အပိုင်း (၁)
"ကဲ ငါတို့လုပ်ငန်းစကြစို့"
ဟုမ်းနှင့် မြင်းမိုရ်မောင်အေးတို့ မြေအောက်ထပ်ကိုဆင်းလာခဲ့ကြပြီး သီးသန့်ပြုလုပ်ထားသည့် စမ်းသပ်ခန်းကြီးအတွင်းသို့ဝင်လိုက်ကြသည်။ ထိုအခန်းထဲတွင် ခေတ်မီစက်ကိရိယာများ အစုံတပ်ဆင်ထားပြီး စမ်းသပ်ခန်း၏အလယ်တွင် ခုံကြီးတစ်လုံးကိုချထားသည်။
"ဒါ မင်းအဖေလုပ်ခဲ့တဲ့အရာတွေပေါ့၊ အင်း၊ ပြောမယ့်သာပြောရတာပါ၊ သူကနည်းပညာအကြောင်းကို ဘာမှနားမလည်ဘူးလေ၊ ဒီတော့ငါပဲအကုန်လုပ်ပေးထားရတာပေါ့"
ဖန်ပေါင်းချောင်အလွတ်ကြီးတစ်ခုကို ဟုမ်းကလက်ဖြင့်ပွတ်သပ်နေလိုက်သည်။
"ဒါဆို အဖေက ကျုပ်ကိုဖမ်းပြီးတော့ ဒီနည်းပညာကိုရောင်းစားဖို့ကြံစည်ထားတာမဟုတ်ခဲ့ဘူးပေါ့"
မြင်းမိုရ်မောင်အေးက စက်များကိုလိုက်လံဖွင့်နေရင်း ခေါင်းညိတ်ပြလိုက်သည်။
"မင်းအမေလုပ်ခဲ့တဲ့ စီမံကိန်းရဲ့အချက်အလက်တွေအကုန်လုံးက မင်းရဲ့ခေါင်းထဲမှာရှိနေမယ်လို့သူကယူဆတယ်၊ ဒါကြောင့်မို့လို့ ဒီစီမံကိန်းကို သူကပြန်ပြီးအကောင်အထည်ဖော်ချင်တယ်၊ သူများတွေကိုရောင်းလိုက်တာထက် သူ့ဖာသာ လူတွေဖန်တီးမယ်လို့ သူကတွေးထားပုံရတယ်"
ထို့နောက် အဖြူရောင်ကုတ်အင်္ကျီများဝတ်ထားသည့် လူတစ်စုက အခန်းထဲသို့လှမ်းဝင်လာသည်။ ထိုလူများမှာ လူမျိုးပေါင်းစုံဖြစ်ပြီး တရုတ်များ၊ ကုလားများနှင့် အနောက်တိုင်းမှ လူများလည်းပါဝင်နေကြသည်။ ထိုလူစုက ဆယ့်နှစ်ယောက်ခန့်ရှိမည်။ မြင်းမိုရ်မောင်အေးက ထိုလူများကိုလက်ညှိုးညွှန်ပြလိုက်ပြီး
"ဒါကတော့ ဒီစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ငှားရမ်းထားတဲ့ သိပ္ပံပညာရှင်တွေပဲ၊ သူတို့က မင်းကိုကူညီလိမ့်မယ်ဟုမ်း"
ဟုမ်းက ကျေနပ်စွာနှင့်ပြုံးလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုကျုပ်ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ ခင်ဗျားအပေါ်ကောင်းတဲ့ ကျုပ်အဖေကို ခင်ဗျားကသတ်ဖို့အကွက်ချပြီးတော့ ကျုပ်လက်အောက်ကိုခိုလှုံခဲ့တာ ခင်ဗျားဘာလိုချင်လို့လဲ"
ဟုမ်းမေးလိုက်တော့ မြင်းမိုရ်မောင်အေးက နှစ်ခြိုက်စွာပြုံးလိုက်ပြီး
"မင်းမေးတော့လည်း ငါလည်းအမှန်အတိုင်းပဲဖြေရတာပေါ့၊ မင်းအဖေမိုးသီးက ငါ့ကိုလူတစ်ယောက်လိုမဆက်ဆံဘူး၊ သူ့ရဲ့အိမ်မွှေးခွေးတစ်ကောင်လိုပဲ ငါ့ကိုအမြဲဆက်ဆံတယ်၊ ဒါက တစ်ချက်၊ နောက်ပြီးတော့ သူနဲ့ဆိုရင် ငါညှိနှိုင်းလို့မရဘူး၊ သူကတစ်ချက်လွှတ်အမိန့်တွေချည်းဘဲ ပေးနေတာကို ငါကနာခံနေရတယ်"
"ဒါဆို ခင်ဗျားက ကျုပ်ကိုခေါင်းဆောင်တင်လိုက်ပုံထောက်တော့ ခင်ဗျားကျုပ်နဲ့ညှိနှိုင်းစရာတစ်ခုခုရှိနေလို့ပေါ့၊ ဟုတ်လား ကိုမောင်အေး"
"ဟုတ်တယ်၊ ဒါကြောင့် ငါ့ကိုအရမ်းလွှမ်းမိုးတဲ့ မင်းအဖေကို ငါသတ်ဖို့ကြံစည်ခဲ့တာပဲဟုမ်း"
"ကောင်းပြီလေ၊ ခင်ဗျားဘာလိုချင်သလဲ၊ ကျုပ်ကတော့ သိပ်ပြီးတွန့်တိုတတ်တဲ့သူမဟုတ်ဘူးဗျ"
"ငါဘာမှမလိုချင်ဘူး၊ ဒါပေမယ့် ငါလိုချင်တာ တစ်ခုပဲရှိတယ်၊ ဒီစီမံကိန်းအောင်မြင်သွားရင် မင်းငါ့ကိုစူပါလူသားတစ်ယောက်ဖြစ်အောင် လုပ်ပေးရမယ်"
ဟုမ်းကပြုံးရင်းခေါင်းညိတ်လိုက်သည်။ ထို့နောက် မြင်းမိုရ်မောင်အေးကို လက်တစ်ဖက်ကမ်းပေးလိုက်သည်။
"ကောင်းပြီကိုမောင်အေး၊ ဒါဆိုကျုပ်တို့အတူတူ စူပါလူသားလုပ်ကြတာပေါ့ဗျာ"
မောင်အေးနှင့် ဟုမ်းတို့ တဝါးဝါးနှင့် အားရပါးရရယ်မောလိုက်ကြသည်။ ထို့နောက်မှ မြင်းမိုရ်မောင်အေးက သိပ္ပံပညာရှင်များဘက်သို့လှည့်ကြည့်လိုက်ပြီး
"ဘာလုပ်နေကြတာလဲ၊ စူပါလူသား စီမံကိန်းစတင်ကြမယ်ဟေ့"
သိပ္ပံပညာရှင်များက ခေါင်းညိတ်လိုက်ပြီး အသီးသီးနေရာယူလိုက်ကြကာ စက်ကိရိယာများကိုမောင်းနှင်အသက်သွင်းလိုက်ကြသည်။ စမ်းသပ်ခန်းကြီးအတွင်း မီးရောင်စုံများထိန်လင်းလာသည်။ သိပ္ပံပညာရှင်တစ်ယောက်က ဟုမ်းကိုအခန်းအလယ်ရှိ ထိုင်ခုံကြီးဆီသို့ခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သံမဏိဖြင့်ပြုလုပ်ထားသည့် အုပ်ဆောင်းကြီးတစ်ခုကို သူ့ခေါင်းပေါ်တွင်အုပ်ပေးလိုက်သည်။ ထိုအုပ်ဆောင်းကြီးတွင် စက်လက်တံများတပ်ထားပြီး ကြိုးတွေနှင့်ရှုပ်ယှက်ခပ်နေသည်။ ထို့နောက် သိပ္ပံပညာရှင်က ထိပ်တွင်လေးလက်မခန့်ရှည်သည့် အပ်ကြီးတစ်ခုကိုတပ်ထားသည့် ကြိုးစတစ်ချောင်းကို ဆွဲကိုင်လာခဲ့သည်။
"နည်းနည်းတော့နာမယ်နော်"
ဟုမ်းက ထိုင်ခုံကြီး၏ လက်တန်းများကို လက်ဖြင့်ဆုပ်ကိုင်ထားလိုက်သည်။ ထိုလေးလက်မခန့်ရှိသည့် အပ်ကြီးဖြင့် ဟုမ်း၏ နောက်စေ့အောက်၊ ကျောရိုးအာရုံကြောအတွင်းသို့ ထိုးသွင်းလိုက်လေသည်။ အလွန်နာကျင်သည့် ဝေဒနာက ပြောမပြနိုင်လောက်အောင်ပင်နာကျင်သည်။ ထိုကြိုးကြီးနှင့်ထိုးပြီးသည့်အခါ ဟုမ်းမျက်လုံးထဲတွင် အဖြူရောင်များကိုသာ မြင်နေရလေသည်။ သို့သော် နားအတွင်းအသံပေါင်းစုံကြားနေရသေးသည်။ သိပ္ပံပညာရှင်များအချင်းချင်း ပြောဆိုနေကြသည့်အသံများဖြစ်သည်။
"ချိတ်ဆက်မှုစတင်နေပြီ"
"သူ့အခြေအနေအားလုံးကောင်းတယ်၊ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါနေတာကလွဲလို့ အားလုံးအဆင်ပြေတယ်"
ဟုမ်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေသည်။
"စလိုက်တော့"
ထိုအသံကြားလိုက်ရပြီးသည့်အခါ သူ့တစ်ကိုယ်လုံးဓါတ်လိုက်သလို ခံစားလိုက်ရပြီး သူလည်းမေ့မြောသွားလေတော့သည်။
(က)
ပတ်ဝန်းကျင်ကြီးတစ်ခုလုံး အဖြူရောင်တွေချည်းသာပြည့်နှက်နေသည်။ ဟုမ်းတစ်ယောက်ဘာမှမရှိသည့် ဟင်းလင်းပြင်ကြီးတစ်ခုအတွင်း ကြောင်စီစီနှင့် မတ်တပ်ရပ်နေမိသည်။
"သား"
သူ့နောက်မှ ခေါ်သံကြားလိုက်သဖြင့် ဟုမ်းကလှည့်ကြည့်လိုက်သည်။ ထိုအခါ ရွှေအိုရောင်ဆံပင်များနှင့် ပြီးပြည့်စုံအောင်လှပသည့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုအမျိုးသမီးက သူ့ထံသို့ တစ်လှမ်းချင်းလှမ်းလာနေသည်။
"အမေ၊ အမေလား"
ထိုအမျိုးသမီးက ပြုံးရင်းခေါင်းညိတ်ပြသည်။
"ဒါဆိုခင်ဗျားက ကျုပ်အမေပေါ့၊ ကျုပ်တစ်ခါမှမတွေ့ဖူးလိုက်တဲ့ ကျုပ်အမေ မေရီပေါ့"
"ဒါပေါ့သားရယ်"
ဟုမ်းကပြေးပြီးဖက်လိုက်သည်။ အမေဆိုသော်လည်း သူနှင့်အသက်တူရွယ်တူလောက်သာရှိသေးသည်။ သူဖက်လိုက်သည့်အခါ နွေးထွေးသည့်ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
"အမေ၊ သားအခုဘယ်ရောက်နေတာလဲ၊ သား သေများသေသွားတာလား"
မေရီက ဟုမ်းနှင့်ဖက်ထားသည်ကို ပြန်ခွာလိုက်ပြီး
"သားမသေသေးပါဘူးသားရဲ့၊ သားက သားရဲ့မသိစိတ်ထဲကိုပြန်ရောက်နေခဲ့တာ၊ သားရဲ့ မသိစိတ်ထဲမှာ အမေကတစ်ချိန်လုံးရှိနေခဲ့တာလေ"
"သားဖြင့် နားမလည်နိုင်တော့ပါဘူးအမေ"
လူမှာ သိစိတ်နဲ့ မသိစိတ်ဆိုပြီး နှစ်မျိုးရှိတယ်သားရဲ့၊ မသိစိတ်ဟာ အတိုင်းအဆမရှိအောင်ကျယ်ပြန့်တယ်၊ သိစိတ်ကတော့ ကျဉ်းကျဉ်းကလေးပဲ၊ လူတွေဟာ သူတို့တွေ့ကြုံနေသမျှအရာတွေ၊ မတွေ့ကြုံရပေမယ့်လည်း စိတ်ကူးယဉ်နေတဲ့အရာတွေအားလုံးကို မသိစိတ်ထဲမှာ သိုမှီးထားတယ်၊ အကြောင်းတစ်စုံတစ်ရာပေါ်လာတော့မှ သိစိတ်ကနေ မသိစိတ်ထဲက အရာတွေကိုသွားရှာဖွေပြီး မှတ်မိတတ်တာပေါ့"
"ဒါဆို အမေက ကျွန်တော့်ခေါင်းထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာလား"
မေရီက ဟုမ်း၏ပါးပြင်ကလေးကိုပွတ်သပ်ပြီးကြည့်နေလိုက်သည်။
"ဟုတ်တယ်သား၊ သားကိုအမေဖန်တီးထားခဲ့တာပဲ၊ ကြည့်စမ်းပါအုံး ငါ့သားလေး အရွယ်တောင်တော်တော်ရောက်နေခဲ့ပြီ၊ သားကိုအမေဖန်တီးထားခဲ့တဲ့အချိန်မှာ အမေ့ရဲ့ခေါင်းထဲက မှတ်ဉာဏ်တွေအားလုံးကို သားဆီကိုလွှဲထားခဲ့တယ်သား"
"ဒါဆိုရင် အမေလုပ်ခဲ့တဲ့၊ စီမံကိန်းအကြောင်းနဲ့ အချက်အလက်တွေရော အမေထည့်သိမ်းထားခဲ့သလား"
မေရီက ခေါင်းညိတ်ပြသည်။
"ဒါဆို အဲဒီအချက်အလက်တွေသားကိုပေးပါ၊ သားအခုလိုအပ်တယ်"
ထိုအခါ မေရီက ဟုမ်း၏လက်ကိုဆွဲလိုက်ပြီး
"အေးဆေးပေါ့သားရယ်၊ ဒါတွေအားလုံးက သားရဲ့ဦးနှောက်ထဲမှာ ရှိနေပြီးသားပဲမဟုတ်လား"
ရုတ်တရက်ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက တဖြည်းဖြည်းလင်းထိန်လာခဲ့သည်။ ထို့နောက် ဟုမ်းရော မေရီပါ တစ်ကိုယ်လုံးဝင်းလက်လာပြီး ပျောက်ကွယ်သွားတော့သည်။
(ခ)
သူ့မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှ အရာအားလုံးက မသဲမကွဲဖြစ်နေသည်။ သူ့ရှေ့တွင်လူတွေ ရပ်နေပြီးသူ့ကိုစိုက်ကြည့်နေသည်။ သူ့လက်တွေခြေတွေကို လှုပ်ရှားကြည့်သည်။ သို့သော် စေးကပ်ပျစ်ချွဲသည့် အရည်များကြောင့် သူမလှုပ်ရှားနိုင်ပေ။ မကြာခင် သူ့ကိုကြည့်နေသူတစ်ဦးမှ ခလုပ်တစ်ခုကိုနှိပ်လိုက်သည့်အခါ ထိုအရည်များမှာ တဖြည်းဖြည်းအောက်သို့လျော့ကျသွားပြီး ရေလွှတ်ပေါက်မှတဆင့်ထွက်ခွာသွားသည်။ အခုမှ သူရောက်နေသည့်နေရာက ဖန်ပေါင်းချောင်ကြီးတစ်ခုအတွင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ သူ့လက်တွေကိုသူပြန်ကြည့်သည်။ သူ့ခန္ဓာကိုယ်ကို သူပြန်ကြည့်ပြီး ဟုမ်းတစ်ယောက်အံ့အားသင့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူက မိန်းမတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။
"အမေ၊ အမေ့ရဲ့ဘဝအဖြစ်အပျက်တွေကို အမေပြန်ပြနေတာများလား"
ဖန်ပေါင်းချောင်ကြီးပွင့်သွားတော့မှ အပြင်မှလူများကို ပြတ်ပြတ်သားသားမြင်ရသည်။ မုတ်ဆိတ်ဖြူနှင့်လူကြီးတစ်ယောက်က သူ့ကိုပြုံးပြီးကြည့်နေလေသည်။ သူ့နှုတ်ခမ်းတွေ အလိုလိုပွင့်ဟလာသည်။
"အဖေ"
ထိုအခါ ဘေးနားမှ စစ်ဝတ်စုံကဲ့သို့ ယူနီဖောင်းဝတ်ထားသည့် လူကြီးတစ်ယောက်က သူ့ကိုသေသေချာချာစိုက်ကြည့်နေသည်။
"မင်းနာမည်ဘယ်လိုခေါ်သလဲ"
သူစဉ်းစားနေမိသည်။ သို့သော် သူ့ဦးနှောက်အတွင်း ချက်ချင်းပင် သူ့နာမည်ကိုသတိရမိသွားသည်။
"ကျွန်မနာမည်မေရီ"
ထိုအခါ အခန်းတွင်းမှလူများအားလုံးက လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်ရွှင်မြူးနေကြသည်။ မေရီလည်း ထိုသူများကို နားမလည်နိုင်သဖြင့် လိုက်ကြည့်နေမိသည်။
မုတ်ဆိတ်အဖြူနှင့် လူကြီးမှာ အဆင့်မြင့်ထိပ်တန်းသိပ္ပံပညာရှင်ကြီး အဲလက်စ်ဖြစ်ပြီး သူက ပြီးပြည့်စုံသည့် လူသားများကို အချိန်တိုအတွင်းဖန်တီးနိုင်သည့် ဘလက်ဟိုးစီမံကိန်းကို ဦးဆောင်နေသူဖြစ်သည်။ သိပ္ပွံပညာရှင်တစ်ချို့က မေရီအနားသို့ကပ်လာပြီး သဘက်တစ်ထည်နှင့်ခြုံပေးလိုက်ကာ ရေချိုးပေးရန်အတွက် ခေါ်ဆောင်သွားကြသည်။ စစ်ဝတ်စုံဝတ်ထားသည့် အမေရိကန်ထိပ်တန်းလှို့ဝှက်အရာရှိကြီးကို အဲလက်စ်က ကြည့်လိုက်ပြီး
"ဘယ်လိုလဲ လူကြီးမင်း၊ ကျုပ်စီမံကိန်းရဲ့ အောင်မြင်မှုကို ခင်ဗျားတွေ့ပြီမဟုတ်လား၊ ဒီလို အသက်ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးတစ်ယောက်အဖြစ်ဖန်တီးဖို့ အချိန်ခြောက်နှစ်ပဲကြာခဲ့ပါတယ်"
ထိပ်တန်းအရာရှိက ခေါင်းညိတ်လိုက်ပြီး
"ခြောက်နှစ်ဆိုတော့ မဆိုးဘူးလို့ပဲပြောရမှာပဲ၊ ဟိုတစ်ခါ မင်းရဲ့စမ်းသပ်မှု မအောင်မမြင်ဖြစ်သွားတော့ အရာရှိတွေနဲ့ သမ္မတက ဒီစီမံကိန်းကို စိတ်ပျက်သွားခဲ့တယ်မဟုတ်လား"
အဲလက်စ်က ပြုံးလိုက်ပြီး
"မပူပါနဲ့၊ အခုအောင်မြင်ပြီမဟုတ်လား၊ နောက်ဆိုဒီထက်အောင်မြင်တဲ့ သတင်းကောင်းတွေကိုပဲ ကြားရတော့မှာပါ"
"ဒီမှာအဲလက်စ်၊ ငါတို့လိုချင်တာ သာမန်လူတစ်ယောက်မဟုတ်ဘူးနော်၊ အသိပညာ၊ ဗဟုသုတတွေနဲ့ပြည့်စုံနေတဲ့အပြင် တိုက်ခိုက်ရေးမှာလည်း တစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ လူသား၊ တစ်နည်းအားဖြင့် အဖက်ဖက်က ပြည့်စုံနေတဲ့ စူပါလူသားတစ်ယောက်အဖြစ် ဖန်တီးဖို့နော်"
ထိုအချိန်တွင် မေရီအား သိပ္ပံပညာရှင်များက ရေမိုးချိုးပြီး အဝတ်အစားလဲပေးကာ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ အဲလက်စ်က မေရီအား ထိုင်ခုံတစ်လုံးတွင်ထိုင်ခိုင်းလိုက်သည်။
"သူ့ရဲ့ဦးနှောက်ထဲကို မြောက်များစွာသော ဗဟုသုတတွေနဲ့ အတတ်ပညာတွေကို ထည့်သွင်းပေးခဲ့ပြီးပြီ၊ အခုမေရီက ဘာသာစကားခြောက်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့အပြင် သိပ္ပံပညာရပ်ကိုလည်း ကျုပ်သိသလောက်သူက သိနှင့်နေခဲ့ပြီးပြီ"
ထိပ်တန်းလှို့ဝှက်အရာရှိကြီးက သိပ်မကျေနပ်သေးပေ၊ ထို့ကြောင့် သူ့အနောက်တွင်ရပ်နေသည့် သက်တော်စောင့်တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
"မင်းစပိန်လိုပြောတတ်တယ်မဟုတ်လား၊ သူနဲ့ စကားပြောကြည့်စမ်း"
ထိုသက်တော်စောင့်က မေရီအား စပိန်လိုစကားပြောသည့်အခါ မေရီက စပိန်တစ်ဦးကဲ့သို့ ပီသသည့်လေသံဖြင့် ပြန်လည်ပြောဆိုနိုင်ပေသည်။ ထိပ်တန်းအရာရှိက ထိုမျှနှင့်မကျေနပ်နိုင်သေးပေ၊ အဲလက်စ်က စာရွက်တစ်ရွက်ကိုယူလိုက်ပြီး မေရီ၏အရှေ့တွင်ချပေးလိုက်သည်။ ထို့နောက် သိပ္ပံပညာရှင်ထဲမှ တစ်ယောက်ကိုရွေးထုတ်လိုက်သည်။
"ကဲ အရာရှိကြီးခင်ဗျာ၊ ဒီသိပ္ပံပညာရှင်က သင်္ချာဘာသာရပ်မှာ အမေရိကန်တစ်နိုင်ငံလုံးမှာ ပထမရခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်၊ အခု မေရီနဲ့ သူနဲ့ကို ပြိုင်ပြီးစမ်းသပ်ပြပါ့မယ်"
အဲလက်စ်က စာရွက်တစ်ခုတွင် သင်္ချာပုစ္ဆာတစ်ပုဒ်ကိုရေးသားလိုက်ပြီး ထိုစာရွက်အား သိပ္ပံပညာရှင်နှင့် မေရီတို့ရှေ့တွင်ချပြလိုက်သည်။
"ကဲ မင်းတို့နှစ်ယောက် ဒီအီကွေးရှင်းကို ရှင်းကြည့်ကြစမ်းပါ"
သိပ္ပံပညာရှင်က စာရွက်တစ်ခုကိုယူလိုက်ပြီး အမြန်ရေးမှတ်တွက်ချက်နေသည်။ မေရီကတော့ ထိုအီကွေးရှင်းကို သေချာစူးစိုက်ကြည့်ပြီး ငူငူကြီးထိုင်နေလေသည်။ ထိပ်တန်းအရာရှိက အဲလက်စ်ကို ပြုံးရင်းကြည့်လိုက်ပြီး
"ခင်ဗျားကောင်မလေး၊ ဒါကိုမမြင်ဖူးဘူးနဲ့တူတယ်ဗျ"
ခနဲ့သည့်အပြုံးကလေးနှင့် ပြုံးရင်းမေးလိုက်သည်။ အဲလက်စ်လည်း ချွေးတွေပြန်လာခဲ့သည်။ မေရီက ထိုင်မြဲအတိုင်းထိုင်လျှက် သင်္ချာပုစ္ဆာကိုစိုက်ကြည့်နေပြီး ဘောပင်ကိုကောက်ကိုင်လိုက်ကာ စာရွက်ပေါ်တွင် စာတစ်လုံးရေးလိုက်သည်။
"၂၂.၃၄၆၇"
ထိပ်တန်းလှို့ဝှက်အရာရှိကြီးက မေရီအားကြည့်ရင်း ပြုံးနေလိုက်သည်။
"အဲလက်စ်ရေ၊ မင်းကောင်မလေးက ဟုတ်ရောဟုတ်ရဲ့လားကွ"
"သူပြီးတာကိုစောင့်လိုက်ပါအုံး"
သိပ္ပံပညာရှင်က စာရွက်လေးငါးခြောက်ရွက်ပေါ်တွင် ရေးမှတ်ရင်းတွက်ချက်နေပြီး ငါးမိနစ်ခန့်ကြာတော့မှ အဖြေထုတ်နိုင်သည်။ သူ့အဖြေကလည်း ၂၂.၃၄၆၇ ဖြစ်နေလေသည်။ ထိုတော့မှ အခန်းအတွင်းရှိလူများအားလုံး အံ့အားသင့်သွားကြသည်။
"တွေ့လား အရာရှိ၊ မေရီက စိတ်ထဲမှာတွက်နေတာ၊ သူများ ငါးမိနစ်လောက်တွက်ရတာကို သူက ဆယ်စက္ကန့်လောက်နဲ့ အဖြေသိသွားခဲ့ပြီလေ"
ထိပ်တန်းလှို့ဝှက်အရာရှိကြီးက ကျေနပ်သွားတော့သည်။
"ဒါနဲ့ အဲလက်စ်၊ ကျုပ်တို့က ဒီနည်းပညာအောင်မြင်သွားရင် စစ်သားတွေအများကြီးမွေးထုတ်တော့မှာနော်၊ ခင်ဗျားက ဘာလို့မိန်းကလေးတစ်ယောက်ကို ဖန်တီးခဲ့တာလည်း"
"မပူပါနဲ့အရာရှိရယ်၊ ကျုပ်က သူ့ကိုကျုပ်လက်ထောက်သိပ္ပံပညာရှင်အဖြစ်ခန့်ထားပြီး ဒီစီမံကိန်းကိုဆက်ကြိုးစားမှာပါ၊ နောက်နှစ်အနည်းငယ်ဆိုရင် လူတစ်ယောက်ဖန်တီးဖို့အချိန်က ပိုပြီးတော့တိုသွားမယ်ဆိုတာ ကျုပ်အာမခံပါတယ်"
"ဒါဆို အကြမ်းဖျင်းဘယ်နှ နှစ်လောက်ကြာနိုင်မလဲ"
"ကျုပ်တွက်ထားတဲ့အတိုင်းဆိုရင် ခြောက်ရက်အတွင်း ပြီးပြည့်စုံတဲ့လူတစ်ယောက် မွေးထုတ်ပေးနိုင်လောက်တယ်"
ထိပ်တန်းလှို့ဝှက်အရာရှိကြီးက အားရကျေနပ်စွာပြုံးလိုက်ပြီး အဲလက်စ်၏ပုခုံးကို ပုတ်လိုက်လေသည်။
"ကောင်းတယ်အဲလက်စ်၊ မင်းဆက်ပြီးကြိုးစားပါ၊ မင်းအပေါ်ကိုငါတို့အများကြီးမျှော်လင့်ထားတယ်၊ ပြီးတော့ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ရန်ပုံငွေတွေကိုလည်း ငါတို့လိုလေသေးမရှိထောက်ပံ့ပေးမယ်"
အဲလက်စ်ကလည်း ပြုံးလိုက်ပြီး
"ကျုပ်ကလည်း ကျုပ်အဖေနဲ့ ကျုပ်တစ်ဘဝလုံး ရင်းနှီးမြှုပ်နှံထားတဲ့ ဒီစီမံကိန်းကို ဆက်လက်အောင်မြင်သွားအောင် ကြိုးစားနေမှာပါ"
ထိပ်တန်းလှို့ဝှက်အရာရှိကြီးနှင့် အဖွဲ့ဝင်များအားလုံးပြန်ထွက်သွားကြသည်။ ထိုအခါ အဲလက်စ်က မေရီဘက်သို့လှည့်လိုက်ပြီး
"တို့တွေအလုပ်စကြတာပေါ့ သမီး"
"ဟုတ်ကဲ့ပါအဖေ"
ထိုနေ့မှစ၍ အချိန်ခြောက်နှစ်ဖြင့် သိပ္ပံပညာရှင်အဖြစ် မွေးရာပါဖြစ်လာခဲ့သော မေရီမှာ ဘလက်ဟိုးစီမံကိန်းတွင် စတင်တာဝန်ထမ်းဆောင်ရတော့သည်။
"တော်လောက်ပြီ ကောင်လေး၊ မင်းထတော့"
အေးစက်သည့်အထိအတွေ့ရလိုက်သဖြင့် ဟုမ်းက မျက်လုံးဖွင့်ကြည့်လိုက်သည်။ စမ်းသပ်ခန်းအတွင်းခုံတွင် သူကထိုင်နေပြီး သူ့ဘေးနားတွင် သိပ္ပံပညာရှင်များကိုတွေ့ရသည်။
"ကျုပ်၊ ကျုပ်ဘာဖြစ်သွားတာလဲ"
"မင်းမေ့မြောနေတာ နှစ်ရက်ရှိပြီ၊ ဒီထက်ထပ်ပြီး မေ့မြောနေရင် မင်းရဲ့ကျန်းမာရေးကိုထိခိုက်မှာစိုးလို့ မင်းကိုနှိုးလိုက်တာ"
ဟုမ်းရဲ့ခေါင်းတစ်ခုလုံး ပူထူနေသည်။ သိပ္ပံပညာရှင်တစ်ဦးက ဟုမ်းအနားသို့ကပ်လာပြီး နောက်ကျောမှ ကြိုးကြီးကိုဆွဲဖြုတ်လိုက်ကာ ပလာစတာတစ်ခုနှင့် ကပ်ထားပေးလိုက်သည်။ မြင်းမိုရ်မောင်အေးက သူ့အနားရောက်လာသည်။
"ကဲ ကောင်လေး၊ မင်းဘာတွေ တွေ့ခဲ့ရသလဲ"
"ကျုပ်အမေ၊ ကျုပ်အမေနဲ့တွေ့ခဲ့ရတယ်"
"ဒါပဲလား"
မြင်းမိုရ်မောင်အေးက မယုံသင်္ကာနှင့်မေးရာ ဟုမ်းက ခေါင်းညိတ်ပြီးဖြေလိုက်သည်။ မြင်းမိုရ်မောင်အေးက ဟုမ်းကိုဆွဲထူလိုက်သည်။ နှစ်ရက်လုံးထိုင်နေသဖြင့် ဟုမ်းခြေထောက်တွေက လမ်းလျှောက်၍သိပ်မကောင်းသေးပေ။ မြင်းမိုရ်မောင်အေးက ကွန်ပြူတာတစ်လုံးအနီးတွင်ရပ်လိုက်သည်။
"မင်းမေ့မြောနေတဲ့အချိန်မှာ မင်းဦးနှောက်ထဲမှာ မှတ်ထားတဲ့မှတ်ဉာဏ်တွေကို ငါတို့ထုတ်ယူခဲ့ပြီး ကွန်ပြူတာထဲကိုပြောင်းရွှေ့ခဲ့ကြတယ်၊ တော်တော်ထူးဆန်းတာတစ်ခုက မင်းရဲ့မသိစိတ်ထဲမှာသိုလှောင်ထားတဲ့ အရာတွေတော်တော်များနေတာကိုတွေ့ရတယ်"
ကွန်ပြူတာဖိုင်တွဲများတွင် အချက်အလက်များကို စုစည်းထားသည်။ များသောအားဖြင့် သူ့အမေ မေရီ၏ ဘဝအကြောင်းအရာများ၊ ဘာသာစကားများ၊ စွယ်စုံကျမ်းများနှင့် သိပ္ပံနှင့်ပက်သက်သည့် အကြောင်းအရာများဖြစ်သည်။
"ဒါပေမယ့် ငါတို့ဖွင့်လို့မရတဲ့ ဖိုင်တစ်ခုရှိနေတယ်"
မြင်းမိုရ်မောင်အေးက ထိုဖိုင်ကလေးကို ဟုမ်းမြင်သာအောင်လက်ညှိုးထိုးပြလိုက်သည်။
"ဘလက်ဟိုးစီမံကိန်းဆိုပါလား"
ဟုမ်းက ထိုဖိုင်ကိုဖွင့်လိုက်သည့်အခါ စာသားတစ်ချို့ပေါ်လာခဲ့သည်။
"ဖိုင်မှာသော့ခတ်ထားပါသည်၊ စကားဝှက်ထည့်သွင်းပါ"
ဟုမ်းကဖွင့်မရသဖြင့် မြင်းမိုရ်မောင်အေးကို လှည့်ကြည့်လိုက်သည်။
"သော့ခတ်ထားတယ်တဲ့"
"ဟုတ်တယ်၊ ငါတို့အဓိကလိုချင်တာလည်း အဲဒီဖိုင်တွဲထဲက အကြောင်းအရာတွေပဲ၊ ဒါပေမယ့် မင်းအမေက သော့ခတ်ပြီးသိမ်းဆည်းသွားပုံရတယ်"
"ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"
မြင်းမိုရ်မောင်အေးက ပြုံးလိုက်ရင်း
"ငါတို့အားလုံး စီစဉ်ပြီးပါပြီ၊ မနက်ဖြန်ကျရင် တရုတ်ပြည်က အတော်ဆုံးဟက်ကာ လင်း ရောက်လာလိမ့်မယ်၊ သူက အဲဒီစကားဝှက်ဘာဆိုတာကို ရအောင်ရှာပေးနိုင်လိမ့်မယ်"
"ကောင်းပြီလေ၊ သူ့ကိုပဲ အားကိုးရမှာပဲ"
ဟုမ်းခေါင်းတွေ ကိုက်ခဲနေသည်မို့ ခေါင်းကိုလက်နှင့်ဖိထားမိသည်။
"ကဲ ကောင်လေး၊ မင်းလဲပင်ပန်းနေပြီ နားလိုက်တော့၊ မနက်ဖြန်လာမယ့် လင်းကို ငါတို့စောင့်ကြတာပေါ့"
(ဃ)
ဝင်္ကပါမြို့ ဗဟိုအကျဉ်းထောင်ကြီး။
အကျဉ်းထောင်ကြီးမှာ ခံတပ်ကြီးတစ်ခုသဖွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး အလွန်ခိုင်ခံ့လှသလို၊ စည်းစနစ်လည်းကောင်းလှသဖြင့် တစ်နိုင်ငံလုံးတွင် အခိုင်ခန့်ဆုံးသော အကျဉ်းထောင်ကြီးဖြစ်သည်။ အကျဉ်းထောင်ကြီးသမိုင်းတစ်လျှောက်လုံးတွင်ပင် ထောင်ဖောက်ထွင်းထွက်ပြေးမှုတစ်မှုမှ မဖြစ်ပွားခဲ့သည်မို့ ဖောက်ထွင်း၍မရသောထောင်ဟု နာမည်ကျော်ကြားလှသည်။ အလွန်ဆိုးသွမ်းသည့် ရာဇဝတ်သားများကို ချုပ်နှောင်ထားသည့်ထောင်ဖြစ်သည်။
ထောင်ကြီးအတွင်း မျှော်စင်ကြီးတစ်ခုရှိပြီး ထိုမျှော်စင်ကြီးပေါ်မှ ထောင်မှူးကြီးက မှန်ပြောင်းဖြင့် ထောင်တစ်ခုလုံးကို ကြည့်ရှုနေလေ့ရှိသည်။ ယခုလည်း အလွန်ဆိုးသွမ်းသည့် ရာဇဝတ်သားတစ်ယောက်ကို ချုပ်နှောင်ထားသည့်နေရာကို အပေါ်စီးမှလှမ်းကြည့်နေမိသည်။ ပေနှစ်ရာပတ်လည်ရှိမည့် ရေကန်ကြီး၏အလယ်တွင် တစ်လက်မပတ်လည်လောက်သာရှိမည့် သံမဏိဆန်ကာပြားများဖြင့် ပြုလုပ်ထားသည့် အလုံပိတ်သေတ္တာကြီးအတွင်းတွင် မိန်းကလေးတစ်ဦးက ငုတ်တုတ်ထိုင်နေလေသည်။ ထိုသေတ္တာကြီးကိုလည်း ရေလယ်ခေါင်တွင်ကျွန်းသဏ္ဍန်ပြုလုပ်၍ တင်ထားခြင်းဖြစ်သည်မို့ မည်သူမျှ ဖြတ်သန်းသွားလာရန်မဖြစ်နိုင်ပေ။ ထိုမျှမကသေး ထိုရေကန်တစ်ဝိုက် ပတ်ပတ်လည်တွင်လည်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် လုံခြုံရေးတပ်သား တစ်ရာခန့်က အချိန်ပြည့်စောင့်ကြပ်နေကြသည်။
"ဒီမိန်းကလေးကို ဘာလို့များဒီလောက်ရက်ရက်စက်စက် ဖမ်းချုပ်ထားရတာလဲ ထောင်မှူးကြီး"
ထောင်မှူးတစ်ယောက်က မေးသည်မို့ ထောင်မှူးကြီးက လက်ထဲမှ အဝေးကြည့်မှန်ပြောင်းကို ချလိုက်သည်။
"သူက လူငါးဆယ်လောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတဲ့လေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပဲ"
ထောင်မှူးက ထောင်မှူးကြီးလက်ထဲမှ အဝေးကြည့်မှန်ပြောင်းကို တောင်းယူလိုက်ပြီး ထိုမိန်းကလေးကိုလှမ်းကြည့်လိုက်သည်။
"ကျွန်တော်တော့ ဒီကောင်မလေးသတ်တယ်ဆိုတာ ယုံကိုမယုံနိုင်သေးတာ"
"မင်းယုံတာ မယုံတာ ကိစ္စမရှိဘူး၊ သူဒီကနေလွတ်မသွားဖို့က မင်းတို့၊ ငါတို့ရဲ့ ကိစ္စမဟုတ်လား"
"ထောင်မှူးကြီးရယ်၊ ဒီလောက်ဖမ်းချုပ်ထားပြီး အထပ်ထပ်စောင့်ကြပ်ထားတာ၊ ဒီကောင်မလေး သူ့ဖာသာသူထွက်ပြေးနိုင်မလား၊ သိကြားမင်းလာဆင်းကယ်ရင်တောင်မှ လွတ်ချင်မှလွတ်မှာပါ၊ ဒါနဲ့ ကျွန်တော်တို့ထောင်မှာ ဒီလိုမျိုးဖမ်းချုပ်ထားရအောင် ဘယ်သူကများစေခိုင်းခဲ့တာလဲ"
"အေးကွ၊ ဒါကတော့ ဒီကောင်မလေးကိုဖမ်းပေးခဲ့တဲ့လူက ဒီလိုဖမ်းထားပါဆိုပြီးတော့ စီစဉ်ပေးခဲ့တယ်ဆိုပဲ၊ ငါတို့ကိုလည်း အထက်က ဒီလိုပဲညွှန်ကြားထားတော့ အသည်းအသန်ရေကန်တူးပြီး လုပ်ပေးလိုက်ရတာပေါ့ကွာ"
ထောင်မှူးက သက်ပြင်းချလိုက်ပြီး
"ဒါအထက်ကလူတွေက ကျွန်တော်တို့ထောင်ကို သက်သက်စော်ကားတာပဲဗျာ၊ ကျွန်တော်တို့ထောင်က နှစ်ပေါင်းသက်တမ်းတစ်ရာလောက်အတွင်းမှာ တစ်ကြိမ်တစ်ခါမှ ထောင်ဖောက်ထွက်ပြေးဖူးတာမရှိဘူးမဟုတ်လား"
"အေးကွာ၊ ဘာပဲပြောပြော နောက်သုံးရက်နေရင် သူ့ကိုသေဒဏ်စီရင်တော့မှာပဲလေ၊ ဒီလိုလုပ်ထားတယ်ဆိုပြီးမပေါ့နဲ့၊ သေသေချာချာ ကြပ်ကြပ်မတ်မတ်စောင့်ကြပ်ထား၊ ကြားလား"
"ဟုတ်ကဲ့ပါထောင်မှူးကြီး"
ထောင်မှူးကြီးက မျှော်စင်ပေါ်မှနေ၍ဆင်းသွားသည်။ ကျန်နေသည့်ထောင်မှူးကသာ အဝေးကြည့်မှန်ပြောင်းတစ်လက်နှင့် ခင်ခင်အားကြည့်နေလေသည်။
"အသက်က ငယ်ငယ်လေးရှိသေးတာကွာ"
ဟု မကျေမနပ်ပြောလိုက်ပါတော့သည်။
(င)
ခင်ခင်တစ်ယောက်လှောင်အိမ်ထဲတွင်ပိတ်မိနေသည်မို့ စိတ်ဓါတ်ကျကျနှင့် သံလှောင်အိမ်နံရံကိုမှီပြီးထိုင်နေမိသည်။ ဟုမ်းသူ့အပေါ်လုပ်သွားသည့်လုပ်ရပ်များကို ပြန်တွေးမိပြီး မကျေမချမ်းဖြစ်နေမိပြန်သည်။ ထိုစဉ် ခပ်လှမ်းလှမ်းမှ ငှက်အော်သံကလေးကို ကြားလိုက်ရသည်။ တေးသီငှက်ကလေးတစ်ကောင်က အကျဉ်းထောင်အတွင်းပျံသန်းနေသည်။ အပြာရောင်အမွှေးတောင်များနှင့် ရွှေရောင်အမွှေးပွကလေးများရှိသည့် တေးသီငှက်ကလေးမှာအမြင်လည်းလှသလောက် သူအော်မြည်သည့်အသံကလေးကလည်း သာယာလှပေသည်။ ထို့ကြောင့်လည်း တေးသီငှက်ဟု ခေါ်ဆိုခြင်းဖြစ်မည်။
တေးသီငှက်တေးသံကို နားထောင်နေရင်း ခင်ခင်တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသည်။ တေးသီငှက်သီဆိုနေသည့် သီချင်းက ပုံမှန်ဆိုနေကျသီချင်းမဟုတ်ဘဲ တစ်မျိုးထူးခြားနေသည်။ သူသေချာနားထောင်ကြည့်သည့်အခါ သူနှင့်အလွန်ရင်းနှီးနေသည့် တေးသွားတစ်ခုဖြစ်နေမှန်းသိလိုက်သည်။
"ပိလုံ၊ ဒါ ပိလုံဆိုနေကျ တေးသံလေးပဲ"
ခင်ခင်အားတက်သရော တေးသံကိုနားစွင့်နေမိသည်။
ခင်ခင်အားစောင့်ကြပ်နေသည့် လုံခြုံရေးတပ်သားတစ်ယောက်က တေးသီငှက်ကလေးကိုမြင်လိုက်၍ သေနတ်ကိုမောင်းတင်ပြီးထိုးချိန်လိုက်သည်။ ထိုအခါ အနားမှ တပ်သားတစ်ယောက်က ထိုသူကိုလှမ်းပုတ်လိုက်သည်။
"မင်းကွာ၊ နှံပြည်စုတ်ကို အမြှောက်နဲ့ပစ်သလိုဖြစ်နေပါအုံးမယ်၊ ဟိုက လက်တစ်ဝါးစာတောင်ရှိတာမဟုတ်ဘူး"
"ဒါပေမယ့်လည်း ကျုပ်တို့သူ့ကို ဘာနဲ့မှ မထိတွေ့အောင်ထားရမယ်လို့ အထက်က အမိန့်ပေးထားတယ်မဟုတ်လား"
"မင်းကွာ၊ တော်တော်အယူသည်းတဲ့ကောင်ပဲ၊ ဒီလောက်ငှက်ကလေးက ဘာလုပ်နိုင်မှာမို့လို့လဲကွ"
ထိုတပ်သားကပြောလိုက်သဖြင့် သေနတ်ကိုင်ထားသည့်တပ်သားလည်း သေနတ်ကိုပြန်ချလိုက်သည်။ တေးသီငှက်ကလေးက သူတို့ခေါင်းပေါ်တွင် ရစ်ဝဲကာ ပျံသန်းနေသည်။
"ပိလုံ၊ နင်လိုက်လာတယ် ဟုတ်လား"
တေးသီငှက်ကလေးက လှောင်အိမ်ထောင့်စွန်းနားတွင် ရပ်တန့်လိုက်သည်။
"အခင်၊ မင်းအဆင်ပြေရဲ့လား"
တေးသီငှက်က စကားပြောသဖြင့် ပိလုံမှန်းပိုပြီး သေချာသွားသည်။
"အဆင်ပြေမလားပိလုံရဲ့၊ ဒီလှောင်အိမ်ထဲမှာ နေရတာက အဆင်ပြေမယ်လို့များ နင်ထင်နေသလား"
"ဘာမှမပူနဲ့အခင်၊ နင့်ကိုငါကယ်ထုတ်ပေးမယ်၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်အခင်"
ခင်ခင်က ခေါင်းညိတ်ပြလိုက်သည်။
"နင်ငါ့ကိုပေးထားတဲ့ကတိကိုတော့တည်ရမယ်၊ နင်ငါနဲ့ရွာကို ပြန်လိုက်ခဲ့ရမယ်၊ ငါနဲ့အတူတူနေရမယ် အခင်"
ခင်ခင်တွေဝေသွားမိသည်။ ပိလုံကို အမှန်တော့သူရင်ထဲက မချစ်နှစ်သက်ခဲ့၊ ပိလုံနှင့် အနေနီးခဲ့သည်ဆိုသော်လည်း မောင်နှမသံယောဇဉ်သာဖြစ်မိပြီး ချစ်သူများကဲ့သို့ ချစ်ချင်းမေတ္တာစိတ်များ မဖြစ်ပေါ်မိပေ။ သို့သော်လည်း သူကတိပေးထားခဲ့သည်။ ပိလရများက ကတိကိုအလွန်အလေးအနက်ထားသည်မို့ ခင်ခင်လည်း စဉ်းစားပြီးခေါင်းညိတ်လိုက်မိသည်။ မညိတ်လို့လည်းမရတော့၊ သူ့မှာရွေးချယ်စရာမရှိပေ၊ နောက်သုံးရက်နေလျှင် သူ့ကိုသေဒဏ်စီရင်မည်မဟုတ်ပါလား။
ခင်ခင်ခေါင်းညိတ်ပြလိုက်သည်မို့ ပိလုံလည်း အပြာနုရောင်ငှက်မွှေးကလေးများကို လှောင်အိမ်ပေါ်သို့ကျဲချလိုက်သည်။ ခဏကြာသည့်အခါ လှောင်အိမ်မှာ ပြင်းထန်စွာပေါက်ကွဲသွားလေသည်။
"ဝုန်း"
အစောင့်အကြပ်များအားလုံး အံ့အားသင့်သွားကြသည်။ လှောင်အိမ်ကြီးမှာ တစ်ဖက်ပွင့်ထွက်သွားသည်။ ခင်ခင်က ခုန်ချရန်ပြုလုပ်လိုက်သော်လည်း ရေကန်ကြီးက ခံနေသဖြင့် မခုန်ချနိုင်ပေ။ လုံခြုံရေးတပ်သားက သေနတ်များကိုအသင့်ပြင်လိုက်ပြီး ရေကန်ပေါင်ပေါ်သို့ ပြေးတက်လာခဲ့ကြသည်။ ထိုစဉ် ပိလုံက အပြာရောင်ငှက်မွှေးကလေးများဖြင့် လုံခြုံရေးတပ်သားများကို ပစ်ခတ်လိုက်သည်။ ထိုငှက်မွှေးလေးများမှာလည်း ပြင်းထန်စွာပေါက်ကွဲပြီး လုံခြုံရေးတပ်သားများ လွင့်ထွက်ကုန်ကြသည်။ အချို့က ရေကန်ထဲပြုတ်ကျကုန်သည်။
"အခင်၊ မြန်မြန်လုပ်ဟ"
ခင်ခင်က ရေများကိုလက်ညှိုးထိုးပြသည်။
"ပိလုံ၊ ငါရေကြောက်တယ်ဟ"
ထိုအခါ ပိလုံက ကောင်းကင်ပေါ်သို့ပျံတက်သွားပြီး မကြာမီတွင် အလွန်ကြီးမားသည့် ငှက်ကြီးတစ်ကောင်အဖြစ် ပျံဆင်းလိုက်ကာ ခင်ခင်အနီးသို့လာရပ်သည်။
"အခင် မြန်မြန်တက်လေ၊ ဘာလုပ်နေတာလဲ"
ခင်ခင်လည်း ထိုတော့မှ သတိရပြီး ငှက်ကြီး၏ကျောကုန်းပေါ်သို့ခုန်တက်လိုက်သည်။ လုံခြုံရေးတပ်သားများမှာ လိုက်လံပစ်ခတ်ကြသော်လည်း ခင်ခင်နှင့်ပိလုံမှာ အလွန်ဝေးကွာသည့်အရပ်သို့ ပျံသန်းထွက်သွားပြီဖြစ်သည်။
"ဟေး၊ ပျော်လိုက်တာ"
ငှက်ကြီးစီးနေသည့် ခင်ခင်က အော်ဟစ်ကာပျော်ရွှင်နေသည်။ သူတို့အတူတူ ဝင်္ကပါမြို့ကြီးကို ဖြတ်သန်းခဲ့ကြပြီး မြို့အပြင်တောစပ်တစ်နေရာတွင် ပိလုံကဆင်းသက်လိုက်သည်။ မြေပြင်ကိုထိတွေ့လိုက်သည်နှင့် ပိလုံမှာငှက်အဖြစ်မှ လူအဖြစ်သို့ပြောင်းလဲသွားသည်။
"အခင်၊ နင့်ကိုငါလွမ်းလိုက်တာဟာ"
ပိလုံက ခင်ခင်ကိုပွေ့ဖက်လိုက်သည်။ ခန္ဓာကိုယ်ချင်းပူးကပ်သွားပြီး ပိလုံ၏ရင်ခုန်သံတဒိန်းဒိန်းကို ခင်ခင်အတိုင်းသားကြားနေရသည်။ ထိုစဉ် သူတို့အနောက်ဘက် ချုံပုတ်တစ်ခုမှ လှုပ်ခတ်သွားသည်။
"ဟေ့ပိလုံ၊ မင်းငါ့သမီးကို ဖက်နေတာ တော်လောက်ပြီ"
ခင်ခင်လည်း အသံလာရာသို့လှည့်ကြည့်လိုက်သည်။
"အဖေ၊ အဖေလည်းလိုက်လာတယ်"
ခင်ခင်က ပိလုံဆီမှပြေးထွက်ပြီး ပိနန်ကိုပွေ့ဖက်လိုက်ပြန်သည်။ ပိနန်က ခင်ခင်၏ ကျောကုန်းကိုပုတ်ပေးနေသည်။
"သမီးရယ်၊ အဖေက ငါ့သမီးကိုဒီတစ်သက်ပြန်မတွေ့ရတော့ဘူးလားလို့"
ထိုစဉ် ချုံပုတ်ကြီးတစ်ခုက ထပ်လှုပ်သွားပြန်သည်။
"ငါလည်းပါတယ်ဟေ့"
"ဟင်၊ ဦးလေး ပိခေါင်"
ပိခေါင်က ပြုံးစိစိနှင့် ခင်ခင်ကိုကြည့်နေသည်။
"ငါ့ကိုတော့ပြေးမဖက်နဲ့တော့၊ ငါလိုက်လာတယ်ဆိုတာ ငါ့သားကိုစိတ်မချလို့လိုက်လာခဲ့တာ၊ ကဲ ငါ့သား၊ အခင်လည်းရပြီဆိုတော့ အဖေတို့ပြန်ကြစို့ကွာ၊ အဖေအပြင်လောကမှာ မနေချင်ဘူးသားရဲ့"
ပိလုံက ခင်ခင်လက်ကိုဆွဲလိုက်သည်။
"အခင် ငါတို့ရွာကလေးဆီကို ပြန်ကြစို့"
ခင်ခင်တွေဝေသွားသည်။ ဖြစ်နိုင်လျှင် သူရွာကိုမပြန်ချင်သေးပေ၊ သူမလုပ်လိုက်ရသည့် ကိစ္စတွေရှိနေသေးသည်။ သူမရှင်းလိုက်ရသည့် အရှုပ်တွေရှိနေသေးသည်။
"အခင်၊ ငါပြောတာကြားလား၊ ငါတို့ပြန်ကြရအောင်လို့"
ခင်ခင်က ပိလုံလက်ကိုဆွဲဖြုတ်လိုက်သည်။ ပိနန်က ခင်ခင်ဆီလျှောက်လာပြီး
"သမီး၊ အဖေတို့နဲ့ ပြန်လိုက်ခဲ့ပါကွာ"
"သမီးလိုက်ခဲ့ချင်ပါတယ်၊ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး၊ သမီးလုပ်စရာတွေရှိနေသေးတယ်"
ပိလုံက အလွန်စိတ်ဆိုးသွားသည်။
"အခင်၊ မင်းဟိုတစ်ခါသွားတော့မယ်ဆိုကတည်းက ငါမင်းကိုမတားခဲ့ဘူး၊ အခုတော့ မရဘူးအခင်၊ မင်းပြန်လိုက်ရမယ်"
အခြေအနေတွေတင်းမာကုန်သည်။ ခင်ခင်ကလည်း အလျော့ပေးမည့်ပုံမဟုတ်ပေ။
"ဟုတ်တယ်သမီး၊ ဒီကလူတွေက သမီးအပေါ်ဘာကောင်းလို့လည်း၊ အဖေတို့စိတ်ပူလို့ လိုက်လာဖြစ်တာကပဲ နာမူနတ်မင်းကြီးရဲ့ ကောင်းချီးကြောင့်ပဲလို့ ယူဆရမယ်၊ အဖေတို့ဒီရောက်တော့ သမီးကိုသတ်တော့မယ်ဆိုပြီး ဖမ်းချုပ်ထားတဲ့ သတင်းကိုကြားခဲ့ရလို့သာပေါ့၊ သုံးရက်လောက်သာ နောက်ကျခဲ့ရင် သမီး၊ သမီးသေသွားမှာ သမီးရဲ့"
"သမီးနားလည်ပါတယ်အဖေ၊ လာကယ်တဲ့အတွက်လည်း သမီးကျေးဇူးတင်ပါတယ်"
ခင်ခင်က ပိလုံလက်ကိုဆွဲပြီး ပိလုံမျက်နှာကိုမော့ကြည့်လိုက်သည်။
"ပိလုံ၊ ဒီတစ်ခါ ငါတကယ်ကတိပေးတယ်၊ ဒီတစ်ခါ ကိစ္စပြီးရင် ငါနင်နဲ့လိုက်ခဲ့မယ်၊ နင်နဲ့အတူတူ တို့ရွာကလေးကနေ တစ်ဖဝါးမှမခွာတော့ဘူးလို့ ငါကတိပေးပါတယ်"
ပိလုံက ခင်ခင်အားကြည့်ရင်း မျက်ရည်များစီးကျလာသည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီအခင်၊ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ"
ခင်ခင်က ပိလုံတို့ကိုကျောခိုင်းပြီးထွက်လာခဲ့သည်။ သို့သော် ပိလုံတို့ကလည်း ထွက်မသွားဘဲ သူ့နောက်သို့ဆက်လိုက်လာနေသည်။
"အဖေတို့ ဘာလို့လိုက်လာကြတာလဲ"
ပိလုံက
"မင်းရဲ့ကိစ္စက ငါ့ရဲ့ကိစ္စပဲအခင်၊ ဒီတော့ ဒီတစ်ခါ ငါလည်းမင်းနဲ့အတူလိုက်ခဲ့မယ်"
ခင်ခင်သက်ပြင်းချလိုက်မိသည်။ ထိုအခါ ပိနန်က
"ဟုတ်တယ်သမီး၊ သမီးကိုထပ်ပြီးတစ်ယောက်တည်းမလွှတ်လိုက်နိုင်ဘူး၊ အဖေလည်းလိုက်ခဲ့မယ်"
ခင်ခင်က နဖူးကိုလက်ဝါးနှင့်ရိုက်လိုက်မိသည်။ နောက်ဆုံးကျန်နေသည့် ပိခေါင်ကလည်း
"ငါကတော့ မင်းနောက်ကိုလိုက်မှာမဟုတ်ဘူးနော်၊ ငါ့သားကိုစိတ်မချလို့၊ ငါ့သားနောက်ကိုလိုက်ခဲ့မှာ"
ခင်ခင်ဘာမှမပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။ ပိနန်၊ ပိလုံနှင့် ပိခေါင်တို့သုံးယောက်မှာ ခင်ခင်၏အနောက်သို့ ထပ်ချပ်မကွာ လိုက်လာခဲ့ကြလေသည်။
(စ)
နောက်တစ်နေ့ရောက်သည်နှင့် ရဟတ်ယာဉ်တစ်စီးက ခြံဝန်းအတွင်းသို့ဆင်းလာခဲ့သည်။ ရဟတ်ယာဉ်ပေါ်မှ အသက်နှစ်ဆယ်ခန့်မိန်းကလေးတစ်ဦးက ဆင်းလာခဲ့သည်။ ထိုမိန်းကလေးမှာ မိန်းကလေးဆိုသော်လည်း ယောက်ျားလေးများဝတ်စားသည့် ခေတ်ပေါ်အဝတ်အစားကိုဝတ်ဆင်ထားပြီး ဦးထုပ်တစ်လုံးကို ခပ်မော့မော့ဆောင်းထားသည်။ ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားပြီး သူတို့အနားလျှောက်လာသည်။ ဟုမ်းက ထိုကောင်မလေးကိုကြည့်ပြီး
"ဘာလဲ မင်းရဲ့သူဌေး လင်းက ဒီနေ့မလာနိုင်ဘူးလား"
ထိုကောင်မလေးမှာ ပါးစပ်များပြည့်ဖောင်းနေအောင် ပီကေကိုဝါးလျှက်ရှိသည်။ ဟုမ်း၏ စကားကိုကြားလိုက်ရသည့်အခါ ပြုံးရယ်နေရင်း
"လင်းဆိုတာ ကျွန်မပဲ"
ဟုမ်းတစ်ယောက် အံ့သြစွာနှင့် မြင်းမိုရ်မောင်အေးကိုကြည့်လိုက်သည်။ မြင်းမိုရ်မောင်အေးက ပြုံးလျှက်
"ဟုတ်တယ်ဟုမ်း၊ တရုတ်ပြည်မှာအတော်ဆုံးဟက်ကာ လင်းဆိုတာ သူပဲ၊ အသက်ရှစ်နှစ်ကတည်းက တရုတ်အစိုးရရဲ့ လှို့ဝှက်ကွန်ရက်ထဲကို ချိုးဖောက်ဝင်နိုင်ခဲ့တာ"
သူတို့ကစကားပြောရင်း လျှောက်သွားကြသည်။ လင်းဆိုသည့် ကောင်မလေးက ပီကေအား ပူဖောင်းများမှုတ်နေပြီး သူတို့နောက်မှ ခပ်တည်တည်နှင့်လိုက်လာခဲ့သည်။ သူတို့ကွန်ပြူတာကို ပြလိုက်သည့်အခါ လင်းက ခေါင်းညိတ်ပြီးကြည့်လိုက်သည်။
"ဒါပဲလား၊ ရှင်တို့က စကားဝှက်ကလေးတစ်ခုကို မဖြေနိုင်တာနဲ့ ကျွန်မကို ဒေါ်လာတစ်သိန်းနဲ့ငှားလိုက်တာလား"
"လုပ်ကြည့်စမ်းပါကွာ၊ မင်းကိုငါတို့အားကိုးပါတယ်"
လင်းက သူ့ကျောပိုးအိတ်အတွင်းမှ ကီးဘုတ်တစ်ခုကိုယူလိုက်ပြီး ကွန်ပြူတာနှင့်ချိတ်ဆက်လိုက်သည်။ ထို့နောက် စပီကာတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့တင်ထားလိုက်သည်။ လင်း၏ အပြုအမူများကို မြင်းမိုရ်မောင်အေးနှင့် ဟုမ်းတို့က နားမလည်သလိုနှင့် ကြည့်နေမိသည်။
"ဆောရီးနော်၊ ကျွန်မ ကြိုတောင်းပန်ထားတာ"
ထိုသို့ပြောပြီး စပီကာကိုဖွင့်လိုက်သည်။ ထိုအခါ အလွန်ကျယ်လောင်ပြီး ဆူညံလှသည့် တေးသီချင်းသံများက စပီကာအတွင်းမှ ခုန်ပေါက်ပြီးထွက်လာသည်။ အသံမှာကျယ်လွန်းသဖြင့် ဟုမ်းတို့နားပိတ်ထားလိုက်ရသည်။
"ဆောရီးပါ၊ ကျွန်မက အဲဒီလိုမှ အလုပ်လုပ်တတ်တာ"
ထို့နောက် ကီးဘုတ်ခလုပ်များအား တဂျောက်ဂျောက်ဖြင့်နှိပ်နေလေသည်။ ငါးမိနစ်ပင်မကြာလိုက်ပေ လင်းက လက်ဆစ်တွေကိုချိုးနေလေသည်။
"ပြီးပြီလား"
လင်းက ခေါင်းညိတ်ပြသဖြင့် မြင်းမိုရ်မောင်အေးနှင့် ဟုမ်းက ကွန်ပြူတာထံသို့ အပြေးသွားကြည့်ကြသည်။
"ပြီးတော့ပြီးပြီ၊ ခက်တာက လှို့ဝှက်နံပါတ်က စာလုံးတွေမဟုတ်ဘူးဖြစ်နေတယ်"
"မင်းဘာကိုဆိုလိုချင်တာလဲ"
"ပုံမှန်သုံးနေကျ စာရေးတဲ့အက္ခရာတွေမဟုတ်ဘဲ၊ အစက်ကလေးတွေအများကြီးပါတဲ့ စနစ်တစ်ခုနဲ့ပိတ်ထားတယ်"
ဟုမ်းက အလွန်သိချင်စိတ်ပြင်းပြနေသည်။
"မင်းအဲဒါကို ဖွင့်နိုင်သလား"
လင်းက ခေါင်းခါပြသည်။
"ဖွင့်ဖို့ကလွယ်တယ်၊ ဒါပေမယ့် ဒီအစက်ကလေးတွေက ဘာကိုဆိုလိုတယ်ဆိုတာကို သိဖို့အရေးကြီးတယ်၊ ကျွန်မအထင်ပြောရရင် ဒီအစက်ကလေးတွေဖွဲ့စည်းပုံက DNA မျိုးရိုးဗီဇဖွဲ့စည်းပုံတစ်ခုနဲ့ ပုံစံတူနေတယ်၊ ဒီအစက်လေးတွေက ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်မနည်းကျွန်မဟန်နဲ့ အဓိပ္ပါယ်ဖော်ကြည့်ရင် နှစ်တစ်ရာလောက်တော့ အနည်းဆုံးကြာနိုင်တယ်"
ဟုမ်းကသက်ပြင်းချလိုက်ပြီး ခေါင်းကုတ်လိုက်သည်။
"ကျုပ်ကိုပြန်ချိတ်ပေးပါ၊ ကျုပ်အမေနဲ့တွေ့ချင်တယ်၊ ဒါအမေလုပ်ခဲ့တာပဲဖြစ်မယ်"
မြင်းမိုရ်မောင်အေးကလည်း ခေါင်းညိတ်လိုက်ပြီး သူတို့အခန်းထဲမှထွက်လာကြသည်။ စမ်းသပ်ခန်းကြီးထဲသို့ ဝင်လိုက်သည့်အခါ လင်းက အံ့အားသင့်စွာနှင့် စူးစမ်းကြည့်ရှုနေသည်။ ထုံးစံအတိုင်း ဟုမ်းကို ထိုင်ခုံကြီးတွင်ထိုင်ခိုင်းလိုက်ပြီး ချိတ်ဆက်ပေးလိုက်ကြသည်။
"အမေ"
ဟုမ်း၏အရှေ့တွင် မေရီ၏ပုံရိပ်က ပေါ်လာခဲ့သည်။
"အမေသော့ခတ်ထားတဲ့ လှို့ဝှက်စကားဝှက်တွေကို သားသိချင်တယ်"
မေရီက ပြုံးလိုက်လေသည်။
"အမေထင်ထားပြီးသားပါ၊ ဒီစီမံကိန်းက အရမ်းလှို့ဝှက်တာမို့လို့ သားကိုဖမ်းပြီး လူတွေကထုတ်ဖော်ကြမယ်ဆိုတာ အမေသိတယ်၊ ဒါကြောင့်မို့လို့ အမေက လှို့ဝှက်စကားဝှက်တွေနဲ့ ချုပ်ထားခဲ့တာပေါ့၊ မဟုတ်တဲ့စကားဝှက်ကိုထည့်လိုက်ရင် အဲဒီစီမံကိန်းနဲ့ပတ်သက်တဲ့အရာတွေအားလုံးက ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါဆိုလည်းအမေရာ သားကိုဒီစကားဝှက်ပြောပြပါ"
မေရီက ခေါင်းခါလိုက်သည်။
"အမေကိုယ်တိုင်လည်းမသိဘူးသား"
ဟုမ်းအလွန်အံ့သြသွားသည်။
"ဟုတ်တယ်၊ အမေသိနေရင် သားခေါင်းထဲမှာ စကားဝှက်တွေကျန်နေမယ်လေ၊ ဒီစကားဝှက်ကိုဖန်တီးချင်လို့ အမေက သားအဖေကိုရွေးချယ်ခဲ့တာပဲ သားရေ"
"အမေပြောတာသားမရှင်းဘူး"
"သားက အမေ့သွေးတစ်ဝက်ပါတယ်ဆိုတော့ စကားဝှက်ရဲ့တစ်ပိုင်းကို သားသိထားမှာပါ၊ သားအဖေသွေးကိုရရင် သူ့သွေးရဲ့ မျိုးရိုးဗီဇထဲကနေ နောက်ထပ်စကားဝှက်တစ်ခုကိုထပ်ရမယ်၊ သားနဲ့ သားအဖေနဲ့တိုင်ပင်ပြီးလုပ်လိုက်ရင် ဒီစကားဝှက်ဟာ လွယ်လွယ်ကလေးပွင့်သွားမှာပါသားရေ"
ဟုမ်းအလွန်နောင်တရသွားပြီး ခေါင်းငိုက်စိုက်ချလိုက်မိသည်။
"သားမှားပြီအမေ၊ သားအဖေ့ကိုသတ်ပစ်လိုက်ပြီ"
ထိုနေရာမှာတင် ချိတ်ဆက်မှုပြီးဆုံးသွားသည်။ ဟုမ်းကလန့်နိုးလာခဲ့သည်။
"အဖေ၊ အဖေ"
ထိုသို့ရေရွတ်ပြီး မြင်းမိုရ်မောင်အေး၏ အင်္ကျီစကိုဆွဲလိုက်သည်။
"အဖေ၊ ကျုပ်အဖေမိုးသီးဘယ်ရောက်သွားပြီလဲ"
"သူသေသွားလို့ သူ့ကိုသဂြိုလ်လိုက်ပြီလေ"
"ကျုပ်သူ့ကိုလိုတယ်၊ သူ့ဆီက သွေးဖြစ်ဖြစ်၊ အသားစဖြစ်ဖြစ်၊ ဆံပင်မွှေးတစ်ချောင်းဖြစ်ဖြစ် ကျုပ်လိုအပ်တယ်"
မြင်းမိုရ်မောင်အေးက အံ့သြသွားသည်။
"သူသေသွားတော့ သူ့တစ်ကိုယ်လုံးကို မီးနဲ့ရှို့ပစ်လိုက်တယ်၊ သူ့ပြာကို ပင်လယ်ထဲမျှောလိုက်တယ်"
ဟုမ်းတစ်ယောက် စိတ်ဓါတ်ကျသွားသဖြင့် မှိုင်ကျသွားသည်။
"ဒါဆိုမရတော့ဘူး၊ ဒီစကားဝှက်က အဖေ့ရဲ့ မျိုးရိုးဗီဇနဲ့ ကျုပ်အမေရဲ့မျိုးရိုးဗီဇနဲ့ပေါင်းစပ်ပြီးဝှက်ထားတဲ့စကားဝှက်ဗျ၊ အမေကိုယ်တိုင်တောင်မသိဘူး"
သူတို့အကုန်စိတ်ပျက်သွားကြသည်။ ထိုအချိန်တွင် လင်းက အရှေ့သို့တိုးလာပြီး
"ကျွန်မတစ်ခုပြောမယ်နော်၊ မျိုးရိုးဗီဇဆိုတာက မျိုးရိုးလိုက်တဲ့ သဘောရှိတယ်၊ ဒါပေမယ့် သူက မျိုးဆက်ချင်းတူမှ ဗီဇတူတာကျန်နိုင်တယ်"
လင်းစကားကို ဟုမ်းကနားစိုက်ထောင်နေသည်။
"တကယ်လို့ရှင့်အဖေမှာ ညီအကိုရှိတယ်ဆိုရင် သူတို့မွေးထားတဲ့ သားသမီးထဲက တစ်ယောက်ယောက်က ရှင်နဲ့မျိုးရိုးဗီဇအားဖြင့် ထပ်တူညီတယ်၊ အဲဒါကို မျိုးဆက်ခုန်ကျော်လိုက်ခြင်းလို့ခေါ်တယ်၊ ရှင့်အဖေရဲ့ မျိုးရိုးဗီဇနဲ့ သူ့ညီအကိုတွေရဲ့ မျိုးရိုးဗီဇကမတူညီပေမယ့်၊ ရှင့်အဖေက မွေးလိုက်တဲ့ရှင်နဲ့ ရှင့်အဖေရဲ့ညီအကိုက မွေးလိုက်တဲ့ ကလေးနဲ့ဟာ မျိုးရိုးဗီဇအားဖြင့် သွားတူတတ်တယ်။ အထူးသဖြင့် အဖေဘက်က ဗီဇပေါ့"
မြင်းမိုရ်မောင်အေးက ဘာမှနားမလည်သလိုနှင့်ကြည့်နေသော်လည်း သိပ္ပံပညာရှင်အချို့က ခေါင်းညိတ်သည်။ ဟုမ်းက
"ဒါဆို ငါနဲ့ညီအကိုဝမ်းကွဲတော်တဲ့သူဆီမှာ ငါ့အဖေဘက်က မျိုးရိုးရဲ့ဗီဇရှိနေနိုင်သေးတယ်ဆိုတဲ့ သဘောပေါ့"
လင်းက ခေါင်းညိတ်လိုက်သည်။ ဟုမ်းက စဉ်းစားရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။
"ဟုတ်ပြီ၊ ငါသိပြီ၊ ငါ့အဖေက ပိစံ၊ သူ့မှာ ညီ ပိနန်နဲ့၊ ပိခေါင်ရှိတယ်၊ ပိနန်ရဲ့သမီးအရင်းက သေသွားပြီ၊ ဒါဆိုရင် ပိခေါင်မှာ သားတစ်ယောက်ရှိသေးတယ်၊ သူ့နာမည်က ပိလုံလို့ခေါ်တယ်"
မြင်းမိုရ်မောင်အေးက ထိုတော့မှ အနည်းငယ်သဘောပေါက်သွားဟန်ရှိသည်။
"ဒါဆိုရင် ငါတို့ပိလုံကိုရှာရမှာပေါ့၊ သူ့ကိုငါတို့ဘယ်မှာသွားရှာရမလဲ"
ဟုမ်းကပြုံးလိုက်ပြီး
"ကျုပ်မှာ နည်းလမ်းရှိတယ်"
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။