
"ဘယ်လိုပုံမှန်လဲကွ၊ ဒီအမှုမှာ မူမမှန်တာဘာရှိလို့လဲ"
"မူမမှန်တာကတော့ သွေးဖိနပ်ရာတွေပဲဗျ"
ဟုမ်းက ဖိနပ်ရာများဆီသို့လှမ်းလျှောက်သွားသည်။
"ခြံတံခါးနဲ့ အိမ်နဲ့က ကိုက်(၂၀၀) လောက်ဝေးတယ်နော်၊ ဒါတောင်မှ သွေးဖိနပ်ရာတွေက အထင်းသားကြီး ရှိနေသေးတယ်ဆိုတာကို ကျုပ်တော့မယုံတာ"
ရဲအုပ်မျက်ခုံးပင့်သွားသည်။ သွေးခြေရာများက အိမ်ထဲမှသွေးခြေရာများနီးပါး ခြံရှေ့လမ်းပေါ်မှသွေးခြေရာများမှာ အထင်းသားကြီးဖြစ်နေသည်။
"ဒါဆို မင်းရော ဘယ်လိုကောက်ချက်ချမလဲကောင်လေး"
"ကျွန်တော်ကတော့ ဒေါ်မြကို မသင်္ကာဘူး"
တပ်ကြပ်မောင်မျိုးက အံ့ဩသွားပြီး
"ဒေါ်မြက လုပ်နိုင်ပါ့မလား၊ သူက အားနည်းနေတဲ့အဘွားကြီးတစ်ယောက်ပဲလေ၊ နောက်ပြီး အခုဒေါ်ပြုံးသေသွားလို့တောင်မှ သူကတော်တော်စိတ်မကောင်းဖြစ်နေတာမဟုတ်လား"
ဟုမ်းကပြုံးလိုက်ရင်း
"ရာဇဝတ်မှုမှာ မလုပ်လောက်ဘူးလို့ ထင်ထားတဲ့လူတွေက ပိုပြီးစိုးရိမ်ရတာဗျ၊ သာမန်ပြစ်မှုဆိုရင်တော့ သိပ်မထူးခြားပေမယ့်၊ ပါးနပ်တဲ့လူသတ်သမားဆိုရင်တော့ သူတို့က အားနည်းချင်ယောင်ဆောင်တတ်တယ်"
"ကဲ ကောင်လေး၊ မင်းအထင်နဲ့မစွပ်စွဲပါနဲ့"
"မစွပ်စွဲပါဘူးဗျာ၊ တကယ်တော့ ဒေါ်မြက အလွန်ပါးနပ်တဲ့သူပဲဗျ၊ သူက သူ့ကိုယ်သူ အိပ်ဆေးတွေသောက်ရလို့ညဘက်မနိုးပါဘူးလို့ အကာအကွယ်ယူပြီးသားဗျ၊ နောက်ပြီးတော့ ကျုပ်တို့ကိုလှည့်စားဖို့အတွက် ဘွတ်ဖိနပ်ကိုအသုံးပြုခဲ့တယ်၊ ဒီသဲလွန်စတွေကို ကြည့်ရင်တော့ သူနဲ့ဘာမှမဆိုင်သလိုပဲပေါ့"
ဟုမ်းကဆက်ပြီး
"ကျုပ်ပိုသေချာသွားတာကတော့ သူ့ကိုလက်ဆွဲနှုတ်ဆက်တဲ့အချိန်ပဲဗျ၊ ကျုပ်လဲတမင်သိချင်လို့လက်ဆွဲနှုတ်ဆက်လိုက်တာ၊ သူတို့ထဲမှာ ထူးခြားနေတာကတော့ ဒေါ်မြပဲ"
တပ်ကြပ်မောင်မျိုးက
"ဘယ်လိုထူးခြားနေလို့လဲ ဟုမ်း"
"ဒေါ်မြရဲ့လက်ချောင်းထိပ်ကလေးတွေမှာ ပြတ်ရှရာလေးတွေတွေ့တယ်၊ ဓါးနဲ့ထိုးတဲ့အခါမှာ လက်ကိုအကာအကွယ်မပါတဲ့ ဓါးနဲ့ထိုးရင် ထိုးတဲ့လူရဲ့လက်ကိုလဲ အဲဒီဓါးက ရှတတ်တယ်ဗျ၊ အခုကြည့်ရတာ ဒေါ်မြက မီးဖိုချောင်ထဲက သားလှီးဓါးတစ်ခုနဲ့ ထိုးသွင်းခဲ့တဲ့ပုံပဲ၊ ဒီတော့ သူ့လက်မှာပါ ဓါးပြန်ရှထားလို့ ပြတ်ရှရာတွေ့တာပေါ့"
"နေပါအုံး၊ ဒီလောက်လေးနဲ့စွပ်စွဲတော့မလို့လား"
"ပိုပြီးသေချာသွားတာက သူနဲ့လက်ဆွဲနှုတ်ဆက်တဲ့အခါ သူ့လက်တွေက ကြမ်းနေတယ်၊ နောက်ပြီး သူ့လက်မှာ အနံ့တစ်မျိုးရတယ်"
"ဘာအနံ့လဲ"
ရဲအုပ်နှင့် တပ်ကြပ်တို့ သိချင်ဇောနှင့်အလောတကြီးထမေးလိုက်သည်။
"အစွန်းချွတ်ဆေးအနံ့ဗျ၊ ဒီလောက်သွေးတွေထွက်ထားတော့ သူ့လက်တွေနဲ့ အဝတ်အစားတွေကိုလဲ သွေးတွေပေထားမှာပဲ၊ သွေးဆိုတာလဲ ချွတ်ရခက်တဲ့အမျိုးမဟုတ်လား၊ ဒီတော့ အစွန်းချွတ်ဆေးသုံးပြီးတော့ အစွန်းချွတ်ထားပုံရတယ်၊ ဒါကိုသိချင်လို့ ကျွန်တော်က သူ့ကိုအဝတ်လျှောက်ထားသလားလို့မေးတော့ သူမလျှော်ရသေးဘူးလို့ ဖြေတယ်မဟုတ်လား"
ဟုမ်းကဆက်ပြီး
"ကောက်ချက်ချရရင်တော့ ဒေါ်မြက ဒေါ်ပြုံးကိုသတ်ဖို့ စီစဉ်ပြီးသား၊ ဒေါ်ပြုံးကို အခန်းအနားမှာမသတ်ဘဲ၊ လှေကားရင်းကိုခေါ်ထုတ်လိုက်မယ်၊ ဒေါ်ပြုံးမထင်မှတ်ထားတဲ့အချိန်မှာ ရင်ဝကို ဓါးနဲ့ထိုးမယ်ဗျ၊ တစ်ချက်က လွဲသွားပုံရတယ်၊ ဒါကြောင့် နောက်တစ်ချက်သေချာအောင် နှလုံးကိုထိုးလိုက်တာပေါ့၊ နောက်တော့ သူကြိုတင်ကြံစည်ထားတဲ့အတိုင်း ယောက်ျားစီးဖိနပ်တစ်ရံကိုထုတ်လိုက်မယ်။ ပြီးတော့ သွေးအိုင်ထဲမှာ ဖိနပ်ကို နှစ်ပြီးတော့ အပြင်ကိုထွက်သွားတဲ့ပုံစံမျိုးဖြစ်အောင် တံဆိပ်တုံးထုသလိုမျိုး လိုက်ပြီး ထုထားလို့ ခြေရာတွေက ထင်းနေတာပေါ့"
ရဲအုပ်ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီမောင်မျိုး၊ ငထွားရော၊ ဒေါ်မြကိုရော ဖမ်းလိုက်ပါ၊ ငါတို့သူတို့ကို သေသေချာချာစစ်မေးပြီးတော့ အမှုမှန်ကိုဖော်ထုတ်ရမယ်"
"ကံကောင်းပါစေဗျာ"
ဟုမ်းကပြောပြီး အိမ်ထဲမှပြန်ထွက်ခဲ့သည်။ အငှားကားတစ်စီးကို ငှားလိုက်ပြီး အိမ်သို့ပြန်လာခဲ့လေတော့သည်။
မကြာမီ သူနေထိုင်သည့် တိုက်ခန်းသို့ပြန်ရောက်လာခဲ့သည်။ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် စာအုပ်များအထပ်လိုက်၊ စာရွက်အပိုင်းအစများပြန့်ကျဲပြီး ရှုပ်ပွနေသည့် သူနေထိုင်သည့် တိုက်ခန်းအတွင်းဝင်လိုက်သည်။ သူ့အခန်းက လူနေသည့်အခန်းနှင့်မတူဘဲ အမှိုက်ပုံတစ်ခုနှင့်တူနေသည်။ ရှုပ်ပွနေသည့် စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကိုယူလိုက်ပြီး နှစ်ယောက်ထိုင် ဆိုဖာတစ်လုံးပေါ်တွင် လှဲအိပ်လိုက်ပြီး စာအုပ်ကိုသည်းကြီးမည်းကြီးဖတ်နေလိုက်သည်။
"ကလင်၊ ကလင်"
ဆိုဖာအနီးရှိခုံတွင်တင်ထားသည့် တယ်လီဖုန်းမြည်သံကြားလိုက်ရတော့မှ ဟုမ်းတစ်ယောက်အသိစိတ်ပြန်ဝင်လာသည်။ စာဖတ်နေသဖြင့် အချိန်တွေမည်မျှကုန်သွားသည်ကို မသိတော့ပေ။ လက်ထဲက စာအုပ်ကိုပစ်ချလိုက်ပြီး ဖုန်းခွက်ကိုကောက်ကိုင်လိုက်သည်။
"ဟယ်လို"
"ဟုမ်းရေ၊ မင်းပြောတဲ့အတိုင်းပဲ ဒေါ်မြက ဝန်ခံသွားတယ်"
တပ်ကြပ်မောင်မျိုးဖုန်းဆက်ပြောခြင်းဖြစ်သည်။ ဟုမ်းက ဖုန်းနားထောင်ရင်း နှုတ်ခမ်းတွန့်ရုံကလေး ပြုံးလိုက်သည်။
"ဒေါ်မြက စိန်တိုက်ပိုင်ရှင်ဒေါ်ပြုံးနဲ့ ရန်ငြိုးရှိခဲ့တယ်၊ ဒါပေမယ့် ဒေါ်ပြုံးက ဒေါ်မြကိုမသိခဲ့ဘူး၊ ဒေါ်မြတို့စီးပွားပျက်ပြီး ဒေါ်မြယောက်ျားသေသွားခဲ့တာ ဒေါ်ပြုံးတို့လုပ်ခဲ့တယ်ပြောတယ်၊ အဲဒါနဲ့ ဒေါ်ပြုံးဆီအလုပ်ဝင်လုပ်ပြီး အယုံသွင်းနေတာ၊ သုံးနှစ်လောက်ကြာတော့မှ ဒေါ်ပြုံးကိုသတ်လိုက်တာ၊ သတ်ပြီးတော့ ဘွတ်ဖိနပ်တစ်ခုနဲ့ သွေးအိုင်ထဲက သွေးတွေကိုဆွတ်ပြီးတော့ အပြင်ကိုလူတစ်ယောက်ထွက်သွားတဲ့ပုံစံမျိုးလုပ်တယ်၊ အဲဒီဖိနပ်ကိုလဲရှာတွေ့ပြီ၊ ဒေါ်ပြုံးကိုသတ်ခဲ့တဲ့ ဓါးနဲ့၊ သွေးစွန်းနေတဲ့အဝတ်အစားတွေလဲ တွေ့ခဲ့ပြီ၊ မင်းပြောတဲ့အတိုင်းပဲ အဝတ်အစားတွေကို အစွန်းချွတ်ထားပုံရတယ်"
"ဟုတ်ပါပြီကိုမျိုး၊ ဒါပေမယ့် ကျုပ်ကတော့ ဒီအမှုကိုသာမန်လို့မမြင်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ရန်ငြိုးရှိရင် အရင်ကတည်းက သတ်ဖို့ကြိုးစားမှာပဲ၊ ဘာလို့သုံးနှစ်ကြာအောင် စောင့်နေမှာလဲ၊ နောက်ပြီးသတ်မယ်ဆိုလဲ ဒေါ်ပြုံးကို ညင်ညင်သာသာလေး သတ်လို့ရရဲ့သားနဲ့ ဘာဖြစ်လို့ အလောတကြီးသတ်လိုက်တာလဲ"
ဟုမ်းအမေးကိုတပ်ကြပ်မောင်မျိုး ပြန်မဖြေနိုင်ပေ။
"အင်းပါ၊ ဘာပဲဖြစ်ဖြစ် တကယ်သတ်ခဲ့တဲ့ တရားခံကိုမိခဲ့ပြီမဟုတ်ဘူးလား ဟုမ်းရာ"
"ကျွန်တော်ကတော့ ဒီနောက်ကွယ်မှာ နက်နဲတဲ့အကြောင်းအရာ တစ်ခုခုရှိနေအုံးမယ်လို့ထင်တယ်"
ထို့နောက် တပ်ကြပ်မောင်မျိုးက ဖုန်းချသွားသည်။ ဟုမ်းလဲ ထိုတော့မှ ဘေးဘီကိုကြည့်လိုက်မိသည်။ ညနေစောင်းနေပြီ၊ နေပင်ဝင်တော့မည်။ ကောင်းကင်ကြီးက တိမ်တွေတောက်ပြီး နီဝါရောင်အသွေးနှင့်လှပနေသည်။ ဟုမ်းလဲ ဝရန်တာကိုထွက်ခဲ့လိုက်သည်။ စီးကရက်တစ်လိပ်ကိုမီးညှိပြီးသည့်နောက် တိုက်အောက်တွင် သွားလာနေကြသည့် လူတွေကိုကြည့်ရင်း ငေးမောနေမိသည်။
(၅)
ဝင်္ကပါမြို့။
မြို့နာမည်က ဆန်းသလို သူတို့မြို့ကြီးကလဲ ဆန်းသည်။ နယ်စပ်တွင်တည်ရှိပြီး ပင်လယ်ကြီးကို မျက်နှာမူကာ တည်ဆောက်ထားသည်။ တိုးတက်နေသည့်မြို့ကြီးဖြစ်ပြီး အထပ်မြင့်တိုက်တာအဆောက်အဦးများ၊းမျှော်တိုက်ကြီးများနှင့် လှပပြီး ခေတ်မီသည့်ဟိုတယ်ကြီးများလဲရှိသည်။ ကုန်တိုက်ကြီးများ၊ ကာစီနိုကြီးများ၊ နိုက်ကလပ်များနှင့် ခေတ်မီအပန်းဖြေအဆောက်အဦးများ ပေါများသလို ညအချိန်ဆိုလျှင် နီယွန်မီးရောင်များနှင့် ထိန်ထိန်လင်းကာ အလွန်လှပသည့်မြို့ကြီးဖြစ်သည်။
ထိုသို့လှပသော်လည်း အကျည်းတန်အရုပ်ဆိုးသည် အချက်တစ်ချက်ရှိသေးသည်။ ထိုအရာကတော့ ဒုစရိုက်မှုများ ပေါများခြင်းပင်ဖြစ်သည်။ မြို့ကြီးက လှပပြီးပျော်ရွှင်စရာကောင်းသလောက် ဒုစရိုက်ဂိုဏ်များ၊ မူးယစ်အဖွဲ့စည်းများနှင့် မှောင်ခိုဂိုဏ်းများ အလွန်ပေါများကာ ခြေချင်းလိမ်နေလျှက်ရှိသည်။ အမြဲလိုလို ရိုက်နှက်မှု၊ လုယက်မှုများ၊ အုပ်စုဖွဲ့တိုက်ခိုက်မှုများနှင့် ဂိုဏ်းအချင်းချင်း သတ်ဖြတ်ကြသည့် ရန်ပွဲများဖြစ်ပွားလျှက်ရှိသည်။
မြင်းမိုရ်ဟိုတယ်။
(၂၇) ထပ်မြင့်မားပြီး အလွန်ခမ်းနားလှသည့် ဟိုတယ်ကြီးမှာ မြင်းမိုရ်တောင်ကြီးသဖွယ်ထီးတည်းကြီးတည်ရှိနေသည်။ ဟိုတယ်အတွင်းတွင် ကြောင်အနက်ကလေးတစ်ကောင်က ပြေးလွှားနေသည်။ ထိုကြောင်နက်ကလေးက ဟိုတယ်လှေကားထစ်ဆီသို့ ပြေးလွှားသွားပြီးသည့်နောက် လှေကားထစ်များကို ခုန်ပျံကျော်လွှားကာ ပေါ့ပါးစွာပြေးတက်နေ
သည်။ အထပ် (၂၀) မြောက်ရောက်သည့်အခါတွင် လှေကားဝင်ပေါက်ကို အသေသော့ခတ်fပြီးပိတ်ထားသည်ကိုတွေ့လိုက်ရသည်။
"ဒီအထပ်ပဲ"
ကြောင်နက်ကလေးက ရေရွတ်လိုက်ပြီး လှေကားအနီးတွင် ရစ်သီရစ်သီလုပ်နေသည်။
"အောင်မယ်လေး၊ အထပ် (၂၀) ကို လှေကားနဲ့ပြေးတက်လာခဲ့ရတာ၊ ကြောင်မို့လို့ပေါ့၊ လူသာဆိုရင်မတွေးရဲစရာပဲ၊ ဝှူး၊ ညောင်းလိုက်တာ"
ထို့နောက် လှေကားလက်ရမ်းပေါ်တက်လိုက်ပြီး မျက်နှာကျက်အနီးရှိ လေဝင်ပေါက်တစ်ခုအတွင်းသို့ ခုန်ဝင်လိုက်တော့သည်။
အထပ် (၂၀) မှာ မြင်းမိုရ်မောင်အေးဟု အမည်ရသည့် ဒုစရိုက်သမား ရုံးထိုင်သည့် ရုံးခန်းများဖြစ်သည်။ ထိုတစ်ထပ်လုံးကို ပြင်ပလူများဝင်မရအောင် ပိတ်ထားပြီး ဓါတ်လှေကားကိုလဲသီးသန့်ဓါတ်လှေကားတပ်ဆင်ထားသည။ ထိုရုံးခန်း တစ်ထပ်လုံးတွင် လက်နက်ငယ်များကိုင်ထားသည့် ဂိုဏ်သားများက စောင့်ကြပ်နေကြသည်။ ထိုအထပ်၏ အလယ်တွင်တော့ အလွန်ခမ်းနားလှသည့် ဇိမ်ခံအခန်းကြီးရှိသည်။ ထိုအခန်းထဲတွင်တော့ မြင်းမိုရ် မောင်အေးက ရုံးထိုင်ပြီး အလုပ်လုပ်ခြင်းဖြစ်သည်။
ယနေ့တော့ မောင်အေးအလုပ်များသည်။ ဒုစရိုက်ဂိုဏ်းများမှ ပေးပို့လာသည့်ငွေများကို လက်ခံပြီးစာရင်းပြုလုပ်နေခြင်းဖြစ်သည်။ သူဖုန်းပြောနေစဉ် ကြောင်ကလေးတစ်ကောင်အခန်းအတွင်းသို့ဝင်လာသည်။
"ဘယ်ကကြောင်ဝင်လာတာလဲကွာ"
မောင်အေးက ဖုန်းကိုချလိုက်ပြီး လုံခြုံရေးကိုလှမ်းခေါ်ရန်ပြင်လိုက်စဉ် သူ့ဂုတ်ပိုးကို အေးစက်သည့်အထိအတွေ့တစ်ခုက ထိလာခဲ့သည်။
"ရှင်မသေချင်ရင် ကျွန်မပြောတဲ့အတိုင်းလုပ်"
မောင်အေးလဲ သိလိုက်ပြီမို့ ငြိမ်နေလိုက်ရင်း
"မင်းဘယ်သူလဲတော့မသိပေမယ့် မင်းကိုတော့လေးစားသွားပြီ၊ လက်နက်ကိုင်ထားတဲ့ လူမိုက် ငါးဆယ်ရှိတဲ့ ပိတ်ထားတဲ့ အထပ်ကို မင်းရအောင်တက်လာနိုင်တာကို ငါချီးကျူးပါတယ်"
"လျှာမရှည်နဲ့၊ မသေချင်ရင် ကျွန်မမေးတာ အမှန်အတိုင်းဖြေ"
မောင်အေး၏ လည်ကုတ်ဆစ်ခနဲဖြစ်သွားသည်။ ချွန်ထက်နေသော ဓါးမြှောင်ကလေးက မောင်အေး၏ ဂုတ်ကိုထောက်ထားရာမှ အရေပြားအတွင်း အနည်းငယ်စိုက်ဝင်သွားသည်f။
"ကောင်းပါပြီ၊ ငါပြောပါ့မယ်၊ မင်းဘာသိချင်တာလဲ"
"မိုးသီးဘယ်မှာလဲ"
မောင်အေးတစ်ယောက် ငြိမ်ကျသွားပြီး အတန်ကြာသည်အထိနှုတ်ဆိတ်နေသည်။
"ပြောလေ၊ အချိန်ဆွဲမနေနဲ့၊ မိုးသီးဘယ်မှာလဲ"
"ငါအချိန်မဆွဲပါဘူးကွာ၊ မင်းပြောတဲ့ မိုးသီးက ဘယ်တစ်ယောက်လဲလို့ ငါစဉ်းစားနေတာပါ၊ တို့လူမိုက် လောကထဲမှာ မိုးသီးဆိုတဲ့လူတွေ တစ်ပုံကြီးပဲကိုကွ"
ခင်ခင်ကစိတ်မရှည်တော့
"ညာဖက်မျက်လုံးကန်းနေပြီး မျက်နှာမှာ ဓါးခုတ်ရာကြီးရှိတဲ့မိုးသီးကိုပြောတာ"
ထိုအခါ မောင်အေးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဟား၊ ဟား၊ မိန်းကလေး၊ မင်းကတစ်ကယ့် ကျားကိုရှာနေတာပဲ"
"အပိုမပြောနဲ့လို့ပြောထားတယ်၊ သူဘယ်မှာလဲဆိုတာကိုသာပြော"
"မင်းရှာနေတဲ့မိုးသီးက နှယ်နှယ်ရရလူမဟုတ်ဘူးနော်၊ လူမိုက်လောကထဲမှာ နာမည်တစ်လုံးနဲ့နေတဲ့ တစ်ဖက်လပ်မိုးသီးဆိုတဲ့ လူမိုက်ကြီးကွ"
"အဲဒါတွေပြောမနေနဲ့၊ သူရှိတဲ့နေရာကိုသာပြော"
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ အံဆွဲထဲက ငါ့ဖုန်းကိုနှိုက်ခွင့်ပေး"
"ရှင် ဉာဏ်များမယ်မကြံနဲ့နော်f"
"မကြံပါဘူးကွာ၊ သူ့နေရာကို ငါမသိဘူးကွ၊ သူကအမြဲတမ်းလှည့်လယ်နေတတ်တဲ့သူပဲ၊ သူဘယ်ရောက်နေသလဲဆိုတာကို ငါ့ဖုန်းထဲကနေ လှမ်းကြည့်မှရမယ်"
"ဒါဆိုလဲ မြန်မြန်လုပ်မဟုတ်တာလုပ်မယ် မကြံနဲ့နော်"
မောင်အေးက လက်ကိုအောက်ချပြီး အံဆွဲကိုဆွဲဖွင့်လိုက်သည်။ ထို့နောက် အံဆွဲအတွင်းမှ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။
"ဖွတ်၊ ရှူး"
အခန်းအတွင်း မီးခိုးငွေ့များထွက်လာသည်။ ခင်ခင်လဲ သူ့နှာခေါင်းကို လက်နှင့်ကာလိုက်ပြီး ခုံကိုလှမ်းကြည့် လိုက်ရာမောင်အေးမှာ မီးခိုးငွေ့များအတွင်း ပျောက်ကွယ်သွားသည်။
"တောက်၊ ကလိမ်ကကျစ်နဲ့"
ခင်ခင်က မီးခိုးငွေ့များကြားတွင် အခန်းတံခါးဆီသို့ပြေးသွားလိုက်သည်။ ထိုအချိန်တွင် အခန်းတံခါးကြီးပွင့်သွားပြီး သေနတ်ကိုင်ထားသည့် လူဆယ်ယောက်က တန်းစီလျှက် အခန်းရှေ့တွင်ရပ်နေသည်။ ထို့နောက် သူတို့ကိုင်ထားသည့် လက်နက်ငယ်များဖြင့် အခန်းအတွင်းသို့ တရစပ်ပစ်ခတ်ခတ်တော့သည်။
"ဒိုင်း၊ ဒိုင်း၊ ဒိုင်း"
လက်နက်ငယ်များ ကျည်ဆန်ကုန်သွားမှ အပစ်ရပ်လိုက်ကြသည်။ အခန်းအတွင်း မီးခိုးငွေ့များ ဖုံးလွှမ်းနေသဖြင့် ဘာကိုမှ သေချာမမြင်ရပေ။ သေနတ်သမားများက ကျည်ကတ်များလဲပြီး ကျည်ဖြည့်နေသည်။
ခင်ခင်က မီးခိုးလုံးများကြားမှ ခုန်ထွက်လိုက်သည်။ ကျည်ကတ်လဲနေသော လူတစ်ယောက်ကို အပြေးခုန်ဝင်ကာ ဆောင့်ကန်ထည့်လိုက်သည်။ ထို့နောက် ထိုလူထံမှ ကျည်ဖြည့်ပြီးသေနတ်ကိုဆွဲယူလိုက်ပြန်သည်။ထိုနောက် ဘေးနားရှိ သေနတ်သမားတစ်ယောက်၏ လည်ကုတ်ပေါ်သို့ ခုန်တက်ကာ ခွထိုင်လိုက်သည်။ အံ့အားသင့်သွားသည့် ထိုသေနတ်သမား၏ လက်မှ သေနတ်တစ်ဖက်ကိုဆွဲယူလိုက်ပြီး သေနတ်နှစ်လက်ကိုကိုင်ကာ သေနတ်သမားများကို တရစပ်ပစ်ခတ်လိုက်သည်။
ဆူညံကျယ်လောင်သည့် သေနတ်သံများကြားတွင် သေနတ်သမားများ အတုံးအရုန်းလဲပြိုကုန်သည်။ သေနတ်သမားများ ကုန်သွားတော့မှ ခင်ခင်က သူတက်စီးထားသည့် လူအား ကုတ်ချိုးကာသတ်ဖြတ်လိုက်သည်။ လက်ထဲမှ သေနတ်နှစ်လက်ကိုလဲလွှင့်ပစ်လိုက်သည်။
"အသုံးမကျတဲ့လူတွေ"
ခင်ခင်ရေရွတ်နေတုန်းရှိသေးသည်။ ကင်ဒိုဓါးရှည်များကိုင်ဆောင်ထားသည့် လူမိုက်အယောက်နှစ်ဆယ်ခန့်က သူ့ထံသို့ပြေးဝင်လာသည်။ ထို့နောက် ခင်ခင်ကို ဝိုင်းရံလိုက်ကြသည်။ ထိုလူများနောက်တွင် မောင်အေးက ပေါ်လာသည်။
"ကဲ၊ မင်းအရည်အချင်းကိုကြိုက်လို့ မင်းကိုငါတစ်ခုကမ်းလှမ်းမယ်၊ မင်းငါ့ဆီမှာ အလုပ်လုပ်မယ်ဆိုရင် မင်းကိုငါ့ရဲ့ကိုယ်ရံတော်အဖြစ်ခန့်မယ်၊ မင်းအတွက်လဲ အကျိုးအမြတ်မနည်းစေရဘူး"
ခင်ခင်က ပြုံးလိုက်ပြီး
"ရှင့်ကမ်းလှမ်းချက်ကို ကျွန်မလက်မခံဘူးဆိုရင်ရော"
ထိုအခါ မောင်အေးက စိတ်ပျက်လက်ပျက်နှင့်သက်ပြင်းချလိုက်သည်။
"မင်းကိုတော့ နှမြောပါရဲ့ကွာ၊ ဟေ့ကောင်တွေ သူ့ကိုအပိုင်းပိုင်းဖြတ်ကြစမ်း"
ဓါးကိုင်လူများက ခင်ခင်အား အတင်းဝင်ပိုင်းတော့သည်။ ခင်ခင်က ပေါ့ပါးလွန်းသဖြင့်သာ ဓါးချက်မထိခြင်းဖြစ်သည်။ လူငါးယောက်က တရစပ်ဝင်ပြီးခုတ်ပိုင်းနေရာ ခင်ခင်မှာ သတိကြီးစွာထားပြီး ရှောင်ရှားနေရသည်။ ထိုသို့ရှောင်ရှားရင်း သူ၏ဓါးမြှောင်ကလေးနှင့် ထိုလူများကို တန်ပြန်တိုက်ခိုက်သည်။ ချက်ကောင်းနေရာများကို ထိုးတန်သည်ထိုး လှီးတန်သည်လှီးဖြင့်တိုက်ခိုက်ရသည်။ သူ၏ ဓါးမြှောင်ကလေးမှာ ခြောက်လက်မနီးပါးရှိပြီး ချွန်လဲအလွန်ချွန်ထက်ကာ ပြတ်လဲအတော်ပြတ်ရှသည်။ သိပ်မကြာခင်မှာပင် ထိုလူငါးယောက်တို့ကြမ်းပြင်တွင်လဲကျသွားသည်။ လည်ပင်းတွင်လဲ ပြတ်ရှဒဏ်ရာများနှင့် သွေးတွေပန်းထွက်နေသည်။ ထိုအဖြစ်ကို မောင်အေးတွေ့သည့်အခါ အလွန်ထိတ်လန့်သွားသည်။
"မင်းတို့ကောင်တွေ သူ့ကိုဆက်ရှင်းထားလိုက်ကြဟေ့"
ထို့နောက်မောင်အေးက ပြေးဆင်းသွားသည်။ ခင်ခင်လဲ မောင်အေးအနောက်သို့ လိုက်မည်ကြံသော်လည်း ဓါးသမားများက သူ့အားတားဆီးထားလေသည်။ ခင်ခင်က ကြောင်တစ်ကောင်ဖြစ်လိုက်၊ လူအဖြစ်ပြောင်းလဲလိုက်နှင့် ထိုလူများကို အပြင်းအထန်တိုက်ခိုက်နေရသည်။
မောင်အေး၏လူမိုက်များက ဓါတ်လှေကားအတိုင်းထက်ပြီးတက်လာကြသည်။ ထိုသူတို့မှာ စက်သေနတ်အငယ်စားလေးများကို ကိုင်ဆောင်ထားကြပြီး အယောက်နှစ်ဆယ်ခန့်ရှိသည်။ အထပ် (၂၀) ဓါတ်လှေကားတံခါးကိုဖွင့်လိုက်သည့်အချိန်တွင်တော့ သွေးအလိမ်းလိမ်းနှင့် လဲပြိုသေဆုံးနေကြသည့် လူမိုက်များကိုသာ တွေ့လိုက်ရပြီး ခင်ခင်ကိုတော့ မတွေ့ရတော့ပေ။
(၆)
"ကလင်၊ ကလင်"
ဖုန်းမြည်သံကြားသဖြင့် ဟုမ်းတစ်ယောက်
လန့်နိုးလာပြန်သည်။ ညက စာဖတ်ရင်းအိပ်ပျော်သွားသဖြင့် မျက်မှန်ကိုမနည်းပြန်ကောက်တတ်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဟဲလိုဟုမ်း၊ မင်းစိတ်ဝင်စားမယ့်သတင်းတစ်ခုပြောမလို့"
ဖုန်းဆက်သူက ထုံးစံအတိုင်း တပ်ကြပ်မောင်မျိုးဖြစ်သည်။ သူကပင်ဆက်ပြီး
"ညက မြင်းမိုရ်မောင်အေး အတိုက်ခိုက်ခံရတယ်လို့သတင်းရတယ်"
ဟုမ်း အံ့ဩသွားသည်။
"ဘာပြောတယ်၊ ဘယ်သူကများ မြင်းမိုရ်မောင်အေးကို ရန်ပြုရဲတာလဲ"
"ဘယ်သူလဲဆိုတာကတော့ မင်းကိုယ်တိုင်သာ လာကြည့်ပါတော့ဟုမ်း"
"ကောင်းပြီ၊ ကျွန်တော်အခုထွက်လာခဲ့မယ်"
ဟုမ်းလည်း မျက်နာပင်မသစ်တော့ဘဲ၊ ပိုက်ဆံအိတ်ကိုဆွဲယူကာ အကျီလက်ရှည်တစ်ထည်ကို အပေါ်မှဝတ်လျှက် အခန်းထဲမှ အပြေးထွက်လာခဲ့တော့သည်။
ဟုမ်းလဲ အငှားကားတစ်စီးကိုစီးပြီး တပ်ကြပ်မောင်မျိုးခေါ်ဆောင်သည့် နေရာကိုလာခဲ့သည်။ ထိုနေရာက ဆိပ်ကမ်းရှိ ကုန်တင်ကုန်ချလုပ်သည့်နေရာတစ်ခုပင်ဖြစ်သည်။ ဟုမ်းရောက်သွားတော့ ထိုနေရာတစ်ဝိုက်တွင် ရဲများ၊ ဆေးရုံကားများရပ်တန့်ထားသည်ကိုတွေ့ရသည်။ ဟုမ်းပြေးဝင်လာတော့ တပ်ကြပ်မောင်မျိုးနှင့်တွေ့ဆုံသည်။
"မနေ့က အင်္ကျီကြီးပါပဲလားကွ"
"အဲဒါအရေးမကြီးပါဘူးဗျာ၊ အခုဘယ်လိုဖြစ်တာလဲ"
တပ်ကြပ်မောင်မျိုးက နှုတ်ခမ်းကိုလက်ညှိုးနှင့်ကာပြလိုက်ပြီး ဟုမ်းကိုတိတ်တိတ်နေရန်အတွက် သတိပေးလိုက်သည်။ ထို့နောက် သူ့ကိုကုန်ချသည့်နေရာတစ်ခုသို့ခေါ်သွားသည်။
"အောင်မယ်လေး"
ဟုမ်းအလွန်အံ့ဩသွားသည်။ တပ်ကြပ်မောင်မျိုးက အံ့ဩသွားသည့် ဟုမ်းကိုကြည့်ရင်းပြုံးနေသည်။
"များလိုက်တဲ့အလောင်းတွေပါလား"
ကွန်တိန်နာကြီးတစ်ခုအတွင်းတွင် လူသေအလောင်းများစုပုံထည့်ထားသည်။ လူသေတွေက သွေးတွေစွန်းထင်းနေပြီး ပုံစံတူအဝတ်အစားများကိုဝတ်ဆင်ထားသည်။ ကျန်းမာရေးဝန်ထမ်းများက ထိုလူသေများကို ထုတ်ယူပြီး ဆေးရုံကားပေါ်သို့တင်ဆောင်နေသည်။ ဟုမ်းလဲသဘောပေါက်လိုက်ပြီး တပ်ကြပ်မောင်မျိုးနားသို့တိုးကပ်ကာ တိုးတိုးလေးမေးလိုက်သည်။
"ရဲတွေဘယ်လိုထင်မြင်သလဲ"
"ဒုစရိုက်ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားပြီးတော့ ဒီလူတွေသေသွားတယ်လို့ယူဆတယ်"
ဟုမ်းကမျက်မှောင်ကြုတ်လိုက်ပြီး
"ဒါပဲလား"
"ဟုတ်တယ်ဟုမ်း၊ ငါတို့မှာ ဘယ်သူလုပ်တယ်ဆိုတဲ့ တိကျတဲ့သက်သေမရှိဘူး ဟုမ်း"
"ဒါဆို ဒီလူတွေလဲ အရင်တုန်းကဖြစ်ခဲ့သလိုပဲ ဘယ်သူဘယ်ဝါမှန်းမသိဘဲနဲ့ အစုလိုက်အပြုံလိုက် သဂြိုလ်ခံရပြီး လက်စပျောက်သွားမယ့်သဘောလား"
တပ်ကြပ်မောင်မျိုးက သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။
"ကျုပ်အလောင်းတွေကို စစ်ဆေးကြည့်ချင်တယ်"
တပ်ကြပ်မောင်မျိုးက ခေါင်းခါလိုက်သည်။
"ဒီအမှုက မင်းထင်သလောက်မရိုးရှင်းဘူး ဟုမ်း၊ နောက်ကွယ်မှာ လူကြီးလူကောင်းတွေ ပါဝင်ပတ်သက်နေပုံရတယ်၊ ငါတို့ကိုလဲ ဒီအမှုကိုလိုက်ခွင့်မပေးထားဘူး"
"ကျုပ်ခဏတော့ကြည့်ပါရစေ"
တပ်ကြပ်မောင်မျိုးက ဘေးဘီကိုကြည့်လိုက်သည်။ ကွန်တိန်နာအနီးတွင် ရပ်စောင့်နေသည့် ရဲတပ်သားနှစ်ဦးကိုတွေ့ရပြီး ထိုသူများက သွေးညှီနံ့များနံသဖြင့် ခပ်လှမ်းလှမ်းတွင်ရပ်နေကြသည်။ အလောင်းသယ်သည့် သူနှစ်ယောက်က အလောင်းတစ်လောင်းကိုထမ်းစင်နှင့် သယ်ထုတ်သွားသည်။
"အခုကြည့်လိုက်ဟုမ်း၊ မြန်မြန်တော့လုပ်"
ကွန်တိန်နာအနီးသို့ သူတို့တိုးကပ်သွားကြသည်။ လူသေအလောင်းတွေမှာ ပိုးလိုးပက်လက်လန်နေပြီး သွေးအလိမ်းလိမ်းနှင့် မြင်မကောင်းပေ။ တပ်ကြပ်မောင်မျိုးက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ပြီး နှာခေါင်းကိုကွယ်ထားလိုက်သည်။ ကွန်တိန်နာအနီးသို့ရောက်သည့်အခါ သွေးညှီနံ့ကလှိုင်ပြီးထွက်နေသည်။
"မင်းအကြာကြီးကြည့်လို့မရဘူး၊ ဒီအချိန်မှာ မင်းဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးဟုမ်း"
"ဒီမှာကြည့်စမ်း"
ဟုမ်းက သေဆုံးနေသည့် လူတစ်ယောက်၏ အကျီလက်ကို အသာကလေးကိုင်ပြီးဆွဲတင်လိုက်သည်။ ထိုလူ၏ လက်ဖျံတွင် တိမ်အလယ်တွင်ပေါ်ထွက်နေသည့် တောင်ပုံသဏ္ဍာန် ဆေးမင်ကြောင်ထိုးထားသည်ကိုတွေ့ရသည်။
"ဒီဆေးမင်ကြောင်အရ သူတို့က မြင်းမိုရ်မောင်အေးရဲ့ လူမိုက်တွေပဲ၊ တောင်ရဲ့အောက်မှာ သေချာကြည့်ရင် တိမ်တိုက်ကလေးသုံးခုရှိတယ်၊ အဲဒါကိုကြည့်ချင်းအားဖြင့် ဒီလူတွေက မြင်းမိုရ်မောင်အေးရဲ့လက်ရွေးစင်လူမိုက်တွေပဲ၊ သူတို့ဂိုဏ်းရဲ့ထုံးစံအရ တိမ်တိုက်များလေလေ အဆင့်မြင့်လေလေပဲ"
ဟုမ်းက လူသေများကိုသေချာကြည့်ရှုပြီး တပ်ကြပ်မောင်မျိုးကိုပြောပြလိုက်သည်။
"မင်းကတော့ ဒုစရိုက်ဂိုဏ်းတွေအကြောင်းကို သေသေချာချာလေ့လာထားတဲ့သူပီပီ ကောင်းကောင်းပြောနိုင်တာပဲ၊ မနက်က ကနဦးရေတွက်မှုအရ အလောင်းစုစုပေါင်းသုံးဆယ်ရှိတယ်၊ သေနတ်မှန်ပြီးသေတဲ့လူက ဆယ်ဦးလောက်ရှိပြီး ကျန်တဲ့သူတွေကတော့ မင်းမြင်တဲ့အတိုင်းပဲ"
"တစ်ချို့ကတော့ သေနတ်ကျည်ဆန်မှန်ပြီးသေတယ်ဆိုပေမယ့် တော်တော်များများကတော့ လည်ပင်းမှာ ပြတ်ရှုဒဏ်ရာတွေနဲ့ သေဆုံးနေတာပဲဗျ၊ နောက်ပြီးသေဆုံးသူတော်တော်များများရဲ့ ဒဏ်ရာတွေက တူညီနေတယ်ဆိုတော့ မဟုတ်မှလွဲရော သူတို့ကို လူတစ်ယောက်တည်းကများ သတ်ပစ်လိုက်တာများလား"
တပ်ကြပ်မောင်မျိုးက ပြုံးလိုက်သည်။ ထိုစဉ် အလောင်းသယ်သည့်လူများရောက်လာပြီး အလောင်းတစ်ခုကို လူသေတင်သည့် ကတ်ပေါ်သို့ ဆွဲတင်လိုက်ကြပြီး ထိုမှတဆင့်လူနာတင်သည့် တွန်းလှည်းပေါ်သို့တင်လိုက်ကာ တွန်းသွားကြသည်။
"ဟုမ်းရယ်၊ လူတစ်ယောက်က လူအယောက်နှစ်ဆယ်လောက်ကို သတ်ပစ်နိုင်တယ်ဆိုတာ ဇာတ်လမ်းတွေထဲပဲရှိမှာပေါ့၊ အပြင်မှာရှိပါ့မလား"
"အင်း၊ အဲဒါကလဲ ထူးဆန်းတဲ့အချက်ပဲ"
"ကဲ ဟုမ်း၊ ဒီမှာ ငါတို့ကြာကြာနေလို့မကောင်းဘူး၊ ဒီအလောင်းတွေကို မကြာခင်မီးသဂြိုလ်တော့မှာဆိုတော့ ငါတို့ပြန်ရအောင်"
သူတို့လှည့်ထွက်လိုက်သည့်အခါတွင် ကွန်တိန်နာအတွင်းမှ အသံသဲ့သဲ့တစ်သံကိုကြားလိုက်ရသည်။
"ကယ်ကြပါ"
ဟုမ်းလဲ ချက်ချင်းအနောက်သို့ပြန်လှည့်လိုက်ပြီး ကွန်တိန်နာအတွင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် တပ်ကြပ်မောင်မျိုးဘက်လှည့်ကြည့်ပြီး
"ခင်ဗျားရောကြားလိုက်လား"
တပ်ကြပ်မောင်မျိုးက ခေါင်းညိတ်ပြသည်။
"ကယ်ကြပါ၊ ကယ်ကြပါ"
အသံက ထပ်ပြီးထွက်ပေါ်လာသဖြင့် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကွန်တိန်နာအတွင်းသို့ပြေးဝင်ခဲ့သည်။ သေဆုံးနေသည့် ရုပ်အလောင်းများကို ခွကျော်နင်းပြီးနောက် အသံထွက်သည့်နေရာဆီသို့လာခဲ့သည်။ လူသေအလောင်းတစ်ခုအောက်တွင် လက်တစ်ချောင်းကထွက်ပြီးလှုပ်ယမ်းနေသည်။ ဟုမ်းတို့လဲ ထိုလူသေအလောင်းကို တွန်းဖယ်လိုက်ပြီး အောက်မှလက်ကိုဆွဲတင်လိုက်သည်။ ထိုအခါ သွေးအလိမ်းလိမ်းနှင့် လူတစ်ယောက်ထွက်လာသည်။
"ကိုမျိုး၊ ကျုပ်တို့သက်သေတစ်ယောက်ရပြီ"
တပ်ကြပ်မောင်မျိုးက ထိတ်လန့်လျှက်ရှိသည်။
"ဒီကလူတွေကတော့ ဒီသက်သေကိုလိုချင်မှာမဟုတ်ဘူးဟုမ်း"
ထိုလူတစ်ကိုယ်လုံး သွေးတွေနှင့်ဖုံးလွှမ်းနေပြီး သူတို့နှစ်ယောက်ကိုကြည့်ကာ
"ကယ်ပါ၊ ကျုပ်ကိုကယ်ပါရဲအရာရှိကြီးခင်ဗျာ"
တပ်ကြပ်မောင်မျိုးက ဟုမ်းကိုကြည့်လိုက်ပြီး
"ကဲ ဟုမ်း၊ မင်းဘာလုပ်မလဲ"
"သူ့ကို ဒီကလူတွေမသိအောင်လို့ ခေါ်ထုတ်သွားမှရမယ်"
"ကောင်းပြီ၊ အခုဒီနေရာမှာ လူရှင်းတယ်၊ ဟိုးမှာ ရဲအစောင့်နှစ်ယောက်ရှိတယ်၊ ငါသူတို့ကိုသွားပြီး အာရုံလွှဲထားလိုက်မယ်၊ မင်းနဲ့သူနဲ့က အလောင်းကောက်တဲ့လူတွေမလာခင် ဒီကနေထွက်သွားတော့"
တပ်ကြပ်မောင်မျိုးက ရဲအစောင့်နှစ်ဦးအနားသွားလိုက်ပြီး စကားပြောနေသည်။ ရဲများက သူတို့ကိုကျောပေးထားသဖြင့် မမြင်နိုင်ပေ။
"ဟေ့လူ၊ ခင်ဗျားရေကူးတတ်လား"
ထိုလူက ခေါင်းညိတ်ပြသည်မို့ ဟုမ်းက ထိုလူ့လက်ကိုဆွဲပြီး ကွန်တိန်နာအတွင်းမှ ထွက်လာခဲ့သည်။ ထို့နောက် ဆိပ်ကမ်းတစ်နေရာအရောက်တွင် သူတို့အတူတူရေထဲခုန်ဆင်းလိုက်ကြသည်။ ဆိပ်ကမ်းတွင် ရဲများနှင့် အခြားလူများရှိနေသဖြင့် ထိုနည်းဖြင့်ရေထဲမှ ကူးခတ်သွားသည့် နည်းလမ်းသာရှိသည်။
(၇)
အထပ်မြင့်တိုက်ကြီး၏ ၀ရန်တာများပေါ်တွင် ကြောင်အနက်ကလေးတစ်ကောင်ပြေးလွှားနေသည်။ ထိုကြောင်အနက်ကလေးက ၀ရန်တာ တစ်ခုပြီးတစ်ခု ခုန်တက်ကာ ပြေးလွှားနေသည်။ သို့သော် ထိုကြောင်နက်ကလေးကို ကြည့်ရသည်က နာကျင်ပြီးဒဏ်ရာ ရနေပုံရသည်။ ၀ရန်တာတစ်ခုသို့ လှမ်းခုန်တက်ပြီးသည့်နောက် ထိုကြောင်နက်ကလေးမှာ လူအဖြစ်ပြောင်းလဲသွားသည်။
"အား၊ ကျွတ်၊ ကျွတ်"
ထိုကြောင်နက်ကလေးမှာ ခင်ခင်ဖြစ်သည်ကို အထွေအထူးပြောစရာမလိုတော့ပေ။ ခင်ခင်လည်း လူသုံးဆယ်လောက်နှင့် တိုက်ခိုက်ခဲ့ရသည်မို့ ဒဏ်ရာတွေရလာခဲ့သည်။ ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ခုရခဲ့ပြီး ထိုဒဏ်ရာက အတော်နက်ကာ သွေးတွေဆက်တိုက်ထွက်နေသည်။ အလားတူ ပါးပြင်၊ လက်မောင်း၊ ခြေသလုံးနှင့် လက်ဖျံများတွင်လည်း ပြတ်ရှဒဏ်ရာများရခဲ့သော်လည်း ဒဏ်ရာသိပ်မကြီးပေ။
ခြေထောက်တစ်ဖက်မှာ အတော်နာကျင်နေသည်မို့ အားယူပြီး ၀ရန်တာမှလှမ်းဝင်လိုက်သည်။ သို့သော် စိတ်ကိုလျော့ချလိုက်သည်မို့ သူ့ခေါင်းတွေ ချာချာလည်လာသည်။ သူ့အမြင်အာရုံတွေမှုန်ဝါးလာပြီး မေ့မြောသွားတော့သည်။
ဟုမ်းနှင့်ထိုလူတို့လဲ အခန်းထဲဝင်လိုက်ကြသည်။ ဟုမ်းအခန်းရှုပ်ပွနေသည်ကို ထိုလူက လိုက်ပြီးကြည့်နေသည်။ ဟုမ်းက နှစ်ယောက်ထိုင်ဆိုဖာခုံကို လက်ညှိုးထိုးပြလိုက်သည့်အခါ ထိုလူက ဝင်ထိုင်လိုက်သည်။
"ခင်ဗျားစီးကရက်သောက်မလား"
ဟုမ်းက စီးကရက်လှမ်းပေးလိုက်သည့်အခါ ထိုလူက စီးကရက်ကိုလှမ်းယူပြီး အငမ်းမရသောက်လိုက်သည်။ ရေထဲမှကူးလာသဖြင့် သူတို့အဝတ်အစားတွေ စိုရွှဲလျှက်ပင်ရှိသေးသည်။
"ခင်ဗျားကို ခင်ဗျားတို့လူတွေက သေပြီဆိုပြီး စွန့်ပစ်သွားခဲ့တာပဲ၊ ခင်ဗျားမသေတာ ကံကောင်းတာပဲ"
"ဟုတ်၊ ဟုတ်ပါတယ်"
"ဒီတော့ခင်ဗျားကို ကျုပ်မေးစရာလေး အနည်းငယ်ရှိတယ်"
ထိုလူမျက်နှာပျက်သွားသည်။
"ခင်ဗျားကရဲတွေနဲ့ပတ်သက်နေတယ်မဟုတ်လား၊ ခင်ဗျားကျုပ်ကိုကယ်ထုတ်ခဲ့တယ်ဆိုပေမယ့် ကျုပ်တို့ဂိုဏ်းအကြောင်းတော့ ကျုပ်မပြောနိုင်ဘူး၊ ကျုပ်ဖော်ကောင်မလုပ်ချင်ဘူး"
ဟုမ်းက ပြုံးလိုက်သည်။
"လူမိုက်တို့ရဲ့သစ္စာတရားပါလား၊ ခင်ဗျားကို သူတို့ကစွန့်ပစ်သွားတာတောင်မှ ခင်ဗျားက သူတို့ကိုစိတ်မနာသေးဘူးပဲ၊ ကောင်းပြီလေ၊ ကျုပ်လဲ ခင်ဗျားတို့ဘာတွေလုပ်သလဲဆိုတာ မမေးပါဘူး"
ဟုမ်းကလည်း စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်ကိုက်လိုက်ပြီး မီးခြစ်နှင့်မီးညှိလိုက်သည်။
"ဒါဆိုခင်ဗျားဘာသိချင်တာလဲ"
"ကျုပ်သိချင်တာက ခင်ဗျားတို့ဘယ်သူနဲ့ တိုက်ခိုက်ခဲ့တာလဲဆိုတာကိုပါ"
ထိုလူက လက်ထဲကစီးကရက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းလိုက်သည်။ ထို့နောက် ဟုမ်းကိုကြည့်လျှက်
"ခင်ဗျားကိုပြောရင် ခင်ဗျားကျုပ်ကိုရူးနေတယ်လို့ ထင်ချင်ထင်လိမ့်မယ်ဗျ"
ဟုမ်းကပြုံးပြလိုက်ပြီး
"ကျုပ်ဘယ်လိုမှ မထင်ပါဘူးဗျာ၊ ကဲပြောမှာသာပြောစမ်းပါ"
"ကျုပ်တို့နဲ့တိုက်ခိုက်ခဲ့တာ မိန်းကလေးတစ်ယောက်ပဲဗျ၊ ဒါပေမယ့် အဲဒီမိန်းကလေးက လူမဟုတ်ဘူး၊ ကြောင်တစ်ကောင်"
ဟုမ်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ခင်ဗျားကျုပ်ကိုရူးနေတယ်လို့ထင်သွားပြီမဟုတ်လား၊ ဒါပေမယ့် တစ်ကယ်ဗျ၊ ဒီမိန်းကလေးက လူဖြစ်လိုက်၊ ကြောင်တစ်ကောင်ဖြစ်သွားလိုက်နဲ့ ရုတ်ချည်းပြောင်းလဲနိုင်သလို အရမ်းလျှင်မြန်ပေါ့ပါးတယ်ဗျ"
"ကောင်းပြီလေ၊ ကျုပ်ယုံချင်ပါတယ်၊ နည်းနည်းအသေးစိတ်လေး ပြောပြလို့ရမလား"
"သတိပေးသံကြားတာနဲ့ ကျုပ်တို့လဲ ကျုပ်တို့ဆရာရဲ့ရုံးခန်းဆီကို စက်သေနတ်အသေးတွေကိုင်ပြီး ပြေးတက်လာခဲ့ကြတယ်၊ အခန်းတံခါးကိုဖွင့်လိုက်တော့ မီးခိုးလုံးတွေနဲ့မှုန်ဝါးနေတယ်၊ ဒါနဲ့ကျုပ်တို့လဲ အခန်းထဲကို သေနတ်တွေနဲ့ ရမ်းပြီးတရစပ်ပစ်ခတ်လိုက်ကြတယ်၊ ကျည်ဆန်ကုန်သွားလို့ ကျုပ်လည်း ကျည်ကတ်လဲလိုက်တဲ့အချိန်မှာ အဲဒီမီးခိုးထဲကနေ မိန်းကလေးတစ်ယောက်ပြေးထွက်လာပြီး ကျုပ်ကိုကန်ထည့်လိုက်တယ်၊ မိန်းကလေးဆိုပေမယ့် အားကအတော်ပြင်းတယ်၊ အဲဒီမိန်းကလေးက ကျုပ်လက်ထဲက သေနတ်ကိုလဲ ဆွဲယူသွားတယ်၊ ကျုပ်လဲ အကန်ခံရပြီး ကြမ်းပြင်နဲ့နောက်စေ့နဲ့ ရိုက်မိပြီးတော့ မေ့မြောသွားတာပဲ၊ ကျုပ်ပြန်သတိရလာတဲ့အချိန်မှာ တိုက်ခိုက်သံတွေကြားရတယ်။ ကျုပ်သေချာကြည့်တော့ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့မိန်းကလေးကကျုပ်တို့ဂိုဏ်းကလူတွေနဲ့ တိုက်ခိုက်နေကြတယ်။ ကျုပ်ခေါင်းကမူးဝေလာပြီး ကျုပ်လဲပြန်မေ့မြောသွားတယ်၊ နောက်ပိုင်းဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကျုပ်မသိဘူး"
ဟုမ်းက လေးလေးနက်နက်စဉ်းစားနေပုံရသည်။
"ခင်ဗျားပြောတာအမှန်ဆိုရင်တော့ ဒီမိန်းကလေးဟာ ထူးခြားတဲ့အစွမ်းရှိတဲ့သူပေါ့"
"ထူးတာကတော့ ထူးလိမ့်မယ်ဗျ၊ ဘာလို့လဲဆိုတော့ ကျုပ်တို့ဟိုတယ်ရဲ့ အထပ် (၂၀) ဆိုတာက သီးသန့်အထပ်ကြီး၊ တစ်ထပ်လုံးမှာ အစောင့်တွေရှိတယ်၊ နောက်ပြီးတော့ ဟိုတယ်ကလူတွေ တက်လာလို့မရအောင်လို့ သီးသန့်ဓါတ်လှေကားတစ်ခုတပ်ထားတယ်၊ အဲဒီဓါတ်လှေကားရဲ့ အောက်ဆုံး ကားပါကင်မှာလဲ အစောင့်အကြပ်တွေရှိတယ်၊ ဒါတောင်မှ ဒီမိန်းကလေးက လူတွေမသိအောင်ခိုးဝင်နိုင်တယ်ဆိုတော့ အတော်စွမ်းလို့ပေါ့၊ နောက်ပြီး အခုသေသွားတဲ့လူတွေကလဲ သာမန်လူမိုက်တွေမှမဟုတ်ဘဲ၊ ဓါးခုတ်အလွန်ကျွမ်းကျင်တဲ့ ကင်ဒိုတပ်ဖွဲ့လို့ခေါ်တဲ့ အဖွဲ့ကလူတွေဗျ၊ ဒီလူတွေက ကျုပ်ဆရာမောင်အေးကို အနီးကပ်စောင့်ရှောက်ရတဲ့သူတွေပေါ့"
"ကောင်းပါပြီ၊ အဲဒီတော့ ခင်ဗျားအခုဘာဆက်လုပ်မလဲ"
"ကျုပ်အိမ်ပြန်ချင်တယ်"
ဟုမ်းက ခေါင်းညိတ်လိုက်ပြီး အခန်းတံခါးကိုဖွင့်ပေးလိုက်သည်။ ထိုလူက ရေစိုလျှက်အဝတ်အစားနှင့်ပင် အခန်းအပြင်သို့ထွက်သွားသည်။ ဟုမ်းကိုတောင် တစ်ချက်နှုတ်ဆက်မသွားပေ။ ထိုစဉ်မှာပင် သူ့အခန်းထဲမှ ဖုန်းကမြည်လာသဖြင့် ဟုမ်းလဲ ကောက်ကိုင်လိုက်သည်။
"ဟုမ်း၊ ဘာထူးလဲ"
ဖုန်းဆက်သူကတော့ ထုံးစံအတိုင်း တပ်ကြပ်မောင်မျိုးဖြစ်သည်။
"ထူးဆန်းတယ်ဗျ၊ ဒီလူပြောပုံအရ သူတို့နဲ့တိုက်ခိုက်ခဲ့တဲ့လူက မိန်းကလေးတစ်ယောက်တဲ့ နောက်ပြီးတော့ လူမဟုတ်ဘူးတဲ့၊ ကြောင်တစ်ကောင်လို့ပြောတယ်ဗျ၊ အဲဒါထူးဆန်းမနေဘူးလား"
"ကြောင်တစ်ကောင်ဟုတ်လား၊ ထူးဆန်းတာပေါ့ဟုမ်းရာ၊ ဒီလိုပြောဆိုချက်မျိုးကို လွန်ခဲ့တဲ့တစ်ရက်ကပဲ ထပ်ကြားခဲ့ရသေးတယ်"
"ဘယ်သူပြောခဲ့တာလဲ"
"ဂျော်ကြီးကို မင်းသိတယ်မဟုတ်လား၊ ဂျော်ကြီးကိုငါတို့ဖမ်းဆီးပြီးတော့ ဂျော်ကြီးကလဲ သူတို့ကိုတိုက်ခိုက်တဲ့လူက ကြောင်နက်တစ်ကောင်အဖြစ်ပြောင်းလို့ရတဲ့ မိန်းကလေးတစ်ယောက်လို့ ဆိုတယ်ကွ"
ဟုမ်းလဲစိတ်ရှုပ်ထွေးသွားပြီး ခေါင်းကဆံပင်တွေကိုဖွနေလိုက်သည်။ ဆံပင်တွေက ဆားငံရေများစိုထားသဖြင့် ကပ်စေးပြီး ကြမ်းတမ်းနေသည်။ ထို့နောက်ဆက်လက်ပြီး
"ဒီအမှုကွင်းဆက်တွေမှာ တစ်ခုခုထူးခြားတာတော့ဖြစ်နေပြီဆိုတာ တော့သေချာတယ်၊ ဒါပေမယ့် ကျုပ်ကလဲ ဒီလိုသဘာ၀လွန်ဖြစ်ရပ်တွေကို လက်မခံတဲ့သူဆိုတော့ ဒီလူတွေပြောတာကို ကျုပ်မယုံကြည်နိုင်သေးဘူးဖြစ်နေတယ်"
"ထင်ပါတယ်ဟုမ်းရာ၊ ငါတို့တစ်တွေလဲ ဒီလူတွေတိုင်ပင်ပြီးတော့ ထွက်ဆိုတယ်လို့ပဲယူဆတယ်၊ ဂျော်ကြီးကလဲ သူတို့ကိုအတုံးအရုံးဖြစ်အောင် တိုက်ခိုက်ခဲ့တဲ့လူကို မပြောချင်တာကြောင့် တမင်လွှဲပြီးဖြေတယ်လို့ ငါတို့ယူဆတယ်"
"ကိုမျိုးပြောတာဖြစ်နိုင်ပါတယ်"
"ကဲ၊ ဒါပဲဟုမ်း၊ ငါလဲလုပ်စရာလေးတွေရှိသေးတယ်၊ အကြောင်းထူးရင်မင်းဆီကို ဖုန်းပြန်ဆက်မယ်"
ဟုမ်းလဲဖုန်းခွက်ကိုပြန်ချလိုက်သည်။ ဆားငံရေများထိပြီး ရေချိုနှင့်ပြန်မချိုးရသေးသဖြင့် သူ့တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေကာ ယားကျိနေသည်။ ထို့ကြောင့် ရေချိုးခန်းအတွင်းဝင်ပြီး ရေချိုးလိုက်သည်။ ရေပန်းမှကျလာသည့် အေးမြသည့်ရေများနှင့်ထိတွေ့သွားမှ သူ့တစ်ကိုယ်လုံး အေးချမ်းသွားသလို ရှုပ်ထွေးနေသည့် သူ့စိတ်တွေလဲ အနည်းငယ်တည်ငြိမ်သွားခဲ့သည်။
"ကြောင်နက်ဆိုတာ ဘယ်သူဖြစ်နိုင်မလဲ"
ရေပန်းအောက်တွင် အတွေးထုတ်ရင်း ရေကိုအေးအေးလူလူချိုးလိုက်သည်။ ရေချိုးပြီးသည့်အခါ သူဝတ်စားထားသည့် အဝတ်အစားများကို တစ်ခါတည်း လျှော်ဖွပ်လိုက်ပြီး ကိုယ်အောက်ပိုင်းကို သဘက်တစ်ထည်နှင့်ပတ်လိုက်ကာ ရေချိုးခန်းအတွင်းမှ ပြန်ထွက်လာခဲ့သည်။ လက်ထဲမှရေစိုအဝတ်များကို ၀ရန်တာတွင်လှမ်းရန်ကြံစည်လိုက်ပြီး ၀ရန်တာ တံခါးကိုဆွဲဖွင့်လိုက်သည်။
"ဘုရားရေ"
သူမြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့ဩပြီးရေရွတ်မိသွားသည်။ သူ့၀ရန်တာတွင် အနက်ရောင်ရှိသည့် ကြောင်လေးတစ်ကောင်က ခွေခွေကလေးလဲကျနေသည်။ ဟုမ်းလဲ ကြောင်ကလေးအနီးတွင် ထိုင်ချလိုက်သည်။ ကြောင်ကလေး အိပ်မောကျနေပုံရသည်။ ကြောင်ကလေးအနီးတွင် သွေးကွက်တစ်ချို့ကိုတွေ့လိုက်ရပြီး ပေါင်တွင်ပြတ်ရှနေသည်ကိုတွေ့ရသည်။
"သနားစရာပဲ၊ ဒဏ်ရာ ရထားတာထင်တယ်"
ဟုမ်းလဲ သနားသွားပြီး ကြောင်ကလေးကို အသာပွေ့ချီလိုက်သည်။ ထိုအချိန်အထိကြောင်ကလေးမှာ မလှုပ်မယှက်ဖြစ်နေသည်။ ကြောင်ကလေးကို စားပွဲပေါ်ရှိ စာအုပ်များပေါ်တွင်တင်လိုက်ပြီး အံဆွဲထဲမှ အနာထည့်သည့်ဆေးရည်ကိုယူလိုက်ကာ ကြောင်ကလေး၏ညာဖက်ပေါင်ရှိ ဒဏ်ရာကိုဆေးရည်များညှစ်ထည့်ပေးလိုက်သည်။
"ညောင်၊ ညောင့်"
ကြောင်ကလေးက နာကျင်သဖြင့်အော်ဟစ်ပြီး လူးလွန့်နေသည်။ ထို့နောက် မျက်လုံးစိမ်းများပွင့်သွားပြီး ဟုမ်းကိုသေချာစိုက်ကြည့်နေသည်။ အစိမ်းရောင်မျက်လုံးများက ဖန်ဂေါ်လီလုံးကလေးများကို ပြာလဲ့ပြီးကြည်လင်တောက်ပနေသည်။ ဟုမ်းကလဲ ကြောင်ကလေးကို သေချာကြည့်ရင်း
"ဘာမှမပူနဲ့၊ ဆေးထည့်ထားပြီဆိုတော့ မင်းမကြာခင်ကောင်းသွားမှာပါ"
ကြောင်နက်ကလေးကို သဘက်အပိုင်းကလေးတစ်ခုနှင့်အုပ်ပေးထားသည်။ ကြောင်ကလေးမှာ အိပ်မောကျနေပုံရသည်။ ဟုမ်းလဲ ဧည့်ခန်းရှိ ဆိုဖာတွင်ထိုင်လိုက်ပြီး စာဖတ်နေလိုက်သည်။
နေ့လည်ရောက်တော့ ဟုမ်းကအပြင်ထွက်သွားသည်။ တံခါးပိတ်သံကိုကြားလိုက်ရတော့မှ ခင်ခင်လဲ ခေါင်းထောင်ကြည့်လိုက်သည်။
"တော်သေးတာပေါ့၊ ငါအခန်းမှားပြီး တက်လာမိပြီ၊ ဒီအခန်းက ငါ့အခန်းမှမဟုတ်တာ"
ခင်ခင်ပေါင်က အလွန်နာကျင်နေသည်။ လူအဖြစ်သို့ပြောင်းလိုက်ပြီး သူ့ဒဏ်ရာများကိုကြည့်လိုက်သည်။
"အား၊ တော်တော်နာတာပဲ"
ထို့နောက် ထိုလူ၏ အခန်းအတွင်းကို လိုက်လံကြည့်ရှုလိုက်သည်။ တစ်အိမ်လုံး စာအုပ်တွေ၊ စာရွက်တွေပြန့်ကျဲနေသလို စားကြွင်းစားကျန်၊ အမှိုက်သရိုက်များနှင့် ရှုပ်ပွနေသည်။ အခန်းတံခါး၀အနီးတွင် ရေးသားထားသည့် စာလုံးများကိုဖတ်လိုက်သည်။
"ရွှေနဒီအိမ်ရာ၊ တိုက် (၈)၊ အခန်းအမှတ် (၇၊ခ)"
ခင်ခင်ထိုတော့မှ တွေးမိလိုက်သည်။
"တိုက်တော့တူတူပဲ၊ အခန်းအမှတ် (၇) ဆိုတော့ ငါနေတဲ့အခန်းရဲ့အောက်ထပ်အခန်းပဲ"
ရွှေနဒီအိမ်ရာဆိုသည်မှာ အထပ်မြင့်အိမ်ရာများဖြစ်ပြီး တိုက်များအားလုံးကို ပုံစံတူတည်ဆောက်ထားသည်။ စုစုပေါင်း တိုက်ဆယ်လုံးရှိပြီး ခင်ခင်နေထိုင်သည့်တိုက်မှာ တိုက် (၈)၊ ရှစ်လွှာဖြစ်သည်။ အခု ခုနစ်လွှာဖြစ်သဖြင့် ခင်ခင်က ဒဏ်ရာအပြင်းအထန်ရပြီး အယောင်ယောင်အမှားမှားနှင့် တိုက်ကိုခုန်တက်ခဲ့ရာ သူ့အခန်းမရောက်မီတစ်ထပ်အလိုရှိ ၀ရန်တာအား သူ့အိမ်ခန်း၀ရန်တာဟုထင်မှတ်ကာ တက်ရောက်ခဲ့ခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။
"တော်တော်ညစ်ပတ်တဲ့လူပဲ"
ရှုပ်ပွနေသည့်အခန်းကြီးကိုကြည့်ပြီး ခင်ခင်က ရေရွတ်လိုက်သည်။ ဟိုလူပြန်မလာခင် အခန်းအတွင်းမှပြန်ထွက်သွားမည်ဟု ဆုံးဖြတ်လိုက်သော်လည်း အခန်းအတွင်းလှည့်ပတ်ကြည့်လိုက်သည့်အခါတွင် အလွန်စိတ်ဝင်စားစရာ အရာများကိုတွေ့လိုက်ရသဖြင့် ခင်ခင်လဲ ခဏတာမျှ စူးစမ်းကြည့်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
အခန်းနံရံတွင်တော့ ဝင်္ကပါမြို့မြေပုံကြီးတစ်ခုရှိပြီး ထိုမြေပုံပေါ်တွင် ဓါတ်ပုံများနှင့် စာသားများကိုကပ်ထားသည်။ လူပုံများကိုလဲ ကပ်ထားသေးသည်။ နောက်နံရံတစ်ခုတွင်တော့ သတင်းစာစာရွက်များကို ကပ်ထားသည်။ အကြောင်းအရာများမှာ မှုခင်းအကြောင်းအရာများဖြစ်သည်။ ထိုအရာများကိုကြည့်ရင်း ခင်ခင်က
"အင်း၊ ဒီလူက စုံထောက်လား၊ ရဲတစ်ယောက်လားမသိဘူး"
ထို့နောက် စားပွဲပေါ်တွင်တင်ထားသည့် စာအုပ်များကိုလှန်ကြည့်မိသည်။ စာအုပ်အထူတစ်အုပ်အတွင်းတွင် ဓါတ်ပုံများကပ်ထားပြီး မြေပုံများကိုလဲဆွဲထားသည်။ ထိုအောက်တွင် လက်ရေးကြမ်းကြမ်းဖြင့် စာများရေးသားထားသည်။
"ခိုတောင်ဂိုဏ်း၊ ခေါင်းဆောင်က ခိုပြာဆိုပါလား၊ ခန့်မှန်းတည်နေရာ စက်မှုဇုန်အတွင်းစက်ရုံဟောင်းကြီးတစ်ခု၊ ဂိုဏ်းသား ၅၀ ခန့်ရှိမည်ဟုခန့်မှန်းဆိုပါလား၊ ဒါဆိုရင် ဒီစာအုပ်က ဒုစရိုက်ဂိုဏ်းတွေအကြောင်း မှတ်တမ်းတင်ထားတဲ့စာအုပ်ဖြစ်မယ်"
ခင်ခင်မျက်လုံးတွေ အရောင်လက်သွားသည်။
"ဒါဆိုရင် ငါသိချင်တဲ့ တစ်ဖက်လပ်မိုးသီးအကြောင်းရော ရှိမယ်ထင်တယ်"
ခင်ခင်က စာအုပ်ကို အမြန်လှန်ရင်း သူသိချင်သည့် မိုးသီးအကြောင်းကိုရှာဖွေနေလိုက်သည်။
(၈)
"ဝုန်း"
ထိုစဉ်အခန်းတံခါးပွင့်သွားပြီးနောက် အခန်းထဲသို့ ဟုမ်းကပြန်ဝင်လာသည်။ လက်ထဲတွင် အထုပ်အပိုးများဆွဲထားပြီး စားပွဲပေါ်တွင်ရစ်သီရစ်သီလုပ်နေသည့် ကြောင်ကလေးကိုတွေ့သွားသည်။
"အောင်မယ် မင်းကနိုးနေပြီလား"
စားပွဲအနီးသို့လျှောက်လာပြီး သူ့လက်ထဲက အထုပ်အပိုးများကိုချထားလိုက်သည်။
"အောင်မာ၊ မင်းက စာအုပ်ကိုဖွင့်နေတာဆိုတော့ စာတွေဘာတွေ ဖတ်တတ်တာလား၊ ဟား၊ ဟား"
ခင်ခင် ကြောင်အဖြစ်သို့ အမြန်ပြောင်းလဲလိုက်သောကြောင့်သာ ဟုမ်းက မတွေ့သွားချင်းဖြစ်သည်။ ဟုမ်းက စာအုပ်ကိုပြန်ပိတ်ပြီး စားပွဲကိုရှင်းလိုက်သည်။ သူသယ်လာသည့်အထုပ်များထဲမှာ ဖော့ဘူးတစ်ဘူးကိုယူလိုက်ပြီး ဖွင့်လိုက်ကာ စားပွဲပေါ်တင်ပေးလိုက်သည်။
"မင်းဗိုက်ဆာနေမယ်ထင်လို့ ငါးကြော်ဝယ်လာခဲ့တယ်၊ စားလိုက်ပါအုံး"
ခင်ခင်လဲ စားရကံကြုံပြီဟုတွေးလိုက်ကာ ပြုံးလိုက်သည်။ ထို့နောက် ငါးကြော်ကို ဆာဆာနှင့်အမြန်ကိုက်စားနေသည်။ စားနေရင်းလဲ စိတ်ထဲကနေတွေးနေမိသည်။
"အင်း၊ ကြောင်ဖြစ်ရတာသိပ်ကောင်းတာပဲ၊ ဒီလိုကြွေးမယ့်သူရှိလို့ကတော့ ကြောင်လုပ်ပြီးပဲနေတော့မယ်"
ထိုစဉ် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။
"ဒေါက်၊ ဒေါက်၊ ဒေါက်"
ဟုမ်းကမျက်ခုံးပင့်ပြီး အခန်းတံခါးကိုသွားဖွင့်ပေးလိုက်သည်။ တံခါးပွင့်သွားသည့်အချိန်တွင် ဟုမ်းရင်၀ကို အကန်ခံလိုက်ရပြီး အခန်းအတွင်းသို့ နောက်ပြန်လဲကျသွားသည်။ ထိုအခါ မိန်းမတစ်ယောက်က ဓါးနှစ်လက်ဖြင့် သူ့ကိုခုန်အုပ်ကာထိုးစိုက်လိုက်သည်။ ဟုမ်းကသတိကောင်းသဖြင့် ဘေးသို့လှိမ့်ရှောင်လိုက်သည့်အခါ ထိုမိန်းမလက်ထဲက ဓါးမှာ ကြမ်းပြင်ကိုစိုက်သွားသည်။
ထိုမိန်းမက အမြန်မတ်တပ်ရပ်လိုက်ပြီး အခန်းတံခါးကို ခြေထောက်ဖြင့်နောက်ပြန်ကန်ကာ ပိတ်လိုက်သည်။ ဟုမ်းလဲ အလွန်ထိတ်လန့်နေသည်။
"ခင်၊ ခင်ဗျားဘယ်သူလဲ"
ဟုမ်းက ထိုသို့မေးရင်း ထိုမိန်းမကိုအကဲခတ်ကြည့်လိုက်သည်။ ထိုမိန်းမက ပိန်ပိန်ပါးပါးဖြစ်ပြီး ကြက်သွေးရောင်ဆံပင်အလိမ်တွေရှိသည်။ အနီရောင်ပိုးသားကိုယ်ကြပ်ဂါဝန်တစ်ခုကိုဝတ်ဆင်ထားပြီး ထိုဂါဝန်က ပေါင်ရင်းအထိ ဘေးနားတွင်ခွဲထားသဖြင့် ဖြူဖွေးသည့်ပေါင်များကို အတိုင်းသားမြင်နေရသည်။ လက်နှစ်ဖက်တွင်လဲ တစ်တောင်ခန့်ရှိသည့် ဓါးအတိုလေးနှစ်ချောင်းကို ကိုင်ထားသည်။ ထိုအချင်းအရာကိုကြည့်ပြီး ဟုမ်းက
"မင်း၊ မင်းက စကားလက်ပဲဖြစ်မယ်"
"သေချာတာပေါ့၊ ဒီနေ့က မင်းသေနေ့စေ့တဲ့နေ့ပဲ"
စကားလက်ဆိုသူမှာ နာမည်ကြီး ကြေးစားလူသတ်သမတစ်ယောက်ဖြစ်သည်။ လက်စွဲတော် ဓါးတိုနှစ်လက်ကို ကိုင်ဆောင်ပြီး လုပ်ကြံသတ်ဖြတ်လေ့ရှိသည်။ သတ်ဖြတ်ပြီးပါကလဲ ထိုသတ်ထားသည့်လူ၏ ဦးခေါင်းကိုဖြတ်ကာ အနီရောင်လက်ဆောင်ပုံးထဲသို့ထည့်ပြီး သူ့ကိုအပ်သည့် အလုပ်ရှင်များထံသို့ အလုပ်ပြီးမြောက်ကြောင်းအနေဖြင့် ပို့ပေးတတ်သူဖြစ်သည်။ စကားလက်၏ သိုင်းပညာမှာလဲ အလွန်ကျွမ်းကျင်လှသဖြင့် သိုင်းပညာမတတ်သည့် ဟုမ်းအဖို့တော့ သူ့ကိုယ်သူ သေလူဟုသာ ယူဆလိုက်သည်။
စကားလက်က တစ်ဟုန်ထိုးပြေးဝင်လာပြီး ဓါးနှစ်လက်နှင့်ဟုမ်းကို ခုတ်ပိုင်းထည့်လိုက်သည်။ ဟုမ်းလဲ မကြည့်ရဲတော့သဖြင့် မျက်လုံးများကိုပိတ်ထားလိုက်လေသည်။
"ချွင်"
ဓါးချင်းထိခတ်သံကိုကြားလိုက်ရပြီးသည့်နောက် ဟုမ်းလဲ မဝံ့မရဲနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့အရှေ့တွင် သူ့ကိုကျောပေးထားသည့် မိန်းကလေးတစ်ဦးက ရပ်နေသည်။ ထိုမိန်းကလေးလက်ထဲတွင်လဲ ဓါးမြှောင်သေးသေးကလေးတစ်ချောင်းကို ကိုင်ထားသည်။
"မင်းဘယ်သူလဲ၊ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့နော်၊ မင်းပါရောပြီးမသေချင်ရင် ဘေးဖယ်နေလိုက်စမ်း"
"ကျွန်မက မဖယ်ဘူးဆိုရင်ရော"
ထိုအခါ စကားလက်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ထိုမိန်းကလေးကို တိုက်ခိုက်တော့သည်။ ထိုမိန်းကလေးမှာ စကားလက်၏ ဓါးချက်များကို ပေါ့ပါးစွာရှောင်တိမ်းနေသော်လည်း ခြေထောက်က ထော့နဲ့ ထော့နဲ့ဖြစ်နေသည်ကို ဟုမ်းကသတိထားမိသည်။ စကားလက်မှာ နာမည်နှင့်လိုက်အောင် သိုင်းပညာကျွမ်းကျင်ပြီး ထိုးခုတ်သည့် ဓါးချက်များမှာလဲ သေကွင်းသေကွက်များကိုသာ အပြင်းအထန်တိုက်ခိုက်နေသည်။
အနက်ရောင်ဝတ်ထားသည့် မိန်းကလေးကလဲ ပေါ့ပါးစွာရှောင်တိမ်းနေလေသည်။ စကားလက်နှင့် အနက်ရောင်မိန်းကလေးတို့၏ တိုက်ပွဲကိုကြည့်ရင်း ဟုမ်းတစ်ယောက် အသည်းတယားယား၊ ရင်တမမဖြစ်နေသည်။
ငါးမိနစ်ခန့်တိုက်ခိုက်ပြီးသည့်အခါတွင် စကားလက်က တိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်သည်။
"မင်းကမဆိုးဘူးပဲ၊ မင်းသူ့ကို ကာကွယ်နေရအောင် မင်းနဲ့သူနဲ့က ဘာတွေလဲ"
"ရှင်သိစရာမလိုဘူး"
"ကောင်းပြီလေ၊ မင်းဘယ်လောက်တော်တော် ငါ့ရဲ့မုန်တိုင်းဓါးချက်ကို ကာကွယ်နိုင်ပါ့မလား"
ဟုမ်းမျက်လုံးပြူးသွားသည်။
"မုန်တိုင်းဓါးချက်ကို အသက်ရှင်လျှက် ရှောင်နိုင်တဲ့လူမရှိသေးဘူးဆိုတာလား"
စကားလက်က ပြုံးလိုက်ပြီး ဟုမ်းကိုကြည့်လိုက်သည်။
"ငါ့ကိုချီးကျူးပေးတဲ့အတွက်ကျေးဇူးပဲကောင်လေး"
စကားလက်က အပြင်းအထန်ဝင်တိုက်ပြန်သည်။ မုန်တိုင်းဓါးချက်ဆိုသည်မှာ ဓါးတိုကလေးနှစ်လက်ဖြင့် တစ်ဖက်ရန်သူအား ဘယ်ရောညာပါ တစ်ပြိုင်နက်ခုတ်သည့် ဓါးချက်များဖြစ်သည်။ ဓါးချက်များက မြန်လွန်းလှသဖြင့် မုန်တိုင်းဓါးချက်ဟု အမည်ပေးထားကြသည်။ အနက်ရောင်မိန်းကလေးကလဲ ပေါ့ပါးစွာဖြင့် ဓါးချက်များကို ခုန်ရှောင်လိုက်၊ ခေါင်းငုံ့ရှောင်လိုက်၊ သူ့ဓါးမြှောင်ကလေးနှင့် ပြန်ကာကွယ်လိုက်ဖြင့် ကာကွယ်နေရသည်။ ထိုမိန်းကလေးက ပေါ့ပါးသဖြင့်သာ မုန်တိုင်းဓါးချက်များကို ပွတ်ကာသီကာ ရှောင်တိမ်းနေနိုင်ခြင်းဖြစ်သည်။ စကားလက်က မုန်တိုင်းဓါးချက်များက အနက်ရောင်ဝတ်ထားသည့် မိန်းကလေးကိုမထိဘဲ အိမ်အတွင်းမှ ပရိဘောကများနှင့် စာအုပ်စင်များကို ခုတ်ထစ်မိသည်။
"မင်းမဆိုးဘူးပဲ၊ ငါ့ရဲ့မုန်တိုင်းဓါးချက်ကို ဒီလောက်ရှောင်နိုင်တာ ငါအံ့ဩမိပါရဲ့"
စကားလက်က တိုက်ခိုက်ရင်းအခြေအနေမဟန်မှန်းသိသည်။ ထို့ကြောင့် ဟုမ်းကိုတစ်ချက်ကြည့်လိုက်သည်။ သူ့တာဝန်က ဟုမ်းကိုသတ်ရန်ဖြစ်သည်။ ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ တစ်ဖက်လက်က ခင်ခင်နှင့်တိုက်ခိုက်ရင်း၊ တစ်ဖက်လက်ရှိဓါးနှင့် ဟုမ်းကိုလှမ်းပစ်ထည့်လိုက်သည်။
"ဒုတ်"
ဟုမ်းကလဲ အနားရှိ စာအုပ်အထူကြီးတစ်အုပ်နှင့် ထိုဓါးကိုကာလိုက်သည်။ ဓါးမှာ စာအုပ်ကြီးတွင် စိုက်ဝင်နေသည်။ ထိုတော့မှ ဟုမ်းလဲသတိဝင်သွားပြီး အနီးအပါးကိုကြည့်လိုက်ရာ မီးသတ်ဆေးဘူးနီနီကြီးကို အခန်းထောင့်တွင်တွေ့လိုက်သည်နှင့် ထိုမီးသတ်ဆေးဘူးကြီးကို ပြေးယူကာ ဖွင့်လိုက်ပြီး စကားလက်ကို မီးသတ်ဆေးများနှင့် ဖြန်းမှုတ်လိုက်သည်။
မီးသတ်ဆေးအမြှုပ်များက စကားလက်မျက်နှာသို့တည့်တည့်ဝင်သွားပြီး စကားလက်တစ်ကိုယ်လုံးဖြူဆွတ်သွားသည်။ ထိုအချိန်တွင် အနက်ရောင်မိန်းကလေးက စကားလက်ပေါင်ကြားထဲမှ လျှိုဝင်ပြီး စကားလက်အနောက်တွင် မတ်တပ်ရပ်လိုက်သည်။ မီးသတ်ဆေးများထိထားသည့် စကားလက်မှာ ဓါးကိုရမ်းပြီးခုတ်နေသည်။ သို့သော် ခဏအကြာတွင် စကားလက်ဒူးနှစ်ဖက်ထောက်လျှက်သား ထိုင်ကျသွားသည်။ စကားလက်ဒူးခေါက်ကွေးမှ သွေးများစီးကျလာသည်ကို ဟုမ်းကတွေ့လိုက်သည်။
"ဒူးခေါက်ကြောကို ဖြတ်လိုက်တာပဲ၊ ဒီမိန်းကလေးရဲ့ ဓါးချက်က တော်တော်လျှင်မြန်ပါလား"
အနက်ရောင်မိန်းကလေးက စကားလက်ပေါင်ကြားထဲလျှိုဝင်လိုက်သည့်အချိန်တွင် သူ၏ဓါးမြှောင်ကလေးဖြင့် စကားလက်၏ ဒူးခေါက်ကွေးမှ အကြောကိုဖြတ်ထုတ်လိုက်ခြင်းဖြစ်သည်။ ခုတ်ချက်ကလျှင်မြန်လွန်းသဖြင့် ဟုမ်းပင် မမြင်လိုက်နိုင်ပေ။ ဒူးထောက်ကျသွားသည့် စကားလက်အနောက်တွင် အနက်ရောင်မိန်းကလေးကရပ်လိုက်ပြီး လက်တစ်ဖက်ကစကားလက်၏ ဆံပင်များကိုဆုပ်ကိုင်လျှက် နောက်လက်တစ်ဖက်က ဓါးမြှောင်ကလေးနှင့် စကားလက်၏ လည်ပင်းကို ဖြတ်ပိုင်းချလိုက်သည်။
"မ၊ မလုပ်နဲ့"
ဟုမ်းက အံ့ဩပြီးရေရွတ်လိုက်သည်။ စကားလက်ကတော့ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပြီဖြစ်သည်။ ထိုဓါးမြှောင်ကလေးနှင့် လူတစ်ယောက်၏ ဦးခေါင်းကိုပြတ်ကျအောင် လှီးဖြတ်နိုင်သည်ကတော့ ဟုမ်းအတွက်ထူးဆန်းလွန်းနေသည်။ ထိုဓါးမြှောင်လေးသည် တော်ရုံတန်ရုံဓါးမြှောင်ကလေးတစ်ခုမဟုတ်မှန်း ရိပ်မိလိုက်ပြီ။
အနက်ရောင်မိန်းကလေးက စကားလက်၏ ဦးခေါင်းကို ဆံပင်များမှ ဆုပ်ကိုင်ထားသည်။ စကားလက်မျက်လုံးကြီးက ပြူးနေပြီး ပါးစပ်ကြီးဟနေကာ အတွင်းမှ လျှာကတွဲလောင်းကျနေသည်။
"မင်းဘာလို့သူ့ကို သတ်ပစ်လိုက်ရတာလဲ"
အနက်ရောင်မိန်းကလေးက ဟုမ်းကိုစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အစိမ်းရောင်ဝင်းလဲ့နေပြီး ဖန်ဂေါ်လီလုံးကလေးများကဲ့သို့ ကြည်လင်နေသည်။
"သူက ရှင့်ကိုသတ်ဖို့ကြိုးစားခဲ့တာပဲ၊ ရှင်က မသတ်ချင်ဘူးလား"
ဟုမ်းက တုန်တုန်ယင်ယင်နှင့် မတ်တပ်ထရပ်လိုက်သည်။ အခန်းထဲတွင် စကားလက်ကိုယ်လုံးကြီးက လဲပြိုနေပြီး လည်ပင်းနေရာမှာ သွေးတွေက ပန်းထွက်နေကာ သွေးအိုင်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်နေသည်။
"လူတိုင်းကို သတ်စရာမလိုပါဘူးကွာ၊ သူ့ကိုအရှင်ဖမ်းလို့ရပါတယ်"
"ဒါနဲ့သူ့ကိုရှင်သိလား"
ဟုမ်းက ခေါင်းညိတ်လိုက်သည်။
"သူ့နာမည်စကားလက်၊ ကြေးစားလူသတ်သမားလောကမှာ နာမည်ကြီးတဲ့သူတစ်ယောက်ပဲ၊ သူက ဓါးနှစ်လက်ကိုသုံးတယ်၊ တစ်ကိုယ်တည်းအလုပ်လုပ်တယ်လေ"
"သူနဲ့ရှင်နဲ့ကြားမှာ ရန်ငြိုးရှိလို့လား"
ဟုမ်းက စကားလက်ကိုယ်လုံးတွင် သဲလွန်စတစ်ခုခုရလိုရငြားဆိုပြီး ရှာဖွေနေရင်း ခေါင်းခါလိုက်သည်။
"ဘာမှမရှိဘူး၊ ငါထင်တာကတော့ တစ်ယောက်ယောက်က ငါ့ကိုသတ်ဖို့ စကားလက်ကို ငှားလိုက်တာတော့သေချာနေပြီပဲ၊ ဒီလူက ငါ့လိုလူတစ်ယောက်အတွက် စကားလက်လို ဈေးအလွန်ကြီးတဲ့ လူသတ်သမားတစ်ယောက်ကို ငှားတယ်ဆိုတော့ ငါ့ကိုတော်တော်သေစေချင်နေပုံရတယ်"
အနက်ရောင်ဝတ်ထားသည့် မိန်းကလေးက ပြုံးလိုက်ပြီး
"ကဲပါ၊ ရှင့်က ကျွန်မကိုတစ်ခါကူညီပေးခဲ့တယ်၊ အခုရှင့်အသက်ကို ကျွန်မကယ်တင်ခဲ့ပေးပြီးပြီ၊ ကျွန်မတို့ကျေပြီ"
ထိုမိန်းကလေးက သူ့လက်ထဲမှ စကားလက်၏ခေါင်းပြတ်ကြီးကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး အခန်းထဲမှထွက်သွားရန် ဟုမ်းကိုကျောခိုင်းလိုက်သည်။
"ဒါဆိုရင် မင်းကတစ်ကယ်ပဲ ကြောင်တစ်ကောင်လား"
ထိုမိန်းကလေး၏ ကြောက်ခမန်းလိလိတိုက်ခိုက်သတ်ဖြတ်မှုများကိုကြည့်ပြီးသည့်အခါ ဟုမ်းက ဂျော်ကြီးတို့ကိုရော၊ မြင်းမိုရ်မောင်အေး၏ လူမိုက်များကိုပါ တိုက်ခိုက်ခဲ့သူမှာ ထိုမိန်းကလေးဖြစ်ကြောင်း ရိပ်စားမိပြီဖြစ်သည်။ ထိုမိန်းကလေးက ဟုမ်း၏အမေးကိုမဖြေဘဲ ချက်ချင်းကြောင်တစ်ကောင်အဖြစ်သို့ပြောင်းလဲပြလိုက်သည်။ ဟုမ်း၏မျက်စိရှေ့မှာပင် လူတစ်ယောက်အဖြစ်မှ ကြောင်တစ်ကောင်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်ကိုကြည့်ပြီး ဟုမ်းမှာ သူ့မျက်လုံးများပင် သူမယုံနိုင်အောင်ဖြစ်ရသည်။
"မင်း၊ မင်းက တစ်ကယ်ပဲ ကြောင်တစ်ကောင်ပေါ့"
ထိုကြောင်ကလေးက ဟုမ်းဘက်သို့ လည်ပြန်လှည့်ကြည့်လိုက်ပြီး
"ကျွန်မနာမည် ခင်ခင်၊ ကြောင်နက်ရှင် ခင်ခင်"
ကြောင်တစ်ကောင်၏ပါးစပ်က လူစကားထွက်သည်ကိုကြည့်ပြီး ဟုမ်းက အလွန်အံ့ဩနေမိသည်။ ထိုကြောင်ကလေးက ၀ရန်တာအနီးသို့လှမ်းလျှောက်သွားသည်။ ဖွင့်ထားသော ၀ရန်တာတံခါးအပြင်သို့ထွက်မည်လုပ်နေစဉ် ဟုမ်းကတားဆီးလိုက်သည်။
"နေအုံး၊ မင်းဒီတိုင်းထွက်သွားလို့မဖြစ်သေးဘူး၊ ငါ့ကိုစကားလက်က လုပ်ကြံတာမအောင်မြင်ဘူးဆိုရင် နောက်ထပ်လုပ်ကြံသူတွေအများကြီး ထပ်ပြီးလာကြလိမ့်မယ်"
ကြောင်ကလေးက ဟုမ်းဘက်သို့လှည့်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ဒီတော့ရှင်ကဘာဖြစ်ချင်သလဲ"
"မင်းကိုငါကူညီမယ်၊ မင်းလဲငါ့ကိုကူညီပါ"
ကြောင်ကလေးက မိန်းကလေးအသွင်သို့ပြောင်းသွားပြီး
"ရှင့်ကိုကြည့်ရတာ ဒုစရိုက်လောကကို အတော်များများသိနေတဲ့ပုံပဲ၊ ဒီတော့ ရှင်ကျွန်မကို တစ်ဖက်လပ်မိုးသီး ဆိုတဲ့သူတစ်ယောက်ကို ရှာပေးနိုင်မလား၊ အပြန်အလှန်အနေနဲ့ ကျွန်မရှင့်ကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးမယ်"
ဟုမ်းက ခေါင်းကုတ်လိုက်သည်။
"တစ်ဖက်လပ်မိုးသီးဆိုတာ အရမ်းကိုလှို့ဝှက်တဲ့လူတစ်ယောက်ပဲ၊ သူ့ကို ငါတို့လိုလူတွေမပြောနဲ့ ဒုစရိုက်လောကက လူတွေအချင်းချင်းတောင်မှ တွေ့ဖို့လွယ်တာမဟုတ်ဘူး"
"ကောင်းပြီလေ၊ ရှင်မကူညီနိုင်ဘူးဆိုရင်လဲ ဘယ်တတ်နိုင်မလဲ"
"ဒီ၊ ဒီလိုတော့မလုပ်ပါနဲ့ကွာ၊ ငါမင်းကို ကူညီပါ့မယ်"
ထိုအခါ ခင်ခင်က ဟုမ်းကို လက်တစ်ဖက်ကမ်းပေးလိုက်သည်။ ဟုမ်းကလဲ ခင်ခင့်လက်ကို ပြန်ဆွဲပြီးနှုတ်ဆက်လိုက်သည်။
"ကောင်းပြီလေ၊ ငါမင်းကို ကူညီပြီး မိုးသီးကို ရှာပေးမယ်လို့ ကတိပေးတယ်"
ခင်ခင်က ပါးချိုင့်ကလေးပေါ်အောင် ပြုံးလိုက်ပြီး
"ရှင့်ကတိတည်ပါစေ"
အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်