ကြောင်နက်ရှင်ခင်ခင် - အပိုင်း(၁)
lotaya.mpt.com.mm
|
2023-05-05

အပိုင်း(၁)

ယခုဇာတ်လမ်းပါအဖြစ်အပျက်များ၊ အဖွဲ့အစည်းများနှင့် မှုခင်းများသည် စိတ်ကူးယဉ်သက်သက်ဖြင့်သာရေးသားထားခြင်းဖြစ်ပြီး ပြင်ပလောကမှအကြောင်းအရာများ တူညီမှုများရှိပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(ယခုဇာတ်လမ်းတွင် သွေးထွက်သံယိုခန်းများ၊ အပြင်းအထန်ထိခိုက်နာကျင်မှုများနှင့် ကြမ်းတမ်းသည့်စကားလုံးအသုံးအနှုန်းတစ်ချို့ပါဝင်သည်)

(၁)

အလွန်ကျဉ်းမြောင်းလှသည့် အခန်းကလေးထဲတွင် မိန်းကလေးငယ်များကို ပိတ်လှောင်ထားလေသည်။ အခန်းဟုခေါ်သော်လည်း ပုံစံကြည့်ရသည်က အကျဉ်းထောင်တစ်ခုနှင့်ပင် ဆင်တူနေသည်။ အခန်းလေးဖက်လေးတန်လုံးကို သံပြားများဖြင့်ကာရံထားပြီးနောက် ထိုအခန်းသို့ဝင်ထွက်ရန်အတွက် သံပြားဖြင့်ပြုလုပ်ထားသည့် တံခါးတစ်ခုသာရှိသည်။ ထိုတံခါးကိုလဲ အပြင်မှသော့ခတ်ထားသည်။ ဆယ့်နှစ်ပေခန့်မြင့်သည့် မျက်နှာကျက်ပေါ်တွင် ဖောက်ထားသည့် အပေါက်ကလေးများမှ ပြင်ပနေရောင်က ဖြာကျနေသည်။

ထိုအခန်းအတွင်းတွင်တော့ မိန်းကလေးများကို ချုပ်နှောင်ထားသည်။ မိန်းကလေးအားလုံးလိုလိုမှာ အသက်ငယ်ရွယ်ပြီး နုပျိုချောမောလှပသည့် မိန်းကလေးများဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ နုနယ်လှသည့် အသားအရေပေါ်တွင်တော့ နှိပ်စက်ရိုက်ပုတ်ထားသည့် အမာရွတ်များနှင့် အရှိုးရာများကို အတိုင်းသားတွေ့ရသည်။

"အင့်၊ ဟင့်၊ ဟီး အိမ်ပြန်ချင်တယ်"

အချို့မိန်းကလေးများက ထိုင်လျှက်ငိုကြွေးနေကြသလို အချို့မိန်းကလေးများကတော့ သူတို့အဖို့လွတ်မြောက်ရန် လမ်းမရှိတော့သည့်သယောင်နှင့် စိတ်ပျက်လက်ပျက်ဖြစ်လျှက် ငြိမ်သက်စွာလဲလျောင်းနေကြသည်။

"ဂျိန်း"

အမြဲတမ်းပိတ်ထားသည့် သံတံခါးကြီးက ပွင့်သွားသည်။ ပြင်ပမှ စူးရှသည့်အလင်းရောင်များဝင်ရောက်လာသဖြင့် အမှောင်ထုအတွင်းနေထိုင်ရသည့် မိန်းကလေးများအဖို့ မျက်လုံးများကြိမ်းစပ်သွားကြသည်။ ထိုတံခါးပွင့်သွားပြီးသည့်အခါ အလွန်ကိုယ်လုံးကိုယ်ပေါက်လှပြီး ချောမောလှပသည့် မိန်းမတစ်ဦးဝင်လာသည်။ ထိုမိန်းမ၏ နောက်တွင် မောင်းပြန်သေနတ်များကို ကိုင်ဆောင်ထားသည့် လူနှစ်ဦးလဲ အတူတူလိုက်ဝင်လာသည်။ 

"အံမယ် မင်းတို့က ရုပ်ရည်မဆိုးဘူးပဲ၊ ကဲ မင်းတို့သွားရမယ့်အချိန်တန်ပြီ"

ထိုမိန်းမကပြောဆိုပြီးသည့်အခါ မိန်းကလေးတစ်ဦးက မတ်တပ်ရပ်လိုက်သည်။ 

"ရှင်တို့ ကျွန်မတို့ကို ဘာလုပ်ကြမလို့လဲ"

ထိုအခါ အခန်းအတွင်းဝင်လာသည့် မိန်းမလှက ဟန်ပါပါနှင့်စီးကရက်တစ်လိပ်ကိုထုတ်လိုက်ပြီး နှုတ်ခမ်းနီရဲရဲဆိုးထားသည့် သူ့နှုတ်ခမ်းတွင် ဆေးလိပ်ကိုဖွဖွလေးကိုက်လိုက်သည်။ 

"ဟင်း၊ ဟင်း၊ မင်းတို့လိုအလှပဂေးလေးတွေကို ဒီနိုင်ငံမှာ မထားတော့ဘူးလေ၊ မင်းတို့ကို အရမ်းခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးကိုပို့ပေးမယ်၊ ဟိုရောက်ရင် မင်းတို့လှလှပပ ကျော့ကျော့မော့မော့ကလေးဝတ်စားရမယ်၊ ပြီးတော့ လောကီစည်းစိမ်တွေကိုလဲ တ၀ကြီးကို ခံစားရကြအုံးမှာပါ၊ ဟင်း၊ ဟင်း"

ထိုမိန်းမက ပြောပြီးသည်နှင့် သေနတ်ကိုင်ထားသည့် လူနှစ်ယောက်အနက်မှတစ်ယောက်က မီးခြစ်တစ်ခုကိုခြစ်လိုက်ပြီး ထိုမိန်းမပါးစပ်တွင်ရှိနေသည့် စီးကရက်ကို မီးညှိပေးလိုက်သည်။ မတ်တပ်ထရပ်လိုက်သော မိန်းမငယ်ကလေးက ထိုမိန်းမပြောသည့်စကားကိုကြားသည့်အခါ တုန်လှုပ်နေသည်။

"လွှတ်ပေး၊ ကျေးဇူးပြုပြီး ကျွန်မကိုပြန်လွှတ်ပေးပါရှင်၊ ကျွန်မအဖေ ကျွန်မကိုအရမ်းစိတ်ပူနေရှာတော့မယ်"

ထိုမိန်းကလေးက အားယူပြီးပြောလိုက်သော်လည်း သူ့ဒူးခေါင်းတွေက ကြောက်ရွံ့လွန်းလှသဖြင့် တုန်ယင်နေသည်။ ထိုမိန်းမက စီးကရက်ကို လက်နှစ်ချောင်းနှင့်ညှပ်လိုက်ပြီး မီးခိုးငွေ့များကို ဟန်ပါပါမှုတ်ထုတ်လိုက်သည်။

"မင်းတကယ်လွတ်ချင်တယ်ဆိုရင် ဘာလို့မပြေးတာလဲ"

ထိုမိန်းကလေးက အတော်ကြာစဉ်းစားနေသေးသည်။ ထိုအခါ ထိုမိန်းမကတံခါး၀နံဘေးတွင် မတ်တပ်ရပ်လိုက်ပြီးနောက်

"အခုငါစိတ်ကောင်းဝင်နေတယ်၊ မင်းပြေးမယ်ဆိုရင် မြန်မြန်ပြေးတော့"

ထိုမိန်းကလေးလဲ သတိဝင်သွားပြီးသည့်နောက် သံတံခါးဆီသို့တစ်ဟုန်ထိုးပြေးလေသည်။ ထိုမိန်းမနှင့် သေနတ်ကိုင်ထားသည့် လူနှစ်ယောက်လဲ တံခါးဘေးနားသို့ရှောင်လိုက်သည့်အချိန်တွင် ထိုမိန်းကလေးက တံခါးအပြင်ဘက်သို့ပြေးထွက်သွားသည်။ ထိုအဖြစ်ကို အခန်းထဲမှ မိန်းကလေးများက အံ့အားသင့်စွာဖြင့် ငေးမောကြည့်နေကြသည်။ အခန်းထဲမှ မိန်းကလေးများကို ထိုမိန်းမက တစ်ချက်ကြည့်လိုက်ပြီး

""ကဲ မင်းတို့ထဲကရော ဘယ်သူပြေးချင်သေးလဲ၊ ပြေးချင်ရင် အခုအချိန်ပြေးထားနော်၊ သင်္ဘောပေါ်ရောက်ရင် ရေထဲကူးဆင်းပြေးဖို့မလွယ်ဘူး"

ထိုမိန်းမပြောစကားကြောင့် အခန်းထဲမှ မိန်းကလေးတော်တော်များများက မတ်တပ်ရပ်လိုက်ကြသည်။ ထိုအခါ ထိုမိန်းမက သူ့လက်ထဲမှ စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ဒေါက်ဖိနပ်ထိပ်ချွန်ဖြင့် နင်းချေလိုက်လေသည်။ ပြီးနောက် သူ့လက်ဝါးကိုဖြန့်လိုက်သည့်အခါ သေနတ်ကိုင်ထားသည့် လူတစ်ယောက်က စတီးရောင်ပြောင်လက်နေသည့် ခြောက်လုံးပြူးသေနတ်ပြောင်းရှည်တစ်လက်ကို ထိုမိန်းမလက်ထဲသို့ ထည့်ပေးလိုက်သည်။ 

"ဖြစ်ပါ့မလား၊ သူက တော်တော်ဝေးဝေးကိုရောက်သွားပြီနော်"

ထိုမိန်းမကပြုံးလိုက်ပြီး

"မင်းငါ့နာမည်ကို မေ့နေပြီလား"

ထို့နောက် ချက်ချင်းပင် တစ်ဖက်သို့လှည့်လိုက်ပြီး လက်ကိုဆန့်တန်းလိုက်ကာ သံတံခါးအပြင်ဘက်သို့ သေနတ်ဖြင့်ထိုးချိန်လိုက်ပြီး ခပ်မြန်မြန်ပစ်ချလိုက်သည်။

"ဒိုင်း"

ပြင်းထန်ကျယ်လောင်သည့် သေနတ်သံကြီးမှာ သူတို့သံအခန်းကြီးအတွင့် ပဲ့တင်ထပ်မျှ ကျယ်လောင်စွာထွက်ပေါ်လာသည်။ သေနတ်ကိုင်ထားသည့် လူနှစ်ယောက်မှာ အံ့ဩစွာနှင့် သံတံခါးအပြင်တစ်နေရာကို ကြည့်နေလေသည်။ ထိုမိန်းမက သေနတ်ကို လူတစ်ယောက်အားလှမ်းပေးလိုက်ရင်း

"ငါ့နာမည် ပစ်မလွဲခင်စိန်ပါဟ"

ထို့နောက် ထိုလူနှစ်ယောက်ကိုကြည့်ရင်း 

"ကောင်မလေးတွေကို အပြင်ထုတ်ခဲ့ကြဟေ့၊ သူတို့ကိုရေချိုးပေးရမယ်၊ သူတို့အားလုံးကို နံပါတ် (၈) လို့တပ်လိုက်ကြ"

ထိုမိန်းမအပြင်ထွက်သွားပြီးသည့်အခါ သေနတ်ကိုင်ထားသည့် ယောက်ျားခြောက်ယောက်ဝင်လာသည်။ သူတို့ကို သေနတ်နှင့်ချိန်ပြီးသည့်နောက် သံတံခါးအပြင်သို့ခေါ်ဆောင်သွားကြသည်။ သံအခန်းထဲတွင် တစ်ပတ်ခန့်နေခဲ့ရသည်မို့ ပြင်ပနေရောင်နှင့်တွေ့သည့်အခါ ပိုမိုလင်းလက်နေသည်ဟု စိတ်ထဲတွင်ထင်နေရသည်။ သူတို့ရောက်နေသည့် နေရာက သင်္ဘောကျင်းကြီးတစ်ခုလို နေရာဖြစ်သည်။ သံချေးတက်နေသည့် သင်္ဘောကြီးနှစ်စင်းက ဘေးတစ်ဖက်တစ်ချက်တွင်ရှိသည်။ လမ်းမကြီးတစ်ခုအတိုင်း လျှောက်လှမ်းလာကြရင်း လမ်းဘေးတွင် မိန်းကလေးတစ်ဦး လဲကျသေဆုံးနေသည်ကိုတွေ့ရသည်။ မှောက်လျှက်သားလဲကျနေသည့်ထိုမိန်းကလေး၏ ဦးခေါင်းမှ သွေးများနှင်းဦးနှောက်များက စီးကျနေသည်။ ထိုမိန်းကလေးမှာ ခုနက ပစ်မလွဲခင်စိန် ပစ်သတ်လိုက်သည့် မိန်းကလေးပင်ဖြစ်သည်။

အုတ်နံရံကြီးတစ်ခုနားအရောက်တွင် ဆိုဖာခုံကြီးတစ်လုံးကိုချထားပြီး ထိုအပေါ်တွင် ပုပု၀၀ဗိုက်ရွှဲရွှဲနှင့်လူကြီးတစ်ယောက် ထိုင်နေလေသည်။ သူ့ဘေးနားတွင် ပစ်မလွဲ ခင်စိန်လဲ မတ်တပ်ရပ်နေပြီး သေနတ်ကိုင်ထားသည့်လူအများအပြားလဲရှိသည်။ 

"ကဲ အားလုံးဒီအုတ်နံရံအနားမှာရပ်ကြစမ်း"

သေနတ်ကိုင်ထားသည့်လူတစ်ယောက်က အမိန့်ပေးသဖြင့် မိန်းကလေးများမှာ အုတ်နံရံအနီးတွင်ရပ်လိုက်သည်။

"နင်တို့ဝတ်ထားတဲ့ အဝတ်အစားတွေ အကုန်ချွတ်လိုက်ကြစမ်း"

"ရှင်"

"အို"

မိန်းကလေးများထံမှ ထိတ်လန့်တကြားရေရွတ်သံများထွက်ပေါ်လာသည်။ ယောက်ျားသား တစ်ဆယ့်ငါးယောက်လောက် ရပ်နေသည့် နေရာတွင် အဝတ်အစားများချွတ်ပစ်ရန်ဆိုသည်မှာ မိန်းမပျိုလေးများအတွက်တော့ မလွယ်ကူလှပေ။ ထိုအခါ ဆိုဖာခုံတွင်ထိုင်နေသည့် လူကြီးက သေနတ်တစ်လက်ကိုဆွဲယူလိုက်ပြီး မိုးပေါ်ထောင်ကာ အတွဲလိုက်ပစ်ခတ်လိုက်သည်။ 

"ဟေ့၊ မင်းတို့အဝတ်အစားချွတ်မလား၊ ဒါမှမဟုတ် မင်းတို့ကို ငါကိုယ်တိုင်ပစ်ရမလား"

မိန်းကလေးများ တုန်တုန်ယင်ယင်နှင့် ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ပစ်ကြသည်။ အရှက်ကြီးသော မိန်းကလေးများဖြစ်သောကြောင့် လက်များတုန်ယင်နေသလို မျက်နှာများလဲ ပူထူနေကြသည်။ သို့သော် ထိုပုပု၀၀လူကြီးကတော့ ကျေကျေနပ်နပ်ကြီးပြုံးလျှက် ထိုမိန်းကလေးများအလှကို သေသေချာချာကြည့်နေသည်။

"နင်တို့လက်တွေနဲ့အုပ်မထားကြနဲ့၊ ငါပစ်ထည့်လိုက်ရလို့ကွာ၊ ဟင်း"

ထိုလူကြီးက ကျေနပ်စွာကြည့်ပြီးသည့်နောက်

"အေး၊ ကောင်းတယ်၊ သူတို့ကို သန့်ရှင်းရေးလုပ်ပေးလိုက်ကြစမ်း၊ ပြီးရင်တော့ သူတို့လေးတွေရဲ့အရသာကို ငါကိုယ်တိုင် မြည်းစမ်းကြည့်ရတာပေါ့ကွာ၊ ဟား၊ ဟား"

ထိုသို့ရယ်မောရင်း ထိုင်ခုံမှထကာ သင်္ဘောကြီးတစ်ခုအတွင်းသို့ ဝင်သွားသည်။ သူ့နောက်မှ ပစ်မလွဲခင်စိန်က လိုက်ပါသွားလေသည်။ သူတို့ထသွားသည်နှင့် ယောက်ျားနှစ်ယောက်က မီးသတ်ပိုက်ကြီးယူလာကာ ထိုမိန်းကလေးများကို ရေနှင့်ပက်ကြလေသည်။

(၂)

သင်္ဘောပျက်ကြီးထဲတွင် အဲယားကွန်းများတပ်ဆင်ထားပြီး ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားသည့် အခန်းကြီးတစ်ခန်းအတွင်းတွင် ပစ်မလွှဲခင်စိန်နှင့် ဂျော်ကြီးတို့ထိုင်နေကြသည်။ ဂျော်ကြီးတို့မှာ မနူးမနပ်မိန်းကလေးငယ်ကလေးများကို ပစ်မှတ်ထားဖမ်းဆီးပြီးနောက် တစ်ဖက်နိုင်ငံများသို့လိင်ကျွန်များအဖြစ်ရောင်းချကြသည့် လူကုန်ကူးသည့်ဂိုဏ်းကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။ ဒုစရိုက်လောကတွင် ဂျော်ကြီးဟုပြောလိုက်လျှင် အတော်များများသိကြသည့် အမည်ရလူမိုက်ကြီးတစ်ယောက်ဖြစ်သည်။ 

"မင်းလုပ်လိုက်တာ ခုနကကောင်မလေးတစ်ယောက် သေသွားတယ်ဆိုကွ"

ဂျော်ကြီးက ပစ်မလွဲခင်စိန်အားပြောရင်း အရက်တစ်ခွက်ကို မော့သောက်ချလိုက်သည်။

"အို၊ ကျုပ်ဒီလိုလုပ်မှ ဒီကောင်မလေးတွေ ငြိမ်ငြိမ်နေမှာမဟုတ်လား၊ အခုဆိုရင် သူတို့စိတ်ထဲကြောက်စိတ်ဝင်သွားပြီ၊ သူတို့ခရီးလမ်းတစ်လျှောက် ကျုပ်တို့ကို အာမခံရဲတော့ဘူး၊ တစ်ယောက်နဲ့အများနဲ့ ရင်းလိုက်စမ်းပါ ဂျော်ကြီးရယ်"

ဂျော်ကြီးက သိပ်မကျေနပ်သော်လည်း ပစ်မလွဲခင်စိန် ပြောသည်ကို လက်ခံလိုက်သည်။ ပစ်မလွဲခင်စိန်ပြောတာလဲ နည်းလမ်းကျသည်။ ထို့အပြင် ပစ်မလွဲခင်စိန်နှင့်သူက စီးပွားဖက်တွေဖြစ်သည်။ ခင်စိန်က မိန်းကလေးငယ်လေးတွေကို အားကိုးအောင်၊ ယုံကြည်အောင် အယုံသွင်းပြီး ဖမ်းဆီးရသည့် တာဝန်ကို ယူထားသူမဟုတ်ပါလား။ 

သူတို့အခန်းထဲထိုင်နေစဉ် သူတို့လက်အောက်ခံလူတစ်ယောက်က အခန်းထဲကို ပြာပြာသလဲနှင့်ပြေးဝင်လာသည်။

"ဆရာ၊ ဟို၊ ဟို၊ ကောင်မလေးတစ်ယောက်ပျောက်သွားလို့"

ဂျော်ကြီးရော၊ ခင်စိန်ပါ အံ့အားသင့်သွားကြသည်။

"နင်တို့ရှိနေရဲ့သားနဲ့ သူကဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ"

"သူတို့ကိုရေချိုးပြီးတော့ သင်္ဘောထဲကို ခေါ်လာဖို့အလုပ်မှာ မျက်စိရှေ့တင် ပျောက်သွားတာပါပဲ မမလေး"

မိန်းကလေးတစ်ယောက်ထပ်ပျောက်သွားသဖြင့် ဂျော်ကြီးဒေါသထွက်သွားသည်။

"အသုံးမကျတဲ့ကောင်တွေ၊ ရှာကြစမ်း၊ သူဝေးဝေးပြေးနိုင်မှာမဟုတ်သေးဘူး၊ သူ့ကိုလိုက်ရှာကြ"

ထိုလူလဲအခန်းအပြင်သို့ပြေးထွက်သွားသည်။ ဂျော်ကြီးက ခင်စိန်ကိုကြည့်လိုက်ပြီးနောက်

"ခင်စိန်၊ မနက်က နင်တစ်ယောက်သတ်ခဲ့တယ်၊ အခုလဲတစ်ယောက်ပျောက်ပြန်ပြီ၊ ဒီတစ်ယောက်ကိုပြန်မတွေ့ရင်တော့ နင့်ဝေစုထဲက တစ်ယောက်စာ လျော်ရမယ်"

ခင်စိန်ကလဲ ဂျော်ကြီးကို မျက်စောင်းလှမ်းထိုးပြီး အခန်းထဲမှထွက်သွားသည်။ ဂျော်ကြီးလဲ စိတ်ညစ်ညစ်နှင့် ဆိုဖာခုံကြီးတွင် ထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ စားပွဲပေါ်တွင် တင်ထားသည့်ဖန်ခွက်အတွင်းသို့အကောင်းစားအရက်ပုလင်းတစ်လုံးထဲမှ အရက်များကိုငှဲ့ထည့်နေလိုက်သည်။ ထိုစဉ် သူ့ရှေ့မျက်နှာချင်းဆိုင် ဆိုဖာတွင် ကြောင်အနက်ကလေးတစ်ကောင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။

"ဘယ်ကကြောင်လဲ"

ဂျော်ကြီးလဲ သိပ်မတွေးတော့ဘဲ အရက်ခွက်ကိုမော့သောက်ချလိုက်သည်။ ကောင်မလေးတစ်ယောက်သေပြီ၊ တစ်ယောက်ကလဲ ပျောက်ပြီမို့ တွက်ချေမကိုက်တော့မည်ကို စိုးရိမ်နေသည်။ အရက်ခွက်ကိုသောက်ပြီး စားပွဲပေါ်ပြန်ချလိုက်သည့်အခါတွင် သူ့ရှေ့ဆိုဖာတွင် မိန်းကလေးတစ်ယောက်လှဲအိပ်နေသည်ကိုတွေ့လိုက်ရသဖြင့် ဂျော်ကြီးအလွန်အံ့ဩသွားရသည်။

""မင်း၊ မင်းဘယ်သူလဲ"

ဂျော်ကြီးစကားပင်မဆုံးလိုက်သေး၊ ထိုမိန်းကလေးက လျှင်မြန်စွာနှင့် ထလာပြီးသူ့အပေါ်ခုန်အုပ်လိုက်သည်။ ထို့နောက် ချွန်မြပြီးဝင်းလက်နေသည့် ဓါးမြှောင်ကလေးတစ်ချောင်းနှင့် သူ့လည်ပင်းကို ထောက်ထားပြီးဖြစ်သည်။

ထိုမိန်းကလေးမျက်လုံးများက စူးရှပြီးတောက်ပနေသလို ဒေါသပြင်းပြင်း အငြိုးကြီးကြီးဖြစ်နေပုံရသည်။ ဂျော်ကြီးလဲ လည်ပင်းကို ဓါးဖြင့်အထောက်ခံထားရသဖြင့် ဘာမှမတတ်နိုင်တော့ပေ။

"ရှင်အော်မယ်လို့ စိတ်မကူးနဲ့နော်"

"မင်း၊ မင်းဘာလိုချင်လို့လဲ၊ ဘယ်လောက်လိုချင်သလဲ"

ထိုမိန်းကလေးက ပြုံးလိုက်ပြီး

"ကျွန်မလိုချင်တာ ငွေမဟုတ်ဘူး"

"ဒါဖြင့်ရင် မင်းကဘာလို့ ငါ့ကိုဓါးနဲ့ထောက်ထားရတာလဲ"

"ကျွန်မလူတစ်ယောက်အကြောင်းသိချင်တယ်"

"ဘယ်၊ ဘယ်သူလဲ၊ မင်းငါ့ကိုမသတ်ပါနဲ့၊ ငါသိတဲ့သူဆိုရင် သူ့အကြောင်းတွေမင်းကို အကုန်ပြောပြမယ်"

"မိုးသီးဘယ်မလဲ"

ထိုမိန်းကလေးစကားကြောင့် ဂျော်ကြီး ပုခုံးတွေတွန့်သွားသည်။ သူ့နှုတ်ခမ်းတွေက စကားတစ်ခုခုပြောချင်သလိုဖြစ်နေသည်။ သို့သော်လည်း ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်။ 

"ပြောလေ၊ ရှင်ပဲပြောပြမယ်ဆို"

"ငါ၊ ငါမသိဘူး"

ဂျော်ကြီး နဖူးမှ ချွေးတွေစီးကျလာသည်။ 

"ရှင်သိပါတယ်၊ ပြောစမ်းပါ၊ ကျွန်မစိတ်သိပ်မရှည်ဘူးနော်"

"ငါ၊ ငါတကယ်မသိလို့ပါ၊ သူနဲ့ငါနဲ့က တိုက်ရိုက်ဆက်ဆံတာမဟုတ်ဘူး၊ သူနဲ့ငါ့ရဲ့ကြားမှာ ကြားလူတစ်ယောက်ရှိသေးတယ်"

"ဒါဆိုအဲဒီကြားလူက ဘယ်သူလဲ"

"မြင်းမိုရ်မောင်အေး"

ထိုမိန်းကလေးက မျက်လုံးများကို မှေးစင်းပြီး ဂျော်ကြီးမျက်နှာကို သေချာစိုက်ကြည့်နေသဖြင့် ဂျော်ကြီးလဲ မနေတတ်တော့ပေ။

"မြင်းမိုရ်မောင်အေးဆိုတာ မြို့ထဲမှာ မြင်းမိုရ်ဟိုတယ်ဖွင့်ထားတဲ့ သူဌေးပေါ့၊ တကယ်ကတော့ ဟိုတယ်က သူပိုင်တာမဟုတ်ဘူး၊ ဒုစရိုက်ဂိုဏ်းသမားတွေ ပိုင်တဲ့ပိုက်ဆံတွေနဲ့ သူက လည်ပတ်နေတာပေါ့"

"ရှင်သေချာလား၊ သူမိုးသီးကို သိမယ်ဆိုတာကို ရှင်သေချာလား"

ဂျော်ကြီးလဲ ကတုန်ကယင်နှင့်

"သေ၊ သေချာပါတယ်၊ မြင်းမိုရ်မောင်အေးဆိုရင် ဒုစရိုက်လောကမှာ မသိသူမရှိသလောက်ပဲ၊ သူကတော့ သိမှာသေချာတယ်၊ ငါသိတာ ဒါအကုန်ပါပဲကွာ၊ ငါ့ကိုမသတ်ပါနဲ့"

ထိုမိန်းကလေးက ခေါင်းကိုဆတ်ခနဲညိတ်လိုက်ပြီး ဂျော်ကြီးလည်ပင်းတွင်တင်ထားသည့် ဓါးမြှောင်ကလေးကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဂျော်ကြီး၏ ပေါင်ခွကြားထဲသို့ ဓါးမြှောင်ကလေးကို စိုက်ချလိုက်ပြီးနောက် လေးငါးချက်ခန့်မွှေ့ထည့်လိုက်သည်။ ဂျော်ကြီးလဲ အသံကုန်ဟစ်အော်လေသည်။

"ကျွန်မကတိအတိုင်းရှင့်ကိုမသတ်ဘူး၊ ဒါပေမယ့် ရှင်မိန်းကလေးပေါင်းများစွာကို မဟုတ်တာလုပ်ခဲ့တဲ့အပြစ်အတွက် ရှင်ပြန်ပေးဆပ်ရမယ်"

ဂျော်ကြီးမှာ ပေါင်ခွကြားကိုလက်နှစ်ဖက်နှင့်ဖိထားပြီး အော်ဟစ်နေသည်။ ထိုနေရာမှာ သွေးတွေကပန်းထွက်နေသည်။

"ဘယ်လိုလဲဂျော်ကြီးရဲ့၊ မိန်းမတွေကို မုန့်တစ်ခုလို မြည်းစမ်းစားသောက်တတ်တဲ့သူက အခုတော့ ကျန်တဲ့ဘ၀တစ်လျှောက်လုံးကို ဟိုဟာမပါဘဲ ဖြတ်သန်းရတော့မယ်၊ ဟား၊ ဟား"

"မင်း၊ မင်း"

"အခုမှပဲ နာမည်နဲ့လိုက်သွားမှာ ဂျော်ကြီးဆိုတဲ့အတိုင်း အခြောက်ကြီးဖြစ်သွားတော့မှာ"

ထိုအချိန်မှာပင်အခန်းတံခါးပွင့်သွားပြီး ပစ်မလွဲခင်စိန်ပြေးဝင်လာသည်။ ဂျော်ကြီးအဖြစ်ကိုတစ်ချက်ကြည့်ပြီး အံ့အားသင့်သွားပုံရသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် အတွဲလိုက်ပစ်ခတ်နိုင်သည့် သေနတ်အငယ်စားကလေးနှင့် ထိုမိန်းကလေးကို အတွဲလိုက်ပစ်ခတ်လိုက်သည်။ ထိုမိန်းကလေးကလဲ ခုန်ပြီးရှောင်လိုက်သည်။

"ဒက်၊ ဒက်၊ ဒက်"

ပစ်မလွဲခင်စိန်မှာ သူ့မျက်လုံးပင် သူမယုံနိုင်အောင်အံ့အားသင့်နေမိသည်။ သူ့လက်ထဲက သေနတ်ငယ်ကလေးမှာ ကျည်ဆန်ကုန်သွားသဖြင့် တချက်ချက်နှင့်မြည်နေသည်။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး"

ထိုမိန်းကလေးမှာ လေပေါ်ခုန်ပြီးကျွမ်းထိုးလိုက်ချိန်တွင် ကြောင်အနက်ရောင်ကလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျည်ဆန်များကို ခုန်ပျံကျော်လွှားကာ ရှောင်တိမ်းပြီးသည့်နောက် ကြမ်းပြင်ပေါ်ပြန်အကျတွင်တော့ မိန်းကလေးတစ်ဦးအဖြစ်ပြန်လည်ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

"ရှင့်နာမည် ပစ်မလွဲခင်စိန်ဆို၊ အခုတော့ ပစ်တိုင်းလွဲခင်စိန်လို့ နာမည်ပြောင်းရတော့မယ်"

ထိုမိန်းကလေးက ဓါးမြှောင်ကလေးဖြင့် ခင်စိန်အား အတင်းဝင်ရောက်တိုက်ခိုက်တော့သည်။ ခင်စိန်ကလဲ ခေသူတော့မဟုတ်ပေ။ သေနတ်ပစ်ခတ်ရာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သလို ကိုယ်ခံပညာတွင်လဲ တစ်ယောက်တည်းနှင့် ယောက်ျားသားကြီး လေးယောက်လောက်ကို မှောက်သွားအောင် တိုက်ခိုက်နိုင်သူဖြစ်သည်။

အခန်းထဲတွင် ခင်စိန်နှင့် ထိုမိန်းကလေးတို့ တိုက်ခိုက်ကြရာ ဗြောင်းဆန်နေတော့သည်။ သာမန်သိုင်းပညာ၊ ကိုယ်ခံပညာတတ်မြောက်သူလောက်ဆိုလျှင် ခင်စိန်က လှဲသိပ်နိုင်သော်လည်း ယခုမိန်းကလေးကတော့ အလွန်ပေါ့ပါးပြီး မြန်ဆန်စွာတိုက်ခိုက်နိုင်သဖြင့် မကြာခင် ခင်စိန်တစ်ယောက်ပင်ပန်းလာသည်။ ထိုမိန်းကလေးကို တိုက်ခိုက်ရင်းဟာကွက်တစ်ချို့ဖြစ်ပေါ်သွားရာ ထိုမိန်းကလေးကလဲ အခွင့်ကောင်းကိုစောင့်ပြီး ဟာကွက်ကို တိုက်ခိုက်လိုက်သဖြင့် ခင်စိန်အခြေအနေမဟန်တော့ပေ။

တစ်ချီတွင်တော့ လက်သီးထိုးရာတွင် အားလွန်သွားသည့် ခင်စိန်အား ထိုမိန်းကလေးက လေပေါ်တွင်တစ်ပတ်ကျွမ်းထိုးကာ ခင်စိန်နောက်သို့ခုန်ဝင်လိုက်ပြီး ခင်စိန်၏ကျောကုန်းကို ကန်ခံလိုက်ရသည်။ လေးငါးချီတိုက်ပြီးသည့်အခါ အထိနာနေသည့် ခင်စိန်မှာ မှောက်လျှက်လဲကျသွားသည်။ ခင်စိန်ပြန်ထဖို့ အားမရှိတော့ပေ။

"မင်း၊ မင်းဘယ်သူလဲ"

ထိုမိန်းကလေးက ခင်စိန်အနားသို့လျှင်မြန်စွာရောက်လာပြီး ခင်စိန်၏ ညာဖက်လက်မောင်းကိုဆွဲကာ ချိုးချလိုက်သည်။ ထို့နောက် ခင်စိန်၏ ညာဘက်လက်ချောင်းကလေးများကို ဓါးမြှောင်ကလေးဖြင့် ဖြတ်ထုတ်လိုက်လေသည်။ ခင်စိန်၏ အော်သံကြီးက ကြောက်ခမန်းလိလိထွက်ပေါ်လာသည်။

"ရှင်လဲ ဒီနေ့ကစပြီးတော့ ပစ်မလွဲခင်စိန်မဟုတ်တော့ဘူး၊ ရှင့်သေနတ်ပစ်တဲ့လက်ကို ရှင်ဆုံးရှုံးခဲ့ရပြီ"

ထိုသို့ပြောနေစဉ် သူတို့အခန်းဆီသို့ လူများပြေးတက်လာသည်ကိုကြားလိုက်ရသည်။ ထိုလူများအခန်းအတွင်းသို့ရောက်လာသည့်အခါ ဆိုဖာခုံပေါ်တွင်ထိုင်ကာ အော်ဟစ်နေသည့် ဂျော်ကြီးနှင့် လက်ချောင်းကလေးများပြတ်နေပြီး လဲကျနေသည့် ခင်စိန်ကိုတွေ့လိုက်ရသည်။ ခင်စိန်က ထိုလူများဘက်သို့ကြည့်ရင်း

"ငတုံးကောင်တွေ၊ ဟိုက ပြတင်းပေါက်ကနေပြေးပြီ"

သေနတ်ကိုင်ထားသည့်လူများမှာ သင်္ဘောအခန်းကြီး၏ ပြတင်းပေါက်ဆီသို့ပြေးကြည့်ကြသည်။ တစ်ပေပတ်လည်အချင်းရှိမည့် သင်္ဘောပြတင်းပေါက်အဝိုင်းမှာ တံခါးပွင့်နေသည်ကိုတွေ့ရသည်။

"မမလေး ဘယ်သူက ဒီလိုအပေါက်ထဲကနေ ထွက်ပြေးနိုင်မှာလဲ"

"အဲဒါလူမဟုတ်ဘူး၊ သူက ကြောင်ဟ"

ထိုလူများက ခင်စိန်ပြောသည့်စကားများအား နားမလည်သလိုနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။

ကုန်တွဲအမှတ်(၈)

ကွန်တိန်နာကြီးတစ်ခု၏ တံခါးတွင် ဆေးအဝါများဖြင့် ထိုသို့ရေးသားထားလေသည်။ မကြာခင် ကွန်တိန်နာတံခါးပွင့်သွားပြီးနောက် မိန်းကလေးတစ်ယောက်ဝင်လာသည်။

"မင်းတို့တွေသွားလို့ရပြီ၊ ဟိုလူတစ်ချို့တော့ ငါရှင်းလိုက်ပြီ"

ထိုအခါ မိန်းကလေးများက ကွန်တိန်နာထဲမှ အပြေးထွက်သွားကြသည်။ ကွန်တိန်နာအနီးတွင် သေနတ်ကိုင်အစောင့်နှစ်ယောက်က လဲကျနေသည်။ သူတို့လည်ပင်းတွင် ပြတ်ရှဒဏ်ရာကြီးများရှိပြီး သွေးတွေပန်းထွက်ကာ အိုင်ထွန်းနေသည်။

 မိန်းကလေးတစ်ယောက်ကတော့ မပြေးသေးဘဲ ကွန်တိန်နာတံခါးကို လာဖွင့်ပေးသည့် မိန်းကလေးအနားသို့ တိုးကပ်သွားသည်။ 

"ကျွန်၊ ကျွန်မတို့ကိုလွှတ်ပေးတာ ကျေးဇူးတင်ပါတယ်"

ထိုမိန်းကလေးက အနက်ရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး မျက်လုံးတွေက စူးစူးရဲရဲတောက်ပေနေသည်။

"မင်းငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊ မင်းကံကောင်းလို့ လွတ်သွားတာပေါ့၊ နောက်ဆိုရင် လူတွေကို လွယ်လွယ်မယုံပါနဲ့"

"ဒါပေမယ့်၊ ကျွန်မကို ကယ်တင်ခဲ့တဲ့ ဒီကလူစွမ်းကောင်းရဲ့နာမည်ကို သိလို့ရမလား"

ထိုမိန်းကလေးက ပါးချိုင့်ကလေးများပေါ်အောင်ပြုံးလိုက်ပြီး

"ငါ့နာမည်ခင်ခင်၊ ကြောင်နက်ရှင်ခင်ခင်"

"ဒါပေမယ့် ငါက လူကောင်းမဟုတ်ဘူး၊ ငါက လူဆိုး၊ လူဆိုးတွေထက်ဆိုးတဲ့ လူဆိုး၊ ဟား၊ ဟား"

ရယ်မောနေသည့် ခင်ခင်ကိုကြည့်ပြီးနောက် ထိုမိန်းကလေးလဲ ကွန်တိန်နာအတွင်းမှ ပြေးထွက်သွားလေသည်။

(၃)

ခင်ခင်အိမ်တံခါးကိုဖွင့်ပြီးဝင်လိုက်သည်နှင့် အိမ်ရှင်အဘွားကြီးက ဧည့်ခန်းဆီသို့ တုန်တုန်ချိချိနှင့်ထွက်လာသည်။ 

"သမီးဘယ်တွေသွားနေတာလဲ"

"အန်တီ့ကို ကြိုမပြောမိခဲ့တာအတွက် တောင်းပန်ပါတယ်အန်တီ၊ သမီးရွာကို တစ်ပတ်လောက်ပြန်သွားခဲ့တာပါ"

အဘွားကြီးက ခေါင်းညိတ်လိုက်ပြီး

"အန်တီမှတ်ထားတာတော့ (၈)ရက်နဲ့ ခြောက်နာရီရှိပြီသမီး"

ခင်ခင်ပြုံးလိုက်သည်။ သို့သော် ခင်ခင့်အပြုံးကို အိမ်ရှင်အဘွားကြီးမြင်နိုင်မည်မဟုတ်ပါ။ အကြောင်းမှာ မျက်စိတိမ်ဖြစ်ပြီး အမြင်အာရုံကွယ်သလောက်နီးပါးဖြစ်နေသောကြောင့်ဖြစ်၏။

"အန်တီက အသေးစိတ်မှတ်ထားတာပဲနော်"

ခင်ခင်က သူ့လက်ထဲက အထုပ်တွေကို စားပွဲပေါ်သို့ချလိုက်သည်။ 

"မှတ်ထားတာတော့ မဟုတ်ပါဘူးကွယ်၊ သမီးလေးကို စိတ်မချလို့ပါ၊ အခုတောင်မှ မိန်းကလေးတွေကို ကုန်ကူးတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ရဲတွေက ဖမ်းဆီးမိတယ်ဆိုပြီး သတင်းလာနေတယ်"

အဘွားကြီးက ခင်ခင်ကို သူ့အိပ်ခန်းအတွင်းရှိ တီဗွီကြီးဆီသို့ခေါ်သွားသည်။ တီဗွီတွင် အထူးနောက်ဆုံးပေါ်သတင်းဟုရေးသားထားပြီး ဂျော်ကြီးတို့ဂိုဏ်းကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စိးနင်းနေသည့်ပုံတွေပြသနေသည်။

"အန်တီကလဲ တီဗွီတွေချည်းကြည့်မနေနဲ့လေ၊ မျက်လုံးက ကောင်းကောင်းမြင်ရတာမဟုတ်ပဲနဲ့"

"သိပါတယ်ကွယ်၊ အန်တီက တီဗွီကအသံကိုနားထောင်တာပါ၊ သမီးလဲ ပင်ပန်းနေပြီ နားတော့လေ"

ခင်ခင်လဲ သူ့အထုပ်အပိုးတွေကို ယူကာ သူ့အိပ်ခန်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်။ သူ့တစ်ကိုယ်လုံး ညောင်းချိနေသည်။ ဂျော်ကြီးနှင့်တွေ့ချင်လွန်းသဖြင့်သာ တစ်ပတ်လုံးလုံးအဖမ်းခံပြီး အချုပ်နှောင်ခံထားရခြင်းဖြစ်သည်။ တစ်ကိုယ်လုံးရှိအဝတ်အစားများကိုချွတ်ချလိုက်ပြီးနောက် ၀ရန်တာ တံခါးကိုဖွင့်လိုက်သည်။ အထပ်မြင့်တိုက်ခန်းဖြစ်သဖြင့် ၀ရန်တာတွင် လေအေးများက တဝူးဝူးနှင့်တိုက်ခတ်နေသည်။ 

ခင်ခင်လဲ ကြောက်နက်ကလေးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ၀ရန်တာကိုထွက်လိုက်ကာ ၀ရန်တာလက်ရမ်းဘောင်တွင် လှဲအိပ်ချလိုက်သည်။ အပေါ်စီးမှမြင်နေရသည့် မြို့တော်ကြီးက ရောင်စုံမီးများနှင့် ထိန်လင်းပြီးလှပနေသည်။

ကောင်းကင်ကိုမော့ကြည့်လိုက်သည့်အခါတွင်လဲ လပြည့်နီးပြီမို့ လမင်းကြီးက ဝင်းဝင်းပပသာနေပြီး ကြယ်ကလေးများကလဲ ဟိုတစ်စု သည်တစ်စု ဝင်းလက်နေကြသည်။ 

"အဖေ၊ အမေ၊ သမီး မိုးသီးကိုတွေ့တော့မယ်"

ကြောင်နက်ကလေးတစ်ဖြစ်လဲ ခင်ခင်က စိတ်ထဲမှရေရွတ်ပြီး မျက်လုံးများကို မှိတ်လိုက်တော့သည်။

"ကျွန်မနာမည်ခင်ခင်"

"ကြောင်နက်ရှင်ခင်ခင်"

"ကျွန်မက လူစွမ်းကောင်းတစ်ယောက်မဟုတ်ဘူး၊ လူတွေကို ကယ်တင်ဖို့ မွေးဖွားလာတာလဲမဟုတ်ဘူး"

"ကျွန်မရဲ့ ရည်ရွယ်ချက်က လက်စားချေဖို့ပဲ"

(၄)

ခြံဝန်းကြီးတစ်ခု။

လူကုံထံရပ်ကွက်မို့ အလွန်ကျယ်ဝန်းသည့် ခြံဝန်းကြီးများအတွင်း အလွန်ကြီးမားသည့် အိမ်ကြီးများဆောက်ကာ နေထိုင်ကြသည်။ ထိုအထဲရှိ ခြံဝန်းကြီးတစ်ခုရှေ့တွင် လူတွေရှုပ်ရှက်ခတ်နေသည်။

"မှုခင်းဖြစ်ပွားရာနေရာ၊ အခွင့်မရှိမဝင်ရ"

ဆိုင်းဘုတ်များရေးသားထားပြီး ရဲသားများက ထိုနေရာတစ်ဝိုက်တွင် ရှာဖွေမှုများကိုပြုလုပ်နေကြသည်။ မကြာမီ ရဲကားတစ်စီးဆိုက်ရောက်လာပြီးနောက် ထိုရဲကားအတွင်းမှ အသက်လတ်ပိုင်း ရဲအရာရှိတစ်ယောက်ဆင်းလာသည်။

"ရဲအုပ်ရောက်ပြီလားဗျ"

ရဲတပ်ကြပ်တစ်ယောက်က ထိုရဲအရာရှိကိုပြေးပြီး ကြိုဆိုလိုက်သည်။

"အေးကွာ၊ တပ်ကြပ်မောင်မျိုး၊ အခင်းဖြစ်ပွားပုံကို အစီရင်ခံပါအုံး"

တပ်ကြပ်မောင်မျိုးက ဖိုင်တွဲတစ်ခုကိုဖွင့်လျှက်

"ဒီလိုပါ ဆရာ၊ ဒီနေ့မနက် ခုနစ်နာရီမှာ ဒီအိမ်ထဲက အိမ်အကူ ဒေါ်မြက သူတို့အိမ်ရှင် စိန်တိုက်ပိုင်ရှင်ဒေါ်ပြုံး သေဆုံးနေတယ်ဆိုပြီး ဖုန်းဆက်လာလို့ ကျွန်တော်တို့ချက်ချင်းထွက်လာခဲ့တာပါ၊ လိုအပ်တဲ့ သက်သေတွေလဲ စုထားပြီးပါပြီ"

ထိုစဉ် ခြံရှေ့သို့ အငှားကားတစ်စီး ဆိုက်ရောက်လာသည်။ အငှားကားပေါ်မှ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး၊ မျက်မှန်တပ်ထားသည့်လူငယ်တစ်ဦးက ဆင်းလာသည်။ ထိုလူငယ်က အခင်းဖြစ်ပွားနေသည်ဆိုသည့် ဆိုင်းဘုတ်ကိုဖြတ်ကျော်လာသည့်အခါ ရဲသားများက ထိုလူငယ်အား မတားဘဲ ကြည့်နေကြရာ ထိုလူငယ်က ခြံဝန်းအတွင်းသို့ တစ်လှမ်းခြင်းဝင်လာသည်။ ရဲအုပ်က ထိုလူငယ်ကို မျက်မှောင်ကြုတ်ပြီးကြည့်နေရင်း

"ဟေ့ မောင်မျိုး၊ ဒီကောင်လေးဘာလာလုပ်တာလဲ၊ ဒါအခင်းဖြစ်တဲ့နေရာကွ၊ ဝင်ချင်တိုင်းဝင်လို့မရဘူး၊ သွားမောင်းထုတ်လိုက်စမ်းကွာ"

တပ်ကြပ်မောင်မျိုးက နဖူးကိုကုတ်ရင်း

"ဟိုလေ ဆရာ၊ အဲဒီတစ်ယောက်က ဟုမ်းပါ"

ရဲအုပ်က မျက်မှောင်ထပ်ကြုတ်လိုက်ပြီး ခါးထောက်လိုက်သည်။

"ဟုမ်းဆိုတာ ဘယ်သူလဲကွ၊ ဒီကောင်က ဘာကောင်လဲ"

"သူက ရဲတော့မဟုတ်ပါဘူး၊ အလွတ်စုံထောက်တစ်ယောက်ပါ၊ အမှန်အတိုင်းပြောရရင် ဒီမြို့မှာဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတော်တော်များများကို သူ့အကူအညီနဲ့ ဖော်ထုတ်ခဲ့တာများပါတယ်၊ သူမဖော်နိုင်တဲ့အမှု သိပ်မရှိတာမို့လို့ သူ့ကို စုံထောက်ရှားလော့ဟုမ်းလို့ တင်စားပြီးတော့ ကျွန်တော်တို့က ဟုမ်းလို့ နာမည်ပေးထားကြပါတယ်၊ ကျွန်တော်တို့တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ့ဗျာ"

"ဟား၊ ဟား၊ ဒီလိုငချွတ်ကလေးကများကွာ၊ ဟေ့မောင်မျိုး၊ ဒီတစ်ခါတော့ ဒီအမှုကို ငါဖော်မယ်ကွ၊ ငါ့နာမည် ဘစိန်တဲ့ကွ၊ ငါ့တစ်သက်မှာ ငါလိုက်လို့ အမှုမှန်မပေါ်ဘူးဆိုတာ မရှိသေးဘူးကွ၊ ဒီတစ်ခါတော့ မင်းကောင်လေးထက်အရင် ငါဖော်ပြမယ်"

တပ်ကြပ်မောင်မျိုး ခေါင်းကုတ်နေစဉ်မှာပင် ဟုမ်းဆိုသည့်ကောင်လေးက အနားသို့ရောက်လာသည်။ တပ်ကြပ်မောင်မျိုးက မချိသွားဖြဲလုပ်ပြီး

"ဟုမ်းရေ၊ ဒါကတော့ ဒီမြို့နယ်ကို အခုမှပြောင်းလာတဲ့ ရဲအုပ်ဘစိန်လို့ခေါ်တယ်၊ ဆရာ၊ ဒီကောင်လေးကတော့ ဟုမ်းလို့ခေါ်တဲ့ကောင်လေးပေါ့"

ရဲအုပ်ဘစိန်က မျက်နှာထားတည်တည်နှင့်

"ကောင်းပြီကောင်လေး၊ ဒီတစ်ခါတော့ မင်းထက်အရင် ဒီအမှုပေါ်အောင်လို့ ငါဖော်ပြမယ်၊ မင်းအေးအေးသာနေပါကွာ"

ဟုမ်းက ပြုံးလျှက်

"ကောင်းပါပြီဗျာ၊ ကျွန်တော်လဲ ဦးလေးဆီက ပညာတွေလေ့လာလို့ရတာပေါ့ခင်ဗျ"

ဦးလေးဟုခေါ်လိုက်သဖြင့် ရဲအုပ်ဘစိန်မျက်နှာပျက်သွားသည်။

"ကောင်လေး၊ မလေးမစားမလုပ်နဲ့၊ ငါ့ကိုနောက်ဆို ရဲအုပ်ကြီးလို့ခေါ်စမ်း"

"ဟုတ်ကဲ့ပါရဲအုပ်ကြီးခင်ဗျ"

တင်းမာနေသည့်အခြေအနေများကိုဖြေလျှော့ရန်အတွက် တပ်ကြပ်မောင်မျိုးက ပြုံးဖြီးဖြီးနှင့်

"ဆရာ၊ အခင်းဖြစ်ပွားတဲ့နေရာနဲ့၊ သက်သေတွေကိုကြည့်ကြရအောင်"

သူတို့လဲ ခြံဝန်းကြီးအတွင်းသို့ အတူတူဝင်ခဲ့ကြသည်။

အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..