အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၂၉)
lotaya.mpt.com.mm
|
2023-05-13

Part - 29

တိမ်ယံမှိုင်း မနက်စာစားနေရင်း ကြွေ့ကို မကြာမကြာငဲ့ကြည့်နေမိသည်။ တကယ်ပဲ သူ့မွေးနေ့ဆိုတာ မေ့နေပုံရသည်။ ရင်ထဲဝမ်းနည်းလာရရင်းမှ မျက်နှာက ပျက်ယွင်းနေရသည်။

" ကိုကို.....စားလေ။ ဘာလို့လဲ.....မုန့်ဟင်းခါးမစားချင်ဘူးလား....ဘာစားမလဲ။ "

" ဟင်.....မ...မဟုတ်ပါဘူး။ ကိုကို နေသိပ်မကောင်းချင်လို့ပါ။ "

သူ့စကားကြောင့် ကြွေ့လက်ဖမိုးလေးက သူ့နဖူးပေါ်ရောက်လာ၏။ အသာစမ်းလိုက်ရင်း.....

" ကိုယ်လဲမပူပါဘူး။ "

" ရပါတယ် ကြွေရယ်.....ကိုကိုရှုတင်သွားတော့မယ်။ ဒီနေ့ရိုက်ပေးပြီးရင် အကုန်ပြီးပြီ။ "

ကြွေ ခေါင်းညိတ်ပြလိုက်ရင်းမှ မသိဟန်ဆောင်နေလိုက်သလို ကိုကို့ပုံစံကြည့်ပြီး စိတ်ထဲကရယ်ချင်နေမိသည်။ ကြည့်ရတာ ကိုကို ကြွေသူ့မွေးနေ့ကို မမှတ်မိဘူးဆိုပြီး စိတ်မကောင်းဖြစ်နေပုံရသည်။

" ကိုကို.....ကြွေ ဒီနေ့ မယွန်းတို့ဆီသွားအိပ်မလို့။မယွန်းက စကားပြောစရာရှိလို့တဲ့။ "

စိတ်မပါလက်မပါ ခေါင်းညိတ်လာသည့် တိမ်ယံမှိုင်း။ ညပါသွားအိပ်မည်ဆိုတော့ ပြီးရောပေါ့။ 

တိမ်ယံမှိုင်း၏ ကားလေးခြံဝင်းထဲမှထွက်သွားသည်နှင့် ကြွေ အသာမတ်တတ်ရပ်လိုက်သည်။ နှုတ်ခမ်းပါးလေးက ပြုံးသွားရရင်း.....

" ဒေါ်ကြီးရေ....စပြင်လိုက်ကြရအောင်။ "

----------------

" ယွန်းကလဲကွာ....ကိုယ်လဲမပေါ့မပါးကြီးနဲ့ကို ဘာသွားလုပ်မှာလဲ။ "

ကိုယ့်မောင်အရင်းမွေးနေ့ကို သွားတာတောင် လာရစ်နေသည်မို့ ယွန်း စိတ်ဆိုးတာမလွန်ပါ။ အခုလဲ  လာပြီး ကတ်သီးကတ်ဖဲ့လုပ်နေသည် မဟုတ်ပါလား။ 

" ဂုဏ်တံတိုင်း..."

" ဟော...ကြည့် မောင့်ကိုခေါ်တဲ့ပုံကိုက စိတ်တိုနေပြန်ပြီမဟုတ်လား။ မောင်က ယွန်းအတွက် ပြောတာလေဗျာ။ "

ယွန်း နှုတ်ခမ်းလေးမဲ့ချလိုက်ရင်းမှ.....

" ဒီနေ့က မှိုင်းမွေးနေ့လေ.....ယွန်းမှာ ဒီမောင်လေးတစ်ယောက်ပဲရှိတာ။ "

စူပုတ်ပုတ်ဖြင့် ပြောလာသည့် ယွန်းစကားကြောင့် သူပြုံးမိသွား၏။ 

" ကဲပါ......မနက်ဖန်မှသွားကြမယ်။ မောင်ပြောတာက သူတို့လင်မယားလဲ အခြားအစီအစဉ်တွေရှိရင်ရှိနေမှာပေါ့။ မောင်တို့က အလိုက်သိရမယ်လေ မဗိုက်ရဲ့။ "

ယွန်း ခုမှ ဟုတ်သားပဲဟု တွေးမိသွားရသလို သူ့ကိုတော့ မကျေနပ်သေးတာမို့ မျက်စောင်းထိုးလိုက်မိသေး၏။ အခုတစ်လော စိတ်ကဆတ်နေ၏။ သူဘာလုပ်လုပ်ကို ရန်ရှာချင်နေတာမျိုး။ ဂုဏ်တံတိုင်းကတော့ ပြောရှာပါသည်။ ဗိုက်ထဲက ဆိုးပေလေးပဲ နေလိမ့်မည်တဲ့......သို့ပေမယ့် သူအရမ်းပျော်နေခဲ့သည်။

@@@@@@@@@@@@@

တစ်အိမ်လုံးမှောင်မဲနေတာမို့ ကားပေါ်ကဆင်းလာသည့် မှိုင်းမှာ ကြွေ့ကိုစိတ်ပူသွားရသည်။ ကပျာကယာ အိမ်ထဲဝင်လာရင်း ....

" ကြွေ.......ကြွေလေး....ကြွေ ဘယ်မှာလဲ။ "

! ချောက်.....ဖလက်!

ဖျတ်ခနဲ တစ်အိမ်လုံးမီးတွေလင်းထိန်သွားသလို သူ့ရှေ့မတ်တတ်လေးရပ်ကာ မွေးနေ့ကိတ်လေးကိုင်ထားသည့် ​ကြွေ။ သူ မြင်နေရတာ တကယ်ပဲလား။

" Happy Birthday to you...."

" Happy Birthday to you...."

" Happy Birthday dear ko ko....."

မှိုင်း မြင်နေရတာတောင် မယုံကြည်နိုင်လွန်းတာမို့ အံ့အားသင့်ကာ အကြောင်သားငေးကြည့်နေမိသည်။ ကြွေ....ကြွေလေးက လမ်းလျှောက်နိုင်ပြီလား။ ဘယ်တုန်းကပါလိမ့်။ 

" အဟင်း….အရမ်း Suprise ဖြစ်သွားသလား ကိုကို။ "

" ကြွေလေး.....ဘယ်လိုဖြစ်ပြီး...."

ကြွေနှာခေါင်းလေးရှူ့လိုက်မိရင်းမှ....

" ဖယောင်းတိုင်တွေ အရင်မှုတ်ပါဦး  ကိုကိုရဲ့။ "

ကိုယ့်မွေးနေ့တောင် မေ့သွားရသလို အခုမှဖယောင်းတိုင်မီးကို ကမန်းကတန်းမှုတ်၏။ ကြွေက သူ့ပါးကို ဖျတ်ခနဲ နမ်းလာရင်း....

" ကိုကို့ကို ကြွေအရမ်းချစ်တယ်....."

ကြွေပြောပြတာတွေ နားထောင်ရင်း သူ့မှာ ဝမ်းသာဝမ်းနည်းဖြစ်ရသည်။ သိပ်ဆိုးသည့် ကလေးမပင်.....သူ့မှာ သူ့မွေးနေ့ကို မေ့နေပြီထင်ပြီး စိတ်ထိခိုက်နေရသလို သူမလေးကိုဆေးကုဖို့လဲ နိုင်ငံခြားအထိသွားကုရန် ပြင်ဆင်နေခဲ့သေးသည်။ အခု​တော့ သူ့မျက်စိရှေ့မှာ မြင်နေရသည်က သူဘယ်လောက် ဝမ်းသာကြည်နူးရတဲ့ မြင်ကွင်းလဲဆိုတာ သူသာသိ၏။

တိမ်ယံမှိုင်းအတွက် ဒီနှစ်မွေးနေ့က အမှတ်တရအဖြစ်ဆုံး ဖြစ်ခဲ့သလို ကြွေနေပြန်ကောင်းပြီးနောက်ပိုင်း တိမ်ယံမှိုင်းကလဲ စားသောက်ဆိုင်ကြီး သုံးဆိုင်ဖွင့်ပစ်သည်။ ကြွေ့ကို မျက်စိအောက်က အပျောက်မခံသလို ဘယ်သွားသွားအတူမို့ သူများတွေပင် အမြင်ကတ်သည်အထိပင်။

တဖြည်းဖြည်းဖြင့် မြယွန်းချယ်၏ကိုယ်ဝန်ဟာလဲ မွေးခါနီးဖွားခါနီးဖြစ်လာသလို ဂုဏ်တံတိုင်းဆိုလဲ ကုမ္ပဏီပင် မသွားတော့။ အိမ်ကနေပဲ အလုပ်လုပ်သလို Ultrasound ရိုက်တော့ သမီးလေးဆိုတာမို့ အရမ်းပျော်နေကြတာပင်။ ယွန်းက သားလေးလိုချင်ပေမယ့် ဂုဏ်တံတိုင်းက သမီးလေးသာလိုချင်သည်။ အခု တကယ်လဲ သမီးလေးဆိုတာမို့ အရမ်းကျေနပ်နေသူက ဂုဏ်တံတိုင်းပင်။

" အား.....အ.....ကျွတ် ကျွတ် "

ယွန်း ညနေဘက်ကြီးဗိုက်နာလာသဖြင့် ဆေးရုံကိုပြေးကြရသလို ဟိုရောက်တော့ မပြင်ဆင်ထား၍ အတော်ကရိကထများကြရသည်။ ကလေးအတွက် ပစ္စည်းတွေကြိုမပြင်ကောင်းဘူးဆိုတာမို့ မပြင်ထားခဲ့မိတော့ ဆေးရုံရောက်မှအနှီးပြေးဝယ်၊ ကလေးအင်္ကျီပြေးဝယ် အတော်လေးဗျာများရသည်။ 

ပိုဆိုးသည်က ကလေးအသားဝါဝင်သည်။မစူးစမ်းမဆင်ခြင်ပဲ သူများပြောစကားနှင့်သောက်ခဲ့သည့် လေဆေးကြောင့် အသားဝါဝင်ကာ ကလေးကခံရသည်။ 

" ညည်းတို့အေ....ကလေးလေနာတယ်ဆိုတာ ကလေးကိုနို့တိုက်ပြီးတိုင်းလေထုတ်ပေးပေါ့။ "

ဆရာမက ကလေးနို့စို့ပြီး လေထုတ်နည်းကို သေချာပြသည်။ မိခင်ရော ကလေးပါအာဟာရပြည့်အောင် အစုံစားခိုင်းသည်။ သမီးလေးရော ယွန်းပါ အိမ်ပြန်ရောက်သည့်အချိန် ဂုဏ်ကြီးမှာ အတော်ကလေးထိန်းကျွမ်းနေခဲ့ပြီဖြစ်၏။

@@@@@@@@@@@

မိုးတွေရွာနေသည့်ကြားထဲ ပျက်ကာထိုးရပ်နေသည့် ကားတစ်စီး။ လမင်းနောင် မိုးရွာကြီးထဲ ကားပြင်နေရင်းမှ အနားထိုးရပ်လာသည့် ကားကြောင့် ကြည့်မိတော့ ယောကျာ်းလေးဆံပင်ကေဖြင့် တီရှပ်အင်္ကျီဖားဖား ၊ ဘောင်းဘီဒူးကျအတိုဖြင့် မိန်းကလေးမပီသသော မိန်းကလေးတစ်ယောက် ဆင်းချလာသည်။ 

" ဟေ့လူ.....ကားပျက်နေတာလားဗျ။ "

သူ ခေါင်းညိတ်ပြလိုက်သည်နှင့် သူ့ကားကို တစ်ချက်ကြည့်ကာ....

" ခင်ဗျားကားထားခဲ့မှရမယ်ထင်တယ်.....ကျွန်တော့်ကားနဲ့ လိုက်ခဲ့လေ။ "

ပြောလဲပြော သူ့ကားပေါ်စတက်သွားကာ ကားပေါ်ကနေ မျက်စလေးပင့်ပြရင်း.....

" ဟေ့လူ.....မလိုက်ဘူးလား။ "

" အာ....လိုက်မယ် လိုက်မယ်။ "

ကားပေါ်အမြန်တက်လိုက်သည်နှင့် ကားကအရှိန်ပြင်းပြင်းကို ဝေါခနဲမောင်းထွက်သွားတာ မိန်းကလေးမောင်းတဲ့ကားနှင့်ပင်မတူ။ သူ့မှာသာ လန့်ဖြတ်သွားရပေမယ့် သူမကတော့ မောင်းနေကျဖြစ်ပုံရသည်။ 

---------------------

" ဖေ​ကြီးသမီးလေးရေ.....ဟောဗျာ ရယ်လေဗျာ..

..ရယ်ပါ သမီးရဲ့။ "

သမီးကိုချီရင်း ချော့မြူနေသည့် မောင့်မျက်နှာက ရွှင်မြူးနေသလို ယွန်းမှာတော့ ကလေးကိုမောင်ထိန်းတုန်း ထမင်းကိုအပြေးအလွှားစားရသည်။ သမီးက မောင်အကျင့်လုပ်တာမို့ လက်ကြိုက်နေပြီဖြစ်သလို ခုဆိုလက်ပေါ်မှာသာအိပ်သည်။ 

ကြွေကလဲ လာလာထိန်းကူသလို တစ်ခါတစ်ခါ မှိုင်းကလာကြိုရ၏။ ကလေးချစ်ချက်ကတော့ တစ်ခါတစ်လေ မှိုင်းကိုပင် လာကြိုလို့ဆိုပြီး စိတ်ကောက်တတ်သေး၏။

" ယွန်း.....သမီးလေးရက်တစ်ရာပြည့်ကို ခြံထဲမှာပဲ လုပ်ကြမယ်နော်။ "

ယွန်း ခေါင်းလေးညိတ်လိုက်ရင်းမှ.....

" အင်းပါ မောင်ရယ်.....မောင်ပဲအဆင်ပြေသလိုစီစဥ်ပေါ့။ "

တကယ်လဲ ဂုဏ်တံတိုင်းဟာ သူ့သမီးရဲ့ ရက်တစ်ရာပြည့်ကို သေချာစီစဥ်ခဲ့သည်။ ရင်းနှီးသူတွေတင်မက ကုမ္ပဏီမှဝန်ထမ်းတွေပါ အကုန်ဖိတ်၍ သူ့သမီးကိုနာမည်ပေးပါ တစ်ခါထဲလုပ်သည်။

ချစ်သွန်းချယ်

သမီးဖြစ်သူနာမည်ကို အမေအမည်လဲပါအောင် စိတ်ကြိုက်ရွေးပေးခဲ့သလို အိမ်မှာတော့ မီးမီးလေးဟုပဲ ခေါ်ကြသည်။ 

@@@@@@@@@@@@@@@@@@@@@

To be continue P - 30

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..