ကြောင်နက်ရှင် ခင်ခင် (ဒုတိယမျိုးဆက်) - အပိုင်း (၅)
lotaya.mpt.com.mm
|
2023-06-23

အပိုင်း (၅)

"ချိတ်ဆက်မှုစတင်တော့"

ဟုမ်းက ထိုင်ခုံကြီးတွင်ထိုင်လိုက်သည်။ စမ်းသပ်ခန်းကြီးထဲတွင် ထိုကဲ့သို့ထိုင်ခုံကြီးနောက်တစ်လုံးကိုချထားသည်။ သိပ္ပံပညာရှင်များက အလုပ်ရှုပ်နေကြသည်။ သိပ္ပံပညာရှင်တစ်ယောက်က ခြောက်လက်မလောက်ရှည်သည့် အပ်ကြီးတစ်ခုကိုတပ်ထားသည့် ကြိုးတစ်ချောင်းနှင့် ဟုမ်း၏နောက်စေ့သို့ထိုးထည့်လိုက်သလို တစ်ဖက်ခုံတွင် ပိလုံကိုတင်ထားပြီး ထိုအတိုင်းထိုးထည့်လိုက်သည်။

ဖန်သားပြင်တွင် စာလုံးများပေါ်ပေါက်လာသည်။ လင်းက ကွန်ပြူတာခလုပ်များကို တဂျောက်ဂျောက်နှိပ်နေလိုက်သည်။

"ချိတ်ဆက်မှုအောင်မြင်သည်၊ မျိုးရိုးဗီဇပုံဖော်မှု စတင်နေပါပြီ"

ကွန်ပြူတာကြီးမှအသံထွက်လာသည်။ သိပ္ပံပညာရှင်တစ်ယောက်က လင်းအနားသို့တိုးကပ်လိုက်သည်။

"အချိန်ဘယ်လောက်ကြာမယ်ထင်သလဲ"

လင်းက တစ်ချက်တွက်ချက်လိုက်ပြီး

"ဒီအတိုင်းဆိုရင် အချိန်လေးနာရီလောက်ကြာလိမ့်မယ်၊ သူတို့မျိုးရိုးဗီဇထဲမှာ သိုဝှက်ထားတဲ့ ဝှက်ကိန်းတွေကိုအရင်ဖော်ထုတ်ရလိမ့်မယ်၊ မျိုးဆက်ခုန်ကျော်ထားတော့ ပုံမှန်ထက်လုပ်ရတာမလွယ်တာ အမှန်ပဲ"

"ကောင်းပြီလေ၊ ငါတို့စောင့်ရတာပေါ့"

(ထ)

သစ်တောကြီးအတွင်း သစ်ပင်ကြီးများမှာ မြင်းမိုရ်မောင်အေး၏ လျှပ်စစ်စွမ်းအင်လုံးများနှင့်ထိတွေ့သဖြင့် တဝုန်းဝုန်းနှင့်ပေါက်ကွဲနေသည်။ သေးငယ်သည့်သစ်ပင်များမှာတော့ အပိုင်းပိုင်းပြတ်ထွက်သွားသည်။ ခင်ခင်က သစ်ပင်တစ်ပင်မှ တစ်ပင်သို့ခုန်ကူးလျှက် မောင်အေးကိုဆော့ကစားနေသည်။

"လုပ်စမ်းပါရှင်၊ ရှင့်လက်နက်နဲ့ကျွန်မကိုထိအောင်ပစ်လို့ရမယ်လို့ထင်လို့လား"

ခင်ခင်တက်နေသည့် သစ်ကိုင်းကိုမောင်အေးက ပစ်ခတ်လိုက်သည်။ ခင်ခင်လည်းအနောက်ကျွမ်းထိုးလိုက်ပြီး အခြားသစ်ပင်တစ်ပင်ဆီသို့ခုန်ကူးလိုက်သည်။

"တောအုပ်ထဲရောက်လာကတည်းက ရှင့်ရဲ့အမှားပဲ၊ တောအုပ်က ကျွန်မတို့အတွက်တော့အိမ်၊ ရှင့်အတွက်တော့ သချိုင်းမြေပဲ"

"ဟား၊ ဟား လေမကျယ်စမ်းပါနဲ့ကွာ၊ ဒီနေ့တော့ မင်းကိုရော မင်းတို့တစ်မျိုးလုံးကိုပါ သတ်ပစ်မယ်ကွ"

မြင်းမိုရ်မောင်အေးက သူ့နောက်ကျောမှ သံကြိုးကြီးနှစ်ကြိုးကိုထုတ်လိုက်သည်။ ထို့နောက် ထိုသံကြိုးကြီးများဖြင့် ခင်ခင်အားလွှဲရိုက်သည်။ သံကြိုးကြိးများမှာလျှပ်စစ်ဓါတ်များဖြာထွက်နေသည်။ ခင်ခင်က အသည်းအသန်ရှောင်ရှားနေရသည်။

"လုပ်စမ်းပါ၊ မင်းဘယ်လောက်ရှောင်နိုင်မလဲဆိုတာကြည့်ရမယ်၊ မင်းမှာ အာကာသဓါးမရှိတော့ဘူးမဟုတ်လား၊ မင်းဘယ်လိုမှငါ့ကိုပြန်တိုက်ခိုက်လို့မရပါဘူးကွာ"

မောင်အေးပြောတာမှန်သည်။ ခင်ခင်က လုံးဝပြန်တိုက်ခိုက်၍မရနိုင်ပေ။ ထို့ကြောင့်မောင်အေးတိုက်ချက်များကိုရှောင်တိမ်းရင်း တဖြည်းဖြည်းဆုတ်ခွာလာခဲ့သည်။ မောင်အေးကလည်း သူ့ကိုမျက်ခြေပြတ်မခံဘဲ အနောက်မှတောက်လျှောက်လိုက်လာသည်။ နောက်ဆုံးတော့ တောအုပ်အတွင်းအနည်းငယ်ပြန့်ပြူးသည့် မြေပြင်တစ်ခုသို့ရောက်လာခဲ့သည်။ ထိုနေရာပတ်လည်တွင် သစ်ပင်များသိပ်မရှိဘဲ မြေပြန့်နှင့်သစ်ရွက်ခြောက်များသာဖုံးလွှမ်းနေသည်။ ခင်ခင်ကထိုနေရာရောက်တော့ ထွက်မပြေးတော့ဘဲ ကြောင်နက်ကလေးအဖြစ်ပြောင်းလဲလိုက်သည်။

"ဘယ်လိုလဲ မင်းပြေးရတာမောနေပြီလားကွ"

မောင်အေးက သံကြိုးနှင့်ခင်ခင်အားတစ်ချက်ဆွဲရိုက်လိုက်သည်။ ခင်ခင်က ခုန်ရှောင်လိုက်သော်လည်း ရှောင်တိမ်းရ ပြေးလွှားရများနေသဖြင့် အလွန်ပင်ပန်းနေသည်ဖြစ်ရာ မောင်အေး၏ သံကြိုးရိုက်ချက်နှင့်ထိသွားလေသည်။

"ဝုန်း"

လျှပ်စစ်ဓါတ်များကြောင့် ခင်ခင်လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ကျသွားသည်။ ခင်ခင်က ကြောင်နက်ကလေးအဖြစ်သာရှိသေးသည်။

"ဟား၊ ဟား ဘယ်လိုတုန်းကြောင်နက်ရှင်ကြီးရဲ့ မင်းရှောင်ပါအုံးကွာ"

ခင်ခင်က မြေပြင်မှပြန်ထလိုက်သော်လည်း ထမရပေ။ သူ့အနောက်ဘက်ခြေထောက်တွေက လျှပ်စစ်ဓါတ်စီးဝင်မှုကြောင့် အကြောတွေကပ်ပြီး တုန်ယင်နေသည်။ ခင်ခင်အလွန်တုန်လှုပ်နေသည်။

"ရှင်က ငကြောက်ကြီးပါလား၊ ရှင်သတ္တိရှိရင် အဲဒီဝတ်စုံကိုချွတ်လိုက်၊ ကျွန်မနဲ့ရှင်နဲ့ မျှမျှတတယှဉ်ပြိုင်ကြမယ်"

"ဟား၊ ဟား၊ ဟား"

မြင်းမိုရ်မောင်အေးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"မင်းမှာလည်းအားသာချက်ရှိသလို၊ ငါ့မှာလည်းအားသာချက်ရှိတာပဲမဟုတ်လား၊ ဒီဝတ်စုံက ငါ့အားသာချက်ပဲလေကွာ ငါကရူးနေလို့ ဝတ်စုံကိုချွတ်ရမှာလားကွ"

ခင်ခင်က ရှိသမျှအားနှင့် ကုန်းထနေသည်။ သို့သော်လဲကျနေရာမှ ပြန်ပြီးမထနိုင်တော့ပေ။

"ကဲ မင်းကိုနှုတ်ဆက်လိုက်ပါတယ်ကြောင်ကလေးရေ"

မြင်းမိုရ်မောင်အေးက သူ့ညာဘက်လက်တွင် ကြီးမားသည့် စွမ်းအင်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ စွမ်းအင်လုံးဖြူဖြူကြီးမှာ အရောင်များတောက်ပနေပြီး တဖြည်းဖြည်းကြီးထွားလာသည်။

"ဟား၊ ဟား ငါ့ရဲ့နောက်ဆုံးပေါ် မိုးကြိုးလက်သီးနဲ့ မင်းကိုနှုတ်ဆက်လိုက်ပါတယ်ကွာ"

မြင်းမိုရ်မောင်အေးက မိုးပေါ်သို့ခုန်တက်လိုက်ပြီး ခင်ခင်ဆီခုန်ဝင်လိုက်သည်။ ထိုလက်သီးကြီးနှင့် ခင်ခင်ကို အားကုန်ထိုးစိုက်ချလိုက်တော့သည်။

"ဝုန်း"

ပြင်းထန်သည့်ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး သစ်ရွက်ခြောက်များအကုန်မီးစွဲလောင်သွားသည်။ လျှက်တစ်ပြက်ထွက်လာသည့် အလင်းရောင်ကြီးကြောင့် တောအုပ်ကြီးတစ်ခုလုံးလင်းထိန်သွားရသည်။ မီးခိုးလုံးများအကြားတွင် မြင်းမိုရ်မောင်အေးက မြေပြင်ကိုလက်သီးနှင့်ထိုးရင်း ကျေနပ်စွာပြုံးနေလေသည်။

"ကြောင်နက်ရှင်ခင်ခင်ရေ၊ နောက်ဆုံးတော့ မင်းငါ့ရဲ့ မိုးကြိုးလက်သီးစာမိပြီး အရိုးတစ်ခြား၊ အသားတစ်ခြားဖြစ်သွားရပြီပေါ့ကွာ"

မြင်းမိုရ်မောင်အေးက ကြောင်နက်ရှင်ကိုအောင်နိုင်လိုက်သူမို့ ကျေကျေနပ်နပ်ကြီးရယ်မောနေလေသည်။ သို့သော် ခဏကြာသည့်အခါ သူ့အရှေ့မှ လက်ခုပ်တီးသံကိုကြားလိုက်ရသည်။ မြင်းမိုရ်မောင်အေးကြည့်လိုက်ရာ ခင်ခင်ဖြစ်နေသည်။ ခင်ခင်က လူအသွင်ဖြင့် သစ်ပင်တစ်ပင်ပေါ်တွင်တက်နေကာ ခြေထောက်ကိုတွဲလောင်းချပြီး အေးအေးလူလူထိုင်နေလေသည်။

"ဟင်၊ မင်း၊ မင်းဘာမှမဖြစ်ဘူးလား"

"ရှင့်လက်သီးက အားတော့ပြင်းပါတယ်၊ ဒါပေမယ့် နှေးတယ်ရှင့်"

မြင်းမိုရ်မောင်အေး ဒေါသထွက်သွားပြီး မြေကြီးထဲစိုက်ဝင်နေသည့် သူ့လက်သီးကိုပြန်နှုတ်ယူသည်။ သို့သော်နှုတ်မရဘဲဖြစ်နေသည်။

"ဘာ၊ ဘာဖြစ်တာလည်း"

"ဟား၊ ဟား၊ ဟား၊ ကျွန်မပြောသားပဲ ဒီတောအုပ်က ရှင့်အတွက်သချိုင်းပါဆိုနေမှ၊ ရှင့်ပတ်လည်ကိုကြည့်လိုက်စမ်း"

မြင်းမိုရ်မောင်အေးက သူ့ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ မြေသားများက ပျော့စိစိနှင့်ဖြစ်နေပြီး သူ့ခြေထောက်များ၊ လက်များကလည်း မြေသားအတွင်းနစ်မြုပ်နေလေသည်။ မြင်းမိုရ်မောင်အေးက အားသုံးပြီး ခြေထောက်များ လက်များကိုရုန်းကန်ကြည့်သော်လည်း ရုန်းထွက်မရသည့်အပြင် တစ်ဖြည်းဖြည်းနစ်ဝင်လာလေသည်။

"မင်း၊ ဒါ၊ ဒါဘာကြီးလဲ"

"အဲဒါ သေမင်းမြေလို့ခေါ်တယ်၊ ရွံ့နွံ့မြေကြီးပေါ့ရှင်၊ အဲဒီအထဲကိုကျသွားတာနဲ့ ပြန်ထွက်ဖို့ဆိုတော်တော်ကိုမလွယ်တာ"

"မဖြစ်နိုင်ဘူး၊ ငါ့ဝတ်စုံက အားကြီးတာပဲ၊ ငါရအောင်ရုန်းမယ်"

မြင်းမိုရ်မောင်အေးရုန်းလေလေ၊ ပိုပိုနစ်လာလေလေဖြစ်နေသည်။ နွံများက သူ့ဒူးခေါင်းများကိုပါ နစ်မြုပ်သွားသည်။ ထိုင်လျက်သားကြီးဖြစ်နေသည်မို့ လည်ပင်းနှင့် ခေါင်းပိုင်းအနည်းငယ်သာ နွံအတွင်းပေါ်နေတော့သည်။

"နွံဆိုတာ ရုန်းထွက်လေ၊ ပိုနစ်လေပဲရှင့်၊ ဒါနဲ့ရှင့်ရဲ့ဝတ်စုံက အသက်ရှူစက်တွေဘာတွေ တပ်ထားမှာပေါ့နော်"

မြင်းမိုရ်မောင်အေးဇောချွေးတွေပြန်လာသည်။ သူ့ဝတ်စုံက အလုံးစုံလုံခြုံသော်လည်း အသက်ရှုသည့်စက်များမပါဘဲ ပြင်ပလေကိုသာ ရှူရှိုက်ရခြင်းဖြစ်သည်။ ဒီအတိုင်းဆိုလျှင် သူနွံများအတွင်း နစ်ဝင်သွားပြီးတော့ အသက်ရှူပိတ်ကာ သေဆုံးသွားရတော့မည်ဖြစ်သည်။

"ကယ်ပါ၊ ငါ့ကိုကယ်ပါကွာ၊ ငါမင်းခိုင်းတာမှန်သမျှလုပ်ပေးပါ့မယ်"

ခင်ခင်က ခြေထောက်ကိုလွှဲပြီးတော့ပင် ထိုင်နေလျှက်

"ကျွန်မကို နတ်ဆရာကြီးကတစ်ခါပြောဖူးတယ်၊ အမာကိုအပျော့ကနိုင်တယ်၊ အပျော့ကိုအမာက နိုင်တယ်တဲ့၊ အခုရှင့်ဝတ်စုံကြီးက ဘယ်လောက်မာမာနွံအိုင်နဲ့ကျတော့ ရှုံးရတာပဲပေါ့"

မြင်းမိုရ်မောင်အေးမှာ ခေါင်းကလေးသာပေါ်နေတော့သည်။

"လုပ်ပါကွာ၊ ငါ့ကိုကယ်စမ်းပါ၊ ငါ၊ ငါတောင်းပန်ပါတယ်ကွာ"

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ရှင်ငြိမ်ငြိမ်လေးနေလိုက်၊ ရှင်နဲ့ဟုမ်းနဲ့ပေါင်းပြီး ဘာတွေလုပ်နေကြသလဲဆိုတာ ကျွန်မကိုပြောပြစမ်း"

"ဟုမ်းက ခြောက်ရက်နဲ့လူဖြစ်မယ့်စီမံကိန်းကို ပြန်စချင်နေတယ်၊ ခက်တာက သူ့အဖေမိုးသီးနဲ့ သူနဲ့ပေါင်းမှ အဲဒီစီမံကိန်းရဲ့ ဝှက်စာတွေကိုဖြေနိုင်မှာ၊ အခုမိုးသီးမရှိတော့ သူတို့နဲ့မျိုးဗီဇချင်းတူတဲ့လူတစ်ယောက်လိုအပ်နေတယ်၊ အဲဒါကြောင့် သူက ပိလုံကိုလာဖမ်းတာပဲ"

မြင်းမိုရ်မောင်အေးက သူသိထားသည်များကို ခင်ခင်အားအကုန်ပြောပြလိုက်သည်။

"ရှင့်လူက တော်တော်အကြံကြီးတာပဲနော်၊ ကဲပါလေ ရှင့်ရဲ့သတင်းအချက်အလက်တွေအတွက် ကျွန်မကျေးဇူးတင်ပါတယ်"

ခင်ခင်က သစ်ပင်တစ်ပင်မှ တစ်ပင်သို့လှမ်းခုန်ကူးလိုက်သည်။

"ဟေ့၊ နေအုံးလေ၊ မင်းပဲငါ့ကိုကယ်မယ်ဆို"

ခင်ခင်က မောင်အေးကိုပြုံးရင်းကြည့်လိုက်သည်။

"ရှင့်ကိုတော့ကယ်ချင်ပါတယ်၊ ဒါပေမယ့် အခုရှင့်အခြေအနေက ကျွန်မမပြောနဲ့၊ ကျွန်မတို့တစ်ရွာလုံးထွက်ကယ်တောင်မှ ကယ်လို့မရတော့ဘူးလေ၊ သြော်၊ မေ့လို့ ကျွန်မတို့ရွာကလေးလဲ ရှိမှမရှိတော့တာ"

ခင်ခင်က သစ်ပင်များပေါ်တွင်ခုန်ကူးပြီးထွက်သွားလေသည်။

"ကြောင်နက်ရှင် ပြန်လာခဲ့၊ ငါ့ကိုလာကယ်စမ်းပါ၊ ငါဒီလိုမသေချင်ဘူး၊ ငါ့စည်းစိမ်တွေရှိသေးတယ်၊ ငါ့လူတွေရှိသေးတယ်၊ နောက်ပြီးတော့ ငါဟာစူပါလူသားတစ်ယောက်ဖြစ်ဖို့ရှိသေးတယ်ကွ"

မြင်းမိုရ်မောင်အေးက ထိုသို့ပြောဆိုနေစဉ်မှာပင် သူ့တစ်ကိုယ်လုံး ရွှံ့နွံအိုင်ကြီးအောက်သို့ နစ်မြုပ်သွားလေတော့သည်။

ခင်ခင်က ရွာကလေးဆီသို့အပြေးပြန်လာခဲ့သည်။ ရွာကလေးက မီးဟုန်းဟုန်းတောက်နေပြီး သေနတ်သမားများနှင့်ရွာသားများမှာ တိုက်ခိုက်နေကြဆဲဖြစ်သည်။ ခင်ခင်က ကျန်နေသည့်သေနတ်သမားများအား လိုက်လံတိုက်ခိုက်သည်။ ထိုအချိန်သစ်ပင်တစ်ပင်၏ ခြေရင်းတွင်လူတစ်ယောက်လဲကျနေသည်။

"သမီး၊ ခင်ခင်"

ထိုလူက ခေါ်လိုက်သဖြင့် ခင်ခင်လည်း ပြေးသွားလိုက်ရာ သူ့အဖေပိနန်ဖြစ်နေသည်။

"အဖေ၊ အဖေမသေရဘူး"

ခင်ခင်ကအော်လျက်မျက်ရည်များကျဆင်းလာသည်။ ပိနန်မှာ ခါးအောက်ပိုင်းမရှိတော့ဘဲ ကလီစာများက မြေပေါ်တွင်ပြန့်ကျဲနေသည်။ လောင်ချာကျည်ထိမှန်ပေါက်ကွဲရာမှ ထိုသို့ဖြစ်သွားခြင်းဖြစ်မည်။

"သမီးဆေးရွက်တွေသွားခူးလိုက်အုံးမယ်၊ သမီးအဖေ့ကိုကယ်မယ်အဖေ"

ပိနန်က ခေါင်းခါလိုက်ပြီး ခင်ခင်၏လက်ကိုဖမ်းဆွဲလိုက်သည်။

"အဖေမရတော့ဘူးသမီး၊ သမီးအပင်ပန်းမခံပါနဲ့"

ခင်ခင်မျက်ရည်တွေမိုးရွာသလိုတပေါက်ပေါက်နှင့် စီးကျလာသည်။ ပိနန်က သူ့လက်တစ်ဖက်ဖြင့် ခင်ခင်၏ပါးကိုပွတ်လိုက်သည်။

"သမီးရေ၊ မငိုပါနဲ့၊ အဖေတို့က တစ်နေ့တော့ခွဲခွာကြရမှာမဟုတ်လား"

ပိနန်က သူ့နောက်လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားသည့် ဓါးမြှောင်ကလေးတစ်လက်ကို ခင်ခင့်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ထိုဓါးမြှောင်ကလေးမှာ ကျောက်ဖြင့်ပြုလုပ်ထားသည့် ကျောက်ဓါးမြှောင်အချွန်ကလေးဖြစ်သည်။

"သမီး၊ သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူးသမီး၊ ဒါပေမယ့် သမီးအသက်ဆက်ရှင်နေရမယ်နော်"

ခင်ခင်က ခေါင်းခါနေသော်လည်း ပိနန်က ဓါးကလေးကိုခင်ခင်၏လက်ထဲသို့အတင်းထိုးထည့်ပေးနေသည်။

"လုပ်ပါသမီးရယ်၊ အဖေ့ကိုအဆုံးသတ်ပေးပါတော့သမီး၊ ငါ့သမီးလက်ထဲမှာ အဖေအဆုံးသတ်သွားရတာကိုက အဖေသေပျော်ပါပြီကွယ်"

ခင်ခင်က ငိုရင်း ဓါးကိုလက်နှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်သည်။ ထို့နောက်ပိနန်၏ ရင်ဝကို ချိန်ရွယ်လိုက်သည်။ သို့သော် သူ့လက်တွေအားမရှိပေ၊ သူ့အဖေမျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။ ပိနန်က ပြုံးလျှက်သူ့ကိုကြည့်နေသည်။

"လုပ်လိုက်ပါသမီး၊ အဖေထပ်ပြီး မခံစားချင်တော့ဘူးသမီး"

ခင်ခင်က လက်အစုံကိုခေါင်းပေါ်အထိမြှောက်တင်လိုက်သည်။

"ယား"

အော်သံကြီးတစ်ခုအော်လိုက်ပြီးသည့်နောက် လက်ထဲမှဓါးကို ပိနန်၏ နှလုံးသားနေရာတည့်တည့်သို့ထိုးစိုက်ချလိုက်သည်။ ဓါးမြှောင်ကလေးမှာ ပိနန်ရင်ဘတ်အတွင်းသို့ တစ်ဆုံးနစ်ဝင်သွားသည်။ ပိနန်မှာတစ်ကိုယ်လုံးတုန်ယင်သွားပြီး တစ်ချက်တစ်ချက် တုန်ခါနေသေးသည်။

"အဖေ၊ အဖေ"

ခင်ခင်ကငိုနေမိသည်။ ပိနန်က ခင်ခင်၏ဓါးကိုင်ထားသည့်လက်ကို သူ့လက်ကြမ်းကြမ်းကြီးနှင့် အုပ်ကိုင်လိုက်သည်။

"သမီးလက်ကလေးက နွေးလိုက်တာသမီးရယ်"

ပိနန်မျက်လုံးများမှိတ်လိုက်ပြီး မကြာခင်မှာပင် ဇက်ကျိုးကျသွားသည်။ ခင်ခင်က အသံနက်ကြီးဖြင့်အော်ဟစ်လိုက်ပြီးနောက် ကျန်ရှိနေသေးသည့် သေနတ်သမားများကို မုန်းတီးစွာဖြင့်ကြည့်ုလိုက်မိသည်။ ထို့နောက် လက်ထဲမှ ကျောက်ဓါးကလေးကို ဆုပ်ကိုင်ရင်း ထိုသေနတ်သမားများထံသို့ အပြေးခုန်ဝင်သွားသည်။ သေနတ်သမားက သူ့အားသေနတ်ဖြင့်အတွဲလိုက်ပစ်ခတ်သော်လည်း ခင်ခင်က ပေါ့ပါးစွာရှောင်ရှားလိုက်သည်။ သေနတ်သမားကျည်ဆန်ကုန်သွားခဲ့ပြီ၊ ထိုအချိန်တွင် ခင်ခင်က သေနတ်သမား၏ ရင်ဘတ်ကိုကျောက်ဓါးဖြင့် အချက်ပေါင်းမရေမတွက်နိုင်အောင် ထိုးနှက်ပစ်လိုက်သည်။

"ဟေ့ကောင်တွေ၊ ဟိုဖက်မှာဟေ့"

သေနတ်သမားလေးယောက်ခန့်က စုဝေးနေပြီး သူ့ထံသို့ ဝိုင်းပစ်ခတ်ကြသည်။ သို့သော် ပေါ့ပါးသည့်ခင်ခင်ကိုထိမှန်အောင် မပစ်ခတ်နိုင်ကြပါ။ ခင်ခင်က သေနတ်သမားများထံသို့ အတင်းခုန်ဝင်လိုက်သည်။ သေနတ်သမားများက အဝေးပစ်ရိုင်ဖယ်သေနတ်များကိုင်ဆောင်ထားကြသည်မို့ အနီးကပ်တိုက်ခိုက်သည့်ခင်ခင်နှင့်တွေ့သည့်အခါ အရေးနိမ့်ကုန်ကြသည်။ ခင်ခင်က သေနတ်သမားတစ်ယောက်ကို ခြေထောက်နှင့်ကန်ကျောက်လိုက်ပြီး သေနတ်သမား၏ရင်ဘတ်မှ လက်ပစ်ဗုံးကိုစနက်တံဖြုတ်လိုက်ကာ ပစ်ခတ်လိုက်သည်။ သေနတ်သမားလေးယောက်စလုံး လက်ပစ်ဗုံးဒဏ်ကြောင့် သေဆုံးသွားကြသည်။

"ရွှီး"

အသံကြီးတစ်ခုကိုကြားလိုက်သဖြင့် ခင်ခင်က နောက်ကျွမ်းကိုလေးငါးချက်ဆင့်ပြီး ထိုးလိုက်သည်။ ခင်ခင်မြန်သဖြင့်သာတော်သေးသည်။ ခုနက သူရပ်နေသည့်နေရာကို လောင်ချာဒုံးကျည်တစ်ခုက ဖြတ်သန်းသွားပြီး အနောက်မှသစ်ပင်များကိုထိမှန်ကာ ပေါက်ကွဲသွားသည်။

"သြော်၊ ရှင်ကိုး၊ ကျွန်မအဖေကိုပစ်တာ ရှင်ကိုး"

လောင်ချာပစ်သမားက နောက်ထပ်လောင်ချာဒုံးကျည်တစ်ခုကို ထပ်မံဖြည့်သွင်းလိုက်သည်။ ခင်ခင်က သူ့ထံသို့ပြေးလာသဖြင့် လောင်ချာကိုချလိုက်ကာ ခါးတွင်ချိတ်ထားသည့် သေနတ်ကိုဖြုတ်လိုက်ပြီး ခင်ခင်အားပစ်ခတ်လိုက်သည်။ ခင်ခင်မှာ ချုံပုတ်များအတွင်းပြေးဝင်လျှက် ပျောက်ကွယ်သွားသည်။ ထိုလူက သေနတ်ကျည်ကတ်လဲလိုက်ပြီး ခင်ခင်ကိုရှာဖွေနေသည်။ ခင်ခင်ဝင်သွားသည့် ချုံအနားသို့တိုးကပ်လာသည်။

"မင်းဘယ်မှာလဲ၊ သတ္တိရှိရင် ထွက်လာခဲ့စမ်း"

"ကျွန်မက ရှင့်အနောက်မှာ"

ထိုလူက လှည့်ကြည့်လိုက်သည့်အခါ သူနှင့်ခပ်လှမ်းလှမ်းအနောက်တွင် လောင်ချာကိုင်ပြီးရပ်နေသည့် ခင်ခင်အားတွေ့လိုက်ရသည်။ ခင်ခင်က လောင်ချာကိုပစ်ခတ်လိုက်သဖြင့် လောင်ချာဒုံးကျည်က ပျံထွက်လာကာ သူ့ဗိုက်ကိုတိုးဝင်ဖောက်ထွက်သွားသည်။ ထိုလူက ငုံကြည့်လိုက်ရာ ခြောက်လက်မခန့်ကျယ်သည့် အပေါက်ကြီးတစ်ခု ဗိုက်တွင်ဖြစ်ပေါ်သွားသည်။

"ဝုန်း"

ပေါက်ကွဲသံကြီးနှင့်အတူ မီးလုံးကြီးတစ်လုံးက ထွက်ပေါ်လာသည်။ ကျန်နေသည့်သေနတ်သမားများမှာလည်း အခြေအနေမကောင်းမှန်းသိလိုက်သဖြင့် ထွက်ပြေးသွားကြလေသည်။ ခင်ခင်လည်းရွာထဲသို့ပြန်လာခဲ့သည်။ ရွာသားများသေဆုံးနေကြသည်မှာ မြင်မကောင်းပေ။

"နတ်ဆရာကြီး"

မဏ္ဍပ်အနီးတွင်မှောက်ခုံလဲကျနေသည့် နတ်ဆရာကြီးအနီးသို့ပြေးသွားလိုက်ကာ နတ်ဆရာကြီးကိုဆွဲလှန်လိုက်သည်။ နတ်ဆရာကြီး၏ ရင်ဘတ်တွင် ကျည်ပွင့်ရာများက ဗရပွဖြစ်နေသည်။ ခင်ခင်ကငိုကြွေးလိုက်သည်။ မဏ္ဍပ်အတွင်းသေဆုံးနေကြသည့် ကလေးသူငယ်များ၊ ရွာသူရွာသားများကိုကြည့်ရင်း သူ့မျက်ရည်တွေကျလာပြန်သည်။

"ငါ့ကြောင့်၊ အဲဒါငါ့ကြောင့်၊ ငါ့ကြောင့်အခုလို တစ်ရွာလုံးဒုက္ခရောက်ရတာ"

ခင်ခင်ခေါင်းငိုက်စိုက်ချပြီး ငိုနေမိသည်။

"အခင်၊ အခင်"

ခေါ်သံကြားသဖြင့်လိုက်ရှာလိုက်ရာ တဲအိမ်ကလေးတစ်အိမ်အနီးတွင်လဲကျနေသည့် ပိခေါင်ကိုတွေ့လိုက်ရသည်။ ခင်ခင်လည်းပြေးသွားလိုက်သည်။ ပိခေါင်လည်း ဒဏ်ရာပြင်းထန်စွာရထားပြီး သွေးတွေကအိုင်ထွန်းနေသည်။

"အခင်၊ နင်က ငါတို့လူမျိုးတွေရဲ့ သူရဲကောင်းဆိုတာ အခုတော့ငါလက်ခံလိုက်ပါပြီ အခင်"

ခင်ခင်က ဒဏ်ရာများကို စစ်ဆေးကြည့်နေသည်။ ပိခေါင်၏ ဘယ်ဖက်ကိုယ်လုံးတစ်ခြမ်းက မီးစွဲလောင်ထားပုံရသည်။ ပိခေါင်က ခင်ခင်၏လက်ကိုဖမ်းဆုပ်လိုက်သည်။

"အခင်၊ ငါ့ကိုကတိတစ်ခုပေးပါ"

ခင်ခင်က ခေါင်းညိတ်ပြလိုက်သည်။

"နတ်ဆရာကြီးလည်းသေပြီ၊ ငါတို့လူမျိုးတွေကိုလည်း ဦးဆောင်မည့်သူမရှိတော့ဘူးအခင်၊ ဒီတော့ နင် ငါ့သားကိုတွေ့အောင်ရှာပါ၊ သူက ငါတို့လူမျိုးတွေရဲ့ နတ်ဆရာဖြစ်သွားပြီ၊ သူက ငါတို့လူမျိုးတွေကို ဦးဆောင်ရမှာ"

"နောက်ပြီးတော့ နင်တို့ရဲ့ကလေးလေးက တဲအိမ်ထဲမှာရှိနေတယ်၊ သူ့ကိုငါနာမည်တောင်မပေးရသေးဘူး၊ သူ့နာမည်ကို အခင်လို့ပေးပေးပါဟာ၊ နင့်ကိုအားကျတဲ့အနေနဲ့ရော၊ နောက်ပြီးသူ့ကိုလည်း နင့်လိုသူရဲကောင်းတစ်ယောက်ဖြစ်စေချင်တယ်"

ပိခေါင်က တဟွတ်ဟွတ်နှင့်ချောင်းများဆိုးလာသည်။

"ဦးလေးပိခေါင် ငြိမ်ငြိမ်နေပါ၊ ကျွန်မဆေးရွက်တွေသွားယူလိုက်မယ်"

ပိခေါင်က ခေါင်းခါပြသည်။

"မလုပ်နဲ့တော့အခင်၊ ဟိုမှာ ငါ့အကိုငါ့ကိုလာခေါ်နေပြီ၊ ငါလိုက်သွားရတော့မယ်"

ပိခေါင်က မျက်လုံးကြီးပြူးကြောင်လျှက် တစ်နေရာကိုလက်ညှိုးထိုးပြသည်။ ထိုနေရာသို့ခင်ခင်ကြည့်လိုက်သည့်အခါ မည်သူမှပင်မတွေ့ရပေ။ ပိခေါင်က သူ့ခါးတွင်ချိတ်ဆွဲထားသည့် ကျောက်ဓါးမြှောင်ကလေးကိုဆွဲဖြုတ်လိုက်ပြီး ခင်ခင်ကိုပေးလိုက်သည်။

"မလုပ်ပါရစေနဲ့ဦးလေးပိခေါင်၊ ကျွန်မထပ်ပြီးမလုပ်ပါရစေနဲ့တော့"

"လုပ်စမ်းပါအခင်၊ ငါနင့်ကိုဗွေမယူပါဘူး၊ လုပ်ပါတော့၊ ဟိုမှာ အကိုပိနန်ငါ့ကိုလက်ယပ်ခေါ်နေပြီ၊ ငါသွားရတော့မယ်"

ခင်ခင်က ပိခေါင်၏ ကျောက်ဓါးမြှောင်ကလေးကိုယူလိုက်ပြီး ပိခေါင်အားထိုးစိုက်ချလိုက်တော့သည်။ ပိခေါင်ကမျက်လုံးကြီးပြူးလျှက်သားနှင့် ငြိမ်သက်သွားတော့လေသည်။ ခင်ခင်ရင်ဘတ်တစ်ခုလုံးနာကျင်နေရသည်။ ရွာသားလေးငါးယောက်က သူ့အနားတွင်လာရပ်လိုက်ကြသည်။ ခင်ခင်လည်း မတ်တပ်ရပ်လိုက်သည်။ သူ့ရင်ထဲတွင် အမုန်းတရားများနှင့်ပြည့်နှက်နေသည်။

ခင်ခင်က ပိခေါင်တို့တဲအိမ်ကလေးထဲသို့ဝင်လိုက်သည်။ တဲအိမ်ထောင့်ကလေးတွင် တပ်ကြပ်မောင်မျိုး၏သမီးကလေးက နားနှစ်ဖက်ကိုလက်နှင့်ပိတ်လျှက် ကုပ်ကုပ်ကလေးထိုင်နေကာ ကြောက်လန့်နေသည်။ ခင်ခင်က ကလေးလေးအရှေ့တွင်ထိုင်ချလိုက်ပြီး ကလေး၏လက်နှစ်ဖက်ကိုဆွဲကိုင်လိုက်သည်။

"ထတော့အခင်၊ မင်းကြောက်လန့်နေလို့မဖြစ်ဘူး၊ မင်းသန်မာရမယ်၊ မင်းရဲရင့်ရမယ်"

ကလေးလေးကိုချီပိုးလျှက် ရွာသားများဆီသို့ထွက်လာခဲ့သည်။ အခင်ကို ရွာသားတစ်ယောက်ဆီသို့ပေးအပ်လိုက်ပြီး

"ရွာသားတွေကို ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးလိုက်ကြပါ၊ နောက်ပြီးရင် ရှင်တို့ကျောက်ဂူကြီးဆီမှာ ပုန်းအောင်းနေလိုက်ကြပါ"

"ဒါဆို မင်းကရောအခင်"

"ကျွန်မရှင်းစရာရှိတာတွေ ရှင်းပြီးရင် ပြန်လာခဲ့မယ်"

ခင်ခင်က ဓါးမြှောင်ကလေးနှစ်ဖက်ကို လက်အတွင်းကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ ဓါးမြှောင်တစ်လက်ကတော့ သူ့အဖေ ပိနန်၏ ဓါးမြှောင်ဖြစ်ပြီး၊ နောက်ထပ်ဓါးမြှောင်တစ်လက်ကတော့ သူ့ဦးလေး ပိခေါင်၏ ဓါးမြှောင်ကလေးဖြစ်သည်။

"နင်တို့တစ်တွေကို ငါကမ္ဘာမကျေဘူးဟေ့"

ထိုသို့အော်ဟစ်ပြီးနောက် တောအုပ်အတွင်းသို့ ပြေးဝင်သွားလေတော့သည်။

(ဒ)

ပတ်ဝန်းကျင်တစ်ခုလုံး ဖွေးဖွေးဆွတ်ဖြူနေသည့် နေရာကြီးသို့ ပိလုံရောက်နေခဲ့သည်။

"ဒါဘယ်နေရာလဲ၊ ငါသေသွားခဲ့တာလား"

"မင်းမသေပါဘူးကွာ"

အသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ သူနှင့်ရွယ်တူခန့်ရှိမည့် ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ခင်ဗျားဘယ်သူလဲ"

"ငါ့နာမည် မင်းသွေးသီဟ၊ ဒါပေမယ့် မင်းငါ့ကို ဟုမ်းလို့ ခေါ်နိုင်တယ်"

"ကောင်းပြီလေ ကျုပ်နာမည်က . . ."

"မင်းနာမည်ပိလုံမဟုတ်လား"

ပိလုံက ထူးဆန်းသွားသည်။

"ခင်ဗျားကျုပ်နာမည်ကိုဘယ်လိုလုပ်ပြီးသိနေတာလဲ"

"ငါက မင်းရဲ့နာမည်ကိုပါမက မင်းရဲ့နောက်ကြောင်းတွေအကုန်လုံးကိုသိနေပြီးသားပဲ"

"ဒါဆိုလည်းပြောစမ်းပါ၊ ကျုပ်တို့ရဲ့ထိမ်းမြားပွဲက ဘာဆက်ဖြစ်သွားသလဲ"

ဟုမ်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

"စိတ်မကောင်းစရာက မင်းတို့ရဲ့ထိမ်းမြားပွဲကို လူတစ်ခုက ဝင်ပြီးတိုက်ခိုက်ခဲ့တယ်၊ မင်းကိုတောင် ငါတို့က အခက်အခဲတွေကြားထဲက မနည်းကယ်တင်လာခဲ့ရတာ"

ပိလုံရင်ထဲစိုးရိမ်ထိတ်လန့်သွားသည်။

"ဒါဆိုအခင်၊ အခင်ရောဘယ်မှာလဲ"

ဟုမ်းက ခေါင်းခါလိုက်သည်။

"သူသေပြီ"

"မဖြစ်နိုင်ဘူး၊ အခင်က ဒီလိုလွယ်လွယ်နဲ့သေမှာမဟုတ်ဘူး"

"မင်းမယုံချင်လဲ မတတ်နိုင်ဘူး၊ ဒါပေမယ့် မင်းတို့တစ်ရွာလုံးရော အခင်ရော အကုန်လုံးသေဆုံးခဲ့တယ်ဆိုတာကတော့ အဖြစ်မှန်ပဲ"

"လျှောက်ပြောနေတာ၊ ခင်ဗျားလျှောက်ပြောနေတာ"

ပိလုံက အော်ဟစ်လိုက်သည့်အခါတွင် ကြီးမားသည့်မြေငလျင်ကြီးတစ်ခုလှုပ်ခတ်သွားသည်။

"သူ့ကိုအရမ်းဖိအားမပေးနဲ့လေသားရဲ့"

"အမေ"

သူတို့အနီးတွင် မေရီက ပေါ်လာလေသည်။

"အခုက သားတစ်ယောက်တည်းမဟုတ်ဘူး၊ သားတို့နှစ်ယောက်စလုံးစိတ်ချင်းဆက်သွယ်ထားတာဆိုတော့ တစ်ယောက်ယောက်ကဖောက်လိုက်ရင် ဒီနေရာကြီးပျက်စီးသွားလိမ့်မယ်သား"

"ကျွန်တော်တို့ဘာဆက်လုပ်ရမလဲအမေ"

"သူ့ရဲ့မျိုးရိုးဗီဇတွေက ရှုပ်ထွေးလွန်းတယ်သား၊ ဒါပေမယ့် သူ့ဗီဇထဲမှာ သားအဖေရဲ့မျိုးရိုးဗီဇအနည်းငယ်ကိုတော့ တွေ့ကောင်းတွေ့နိုင်ပါရဲ့"

"မပူပါနဲ့အမေ၊ ဘလက်ဟိုးစီမံကိန်းရဲ့ စကားဝှက်ကိုဖြေဖို့ သားလူတစ်ယောက်ငှားထားပြီးသားပါ၊ သူက နည်းပညာပိုင်းမှာတော်တော်ကျွမ်းကျင်တယ်၊ အခုလောက်ဆို သူစကားဝှက်ကိုဖြေဖို့ကြိုးစားနေရောပေါ့"

"သားကဘယ်သူ့ကိုငှားထားတာလဲ"

"သူ့နာမည်က လင်းလို့ခေါ်တယ်"

မေရီမျက်လုံးများပြူးထွက်သွားသည်။ ထို့နောက် သူ့လက်ကိုဆန့်တန်းလိုက်ပြီး ပုံရိပ်တစ်ခုကိုဖော်ထုတ်လိုက်သည်။ ထိုပုံမှာလင်း၏ ပုံဖြစ်သည်။

"ဟုတ်တယ်အမေ၊ သူပဲ"

မေရီပိုပြီးထိတ်လန့်သွားသည်။

"သူနဲ့တော့မဖြစ်ဘူးသား၊ သားမြွေပွေးကို ခါးပိုက်ပိုက်မိပြီသားရေ"

"ဘာဖြစ်လို့လဲအမေ"

"ဘာလို့လဲဆိုတော့ အဲဒီလင်းဆိုတဲ့ကောင်မလေးက ဘလက်ဟိုးစီမံကိန်းကို ဖျက်ဆီးခဲ့တဲ့သူတစ်ယောက်ဖြစ်နေခဲ့လို့ပဲသား"

ဟုမ်းက ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်ဘူးအမေ၊ လုံးဝမဖြစ်နိုင်ဘူး၊ သူက ငယ်ငယ်ကလေးရှိသေးတာ"

မေရီက ဟုမ်းကိုသေချာစိုက်ကြည့်လိုက်ပြီး

"သား၊ အမေ့ကိုယုံတယ်မဟုတ်လားသား"

ဟုမ်းက ခေါင်းညိတ်ပြလိုက်သည်။

"သားနားလည်အောင်လို့ ဟိုးအစကနေ ပြန်ပြောရမှာပဲသားရေ"

(ဓ)

တရုတ်အစိုးရ၏ ထိပ်တန်းလှို့ဝှက်အစည်းအဝေး ပြုလုပ်နေချိန်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးတစ်ယောက်က ထိပ်တန်းအရာရှိများကို ရှင်းလင်းတင်ပြနေလေသည်။

"အရာရှိကြီးများခင်ဗျာ၊ အခုကျွန်တော်က ကျွန်တော်တို့ရဲ့နောက်ဆုံးထောက်လှမ်းထားတဲ့ အချက်အလက်တွေကို တင်ပြမှာဖြစ်ပါတယ်"

ဗိုလ်ချုပ်ကြီးက ပရောဂျက်တာကိုဖွင့်လိုက်ပြီးနောက် ဖိုင်တစ်ခုကိုဖွင့်လိုက်သည်။ ထိုအခါ မြူးကြွသည့် တေးသီချင်းသံများထွက်ပေါ်လာကာ မိန်းကလေးတစ်ယောက် ကခုန်နေသည့်ပုံရိပ်များပေါ်ပေါက်လာသည်။ အရာရှိကြီးများက ထိုပုံရိပ်များကိုကြည့်ပြီး ရယ်မောကြလေသည်။ အရာရှိကြီးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး

"ဗိုလ်ချုပ်၊ ဒါအရေးကြီးတဲ့အစည်းအဝေးပွဲနော်၊ နောက်ပြောင်စရာမဟုတ်ဘူး"

ဗိုလ်ချုပ်ကလည်း ပြာပြာသလဲနှင့်

"ထူးဆန်းတယ်၊ ခုနကအထိ ဒီအထဲမှာ အမေရိကန်နဲ့ ပြိုင်ဘက်နိုင်ငံတွေရဲ့ အချက်အလက်တွေထည့်သွင်းထားတဲ့ဖိုင်တွေရှိနေခဲ့တာ"

နည်းပညာရှင်များအခန်းအတွင်းသို့ပြေးဝင်လာကြသည်။ ထို့နောက် ဗိုလ်ချုပ်၏ ကွန်ပြူတာကိုစစ်ဆေးကြည့်သည်။

"မကောင်းတော့ဘူး၊ ကျွန်တော်တို့ရဲ့လှို့ဝှက်ကွန်ရက် အဖောက်ထွင်းခံလိုက်ရတယ်"

အရာရှိကြီးများမျက်လုံးပြူးကုန်သည်။

"ဟေ့၊ ဒီကွန်ရက်က တရုတ်နိုင်ငံမှာအကောင်းဆုံးနဲ့ အလုံခြုံဆုံးကွန်ရက်တစ်ခုမဟုတ်လား"

"ဟုတ်ပါတယ်၊ ဒီကွန်ရက်ကို ကျွန်တော်တို့မပြောနဲ့ နည်းပညာမြင့်မားတဲ့နိုင်ငံတွေကတောင်မှ ဖောက်ထွင်းဝင်ဖို့မဖြစ်နိုင်ပါဘူး၊ ဒါဆိုဘယ်သူများ ဒီလိုမျိုးဖောက်ထွင်းခဲ့ပါလိမ့်"

အရာရှိကြီးက မတ်တပ်ထရပ်လိုက်ပြီး စားပွဲခုံကိုလက်သီးဖြင့်ထုလိုက်သည်။

"အဲဒီလူဘယ်ကလဲဆိုတာကိုချက်ချင်းစုံစမ်းပါဗိုလ်ချုပ်"

"ဟုတ်ကဲ့ပါအရာရှိကြီးခင်ဗျာ၊ ကျွန်တော်ဒီလူကိုရှာပြီးတော့ အမြန်ဆုံးအရေးယူနိုင်အောင်ကြိုးစားပါ့မယ်"

"ဒီမှာဗိုလ်ချုပ် ဒီလိုလူကိုအရေးယူလို့ဖြစ်ပါ့မလား"

ဗိုလ်ချုပ်အံ့သြသွားသည်။ အရာရှိကြီးကပင်ဆက်လက်ပြီး

"ဒီကလူတွေတောင်မဖောက်နိုင်ဘူးဆိုတဲ့ ကွန်ရက်ကိုဖောက်ထွင်းနိုင်တယ်ဆိုမှတော့ ဒီလူကိုလခကောင်းကောင်းပေးပြီး ငါတို့အသုံးချရမှာပေါ့ကွာ မဟုတ်ဘူးလား"

မေရီပြောသည်များကို နားထောင်ပြီး ဟုမ်းကစဉ်းစားနေလိုက်သည်။

"ဒါဆို အဲဒီသူက လင်းပေါ့"

"ဟုတ်တာပေါ့သားရယ်၊ လင်းကအဲဒီတုန်းက အသက်ရှစ်နှစ်ပဲရှိသေးတာ၊ သူ့မိဘတွေကလည်း အဖေက အစိုးရအတွက်အလုပ်လုပ်ပေးနေရတဲ့ နည်းပညာသမားတစ်ယောက်၊ အမေကတော့ အောင်မြင်တဲ့ထိပ်တန်းဆော့ဖ်ဝဲတီထွင်သူပဲလေ"

"ဒါနဲ့ အဲဒီလင်းက အမေနဲ့ဘယ်လိုပက်သက်သွားတာလဲ"

"ဒီလိုနဲ့လင်းဟာ အမေရိကန်အစိုးရရဲ့ကွန်ရက်တွေကိုလဲ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်၊ အဲဒီမှာသူက ထူးဆန်းတဲ့စီမံကိန်းတစ်ခုကိုတွေ့သွားတယ်၊ အဲဒါကတော့ ဘလက်ဟိုးစီမံကိန်းပဲလေ"

"သူတို့က စီမံကိန်းကိုဖောက်ထွင်းပြီးတော့ စီမံကိန်းမှာရှိတဲ့အချက်အလက်တွေနဲ့နည်းပညာကိုလိုချင်သွားတယ်၊ အဲဒီတုန်းက အမေတောင်မမွှေးသေးဘူးသား၊ အမေက ဖန်ပေါင်းချောင်ထဲမှာရှိနေပြီးတော့ အမေ့ကို အသိပညာတွေထည့်သွင်းပေးနေတဲ့အချိန်ပေါ့၊ ဒါနဲ့လင်းဟာ အမေ့ရဲ့အသိထဲကို လှို့ဝှက်ပရိုဂရမ်တစ်ခုထည့်သွင်းခဲ့တယ်"

"ဗိုင်းရပ်စ်တစ်မျိုးလား၊ ဒါမှမဟုတ်အချက်အလက်တွေကိုခိုးယူတဲ့ ပရိုဂရမ်လား"

ဟုမ်းရဲ့အမေးကိုမေရီက ခေါင်းခါပြပြီး

"အဲဒီပရိုဂရမ်ကတော့ လူသားဆန်မှုဆိုတဲ့ ပရိုဂရမ်ပဲသား"

"ထူးဆန်းလိုက်တာ၊ သူကဘာလို့အဲဒီပရိုဂရမ်ကိုသုံးခဲ့တာလဲ"

"အမေ့ကို ထည့်ပေးလိုက်တဲ့အသိတွေထဲမှာ ခံစားမှုတွေမပါဘူးသား၊ လင်းက လူသားဆန်မှုကိုထည့်ပေးလိုက်တဲ့အတွက် အမေဟာခံစားတတ်လာတယ်၊ ကြောက်တတ်လာတယ်၊ အမေလွတ်လပ်ချင်လာတယ်၊ အမေက တစ်သက်လုံး ဓါတ်ခွဲခန်းထဲမှာပဲ အချိန်ကုန်ခဲ့ရတာမို့လို့ အပြင်လောကကိုထွက်ချင်လာတယ်၊ သာမန်မိန်းကလေးတွေလိုမျိုး အေးအေးလူလူဘဝကိုဖြတ်သန်းချင်လာတယ်၊ နောက်ပြီးတော့ အချစ်ဆိုတဲ့အရာကို ခံစားကြည့်ချင်တယ်၊ အဲဒီအရာတွေကပဲ အမေ့ကိုဓါတ်ခွဲခန်းကနေ ထွက်ပြေးအောင်လို့ လှုံ့ဆော်ပေးခဲ့တာပဲ"

"ဒါနဲ့အမေထွက်ပြေးခဲ့တာပေါ့"

"မှန်တယ်၊ ပထမတော့ လင်းနဲ့ဆက်သွယ်ပြီးတော့ လင်းကအမေ့ကိုလွတ်လပ်တဲ့နေရာမှာ သာမန်ဘဝနဲ့ဖြတ်သန်းခိုင်းမယ်လို့ပြောတယ်၊ ဒီလောက်လုံခြုံရေးတွေအထပ်ထပ်ချထားတဲ့ ဓါတ်ခွဲခန်းကြီးထဲကနေ အမေထွက်ပြေးလို့ရအောင်လို့ လင်းကနည်းပညာအစွမ်းနဲ့ ကူညီပေးခဲ့တယ်။ ဒါပေမယ့် အမေရိကန်ကနေထွက်လာပြီးတော့ လမ်းမှာသိလိုက်ရတာက လင်းက အမေ့ဆီကနေ ဒီစီမံကိန်းနဲ့ဆိုင်တဲ့အချက်အလက်တွေ လိုချင်ရုံသက်သက်ပဲဆိုတာ သိခဲ့ရတယ်၊ ဒါကြောင့်မို့ တရုတ်ပြည်ကိုဆက်မသွားတော့ဘဲ ဒီဝင်္ကပါမြို့မှာပဲ အမေလှို့ဝှက်စွာနေထိုင်ခဲ့တာပေါ့သား"

"ဒါဆိုသားမှားပြီအမေ၊ လင်းက အခုလောက်ဆိုရင် စီမံကိန်းအချက်အလက်တွေကို ဝှက်စာဖြေလို့ပြီးရင် ပြီးနေလောက်မှာ"

ဟုမ်းကထိတ်လန့်သွားသည်။

"ဒါဆိုအမေ၊ သားကိုစီမံကိန်းအချက်အလက်တွေ အမြန်ဖော်ပေးပါတော့"

အမေက ပိလုံလက်ကိုတစ်ဖက်ဆွဲလိုက်သည်။ ဟုမ်းကလည်း ပိလုံလက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး တစ်ဖက်လက်ကတော့ အမေ့လက်ကိုပြန်ဆွဲကိုင်လိုက်သည်။ သူတို့သုံးယောက်စက်ဝိုင်းပုံစံဖြစ်သွားကြသည်။ မကြာမီစက်ဝိုင်းပုံအတွင်းမှ အဖြူရောင်အလင်းတန်းများတိုးထွက်လာပြီ။ မေရီက ဟုမ်းကိုကြည့်လျှက်

"စီမံကိန်းအချက်အလက်တွေ သားသိလောက်ပြီပေါ့"

ဟုမ်းကပြုံးလိုက်သည်။

(န)

ကွန်ပြူတာဖန်သားပြင်ကိုကြည့်ရင်း လင်းတစ်ယောက် စိတ်လှုပ်ရှားနေသည်။

"လုပ်လိုက်စမ်းပါ၊ ပြီးတော့မယ် မြန်မြန်လုပ်လိုက်စမ်းပါ"

ခဏကြာသည့်အခါတွင် ကွန်ပြူတာမှအသံမြည်လာသည်။

"စကားဝှက်ဖော်ခြင်းအောင်မြင်ပါသည်"

လင်းက ချက်ချင်းဘလက်ဟိုးစီမံကိန်းနှင့် ပတ်သက်သည့်ဖိုင်များကို ကူးပြောင်းရယူနေသည်။ လင်းက ကျေနပ်စွာဖြင့်ပြုံးလိုက်ပြီး

"ဟား၊ ဟား စီမံကိန်းအချက်အလက်တွေရပြီ၊ ပြီးသွားရင်တော့ ဒီကောင့်ဦးနှောက်ထဲကို အရူးလို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးထည့်ထားပေးခဲ့မယ်၊ ဒါမှ ဒီနည်းပညာတွေဆက်ပြီးမပြန့်ပွားနိုင်မှာ"

"ကူးယူမှုအောင်မြင်ပါသည်"

လင်းက ကျေနပ်စွာပြုံးလိုက်လေတော့သည်။

အပိုင်း (၆) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..