ပုတု - အပိုင်း(၁)
lotaya.mpt.com.mm
|
2023-06-12

အချိန်ကား ည ၂နာရီ။

ဦးဝင်းတစ်ယောက် တုတတစ်ချောင်းကိုင်ကာ ဓာတ်မီးတစ်လက်နှင့် လမ်းထိပ်ဘက်ကို ထွက်လာခဲ့သည်။ တမြို့လုံးမီးပျက်နေပြီး မှောင်မည်းနေသလို၊ ရာသီဥတုကလည်း မိုးရာသီဖြစ်တာကြောင့် မိုးစက်လေးတွေက တစ်ဖြောက်နှစ်ဖြောက်ကျနေလေသည်။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက စကားပြောသံအချို့ကို ဦးဝင်းတစ်ယောက်ကြားလိုက်ရသည်။ ဓာတ်မီးနှင့် ဟိုဝေ့ဒီဝေ့လုပ်ရင်း ..

“ဘယ်သူတွေတုန်းကွ”

“ဦးဝင်းလား .. ကျနော်တို့ပါ”

ကြည့်လိုက်တော့ ပုတုရဲ့ သူငယ်ချင်းတွေ။

“အဲဒီမှာ ပုတု ရှိလား”

“မရှိဘူး .. ဦးလေး”

“ဟေ .. မင်းတို့က ဘာလုပ်နေတာတုန်း”

“ဟီး .. မိုးအေးလို့ .. ကျနော်တို့ အရက်သောက်ရင်း စကားပြောနေတာ”

“ဒီအချိန်ထိ မပြန်ကြသေးဘူးလား”

“မီးလာရင် .. ပြန်မလို့ပဲ.. ဒါနဲ့ ပုတု ပြန်မရောက်သေးလို့လား”

“အေး … မင်းတို့ တွေ့မိကြသေးလား”

“အာ .. ဒါဆို .. ဒီကောင် ဂိမ်းဆိုင်မှာပဲ နေမှာပေါ့”

“ဘယ်ဂိမ်းဆိုင်တုန်း”

“လာ .. ကျနော်တို့ လိုက်ပြမယ်”

မီးပျက်နေသောကြောင့် ဂိမ်းဆိုင်တစ်ခုလုံးကလည်း အမှောင်အတိ။

“ဆိုင်ပိတ်သွားပြီထင်တယ်ကွ”

“မပိတ်ဘူးဦးဝင်း .. လာလာလိုက်ခဲ့”

ဂိမ်းဆိုင်ထဲမှာ မီးရောင်မှိန်ပြပြလေးကို တွေ့ရသည်။ လိုက်ပို့သည့် ပုတု သူငယ်ချင်းက .. မှန်တံခါးကို ထုလိုက်တော့ .. တံခါးပွင့်သွား၏။

“ဟေ့ကောင်ပုတု ဒီမှာ မင်းအဖေ လိုက်လာတယ်”

ပုတုက မျက်နှာငယ်လေးနှင့် အပြင်ထွက်လာကာ ..

“သား ..ပြန်လာမလို့ပဲအဖေရဲ့ .. မီးတွေပျက်ပြီး မှောင်မည်းသွားလို့ မလာရဲတော့လို့”

“မင်းတော်တော် .. ဒုက္ခပေးတဲ့ကောင်။ ငါမနက်အစောကြီး ဆိုင်ထဖွင့်ရဦးမှာ။ မင်းအမေက အတင်းလိုက်ရှာခိုင်းလို့.. လာခဲ့စမ်း”

ဦးဝင်းက ဒေါသသံမပါပေမဲ့ လက်ထဲမှာ တုတ်ကြီးကိုင်ထားတာကြောင့် ပုတုက ထွက်မလာရဲ။

“ဟေ့ကောင် .. မင်းကို ငါမရိုက်ဘူး။ မြန်မြန်လာခဲ့။ အိမ်ရောက်မှ မင်းအမေနဲ့ရှင်း”

ဒီလိုနှင့် ပုတုတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် အိမ်ပြန်သွားသည်။

နောက်နေ့မနက်။ လက်ဖက်ရည်ဆိုင်ကို ပုတု ထွက်လာတော့ သူ့သူငယ်ချင်းတွေက ..

“ဟေ့ကောင် ညက အဆော်ခံရသေးလား”

“မခံရဘူးကွ။ ဒါပေမဲ့ ဂိမ်းဆော့ခွင့်တော့ အပိတ်ခံလိုက်ရတယ်”

“ဒါဆို ညနေကျရင် ငါတို့နဲ့ ဘောလုံးလိုက်ကန်ကွာ”

“အေး ..ကန်မယ်”

ဘောလုံးပွဲက တစ်ဖက်ရပ်ကွက်နှင့် ပိုက်ဆံကြေးချိန်းကန်ကြခြင်းဖြစ်သည်။ ပုတုက ..

“ပိုက်ဆံကြေးဆို ငါမပါတော့ဘူး”

“ဘာလို့လဲဟ”

“ရန်ဖြစ်မှာစိုးလို့”

“မင်းကလည်း ကြောက်စရာမရှိကြံဖန်ကြောက်နေပြန်ပြီ”

“ဒီကောင်တွေ ကြမ်းမှာကွ… ငါဘေးကပဲ ထိုင်ကြည့်မယ်ကွာ”

“အေးကွာ …ပြီးရော..”

ထုံးစံအတိုင်း နှစ်ဖက်ရပ်ကွက်ဖြစ်တာရယ်၊ ပိုက်ဆံကြေးဖြစ်တာရယ်ကြောင့် ပွဲက ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့သည်။ ဟိုဘက်ရပ်ကွက်နှင့် ဒီဘက်ရပ်ကွက် ဖြစ်ကြပြီဆိုရင် ပြဿနာတွေက တော်တော်နှင့်မပြီးတတ်ကြ။ တွန်းကြထိုးကြနှင့် ရန်ပွဲဆီဦးတည်နေ၏။ အဲဒီအချိန်မှာ ပုတုကတော့ အိမ်ပြန်ရောက်နေပြီ။ သူက ခပ်ကြမ်းကြမ်းတွေ ကစားနေတာမြင်ကတည်းက အိမ်ပြန်သွားခြင်းဖြစ်သည်။

“မင်းက တော်တော်ကြောက်တဲ့ကောင်ပဲ”

“ကြောက်တာ အန္တရာယ်ကင်းတယ်ကွ”

ပုတု က သူ့ကို ငကြောက်လို့ပြောလည်း ဂရုမစိုက်ပေ။ ပုတုက အသားနာမှာ၊ ရန်ဖြစ်ရမှာ၊ ပြဿနာတက်ရမှာတွေကို ရှောင်လေ့ရှိသည်။ သူ့ပုံစံကလည်း ဖြူဖြူနွဲ့နွဲ့၊ သန့်သန့်ပြန့်ပြန့်နှင့် ဖြစ်သောကြောင့် လူမိုက်ရုပ်လည်းမပေါက်တဲ့အပြင် စိတ်အခံကပါကြောက်တတ်တဲ့ပုံစံကြောင့် သူ့သူငယ်ချင်းတွေက အားမရကြ။ သူ့သူငယ်ချင်းတော်တော်များများကတော့ ချဆိုလည်းတက်ညီလက်ညီချကြလေ့ရှိပြီး ထစ်ကနဲဆိုလည်း လက်ပါလေ့ရှိသည်။ သူတို့အဖွဲ့ကိုဆို သူတို့ရပ်ကွက်ထဲက ရွယ်တူတွေပင်မဟုတ် အခြားရပ်ကွက်က ရွယ်တူတွေပင် နည်းနည်းလန့်ကြသည်။ သူတို့အဖွဲ့ကတက်ညီလက်ညီချတာရယ်၊ လက်သံပြောင်တာရယ်ကြောင့်ပင်။ သို့သော် ခြွင်းချက်အနေနှင့် ပုတု မပါလို့ ပြောရမည်။

တစ်ခါတုန်းကလည်း လက်ဖက်ရည်ဆိုင်မှာ သူတို့အဖွဲ့ထိုင်နေတုန်း ဘေးဝိုင်းက ဘဲကြီးတွေနှင့်ငြိကြသည်။ စငြိတာက ပုတုနှင့်လို့ ပြောလို့ရသည်။ ဘေးဝိုင်းက ဘဲကြီးတဗွေက ကွမ်းထွေးလိုက်တာ ပုတု ခြေထောက်ကို လာစင်၏။ ပုတု က ယဉ်ယဉ်ကျေးကျေးပင် ..

“အစ်ကို .. ဟိုဟာလေ .. အစ်ကို ကွမ်းထွေးတာ ကျနော့်ခြေထောက်ကိုလာစင်လို့..”

“မင်းခြေထောက်ရွှေ့လိုက်လေ”

“အစ်ကို ဒီတစ်ခေါက်ထွေးရင် အခြားဘက်လှည့်ထွေးလိုက်ပါလား”

“မင်းက .. ဘာလဲကွ .. ငါ့စားတဲ့ကွမ်းကွာ ငါထွေးချင်တဲ့နေရာထွေးမယ် မင်းက မကျေနပ်ဘူးလား”

ပုတုကို ဖြဲနေတော့ .. သူ့သူငယ်ချင်းတွေက ငြိမ်မခံ။ ခုံဆွဲပြီး ထရိုက်ပစ်သည်။ တစ်ဖက်ကလည်း နောက်ပေါက်တွေက သူတို့ကိုခြေရာတိုင်းတယ်ဆိုပြီး အလျော့မပေးဘဲ အအေးပုလင်းတွေနှင့် ပြန်ရိုက်ကြသည်။ ကွဲသူကွဲလဲသူလဲနှင့် လက်ဖက်ရည်ဆိုင်ရန်ပွဲက ဟိုးလေးတကျော်ကျော်ဖြစ်သွားသည်။ ဒါပေမဲ့ .. ရပ်ကွက်ရုံးရောက်တော့ .. ပုတု မပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ခုံနဲ့ ထရိုက်ကြကတည်းက ပုတု အိမ်ကို တစ်ချိုးတည်းပြေးသွားသောကြောင့်ပင်။

“ဟေ့ကောင် မင်းကို ဖြဲလို့ ငါတို့က ဝင်ရိုက်တာလေ မင်းက ဘာလို့ပြေးသွားတာတုန်း”

“ငါမှရန်မဖြစ်ချင်တာ”

“ဘောပဲ ..”


ပုတု ဘော်ဒါတွေခမျာတော့ ရပ်ကွက်ရုံးမှာ ဒဏ်ပေးခံလိုက်ရသည်။

ဒီလိုနှင့် တက္ကသိုလ်ရောက်တော့ .. သူတို့ လူစုကွဲကြသွားကြသည်။ ဆယ်တန်းအောင်တဲ့သူကအောင်၊ ကျတဲ့သူကကျနှင့် အရင်လိုမျိုးတော့ မဆုံဖြစ်ကြတော့။ ပုတုကတော့ … ဆယ်တန်းကို ဂုဏ်ထူးမပါပေမဲ့ အမှတ်ကောင်းကောင်းနှင့် အောင်သည်။ ရပ်ကွက်ထဲက မင်းကိုကို တစ်ယောက်နှင့်သာ တက္ကသိုလ်အတူတူတက်ဖြစ်သည်။ ဆိုရရင် ပုတု က ရည်းစားလေးတစ်ယောက်ပါရသွားသောကြောင့် ရပ်ကွက်ထဲက ဘော်ဒါတွေနှင့် ပိုဝေးသွားသည်။ ဒါပေမဲ့ တစ်ပတ်တစ်ခါလောက်တော့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်ကြသေးသည်။ ရန်ဖြစ်တာတွေလည်း နည်းပါးလာကြသည်။ အချို့ကတော့ လူမိုက်လမ်းကြောင်းပေါ်ရောက်သွားသည်။ သူတို့နှင့်တော့ ပုတုက တတွဲတွဲမတွဲဖြစ်တော့ဘဲ .. လက်ဖက်ရည်ဆိုင်မှာ ဆုံတာလောက်သာ တွေ့ဖြစ်ကြတော့သည်။

“စည်သူ ထောင်ကျသွားပြီ”

“ဘာဖြစ်တာတုန်းဟ”

“ဓားထိုးမှုတဲ့ကွာ .. “

စည်သူက သူတို့အဖွဲ့ထဲမှာ လက်ရဲဇက်ရဲအရှိဆုံး။ အခုတော့ စည်သူထောင်ကျသွားတော့ ကျန်တဲ့သူတွေလည်း နည်းနည်းတော့ ငြိမ်သွားကြသည်။ ပုတုကတော့ ..

“မင်းတို့လည်း အလုပ်တွေဘာတွေလုပ်ကြတော့လေ။ ကျောင်းလည်းဆက်မတက်၊ အလုပ်လည်းမလုပ်ဆိုရင် ရပ်ကွက်ထဲ စိတ်လေနေမှာပေါ့ကွာ”


“ခွေးသတောင်းစားက သောက်ကြီးသောက်ကျယ်နဲ့”

“အေးလေ .. မင်းသာ ဘွဲ့ရအောင်လုပ်ပါ။ ငါတို့က ဘာအလုပ်ဖြစ်ဖြစ်လုပ်တတ်တယ်။ မင်းသာ ကနွဲ့ကလျနဲ့”

“ဟေ့ကောင် .. စော်ရှိတယ်ကွ”

“မင်း.. ဒီပုံစံနဲ့ မင်းစော်ကို အခြားကောင်လာကြောင်ရင် အလွယ်တကူပါသွားမှာ မြင်ယောင်သေးတယ်”

ကျော်ကျော်က အဲဒီလိုပြောလိုက်တော့ .. ပုတု နည်းနည်းတော့ ငိုင်သွားသည်။ ပြီးတော့ .. သက်ပြင်းတစ်ချက်ချလိုက်ပြီး …

“အမှန်အတိုင်းပြောရရင် ငါလည်း တစ်ခါတစ်လေတော့ လူတယောက်ကို စိတ်ရှိလက်ရှိရိုက်နှက်ပစ်လိုက်ချင်တယ်ကွ”

“မင်းက အကြောင်းမဲ့ကြီးလား”

“အကြောင်းမဲ့တော့မဟုတ်ပါဘူးဟ .. ငါ့စော်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့ကောင်တွေကိုကွာ။ ငါနဲ့ကြိုက်နေတာလည်း သိသိကြီးနဲ့တောင် အထာမထားကြဘူး”

“အေး .. အဲဒါ . မင်းအခုလို ပျော့တိပျော့ဖတ်ပုံစံကြောင့် .. နည်းနည်းတော့ .. မာစမ်းပါဟ .. ဖြဲစရာရှိတာဖြဲ .. မင်းမလုပ်ရဲရင် ငါတို့လုပ်ပေးမယ်”

“ထားလိုက်ပါကွာ .. ပြဿနာတွေ ရှည်နေပါဦးမယ်”

ပုတု ကို ကြည့်ပြီး သူ့သူငယ်ချင်းတွေက အားမရကြ။ ဒါပေမဲ့လည်း ဒီကောင့်ကို ဘယ်လောက်ပဲနာအောင်ပြောပြော၊ ဘယ်လောက်ပဲမြှောက်ပေးပေး ဒီပုံစံက ဒီပုံစံပင်။ အဲဒီတော့ ပုတု ဒီလိုပုံစံအတိုင်းသာ ဘဝတလျှောက်လုံး သွားတော့မယ်လို့ သူတို့တဖွဲ့လုံး ယုံကြည်ထားကြသည်။ ဒါပေမဲ့ … လောကဟာ အပြောင်းအလဲတွေနှင့် ပြည့်နှက်နေသည်။ ပုတု ရဲ့ အနာဂတ်ကလည်း ထင်သလောက်ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ ဘာဖြစ်လို့လည်းဆိုတော့ မကြာတော့မယ့်အချိန်အတွင်းမှာ အပြောင်းအလဲအကြီးကြီးတစ်ခုက ပုတု ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတော့မှာမဟုတ်လား။      ။

အပိုင်း (၂) ဆက်ရန်

ခြူသစ်မောင်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..