
Part - 27
ဂုဏ်တံတိုင်း ယွန်း၏နဖူးပေါ် ရေပက်လေးတင်ပေးထားရင်း အနားထိုင်စောင့်နေခြင်းပင်။ ညဘက်ကြီး ကိုယ်တွေပူလာတာမို့ သူမအိပ်ပဲ ရေပက်တင်ပေးနေကာ စောင့်ကြည့်ရင်း အလုပ်လုပ်နေလိုက်သည်။
" အင်း….ဟင်း……"
ညည်းညူသံလေးထွက်လာတော့ ဂုဏ်တံတိုင်း မျက်ခုံးပင့်မိသွားသလို ယွန်း လက်လေးတစ်ဖက်ကို ဖွဖွကိုင်ပြီးသားဖြစ်သွား၏။
" ယွန်း.....ယွန်း ဘာဖြစ်လို့လဲဟင်။ ခေါင်းမူးလို့လား.....အန်မလား။ "
ယွန်းမှာ သူ့ကိုပြန်ဖြေနိုင်သည့် အင်အားမရှိပါ။ မူးဝေနောက်ကျိ၍ အခန်းတစ်ခုလုံးချာချာလည်နေသလို ထင်မိ၏။
" မူး....အရမ်းမူးနေတယ်။ "
" မောင် ရှိတယ်နော်။ ဒီမှာ ရှူဆေးလေးရှူလိုက်။ "
ယွန်း နှာခေါင်းနား ရှူဆေးဗူးလေးဖွင့်ကာ လာတေ့ပေးသဖြင့် ယွန်းအသာလေးရှူရှိုက်ရင်း ငြိမ်နေမိသည်။ နေမကောင်းတော့ အားငယ်၍ပဲလားမသိ သူ့လက်တစ်ဖက်ကို ယွန်းမှာခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏။
မနက်မိုးလင်းသည်နှင့် ဂုဏ်တံတိုင်း ခပ်မြန်မြန်ပင် ရေမိုးချိုးကာ ယွန်းစားရန်အတွက် စွပ်ပြုတ်လေးယူကာ အခန်းထဲဝင်လာခဲ့သည်။ ရေချိုးခန်းထဲမှ ထွက်လာကာ မျက်နှာလေးကို သဘက်တစ်ထည်ဖြင့်သုတ်နေသည့်ယွန်းကြောင့် စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ရင်း အနားရောက်သွား၏။
" သက်သာရဲ့လား ယွန်း.... ဘယ်လိုနေသေးလဲ။"
ပြောလဲပြောနဖူးလေးကိုလဲ လှမ်းစမ်း၏။ ကိုယ်မပူတော့တာမို့ သူပြုံးသွားရသလို ယွန်းက စွပ်ပြုတ်ပန်းကန်လေးလှမ်းကြည့်ကာ သက်ပြင်းချ၏။
" ယွန်း စွပ်ပြုတ်မသောက်ချင်ဘူး။"
" အားရှိအောင် သောက်လိုက်ပါယွန်းရယ်...ပြီးရင် ယွန်း စားချင်တာ မောင်လိုက်ကျွေးမယ်လေ။ "
ကလေးလိုလာချော့ပြီး မုန့်နဲ့မြူစွယ်ပြနေတာမို့ ယွန်းပြုံးမိသွားသည်။ ဂုဏ်တံတိုင်းကလဲ မြင်ဖြစ်အောင်ကို မြင်လိုက်တာမို့ စိတ်ထဲပျော်သွားရရင်း လိုက်ပြုံးမိ၏။
" ကျေးဇူးပဲ......"
" ဗျာ....."
" ဟို....ညက ဖျားနေတုန်းပြုစုပေးတာ ကျေးဇူးပဲလို့။ "
ဂုဏ်တံတိုင်း ရင်ထဲသိမ့်ခနဲ ဖြစ်သွားရသလို ကြည်နူးသွားရသည်။ ထိုမျှအသိအမှတ်ပြုပေးရုံလေးတင်ကို သူကျေနပ်ရပါသည်။ စွပ်ပြုတ်ပန်းကန်လေးယူကာ ယွန်းကိုချော့တိုက်ရင်းမှ သူလဲ ကုမ္ပဏီကိုမသွားဖြစ်ခဲ့ပါ။
ထိုနေ့ကစပြီးနောက်ပိုင်းတွင်တော့ ယွန်းဟာ သူ့အပေါ် အနည်းငယ်စိတ်ပြေလျော့စပြုလာသည်။ အရင်လိုတင်းမာခက်ထန်နေတာမျိုးမရှိတော့ပဲ သူ့ကိုစကားလဲ ကောင်းကောင်းမွန်မွန်ပြောလာသည်။
သူ ထင်ပါသည်....သူတို့အိမ်ထောင်ရေး ပြန်အဆင်ပြေလာတော့မည်ထင်ပါရဲ့။
@@@@@@@@@@@
" ကြွေ့ ခြေထောက်တွေက အများကြီးတိုးတက်လာတာပဲ။ ဒီအတိုင်းဆို မကြာခင် လမ်းပြန်လျှောက်နိုင်တော့မှာ။ "
ဒေါက်တာ့စကားက ကြွေ့ကို အားရဝမ်းသာဖြစ်စေတာ အတိုင်းထက်အလွန်ပင်။ မကြာခင် ကိုကို့မွေးနေ့လဲ ရောက်တော့မှာမို့ ကြွေ ကိုကို့ကို လက်ဆောင်ပေးရန်ပါ စစဉ် ထားသေးသည်။
" ဒါနဲ့ ကြွေ့အမျိုးသားက ခါတိုင်းပါလာပြီး သည်းသည်းလှုပ်နေတာ....ဒီနေ့မပါပါ့လား။ "
" ဟုတ်တယ် ဒေါက်တာ......ကိုကိုက ဒီနေ့ Shotting အပြီးရိုက်ပေးနေရတယ်။ "
" သူ အနုပညာအလုပ်နားလိုက်ပြီကြော်ငြာတော့ အရမ်းအံ့သြသွားတာ။ "
ကြွေ သက်ပြင်းလေးချမိသွားရသည်။ ဟုတ်သည်လေ....ကြွေလဲအရမ်းထိတ်လန့်ခဲ့တာ။ ပြီးတော့ ကိုကို့ရဲ့အအောင်မြင်ဆုံးအချိန်မှာမှဆိုပြီး ကိုကို့ဖန်တွေဆို နှမြောတသဖြစ်ကြသည်။
" ကြွေ့ကြောင့်ပါ......ကိုကို့ကို အားနာမိတာအမှန်ပဲ။ "
" တိမ်ယံမှိုင်းက အတော်ချစ်တတ်တဲ့ယောကျာ်းပဲ......"
ဒေါက်တာ့မှတ်ချက်က ကြွေ့ကို ပျော်ရွှင်ခြင်း မပေးစွမ်းနိုင်ပါ။ တကယ်တမ်း ကြွေဟာ ကိုကို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလို ခံစားနေရသည်။
! တူ.....တူ.....တူ!
ဖုန်းမြည်သံကြောင့် ကြည့်မိတော့ ကိုကို့ဆီကမို့ ဖုန်းကိုင်လိုက်သည်နှင့် တရစပ်မေးခွန်းတွေက ထွက်လာ၏။
" ကြွေ....ကလေး...ဆေးခန်းကပြန်လာပြီလား။ ဒေါက်တာက ဘာပြောသေးလဲ။ ပင်ပန်းနေပြီလား။ "
" ဆေးခန်းမှာပဲရှိသေးတယ်.....ကိုကိုရော "
" ကိုကို အခုပြန်လာနေပြီ။ ကြွေလေးကို တစ်ခါထဲလာဝင်ခေါ်လိုက်မယ်။ အဲ့မှာပဲစောင့်နေနော်။ "
ကြွေ ဖုန်းလေးကို အသာချလိုက်ရင်းမှ စောင့်နေလိုက်သလို တအောင့်ကြာတော့ ကိုကိုရောက်လာ၏။ Mask အမဲကြီးတပ်ကာ ကြွေ့ဆီလျှောက်လာရင်းမှ နဖူးကိုအသာငုံ့နမ်းကာ....
" ပင်ပန်းနေပြီလား....."
ကြွေ ခေါင်းလေးခါယမ်းပြလိုက်သည်နှင့် ကိုကိုက ဝှီးချဲကိုတွန်းပေးရင်း ကားဆီရောက်လာကြသည်။ ကြွေ့ကိုလိုက်ပို့သည့် အိမ်ကကားနှင့် ကိုဆက်က ထိုကားနှင့်ပင်ပြန်သွားသလို ကြွေက ကိုကို့ကားနှင့်ပြန်လိုက်လာရသည်။
တိမ်ယံမှိုင်း ကားမောင်းလာရင်း သူ့ဘေးငြိမ်ငြိမ်လေးထိုင်လိုက်လာသည့်ကြွေ့ကို အသာငဲ့ကြည့်မိသည်။ မျက်နှာလေးက အခြားမိန်းကလေးတွေလို ဘာဆိုဘာမှမလိမ်းထားပေမယ့် ရှင်းပြောင်နေကာ အစက်အပြောက်ဆိုတာပင်မရှိ။ တီရှပ်အဖြူလက်တိုလေးနှင့် ချည်သားဘောင်းဘီရှည်ပွပွလေးဝတ်ထားတာတောင် ကြွေ့ပုံစံလေးက ချစ်စရာလေးဖြစ်နေတာမျိုးပင်။
" ကိုကို....."
" ဗျာ......"
" ကြွေ မမယွန်းတို့ဆီသွားလည်ချင်တယ်။ "
တိမ်ယံမှိုင်း မျက်စပင့်မိသွားရရင်းမှ....
" အင်း……ဒီအပတ်ထဲတော့ ကိုကိုမအားဘူး ကလေးရဲ့။ ဒီလိုလုပ်....နောက်အပတ် အင်္ဂါနေ့ ကိုကိုလိုက်ပို့ပေးမယ်။ "
ခေါင်းလေးညိတ်ပြလာသည်မို့ သူကြွေ့ပါးဖောင်းဖောင်းလေးကို လက်ကလေးဖြင့် အသဲယားစွာဆွဲဖျစ်လိုက်သည်။
" ကိုကို့ကိုချစ်လား....."
" အင်း..."
မှိုင်း ပိုအသဲယားသွားရသည်မို့ ကိုယ့်အောက်နှုတ်ခမ်းကိုယ်ဖိကိုက်မိသွားရသည်။
" ကိုကိုကတော့ သိပ်ချစ်တာပဲ။ လွမ်းနေတာဗျာ.....ဒါကြောင့်မြန်မြန်ပြန်လာတာ။ "
ကြွေက သူ့ကိုမျက်စောင်းလေးလှမ်းထိုးသလို သူကမျက်စပင့်ပြတော့ ရယ်သံလွင်လွင်လေးထွက်လာသည်။ မြတ်နိုးလိုက်တာဆိုတာလေ.....။
@@@@@@@@@@@
ခြံထဲရှိဒန်းလေးပေါ်ထိုင်ကာ ဖုန်းလေးဖြင့် Youtube မှ Audio book နားထောင်နေသည့် ယွန်း။ ဂုဏ်တံတိုင်း ကားကိုခြံထဲမောင်းဝင်လာရင်းမှ ကားပေါ်ကဆင်းလိုက်သည်နှင့် အသင့်ဝယ်လာသော Pizza box လေးကို လက်မှကိုင်ကာ ယွန်းဆီလျှောက်လာခဲ့သည်။
" ယွန်း.....မောင်ပြန်လာပြီ။ ဒီမှာ ယွန်းအတွက် ပီဇာဝယ်လာတယ်။ ဘာလုပ်နေတာလဲ ယွန်းရဲ့။ "
ယွန်း ပြုံးလိုက်မိရင်းမှ ဖုန်း Screen လေးကို ပြလိုက်ကာ.....
" Audio books by ANC Channel ကနေ အနမ်းခြွေရဲ့ "Date of 60 " အသံဇာတ်လမ်းနားထောင်နေတာလေ။ "
" ဟင်! "
" အဲ့ထဲက ငပွားဆိုတဲ့မင်းသားက ငွေတိုးချေးစားတာလေ.....အရမ်းငွေမက်တာ.....နားထောင်ကြည့်ပါလား။ "
သူ့ဘက်ကိုနားကြပ်လေးကမ်းပေးလာသဖြင့် သူ ပြုံးမိသလို ယွန်းလက်ထဲကဖုန်းလေးကိုပါ ဆွဲသိမ်းလိုက်၏။
" မောင့်စိတ်ထဲလေ ယွန်း အားနည်းနေသလိုပဲ။ "
ယွန်းက ဘာမှပြန်မပြောသလို ငြိမ်၍သာနေသည်။ ဂုဏ်တံတိုင်း ယွန်း ပုံစံလေးကိုကြည့်ရင်းမှ ပခုံးလေးကိုအသာလှမ်းဖက်တော့ သူ့ဘက်ဖျတ်ခနဲ ငဲ့ကြည့်လာသည်။
" မောင် ယွန်းကို သိပ်ချစ်တယ် သိလား။ "
ယွန်း နီးကပ်လာသည့်မောင့်မျက်နှာကြောင့် မျက်ဝန်းတို့ကို ဖျတ်ခနဲဖိပိတ်မိသည်။ နှုတ်ခမ်းလေးက အနမ်းခံလိုက်ရသလို တဆက်ထဲမှာပင်.....
တူ.....တူ......တူ....တူ
ဂုဏ်တံတိုင်း ကျစ်ခနဲ စုပ်သပ်မိရင်းမှ ယွန်းကိုမခိင့်မရဲ ကြည့်မိ၏။ ဖုန်းလေးကိုင်ပြီး တစ်ဖက်မှ ဘာပြောလိုက်သည်မသိ ယွန်းမျက်နှာလေးက ကွက်ခနဲပျက်ကျသွားကာ အမလေးဟု ထအော်၏။
" ယွန်း......ယွန်း ဘာဖြစ်လို့လဲ။ "
" ဒေါ်.....ဒေါ်လေးဆုံးပြီတဲ့။ "
ယွန်း ပါးပြင်ပေါ် မျက်ရည်စတွေစီးကျလာရသလို ဂုဏ်တံတိုင်း ထပြေးရန်ပြင်ကာ ကယောင်ကတမ်း ဖြစ်နေသည့် ယွန်းအား ခပ်တင်းတင်း ဆွဲဖက်၍ထိန်းထားလိုက်သည်။ ဒါတောင်မှ သူ့ရင်ခွင်ထဲ ရုန်းကန်ငိုယိုနေသေးသည်။
" ယွန်း.....ယွန်း....စိတ်အေးအေးထားလေ ယွန်းရယ်။ "
" ဟင့်အင်း..... ဒေါ်လေး.....ဒေါ်လေးဆီသွားမယ်.....အဟင့်....ဟင့် "
ယွန်းက သည်းသည်းထန်ထန်ကို ငိုကြွေးနေပြီဖြစ်၏။ သူ ယွန်း ကိုခေါ်ကာ ထိုအိမ်ရောက်တော့မှ ဘယ်လိုဆုံးမှန်းသိရသည်။ နေပြန်ကောင်းလာပြီမို့ စိတ်အေးနေကြတုန်းမှာ တစ်ခါလေးမူးလဲတာ အသက်ပါပါသွားခြင်းပင်။
သိပ်မကြာလိုက် တိမ်ယံမှိုင်းလဲရောက်လာသလို မောင်နှမနှစ်ယောက်အတွက် အမေလိုအဒေါ်မို့ အတော်လေးထိခိုက်နာကျင်ခံစားကြရသည်။ နာရေးကိစ္စတွေကို သူပဲစီစဥ်လိုက်သလို ယွန်းကတော့ ငိုထားလွန်း၍ ယဲ့ယဲ့လေးသာကျန်၏။
အသုဘပို့ကို သေချာစီစဉ် ပေးလိုက်သလို ယွန်းမှာ ငိုရှိုက်ရင်းသတိပါလစ်သွား၏။ ဆရာဝန်ခေါ်ပြီး သူပါပျာယာခတ်သွားသလို မထင်မှတ်စွာပင်.....
" ကိုဂုဏ်တံတိုင်း....ခင်ဗျားတော့ ကလေးအဖေဖြစ်ပြီဗျာ။ "
@@@@@@@@@@@@@@@@@@@@@@
To be continue P - 28
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ