖိုးနဲ့ အကုန်အကျများတယ်လေ "

    သဘောမနောကောင်းသော ဦးတင်မြင့်က ...

     " ပိုက်ဆံလိုရင်လဲ ဦးလေးကို ပြောပါ။ ကြိုသုံး ထုတ်ပေးပါ့မယ်။ ညည်းတို့လို အလုပ်အပေါ် သစ္စာရှိတဲ့လူက အရှားသားဟေ့ "

      မအိအိဖြိုးက ဦးတင်မြင့်ထံ ဒညင်းသီး အခွံခွါခ တသောင်းကျပ် ထုတ်ယူပြီး ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။ 

     မနက်၄နာရီဆိုတော့ လမ်းမှာ အသွားအလာ မရှိသလောက် ရှင်းနေသည်။ သို့ပေမယ့် ကြောက်စရာမရှိပါ။ သူမအနေဖြင့် ဒီလမ်းက သွားနေလာနေကျဖြစ်နေသည်။ 

      အပြန် လမ်းခုလပ်မှာ တပ်ကုန်းဈေးကို ဝင်သည်။ တပ်ကုန်းဈေးက မိုးမလင်းခင်ကတည်းက ဖွင့်သော မိုးမလင်းဈေးဖြစ်သည်။ 

     တပ်ကုန်းဈေးက လတ်ဆတ်သော သီးနှံမျိုးစုံ ရသည်။ ဒါ့အပြင် ငါးပိ၊ငါးခြောက်နှင့် အသားငါးလည်း ရ၏။

      ငါး အစိပ်သားနှင့် အသီးအနှံအချို့ကို ဝယ်လိုက်သည်။ ဆိုင်ကယ် ရှေ့ခြင်းတောင်းမှာ ထည့်၍ အိမ်သို့ မောင်းပြန်ခဲ့သည်။ 

      ဈေးကအထွက်မှာ မအိအိဖြိုး နားထဲ ငွေမောင်းသံ တချွင်ချွင် စကြားရသည်။ သူမ လှည့်ကြည့်လျင် ဘာကိုမျှ မတွေ့ရချေ။ 

      ငွေမောင်းသံဆိုတာက  ကချင်အမျိုးသမီးများ ဝတ်ဆင်သော ရိုးရာဝတ်စုံမှ ငွေမောင်းသံကို ဆိုလို၏။ 

     အသံမှာ  သူမ ဆိုင်ကယ်စီးနေစဥ်  ပြတ်တောင်း ပြတ်တောင်း ကြားရခြင်း ဖြစ်သည်။ ဆက်တိုက် ထွက်ပေါ်နေခြင်းမဟုတ်။ 

      ဆိုင်ကယ်စီးစဥ် လေတိုး၍လား ၊ အသံကို ကြားနေရပြီး ဘာကိုမှ မမြင်ရ၍လားမသိ။ မအိအိဖြိုး ကိုယ်မှာ ကြက်သီးမွေးညင်းတွေ ထလာသည်။ 

       မအိအိဖြိုးလည်း ဆိုင်ကယ်ကို သတိဖြင့် မောင်းရင်း၊ ပါးစပ်မှ ဘုရားစာကို တီးတိုးရွတ်ဆိုလိုက်သည်။ 

      မအိအိဖြိုးသည် ယခင်က တခါမှ သရဲခြောက်တာ မခံခဲ့ရဖူးချေ။ အခုဟာက သူမ ဆိုင်ကယ်ဘေးမှ လိုက်လာသလိုလို ၊ ဆိုင်ကယ်အနောက်က လိုက်လာသလိုလို ငွေမောင်းသံက  ပြတ်တောင်း ပြတ်တောင်း ထွက်ပေါ်နေသည်။  

    " ဣတိပိတော ဘဂဝါ ... "

      မအိအိဖြိုးက ဘုရားဂုဏ်တော်ကိုးပါးကို ခပ်စိပ်စိပ်ရွတ်ဆိုရင်း မျက်လုံးကို ရှင်ရှင်ထားကာ ဆိုင်ကယ်မောင်းသည်။ 

     နှစ်ခြင်း ခရစ်စယာန် ကျောင်းအရှေ့ ရောက်တော့ ငွေမောင်းသံ ပျောက်ကွယ်သွားသည်။ သို့ပေမယ့် သူမ၏ နားမှာ ' အင်းဟင်းဟင်း 'ဟူသော ငြီးသံလိုလို သက်ပြင်းချသံကြီးတခုကို ဆက်ဆက်ကြားလိုက်ရလေ၏။ 

      မအိအိဖြိုးသည်  ထိုအသံကို ကြားသည်နှင့် နောက်လှည့်မကြည့်ရဲတော့ဘဲ၊ ဆိုင်ကယ် လီဗာကို ဆွဲကာ အရှိန်မြှင့် မောင်းပြေးလေတော့သည်။ 

              ____________

အခန်း(၄)

     နောက်နေ့ညများတွင် မအိအိဖြိုးသည် တယောက်တည်း မပြန်ရဲ၍၊ မသူဇာတို့နှင့် ပြန်ရသည်။ 

     သို့သော်  မသူဇာတို့က နေ့ဆိုင်းကို ပြောင်း၍ ဆင်းသည့်ရက်များတွင်၊ မအိအိဖြိုး တယောက်တည်း ပြန်ရပြန်သည်။ 

     မသူဇာတို့လို အဖေါ်များနှင့် ပြန်သည့်ရက်တွင် ထိုငွေမောင်းသံကို မကြားရပါ။ မအိအိဖြိုး တယောက်တည်း ပြန်သည့်ရက်မှသာ ငွေမောင်းသံက ကပ်ပါလာတတ်သည်။ 

      မအိအိဖြိုးမှာ ဗုဒ္ဓဘာသာဖြစ်သည့်အလျောက်၊ ရထားသည့် ဘုရားစာများ ရွတ်ဖတ်ခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ကို ပြုလုပ်သည်။ သို့သော် ထိုငွေမောင်းသံမှာ မပျောက်သွားဘဲ၊ ခပ်ဝေးဝေးမှ လိုက်ပါလာသလို အသံပေး ခြောက်လှန့်တတ်သည်။ ဘုရားစာရွတ်သည့်အခါ ခါတိုင်းလို နီးနီးကပ်ကပ်မှ လိုက်ပါလာခြင်း မရှိချေ။ 

       ခဏခဏ အခြောက်ခံရဖန်များလာတော့ မအိအိဖြိုး တစုံတရာကို သတိထားမိသွားသည်။

     အဲ့ဒါကတော့ မအိအိဖြိုး၏ဆိုင်ကယ် နှစ်ခြင်း ခရစ်စယာန်ဘုရားကျောင်းအနီး ရောက်သည့်အခါတိုင်း၊ ငွေမောင်းသံက ရပ်တန့်သွားပြီး သရဲက နေရစ်ခဲ့ခြင်းပင် ဖြစ်၏။

       ခရစ်စယာန်ဘုရားကျောင်း လွန်သည့်အခါ ထိုငွေမောင်းသံလေးကို မကြားရတော့ပေ။ 

       တညတွင်  မအိအိဖြိုးသည် နံနက် ၄နာရီထိုးပြီးစအချိန် ၊ ဆိုင်ကယ်စီး ပြန်လာ၏။ 

      တပ်ကုန်းဈေးအလွန် လမ်းအနောက်ဘက်က အပင်အိုကြီးအောက်မှာ မိန်းမတယောက်က ကျောပေး၍ ငုတ်တုတ်ထိုင်နေသည်ကို ဆိုင်ကယ်မီးရောင်ဖြင့် မြင်လိုက်ရသည်။ 

       လူပြတ်သောအချိန် ဖြစ်၍ ထိုမိန်းမ၏ ပုံရိပ်ကို ဘွားခနဲ မြင်လိုက်ရသည့်အခါ အသဲတုန်အူတုန် ဖြစ်သွားသည်။ထိုမိန်းမ၏ ဆံပင်မှာ ဂုတ်ပေါ်ဝဲနေသည်။ ပြီးတော့ ကချင်တိုင်းရင်းသား ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထား၏။ 

       မအိအိဖြိုးသည် ထိုမိန်းမကို ဆက်မကြည့်ရဲသဖြင့် မျက်နှာကို လွှဲလိုက်သည်။ မအိအိဖြိုး ဆိုင်ကယ်က ထိုမိန်းမအနီးမှ ဖြတ်သွားသည့်အခါ၊ သွေးညှီနံ့ကြီး ရလိုက်သည်။ 

       " ဘုရား ဘုရား ... ဒီကနေ့တော့ သရဲမက ငါ့ကို ကိုယ်ထင်ပြီး ခြောက်ပြီ ထင်တယ် " ဟု မအိအိဖြိုး စိတ်မှာ တွေးလိုက်သည်။ 

      ထိုနေရာကို ကျော်လွန်သွားသည့်အခါ၊ မအိအိဖြိုးသည် ဆိုင်ကယ်ဘက်မှန်ကို တချက်စစ်ကြည့်လိုက်သည်။ 

      " အံမယ်လေး "

      ဘက်မှန်တွင် ခုဏက တွေ့ခဲ့ရသော မိန်းမကို မမြင်ရတော့ဘဲ၊ တဖတ်ဖတ်နဲ့ ပြေးလိုက်လာသံနဲ့အတူ သူမ ကြားနေကျ ငွေမောင်းသံလေးများက စီလာသည်။ 

     " ငါ့ကို ကပွဲခန်းမ လိုက်ပို့ပေး ... ကပွဲခန်းမ လိုက်ပို့ပေး "

      ကြေင်စီစီ အက်ကွဲကွဲ အသံက မအိအိဖြိုး အနောက်နားဆီမှ ထွက်ပေါ်လာ၏။ မအိအိဖြိုးမှာ ဆိုင်ကယ်စီးရင်းနှင့် ...

   " မသိဘူး  မသိဘူး ... ငါ့နောက်မလိုက်ခဲ့နဲ့ ... သွား ... သွား " ဟု ကတုန်ကရင် ပြောလိုက်သည်။

    " ငါ့ကို  လိုက်မပို့ရင်  နင့်သမီး အသက်ကို ငါ နုတ်ယူပစ်မယ်။ ငါ့ကို ကပွဲခန်းမ လိုက်ပို့ပေး ... "

      ဒီတခါတော့ မအိအိဖြိုးသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားသည်။ သို့ဖြင့် သူမသည် လုပ်မိလုပ်ရာ လုပ်ချလိုက်သည်။ အဲ့ဒါကတော့ နှစ်ခြင်း ခရစ်စယာန်ဘုရားကျောင်း ဝင်းထဲသို့ ဆိုင်ကယ်ကို ကွေ့ဝင်လိုက်ခြင်းပင် ဖြစ်၏။

     ကံကောင်းသည်ဟု ဆိုရမည်။ ဘုရားကျောင်းထဲက  ရုံးခန်းအဆောက်အဦး ရှေ့၌  ခရစ်စယာန်ဘုန်တော်ကြီး နှစ်ပါးကို အခိုက်သင့် တွေ့လိုက်ရခြင်းပင်။

       တပါးသော ဘုန်းတော်ကြီးမှာ မအိအိဖြိုးတို့ သားအမိနှင့် ခင်မင်နေသော သင်းအုပ်ဆရာတော် ဖြစ်ပြီး၊ ခရီးဆောင်အိတ်နှင့် ကျန်တပါးမှာ ရန်ကုန်သို့ ခရီးထွက်မည့် အာဂန္တုဘုန်းတော်ကြီးဖြစ်၏။သင်းအုပ်ဆရာတော်က ပြန်မည့်ဘုန်းတော်ကြီးအား နှုတ်ဆက်နေခြင်း ဖြစ်မည်။ 

       ခရီးသွားမည့်ဆဲဆဲ တွေ့လိုက်ရခြင်းပင်။ သင်းအုပ်ဆရာတော်က  ဆိုင်ကယ်ပေါ်က ဆင်းလာသော မအိအိဖြိုးအား မြင်လိုက်သည်နှင့် အံဩသွားသည်။ 

    " သမီး ... ဒီအချိန်ကြီး ဘာဖြစ်လာတာလဲ "

     ကြောက်ရွံနေသော မအိအိဖြိုးမှာ မျက်စိမျက်နှာပျက်စွာ ...

    " သမီးကို ကယ်ပါအုံး ဆရာတော်၊ သမီးနောက်ကို  သရဲ လိုက်လာလို့ "

      သင်းအုပ်ဆရာတော်က မအိအိဖြိုး မဖြေခင်ကတည်းက ကျောင်းဝင်းပေါက်ကို လှမ်းကြည့်နေသည်ဖြစ်ရာ ၊ တစုံတရာကို မြင်တွေ့သွားဟန်တူ၏။ မအိအိဖြိုးကို ကျော်၍ ကျောင်းဝင်းပေါက်အထိ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ မအိအိဖြိုးမှာ ရန်ကုန်ပြန်မည့် အာဂန္တု ဘုန်းတော်ကြီးနှင့် ကျန်နေရစ်ခဲ့သည်။

      သရဲမသည် မြင့်မြတ်သော ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်၍ ရဟန်မတူ။ သူမ လာရာလမ်းသို့ တရွေ့ရွေ့ ထွက်ခွါသွားလေ၏။ သူမ ထွက်သွားရာ လမ်းမှ ခွေးတချို့က စူးစူးဝါးဝါး ထိုးဟောင်နေကြသည်။

     သင်းအုပ်ဆရာတော်က ခွေးများဟောင်သည့်ဘက်သို့ လှမ်းကြည့်ပြီး၊ သက်ပြင်းငွေ့ငွေ့ ချလိုက်သည်။

      သင်းအုပ်ဆရာတော်က မအိအိဖြိုး ရှိရာသို့ ပြန်လာသည်။ အကြောင်းစုံ မေးမြန်းလိုက်သည်။ မအိအိဖြိုးလည်း သူမ ကြားခဲ့ရသမျှကို တခွန်းမကျန် ပြန်လည် ပြောပြသည်။ 

      ထိုအခါမှ သင်းအုပ်ဆရာတော်က လွန်ခဲ့သော လေးလခန့်က အဖြစ်အပျက်တခုကို ပြန်လည်စဥ်းစားမိပြီး ၊ မအိအိဖြိုး နောက်သို့ လိုက်ပါလာသော သရဲမအကြောင်းကို ဆက်စပ်တွေးမိသွားသည်။ 

                 __________

အခန်း(၅)

      သင်းအုပ်ဆရာတော်က လွန်ခဲ့သော လေး၊ငါးလက အဖြစ်အပျက်တခုအကြောင်းကို ပြောပြသည်။

     တပ်ကုန်းဈေးအလွန်က လမ်းအကွေ့လေးမှာ ဖြစ်ပျက်သွားသော ယာဥ်တိုက်မှုတခု အကြောင်းဖြစ်ပါသည်။

    "အဲ့ဒီနေ့က ဘုရားကျောင်းမှာ ပွဲတခု ကျင်းပနေတယ်။ ကချင်ရိုးရာ ကပွဲလဲပါသပေါ့ကွယ်။ 

     အဲ့ဒီကပွဲကို ဖိတ်ခေါ်ခံရတဲ့အထဲမှာ ဆွတ်ရိန်ပန်ဆိုတဲ့ အသက်(၂၀)ဝန်းကျင် မိန်းကလေးတဦးလဲ ပါတယ်။

      ဆွတ်ရိန်ပန်က ပင်ကိုယ်ကတည်းက ဆိုင်ကယ်စီးကြမ်းတယ်ကွဲ့။ ဖြစ်ချင်တော့ သူ ကပွဲသွားမယ့်မနက်မှာ၊ သူ့အစ်မက သူ့ဆိုင်ကယ် ယူစီးသွားတယ်။ ဈေးသွားတယ်လို့ ပြောတယ်။ 

      ဆွတ်ရိန်ပန်က ကပွဲသွားရမှာမို့ မြန်မြန် ပြန်ခဲ့ဖို့ မှာလိုက်သတဲ့။ အဲ့ဒါကို သူ့အစ်မက တမင်အရွဲ့တိုက်တယ်နဲ့တူပါရဲ့။ ကပွဲစမယ့်အချိန်နားနီးမှ အိမ်ပြန်လာသတဲ့။

      ဆွတ်ရိန်ပန်က ဒေါသကလဲ ခပ်ကြီးကြီးဆိုတော့ ၊ သူ့အစ်မက အိမ်ရောက်တာနဲ့ ရန်တွေ့တာပေါ့။ သူ့အစ်မကလဲ သူမှားမှန်းသိသိနဲ့ အလျော့မပေးဘူး။ အကြီးပဲဆိုပြီး အနိုင်ယူချင်တယ်လေ။ အဲ့ဒီတော့ ညီအစ်မနှစ်ယောက် စကားများကြတာပေါ့။ 

      နောက်ဆုံး  ဆွတ်ရိန်ပန်က ကပွဲကို အချိန်မီ သွားရမှာဆိုတော့ ရန်ပွဲကို ရပ်ပြီး ဆိုင်ကယ်ကို ဒုန်းမောင်းလာခဲ့တယ်လေ။ 

       သူ့အစ်မအပေါ် ဒေါသက မပြေသေးတော့ ဆိုင်ကယ်ကို ခါတိုင်းထက် ပိုပြီး မြန်မြန်စီးလာသတဲ့။ 

       အဲ့ဒီ ဈေးလေးအောက်နားက အကွေ့မှာ တဖက်က အရှိန်ခပ်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ထော်လာဂျီနဲ့ သူ့ဆိုင်ကယ် ဝင်တိုက်မိပြီး၊ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်ကွဲ့။ 

        ဆွတ်ရိန်ပန်ဟာ ကပွဲကို ရောက်ချင်ဇောနဲ့ အကွေ့ကို အရှိန်မလျော့ဘဲ မောင်းခဲ့တာ သိပ်မှားတယ်။ သူက  ကပွဲကိုပဲ စိတ်ရောက်နေတာလေ။ သူ့ကြောင့် တခြားသူတွေ စောင့်နေရမှာကို အားနာစိုးရွံနေရှာတယ်။ 

       တကယ်တော့ ဆွတ်ရိန်ပန်ဟာ  ကားနဲ့တိုက်ပြီးလို့ သူ သေသွားတာကို  မသိသေးဘူး။ ဒါကြောင့် သူဟာ ကပွဲခန်းမရှိတဲ့ ဟောဒီ ဘုရားကျောင်းထဲကို အကြိမ်ကြိမ်အခါခါ လာဖို့ ကြိုးစားနေတာပဲပေါ့။ 

        ဒါပေမဲ့ ဘဝခြားသွားတဲ့သူ့ကို မြင့်မြတ်တဲ့ ဘုရားကျောင်းက ဝင်ခွင့်မပြုတော့ဘူးလေ။ သူက ဒါကို မသိရှာဘူး။ ဒါကြောင့် သူ တယောက်ယောက်က လိုက်ပို့ပေးရင် ကပွဲခန်းမကို ရောက်မှာပဲလို့ ထင်မှတ်နေရှာပုံပဲ။ 

       အခု  သမီးအိအိဖြိုးအနောက်ကို လိုက်ပြီး နှောက်ယှက်နေတယ်ဆိုတာက၊ သမီးက ဘုရားကျောင်းအရှေ့က အမြဲ ဖြတ်သွားတတ်တာကို သူက မြင်ထားလို့ပဲ ဖြစ်လိမ့်မယ်။ 

     အမှန်တော့  နှောက်ယှက်တယ်ဆိုတာထက်၊ သူ သွားချင်တဲ့ ကပွဲခန်းမဆီကို လိုက်ပို့ပေးဖို့ ပြောချင်ဟန်တူပါတယ်။ 

       သမီးကိုပဲ သူက မြင်ဖူးရုံမကဘူး။ သမီးအိအိဖြိုးရဲ့  သမီးငယ်ကိုလဲ သူ မြင်ဖူးတွေ့ဖူးထားပုံရတယ်။ ဒါကြောင့် သူက ' ငါ့ကို လိုက်မပို့ရင် နင့်သမီး အသက်ကို နုတ်ယူမယ် ' လို့ ခြိမ်းခြောက်တာဖြစ်လိမ့်မယ် ... "

     အိအိဖြိုး စဥ်းစားသည်။ တခါက ဘုရားကျောင်းထဲမှာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တုန်းက သမီးငယ် ဇင်သူထက်သည် မြက်ခင်းပြင်ပေါ် ပြေးလွှား ဆော့ကစားနေစဥ် ၊ ကချင်မလေးတဦးနဲ့ ဝင်တိုက်မိပြီး လဲကျဖူးသည်။ လဲကျသွားသည့်နေရာသို့ မအိအိဖြိုး ရောက်သွားသည့်အခါ ထိုကချင်မလေးက သမီးလေးအား ပျာပျာသလဲ ထူမပေးပြီး ဘယ်နာသွားသေးတုန်းဟု ကြင်ကြင်နာနာ မေးနေရှာသည်။ 

      သမီးလေး ဇင်သူထက်က ဘာမှ မဖြစ်ပါဘူးဟု ဆိုသည့်အခါ၊ ကချင်မလေးက ပြုံးပြုံးရွှင်ရွှင်နှင့် သူမအိတ်ထောင်ထဲက သကြားလုံးများကို ထုတ်ပေးရင်း ဇင်သူထက်၏ ချစ်စရာကောင်းသော ပါးဖောင်းဖေါင်းလေးကို ခပ်ဖွဖွလေး ဖျစ်ညှစ်လိုက်သေးသည်။ ပြီးနောက် မအိအိဖြိုးအား တောင်းပန်စကားဆို၍ ထွက်သွားခဲ့သည်။ 

      အဖြစ်အပျက်များက မအိအိဖြိုး မျက်လုံးထဲမှာ ရုပ်ရှင် အနှေးပြကွက်တခုလို ထင်ထင်ရှားရှား ပေါ်လာသည်။ ယခု သူမနောက်ကို လိုက်နေသော သရဲမမှာ ထိုကချင်မလေးသာ ဖြစ်လိမ့်ဟု သူမ တွေးလိုက်မိသည်။ 

     မအိအိဖြိုးသည် သင်းအုပ်ဆရာတော်အား အားကိုတကြီး ကြည့်၍ ...

   " ဒီလိုဆို  သမီး ဘာဆက်လုပ်ရမလဲ ဆရာတော် "

     သင်းအုပ်ဆရာတော်က လေးလေးနက်နက် စဥ်းစားပြီးနောက်၊

    " သူ သေပြီဆိုတာကို သိအောင် အရင်လုပ်ရမှာပေါ့ ။ သူ သိသွားပြီ ဆိုတော့မှ သူ့အတွက် ဝတ်ပြုဆုတောင်းပေးကြရုံပဲ သမီးရေ ။ ဒါဆိုရင် သူ  ကောင်းမွန်ရာ ဘုံဘဝကို ကူးပြောင်းနိုင်မှာပါ "

       ဆရာတော်က မအိအိဖြိုးအား ဆွတ်ရိန်ပန်၏ ဝိဉာဥ်ကို ငြိမ်းချမ်းအောင် ကူညီပေးရန် အကြံပြု တိုက်တွန်းလိုက်သည်။ 

       မအိအိဖြိုးမှာ သင်းအုပ်ဆရာတော်၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်မှတပါး အခြားနည်း မရှိချေ။ ထို့ကြောင့် သူမ သဘောတူလိုက်လေ၏။

             _____________

အခန်း(၆)

     "ဝု အု အူး "

     "အူး  အူး  ဝူး "

      ခွေးအူသံရှည်ကြီးက မအိအိဖြိုး ရင်ကို ပို၍ တုန်လှုပ်ချောက်ချားနေစေသည်။ ဆိုင်ကယ်ရှေ့မီးရောင် ကျရာ လမ်းမထက်ကလွဲ၍ လမ်းဘေးဝဲယာမှာ မည်းမှောင်နေသည်။ 

       တပ်ကုန်းဈေးအလွန်က အကွေ့လေး ရောက်သည့်အခါ မအိအိဖြိုးသည် ဆိုင်ကယ်ကို တမင် အရှိန်လျော့ မောင်းနှင်လိုက်သည်။ ဒီအကွေ့မှာ ကချင်မလေး ဆွတ်ရိန်ပန် ကားအက်ဆီးဒင့်ဖြင့်ပြီး ဆုံးပါးသွားခဲ့သည်မဟုတ်လား။ 

  "  ချွမ် ... ချွမ် ...ချွမ်   "

      မအိအိဖြိုး နားထဲ ငွေမောင်းသံလေးတွေ စကြားလိုက်ရပါပြီ။မအိအိဖြိုး အနောက်က ပြေးလိုက်လာသော အသံ 'တဖတ်ဖတ်'ကလည်း ထိုငွေမောင်းသံနဲ့အတူ ကပ်ပါလာ၏။

      မအိအိဖြိုး ဘရိတ်ကို နင်းလိုက်သည်။ ဆိုင်ကယ်က ရပ်သွား၏။ ဟူးခနဲ လေအေးအေးက သူမကို ဝေ့ဝဲနေသည်။ ကြက်သီးဖျန်းဖျန်းထကာ ကျောရိုးတလျောက် အေးစိမ့်သွားသည်။ သို့ပေမယ့် မအိအိဖြိုးသည် သင်းအုပ်ဆရာတော် မှာလိုက်သည့်အတိုင်း ...

    " ငါ  မင်းကို ကပွဲခန်းမ လိုက်ပို့ပေးပါ့မယ်။ လိုက်ပို့ပေးပြီးရင်၊ မင်း ငါ့ကို ထပ်မနှောက်ယှက်ရတော့ဘူးနော်။ ကဲ ... ငါ့ဆိုင်ကယ်ပေါ် တက် "

    " ဖလပ်  ဖလပ် "

      ခြေသံကို နီးကပ်စွာ ကြားလိုက်ရပြီး၊ သူမ၏ ဆိုင်ကယ်နောက်ခုံပေါ် လူတယောက် တက်ထိုင်လိုက်သလို အိခနဲ နိမ့်သွားသည်။ 

      ထိုအခိုက်အတန့်လေးမှာ မအိအိဖြိုးခမျာ ထွက်ပြေးချင်လောက်အောင် ကြောက်စိတ်တွေ မွှန်ထူသွားခဲ့သည်။ သို့သော် သင်းအုပ်ဆရာတော်က ' ငါ့သမီး  မကြောက်နဲ့ ။ သူက မင်းကို လုံးဝ ဒုက္ခပေးမှာ မဟုတ်ဘူးဆိုတာ ဆရာတော် အာမခံပါတယ် ' ဟူသော စကားကို သတိရ၍သာ တော်တော့သည်။ 

      မအိအိဖြိုးသည် ဆိုင်ကယ်ကို ထိုနေရာမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ ဆိုင်ကယ်မှာ နှစ်ယောက်စီးနေရသကဲ့သို့ ဂီယာကို ချိန်းနေရသည်။ 

     မကြာပါ  ကပွဲခန်းမရှိသော ခရစ်စယာန်ဘုရားကျောင်းရှေ့သို့ ရောက်လာခဲ့သည်။ မအိအိဖြိုးက ကျောင်းဝင်းထဲသို့ ဆိုင်ကယ်ကို မောင်းအဝင်မှာ သူ့အနောက်က အထုပ်တခု ပြုတ်ကျသလို ဘုတ်ခနဲ မြည်သံ ထွက်ပေါ်သွားသည်။ 

      ဆိုင်ကယ်ကို ဘေးထိုးရပ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။ မအိအိဖြိုးကတော့ ဘာကိုမှ မတွေ့ရချေ။ 

      သို့သော် မအိအိဖြိုးအား အသင့် စောင့်ဆိုင်းနေသော သင်းအုပ်ဆရာတော်က အုတ်တံတိုင်းအကွယ်မှ ထွက်လာပြီး  ကျောင်းအဝင်ပေါက် လမ်းပေါ်ကို ကြည့်လျက်...

    " ချစ်သမီး ဆွတ်ရိန်ပန် ... သင်ဟာ  လွန်ခဲ့သော လေးလက ကားတိုက်ခံရပြီး ကွယ်လွန်သေဆုံးပြီး ဖြစ်တယ်။

     ဒါကြောင့် သင့်အား ဤမြင့်မြတ်သော ဘုရားကျောင်းမြေသို့ အဝင်မခံခြင်းဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား သတိချပ်လော့ ၊ သင်ဟာ  ဘုရားကျောင်းနှင့် မသက်ဆိုင်တော့ပါ ၊ သင့်အတွက် တမလွန်၌ ကောင်းမွန်ရာ ဘုံဘဝ ရောက်အောင် ကျွန်ုပ်နှင့် သင့်မိသားစုမှ  ကောင်းမွန်စွာ ဝတ်ပြုဆုတောင်းပေးပါ့မယ် "

      မအိအိဖြိုးမှာ အကောင်အထည် မမြင်ရသော်လည်း သင်းအုပ်ဆရာတော်က ဆွတ်ရိန်ပန်အား ပြောနေခြင်း ဖြစ်မည်ဟု ရိပ်စားမိလေ၏။ 

     မအိအိဖြိုး  နားထဲမှာတော့ ငိုရှိုက်သံ ခပ်သဲ့သဲ့ ကြားလိုက်ရပါသည်။ ထိုအသံသည် လမ်းပေါ်မှ လာသည်ဟု ထင်မှတ်ရသည်။ 

     သေချာစေရန်၊ မအိအိဖြိုးသည် ကျောင်းဝင်း အပြင်သို့ ထွက်လာခဲ့လိုက်သည်။ထိုအခါ ငိုရှိုက်သံသည် တိတ်သွားပြန်၏။

      သင်းအုပ်ဆရာတော် နားချသောကြောင့် ဆွတ်ရိန်ပန်သည် သူမကိုယ် သူမ သေလွန်ပြီး၍  ဝိဉာဥ်ဘဝသို့ ရောက်နေမှန်း သိရှိသွားလေသည်။ 

      ထို့ကြောင့်လား မသိ။ မအိအိဖြိုးအား ကျေးဇူးတင်စွာ၊ နောက်ဆုံး နှုတ်ဆက်သည့်အနေဖြင့် လေနုအေးလေးဖြင့် ပွတ်သပ်ပွေ့ဖက်သွားသည်။

     မအိအိဖြိုးမှာ တကိုယ်လုံး အေးမြသွားလေသည်။ မအိအိဖြိုးက ...

    " ကဲ ... ကောင်းမွန်ရာ ဘုံဘဝကို အမြန်ဆုံး ရောက်ရှိပါစေလို့ ၊ အစ်မလဲ ကူပြီး ဆုတောင်းပါတယ်။ငါ့ညီမလေး တမလွန်ဘဝမှာ   အေးငြိမ်းချမ်းသာပါစေကွယ် "

       ဆွတ်ရိန်ပန်ရဲ့ ဝိဉာဥ် ထွက်ခွါသွားရာ လမ်းတလျောက်မှာတော့ ခွေးများက လွမ်းလွမ်းဆွေးဆွေး ငြီးလိုက်သလားပဲ။ စွဲစွဲငင်ငင်နဲ့ အူဟစ်လိုက်ကြတာများဆို ... ကျန်နေရစ်သူ မအိအိဖြိုးတောင် မျက်ရည်ဝဲကျန်နေခဲ့ရှာလေတော့သတည်း။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

၈၊၄၊၂၀၂၃

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ




Some text some message..