မှတစ်ပါး........(အပိုင်း ၁)
lotaya.mpt.com.mm
|
2023-06-17

Part - 1

အချိန်ကား ကိုလိုနီခေတ်....။

ဟိုတယ်ရှေ့တစ်စီးပြီးတစ်စီး ထိုးဆိုက်လာသည့် ဖိုဒ့်ကားတွေနှင့် ဇိမ်ခံကားအချို့။ ဟိုတယ်၏အပေါက်ဝတွင် ဖဲကြိုးရှည်ကြီးတွေ အလှဆင်ထားကာ ကြိုဆိုသည့်စာတမ်းကြီးက ခန့်ညားလွန်းလှစွာ ရှိနေ၏။

​! မောင်ရာဇဘွား နှင့် မလှလွန်းကြွယ်!

တို့၏ မင်္ဂလာဧည့်ခံပွဲမှ ကြိုဆိုပါသည်။ 

မြို့အုပ်မင်ဦးမောင်ဇံ၏ တစဦးတည်းသော သားဖြစ်သူ ရာဇဘွား။ အသိုင်းအဝိုင်းကြီးသလို မိခင်ဖြစ်သူကလဲ ကျောက်တွင်းသူဌေးမကြီးမို့ နာမည်ကျော်ဇောမှု၊ ဂုဏ်သတင်း အရှိန်အဝါအင်မတန်ကို ကြီးမားလွန်းလှသည်။ ထိုကဲ့သို့သော ဂုဏ်သိက္ခာရှင် ကြေးရတက်မိသားစု၏ ချွေးမဖြစ်သူသည် အဘယ်ကဲ့သို့သော မိန်းကလေးပါလဲ။ 

လှလွန်းကြွယ်....။

လှလွန်းကြွယ်ကား အမျိုးသားကျောင်းအုပ် ဆရာမြင့်ကြွယ်၏ တစ်ဦးတည်းသော သမီးကလေးဖြစ်သလို ရာဇဘွားထက် ငါးနှစ်ခန့်ငယ်သည်။ ပညာအရည်အချင်း ၊ လိမ္မာပါးနပ်မှု ချစ်စဖွယ် အရည်အချင်းတို့ဖြင့် ပြည့်စုံသည့် ကလေးမပင်။

လှလွန်းကြွယ် မြန်မာထိုင်မသိမ်းဝတ်စုံလေးဖြင့် ဆံထုံးလေးထုံး အလှပြင်ထားသည့် ကိုယ့်ပုံစံကိုယ် မှန်ထဲပြန်ကြည့်ရင်း အေးစက်နေသည့်လက်ချောင်းလေးတွေအချင်းချင်း ဆုပ်ကိုင်ထားမိ၏။ စိတ်လှုပ်ရှားနေတာရော ဝမ်းသာဝမ်းနည်းမှုစုံလင်သည့် ခံစားချက်တွေဖြင့် အမျိုးအမည်မသိသော ခံစားမှုတွေက ရောပြွန်းနေ၏။ 

" ကဲ....ကဲ.....သတို့သား၊သတို့သမီးထွက်ဖို့ အချိန်ရောက်ပြီလေ.....ဘယ်မှာလဲ သတို့သား။ "

ရာဇဘွား တိုက်ပုံကို လေးဖင့်စွာထပ်ဝတ်လိုက်ရင်း အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်သည်။ ချစ်ရပါသော သမုဒယလေး၏ ငိုမယောင်မျက်ဝန်းတွေကို ပြေးမြင်မိသလို သနားစရာကောင်းလိုက်သည့် မိန်းကလေးအား နာကျင်စေမိတဲ့အတွက် စိတ်ထဲမှတိုလျှိုးတောင်းပန်လိုက်မိသည်။

" ဘွား......မင်း မပြီးသေးဘူးလား။ "

သတို့သားအရံဖြစ်သည့် သူ့သူငယ်ချင်း ဆရာဝန်ကိုမြင့်စိန်က ပြေးလာပြောရင်း မျက်ရည်စအချို့ဖြင့် သူ့ကိုမြင်တော့ စိတ်မကောင်းသလို သက်ပြင်းချ၏။ သူ အခန်းတံခါးဆီမျက်နှာမူလိုက်ရင်းမှ.....

" သွားကြရအောင် မြင့်စိန်......"

မင်္ဂလာပွဲကား စည်ကားတာထက်ကို ပိုမိုစည်ကားသိုက်ဝန်းလှသည်။ ဟုတ်တယ်လေ.....ရာဇဘွားဆိုတာ လမ်းဘေးက ကလေကချေကောင်မှ မဟုတ်ပဲ။ ဒါကြောင့်လဲ ရွေးချယ်စရာမဲ့ခဲ့ရသည်ပေါ့။

" လှလွန်းကြွယ်......"

ရာဇဘွားအသံက မာမာတောင့်တောင့်ကြီး ဖြစ်နေပေလိမ့်မည်။ သို့ပေမယ့် သူ့ကို ကြည်လင်စွာပြုံးပြရင်း ငေးကြည့်လာသည်က လှလွန်းကြွယ်။ သူမ မျက်နှာမှာ ပျော်ရွှင်မှု ၊ ကြည်နူးမှု ၊ သူ့ကိုပိုင်ဆိုင်ရမှုအပေါ် ဂုဏ်ယူဝံ့ကြွားမှုတို့က အထင်းသားပေါ်လွင်နေ၏။

" မင်း အရမ်းလှတယ်..."

ကိုကို့စကားကြောင့် ကြွယ် နှစ်ခြိုက်စွာပင် ပြုံးမိသွား၏။ လောကမှာ လှတယ်အပြောခံရလို့ မပျော်ရွှင်တဲ့ မိန်းကလေးမှမရှိပဲ.....အထူးသဖြင့် ကိုယ်ငယ်စဉ်ထဲက တိတ်တခိုးသဘောကျမြတ်နိုးခဲ့ရသော အမျိုးသားဆီမှ ကြားရတာမို့ အတိုင်းထက်အလွန် ကြည်နူးပီတိဖြစ်မှုကို ခံစားရသည်။

ကိုကို သူမကို လက်ထပ်ခွင့်တောင်းခဲ့ခြင်းကိုလဲ မင်္ဂလာပွဲကျင်းပနေစဉ်အတောအတွင်း ပြေးသတိရမိသေးသည်။ သင့်တော်တဲ့နေရာ၊ သင့်တော်တဲ့အချိန်မဟုတ်သည့် မြင်းလှည်းစီးကာ ကိုကို့အိမ်မှပြန်လာစဉ်က ဖြစ်သည်။ ကြွယ့်ကို မြင်းလှည်းဖြင့်အိမ်ပြန်လိုက်ပို့ရင်း တစ်လမ်းလုံး တိတ်ဆိတ်ငြိမ်သက်နေပြီးမှ.....

" မင်း ကိုယ့်ဇနီးလုပ်မလား လှလွန်းကြွယ် ။ " တဲ့လေ။

အတော်လေး ကို့ရို့ကားယားနိုင်ခဲ့ပေမယ့် ကြွယ်ဟာ ကိုကိုမဆွတ်ခင်ကညွှတ်ခဲ့သည့် ပန်း။ 

" ကိုကိုနဲ့သာ ဘဝတစ်ခု အတူထူထောင်ခွင့်ရမယ်ဆို ကြွယ့်အတွက် ဒီ့ထက်ပိုကြည်နူးစရာကိစ္စမရှိတော့ပါဘူး။ "

ကြွယ့် အချစ်တွေကို ကိုကိုခံစားမိမှာပါလေ။ 

သို့ပေမယ့် ကြွယ့်အထင်တွေဟာ အကြီးအကျယ်လွဲမှားခဲ့သည်။ ဒီမင်္ဂလာပွဲ ၊ ဒီအခမ်းအနား ၊ ဒီမင်္ဂလာစုံတွဲ တစ်ခုလုံးဟာ အစထဲကိုက အဆိပ်သင့်နေခဲ့ပြီးသားဖြစ်နေခဲ့သည်။ 

ကိုကို ချစ်တာ ကြွယ် မဟုတ်ခဲ့သလို ၊ ကြွယ့်ကို ပျော်ရွှင်စေသော သူဟာလဲ ကိုကို မဟုတ်ခဲ့ပါ။ သို့ပေမယ့် ကြွယ့်ကို သေမတတ်နာကျင်မှုပေးသော တစ်ယောက်သောသူကတော့ ကိုကိုဖြစ်နေခဲ့ပါသည်။

@@@@@@@@@@@@

မင်္ဂလာပွဲက စည်ကားသိုက်မြိုက်လွန်းသလို နှစ်ဖက်မိဘအသိုင်းအဝိုင်းဟာ သာမာန်မှမဟုတ်သလို တစ်ဖက်က ကျိကျိတက်ချမ်းသာ၍တစ်ဖက်က ပညာဂုဏ်ကြီးသည့်လူတန်းစား။ ရင်ခုန်ရ ၊ စိတ်လှုပ်ရှားလွန်းရလွန်းသဖြင့် ကြွယ့်လက်ဖျားတွေက အေးစက်နေခဲ့သည့်တိုင် ချစ်မြတ်နိုးသူက ခင်ပွန်းလင်ယောကျာ်းဖြစ်လာသည်မို့ ကြွယ့်အပြုံးတွေဟာ ဝေဝေဆာဆာကို ရှိနှင့်နေခဲ့သည်။ 

မင်္ဂလာပွဲပြီးသွား၍ စံအိမ်ပြန်ရောက်လာသည့်အခါ ကိုကိုက သူ့မိတ်ဆွေတွေနှင့် လူပျိုညကျင်းပကာ ကြွယ်ကတော့ ရေမိုးချိုးပြီးအဝတ်အစားလဲကာ လက်ဖွဲ့တွေကိုလိုက်ကြည့်နေမိသည်။ လာလိုက်တဲ့လူဆိုတာလေ.....ကြည့်စမ်းပါဦး လက်ဖွဲ့တွေဆိုတာ အခန်းတစ်ခုလုံးအပြည့်ပင်။ 

" မမလေး......မူ့တစ်သက်လေ ဒီလောက်လက်ဖွဲ့တွေ အလျှံအပယ်ဖြစ်တာမျိုး တစ်ခါမှမမြင်ဖူးဘူး သိလား။ "

ကြွယ့် နှုတ်ခမ်းလေးက လှပစွာပြုံးရယ်သွား၏။ မူမူက ကြွယ်လိုတာတွေလုပ်ပေးရန် မေမေကြီးက ကြွယ့်ဘေးရှိနေစေသော အလုပ်သမားကောင်မလေးပင်။ ကိုကိုတို့စံအိမ်ဖြစ်သော ရိပ်မြုံဆိုသည့်ဒီအိမ်ကြီးမှာ အခိုင်းအစေ၊အလုပ်သမားတွေ နှစ်ဆယ်ကျော်ရှိသည်။ ခြံစောင့် ၊ ဒရဝမ်၊ ကားဒရိုင်ဘာ ၊ လုံခြုံရေး၊ ဟင်းချက်၊သန့်ရှင်းရေး အစုံအလင်ဖြစ်သလို ဒါတောင်အလုပ်ကလူတွေမပါသေးပေ။ 

ကြွယ့်အကြည့်က ပန်းနုရောင်လက်ဖွဲ့ဗူးလေးဆီရောက်သွားရင်းမှ....

" အို! လှလိုက်တာ။ ကြည့်စမ်းပါဦး မူမူရယ်။ လက်ဖွဲ့ဗူးလေးပြင်ထားတာ အရမ်းလှတာပဲ​နော်။ "

လှမ်းယူလိုက်ရင်း ကြွယ် ပါးချိုင့်လေးတွေ ခွက်ဝင်သွားသည်အထိ ပြုံးမိသလို လက်ဖွဲ့ဗူးလေးကို ဖောက်ကြည့်ရန်ပြင်လိုက်၏။ ဖဲကြိုးစလေးတွေ ဖြည်ရန်ပြင်ပြီးမှ ကိုကို့ကို သတိရသွားကာ ကြွယ့်လက်တွေရပ်တန့်သွား၏။ ဟုတ်သားပဲ.... ကိုကိုနဲ့အတူ နှစ်ယောက်ဖောက်ကြည့်သင့်တာပေါ့။ 

" ကိုကိုရောဟင် မူမူ.....ခြံထဲမှာပဲလား။ "

" ဟုတ်မယ် မမလေး......"

ကြွယ် ရှက်စနိုးလေးပြုံးမိသွားရင်းမှ.....

" ကြွယ် အိပ်နှင့်တော့မယ်နော်....."

ကြွယ်ဟာ မဆွတ်ခင်ထဲက ကိုကို့ဆို ညွှတ်ရုံမက ခြေဖျား ခစားပြီးသားဖြစ်ခဲ့သည်။ ကိုကိုဟာ ကြွယ့်အချစ်ဦးလဲ ဖြစ်သလို အခုတော့ တိတ်တခိုးဘဝကနေ အချစ်ဆုံးဖြစ်ခဲ့ရပြီဖြစ်၏။ ဒီကမ္ဘာပေါ်မှာ ကြွယ့်လောက် ကံကောင်းသော မိန်းကလေး ရှိပါဦးမလား။

သမုဒယ......။

ပါးပြင်ထက်စီးကျနေသည့် မျက်ရည်စတွေကို အသာအယာသုတ်ပေးနေသည့် မောင့်ကိုငေးကြည့်မိ၏။

" မောင် တောင်းပန်ပါတယ် ....မောင် တောင်းပန်ပါတယ် ဒါလင်ရယ်။ မောင့်ကြောင့် ဒါလင် နာကျင်ရပြီ။ "

ရာဇဘွား အရမ်းမူးနေပြီဖြစ်သလို သမုဒယ၏ကိုယ်လေးကို သိုင်းဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေး​နေမိသည်။ မချစ်မနှစ်သက်သော သူနှင့် ပေါင်းသင်းရခြင်း၊ ချစ်မြတ်နိုးသူနှင့်ကွေကွင်းရခြင်း ကြီးစွာသော ဒုက္ခနှစ်မျိုးလုံးကို သူတစ်ပြိုင်ထဲခံစားနေရသည် မဟုတ်လား။ 

" ဘွား.....ဟိတ်ကောင် လာပါကွာ။ မေမေကြီးသိရင် ပြဿနာတက်မယ်နော်။ "

အတူလိုက်လာပေးသည့် မြင့်စိန်က သူ့ကိုဆွဲခေါ်သလို ရာဇဘွား သမုဒယ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်ဆွဲပင့်မော့ကာ....

" မောင် ချစ်တာ ဒါလင့်ကိုဆိုတာ သိတယ်မဟုတ်လား။ လှလွန်းကြွယ်ကို မောင် ရွေးစရာမရှိလို့ လက်ထပ်ရတာပါ ဒါလင်ရယ်....ယုံပါ။ "

သမုဒယ ငိုရှိုက်ရင်းမှ ခေါင်းလေးကိုတဆတ်ဆတ်ညိတ်မိသည်။ ချစ်သူစဖြစ်ထဲက မောင်ဟာ သမုဒယကို ချစ်လွန်းသည်ဆိုပြီး ဒါလင်ဟုသာ ခေါ်တတ်သည်။ယုံပါတယ် မောင်ရယ်.....ယုံပါတယ်။ ထို့အတူသမုဒယ၏နှုတ်ခမ်းလေးနွေးသွားကာ ကားပေါ်တက်သွားသည့် မောင့်ကိုကြည့်ရင်း နေရာတင်ထိုင်ချကာ ယူကြုံးမရ ငိုကြွေးမိ၏။ 

ရာဇဘွား ကားပေါ်လိုက်လာရင်းမှ ကားထိုင်ခုံကို ဒေါသတကြီး သုံးလေးချက်ဆင့်ထိုးပစ်၏။ ဘာကြောင့် သူက စွန့်လွှတ်ရမည်လဲ။ 

" သမုဒယဟာ မင်းကို ပိုအမြင့်ရောက်အောင် ပံ့ပိုးပေးနိုင်မယ့် မိန်းကလေး မဟုတ်ဘူး ရာဇဘွား။ အကယ်၍ မင်းဟာ ရိပ်မြုံရဲ့သခင် ၊ မြို့အုပ်မင်းဖြစ်ချင်သေးတယ်ဆိုရင် ငါရွေးချယ်ထားတဲ့မိန်းကလေးကိုပဲ လက်ထပ်ဖို့ပြင်ပါ။ "

တစ်ချက်လွှတ် အမိန့်ချလာသည့် မေမေကြီး၏စကားသံကို ပြန်ကြားယောင်မိသလို အံကိုတင်းခနဲ ကြိတ်မိ၏။ လှလွန်းကြွယ်.... မေမေကြီးနဲ့ အဖေကြီးရွေးချယ်ပေးသော သူ့အတွက်သင့်လျော်သော အိမ်ထောင်ဖက်။ 

အခုချိန်လောက်ဆိုရင် စံအိမ်ကနေစောင့်နေလောက်ရောပေါ့။

@@@@@@@@@@@

ကြွယ် အရက်မူးလာသည့် ကိုကို့ကိုယ်ကြီးကို တွဲကာ အိပ်ယာထက် အသာချပေးလိုက်သလို မျက်ဝန်းတွေမှိတ်ထားသည့် ကိုကို့မျက်နှာကို ခပ်ပြုံးပြုံးငေးကြည့်၏။ ခြေအိတ်ကို အသာချွတ်ပေးတော့ မျက်ဝန်းတွေမှေးမှိတ်ထားရာကနေ ကြွယ့်ကိုအသာလှမ်းကြည့်၏။

" ကိုကို သံပုရာရည်လေး သောက်မလားဟင်။ "

" No... No.....No မသောက်ဘူး။ "

ကိုကိုဟာ မြန်မာစကားကို ပြောသည့်အခါတိုင်း ဘိုလိုညှပ်ညှပ်ပြောတတ်သလို ပညာတတ်၊သူဌေးသားပီပီ ဗြိတိသျှတွေနှင့် စကားပြောရာတွင်လဲ အင်္ဂလိပ်စကားကို ကျင်လည်စွာပြောနိုင်သည့်လူပင်။

" ကြွယ် ဘာလုပ်ပေးရဦးမလဲဟင်။ "

ကြွယ့်စကားမှာ ရယ်စရာဘာမှမပါပေမယ့်လဲ ကိုကိုဟာ တဟွန်းဟွန်းဖြင့်ရယ်မောလာသည်။ ကြွယ်ဟာ ကိုကို့ကို သိပ်ချစ်သူမို့ ကိုကို့အပြုံး၊ကကိုကို့ရယ်မောမှုတွေကို မြတ်နိုးနှစ်ခြိုက်သူဖြစ်လင့်ကစား ဒီလိုရယ်သံမျိုးတော့ တစ်ခါမှမကြားဖူးသလို ရင်ထဲစိုးရိမ်စိတ်ကလေးပင်ဝင်ကာ ကြက်သီးထမိ၏။ ကျေနပ်ခြင်းလား......နာကျင်ခြင်းလား ၊ လှောင်ပြောင်ခြင်းလား အမျိုးအမည်မသိသော ရယ်သံကြောင့် ကြွယ့်လက်မှ ကြက်သီးမွှေးလေးတွေပင် ထောင်ထလာ၏။

" လာခဲ့....."

ကိုကို့ဆီမှ ခေါ်သံကြောင့် ကြွယ် အနားရောက်သွားတော့ ကြွယ့်လက်ကိုဆောင့်ဆွဲ၍ အိပ်ယာလေးထက်ဆွဲလှဲကာ အပေါ်မှအုပ်မိုးလာ၏။ 

" ဟို.....ကိုကို့...."

ရာဇဘွား နှုတ်ခမ်းကိုမဲ့ချမိသလို ပြုံးလိုက်ရင်းမှ ကြွယ့်နဖူးပေါ်မှ ဆံနွယ်စလေးတွေကို လက်ညိုးလေးဖြင့် အသာဖယ်ရှားပေးလာရင်း.....

" မင်းက ငါ့ထက်အတော်ငယ်တာပဲ ....."

ကြွယ် မရဲတရဲလေး ကိုကို့ကို ငေးကြည့်မိ၏။

" လှလဲလှတယ်.....ငယ်ဂုဏ်လေးလဲရှိပါတယ်......ငါ့အကြိုက်ကို လိုက်နိုင်ပါ့မလား။ "

ကြွယ် မျက်ဝန်းတွေ မှိတ်ချမိသလို စိတ်ကိုလျှော့ထားလိုက်သည်။ ဟွန့်ခနဲရယ်သံကြားလိုက်ရသလို ပြင်းပြသော ဆန္ဒရမ္မက်တွေနှင့် ပွတ်သပ်နမ်းရှိုက်မှုတွေအား လက်ခံရရှိလာသည်။ အထိအတွေ့....... ဆက်ဆံမှုတွေက ညင်သာမှုမရှိသလို ကိုကို့နှုတ်ဖျားကနေ ချစ်စနိုးခေါ်သံလေးထွက်လာ၏။

" ချစ်တယ် ဒါလင်ရယ် " တဲ့။

----------------

မနက်စာစားပွဲက သေချာပြင်ဆင်ထားသဖြင့် ကြွယ် ငေးခနဲကြည့်မိသလို ကိုကို့ဘေးမှခုံတွင် ဝင်ထိုင်လိုက်၏။ မေမေကြီးက ကြွယ့်ကိုကြည့်ရင်း.....

" ကြည့်ပါဦး ဖေကြီးရယ်......လိုက်ဖက်လိုက်တဲ့ဇနီးမောင်နှံ။ "

ကြွယ် ပြုံးမိသလို ရာဇဘွားက ခပ်တည်တည်ပင် ပေါင်မုန့်ကိုလှမ်းယူတာမို့ ကြွယ်ယိုဗူးလေးယူပြီး ပေါင်မုန့်ကိူသုတ်ပေးလိုက်၏။

" ရပြီ ကိုကို......"

" အမလေး!.....အလိုက်သိလိုက်တာ။ သားကလဲ ကိုယ်ချစ်လို့ယူထားတဲ့မိန်းမအပေါ် ကြင်နာရမယ်နော်။ "

" ချစ်လို့.....အဟွင်း! "

မေမေကြီး၏ မျက်နှာသာမက ဖေကြီး၏ မျက်နှာပါ ပျက်သွားသလို ကြွယ်ကတော့ နားမလည်တာမို့ ကိုကို့မျက်နှာကို ငေးငေးလေးသာ ကြည့်မိ၏။ 

ထူးဆန်းလိုက်တာ.....အချစ်မခံရသည့် ခံစားချက်မျိုးကြီးကို ကြွယ် ဘာလို့ခံစားနေရပါလိမ့်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 2

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..