အဖေများနေ့
lotaya.mpt.com.mm
|
2023-06-26

ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ အဖေများနေ့ကို ကျင်းပခဲ့သည်။ 
ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အဖေများနေ့ကို ကျင်းပလေ့ရှိကြပေမဲ့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင်းပတဲ့လတွေ၊ ရက်တွေမတူညီကြပါ။ မြန်မာနိုင်ငံမှာတော့ နှစ်စဉ် ဇွန်လရဲ့ တတိယပတ်၊ တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ် သတ်မှတ်ထားသည်။ အဲဒီတော့ အဖေနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေကို ဝေမျှချင်သည်။ 

ကျနော်ငယ်ငယ်တုန်းက .. 

“အဖေ ..” 

“ပြော ..” 

“အဖေနဲ့အမေနဲ့က အသက် ၁၂နှစ်ကွာတယ်ဆို” 

“အေးလေ ..” 

“ဒါဆို အဖေတို့ ချစ်လို့ကြိုက်လို့ ယူတာမှ ဟုတ်ကြရဲ့လား” 

ပန်ကာပြင်နေရင်းနှင့် ကျနော့်အဖေ ခဏ တိတ်ဆိတ်သွားသည်။ ပြီးတော့ အသံကို ခပ်တိုးတိုးဖြင့် ... 

“မင်းအမေက ငါ့ကို အရင်ကြိုက်တာကွ” 

“ဟုတ်လို့လား”

“မင်းအမေတော့ သွားပြန်မမေးနဲ့ကွာ သူရှက်သွားမယ်။” 

ကျနော်ကတော့ မယုံပါဘူး။ ကျနော့်အဖေက ငယ်ငယ်ရွယ်ရွယ်နှင့် နဖူးကပြောင်နေသေးသည်။ ပြီးတော့ အရပ်လည်းပု၏။ စော်ကြည်ဘဲတဗွေရဲ့ လက္ခဏာမျိုး ဘယ်မှာမှ မတွေ့ရ။ 

ဆိုတော့ ကျနော့်အဖေအကြောင်းကို ကျနော့်အဖေရဲ့ သူငယ်ချင်းတွေဆီက ပြန်သိရတာက ပိုမှန်ကန်လိမ့်မည်ဟုထင်သည်။

“ဦးလေး .. “ 

“ဘာတုန်းဟ”

“ဦးလေးနဲ့အဖေနဲ့က ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆို” 

“အေးလေ ..” 

“ကျနော် မေးစရာလေးရှိလို့” 

“ဘာမေးမှာတုန်း”

“ကျနော့်အမေက ကျနော့်အဖေကို စ ကြိုက်တာဆို.. အဲဒါ ဟုတ်လား” 

“ဟား ..ဟား ..ဟား ..” 

ခွက်ထိုးခွက်လန်ရီနေတဲ့ အဖေ့သူငယ်ချင်းကိုကြည့်ပြီး ကျနော် အလိမ်ခံလိုက်ရပြီဆိုတာ သိလိုက်၏။ 

“ဘာလို့တုန်းဗျ”

“မင်းပြန်တော့မပြောနဲ့ ငါပြောပြမယ်” 

“ဟုတ် ..ဟုတ် ..” 

“အဲဒီတုန်းက မင်းအမေမှာက ရည်းစားရှိတယ်ကွ။ သူ့ရည်းစားကလည်းခပ်ဖြောင့်ဖြောင့်ပဲ။ အဲဒါကို မင်းအဖေက မင်းအမေကို မြင်မြင်ချင်းကြိုက်သွားတာ။ ပြီးတော့ အသည်းအသန် မအိပ်နိုင်၊ မစားနိုင်တွေဖြစ်ပြီး အလုပ်အကိုင်တွေပါပျက်ကုန်တာဟေ့” 

“ဆက်ပြောပါဦး”

“မင်းအဖေရဲ့ အလုပ်ရှင်က မင်းကြီးဒေါ်လေ။ မင်းအမေရဲ့အစ်မဆိုပါတော့။ အဲဒီတော့ မင်းအဖေက အလုပ်လုပ်တာအရမ်းတော်တော့ မင်းအဖေအဲဒီလိုဖြစ်နေတာကို မင်းကြီးဒေါ်က မကြည့်ရက်ဘူး။ အဲဒါနဲ့ မင်းအဘွားဆီမှာ မင်းအမေနဲ့ မင်းအဖေကို ပေးစားဖို့ မင်းကြီးဒေါ်ကြီးက အောင်သွယ်ပေးလိုက်တာ”

“အော် .. ကျနော့်အမေကလည်း အလွယ်တကူခေါင်းညိမ့်လိုက်တာပေါ့” 

“အမလေး .. မင်းအမေသာ ခေါင်းမညိမ့်ရင် အခုပဲ မင်းအဖေက သေတော့မယ့်ပုံစံလိုဖြစ်နေတာကိုးဟ” 

ကျနော်အဲဒီအကြောင်းတွေကို ကျနော့်အဖေကို ပြန်မပြောဖြစ်ခဲ့ပါ။ 

တစ်ခါသား ကျနော့်အဖေနှင့် အမေ နံနက် ၄နာရီလောက်ကြီး ရန်ဖြစ်ကြသည်။ ကျနော့်အသက် ၁၀ နှစ်လောက်သာ ရှိဦးမည်ထင်သည်။ 

“မနေဘူးဟာ ဆင်းမယ်” 

“ဆင်း .. ဆင်း ..ကြွကြွ” 

“ငါ့သားတွေ ငါခေါ်သွားမယ်” 

“ကြိုက်တဲ့သူ ခေါ်သွား” 

ကျနော်နှင့် ကျနော့်အစ်ကို အိပ်ရာနိုးလာသည်။ 

“ဟေ့ကောင်တွေလာ”

“ဗျာ..”

“လာခဲ့ဆို..”

ခရီးဆောင်အိတ်ကြီးထဲကို အဝတ်အစားတွေထည့်ပြီး ကျနော့်အဖေက ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဘယ်ညာနှစ်ဖက်ဆွဲကာ ဆင်းချလာသည်။ အချိန်က နံနက် ၄နာရီခွဲလောက်သာရှိဦးမည်။ ရာသီဥတုကလည်း အရမ်းအေးသည်။ 

“အဖေ ဘယ်သွားမှာတုန်း” 

“မင်းအမေနဲ့ ဝေးရာကွာ” 

“အမေ သနားပါတယ်” 

ကျနော့်အစ်ကို ဝင်ပြောသည်။ 

“အဲဒါဆို မင်းနေခဲ့လေ” 

ဒါပေမဲ့ ကျနော်မနေခဲ့ပါ။ ရပ်ကွက်ထိပ်ရောက်တော့ လက်ဖက်ရည်ဆိုင်က ခုံတွေခင်းနေသည်။ 

“အဖေတို့ လက်ဖက်ရည်သောက်ရအောင်” 

ကျနော်တို့ ပျော်သွားသည်။ ကျနော့်အဖေ ဘယ်ကို သွားမယ်ဆိုတာ မသိရသေးပေမဲ့ လက်ရှိ လက်ဖက်ရည်ဆိုင်မှာ မုန့်တွေစားရတော့မယ်ဆိုတာကြောင့် ပျော်သွားခြင်းဖြစ်၏။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတော့ ကျနော်တို့ တဝါးဝါးသမ်းနေသည်။ ပြောရရင် ကလေးသဘာဝ ပြန်အိပ်ချင်လာခြင်းဖြစ်သည်။ ကျနော့်အစ်ကိုက .. 

“အဖေ ဘယ်သွားမှာလဲ” 

တော်တော်နှင့်ပြန်မဖြေ။

ပြီးနောက် စားပွဲထိုးကို ခေါ်ပြီး .. 

“နံပြားတချပ်နဲ့ ပေါ့ဆိမ့်ပါဆယ်တခွက်ပေး” 

“ဘာလုပ်ဖို့လဲ”

“အိမ်ခဏပြန်မယ်ကွာ။ ဒီအချိန်ကားတွေလည်း မရှိသေးဘူး” 

ကျနော်ကတော့ ပျော်သွားသည်။ အိမ်ပြန်ရောက်ရင် အိပ်လို့ရပြီကိုး။ အိမ်ပြန်ရောက်တော့ .. တံခါးက အထဲက ဂျက်ထိုးထားသည်။ 

“အမေ အိပ်နေတယ်ထင်တယ်” 

“မိန်းမ .. မိန်းမ .. “ 

ကျနော့်အဖေအသံက မာနတွေကို အောက်ချထားပြီး ခေါ်နေမှန်းသိသာသည်။ ကျနော်တို့ကလည်း... 

“အမေ .. အမေ .. “ 

တံခါးပွင့်လာကာ .. 

“ဘာကျန်ခဲ့လို့လဲ”

“သားတို့အိပ်ချင်လို့ ..” 

“လာ .. အဲဒါဆို နင်တို့နှစ်ယောက်ဝင်” 

“အဖေကရော ..” 

ကျနော့်အမေက မျက်စောင်းထိုးပြီး .. 


“ဝင်ချင်ဝင် မဝင်ချင်နေ” 

အဲဒီတုန်းက ကျနော့်အဖေ တကယ်မထွက်သွားခဲ့တာက ကျနော်တို့ကြောင့်ပဲလား၊ အမေ့ကိုမခွဲနိုင်လို့ပဲလားဆိုတာတော့ ကျနော့်အဖေကိုယ်တိုင်ပဲ သိလိမ့်မည်။ ဒါပေမဲ့ .. ခပ်တည်တည်နဲ့ အထုတ်ကြီးဆွဲပြီး ဆင်းသွားလိုက်၊ တစ်နာရီလောက်နေရင် ပြန်တက်လာလိုက်နှင့် အဲဒီလိုအဖြစ်အပျက်မျိုး လေးငါးခါလောက် ကြုံပြီးချိန်မှာတော့ ကျနော့်အဖေက ကျနော့်အမေကို မခွဲနိုင်ဘူးဆိုတာ ပိုပြီးတော့ သေချာသွားတော့သည်။ အိမ်ပေါ်ကို ပြန်တက်လာတိုင်းလည်း ကျနော့်အမေကြိုက်တတ်တဲ့ နံပြားနဲ့လက်ဖက်ရည်ဝယ်ပြီး ပြန်ပြန်တက်လာခြင်းဖြစ်သည်။ 

လွန်ခဲ့သော တစ်နှစ်လောက်တုန်းက .. ကျနော့်အဖေ ဆေးရုံတက်ရသည်။ 
ဆေးရုံရောက်ကာစမှာတော့ လူက အသည်းအသန်ဖြစ်နေတော့ ကျနော်တို့မှာ နေ့လားညလား ဆိုတဲ့ စိုးရိမ်စိတ်တွေအပြည့်နှင့်ဖြစ်သည်။ တစ်ပတ်လောက်နေတော့ ထူထူထောင်ထောင်ဖြစ်လာ၏။ 
ကျနော်ရောက်သွားပြီဆိုရင် .. 

“ဟိုဘက်ကုတင်က လူကြီးက သူ့မိန်းမနဲ့ စိတ်ကောက်နေတာတဲ့။ အခု သူ့တူမတွေလာစောင့်ပေးနေတာ” 

“အဖေရယ် .. ကိုယ့်ရောဂါပဲ ကိုယ်သက်သာအောင် လုပ်ပါ” 

“အေးဆေးပါ”

“ဟိုးဘက်ထောင့်က ကောင်လေးက အူအတတ်ပေါက်တာတဲ့ မနက်ဖြန်ဆို ဆင်းရတော့မှာ” 

“ဒီတစ်ကုတင်ကျော်က လူကြီးက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ခွဲဖို့စောင့်နေတာတဲ့” 

ဆိုရရင် ဆေးရုံတခန်းလုံးက လူနာတွေရဲ့ ရာဇဝင်တွေ၊ ရောဂါတွေအကြောင်းကို ဆရာဝန်တွေထက်ပင် ပိုသိနေပုံရသည်။ 

“အဖေ .. အဲဒီလောက်ထိ မစပ်စုနဲ့လေ” 

“ငါပျင်းတယ်ကွ.. အခုနေ မင်းအမေသာရှိရင်ကောင်းမှာ” 

အဲဒီလို ပြောတော့ ကျနော်တို့မှာ စိတ်မကောင်း။ ကျနော့်အမေက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသည်။ ကျနော့်အဖေက နောက်အိမ်ထောင်ထပ်မပြု။ ရည်းစားတော့ ထားသေးသည်။ ရည်းစားဆိုလို့ ပြောရဦးမည်။ တစ်ခါသား .. ကျနော့်အဖေကို ကောင်မလေးတစ်နှင့် မုန့်ဟင်းခါးဆိုင်မှာ တွေ့သည်။ 

ကျနော့်အဖေ .. 

“ဒီမှာလေ .. ဒါ အစ်ကိုကြီးသား အလတ်ကောင်” 

သူမိတ်ဆက်ပေးသည့် ကောင်မလေးက ကျနော့်ထက်ပင် တစ်နှစ်လောက်ငယ်ဦးမည်။ ကျနော့်မှာ မျက်နှာတွေပူလိုက်တာ။ ကျနော်လည်း မုန့်ဟင်းခါးခပ်မြန်မြန်စားပြီး ဈေးလမ်းဆုံဘက် .. ထွက်လာခဲ့သည်။ ဈေးလမ်းဆုံရောက်တော့ .. အန်တီကြီးတစ်ယောက်က ကျနော့်ကို လှမ်းခေါ်သည်။ 

“သား .. မင်းအဖေ အိမ်မှာရှိလား” 

“ဗျာ..” 
“ဒီမှာ အန်တီနဲ့ချိန်းထားပြီးမလာသေးလို့” 

ဒီ အန်တီကြီးကို အိမ်ကိုမကြာမကြာခေါ်လာလေ့ရှိတာကြောင့် ကျနော်တို့က အဖေတွဲနေတဲ့သူလို့ လက်ခံထားတဲ့ အန်တီဖြစ်နေသည်။ မုန့်ဟင်းခါးဆိုင်နဲ့ ဈေးလမ်းဆုံက လမ်းလျှောက်သွားရင်တောင် ၃မိနစ်လောက်သာ သွားရသည်။ ဟိုဘက်မုန့်ဟင်းခါးဆိုင်မှာ ကောင်မလေးတစ်ယောက်နှင့် ထိုင်နေတာကိုသာ ဒီအန်တီသိရင် ပြဿနာတွေ ကြီးတော့မည်။ ဒါကြောင့် ကျနော့်မှာ ကြားထဲက လိမ်လိုက်ရသည်။ 

“မနက်ကတော့ ဘုန်းကြီးကျောင်းသွားမယ်ပြောသွားတာပဲ” 

“အော် ..အေးပါ.. အေးပါ .. ဖုန်းဆက်တာလည်းမကိုင်လို့” 

“သီလယူနေလို့ထင်တယ်”

အိမ်ရောက်တော့ မနည်းပြောရသည်။ နောက်တွဲတဲ့ကောင်မလေးကို ဖြတ်ပစ်ဖို့။ အဲဒီတော့ ကျနော့်အဖေက ဘာပြောလဲဆိုတော့ .. 

“ငါက ဖြတ်ချင်ပါတယ်ကွာ .. သူကိုက ငါမှငါဖြစ်နေတာကွ” 

“ဟွန်း .. အမေ့ကိုလည်း အားနာဦးနော်” 

ကျနော့်မိန်းမက ဝင်ပြောတော့ .. သူ့အကြည့်က ဘုရားစင်အောက်က ကျနော့်အမေ ဓာတ်ပုံဆီရောက်သွားကာ .. 

“မင်းအမေသာရှိရင် ငါဒီလို ကဲဖြစ်မှာမဟုတ်ပါဘူးကွာ” 

အချို့အခြေအနေတွေကို ကျနော်တို့လည်း နားလည်သောကြောင့် ဆက်တော့မပြောတော့ပေ။ ဒါပေမဲ့ သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာတော့ ရောဂါဝေဒနာခံစားနေတဲ့ကြားထဲကပင် .. သူ့ရည်းစားကောင်မလေးကလည်း မကြာမကြာသတင်းလာမေးသည်၊ ကျနော်တို့တရားဝင်ခွင့်ပြုပေးပြီးတွဲနေတဲ့ အန်တီကလည်းလိုလေသေးမရှိအောင် လာပြုစုသွားခဲ့သေးသည်။ အခုတော့ .. အဖေများနေ့ ရောက်တိုင်း ကျနော်တို့ ကန်တော့စရာ အုတ်ဂူလေးသာ ကျန်ရစ်ခဲ့တော့သည်။          ။

ခြူသစ်မောင်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..