
Part - 4
ဒေါ်ပုလဲသီက အေးဆေးစွာရှိနေသလောက် မအေးဆေးနိုင်သူက လှလွန်းကြွယ်ပင်ဖြစ်သည်။ ကိုယ့်လင်သာတစ်ယောက်လုံး ဖောက်ပြန်နေတာသိလိုက်ရသည့် မိန်းမတစ်ယောက်သည် တည်ငြိမ်နိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်အောင် ခဲ ယဉ်း သည် မဟုတ်လား။
ဦး မောင်ဇံကတော့ ချွေးမဖြစ်သူကို စိတ်မသက်သာသလို ငေးကြည့်ရင်းမှ....
" သမီး စိတ်ကိုအေးအေးထားပါ ဦး …ဖေကြီးတို့.."
ကြွယ် ဖျတ်ခနဲလက်ကာပြလိုက်သလို ခေါင်းတခါခါလက်တခါခါဖြင့် ကယောင်ကတမ်းငြင်းလာ၏။ ကြွယ့်ရင်တွေတလှပ်လှပ်နေအောင် တုန်ယင်နေသလို အသက်ရှူမဝသယောင်ခံစားရသည်။ တစ်ကိုယ်လုံး ချွေးစေးတွေထွက်နေကာ ရေထဲကနေ ကမ်းစပ်ပေါ်ရောက်လာသည့်ငါးနှယ် တဖျတ်ဖျတ်လူးနေသယောင်ပင်။
" မထားနိုင်ဘူး.....ကြွယ် ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး ဖေကြီး။ ကိုကို့မှာ ချစ်သူရှိတာ ကြွယ့်ကို ဘာလို့မပြောကြတာလဲ။ အစထဲကသိရင် ကြွယ် ဒီမင်္ဂလာပွဲကို ဘာကိစ္စလက်ခံမှာလဲ....."
ဒေါ်ပုလဲသီက ကြွယ့်မျက်နှာကို စူးစိုက်ကြည့်လာရင်းမှ....
" အဲ့လို လက်မခံမှာစိုးလို့မပြောတာပဲ လှလွန်းကြွယ်။ ပြီးတော့ မင်းကအခု သားရဲ့ဇနီးပဲလေ ။ အဲ့မိန်းကလေးနဲ့လဲ သဘောမတူဘူး။ "
ကြွယ် ပါးစပ်အဟောင်းသားဖြစ်သွားရသလို လုပ်ရက်လိုက်တာဟု တွေးမိသွားရသည်။ ကြွယ်က ဓားစာခံလား....။ ကြွယ့်မှာလဲ ကြွယ့်ခံစားချက်ရှိသလို ကြွယ့်နှလုံးသားမှာလဲသူ့သိက္ခာနဲ့သူပင်။ ကြွယ် အံကိုတင်းခနဲကြိတ်လိုက်ရင်းမှ....
" အခုကျတော့ရော.....အခုကိုကိုနဲ့အဲ့မိန်းမ မပြတ်ဘူးလေ။ သူတို့ ပက်သက်နေကြ...အား….အဟင့်...ဟင့်.....ကြွယ်..ကြွယ့်ကိုဝိုင်းညာကြတယ်။ ကြွယ်ကအခု ဘာဆက်လုပ်ရတော့မှာလဲ....."
ကြွယ် စူးစူးအောင့်အောင့်ကို နာကျင်လာသည့် နှလုံးသားကြောင့် ကိုယ့်ရင်ဘတ်လေးကိုယ်ဖိရင်းနေရာတင်ထိုင်ကျသွားရသည်။ ကြွယ့်ကို ကိုကိုကမချစ်ဘူး။ ကိုကိုအဲ့မိန်းမနဲ့ပက်သက်နေတာတွေးမိရင် စကားပင်ထုတ်မပြောနိုင်အောင် နာကျင်ထိခိုက်ရသည်။
ဒေါ်ပုလဲသီက ကြွယ့်ကိုငေးကြည့်လာရင်း သက်ပြင်းချလာ၏။
" မင်းလုပ်စရာမလိုဘူး လှလွန်းကြွယ်။ မင်းကမင်းနေရာမှာမင်းနေ...သားရဲ့ဇနီး၊ မြို့အုပ်မင်းတစ်ယောက်ရဲ့ပွဲတက်ဇနီးမယား၊ သူ့ဂုဏ်ကျက်သရေကိုမြင့်သထက်ပိုမြင့်စေမယ့်မိန်းမက မင်းပဲ လှလွန်းကြွယ်..... မင်းနေရာကိုဘယ်မိန်းမမှမရယူနိုင်ဘူး။ "
ကြွယ် ငိုသည်။ ရှုံးပွဲချကို ကိုကို့မိဘတွေရှေ့ ယူကြုံးမရငိုကြွေး၏။ ကြွယ့်ကို စံသတ်မှတ်ချက်တွေနှင့် ပေတံတိုင်းသလိုတိုင်းပြီး ရွေးချယ်ခဲ့ကြ၏။ ကြွယ် ခံစားနေရတာတွေကို မသိဟန်ဆောင်ကြ၏။ ကြွယ့်ကို ဝိုင်း ပြီး ပိပိရိရိလိမ်ညာကာ အရူးလုပ်ကြသည်။ ဘာဆိုဘာမှမသိတဲ့ ငတုံးငအတစ်ယောက်ဖြစ်သွားသလို၊ကြွယ့်ကိုကြည့်ပြီး ဘယ်လောက်များ သနားစရာသတ္တဝါလို တွေးလိုက်ကြမလဲဆိုတာ စဉ်း စားမိရင်ရှက်ရွံ့လွန်း၏။
ထိုနေ့က ကြွယ် အခန်းထဲအောင်းနေသလို တစ်နေကုန် အိပ်ယာထက်ငုတ်တုတ်လေးထိုင်ကာ ငူငူကြီးဖြင့်စိတ်နဲ့ကိုယ်မကပ်ပဲ အသိလွတ်သလို ဖြစ်သွား၏။ မူမူဆို ကြွယ့်ကိုဘေးကကြည့်ပြီး ငိုရှာသည်။ မလှုပ်မယှက်ဖြင့် လူသေကောင်ပမာရှိနေသည်အား လက်ကလေးလာစမ်းလိုက် ၊ ဘေးနားလာထိုင်ကြည့်လိုက်ဖြင့် မမလေးရယ်ဟုသာ မချိတင်ကဲ ငိုရင်းရေရွတ်ရှာသည်။
ကိုကို့ကို မေမေကြီးက ဖုန်းဆက်ပြောလိုက်သည်ထင်ပါသည်။ ပြန်လာကာ အခန်းထဲဝင်လာရင်း ဖျတ်ခနဲတစ်ချက်လာကြည့်၏။ ပြီးတော့ချက်ချင်း ပြန်ထွက်သွားကာ အိမ်၏ အခြားခန်းတစ်ခုတွင်အလုပ်သွားလုပ်နေ၏။
ရာဇဘွား ဖုန်းနံပါတ်တွေအား လှည့်ကာဆက်လိုက်ရင်းမှ တစ်ဖက်မှဒါလင်၏အသံလေးကြားတော့ သက်ပြင်းချမိ၏။
" မောင်တို့အကြောင်းကို လှလွန်းကြွယ်သိသွားပြီ ဒါလင်။ "
တစ်ဖက်မှ အသံလေးတိမ်ဝင်သွားကာ စိုးရွံ့စွာမေးလာသည့်မေးခွန်းလေးကြားတော့ သူခပ်အေးအေးသာပြုံးမိ၏။
" စိတ်ချပါ ဒါလင်.....ဒါလင်က မောင့်ဘဝပါ။ ဘယ်သူကများ ကိုယ့်ဘဝကိုယ်ဖျက်ဆီးလို့လဲ။ "
@@@@@@@@@@@
"လှလွန်းကြွယ်.....။ "
ခပ်အေးအေးခေါ်သံကြောင့် ကြွယ် မှန်တင်ခုံတွင်ထိုင်ကာ ဖြီးလိမ်းပြင်ဆင်နေရာကနေ မှန်ထဲကတဆင့် ကိုကို့မျက်နှာကိုလှမ်းကြည့်မိသည်။ စကားတွေ စပြောဖို့အချိန်ရောက်လာပြီလား။ ရန်ပဲဖြစ်ရတော့မည်လား....ဒါမှမဟုတ် တောင်းပန်လာမလား။ ကြွယ့်ခြေဖျားလက်ဖျားတွေ အေးစက်လာ၏။
" မင်းနဲ့ကိုယ်ဆွေးနွေးကြရအောင်။ "
ကြွယ် လက်ထဲကိုင်ထားသည့် ဆင်စွယ်ဘီးလေးကို ခပ်တင်းတင်းဖျစ်ညှစ်လိုက်မိ၏။ စိတ်ကိုအတတ်နိုင်ဆုံးထိန်းလိုက်ရင်း ရန်ဖြစ်လို့မဖြစ်ဘူးဆိုတဲ့အသိကို ခေါင်းထဲနာနာမှတ်လိုက်သည်။
" ဘာတွေဆွေးနွေးမှာလဲ ကိုကို....."
" သမုဒယက သနားစရာကောင်းတဲ့မိန်းကလေးပါ.....သူမင်းနေရာကိုလဲ မလိုချင်ပါဘူး။ကိုယ့်အနားရှိနေရရင်ကိုပျော်တဲ့ မိန်းကလေးမို့ မင်းသဘောထားကြီးပေးရင် ကောင်းမှာပဲ။ "
ကြွယ် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိသလို ကိုကို့ ကို စူးစူးရဲရဲစိုက်ကြည့်ပစ်၏။
" သနားစရာကောင်းတယ် ဟုတ်လား......အဲ့မိန်းမက သနားစရာကောင်းတယ်ဆိုရင် ရှင်တို့အရှုပ်ထုပ်တွေ ဘာမှမသိပဲ ကြားကနေဓားစာခံဖြစ်လာတဲ့ ကြွယ်ကရော။ ကိုကိုပြောချင်တာက ကြွယ်ကသဘောထားကြီးပေးပြီး မသိဟန်ဆောင်နေရမယ်ပေါ့......အဟက်! ရယ်ရလိုက်တာ။ "
ရာဇဘွား ကျစ်ခနဲစုပ်သပ်လိုက်ရင်းမှ...
" ရယ်ရတာက ငါမဟုတ်ဘူး လှလွန်းကြွယ် ...မင်း......ငါတို့ကြားထဲကိုလဲဝင်လာပြီး ဒဏ်ရာတွေလဲပေးသေးတယ်....အရာရာအကုန်လိုချင်လို့တော့ ဘယ်ရမလဲ။ သူစိမ်းတစ်ယောက်ကြောင့် ငါတို့ချစ်ခြင်းတွေက အလွယ်တကူပြိုကွဲမယ်များ ထင်နေရင် လဲသာသေလိုက်။ ".
သူစိမ်း.....သူစိမ်းဆိုသည့် အသုံးအနှုန်းမှာ ကြွယ်ဖျတ်ဖျတ်လူးသွားရသည်။ ကိုကို့အနား တမဟုတ်ချင်းရောက်သွားသလို ရင်ဘတ်ကို ဘုန်းခနဲ ထုရိုက်ပစ်၏။
" သူစိမ်း....သူစိမ်းဟုတ်လား......ကြွယ်ကသူစိမ်းလား.....ကြွယ်က ကိုကိုကိုယ်တိုင်လက်ထပ်ပါရစေဆိုပြီးခွင့်တောင်း ယူထားတဲ့တရားဝင်ဇနီးမယား။ အဲ့မိန်းမကမှ သူစိမ်း...ကြွယ်က....."
" ငါ လက်ထပ်ထားတာ....ဟုတ်ပါတယ်။ မင်းကိုငါ လက်ထပ်ထားတာ....ဒါပေမယ့် မမေ့နဲ့ လှလွန်းကြွယ်..... မင်းကိုငါမချစ်ဘူး။ ငါချစ်တာက သမုဒယဆိုတဲ့မိန်းကလေးတစ်ယောက်ပဲ။ "
ကြွယ်တောင် မသိလိုက်ခင်မှာပဲ ကြွယ့်လက်ထဲကိုင်ထားလျက်ရှိသည့်ဘီးဖြင့် ကိုကို့မျက်နှာကို ပစ်ပေါက်ပြီးသားဖြစ်သွား၏။ ရာဇဘွား ကပျာကယာမျက်နှာလွှဲပစ်ရင်းမှ ပူနေသည့်ပါးပြင်ကို လက်ဖြင့်စမ်းကြည့်မိတော့ သွေးစအနည်းငယ်ကို တွေ့လိုက်ရ၏။
" မင်း.....!"
လက်ဖြင့်ရွယ်ချလိုက်ပေမယ့် ကြွယ်နောက်မဆုတ်မိသလို သူ့ကိုတွေတွေကြီးစိုက်ကြည့်ရင်း မျက်ရည်တွေကျလာတာမြင်တော့ မနည်းစိတ်ကိုထိန်းလိုက်ရသည်။
ထိုနေ့ကစလို့သုံးရက်လောက် သူနဲ့ ကြွယ်အချင်းချင်း ရှောင်နေလိုက်ကြသည်။ သူကလဲ ကြွယ့်ကိုမတွေ့ချင်သလို ကြွယ်ကလဲသူနဲ့စကားမပြောချင်။ စကားများကြပေမယ့် နှစ်ယောက်လုံး နာကျင်ရသလို နှစ်ယောက်လုံး တစ်ယောက်စိတ်ကိုတစ်ယောက်ခံစားမိသည်။
ကြွယ် သူ့ကိုသိပ်ချစ်တာ သူသိသည်။ သူလက်ထပ်ခွင့်တောင်းတော့ အရမ်းပျော်နေခဲ့တာဖြစ်သလို အပျိုဘဝကလဲ သူနဲ့အမှတ်မထင်များဆုံရင် ရှက်နေတတ်သည့်ကလေးမ။ သနားစရာကောင်းတာ သိပေမယ့် သူ့မှာလဲသူ့ဒဏ်ရာနဲ့သူမို့ သူများဒဏ်ရာကိုဆေးထည့်ပေးဖို့ အာရုံမရနိုင်သေးပါ။
@@@@@@@@@@@@
ဖိုဒ့်ကားလေးပေါ်ကနေ ခပ်လှမ်းလှမ်းမှာမြင်နေရသည့် ခြံလေးထဲမှာ စကားပြောနေသည့် အညိုရောင်ပါတိတ်ဝမ်းဆက်လေးဖြင့် မိန်းမကို ကြွယ်ငေးစိုက်ကြည့်နေမိ၏။ သမုဒယဆိုသော ကိုကိုချစ်မြတ်နိုးပါသည်ဆိုတဲ့မိန်းမအား ကြွယ်မမြင်ဖူး၍ လာကြည့်ခြင်းဖြစ်သ လို အပေါင်းအဖော်တွေနှင့် စကားပြောနေကြ၏။
" မမလေး....သွားတွေ့မလား။ "
ကားဒရိုင်ဘာဖြစ်သူ ဦး လေးမြတ်မိုး၏ စကားကြောင့် ကြွယ်ခပ်ယဲ့ယဲ့ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။
" ပြောစရာတွေအများကြီးရှိပေမယ့် ကြွယ် စကားမပြောချင်သေးတာတော့ အမှန်ပဲ ဦး လေးရယ်။ ဘယ်ကနေဘယ်လိုတွေ စပြောရမလဲဆိုတာလဲ မသိဘူး။ ပြန်ကြရအောင်ပါ။ "
တကယ်တော့ ကြွယ့်မသိစိတ်ကနေ စိုးရွံ့နေမိခြင်းဖြစ်သလို တစ်ခုခုမှားသွားလွန်သွားမှာလဲ စိုးရိမ်နေသည်။ ကြွယ် ရှက်လဲရှက်သည်။ လပ်ထပ်ပြီး ဘာမှမကြာသေးပဲ မင်္ဂလာ ဦး မှာတင် လင်ယောကျာ်း၏ဖောက်ပြန်ခြင်းခံရတဲ့ မိန်းမတစ်ယောက် အနေနဲ့ ကြွယ်ကပဲ ညံ့ဖျင်း၍လား၊အရည်အချင်းမရှိ၍လား....ဘယ်လိုတွေများ ထင်ကြမလဲ။
ကြွယ် ဒီရက်တွေမှာ အများကြီး စဉ်းစား ခဲ့ပါသည်။ ကြွယ် ဒီအိမ်ထောင်ကို မပြိုကွဲချင်။ ရှေ့ဆက်ပြီးကောင်းလာစေရန် ကြွယ်ပြုပြင်ယူမည်။ ကိုကိုပြန်ချစ်လာစေရန် ကြွယ်ကြိုးစားမည်။ ကြွယ် လုပ်နိုင်မည်ဟုလဲ ယုံသည်။
သို့ပေမယ့် လှလွန်းကြွယ်ကို သမုဒယကမြင်သည်။ ဘာများလာပြောမလဲ ရင်တထိတ်ထိတ်ဖြင့် ရှိနေပေမယ့် ဒီအတိုင်းပြန်သွားတာမြင်တော့ ရာဇဘွားကို ဖုန်းလှမ်းဆက်၍ အသိပေးလိုက်သည်။
" မောင်.....လှလွန်းကြွယ် အိမ်နားရောက်လာတယ် သိလား။ ဧကန္တ....သူ တစ်ခုခုများပြောဖို့လုပ်ဖို့များလား မသိဘူး....တို့....တို့ ဘာလုပ်ရမလဲဟင်။ "
တီ......တီ.....တီ
ကားဟွန်းသံနဲ့အတူ ကားပေါ်မှ မျက်နှာထားတင်းတင်းဖြင့် ဆင်းလာသည့် ရာဇဘွား။ အိမ်ထဲမှထွက်လာသည့် ကြွယ်က သူ့ကိုမြင်တော့ လှစ်ခနဲ ပြုံးပြရင်း....
" ကိုကိုတောင် အလုပ်ကပြန်လာပြီ။ ".
" မင်း ဘာတွေလုပ်မလို့ စဉ်းစား နေတာလဲ.... မင်း....."
" ကိုကိုကလဲ.....ကြွယ့်ကိုစနေပြန်ပြီ.....ဒီမှာဧည့်သည်တွေရောက်နေတယ်....."
ခပ်ပြုံးပြုံးလေးဖြင့် သူ့စကားစကိုဖြတ်ကာ ဧည့်ခန်းဘက်အတင်းဆွဲခေါ်လာသည်မို့ ရာဇဘွား အခုမှ ဧည့်ခန်းထဲရောက်နေသည့် မြို့မိမြို့ဖအချို့ကို မြင်သွားရသည်။ ကြွယ့်ကိုဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ရင်းမှ မျက်နှာထားကိုပြင်လိုက်ရင်း.....
" သြော်.....ဧည့်သည်တွေရောက်နေတာကိုး။ "
ကြွယ်က ကိုကို့လက်မောင်းကိုချိတ်ကာ ခုံတွင်အတူဝင်ထိုင်လိုက်၏။
" ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်က ကျောင်းတိုက်အစုံ၊ ကိုရင်တွေရော သာမဏေငယ်တွေပါ အစုံအစေ့လောင်းလှူပွဲလုပ်မလို့တဲ့ ကိုကိုရဲ့....."
ရာဇဘွား ခေါင်းတစ်ချက်ညိတ်လိုက်ရင်းမှ....
" ကောင်းတာပေါ့......ကိုယ်တို့လဲ အလှူထည့်မယ်လေ။ "
ကြွယ် ပြုံးလိုက်ရင်းမှ....
" ဦး လေးတို့လိုတာသာ စီစဉ်ပါ ရှင်။လက်ခံရရှိတဲ့ငွေပမာဏနဲ့မလောက်ငှတာ လိုနေတာမှန်သမျှ ကိုကိုနဲ့ကြွယ်က လှူပါ့မယ်။အကယ်၍ လောက်ငှတယ်ဆိုရင်လဲ ကြွယ်တို့ကမြို့တော်ရန်ပုံငွေသီးသန့်လှူမှာပါ......ကိုကိုရော ဘယ်လိုထင်လဲဟင်။ "
ရာဇဘွား ပြုံးလိုက်မိရင်းမှ.....
" ကြွယ့်သဘောလေ.....ကိုကိုက ပင်ပန်းလို့နားတော့မယ်။ ခွင့်ပြုပါ ဦး ခင်ဗျာ။ "
ရာဇဘွား ဧည့်ခန်းထဲမှထွက်လာခဲ့သလို အပေါ်ထပ်တက်လာရင်း ဟူးခနဲလေပူတစ်ချက်ကိူ မှူတ်ထုတ်လိုက်ရ၏။ ပင်ပန်းလိုက်တာ.....လူပင်ပန်းစိတ်ပင်ပန်းဆိုတာ ဒါမျိုးထင်ပါရဲ့။
ဟုတ်ပါသည်.....လက်ခံပါသည်။ ကြွယ်က သူ့ဂုဏ်သူ့သိက္ခါကို ပိုမိုမြင့်မားစေပါသည်။သူ့အတွက် တကယ်လိုအပ်သည့် အဆင့်အတန်းရှိဇနီးမယား။
@@@@@@@@@@@@@@@@@@@@@
To be continue P - 5
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ