ပုတုနှင့် မရည်ရွယ်ထားသော ဧည့်သည်
lotaya.mpt.com.mm
|
2023-06-26

လက်ဖက်ရည်ဆိုင်က ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ အိမ်ထဲဝင်လိုက်တော့  ဧည့်သည်လေးယောက်ရောက်နေသည်။ ဒီအချိန်ကြီးဆိုတော့ ပုတု စိတ်ထဲ တမျိုးတော့ ဖြစ်သွားသည်။ ပြီးတော့ အမေဖြစ်သူက မျက်ရည်တွေဝဲနေ၏။

“အမေ ဘာဖြစ်တာလဲ”

သူ့အမေက ပုတု ပုခုံးကိုကိုင်ပြီး ငိုချပစ်လိုက်သည်။

“အမေတို့ ထမင်းအိုးတော့ ကွဲပါပြီ သားရယ်”

ပုတုအဖေက .. ဧည့်သည်ကို …

“ခင်ဗျားတို့ … ပြန်တော့ဗျာ .. “

ဧည့်သည်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက … အိတ်ထဲက ပိုက်ဆံတစ်ထုတ်ကို .. စားပွဲပေါ်တင်ပြီး ..

“ဒါလေးတော့ လက်ခံထားလိုက်ဗျာ” ဆိုပြီး ပြန်သွားသည်။

အခုချိန်ထိ ဘာတွေဖြစ်နေမှန်း ပုတု နားမလည်။ ပုတုအဖေက အံကို တင်းတင်းကြိတ်ထားသည်။ ပြောရရင် သူ့အဖေနှင့်အမေရဲ့ ဒီလိုအခြေအနေမျိုးကို သူတစ်ခါမှ မတွေ့ဖူးခဲ့။ ပြီးတော့ သူ့စိတ်တွေထဲမှာ ဒေါသထွက်တာလိုလို၊ ဝမ်းနည်းတာလိုလိုဖြစ်နေမိသည်။ အဲဒီတော့ ဘာမှမစဉ်းစားတော့ဘဲ .. ခုနက ထွက်သွားတဲ့ ဧည့်သည်နောက်ကို ပြေးလိုက်သွားမိသည်။

“ဟေ့လူ .. .. “

ဧည့်သည်က မျက်မှောင်ကျုံ့ပြီး လှည့်ကြည့်သည်။ ပြီးတော့ အဲဒီလူရဲ့ အကြည့်တွေက စူးရှလွန်းလှသည်။ သူ့အဖော်တွေကလည်း ဘာလဲဆိုတဲ့သဘောနှင့် လှည့်ကြည့်သည်။

“ဘာလဲ”

“ခင်ဗျားတို့ ဘာတွေပြောခဲ့လို့ ကျနော့်အဖေနဲ့အမေက အခုလို ဖြစ်နေကြတာလဲ”

“အဲဒါ မင်းအဖေနဲ့အမေကို မေးကြည့်လိုက်လေကွာ”

ပုတုက ဒေါသနှင့်ပြောနေပေမဲ့လည်း အသံက မာမာထန်ထန်မထွက်ဘဲ .. တုန်ယင်နေသည်။

“ခင်ဗျားတို့ ပြောစမ်းပါ .. ဘာပြဿနာလဲ”

“အေးကွာ.. ငါတို့ ဘောစိက မင်းတို့မိဘတွေ ရောင်းနေတဲ့ဆိုင်ကို ဝယ်လိုက်တာ”

ပုတု စိတ်ထဲဇဝေဇဝါဖြစ်သွားသည်။ ပြီးတော့ အိမ်ကို ပြန်လာသည်။

“ဘာလို့ရောင်းလိုက်တာလဲ”

“မရောင်းလို့မှမရတာ သားရယ်”

ဦးဝင်းက ..

“အသက်ထက်တော့ ဘာမှအရေးမကြီးပါဘူးကွာ”

ဦးဝင်းရဲ့ ပြောဆိုသံမှာ နာကျည်းသံပါမှန်း ပုတု ရိပ်မိသည်။ သူကရော ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ တစ်ခါမှ ပုတုအနေနှင့် မိဘတွေရဲ့ စီးပွားရေးနှင့်ပတ်သက်ပြီး မေးမြန်းတာမျိုး၊ သိရှိထားတာမျိုးမရှိ။ သူ့အတွေးက လူငယ်သဘာဝကျောင်းတက်မယ်၊ ဘွဲ့ယူမယ်၊ ပြီးရင် အလုပ်တစ်ခုခုရှာပြီး မိဘတွေကို ပြန်လုပ်ကြွေးမည်။ အချိန်တန်ရင် လက်ရှိတွဲနေတဲ့ကောင်မလေးနှင့် အိမ်ထောင်ပြုကောင်းပြုမည်။ ဒီလောက်ပဲ သူတွေးထားခြင်းဖြစ်သည်။

“သား .. “

“ဗျာ ..”

“မုန့်ဖိုးလျှော့ယူပေးလို့ရမလား”

“ရပါတယ်အမေရ ..”

စီးပွားရေးကျနေတဲ့ အိမ်ရဲ့အခြေအနေကို ပုတုနားလည်သည်။ အသက် ၁၈နှစ်အရွယ် လူငယ်တစ်ယောက်အနေနှင့် အိမ်ရဲ့ စီးပွားရေးတာဝန်ကို ဝင်မထမ်းနိုင်သေးရင်တောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့တော့ ကြိုးစားရမည်ဆိုတာကိုလည်း သိသည်။ ဒါပေမဲ့ .. ရုတ်တရက်ကြီး ဒီလိုမျိုးဖြစ်ပေါ်သွားတဲ့အခြေအနေတွေကို သဘောမကျမိတာတော့အမှန်။

လက်ဖက်ရည်ဆိုင်မှာ အဲဒီအကြောင်းတွေကို ပြောဖြစ်ကြတော့…

“ငါထင်တာတော့ .. မင်းတို့ဆိုင်ကို တန်ရာတန်ကြေးပေးဝယ်တာမဟုတ်လောက်ဘူးကွ”

“ငါ့အဖေနဲ့အမေကလည်း ငါ့ကို အဲဒီအကြောင်းတွေ ရှင်းရှင်းလင်းလင်းမပြောဘူး”

အောင်မိုးက …

“လူမိုက်ဂိုဏ်းတွေများကြောင့်လား။ မင်းအဖေပြောစကားမှာ အသက်ထက်ဘာမှ အရေးမကြီးဘူးလို့ ပြောတယ်ဆိုရင် ငါတော့ အဲဒီလိုပဲထင်တယ်”

ပုတုက ငြိမ်ကျသွားသည်။ ပြီးတော့ ..

“ငါသာ စည်သူလောက် ဇ ရှိရင် .. အဲဒီဘဲတွေကို အဲဒီနေ့ကတည်းက ချ ပစ်လိုက်တယ်ကွာ”

“မတူဘူးဟ .. စည်သူက သာမန်လူမိုက်အဆင့်လောက်ပဲရှိတာ။ အခုက အကျိုးစီးပွားအတွက် မိုက်နေတဲ့သူတွေ ကွာတယ်ဟ။ ဇ ရှိရုံ၊ ဓားထိုးတတ်ရုံလောက်နဲ့တော့ သွားရင်ဆိုင်လို့မရဘူး”

ပုတုက တစ်ခုခုကို အလေးအနက်တွေးနေပြီး …

“ငါ သိုင်းသင်ရင်ကောင်းမလား”

အားလုံး ခွက်ထိုးခွက်လန်ထရယ်ကြ၏။

“မင်းက သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလိုဖြစ်နေတယ်”

“အေးလေ .. မင်းက သိုင်းသင်တာကို ဒီနေ့သင် ဒီနေ့တတ်မယ်ထင်နေတာလား”

“ပြီးတော့ .. မင်းသိုင်းတတ်လည်း ဒီလိုလူမိုက်ဂိုဏ်းတွေကို တစ်ယောက်တည်းသွားရင်ဆိုင်ဖို့ဆိုတာ အိန္ဒိယကားတို့၊ နေထူးနိုင်ကားတွေထဲမှာပဲ ရမယ်ကွ”

အားလုံးတစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့ ပုတု ငြိမ်ကျသွားပြန်သည်။ ဒါပေမဲ့ .. လက်ဖက်ရည်ဖျော်ရင်း သူတို့စကားဝိုင်းကိုနားစွင့်နေတဲ့ အဖျော်ဆရာက ..

“ညီလေးတို့ အစ်ကို တစ်ခုတော့ ဝင်ပြောမယ်ကွာ။ ကိုယ်ခံပညာလေးတစ်ခုခုတတ်ထားတာတော့ ပိုကောင်းတယ်လို့ ထင်တယ်။ အစ်ကိုကတော့ သင်ထားသင့်တယ်လို့ထင်တယ်။ ပုတုက အစ်ကိုတို့အမြင်မှာ ပျော့တိပျော့ဖတ်နဲ့ဆိုပေမဲ့ သင်လိုက်ရင် အဆင်ပြေမှာပါ”

အဖျော်ဆရာရဲ့ စကားကြောင့် .. အားလုံးနည်းနည်းတော့ စဉ်းစားသွားကြသည်။ ပုတုက ..

“ငါကတော့ သင်ထားမယ်ကွာ။ အခု အချိန်လေးလည်းအားတုန်းဆိုတော့.. “

“အေးကွာ ငါတို့တော့ စဉ်းစားလိုက်ဦးမယ်”

အိမ်ရောက်တော့ သိုင်းပြောင်းပြန်သင်ရမလား၊ ကွန်ဖူးသင်ရမလား၊ တိုက်ကွမ်ဒိုပဲသင်မရလား တွေးရင်း အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာတော့ ဆယ်ယောက်တစ်ယောက်ပင် ချရင်း အနိုင်ယူနေမိသည်။ နောက်ရက်တွေမှာတော့ ရပ်ကွက်ထဲမှာ သိုင်းပြောင်းပြန်သင်ပေးနေတဲ့ အဖိုးကြီးတစ်ယောက်ရှိသည်။ အဲဒီအဖိုးကြီးဆီမှာ သွားသင်ကြသည်။ ဘာပဲဖြစ်ဖြစ်အရင်ကထက်စာရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာသလို ခံစားရလာရသည်။

“ရှင်ပြောတော့ ဆိုင်ကို ရောင်းပေးလိုက်ရင် အေးဆေးပြီဆို”

“ငါ့ကို သူတို့ အဲဒီလိုပြောတာပဲ”

ပုတု အိမ်ရာထဲကနေ သူ့အဖေနှင့်သူ့အမေပြောတာကို နားစွင့်နေမိသည်။

“အခု ဘယ်လိုလုပ်ကြမလဲ”

“ကျွန်မတော့ ဒီမြို့က ဘယ်က မပြောင်းပေးနိုင်ဘူး။ မင်းမဲ့တိုင်းပြည်မှမဟုတ်တာပဲ”

“မိန်းမကလည်း အဲဒီလိုတော့ ပြောလို့မဖြစ်ဘူးလေ။ ဒီကောင်တွေအကြောင်းလဲ သိရဲ့သားနဲ့”

“သူတို့က ဘာဖြစ်ချင်နေတာတုန်း”

“ငါတို့ကို မရှိစေချင်တာပေါ့”

“ဒါဆို ဒီအိမ်နဲ့ခြံပါ ထပ်ရောင်းပေးရဦးမှာလား ဒါတော့ လုံးဝမရဘူးနော်။ ဒါ ရှင့်သားအတွက် ပေးနိုင်တဲ့အမွေက ဒါပဲရှိတာ”

“အေးပါကွာ .. ငါမနက်ကျရင် သွားပြီး ညှိနှိုင်းကြည့်ပါဦးမယ်”

“သေချာလုပ်လာခဲ့”

ပုတု နားမလည်နိုင်ပေမဲ့ မေးလည်း ဖြေမှာမဟုတ်မှန်းသိတာကြောင့် သွားမမေးဖြစ်။ ဒါပေမဲ့ အခုချိန်မှာ မိဘတွေရဲ့ အခက်အခဲကို သူကူညီချင်သည်။ ဒါပေမဲ့ သူလုပ်နိုင်တာကလည်း ဘာမှရှိမယ့်ပုံမပေါ်။ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းအုံးကိုမျက်နှာနှင့်အပ်ကာ မှောက်အိပ်ပစ်လိုက်တော့သည်။

သိုင်းသင်နေရင်းနဲ့ ပုတု ပျော်မွေ့လာသည်။ အရင်လို ဂိမ်းဆော့တာမျိုးလျော့လာတော့ မုန့်ဖိုးလျော့နေတဲ့အချိန်နှင့်ဆိုတော့ ပိုကိုက်တယ်လို့တောင်ဆိုရမည်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ ထပ်မြှောက်ပေးသည်။

“သိုင်းသင်ပြီးရင် ဂျင်ဆော့ပါလား”

“ဘာလို့လဲ စော်ကြည်အောင်လို့လား”

“ဘော်ဒီတောင့်ရင် တော်ရုံတန်ရုံကောင် မဖြဲရဲဘူးဟ”

အီကြာကွေးပလုပ်ပလောင်းစားနေတဲ့ အောင်မိုးက ..

“ဟုတ်တယ်ဟ .. အမြင်နဲ့တင် ရှိန်သွားတာက ပိုကောင်းတာပေါ့”

“ဆော့မယ်ကွာ..”

လူငယ်တစ်ယောက်အတွက် ကိုယ်ခံပညာအပြင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ဂျင်ပါဆော့ဖို့လိုအပ်ကြောင်း အဖျော်ဆရာက ထပ်မံနားချပြန်သည်။

“ဒီလက်ဖက်ရည်ဆိုင်ကတော့ ကျနော့်ဘဝရဲ့ မီးအိမ်ရှင်ပဲဗျာ”

ပုတုက ရွှတ်နောက်နောက်ဆိုတော့ ..

“အေး .. သိုင်းတွေသင်၊ ဂျင်တွေဆော့ပြီးမှ ရှောက်သီးဆေးပြားတော့ လိုက်မရောင်းနဲ့ပေါ့ကွာ”

ဆိုရရင် ပုတုအနေနဲ့ အိမ်တွင်းရေး မပြေလည်မှုတွေ၊ ကိုယ်မတတ်နိုင်တဲ့အရာတွေအတွက် စိတ်ညစ်ခံနေမယ့်အစား သိုင်းတွေသင်၊ ဂျင်တွေဆော့၊ ကျောင်းစာတွေလုပ်ရင်းနဲ့ပဲ အချိန်တွေကို ဖြတ်သန်းနေခြင်းပင် ဖြစ်သည်။ သူ့အတွက် ..ရှေ့မှာဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကိုလည်း သူသိပ်မတွေးချင်တော့။ ဘာပဲကြုံကြုံ ရင်ဆိုင်ဖို့တော့ ဆုံးဖြတ်ထားလေသည်။         ။

 ခြူသစ်မောင်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..