
Part - 32 ( Final Part)
နှစ်အနည်းငယ်ကြာပြီးနောက်......။
" ချစ်သွန်းချယ်.......သမီး......"
သေးသေးကွေးကွေးနှင့် ငါးနှစ်သမီးလေး ချစ်သွန်းချယ်မှာ အမေဖြစ်သူ၏အသံကြားသည်နှင့် လက်ထဲမှ စားလက်စအချဉ်ပေါင်းထုပ်လေးအား ကပျာကယာ ခုတင်အောက်ထိုးထည့်ဝှက်လိုက်ကာ ပါးစပ်ကို ကပျာကယာသုတ်လိုက်သည်။
ယွန်း အခန်းထဲဝင်လာရင်းမှ တစ်ယောက်ထဲဆော့နေသည့် သမီးကိုကြည့်ကာ ပြုံးလိုက်မိ၏။
" သမီးက ဆော့နေတာလား......ရေမိုးချိုးကြမယ်နော်။ ခဏနေ Phonic class သွားရမယ်လေ။ "
ယွန်း၏စကားကြောင့် သမီးပုံစံက အလိုမကျသလို ဖြစ်သွားရင်း.....
" ဖေကြီးက လိုက်မပို့ဘူးလားဟင်။ "
ယွန်း ပြုံးလိုက်မိ၏။ သမီးက အဖေချစ်သမီးဖြစ်သလို မောင်ကလဲ သူ့သမီးမှသူ့သမီးပင်။ သူ့သမီးကိုဆို ရိုက်ဖို့မပြောနှင့် အသံကျယ်ကျယ်ပင်မအော်တတ်သလို ဘာမှကိုပူဆာစရာမလိုပဲ အသင့်ဖြည့်ဆည်းပေးတတ်သည်။
" သမီးဖေဖေက ဘယ်တုန်းက နောက်ကျဖူးလို့လဲ.....အခုလာနေပြီတဲ့။ လမ်းမှာ သမီးအတွက် မုန့်ဝင်ဝယ်နေတယ်။ "
ချစ်သွန်းချယ်လေး၏ မျက်နှာက ပြုံးရွှင်သွားရသလို ပျော်ရွှင်သွားပုံက အထင်းသားပင်။ ယွန်း သမီးကိုရေမိုးချိုး အဝတ်အစားလဲပေးပြီး ကျောပိုးအိတ်လေးယူကာ အောက်ထပ်ဆင်းလာသည်နှင့် ကားဟွန်းတီးသံနဲ့အတူ မုန့်ထုပ်တွေဆွဲကာ အိမ်ထဲဝင်လာသည့် မောင်။
" ဟား…..ဖေကြီးရဲ့ မင်းသမီးလေးက ချစ်စရာလေးဗျာ။ ဒီမှာ မင်းသမီးလေးအတွက် Bread Talk က ပေါင်မုန့်။ "
သမီးရဲ့ မျက်နှာမှ အပြုံးကို ကြည့်ရင်း ဂုဏ်တံတိုင်း ရင်ထဲအေးသွားရသည်။ သမီးက သူ့ဘဝဖြစ်သလို သူ့အသက်လဲဖြစ်၏။ ကားပေါ်သမီးကို ပွေ့ချီတင်၍ ခါးပတ်ပတ်ပေးကာ ယွန်းလက်ထဲမှကျောပိုးအိတ်ကိုလှမ်းယူရင်း ပါးကိုခပ်ဖွဖွလှမ်းနမ်းလိုက်၏။
" မောင် ပြန်လာမှပဲ ထမင်းစားတော့မယ်နော်။ မောင့်ကိုစောင့်ဦး.....အတူတူစားမယ်။ "
ယွန်း ခေါင်းညိတ်ပြလိုက်သလို တာ့တာပြရင်းမှ အိမ်ထဲပြန်ဝင်လာခဲ့သည်။ ဂုဏ်တံတိုင်းမှာလဲ သမီးကို Class လိုက်ပို့ရင်း ကားပေါ်မှဆင်းကာ ကျောပိုးအိတ်ယူရုံရှိသေး .....
" ဖေကြီး .....ဖေကြီး.....အဲ့ကောင်လေးကိုကြည့်စမ်း။ "
သမီးဆီမှ အသံနဲ့အတူ မေးလေးငေါ့ပြလာသည်မို့ သူလှမ်းကြည့်လိုက်မိတော့ အခြားကားပေါ်မှ ဆင်းလာသည့် သမီးနဲ့ရွယ်တူ ကျောင်းသားလေးတစ်ယောက်။
" ဖေကြီး ....အဲ့ကောင်လေးနာမည်က မိုင်းမိုင်တဲ့.....ကြည့်ထား ဖေကြီးသမက်ဖြစ်လာမှာ။ "
ကြားလိုက်ရသည့်စကားကြောင့် ဂုဏ်တံတိုင်း မျက်လုံးပြူးသွားရသလို အလန့်တကြား ပြန်မေးမိသွား၏။
" ဟမ်! ဘာ.....ဘာရယ် သမီး။ "
" ဟာ...ဖေကြီးကလဲ ဖေကြီးသမက်ဖြစ်လာမှာပါဆိုနေမှ။ "
" သမီး.....အဲ့လိုမပြောရဘူးလေ။ ပြီးတော့...."
သူ့စကားကို သဘောမကျသလို ဂျစ်ကန်ကန်ဖြင့်ကြည့်လာသည့် သမီးကြောင့် ဂုဏ်တံတိုင်း တံတွေးကိုဂလုခနဲမြိုချမိလိုက်သည်။
" ဖေကြီးကလဲ....မိုင်းမိုင်က စာတော်တယ်ဖေကြီးရဲ့။ သူ့ကိုအပိုင်ကြံလိုက်ရင် မီးမီးအိမ်စာတွေအတွက် ပူစရာမလိုတော့ဘူး။ အိမ်ခေါ်ထားပြီး မီးမီးအိမ်စာတွေလုပ်ခိုင်းချင်လို့ပါဆို။ "
သြော်.....ကောင်းလိုက်သည့်ဖြစ်ခြင်း။ အိမ်စာလုပ်ခိုင်းချင်လို့တဲ့လေ....အတော်အကြံပိုင်လိုက်သည့်ဖြစ်ခြင်းမှာ သူဆိုသွေးတွေပင်ငယ်ထိပ်တက်ဆောင့်မတတ် ဖြစ်သွားရသည်။ ကလေးကတော့ ကလေးအတွေးနဲ့ အိမ်စာမလုပ်ရရေးသာ တွေးပြီးပြောခြင်းပင်။ သို့ပေမယ့် သူကတော့ သူ့သမီးလေးကိုဘယ်သူမှမပေးနိုင်သည်အထိ ချစ်ရပါသည်။ ဒါဟာ သမီးရှင်တွေသာ သိသည့် ခံစားချက်မဟုတ်လား။
@@@@@@@@@@@@
ကြွေ ကားလေးပေါ်ကနေဆင်းရုံရှိသေး ကြွေ့ဆီတည့်တည့်လွင့်လာသည့် ဘောလုံးကြောင့် အလန့်တကြားဖြစ်သွားရသလို ကပျာကယာ ရှောင်လိုက်ရသည်။
ဟင်
သေချာကြည့်လိုက်မိတော့မှ ခြံထဲတွင် ကုတ်ချောင်းချောင်းနဲ့ရပ်နေကြသည့် သားအဖနှစ်ယောက် ။
" ဟိုသားအဖနှစ်ယောက်......ပြောစမ်း ဘယ်သူကန်လိုက်တာလဲ။ "
တိမ်ယံမှိုင်း ကပျာကယာမိန်းမဖြစ်သူအနားရောက်လာသလို ပြာပြာသလဲဖြင့်....
" ကိုကိုကန်တာမဟုတ်ဘူးနော်.....ကြွေလေး သားကန်လိုက်တာ။ "
ကြွေ တောက်တောက်တောက်တောက်ဖြင့် လျှောက်လာသည့် သားကိုကြည့်ရင်း....
" ဟုတ်လား သား.....သားလေးကန်လိုက်တာလား။ "
" ဟုတ်ဝူး.....ပေကြီး ကန်ရာ.....မေမေရိုက်မှာကြောက်ရို့ လိမ်နေရာ။ "
တိမ်ယံမှိုင်း မျက်လုံးပြူးသွား၏။
" ဟာ....ဟိတ်ကောင် မင်းသားအဖချင်း မချွန်နဲ့နော်။ "
" ဘာဖြစ်ယဲ...."
ကြွေ သားအဖနှစ်ယောက်ကိုကြည့်ရင်း ဟင်းခနဲ သက်ပြင်းချမိ၏။
" ကဲ.....ကဲ တော်ကြတော့။ သားအဖနှစ်ယောက်လုံးနော် ....နောက်တစ်ခါဆိုအရိုက်ခံရမယ်မှတ်။ "
ကြွေ ကြိမ်းမောင်းလိုက်ရင်းမှ သားကိုချီပြီး အိမ်ထဲဝင်လာသလို ကိုကိုက ကြွေ့ဘေးမှနေ၍ အသာလိုက်လာ၏။ ခုနောက်ပိုင်း ကလေးရပြီး ကိုကိုဟာ အရင်နဲ့ကိုမတူ။ သားနဲ့အပြိုင် လိုက်ကတ်ပြီး ချွဲလွန်းသည်။
---------------
ကြွေ အိပ်ယာထက်လှဲကာ ဖုန်းကြည့်နေစဉ်ကြွေ့အနားဝင်လှဲအိပ်လာရင်း ခါးလေးကို သိုင်းဖက်လာသည့် ကိုကို။ ကြွေ့ပါးပြင်လေးနှင့် လည်တိုင်တွေကို တိုးဝှေ့နမ်းရှိုက်လာရင်း......
" ကြွေလေး.....ကိုကိုတို့ ကလေးထပ်ယူကြမလား။ "
" ဟာ....ကိုကိုကလဲ ။ ခုသားနဲ့တောင်မတည့်ပဲ......"
မျက်စောင်းလေးထိုးရင်း ဆူသလိုပြောလာတော့ တိမ်ယံမှိုင်း လွန့်ခနဲ ပြုံးမိသွားသည်။
" ကြွေက သားကိုပိုဂရုစိုက်တာကိုးဗျ.....ကိုကို့ကိုလဲ ဂရုစိုက်ပါဦးဗျာ။ မိန်းမအနား ကျွန်တော်လဲ ကပ်ချင်တာပေါ့။ "
ကြွေ ပြုံးလိုက်မိရင်းမှ.....
" ခုကရော မကပ်ရလို့လား။ "
" အဟွန်း…..ဟွန်း....ဒါဆို...."
! ဒေါက်....ဒေါက်....ဒေါက်!
" သမီးကြွေ....သားသားက ဒီညသမီးနဲ့အိပ်မလို့တဲ့။ "
အခန်းအပြင်မှ ဦးငယ်၏အသံကြောင့် တိမ်ယံမှိုင်းမျက်နှာက ရှုံ့မဲ့သွားရသလို ကြွေလဲ ကပျာကယာ တံခါးထဖွင့်ပေး၏။ သားကိုချီကာ အိပ်ယာထက်လှဲသိပ်လိုက်သည်နှင့် ကိုကို့ကိုတွန်းထုတ်နေသည့်သားသား။
" ဟိတ်ကောင်.....မင်းမလွန်လာနဲ့နော်။ ငါ့အိပ်ယာမှာလဲ လာအိပ်သေးတယ်။ "
" ကဲ....နှစ်ယောက်လုံးအိပ်တော့။ "
ကြွေဆူလိုက်တော့လဲ သားအဖနှစ်ယောက် စူပုတ်ကာ မျက်စိမှိတ်သွား၏။ တခဏအတွင်း အိပ်ပျော်သွားကာ ကြည့်လိုက်တော့ ကိုကိုက သူ့သားကိုရင်ခွင်ထဲဖက်ထားသလို သားကလဲသူ့အဖေကိုခွထားလိုက်သေး၏။
တကယ့်သားအဖတွေ။
@@@@@@@@@@@
ခြံဝင်းထဲအတူဆော့နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ရင်း ယွန်းရောကြွေပါ ကြည်ကြည်နူးနူးပြုံးမိသွား၏။
" မောင် နဲ့ မှိုင်း စကားပြောနေနှင့်ဦးနော်။ ယွန်း နဲ့ ကြွေလေး အဆာပြေစားစရာလေးတစ်ခုခု သွားလုပ်လိုက်ဦးမယ်။ "
ကြွေ မမယွန်းနဲ့အတူ အိမ်ထဲလိုက်ဝင်လာရင်းမှ ကလေးတွေအတွက် ဖက်ထုပ်ကြော်ပေးမည်ဆိုတာမို့ ကြွေက ကိုကိုတို့စားရန် လက်ဖက်သုပ်ဖို့ပြင်နေလိုက်သည်။ နှစ်ယောက်သား စကားတပြောပြောနှင့်ကြော်နေသုပ်နေစဉ်အိမ်ရှေ့မှ ကြားလိုက်ရသည့် ဆူဆူညံညံ အသံတွေကြောင့် ကပျာကယာအိမ်ရှေ့ပြေးထွက်လာခဲ့တော့......
" ဘာလို့ ငါ့သမီးက လွန်ရမှာလဲကွ။ မလွန်ဘူး..... မင်းသားကိုက အကျင့်ပုတ်တာ။ "
" ဟုတ်တယ် ဖေကြီး ပြောလိုက် ။ "
" ဘာအကျင့်ပုတ်တာလဲ..... ကျွန်တော့်သားမှန်တယ်။ မှန်တာမှ တမှန်မှန်နဲ့တောင်မြည်သေး။ မှားတာက ခင်ဗျားသမီး။ "
" အေးယေ....."
ဟော့တော်....။
အခြေအနေကိုကြည့်လိုက်ရုံနှင့် ဘာတွေဖြစ်နေကြတာလဲဟု မေးစရာကိုမလိုပါ။
ကလေးနှစ်ယောက် ရန်ဖြစ်လို့ တားမလားမှတ်တယ်..သူတို့ကပါဝင်ရန်စွာနေကြ၏။ ကြွေက ခါးလေးထောက်လိုက်ရင်းမှ.....
" ဟိုသားအဖနှစ်ယောက်....."
ကြွေ့အသံကြားတော့ တိမ်ယံမှိုင်းရော တိမ်ညိုဆိုင်းပါ ငြိမ်ကျသွားသည်။ ကြွေ အနားလျှောက်လာရင်းမှ.....
" ကဲ.... ငမွှေသီးနှစ်ယောက် ။ ကားပေါ်တက် ပြန်မယ်။ "
" ဟ! မေမေက ညစ်ဘီဂျာ....ချိတ်လေတယ်။ "
သားတော်မောင် တိမ်ညိုဆိုင်းတစ်ယောက် စကားမပီတပီဖြင့် ကြီးကြီးကျယ်ကျယ်တွေပြောရင်း ကားဆီလျှောက်သွား၏။ တိမ်ယံမှိုင်း ကိုယ့်သားနောက်ကနေ အလောတကြီးလိုက်သွားသလို ဟိုသားအဖကိုလဲ ကြည့်လို့ကိုမရ။ သူတို့အိမ်လာလည်တယ်ဆိုပြီး အနိုင်ကျင့်တယ်ပေါ့လေ.....တွေ့မယ် သူ့အိမ်လာလည်မှ အဖေရော သမီးရော နှိပ်ကွပ်ပစ်မယ်။
ယွန်း အခုမှ သူတို့အပြစ်မဟုတ်သလို မသိဟန်ဆောင်နေသည့် သမီးနဲ့မောင့်ကိုကြည့်ကာ ခုံတွင် စိတ်ပျက်လက်ပျက်ထိုင်ချမိသည်။
" အဟွန်း.....ယွန်း.."
" ဘာလဲ...ဘာပြောမလို့လဲ။ ဘာဆင်ခြေပေးမှာလဲ ပြောစမ်းပါဦး။ "
" မေကြီးကလဲ....ဖေကြီးနဲ့မီးက ဘာလုပ်လို့လဲ။ "
အံမယ်....မေးတတ်သည်။
" ဘာလို့ ဒီလောက်ဆိုးကြရတာလဲ။ မီးမီးနော်...မောင်လေးကို ဗိုလ်မကျရဘူးလို့ မေမေမှားထားတဲ့ဟာ။ "
" ယွန်းကလဲ သမီးကို မဆူပါနဲ့...."
" အို....မောင်လဲအတူတူပဲ။ "
ဂုဏ်တံတိုင်း သမီးလက်ကိုဆွဲလိုက်ရင်းမှ....
" အင်းပါ.... မောင်ဆုံးမလိုက်မယ် ဟုတ်ပြီလား။ သမီး လာ ဖေကြီးနဲ့ အိမ်ထဲဝင်ကြရအောင်။ "
ကြည့်.....ကြည့် သူ့သမီးကိုဆူမှာကြောက်လို့ အိမ်ထဲပြေးဝင်သွားကြတာ လုံးနေသည်။ ပြောတော့သာ ဆူလိုက်မယ် ပြောတာ သူလား သူ့သမီးကိုဆူပါလိမ့်မယ် အားကြီး။ ယွန်း ခေါင်းလေးခါယမ်းရင်းမှ သဘောကျစွာပြုံးမိ၏။
တကယ်တော့ ဒီလိုသာယာတဲ့မိသားစုဘဝလေးတွေကို အလွယ်တကူရခဲ့ကြတာမှမဟုတ်ပဲ။ ယွန်းသာမက ကြွေရော မောင်နဲ့မှိုင်းပါ ကိုယ်စီအမုန်းမြို့ရိုးတွေကို ကျော်လွန်ပြီးမှ ရလာခဲ့ခြင်းပင်။ စိတ်ကူးပင်မယှဉ်ရဲခဲ့သော ပျော်ရွှင်မှုတွေပေါ့.....။
@@@@@@@@@@@@@@@@@@@@@
The End.
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ