ကြောင်နက်ရှင်ခင်ခင် - အပိုင်း(၁၀) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2023-06-03

"တကယ်တော့ သမီးက အဖေ့သမီးအရင်းမဟုတ်ဘူး"

ခင်ခင်မျက်လုံးကလေးများပြူးကျယ်သွားမိသည်။

"ဒါဆိုအဖေ၊ သမီးဘယ်သူလဲ၊ သမီးဘာလဲဆိုတာ အဖေပြောပြပါ"

ပိနန်ကသက်ပြင်းတစ်ချက်ချလိုက်သည်။

"အင်းလေ၊ တစ်နေ့ဒီလိုဖြစ်လာမယ်လို့ အဖေတွေးထားပြီးသားပါ"

(၂၅)

မီးလောင်နေသည့်ကားအနီးမှ ခင်ခင်ကိုပိနန်တို့သယ်ဆောင်လာခဲ့သည်။ သူတို့ရွာကလေးကိုပြန်ရောက်တော့ ပိခေါင်ခေါ်လိုက်သဖြင့် ရွာသားများအကုန်စုဝေးလိုက်ကြသည်။ ပိနန်ကတော့ ဆေးရွက်များဖြင့် ခင်ခင်၏ဒဏ်ရာများကို ကုသပေးဖို့ပြင်ဆင်နေသည်။ ရွာမှ ရွာသားများကတော့ အပြင်လူတစ်ယောက်ရောက်လာပြီး သူတို့ကိုးကွယ်သည့် နာမူနတ်မင်းကြီးရုပ်တု ပျောက်ဆုံးသွားကတည်းက အပြင်လူများကိုအလွန်မုန်းတီးနေကြသည်။

ထို့ကြောင့် ခင်ခင်နှင့်ပိနန်အနီးသို့ ဓါးလှံလက်နက်များဖြင့်ဝိုင်းလာကြသည်။

"ပိနန်ဒီကလေးကို ငါတို့မလိုချင်ဘူး၊ မင်းနောက်ဆုတ်ရင်ဆုတ်၊ မဟုတ်ရင်တော့ ငါတို့မင်းကိုပါသတ်ပစ်ရလိမ့်မယ်"

ပိနန်က ခေါင်းမာနေသဖြင့် ရွာသားတစ်ဦးက ပိနန်ကိုလှံဖြင့်ဝင်ထိုးသည်။ ပိနန်ကရှောင်တိမ်းရင်း ပြန်လည်တိုက်ခိုက်လိုက်သည်။ အခြားရွာသားသုံးဦးကလည်း ဝင်ပြီးတိုက်ခိုက်ပြန်သည်။ သို့သော် ပိနန်မှာသိုင်းပညာကောင်းသူမို့ ထိုရွာသားလေးယောက်မှာ တစ်ခဏအတွင်းမှောက်ကုန်သည်။ ပိနန်ကအသေသတ်လိုက်ခြင်းတော့မဟုတ်။ မူးမေ့သွားအောင်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ အရှေ့သို့တက်လာသူကတော့ပိခေါင်ဖြစ်သည်။

"ပိနန်၊ ဒီကိစ္စကိုငါဆန့်ကျင်တယ်"

ပိခေါင်က ဓါးတစ်လက်နှင့်ဝင်ခုတ်လေသည်။ ပိနန်နှင့် ပိခေါင်မှာ သိုင်းပညာချင်းသိပ်မကွာသဖြင့် သူမသာ ကိုယ်မသာဖြစ်နေတော့သည်။ ဘတစ်ပြန် ကျားတစ်ပြန်တိုက်ခိုက်နေသည့်အချိန်တွင် အလင်းရောင်ကြီးတစ်ချက် ဝင်းလက်သွားပြီး သူတို့ကိုင်ထားသည့်လက်နက်များမှာလည်း လွင့်ထွက်သွားကြသည်။ သူတို့လှည့်ကြည့်လိုက်သည့်အခါ နတ်ဆရာကြီးက ရောက်လာခဲ့ပြီဖြစ်သည်။

"မင်းတို့ညီအကိုအချင်းချင်း သွေးချောင်းစီးစရာမလိုပါဘူးကွာ"

နတ်ဆရာကြီးက ခင်ခင်၏ရင်ဘတ်ပေါ်သို့လက်ဝါးကိုတင်လိုက်သည်။ ထို့နောက်ရွာသားများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး

"ဒီကလေးကိစ္စကို ငါဆုံးဖြတ်ပေးလိုက်ရင် မင်းတို့အားလုံးကျေနပ်မလား"

နတ်ဆရာကြီးမို့ ရွာသားများအားလုံးခေါင်းညိတ်လိုက်ကြသည်။ နတ်မင်းကြီးရုပ်တု ပျောက်ဆုံးသွားသည့်အတွက် နတ်ဆရာကြီးမှာ အတော်ဒေါသထွက်သွားခဲ့ရာ အပြင်လူအားထပ်မံလက်မခံလောက်တော့ဟု ပိခေါင်ကလည်းယုံကြည်ထားသည်။ နတ်မင်းကြီးက ခင်ခင်ကိုစမ်းသပ်နေရင်းမျက်လုံးများပြူးသွားသည်။

"ဒီကလေးဟာ နာမူနတ်မင်းကြီးလွှတ်လိုက်တဲ့ တမန်တော်ပဲ၊ ငါတို့တစ်တွေရဲ့ သူရဲကောင်းပဲ"

ရွာသားများအားလုံးက အံ့ဩသွားကြသည်။ မယုံနိုင်သူကတော့ ပိခေါင်ပင်ဖြစ်သည်။

"နတ်ဆရာကြီးကို ကျုပ်စော်ကားတာတော့မဟုတ်ပေမယ့်၊ နတ်ဆရာကြီးနဲ့ ပိနန်နဲ့က အတော်ရင်းနှီးကျွမ်းဝင်တယ်၊ ဒါကြောင့်မို့ ပိနန်သူ့မိန်းမနဲ့ သမီးသေဆုံးသွားတဲ့အပေါ်မှာ နတ်ဆရာကြီးကပါ ပိနန်ဘက်ကိုလိုက်ပြီးဆုံးဖြတ်ပေးချင်တယ်နဲ့တူတယ်"

ရွာသူရွာသားများအားလုံး တစ်ယောက်တစ်ပေါက်နှင့် ဝေဖန်ကုန်ကြသည်။ နတ်ဆရာကြီးက ပြုံးလိုက်ပြီး

"ပိခေါင်၊ ဒါတစ်ကယ် နတ်မင်းကြီးရဲ့တမန်တော်ပဲ၊ မင်းမယုံကြည်နိုင်ဘူးဆိုရင် အားလုံးသိအောင်ငါပြမယ်"

နတ်ဆရာကြီးက ငှက်မွှေးသုံးလေးချောင်းကိုယူပြီး ခင်ခင်၏ရင်ဘတ်ပေါ်တင်လိုက်သည်။ ထို့နောက်မြေကြီးအားလက်ဖြင့်ကုန်းထိလိုက်ပြီး

"ဒီကလေးက နတ်မင်းကြီးရဲ့တမန်တော်အစစ်ဖြစ်ပါက ရှေ့ဖြစ်ဟောထားတဲ့အတိုင်း တန်ခိုးပြပေးပါ"

ထိုအခါ ထိုငှက်မွှေးများကလှုပ်ခတ်လာပြီး အဖြူရောင်အလင်းတန်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းကြီးနှင့်အတူ ငှက်မွှေးများကလည်း အနက်ရောင်နှင့်အဖြူရောင်စပ်ထားသည့် ငှက်တစ်ကောင်အဖြစ်အသွင်ပြောင်းသွားပြီးနောက် ကောင်းကင်ပေါ်သို့ပျံတက်သွားလေသည်။ ပိခေါင်နှင့် မယုံကြည်သည့်ရွာသားများအားလုံးလည်း အံ့ဩမှင်တက်လျှက်ကြည့်နေမိသည်။ နတ်ဆရာကြီးက ပြုံးလိုက်ပြီး

"မင်းတို့နတ်မင်းကြီးအပေါ် သံသယဖြစ်မိသွားပြီနော်"

ထိုအခါ ပိခေါင်နှင့်ရွာသားများအားလုံး လေးဖက်ထောက်ပြီး မြေကြီးအားနဖူးနှင့်ထိကာ နတ်မင်းကြီးကိုတောင်းပန်လိုက်ကြသည်။ ထို့နောက်ပိနန်က တစ်ခုတောင်းဆိုလိုက်သည်။

"နတ်ဆရာကြီးခင်ဗျာ၊ ဒီကလေးကို သန့်စင်ခြင်းမြစ်အတွင်း ဆေးကြောသန့်စင်ပေးပါ"

နတ်ဆရာကြီးက မုတ်ဆိတ်မွှေးများကိုပွတ်ရင်းစဉ်းစားနေလိုက်သည်။ ထိုအခါ ပိခေါင်ကလည်း

"ဟုတ်တယ်နတ်ဆရာကြီး၊ ဒီကလေးမကိုခေါ်ထားမယ်ဆိုရင် မဖြစ်သင့်တာမဖြစ်ရအောင်လို့ သူ့ကိုဆေးကြောသန့်စင်ထားတာ ကောင်းမယ်ထင်တယ်"

ညီအကိုနှစ်ယောက်က ထူးထူးခြားခြားတစ်ယောက်နှင့်တစ်ယောက်ထောက်ခံနေသဖြင့် နတ်ဆရာကြီးလည်းခေါင်းညိတ်လိုက်ရသည်။ သန့်စင်ခြင်းမြစ်ဆိုသည်မှာ တောအတွင်းစီးဆင်းနေသည့်စမ်းချောင်းကလေးတစ်ခုထဲသို့ ဆေးရွက်များနှင့် ဆေးမြစ်များထည့်လျှက် အစီအရင်တစ်ခုဖန်တီးရခြင်းဖြစ်သည်။ ထိုသို့အစီအရင်ဖန်တီးထားသည့် ချောင်းထဲသို့ ခင်ခင်ကိုခေါ်လာကြသည်။ ပိနန်က ခင်ခင်ကိုချီပိုးပြီး ထိုစမ်းချောင်းအတွင်းဆင်းလိုက်ပြီး ရေထဲသို့ခင်ခင်အား သုံးချက်နှစ်လိုက်လေသည်။ ထိုအခါ ခင်ခင်၏ ယခင်မှဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် မှတ်ဉာဏ်များအားလုံးတို့သည် ပျောက်ဆုံးသွားခဲ့ရလေသည်။ (ထိုမှတ်ဉာဏ်များသည့် ခင်ခင် ဝိညာဉ်နှောင်ဖွဲ့ပြီးသည့်အခါမှ ပြန်လည်ပေါ်ထွက်လာခဲ့ဖြင်းဖြစ်သည်)

ပိနန်ပြောပြနေသည့်အဖြစ်ကိုနားထောင်ရင်း ခင်ခင်က ခေါင်းတဆတ်ဆတ်ညိတ်နေမိသည်။ ပိနန်ကဆက်လက်ပြီး

"ရွာရဲ့အပြင်မှာသစ်ပင်လေးနှစ်ပင်ရှိတယ်၊ ငါတို့လူမျိုးရဲ့ထုံးစံက လူတစ်ယောက်သေဆုံးသွားတဲ့အခါ သူ့ကိုနာမူနတ်မင်းကြီးက မြေကြီးထဲကိုပြန်ခေါ်သွားပြီးတော့ သူတို့ဝိညာဉ်တွေကို သစ်ပင်တွေအဖြစ်ပြောင်းလဲစေတယ်ဆိုတဲ့ အယူအဆရှိတယ်၊ ဒါကြောင့်မို့ လူတွေသေဆုံးသွားရင် သူတို့ရဲ့နှလုံးသားကိုထုတ်ပြီး သစ်စေ့ကလေးထည့်ကာ မြှုပ်နှံလိုက်ကြတယ်၊ အချိန်ကြာလာတဲ့အခါ အဲဒီသစ်စေ့ကလေးက သစ်ပင်ပေါက်လာပြီး သစ်ပင်ကြီးဖြစ်သွားလိမ့်မယ်၊ ဒါကြောင့်တို့တွေဟာ သစ်ပင်တွေကိုအရမ်းတန်ဖိုးထားပြီး မခုတ်မလှဲကြတာပေါ့၊ သစ်ပင်ဆိုတာ ငါတို့လူမျိုးတွေရဲ့ သေဆုံးသွားခဲ့တဲ့ ဝိညာဉ်တွေလို့ယူဆပြီး အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက်ကြတယ်လေ"

မိုးသီးက ခင်ခင်ပြောနေသည်များကိုနားထောင်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"မင်းပြောနေတာတွေကို ရှေ့ကိုနည်းနည်းလေး မြန်မြန်ပြောလို့မရဘူးလား၊ ပိနန်နဲ့ပိခေါင်ဆိုတာ ငါ့ရဲ့ညီပဲ၊ ပိနန်မိန်းမနဲ့ကလေးကို သတ်ခဲ့တာလည်းငါပဲ၊ ငါသိချင်တာက မင်းဟောဒီ အာကာသဓါးကို ဘယ်လိုရခဲ့တာလဲဆိုတာ"

ခင်ခင်က မိုးသီးကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စကားဆက်ပြန်သည်။

(၂၆)

တစ်ရက်။

"မကောင်းဆိုးဝါးကြီးလာပြီဟေ့"

ရွာသားများအော်ဟစ်လျှက် ပြေးလွှားနေကြသည်။ သူတို့ရွာအတွင်း ရုတ်ရုတ်သဲသဲဖြစ်နေသည်မို့ ခင်ခင်နှင့်ပိလုံလည်း အပြေးထွက်ခဲ့ကြသည်။

"ဘာဖြစ်တာလည်း"

ရွာသားတစ်ယောက်က နတ်ဆရာကြီးရှေ့တွင် လေးဘက်ကုန်းချလိုက်ပြီး

"မကောင်းဆိုးဝါးကြီးလာနေပြီ၊ တောအုပ်ကိုဖျက်ဆီးတော့မယ်"

နတ်ဆရာကြီးက အလွန်ထိတ်လန့်သွားသည်။

"မကောင်းဆိုးဝါးတွေဆိုတော့၊ ရှေ့ဖြစ်ဟောကိန်းနဲ့ရော ထပ်တူကျရဲ့လား"

"တစ်ထေရာတည်းပါ နတ်ဆရာကြီး၊ အဝါရောင်ကိုယ်လုံးကြီးရှိပြီး လက်တံကြီးတွေလည်းပါတယ်၊ အဲဒီမကောင်းဆိုးဝါးကြီး လက်တစ်ချက်ရမ်းလိုက်တာနဲ့ သစ်ပင်ကြီးတွေ အတုန်းအရုန်းဖြစ်သွားကုန်တာပဲ"

ရွာသားများအကုန်ကြောက်လန့်နေကြသော်လည်း ခင်ခင်ကတော့ မကြောက်လန့်ပေ။

"ကျုပ်သွားကြည့်ချင်တယ်"

နတ်ဆရာကြီးက ခေါင်းညိတ်ပြလိုက်ပြီး

"ကောင်းပြီ၊ ပိလုံလည်းလိုက်သွား၊ ဒါပေမယ့် မင်းတို့အတင့်မရဲကြနဲ့"

ရွာသားများနှင့်အတူ ခင်ခင်တို့ပြေးလာကြသည်။ ထိုမကောင်းဆိုးဝါးကြီး၏ ကျယ်လောင်သည့်အသံကြီးကို အတော်ဝေးဝေးမှကြားနေရသည်။ ခင်ခင်တို့က ခပ်လှမ်းလှမ်းတောအုပ်အတွင်းမှ အပင်များကို အကာအကွယ်ယူပြီးကြည့်နေကြသည်။ ထိုအကောင်ကြီး၏ ကျောကုန်းရှိ အပေါက်ကြီးမှ မီးခိုးလုံးကြီးများထွက်နေသည်။ ထိုအကောင်ကြီး၏ လက်တံမှာ ဂဏန်းလက်တံကဲ့သို့ဖြစ်ပြီး သစ်ပင်ကြီးတစ်ပင်ကိုဖမ်းချုပ်ကိုင်လိုက်သည်။ ထို့နောက်လည်နေသည့် အပြားကြီးတစ်ခုဖြင့် သစ်ပင်ကြီးကိုထိလိုက်သည့်အခါတွင် မကြာခင်သစ်ပင်ကြီးလဲကျသွားသည်။ ထိုအကောင်ကြီးက လက်တံကြီးဖြင့်ပင် သစ်ပင်ကြီးကိုသယ်ယူကာ ပုံထားလိုက်လေသည်။

ခင်ခင်က အတိတ်အကြောင်းအရာများကို ပြန်မှတ်မိသွားခဲ့ပြီမို့ ထိုမကောင်းဆိုးဝါးကြီးကိုကြည့်နေရင်း တွေးနေမိသည်။

"သူတို့ထင်သလို မကောင်းဆိုးဝါးကြီးမှမဟုတ်တာ၊ ငါ့အထင်တော့ သစ်ပင်တွေခုတ်တဲ့ စက်ယန္တရားကြီးတစ်ခုဖြစ်မယ်ထင်တယ်"

ခင်ခင်က ကြောင်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်ပြီး ထိုစက်ကြီးဆီသို့ပြေးဝင်သွားသည်။ ပိလုံနှင့်ရွာသားများက ဝိုင်းတားနေကြသော်လည်း ခင်ခင်ကကြားပုံမရပေ။ ထိုစက်ကြီးပေါ်သို့ခုန်တက်လိုက်သည့်အခါ လူတစ်ယောက် မောင်းနှင်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် လူပုံစံပြောင်းလဲပြီးထိုလူအား တိုက်ခိုက်လိုက်လေရာ စက်ကြီးမှာလည်းရပ်တန့်သွားသလို ထိုလူမှာလည်းအထိနာသွားလေသည်။

ကြောင်အဖြစ်ပြောင်းလိုက်၊ လူအဖြစ်ပြောင်းလိုက်ဖြစ်နေသည့် ခင်ခင်ကိုကြည့်ပြီး စက်မောင်းသမားကြောက်လန့်သွားသည်။

"ဟာ၊ သရဲ၊ သရဲမ"

ထို့နောက် စက်ကြီးကိုနောက်ပြန်လှည့်ကာ တစ်ဟုန်ထိုးမောင်းပြေးလေတော့သည်။ ခင်ခင်နှင့် ရွာသားများလည်း ဝိုင်းဝန်းအော်ဟစ်လိုက်ကြသည်။

"အောင်ပြီဟေ့၊ အခင်ကွ"

ထိုသတင်းမှာ ရွာအတွင်းပျံ့နှံ့သွားရာ  ခင်ခင်မှာနေ့ချင်းညချင်းသူရဲကောင်းတစ်ယောက်ဖြစ်သွားသည်။ အလွန်ကြီးမားသည့် တောဖျက်သည့် မကောင်းဆိုးဝါးအကောင်ကြီးကို တစ်ယောက်တည်းအနိုင်တိုက်ခဲ့သည်မို့ ရွာမှလူများက ခင်ခင်အား အထူးလေးစားကြသည်။ ထို့အပြင် ကျေနပ်ပီတိဖြစ်နေသူကတော့ ပိနန်ဖြစ်သည်။

"တွေ့လားပိခေါင်၊ ငါ့သမီးက ငါတို့မျိုးနွယ်ရဲ့ ကယ်တင်ရှင်သူရဲကောင်းဆိုတာ"

ထိုနေ့တော့သူတို့ အောင်ပွဲခံသည့်အနေဖြင့် စားသောက်ရင်းကုန်ဆုံးခဲ့ကြသည်။

နောက်တစ်ရက်။

ခင်ခင်တို့အိပ်နေရင်း မြေကြီးများတုန်လှုပ်သံကိုကြားလိုက်ကြရသည်။ သစ်ခုတ်သည့်စက်ယန္တရားကြီးများက ဟွန်းသံများကျယ်လောင်စွာတီးလျှက် တောအုပ်အတွင်းသို့ချီတက်လာကြခြင်းဖြစ်သည်။ ထိုနေ့တော့ စက်တစ်ခုတည်းမဟုတ်ဘဲ စက်အစီးနှစ်ဆယ်လောက်အတူချီတက်လာကြသည်မို့ မြေပြင်များပင်တုန်ဟီးနေပေသည်။ ထိုစက်များကို ဦးဆောင်သည့် မန်နေဂျာကတော့

"ဘာမှမကြောက်နဲ့၊ ဒီမှာ ဘာသရဲမှမရှိဘူး၊ မင်းတို့မြင်လိုက်တာ တောထဲက လူရိုင်းမျိုးနွယ်တစ်ယောက်ကိုမြင်လိုက်တာနေမှာပါ"

"လာပြီ၊ မကောင်းဆိုးဝါးစစ်တပ်ကြီးလာကြပြီ"

ခင်ခင်တို့ရွာအတွင်း ဆူညံပွက်လောရိုက်ကုန်ပြန်သည်။ ရွာသားများမှာ အထုပ်အပိုးများပြင်ဆင်ပြီး ရွာကိုစွန့်ခွာရန်ပြင်ဆင်နေကြသည်။ ခင်ခင်က ထုံးစံအတိုင်းပင်

"အားလုံးမကြောက်ကြပါနဲ့၊ ဒီတစ်ခါလည်း ကျွန်မရအောင်ဟန့်တားပါ့မယ်"

ခင်ခင်ကပြောလိုက်သော်လည်း ပိလုံနှင့် ပိနန်ကစိုးရိမ်နေသည်။ ပိလုံက ခင်ခင်အနားသို့ကပ်ပြီးမေးလိုက်သည်။

"အခင်၊ နင်သေချာရဲ့လား၊ သူတို့ကအများကြီးနော်၊ နင်တစ်ယောက်တည်းဖြစ်ပါ့မလား"

ခင်ခင်က ခေါင်းညိတ်လိုက်သည်။ ထိုအခါ နတ်ဆရာကြီးက ခင်ခင်၏ထံသို့လျှောက်လာပြီး ဓါးမြှောင်ကလေးတစ်ချောင်းပေးလိုက်သည်။ ရွာသားများအားလုံး ထိုဓါးမြှောင်ကလေးကိုကြည့်ပြီး အံ့ဩသွားကြသည်။

"ဒီဓါးကို အာကာသဓါးလို့ခေါ်တယ်၊ တို့ဘိုးဘေးတွေဟာ တစ်ချိန်တုန်းက တောအုပ်ထဲမှာမနေဘဲ မြို့ပြတွေတည်ဆောက်ပြီးနေခဲ့ကြတယ်၊ တစ်ရက်တော့ နာမူနတ်မင်းကြီးက ဒဏ်ခတ်တဲ့အနေနဲ့ မိုးပေါ်ကနေ ကျောက်တုံးကြီးတစ်တုံးကိုပစ်ချလိုက်တယ်၊ အဲဒီကျောက်တုံးကြီးက မြို့ပြနိုင်ငံကြီးကိုထိမှန်ပြီးတော့ တစ်နိုင်ငံလုံးနီးပါးသေဆုံးခဲ့ရတယ်"

"အသက်ရှင်ကျန်သူတွေက အဲဒီကျောက်တုံးကြီးကို ခွဲကြည့်တဲ့ အခါ အထဲမှာ ကျောက်တုံးနှစ်ခုကိုတွေ့တယ်၊ ကျောက်တုံးတစ်ခုကို နာမူနတ်မင်းကြီးအဖြစ်ထုလုပ်ခဲ့ပြီး နောက်တစ်ခုကိုတော့ ဟောဒီဓါးအဖြစ်သွန်းလုပ်ခဲ့ကြတယ်၊ ဒီဓါးဟာအလွန်ထက်လွန်းလို့ တောင်ကိုခုတ်တောင်ပြတ်တယ်လို့ ပြောခဲ့ကြတယ်"

နတ်ဆရာကြီးက ဆက်လက်ပြီး

"နောက်ထပ်ရှေ့ဖြစ်ဟောကိန်းတစ်ခုအရ တစ်နေ့မှာ ငါတို့လူမျိုးနွယ်စုကို ဖျက်ဆီးမည့်ရန်သူတွေပေါ်ပေါက်လာလိမ့်မယ်၊ အဲဒီအခါမှာ မျိုးနွယ်စုထဲက သူရဲကောင်းက ဒီဓါးနဲ့အဲဒီရန်သူတွေကို အောင်နိုင်လိမ့်မယ်လို့ပြောထားတာရှိတယ်၊ ဒီတော့ သူတို့ပြောတာက အခုအခြေအနေကိုပြောတာဆိုရင် ဒီဓါးကိုကိုင်ရမယ့်သူက အခင် မင်းပဲဖြစ်လိမ့်မယ်"

နတ်ဆရာကြီးက ခင်ခင်၏ရှေ့တွင်ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ဓါးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ ပေးလိုက်သည်။ နတ်ဆရာကြီးဒူးထောက်သဖြင့် ပိနန်၊ ပိလုံနှင့် ပိခေါင်ပါမကျန်၊ ကျန်သည့်ရွာသားများအားလုံး ဒူးထောက်လိုက်ကြသည်။

"မင်းအောင်မြင်ပါစေ"

ခင်ခင်တစ်ယောက်တောအုပ်အတွင်းမှပြေးထွက်ခဲ့ပြီး ထိုစက်ယန္တရားကြီးများကို တိုက်ခိုက်သည်။ ထိုဓါးကလည်း နတ်ဆရာကြီးပြောသည့်အတိုင်းပင် စက်ယန္တရားကြီးများ၏ ထူထဲသည့် သံကိုယ်ထည်ကိုဖောက်ဝင်နိုင်ပြီး အတွင်းမှ စက်အစိတ်အပိုင်းများကိုပင် ဖျက်ဆီးနိုင်သည်။ ခင်ခင်က အလုပ်သမားတစ်ချို့နှင့် မန်နေဂျာအားသတ်ဖြတ်လိုက်လေသည်။ ထိုအခါ ကျန်သည့်သူများမှာ အော်ဟစ်လျှက်ထွက်ပြေးကြတော့သည်။ ပျက်နေသည့် စက်ကြီးများပင် ပြန်လာမယူရဲကြတော့ပေ။

ထိုတောအုပ်တွင် ကြောင်နက်သရဲမတစ်ကောင်ရှိပြီး လူသားများကိုတိုက်ခိုက်သတ်ဖြတ်တတ်သည်ဟူသည့် သတင်းမှာလဲ သစ်လုပ်ငန်းအတွင်းပျံ့နှံ့သွားကြသောကြောင့် တော်ရုံလူများလာမခုတ်ထွင်ရဲတော့ပေ။ ခင်ခင်ရွာကိုပြန်ရောက်သည့်အခါ ရွာသားများက ဆီးကြိုကြသည်။ ခင်ခင်က ဓါးကိုနတ်ဆရာကြီးဆီအပ်လိုက်သည့်အခါ နတ်ဆရာကြီးက ခေါင်းခါပြသည်။

"ငါမလိုတော့ဘူး အခင်၊ ဒီဓါးဟာ သူ့သခင်ကိုတွေ့သွားခဲ့ပြီ"

ခင်ခင်က ဓါးကလေးကိုကိုင်ရင်း နတ်ဆရာကြီးအား

"နတ်ဆရာကြီး၊ ကျွန်မလူမျိုးနွယ်စုကိုကယ်တင်ပြီးပြီဆိုတော့ ကျွန်မလုပ်ချင်တဲ့ကိစ္စလေးတစ်ခုရှိပါတယ်၊ အဲဒါကတော့ ကျွန်မတစ်မိသားစုလုံးကို သတ်ဖြတ်သွားခဲ့တဲ့ မိုးသီးဆိုတဲ့လူကို လက်စားပြန်ချေချင်ပါတယ်"

နတ်ဆရာကြီးက ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ရွေးချယ်မှုပါပဲ သူရဲကောင်း၊ ငါတို့မင်းကိုတားမြစ်ဖို့ အခွင့်အရေးမရှိပါဘူး"

ခင်ခင်က ထိုသို့ပြောလိုက်သည့်အခါ ပိနန်က အရှေ့တိုးလာပြီးခင်ခင်၏ လက်ကိုဆုပ်ကိုင်လိုက်သည်။

"သမီးလေး၊ ထွက်သွားတော့မလို့လား၊ အဖေသမီးကိုမခွဲနိုင်ဘူးကွယ်"

"စိတ်ချပါအဖေရယ်၊ သမီးကိစ္စတွေပြီးရင်ပြန်လာခဲ့ပါ့မယ်"

ပိနန်လဲ မတားသာတော့ဘဲ ငိုယိုလျှက်ကျန်နေခဲ့သည်။ ခင်ခင်ကတော့ တောအုပ်အတွင်းမှပြေးထွက်ခဲ့သည်။

"အခင်၊ အခင်"

လှည့်ကြည့်လိုက်ရာ ပိလုံဖြစ်နေသည်။

"အခင်၊ နင်ငါ့ကိုကတိတစ်ခုပေးပါ၊ နင်ငါတို့ဆီကို ပြန်လာရမယ်နော်"

"စိတ်ချပါပိလုံ"

"ဒါနဲ့ ငါအရင်က နင့်ကိုမပြောဖြစ်သေးတာတစ်ခုပြောချင်တယ်"

ခင်ခင်က ပိလုံအပြောကို နားစွင့်နေလိုက်သည်။ ပိလုံက စိတ်လှုပ်ရှားနေပုံရသည်။

"ငါနင့်ကိုချစ်တယ်အခင်၊ နောက်ပြီးနင့်ကိုလဲ ကြင်ယာဖက်အဖြစ်ငါ ရွေးချယ်ထားတယ်"

ခင်ခင်မျက်လုံးများဝိုင်းစက်သွားသည်။

"နင်မသွားခင် နင့်ရဲ့သဘောထားကို ငါသိချင်တယ်အခင်"

ခင်ခင်က ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါပိလုံ၊ ငါပြန်လာခဲ့ပါ့မယ်၊ ငါပြန်လာပြီးရင် ငါတို့အတူတူတောထဲမှာ တစ်သက်လုံးနေသွားကြမယ်"

ခင်ခင်စကားကိုကြားတော့ ပိလုံပျော်ရွှင်သွားမိသည်။

"နင်တကယ်ပြောတာလားအခင်"

"တစ်ကယ်ပေါ့၊ တစ်ကယ်တော့ပိလုံ၊ နင့်ကိုငါ အကိုတစ်ယောက်လိုလည်းချစ်တယ်၊ နောက်ပြီးတော့ ချစ်သူတစ်ယောက်အနေနဲ့လည်း ရင်ခုန်နေခဲ့မိတာကြာပါပြီ"

ပိလုံက ခင်ခင်ကိုပွေ့ဖက်လိုက်သည်။ ခင်ခင်ကလည်း နှုတ်ဆက်သည့်အနေဖြင့် ပိလုံကိုပြန်ပွေ့ဖက်လိုက်သည်။ ခင်ခင်၏ ပါးပြင်တွင် မျက်ရည်စက်များစီးကျလာသည်ကို ပိလုံမြင်မည်မဟုတ်။

"ပိလုံရယ်၊ ဒီတစ်ခေါက်ငါသွားမယ့်ကိစ္စမှာ ငါပြန်လာနိုင်ပါ့မလားဆိုတာတောင် မသေချာဘူး၊ ဘာပဲဖြစ်ဖြစ်ပါ၊ ငါနင့်ကိုပျော်စေချင်တယ်၊ နင်ပျော်နေတာကိုငါမြင်ချင်တယ်ပိလုံ"

ခင်ခင်က စိတ်ထဲမှရေရွတ်လိုက်တော့သည်။

ခင်ခင်ပြောပြသမျှကိုနားထောင်နေရင်း ဟုမ်းက

"ဒါဆို ကောင်းကင်ကကျလာတာဆိုတော့ ဥက္ကာခဲကြီးတစ်ခုဖြစ်မယ်၊ အဲဒီဥက္ကာခဲကြီးက မြို့ကိုပြင်းထန်တဲ့အရှိန်နဲ့ထိမှန်ပြီး မြို့သားတွေသေဆုံးကုန်မယ်၊ သူတို့ ဥက္ကာခဲထဲကို ရှာကြည့်တော့ ထူးဆန်းတဲ့သတ္တုတစ်မျိုးတွေ့မယ်။ ဒါဆိုရင် ဒီဓါးဟာ အလွန်ထူးခြားတဲ့ သတ္တုတစ်မျိုးနဲ့ပြုလုပ်ထားတာဖြစ်မယ်"

ဟုမ်းကောက်ချက်ချလိုက်တော့ မိုးသီးက လက်ခုပ်တီးသည်။ ခင်ခင်က ဟုမ်းကိုကြည့်ပြီးတော့

"အခုဘယ်နှနာရီထိုးပြီလဲ"

ဟုမ်းကလက်ပတ်နာရီကိုကြည့်လိုက်ပြီး

"ညနေငါးနာရီခွဲ"

ခင်ခင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် မိုးသီးကိုကြည့်ပြီး

"နေပါအုံး ကျွန်မမရှင်းတာတစ်ခုရှိတယ်၊ ရှင်က ပိလရလူမျိုးတွေဆီကနေ ထွက်လာတာ အလွန်ဆုံးရှိရင် ဆယ်နှစ်လောက်ပဲရှိမှာပေါ့၊ ဒါနဲ့များ ဘာကြောင့် သူ့ကိုမွေးနိုင်ရတာလည်း"

ခင်ခင်က ပြောလိုက်တော့ ဟုမ်းလဲခေါင်းညိတ်လိုက်သည်။ ထိုတော့မှ မိုးသီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"ဒီလိုလေ၊ ငါလူမိုက်လောကထဲရောက်ခဲ့ပြီးတော့ ငါ့ကိုအပြင်လောကက နာမည်တစ်ခုပေးခဲ့တယ်၊ ငါ့ဆရာက ငါ့ကို လူမိုက်နာမည် မိုးသီးဆိုပြီး ပေးခဲ့တာပဲ၊ ဒီလိုနဲ့တစ်နှစ်လောက်ကြာတဲ့အခါမှာ ငါ့ကိုဆရာက တာဝန်တစ်ခုပေးခဲ့တယ်"

(၂၇)

"သူ့နာမည်က မေရီလို့ခေါ်တယ်"

မိုးသီးက သူ့ဆရာပေးသည့် ဓါတ်ပုံကလေးကိုကောက်ပြီးကြည့်လိုက်သည်။ နှာခေါင်းချွန်ချွန်၊ ဆံပင်ရွှေဝါရောင်ရှိသည့် အနောက်တိုင်းအမျိုးသမီးတစ်ယောက်ပုံဖြစ်သည်။

"သူ့ကိုကျုပ်က ဘာလုပ်ရမှာလဲ"

"သူက အမေရိကန်နိုင်ငံကနေထွက်ပြေးလာတဲ့ သိပ္ပံပညာရှင်တစ်ယောက်ပဲ၊ သူက အမေရိကန်အစိုးရရဲ့ လှို့ဝှက်စမ်းသပ်မှုတစ်ခုကို ဦးဆောင်လုပ်ကိုင်ခဲ့တယ်၊ အဲဒီစမ်းသပ်မှုကို သူက တရုတ်ကိုရောင်းချချင်နေတယ်၊ ဒါနဲ့ အမေရိကန်ကနေထွက်ပြေးလာပြီး တရုတ်ကိုတိုက်ရိုက်မသွားသေးဘဲ ဒီဝင်္ကပါမြို့မှာ လာရောက်ပုန်းအောင်းနေတယ်လို့ ယူဆရတယ်"

"သူ့ကိုသတ်ရမှလား"

"မသတ်ရဘူးမိုးသီး၊ သူ့ကိုရပြီဆိုရင် ငါတို့လက်ထဲစိန်တုံးကြီးရလာသလိုပဲပေါ့၊ အမေရိကန်ကိုပဲဖြစ်ဖြစ်၊ တရုတ်ကိုပဲဖြစ်ဖြစ် ငါတို့အကြိုက်ဈေးခေါ်ပြီး ရောင်းစားလိုက်လို့ရ တယ်၊ ငါတို့တစ်တွေ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရလောက်မှာကွ၊ ဒါကြောင့်မို့လို့ မင်းကိုစိတ်ချလို့ ဒီအလုပ်ကိုအပ်တာပဲ"

"ကောင်းပြီလေ၊ ကျုပ်ရှာပေးမယ်၊ ဒါပေမယ့် သူ့ရဲ့ပစ္စည်းပဲဖြစ်ဖြစ်၊ အဝတ်အစားပဲဖြစ်ဖြစ် တစ်ခုခုကျုပ်လိုချင်တယ်"

ထိုအခါ ဆရာက သူ့အား လက်ဆွဲသေတ္တာနှင့်သေသေချာချာထုတ်ပိုးထားသည့် စက္ကူစလေးတစ်ခုကိုပေးသည်။

"ဒါကတော့ သူလွန်ခဲ့တဲ့တစ်ပတ်လောက်က အသုံးပြုခဲ့တဲ့ တစ်သျှူးစက္ကူတစ်ခုပဲ၊ မင်းဖြစ်ပါ့မလား"

မိုးသီးက ပြုံးလိုက်သည်။ လူတစ်ယောက်၏အနံ့ကိုရလျှင် မိုးသီး၏ ဝက်ဝံဝိညာဉ်က ခြေရာခံပေးနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် တစ်ပတ်ခန့်ကြာသည့်အချိန်တွင် မေရီ၏ နေရာကိုရှာဖွေတွေ့ရှိခဲ့သည်။ အထူးလျှို့့ဝှက်ပြုလုပ်ရသည်မို့ တစ်ယောက်တည်းသာ မေရီ၏ အိမ်အတွင်းသို့ဝင်ခဲ့သည်။ ထိုညက မေရီက မူးနေသည်။ ဧည့်ခန်းအတွင်းထိုင်နေသည့် မိုးသီးကိုမြင်လိုက်တော့ မေရီက လန့်ပြီးလက်ထဲက အရက်ခွက်ကျကွဲသွားသည်။

"ရှင်က ဘယ်ဘက်ကလဲ၊ အမေရိကန်ဘက်ကလား၊ တရုတ်ဘက်ကလား"

မိုးသီးက ခေါင်းခါလိုက်သည်။

"ငါကဘယ်ဘက်ကမှမဟုတ်ဘူး"

ထိုအခါ မေရီက ကျေနပ်စွာပြုံးလျှက် မိုးသီးဆီသို့တိုးကပ်လာပြီး မိုးသီးလည်ပင်းကိုသိုင်းဖက်လိုက်သည်။

"ဒါဆို ကျွန်မဘက်ကပေါ့နော်"

မေရီ၏ ဆွဲဆောင်မှုကို မိုးသီးမရုန်းကန်နိုင်ပေရာ သူတို့အတူတူချစ်တင်းနှောဖြစ်ခဲ့ကြသည်။ ထို့နောက် မိုးသီးက မေရီအားသနားသွားမိသည်။ မေရီက မြန်မာစကားအတော်အတန်ပြောတတ်သည်ဖြစ်ရာ သူတို့စကားပြောဖြစ်ခဲ့ကြသည်။

"မင်းကိုအချိန်တစ်ပတ်ပေးမယ်၊ မင်းဒီကနေထွက်သွားတော့"

မေရီက မိုးသီး၏လက်ကိုဆုပ်ကိုင်လိုက်သည်။

"ကျွန်မရှင့်ရဲ့အကူအညီကိုလိုတယ်၊ ရှင်ကျွန်မကိုကူညီမှရမယ်"

မေရီက သူ့အိပ်ခန်းထဲရှိ စာအုပ်စင်တစ်ခုကိုရွှေ့လိုက်သည့်အခါ လှို့ဝှက်လမ်းကြောင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။ ထိုလှို့ဝှက်လမ်းကြောင်းအတိုင်းဆင်းသွားပါက မြေအောက်ခန်းတစ်ခုအတွင်းရောက်သွားပြီး ထိုမြေအောက်ခန်းအတွင်းတွင် ခေတ်မီနည်းပညာစက်များကိုတွေ့ရသည်။ မိုးသီးက အံ့ဩစွာနှင့်ကြည့်နေမိစဉ် မေရီက စက်များကိုဖွင့်နေသည်။

"သူတို့လိုချင်တာ ဒီနည်းပညာပဲ"

မိုးသီးက အံ့ဩစွာဖြင့်ကြည့်နေမိသည်။

"ဘာနည်းပညာလဲ"

"စူပါလူသားတစ်ယောက်ဖန်တီးတဲ့နည်းပညာပေါ့၊ ဒီနည်းပညာနဲ့ဆိုရင် လူတစ်ယောက်ကို အချိန်ခြောက်ရက်ထဲနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ်ဖြစ်အောင် ဖန်တီးနိုင်တယ်"

"ဝိုး၊ မြန်လှချည်လား"

"ဒါတင်မကသေးဘူး၊ ဒီလူသားရဲ့ဦးနှောက်ထဲကိုလည်း သူသိစေချင်တဲ့အကြောင်းအရာတွေကို ထည့်ပေးထားလို့ရတယ်၊ ဒီနည်းပညာနဲ့ဆို မြောက်မြားစွာသောစူပါလူသားတွေကို အချိန်တိုအတွင်းထုတ်လုပ်နိုင်တော့မှာဖြစ်တယ်၊ အမေရိကန်အစိုးရက ဒီနည်းပညာကိုစမ်းသပ်နေတာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီ၊ ဒီနည်းပညာကိုအသုံးပြုပြီးတော့ သူက စစ်ဘက်ဆိုင်ရာမှာ ဒီလိုလူသားတွေနဲ့အစားထိုးချင်လို့ပဲ"

"အခုနည်းပညာက အဆင်ပြေပြီလား"

"အားလုံးအဆင်ပြေသွားပြီ"

"ဒါနဲ့များ မင်းကဘာလို့ထွက်ပြေးလာတာလဲ၊ မင်းကိုသူတို့က ဆုချီးမြှင့်မယ်မဟုတ်ဘူးလား"

မေရီက ဆေးလိပ်တစ်လိပ်ကိုထုတ်သောက်ရင်း ရယ်မောလိုက်သည်။

"ချီးမြှင့်ဖို့နေနေသာသာ၊ နည်းပညာအောင်မြင်သွားရင် ကျွန်မကိုသူတို့က သတ်ကြမှာ"

မိုးသီးအံ့ဩသွားမိသည်။

"ဘာလို့လဲကွ"

"ဘာလို့လဲဆိုတော့ ကျွန်မကလည်း သူတို့စမ်းသပ်ခဲ့တဲ့သူတစ်ယောက်ပဲမို့လို့ပါ"

"မင်းပြောတာငါနားမလည်ဘူး"

"ရှင့်ကိုပြောပြီးသားပဲ၊ သူတို့က နှစ်ပေါင်းများစွာစမ်းသပ်လာခဲ့တာ၊ အခုကျွန်မဒီအရွယ်ရောက်ဖို့ သူတို့ခြောက်နှစ်အတွင်းဖန်တီးခဲ့တယ်၊ ကျွန်မရဲ့ခေါင်းထဲကို သိပ္ပံပညာတွေ၊ အသိပညာဗဟုသုတတွေ ရိုက်သွင်းပြီးတော့ မွေးဖွားပေးခဲ့တာ"

မိုးသီးခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းအခုဘာလုပ်ချင်သလဲ"

"ဒီနည်းပညာရှိရင် လူသားတွေဒုက္ခများဖို့ပဲရှိတယ်၊ ဒါကြောင့် ဒီနည်းပညာကိုဖျက်ဆီးရမယ်၊ ဒါပေမယ့်လည်း ကျွန်မဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို ကျွန်မလုပ်ချင်သေးတယ်"

"အဲဒါဘာလဲ"

"ကျွန်မရဲ့မျိုးဆက်၊ ကျွန်မရဲ့ရင်သွေးတစ်ယောက်လောက်တော့ ကျွန်မလိုချင်တယ်"

မိုးသီးက မတ်တပ်ရပ်လိုက်ပြီးနောက်

"ဒါနဲ့ပဲ မေရီရဲ့မျိုးစေ့နဲ့ ငါ့ရဲ့မျိုးစေ့တို့ပေါင်းစပ်ပြီး ဖန်ပေါင်းချောင်ထဲမှာ ဟောဒီက ဟုမ်းကိုဖန်တီးခဲ့တယ်၊ အဲဒီနည်းပညာက တကယ်ကြောက်စရာကောင်းတယ်၊ ခြောက်ရက်အတွင်းမှာပဲ သူက အသက်ဆယ့်ခြောက်နှစ်အဖြစ်မွေးဖွားလာခဲ့တယ်လေ"

ခင်ခင်သဘောပေါက်လိုက်ပြီဖြစ်သည်။ ထို့နောက် ဟုမ်းဘက်သို့လှည့်ကြည့်ပြီး

"ဒါဆို ရှင့်တစ်ဘဝလုံးကို မိဘတွေက အမွေတွေပေးခဲ့တယ်ဆိုတာက"

ခင်ခင်အမေးကို မိုးသီးက ဝင်ဖြေသည်။

"အေးပေါ့၊ အဲဒီငွေတွေကို ငါပဲပေးခဲ့တာပေါ့၊ မေရီကတော့ သူ့ကိုဖန်တီးပြီးတဲ့အခါ သူရော သူ့စမ်းသပ်ခန်းကိုရော ဖောက်ခွဲဖျက်ဆီးပစ်လိုက်တယ်၊ ဒီတော့ ငါရယ်၊ ဟောဒီက ငါ့သားရယ်ကျန်ခဲ့တာပေါ့၊ ငါက ဘယ်သူမှလူသိမခံစေချင်တဲ့အတွက် သူ့ကိုငွေတွေပေးပြီးတော့ ခြေရာဖျောက်ပြီး အဆက်အသွယ်ဖြတ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ငါ့နောက်ကိုလိုက်နေတဲ့သူတွေလည်း မနည်းမနောပဲကိုး"

"ဘယ်နှနာရီထိုးပြီလဲ"

ဟုမ်းက လက်ကနာရီကိုကြည့်လိုက်ပြီး

"ခြောက်နာရီထိုးပြီ၊ ဒါနဲ့ မင်းကဘာလို့ နာရီတွေမေးနေရတာလဲ"

ခင်ခင်ကတစ်ချက်ပြုံးလိုက်ပြီး

"ညရောက်အောင်လို့ စောင့်နေတာမို့လို့ပါ"

ခင်ခင်တစ်ချက်ခုန်လိုက်သည့်အချိန်တွင် ကြောင်တစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ထို့နောက်မိုးသီးထံသို့ပြေးဝင်သွားပြီး လူအဖြစ်ပြောင်းလဲလိုက်ကာ မိုးသီး၏မျက်နှာအားခြေထောက်ဖြင့်နှစ်ချက်ဆင့်ကန်လိုက်ပြီး ကိုယ်ကိုတစ်ပတ်ကျွမ်းထိုးကာ မေးစေ့အားပင့်ကန်ချက်ဖြင့်ကန်တင်လိုက်သည်။ မိုးသီးမှာ ရုတ်တရက်မို့ ခုခံချိန်မရဘဲ အနောက်သို့လွင့်ထွက်သွားသည်။ ခင်ခင်က စားပွဲပေါ်ရှိ ဓါးမြှောင်ကလေးကို ကောက်ကိုင်လိုက်သည်။

"ထစမ်းပါမိုးသီးရယ်"

မိုးသီးက နှာခေါင်းမှသွေးများကိုသုတ်ရင်း မတ်တပ်ရပ်လိုက်သည်။ ဟုမ်းက ခင်ခင်အား အလွန်အံ့ဩစွာကြည့်နေမိသည်။

"မင်းအစွမ်းတွေကို ကာကအပင်အသုံးပြုပြီး ပိတ်ပင်ထားတယ်မဟုတ်ဘူးလား"

ထိုအခါ ခင်ခင်က ရယ်မောလိုက်သည်။

"ကာက အပင်ဆိုတာ နာမူနတ်မင်းကြီးရဲ့အစွမ်းတွေကိုပဲ ပိတ်ပင်နိုင်တာပါ"

မိုးသီးမျက်လုံးပြူးသွားသည်။

"ဒါဆို၊ ဒါဆို မင်းက "

"ဟုတ်တယ်၊ ကျွန်မရဲ့အစွမ်းက အိုရီဆီကနေရထားတာပဲ"

မိုးသီးက တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ဝက်ဝံကြီးတစ်ကောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားသည်။ ထို့နောက် ခင်ခင်နှင့်တိုက်ခိုက်ကြတော့သည်။ ဝက်ဝံကြီး၏လက်သည်းများမှာ ချွန်ထက်နေပြီး ခင်ခင်က မနည်းလွတ်အောင်ရှောင်တိမ်းနေရသည်။ သို့သော်လည်း ခင်ခင်က ကြောင်လေးတစ်ကောင်အဖြစ်ပြောင်းလဲကာ တိမ်းရှောင်နေသဖြင့် ဝက်ဝံကြီးမှာ အလွန်ပေါ့ပါးသည့် ကြောင်ကလေးကို မဖမ်းနိုင်ဘဲရှိနေသည်။

ဆယ့်ငါးမိနစ်ခန့် တိုက်ခိုက်ပြီးသည့်အခါ ဝက်ဝံကြီးမှာ တဖြည်းဖြည်းနှေးကွေးလာလေသည်။ ခင်ခင်က အနောက်သို့ခုန်ဆုတ်လိုက်ပြီး

"လုပ်စမ်းပါမိုးသီးရယ်၊ ရှင့်အစွမ်းတွေက ဒီလောက်ပဲမဟုတ်လား၊ နာမူနတ်မင်းကြီးဆီက ရတဲ့အစွမ်းတွေက ညဘက်ဆိုရင် တစ်ဝက်လောက်ပဲရနိုင်တယ်မဟုတ်လား၊ ကျွန်မကတော့ အိုရီဆီက အစွမ်းတွေရထားတာမို့လို့ ညဘက်ရောက်လေပိုစွမ်းလေပဲရှင့်"

ဝက်ဝံကြီးက အတင်းဝင်တိုက်ခိုက်ပြန်သည်။ အခန်းတစ်ခုလုံး ဗြောင်းဆန်နေသည်။ ဟုမ်းကတော့ အခန်းထောင့်တစ်နေရာတွင် အကာအကွယ်ယူပြီးပုန်းနေလေသည်။ ခင်ခင်က မိုးသီးစိုက်ထားသည့် ဆေးရွက်စိုက်ခင်းများပေါ်တက်ပြေးသည်။ မိုးသီးကလည်း လိုက်လံတိုက်ခိုက်ရာ ဆေးပင်များအစိတ်စိတ်အမြွာမြွာဖြစ်ကုန်သည်။ တစ်ချီတွင် ခင်ခင်ကကြောင်ကလေးအဖြစ်ပြောင်းလဲပြီး ဝက်ဝံကြီး၏ မျက်နှာပေါ်သို့ခုန်တက်လိုက်ကာ တစ်ဖက်တည်းရှိသည့် မျက်လုံးအားကြောင်လက်သည်းများနှင့် ကုတ်ခြစ်လိုက်သည်။

ဝက်ဝံကြီးမှာ နာကျင်စွာအော်ဟစ်လျှက် ပါးစပ်ကြီးဟလိုက်သည့်အချိန်တွင် ခင်ခင်က ဆေးရွက်စိုက်ခင်းမှ ကာကအပင်ကို နှုတ်ယူလိုက်ပြီး ဝက်ဝံကြီး၏ ပါးစပ်အတွင်းသို့ပစ်ထည့်လိုက်လေသည်။ ထိုအပင် ပါးစပ်အတွင်းရောက်သွားသည်နှင့် ဝက်ဝံကြီးမှာ တဖြည်းဖြည်းသေးငယ်သွားပြီး မိုးသီးပြန်ဖြစ်သွားသည်။

"ရှင်ပြန်ပေးဆပ်ရမည့်အလှည့်ရောက်ပြီ"

ခင်ခင်က ဓါးမြှောင်ကလေးကိုင်လျှက် မိုးသီးဆီသို့ပြေးဝင်သွားသည်။ မိုးသီး၏ ပေါင်ကြားမှလျှောတိုက်ဝင်သွားပြီး ပေါင်ကြောများကို ဖြတ်တောက်ပစ်လိုက်သည်။ မိုးသီးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည့်အခါ မိုးသီး၏ လက်ပြင်ကျောကိုခုတ်ဖြတ်လိုက်လေသည်။ ခြေရောလက်ပါ အကြောများဖြတ်ခံရသဖြင့် မိုးသီးမလှုပ်ရှားနိုင်ဘဲဖြစ်နေသည့်အခါ ခင်ခင်က မိုးသီး၏ ညာဘက်လက်ကို လက်မောင်းအရင်းမှ ဖြတ်ချလိုက်လေသည်။

"ဒါက ငါ့အဖေအတွက်"

ခင်ခင်က အော်ဟစ်လိုက်ပြီး နောက်ထပ်လက်တစ်ဖက်ကိုလည်း အလားတူဖြတ်ချလိုက်ပြန်သည်။

"ဒါက ငါ့အစ်မအတွက်"

မိုးသီးလက်နှစ်ဖက်စလုံး လက်မောင်းရင်းမှပြတ်ထွက်ပြီး သွေးတွေပန်းထွက်နေသည်။

"ဟောဒါက ငါ့အမေအတွက်"

ခင်ခင်က ဓါးမြှောင်ကလေးကိုရမ်းလိုက်သည့်အခါ မိုးသီး၏ ခြေထောက်နှစ်ချောင်းပေါင်ရင်းမှပြတ်ထွက်သွားသည်။ မိုးသီးလည်း ဘာမှပြန်မလုပ်နိုင်ဘဲ တအားအားနှင့်သာ အော်ဟစ်နေလေသည်။

"ဟောဒါက ငါ့မောင်လေးအတွက်"

ခင်ခင်က ဓါးဖြင့်မိုးသီး၏ရင်ဘတ်ကို ထိုးခွဲလိုက်လေသည်။ ရင်ဘတ်တွင် ကြက်ခြေခတ်ပုံစံခွဲလိုက်သည်မို့ အတွင်းမှ ကလီစာများကိုအတိုင်းသားမြင်နေရသည်။ ခင်ခင်က ဓါးကလေးကို ပြန်သိမ်းလိုက်ပြီး သူ့လက်နှင့် မိုးသီး၏ နှလုံးကို ဆွဲဆုတ်ကိုင်လိုက်သည်။

"ဟောဒါကတော့ ငါ့အမေဗိုက်ထဲက ငါ့မောင်လေးအတွက်"

မိုးသီးရင်ဘတ်ထဲမှ တဆတ်ဆတ်ခုန်နေသော နှလုံးကြီးကို ဆွဲထုတ်လိုက်ရာ ခင်ခင်၏လက်အတွင်းသို့ နှလုံးကပါလာခဲ့သည်။ ခင်ခင်က ထိုနှလုံးကို မုန်းတီးစွာဖြင့်တစ်ချက်ကြည့်ပြီးနောက် လက်အားဖြင့်ညှစ်လိုက်လေရာ နှလုံးမှာပေါက်ကွဲထွက်သွားပြီး သူ့တစ်ကိုယ်လုံးကိုလည်း သွေးများဖြင့်ဖုံးလွှမ်းသွားသည်။ ခြေပြတ်လက်ပြတ်နှင့် ရင်ဘတ်ပွင့်ကာ မရှုမလှသေဆုံးနေသည့် မိုးသီးကိုကြည့်ပြီး ခင်ခင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"ဟား၊ ဟား၊ ဟား"

ထိုအခါ ဟုမ်းက အခန်းထောင့်မှထွက်လာပြီး လက်ခုပ်တီးကာအားပေးသည်။

"ဂုဏ်ယူပါတယ်ခင်ခင်၊ မင်းလုပ်နိုင်ခဲ့ပြီ"

ခင်ခင်က ဟုမ်းကို မုန်းတီးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး

"ရှင်ရော ဘာထူးလဲ၊ ရှင်လည်းအလိုတူ အလိုပါပဲ"

ထိုအခါ ဟုမ်းက ပြုံးလိုက်ပြီး

"ငါက အလိုတူ အလိုပါမဟုတ်ဘူးကွ၊ ဒါတွေအားလုံးကို ငါစီမံခဲ့တာပဲ"

ခင်ခင်က မယုံကြည်နိုင်သေးဘဲဖြစ်နေရာ အခန်းတံခါးပွင့်သွားပြီး မြင်းမိုရ်မောင်အေးဝင်လာခဲ့သည်။

"ဪ၊ သေတောင်သွားပြီလား"

ဟုမ်းကပြုံးရင်း

"ကျုပ်က ကျုပ်အဖေကိုတော့ကျုပ်လက်နဲ့ပြန်သတ်မလားဗျ၊ ကဲပါ ကိုမောင်အေး၊ ခင်ဗျားနည်းနည်းတော့ ပျော်သွားတယ်မဟုတ်လား"

မြင်းမိုရ်မောင်အေးက မိုးသီးအနီးသို့တိုးကပ်သွားပြီး မိုးသီးကိုယ်လုံးကြီးကို ခြေထောက်နဲ့ဆောင့်ကန်နေသည်။

"သေစမ်း၊ လူဆိုးကြီး၊ မင်းငါ့ကိုတစ်ချိန်လုံးခိုင်းစားပြီးတော့ အကောင်းလည်းတစ်ခါမှမပြောဘူး၊ သေစမ်း၊ ခွေးကြီး"

ဟုမ်းက သက်ပြင်းချလိုက်ပြီး

"ကဲပါ၊ ခင်ဗျားဒေါသတွေကိုလျော့၊ လုပ်စရာတွေလည်းရှိသေးတယ်မဟုတ်လား၊ ဒီနေ့ကစပြီး ခင်ဗျားကျုပ်လူဖြစ်သွားပြီကိုမောင်အေး၊ ခင်ဗျားကျုပ်ခိုင်းတဲ့အတိုင်းလုပ်ရမယ်"

ခင်ခင်က အံ့အားသင့်စွာနှင့်ကြည့်နေလျှက်

"ရှင်တို့ဘာတွေဖြစ်နေကြတာလဲ"

ဟုမ်းက ခေါင်းညိတ်လိုက်ပြီး သူ့ခေါင်းကိုသူ လက်ညှိုးထိုးပြသည်။

"ငါ့အဖေက ဘာလို့ငါ့ကိုပြန်လိုချင်သလဲဆိုတော့ ငါ့အမေရဲ့ ဓါတ်ခွဲခန်းအတိုင်း သူဆောက်လုပ်ပြီးစီးသွားခဲ့ပြီ၊ နောက်ပြီးတော့ ငါ့အမေရဲ့ ဦးနှောက်ထဲက မှတ်ဉာဏ်တွေ၊ ဗဟုသုတတွေ အားလုံးကို ငါ့ခေါင်းထဲကို ထည့်ပေးထားခဲ့လို့ပဲ"

"ဒါဆို ရှင်၊ ရှင်က အဲဒီနည်းပညာကိုပြန်ဖော်ထုတ်ပြီးတော့ ချမ်းသာအောင်လုပ်မလို့လား"

ဟုမ်းက ခေါင်းကိုဖြည်းညှင်းစွာခါလိုက်ပြီး

"ငါကချမ်းသာအောင်မလုပ်ဘူး၊ ဒီနည်းပညာနဲ့ ကမ္ဘာကြီးကို အုပ်စိုးမှာကွ"

ဟုမ်းကပြောပြီးနောက် ထပြီးရယ်မောနေလေသည်။ မြင်းမိုရ်မောင်အေးလည်း လိုက်ပါရယ်မောနေတော့သည်။ ခင်ခင်က အံကိုကြိတ်လိုက်ပြီး

"မဖြစ်စေရဘူး၊ ကျွန်မရှိနေသရွေ့ ဒါမျိုးမဖြစ်စေရဘူး"

ခင်ခင်က ဓါးမြှောင်ကလေးကို ထုတ်လိုက်သည့်အခါ သူ့နှာခေါင်းအတွင်းသို့ အနံ့တစ်မျိုးဝင်လာသည်။ သူ့ခြေဖျားလက်ဖျားတွေ တုန်ယင်လာခဲ့သည်။ ထိုအခါ ဟုမ်းက သူ့အကျီအတွင်းအိတ်ထဲမှ ပလတ်စတစ်နှင့်ပတ်ထားသည့် အထုပ်ကလေးတစ်ခုကို ထုတ်ကာဖြေနေသည်။ ထိုအထုပ်ကလေးထဲမှ အနံ့များထွက်လာခြင်းဖြစ်သည်။

"ရှင်၊ ရှင်ဘာလုပ်တာလဲ"

ဟုမ်းက ဆေးပင်ကလေးတစ်ချို့ကိုကိုင်ထားသည်။

"ဒါကြောင်ဆေးပင်ပဲ၊ မင်းငါ့ကိုမလွန်ဆန်နိုင်တော့ဘူးမဟုတ်လား"

ထိုအနံ့ရှိရာသို့ ခင်ခင်အပြေးသွားချင်နေမိသည်။ ထိုအနံ့ကြောင့် သူ့တစ်ကိုယ်လုံးကို ထိန်းချုပ်မရနိုင်တော့ပေ။

"ရှင်၊ ဘယ်လိုလုပ်လိုက်တာလဲ"

"ရှင်းပါတယ်၊ မင်းနဲ့ခေါက်ဆွဲစားပြီးတော့ ငါအိမ်သာတက်ချင်တယ်လို့ပြောတယ်မဟုတ်လား၊ အဲဒီအချိန်မှာ ငါအိမ်သာသွားတာမဟုတ်ဘူး၊ ပန်းခြံဘေးက ကုန်ဈေးတန်းကလေးမှာ ဟောဒီကြောင်ဆေးပင်တွေဝယ်လာခဲ့တာပဲ၊ မင်းအနံ့ရမှာစိုးရိမ်လို့ ပလတ်စတစ်တွေနဲ့ အထပ်ထပ်ပတ်လာခဲ့တာ"

ခင်ခင်လည်းပြန်စဉ်းစားမိသွားသည်။ ဟုတ်သည်။ ဟုမ်းအိမ်သာကပြန်လာပြီး ခုံတန်းမှာလာထိုင်တော့ ထူးဆန်းသည့်အနံ့တစ်မျိုးသူရခဲ့သည်။ ထိုသည်ကပင် ကြောင်ဆေးပင်အနံ့ဖြစ်နေသည်ကို သူမသိပေ။ ခင်ခင်က ဟုမ်းအနားသို့ပြေးသွားလိုက်မိပြီး ဟုမ်းလက်ထဲက အပင်ကလေးများကို နမ်းရှုံ့နေမိသည်။

"လုပ်ပါအုံးခင်ခင်ရဲ့၊ မင်းဓါးနဲ့ ငါ့လည်ပင်းကို ပိုင်းပါအုံး"

ခင်ခင်က ဓါးကိုသေချာကိုင်လိုက်သော်လည်း သူ့လက်ကိုမမြှောက်နိုင်တော့ပေ။ သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဟုမ်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း

"ခင်ခင်ရာ မင်းရဲ့အတွင်းစိတ်ဝိညာဉ်အရ၊ မင်းက ကြောင်ပါပဲကွာ"

ထိုအချိန် မြင်းမိုရ်မောင်အေးက ခင်ခင်၏လည်ပင်းအနောက်သို့ ဆေးထိုးအပ်ကြီးတစ်ချောင်းထိုးချလိုက်သည်။ ခင်ခင်အမြင်တွေ ဝေဝါးကုန်ပြီး မေ့လဲကျသွားတော့သည်။ ထိုအခါ ဟုမ်းက သူ့မျက်နှာကိုကြည့်ပြီး

"ကြောင်ကတော့ ကြောင်ပါပဲခင်ခင်ရာ"

(၂၈)

တီဗွီတွင် သတင်းတစ်ခုလာနေသည်။ အစီအစဉ်တင်ဆက်သူက

"ဝင်္ကပါမြို့အတွင်း ယခုတစ်လောတွင်ဖြစ်ခဲ့သည့် လူသတ်မှုပေါင်း ၅၀ ကျော်ကိုပြုလုပ်ခဲ့သည့် တရားခံတစ်ဦးအားဖမ်းဆီးရမိထားပါတယ်၊ မျက်မြင်သက်သေအဖြစ် ဂျော်ကြီးက အဲဒီလူဖြစ်ကြောင်းကို သက်သေထွက်ဆိုထားပါတယ်။ အဲဒီတရားခံကို တရားသူကြီးတွေက သေဒဏ်ချမှတ်ထားပြီး နောက်လာမယ့် အပတ်စနေနေ့မှာ စီရင်မှာဖြစ်ပါတယ်၊ အဲဒီလူသတ်သမားဟာ အသက်ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်၊ သူ့ကို အခုတော့ ဗဟိုအကျဉ်းထောင်ကြီးမှာ သေသေချာချာဖမ်းဆီးထားပါတယ်"

ဗဟိုအကျဉ်းထောင်ကြီးအတွင်းတွင် ကြီးမားသည့် မြေကွက်လပ်ကြီးတစ်ခုရှိသည်။ ထိုမြေကွက်လပ်ကြီးတွင် ပေနှစ်ရာပတ်လည်ခန့်ရှိသည့် ရေကန်ကြီးတစ်ခုလည်းရှိသည်။ ထိုရေကန်ကြီး၏ အလယ်တွင်တော့ ဆယ်ပေပတ်လည်ခန့်သာရှိသည့် သံဖြင့်ပြုလုပ်ထားသည့် လှောင်အိမ်တစ်ခုရှိသည်။ ထိုလှောင်အိမ်ကိုလည်း တစ်လက်မပတ်လည်အကွက်ရှိသည့် သံမဏိသံပြားများ၊ သံချောင်းများဖြင့် သုံးထပ်ခန့် ကာရံထားသေးသည်။

သတင်းတင်ဆက်သူက ထိုရေကန်ကြီး အနီးတွင်မတ်တပ်ရပ်လျှက်ရှိသည်။

"အဲဒီမိန်းကလေးဟာ အလွန်ရက်စက်ပြီး ထူးခြားတဲ့အစွမ်းတွေလည်းရှိတာမို့လို့ ယခုလိုရေကန်ပတ်လည်ကြီးအတွင်းမှာ သေသေချာချာဖမ်းချုပ်ထားရခြင်းဖြစ်ပါတယ်၊ သူနဲ့ပက်သက်တဲ့ သတင်းတွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်"

သတင်းထောက်နှင့် ရိက်ကူးရေးအဖွဲ့များကို ထောင်ပိုင်နှင့် အာဏာပိုင်များက ဝိုင်းကြည့်နေကြသည်။ ထောင်အာဏာပိုင်တစ်ယောက်က ထိုရေလယ်ခေါင်ရှိ လှောင်အိမ်ကြီးအားကြည့်ရင်း

"ဒီအတိုင်းဆိုရင်တော့၊ ဒီမိန်းကလေး ထွက်မပြေးနိုင်ပါဘူးနော်"

ထောင်ပိုင်ကြီးက ခေါင်းညိတ်လျှက်

"ဒီပုံအတိုင်းဆိုရင် လူမပြောနဲ့ ကြွက်တောင်ထွက်ပြေးလို့မရဘူး၊ ရေတွေကလည်း ကာထားသေးတာပဲကွာ၊ စိတ်မပူပါနဲ့"

ရိုက်ကူးရေးပြီးသွားသဖြင့် သတင်းထောက်များနှင့် ရိုက်ကူးရေးအဖွဲ့သားများပြန်သွားကြသည်။ ထောင်အာဏာပိုင်များလည်း သက်ဆိုင်ရာအခန်းများသို့ ပြန်ဝင်သွားကြသည်။ ထိုကွင်းပြင်ကြီးအလယ်တွင် ခင်ခင်တစ်ယောက်သာ လှောင်အိမ်အတွင်းကျန်နေရစ်ခဲ့သည်။

"တီ၊ တီ၊ တူး၊ တူး"

ထိုစဉ် ငှက်အော်သံကလေးကိုကြားရသည်။ ငှက်ကလေးက ထောင်ဝန်းအတွင်းပြေးလွှားနေလျှက် သာယာသည့်အသံတစ်မျိုးဖြင့်လဲ အော်ဟစ်နေသည်။ ခင်ခင်က ထိုငှက်ကလေးကိုကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

"တေးသီငှက်ကလေးပါလား"

တေးသီးငှက်ကလေးက လှည့်ပတ်ပျံသန်းပြီး နောက်ဆုံးခင်ခင်ကိုဖမ်းချုပ်ထားသည့် လှောင်ချိုင့်အပေါ်တွင် ရပ်နားလိုက်သည်။ သာယာသည့်အသံလေးဖြင့် သီချင်းတေးသွားတစ်ပုဒ်ကိုသီဆိုနေသည်။ ခင်ခင်လည်း အမှတ်တမဲ့နားထောင်နေရင်း ထိုသံစဉ်ကိုကြားသည့်အခါ မျက်လုံးများပြူပြီး အံ့ဩသွားမိသည်။ ထို့နောက် ထိုတေးသီငှက်ကလေးကို အံ့ဩစွာနှင့် ကြည့်လိုက်မိသည်။

"ပိလုံ၊ ပိလုံ၊ ရှင်လိုက်လာတယ်နော်"

တေးသီငှက်ကလေး၏ သာယာနာပျော်ဖွယ်ကောင်းသည့် တေးသီချင်းသံကလေးက ထောင်အတွင်းပျံ့လွင့်လျှက်ရှိနေပါတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..