
၅။
ကျောင်းဆရာ ကိုချစ်ဖေ တစ်ယောက် အုန်းမောင်အိမ် ညဘက် အလည်သွားလို့ အုန်းမောင်မယား တစ္ဆေမ မယ်ဆုံက ခြောက်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းက တရွာလုံး ဟိုးဟိုးကြော်သွားတယ်။
ကျောင်းဆရာခမျာ ၃ရက်လောက် ဖျားသွားတယ်ဆိုပဲ။ နောင်ဆို အုန်းမောင်ကို လမ်းမှာတွေ့ရင်တောင် ကျောင်းဆရာတစ်ယောက် မနုတ်ဆက်ရဲတော့ဘဲ၊ မျက်နှာလွှဲသွားရသတဲ့။ အုန်းမောင်အိမ်ဘက်လည်း ကိစ္စရှိတောင် မသွားရဲတော့ဘူးပေါ့။
အုန်းမောင်ကတော့ ပုံမှန်ပါပဲ။ လယ်ထဲ ဆင်းချိန်ဆင်း၊ ဈေးဝယ်စရာရှိရင် ရွာထဲက ဒေါ်ဂျက် ကုန်စုံဆိုင်လာဝယ်၊ လမ်းမှာ တွေ့သမျှကို ခါတိုင်းလို ပြုံးပြုံးရယ်ရယ် နုတ်ဆက်ပေါ့။
ဒါပေမဲ့ အုန်းမောင်အိမ်မှာ တစ္ဆေမ မယ်ဆုံ ရှိနေတာကို သိကြတဲ့ ရွာသူရွာသားတွေက အုန်းမောင်နဲ့ မဆက်ဆံချင်ကြဘူး။ အုန်းမောင်လာတာ မြင်တာနဲ့ မျက်နှာလွှဲတာတို့ ၊ လုပ်စရာ တစ်ခုခုရှိလို့ အိမ်ထဲဝင်သွားတာတို့ စသဖြင့် ခပ်ရှောင်ရှောင် လုပ်လာကြတယ်။
တစ်ခါကနေ နှစ်ခါတော့ အုန်းမောင်က သူ့ကို ရှောင်ကြတယ်ဆိုတာကို သတိမထားမိပါဘူး။ နောက် အကြိမ်ကြိမ်ဆိုလာတော့ အုန်းမောင် ရိပ်စားမိလာတယ်။သူ့စိတ်ထဲ လူတွေ ဘာဖြစ်လို့ ငါ့ကို ရှောင်ကြတာလဲပေါ့။
တစ်နေ့ ညနေ နေဝင်ရီတရော်အချိန်မှာ သူ ဈေးဝယ်စရာရှိလို့ ဒေါ်ဂျက်ကုန်စုံဆိုင်ကို အသွား၊ ရွာလယ်လမ်းမှာ ကိုဘသာဆိုသူနဲ့ မျက်နှာချင်းဆိုင် တိုးသတဲ့။
ဘသာဆိုတာက နွားအိပ်စပတ်။ နွားသဘာဝ၊ နွားအကြောင်း သိပ်နားလည်တဲ့သူ။ ရွာထဲက လူတွေ သူတို့နွား မအီမသာ တစ်ခုခုဖြစ်ရင် ဘသာကိုပဲ ခေါ်ပြီးပြကြတယ်။ ဘသာက ဘာကျွေးလိုက်ပါ၊ ဘာနဲ့ဘာနဲ့ စပ်တိုက်လိုက်ပါလို့ ပြောရင်၊ သူပြောတဲ့အတိုင်းသာလုပ်၊ အဲ့ဒီနွားက ပြန်ကောင်းလာတာပဲ။
ဘသာက အုန်းမောင်ကို စမြင်တော့ ကွက်ခနဲ မျက်နှာပျက်သွားတယ်။ အုန်းမောင်ကို ရှောင်ချင်တာနဲ့ ဘသာက နီးရာ လမ်းသွယ်ထဲ ကွေ့ဝင်မယ်အလုပ်မှာ အုန်းမောင်က...
" ဗျို့ ကိုကြီးဘသာ နေပါအုံးဗျ ၊ ကျုပ် မေးစရာလေးရှိလို့ပါ "
အုန်းမောင်က လှမ်းခေါ်နေပြီဆိုတော့ ဘသာခမျာ ရှောင်လွဲလို့ မရတော့ဘူးလေ။ သူ့ခမျာ မအီမလည်နဲ့ ရောက်တဲ့နေရာက မရွေ့ဘဲ ရပ်စောင့်နေရတော့တာပေါ့။
" အေး ဘာမေးချင်လို့လဲ အုန်းမောင် ၊ ငါ ဒွေးလေးရဲ့ နွားတစ်ကောင် သွားကြည့်မလို့ကွ "
ဘသာက သူ မအားဘူးဆိုတဲ့အကြောင်း အရိပ်အမြွက် ထည့်ပြောလိုက်တယ်။ အုန်းမောင်က ...
" ဟောဗျာ! တိုက်တိုက်ဆိုင်ဆိုင်... ကျုပ်ကလဲ ကျုပ်အိမ်က တိုင်းကျော်နဲ့ နီမ အခုတလော အစာ သိပ်မစားကြလို့ ဘာလုပ်ရမလဲလို့ ကိုကြီးဘသာကို မေးမလို့ဗျ ။ တဆိတ်ဗျာ ကိုကြီးဘသာ အားမယ့်အချိန် ကျုပ်အိမ်ဘက် တစ်ချက်လှည့်ခဲ့ပါလား။ နွားနှစ်ကောင် ညဘက်သန်းခေါင်ဆိုလဲ ခွါရှပ်ပြီး နှာမှုတ်သဗျ ၊ အကောင်တစ်ကောင်များ လာကပ်သလားမသိပါဘူး။အဲ့ဒါဗျာ ကျုပ် နွားတွေကို ကိုကြီးဘသာ လက်တွေ့လိုက်ကြည့်တော့ ဘာဖြစ်တယ် သိရတာပေါ့ "
အုန်းမောင်စကားကြောင့် ဘသာ မျက်လုံးပြူးသွားတယ်။ သူက ထစ်ထစ်ငေါ့ငေါ့နဲ့ ...
" ဟေ! မင်းအိမ်ကို လာရမယ်လား၊ မ ... မ ... ဖြစ်ဘူး ထင်တယ် "
အုန်းမောင်ကတော့ ဘသာ ဘာဖြစ်တယ်ဆိုတာ ရိပ်စားမိပုံမရဘဲ သူပြောချင်တာကိုသာ ဆက်ပြောလိုက်တယ် ...
" အေးလေ ဒီကနေ့တော့ ဒွေးလေးတို့ နွား သွားကြည့်ရအုံးမယ်ဆိုတော့ ဘယ်အားမှာလဲ ၊ မနက်ဖြန်တော့ အားပြီမို့လား ၊ လာဖြစ်အောင်သာ လာခဲ့ဗျာ ၊ ကျုပ် မယား မယ်ဆုံကို ခင်ဗျားအကြိုက် လယ်ကြွက်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ခိုင်းထားလိုက်မယ် ။ ဇေလေး(ဇေအရက်)နဲ့ဆို လိုက်မှလိုက်ပဲ "
'ကျုပ်မယားမယ်ဆုံ'ဆိုတာ ကြားတာနဲ့ ဘသာတစ် ကိုယ်လုံး ကြက်သီးဖျန်းဖျန်းထသွားတာပေါ့ ။ ချက်ချင်းပဲ ဘသာက ...
" ဟို ... ဟို ... ငါ မနက်ဖြန်လဲ မအားဘူး အုန်းမောင်။ ဟိုဘက်ရွာကို ထွန်းလှတို့နဲ့ နွားသွားဝယ်မလို့ "
ဘသာက အုန်းမောင်အိမ် မသွားချင်တာနဲ့ အကြောင်းပြရှာတယ်။ တစ်ရွာလုံးက မယ်ဆုံ တစ္ဆေမအဖြစ်နဲ့ အုန်းမောင်အိမ်မှာ ရှိတယ်ဆိုတာ ပြောနေကြတယ်မဟုတ်လား။ ဘသာလည်း ဘာကောင်မို့လို့လဲ။ သူလည်း မသွားရဲတာတော့ အမှန်။
အုန်းမောင် မျက်နှာက ကွက်ခနဲ ပျက်သွားတယ်။ ဒီလူတော့ ငါ ရိုးရိုးတန်းတန်း ခေါ်တာ မလိုက်ဘူး။ အတင်း ခေါ်မှ ဖြစ်တော့မယ်လို့များ တွေးမိလေသလားမသိ။
" ဒါဆိုလဲ ကျုပ်က ခင်များနှမ မယ်ဆုံကိုပဲ အခေါ်လွှတ်လိုက်တော့မယ်။ မယ်ဆုံက ခုဆိုမှ ခု။ ခင်များလဲ မယ်ဆုံအကြောင်းအသိသား ။ မယ်ဆုံ ကိုယ်တိုင် လာခေါ်ပါရဲ့နဲ့ ခင်များ လိုက်မလာလို့ကတော့ ... ဟင်းဟင်း"
' မြတ်စွာဘုရား ' လို့ ဘသာ ရင်ထဲကနေ တီးတိုးရေရွတ်လိုက်မိတယ်။ မယ်ဆုံကိုယ်တိုင် လာခေါ်မတဲ့။ ရပ်နေတဲ့ ခြေထောက်တွေတောင် ကြောက်စိတ်ကြောင့် ခပ်ချောင်ချောင် ဖြစ်ကုန်သလားမသိ။ ယိုင်နဲ့နဲ့ ဖြစ်သွားရှာတယ်။
ဘသာ အကူအညီရလို့ရငြား ဘေးဘီဝန်းကျင်ကို ကြည့်ပါသေးတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း အုန်းမောင်ဆို ဝေးဝေးက ရှောင်ချင်ကြတဲ့သူတွေဆိုတော့ တစ်ကောင်တစ်မြီးမှ မတွေ့ရဘူး။ စောစောကတည်းက အိမ်ထဲ အလျိုလျို ဝင်ကုန်ကြပြီလေ။
" ကဲပါဗျာ ... ကိုကြီးဘသာကလဲ ဈေးကိုင်မနေပါနဲ့။ အချင်းချင်းတွေပဲဟာ။ လာပါ ။ ဒွေးလေးရဲ့ နွားကို မနက်ဖြန်မှ ကြည့်ပေးလဲ ဖြစ်တာပဲဟာ။ ကျုပ်နွားကိုသာ အရင်လိုက်ကြည့်ပေးစမ်းပါ ။ ဒေါ်ဂျက်ဆိုင်က ဇေ ၂လုံးနဲ့ လ္ဘက်၊ ပဲလှော် ဝယ်ခဲ့ပါ့မယ်။ အိမ်ရောက်တော့ ခင်များနှမကို ကျုပ်နေ့လယ်က ရထားတဲ့ လယ်ကြွက်ကို ဆီရွှဲရွှဲနဲ့ ကြော်ခိုင်းပေးအုံးမယ်ဗျာ။ ကျုပ်တို့ ညီအစ်ကိုတွေ မဆုံတာလဲ ကြာပြီမို့လား "
အဲ့သလို မရမက ပြောလည်းပြော ၊ အုန်းမောင်က ဘသာရဲ့ လက်တစ်ဖက်ကို အတင်းဆွဲနေလေတော့ ၊ ဘသာခမျာ ယက်ကန်ယက်ကန်နဲ့ အုန်းမောင်ခေါ်ရာကို ပါသွားလေတော့တယ်။သေချာတယ်။ ဘသာ ရင်တွေ တဒိန်းဒိန်း ခုန်နေရှာမှာပဲ။
__________
၆။
အုန်းမောင်က သူ့ခြံရှေ့ ရောက်တာနဲ့ ...
" မယ်ဆုံရေ ... ကိုကြီးဘသာ ပါလာတယ်ဟေ့ ။ တိုင်းကျော်နဲ့ နီမ နေမကောင်းတာ ကြည့်ပေးမလို့တဲ့ဟ"
တစ်လမ်းလုံး မြဲမြဲကိုင်လာတဲ့ ဘသာလက်ကို လွှတ်လိုက်ပြီး အုန်းမောင်က ခြံဝိုင်းထဲ အရင် ဝင်ချသွားတယ်။ ခြံဝမှာ ဘသာခမျာ ခြံထဲပဲ ဝင်ရနိုးနိုး၊ ပြန်ပဲပြေးရနိုးနိုး နဲ့ တုံဏိဘာဝေ ဖြစ်ကျန်ခဲ့တယ်။
အုန်းမောင်က တစ်ချက်လည်ပြန်ကြည့်ပြီး ...
" ဟ ... ကိုကြီးဘသာ ဘာလုပ်နေတာလဲ ၊ လာလေဗျာ ။ ဘာလဲ ခင်များ နှမက ထွက်မကြိုလို့လား "
ဘသာ တွန့်ခနဲ ဖြစ်သွားတယ်။ ချက်ချင်းပဲ ခေါင်းတခါခါ လည်တခါခါနဲ့ ...
"ဟင်! အဲ မဟုတ်ပါဘူး ၊ ထွက်မကြိုပါနဲ့ ၊ ရပါတယ် လာပါပြီကွာ "
တဲရှေ့က ကွပ်ပြစ်ပေါ်မှာ စားပွဲဝိုင်းက အဆင်သင့်။ အံမယ် ... ပန်းကန်တွေရော ခွက်တွေပါ အသင့်တည်ထားတာပါလား။
" လာဗျာ ကိုကြီးဘသာ၊ နွားကို နောက်မှကြည့်တော့၊ အရင်ဦးဆုံး ကျုပ်တို့ တစ်ခွက်စီလောက် ကစ်လိုက်ကြရအောင် "
အုန်းမောင်က ဝယ်လာတဲ့ လ္ဘက်နဲ့အကြော်စုံကို ပန်းကန်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဇေ အရက်တစ်လုံးရဲ့ အဖုံးကို သွားနဲ့ကိုက် ဖွင့်ပစ်လိုက်တယ်။
ဘသာက ဘေးဝန်းကျင်ကို အကဲခတ်နေတယ်။ အုန်းမောင်တဲ ဝန်းကျင်မှာ တခြား လူနေတဲ မရှိဘူး။
ပြောရမယ်ဆိုရင် အုန်းမောင်ရဲ့တဲက ရွာအစွန်မှာ၊ အနီးဆုံးတဲတောင် ကိုက်၃၀၀လောက် ဝေးတယ်။ အုန်းမောင်ရဲ့ ခြံနံဘေးမှာ ဆူးခြုံတွေ ၊ ပဒိုင်းပင်တွေ တောထနေတာကလွဲရင် ဘာမှ မရှိဘူး။
အုန်းမောင်ရဲ့ ခြံထဲမှာ ဗူးစင် တစ်စင်နဲ့ ခရမ်းပင်တွေ စိုက်ထားတယ်။ ခရမ်းပင်တွေက ခြောက်နေသလို၊ ဗူးပင်အနွယ်တွေကလည်း ဝါဖန့်နေတာမြင်တော့ အုန်းမောင် အပင်တွေကို ရေမလောင်းဘူးလို့ ခန့်မှန်းလိုက်မိတယ်။
တဲအနောက်မှာက ရေတိုင်နဲ့ နွားတဲ ရှိတယ်။ အဲ့ဒီတော့ နွားတွေကို အခုထိုင်တဲ့ ကွပ်ပြစ်ကနေဆို မမြင်နိုင်ဘူး။ နွားတွေရဲ့ လှုပ်ရှားသံလည်း မကြားရဘူး။
ငှဲ့ထားတဲ့ အရက်ခွက်တစ်ခွက်ကို အုန်းမောင်က ဘသာဘက်ကို တိုးပေးလိုက်ပြီး ...
" အဟီး လ္ဘက်ကို ဆီဆမ်းဖို့ မေ့နေတာ၊ မယ်ဆုံရေ ... လ္ဘက်ထဲ ဆီဆမ်းဖို့ ဆီပုလင်းလေး ယူခဲ့ပါကွာ "
မယ်ဆုံဆိုတဲ့အသံကြားတိုင်း ဘသာခမျာ မျက်နှာလေး ကြုံ့ဝင်သွားလိုက်တာ ဇီးရွက်လောက်ရှိတော့သလား အောက်မေ့ရတယ်။
မယ်ဆုံကိုများ ဆီပုလင်းနဲ့ ထွက်လာမှာ မြင်ရရင် သူ လိပ်ပြာလွင့်သွားလိမ့်မယ်ထင်တယ်။
ဒါပေမဲ့ မယ်ဆုံက ထွက်မလာပါဘူး။ အဲ ... တဲအတွင်းက ပုလင်းချင်းထိခတ်သံလိုလို ဘာလိုလိုတော့ ဘသာ နားနဲ့ ဆက်ဆက်ကြားလိုက်ရတယ်။
" မယ်ဆုံက သိပ်နေမကောင်းချင်ဘူး။ ညတိုင်း ကျုပ်က နင်းနှိပ်ပေးနေရတယ်။ ကဲပါလေ ဆီပုလင်းကို ကျုပ်ပဲ သွားယူလိုက်ပါ့မယ် "
အုန်းမောင် တဲထဲဝင်သွားတယ်။ တဲထဲက တီးတိုးစကားသံအချို့ ကြားလိုက်ရပြန်တယ်။ ဘသာ ကြားရတာတော့ အုန်းမောင်ရဲ့ အသံတစ်ခုတည်းပဲ။ ဒါပေမဲ့ အုန်းမောင်အသံက မယ်ဆုံနဲ့ ပြောနေသလိုပဲပေါ့။
ခဏကြာတော့ ဆီပုလင်းကို အုန်းမောင် လက်ကကိုင်ပြီး ပြန်ထွက်လာတယ်။ သူ့မျက်နှာက ပြုံးလို့ရွှင်လို့။
" ခင်များနှမက အလိုက်သိပါတယ်ဗျ ။ ခင်များ ပါလာတယ်ဆိုလို့ ကျုပ်နေ့ခင်းက ထိုးလာတဲ့ လယ်ကြွက်ကို ကြော်ပေးနေတာ "
ကြောက်နေတဲ့ ဘသာက ကိုင်ထားတဲ့ အရက်ခွက်ကို တဘရိတ်တည်း ကောက်မော့ပစ်လိုက်တယ်။ အုန်းမောင် ပြောသလိုပဲ၊ တဲထဲက မီးဖိုက တရှဲရှဲနဲ့ ကြော်လှော်နေတဲ့ အသံကို သူ ကြားလိုက်ရတာကိုး။
အဲ့ဒီတော့ သူလည်း ကြောက်ကြောက်နဲ့ အရက်ခွက်ကို မော့ချပစ်လိုက်ပုံပဲ။
အဟုတ်ကို တဲထဲက ငရုတ်သီးနဲ့ကြွက်ကြော်နေတဲ့ ရနံ့မွှေးမွှေးက တဲရှေ့ကွပ်ပြစ်တိုင်အောင် လွင့်ပျံလာတယ်။ ဘသာ ကတုန်ကရင်နဲ့
" ထည့်ကွာ နောက်တစ်ခွက် ၊ ငါ သောက်မှ ဖြစ်မယ် "
အုန်းမောင်က အရက်ချည်း ရေမခံဘဲ သောက်သွားတဲ့ ဘသာကို မျက်လုံးပြူး ကြည့်ရင်း နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်တယ်။
" ရေမရောတော့ဘူးလား ကိုကြီးရ။ ပြီးတော့ လ္ဘက်မြည်းအုံးလေဗျာ"
ဘသာက သူ့ခွက်ထဲ အရက် ထပ်ဖြည့်ပြီးတာနဲ့ ခုဏကလိုပဲ တဘရိတ်တည်း ထပ်မော့လိုက်ပြန်တယ်။ ပြီးတော့ လူက ထူပူသွားသလိုနဲ့ ရှေ့က လ္ဘက်ပန်းကန်ထဲက လ္ဘက်အနည်းငယ်ကို ကောက်ဝါးလိုက်တယ်။ အရက်သာ နှစ်ခွက် ဝင်သွားတာ ဘသာရဲ့ ကြောက်စိတ်ကို အရက်က မနိုင်သေးဘူး။ အဲ့ဒီတော့ ဘသာခမျာ ဝမ်းထဲသာ အရက်ကြောင့် ပူသွားတာ၊လူက မမူးသေးဘူး။လူက ကြောင်စီစီဖြစ်နေတယ်။
အုန်းမောင်က တစ်ခွက် မကုန်သေးဘူး။ ဘသာက နှစ်ခွက်သောက်ပြီးသွားပြီ။
သူတို့ အရက်သောက်နေကြဆဲမှာပဲ တဲထဲက ကြော်တဲ့လှော်တဲ့ အသံတွေ ငြိမ်သွားပြီ။ ဇွန်းသံ၊ပန်းကန်သံတွေ ထပ်ကြားရပြန်တယ်။
အရက် ဝင်ထားတဲ့ ဘသာက နည်းနည်းတော့ ရဲကိုးသွားဟန်တူတယ်။ဘသာက ...
" ကြွက်ကြော် ရပြီနဲ့တူတယ် "
အုန်းမောင်က ခွက်ထဲက လက်ကျန်အရက်ကို စွပ်ခနဲ မော့လိုက်ပြီး ...
" အင်း ရလောက်ပြီ ၊ မယ်ဆုံရေ ကြွက်ကြော်ရရင် လာချပါဟ "
တဲထဲက ကြမ်းနင်းသံ တကျွီကျွီ ထွက်လာတယ်။ လူတစ်ယောက် ကြမ်းဝါးကို နင်းလာတဲ့အသံပဲ။ ဒါပေမဲ့ အသံသာကြားရတာ မယ်ဆုံကတော့ ထွက်မလာပါဘူး။
" ဂွပ် ... ဖရော ... "
သံပန်းကန်ပြားတစ်ချပ်က လျောခနဲ တဲဝ ဝါးကြမ်းခင်းကို ရောက်လာတယ်။ လူတစ်ယောက်က ပစ်ပေးလိုက်သလိုပေါ့။
အုန်းမောင်က အပြုံးမပျက် သံပန်းကန်ပြားကို လှမ်းယူလိုက်တယ်။
သံပန်းကန်ပြားထဲမှာ ငရုတ်သီးရဲရဲနဲ့ ခပ်မွမွလေး ကြော်ထားတဲ့ လယ်ကြွက်ကြော် ပူပူလေးပါလာတယ်။ ကြွက်ကြော်အပေါ် ဖြူးထားတဲ့ ဂျင်းနဲ့ကြက်သွန်ဖြူကြော်ရနံ့က သင်းသင်းလေး မွှေးနေတယ်။
တဲထဲက မှောင်နေတော့ မယ်ဆုံဆိုတာကို ဘသာ မမြင်ရဘူး။ ဒါပေမဲ့ သူက အသေအချာ ကြည့်နေတော့ ရိပ်ခနဲ လှုပ်ရှားသွားတာကိုတော့ တွေ့လိုက်ရတယ်။ မယ်ဆုံလို့တော့ အတတ်မပြောနိုင်ဘူးပေါ့။
အုန်းမောင်က သူ့ခွက်ထဲရော ဘသာရဲ့ ခွက်ထဲပါ အရက်တွေ ဆတူ လောင်းထည့်ပေးလိုက်ပြီး ...
" ချ ကိုကြီးဘသာ ၊ ဒါ ဒီကနေ့ နေ့လယ်ကမှ ရလာတဲ့ လယ်ကြွက်ဗျ။ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး။ ဗိုက်အဆီပြင်သာ ကြည့်တော့ဗျို့ "
ဘသာက အုန်းမောင်မျက်နှာကို သေချာ အကဲခတ်တယ်။ သူ တစ်ခုခု ပြောချင်နေသလိုပဲ။ သူ့ကြည့်ရတာ ပြောသင့်လား မပြောသင့်ဘူးလားလို့ တွေဝေနေတဲ့ဟန်လည်း ရှိတယ်။
ဘသာ ခွက်ထဲက အရက်ကို တဝက်လောက် မော့ချလိုက်ပြန်တယ်။ ပြီးတော့ အာပူသွားဟန်တူတယ်။
လယ်ကြွက်ကြော် အသားတစ်ဖက်ကို ဆတ်ခနဲ ကောက်ယူဝါးလိုက်တယ်။ အာသာပြေသွားတော့ ခုဏက အုန်းမောင်ပြောထားတဲ့ စကားကိုနင်းပြီး ...
" အုန်းမောင် ... မင်းမိန်းမ နေမကောင်းဘူးဆိုတော့ ဘာဖြစ်တာလဲ"
အုန်းမောင်က ...
" မပြောတတ်ပါဘူး ကိုကြီးရာ၊ ညဘက် ညဘက်ဆို တစ်ကိုယ်လုံး ကိုက်ခဲနေသတဲ့ ၊ နေ့တိုင်း ကျုပ်ပဲ နင်းနှိပ်ပေးနေရတယ်။ ကျုပ်က ဆေးဆရာ ပြရအောင်ဆိုတော့ သူက 'ဘာလဲ တော်က ကျုပ်ကို နင်းနိပ်ပေးနေရတာ မကြည်ဖြူတော့ဘူးပေါ့'တဲ့။ ကဲ ... မခက်လား ကိုကြီးရ "
ဘသာ စဉ်းစားလိုက်တယ်။ ဒါ မယ်ဆုံဆိုတဲ့ နာနာဘာဝက တမင်သက်သက် အုန်းမောင်ကို လှည့်ဖြားနေတာဖြစ်လိမ့်မယ်လို့ တွေးမိလေတော့ ...။
" ဒီလိုလုပ်ပါ့လား အုန်းမောင်။ တို့ ရွာတောင်ဖျားက ဆရာကြီးဦးအံ့ဆီမှာ ဆေးကောင်းဝါးကောင်း ရှိသမို့လား။ မင်း ဆရာကြီးဆီ သွားပြီး မင်းမိန်းမဖြစ်ပုံကို အကျိုးအကြောင်းပြောပြီး ဆေးတောင်းကြည့်ပါ့လား "
ဘသာရဲ့စကားအဆုံး ...
" ဒုန်း ! "
တဲထဲက ခြေဆောင့်သံကြီး ထွက်လာတယ်။ အုန်းမောင်ရော ဘသာပါ လန့်သွားကြတယ်။ အသံက တော်တော် ကျယ်တာကိုး။
ဘသာ ပြောတဲ့ ဆရာကြီးဦးအံ့ဆိုတာက ဗိန္ဓောဆေးသမားတော်သာမက လောကီဆရာ(အထက်လမ်းဆရာ) တစ်ဦးလို့လည်း နာမည်ကျော်တယ်။ ဒါကို တဲထဲက တစ္ဆေမ မယ်ဆုံက ကြားတော့ မနှစ်မြို့ပြီး ဒေါသထွက်ဟန်တူပါတယ်။အိမ်ကြမ်းခင်းကို ခြေနဲ့ ဆောင့်လိုက်တာ တဲတောင် တုန်သွားသလားပဲ။
အုန်းမောင်လည်း ချက်ချင်း မျက်နှာပျက်သွားတယ်။ ခုဏက ဖေါ်ရွှေတဲ့ အပြုံးတွေ ပျောက်သွားပြီး မျက်နှာက ရှုသိုးသိုး ဖြစ်သွားတာကို ဘသာ မြင်လိုက်တယ်။ ဘသာစကားကို အုန်းမောင်ကလည်း ကြိုက်ဟန်မတူဘူး။
အုန်းမောင်က သူ့သောက်လက်စ ဖန်ခွက်ထဲက အရက်လက်ကျန်ကို မော့ချလိုက်ပြီး လေသံတင်းတင်းနဲ့ ...
" ကဲ ... ခင်များလဲ သောက်စရာရှိတာ သောက်ဗျာ၊ ပြီးရင် နွားသွားကြည့်ကြရအောင်"
ဘသာခမျာ ဆက်ပဲသောက်ရနိုးနိုး ၊ နွားပဲ ထကြည့်ရနိုးနိုး ဖြစ်သွားရှာတယ်။
ဒါနဲ့ သူလည်း အရက်ကို မော့ချလိုက်ပြီး ၊
" အေး ဒါဆိုလဲ ငါတို့ နွားသွားကြည့်ကြတာပေါ့ " ဟုဆိုကာ မတ်တတ်ထကာ ပုဆိုးကို ပြင်ဝတ်လိုက်တယ်။
ဘသာစိတ်ထဲ မြန်မြန်ကြည့် မြန်မြန်ပြန်တာ သူ့အတွက် ပိုအန္တရာယ်ကင်းမယ်မဟုတ်လား။
အုန်းမောင်က တဲရဲ့ညာဘက်ကနေ ပတ်ပြီး နွားတဲရှိရာကို ခေါ်သွားတယ်။ ညာဘက်ဆိုတာက အိမ်ရဲ့ ခေါင်းရင်း။ အဲ့ဒီတော့ ပွင့်နေတဲ့ တဲပြတင်းကနေ တဲထဲကို ခပ်ရေးရေး မြင်နိုင်တယ်။
ဘသာက စပ်စပ်စုစုနဲ့ တဲထဲကို လှမ်းကြည့်လိုက်တယ်။ အသံမထွက်ဘဲ၊ ' အောင်မယ်လေး ! မြတ်စွာဘုရားကြီး ကယ်ပါ 'လို့ စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။
သူ မြင်လိုက်ရတာက အမှောင်ထဲမှာ ကျောပေးထိုင်နေတဲ့ မိန်းမတစ်ယောက်။ ဆံပင်တွေ ဖါးလျားချထားတယ်။ ကောက်ကြောင်းကြည့်ရတာတော့ သေသွားတဲ့ မယ်ဆုံခန္ဓာကိုယ်လိုပဲ။
အုန်းမောင် ပြောသလို မယ်ဆုံ တကယ်ပဲ မသေတာလားလို့တောင် သူ သံသယဖြစ်မိသွားတယ်။
သူ ကြည့်နေတာများ မယ်ဆုံက သိသွားသလား မသိဘူး။ ရုတ်တရက် မတ်တတ်ထရပ်ပြီး ပိုပြီး အမှောင်ကျတဲ့ တဲအတွင်းဘက်ကို ရွေ့သွားတယ်။
အဲ့ဒီမှာ ဘသာ ကြက်သီးမွေးညင်းတွေ ဖျန်းဖျန်းထသွားတယ်။ ဘာလို့လဲဆို မယ်ဆုံက လမ်းလျှောက်သွားတာနဲ့ မတူဘူး။ လေတိုက်လို့ လွင့်သွားတဲ့ အဝတ်စလို ရွေ့သွားတာမို့လို့ပဲပေါ့။
" လာလေဗျာ ... ဘာရပ်လုပ်နေတာတုန်း "
အုန်းမောင်က လှမ်းခေါ်တော့မှ ဘသာ သတိ ဝင်လာပြီး တဲအနောက်က နွားတဲဆီကို ခပ်သုတ်သုတ် လှမ်းလာခဲ့လိုက်တော့တယ်။
ဘသာစိတ်ထဲမှာ ' တဲထဲမှာ ဘာလို့ မီးအိမ်မထွန်းတာပါလိမ့်'လို့ စနိုးစနှောင့် ဖြစ်သွားတယ်။
နွားတဲမှာ မီးအိမ်တခု ထွန်းထားတယ်။ ဘသာ နွားတဲထဲ ခြေချလိုက်တော့ နွားနှစ်ကောင်ရဲ့ အခြေအနေကို မြင်တွေ့သွားတယ်။
" ဟင်! မင်းနွားတွေ အစာမကျွေးဘူးလား အုန်းမောင် "
နွားတွေက ပိန်လှီပြီး အရိုးပေါ်အရေတင် ဖြစ်နေကြတယ်။ အစာလည်း စားကြဟန်မတူဘူး။ နွားစားခွက်ထဲမှာတော့ အစာတွေ ထည့်ထားတာတွေ့တယ်။
" ဟာ မကျွေးဘဲလား ၊ ကျွေးတယ်၊ သူတို့က မစားတာ ၊ အဲ့သလို အစာမစားလို့ ခင်များကို ခေါ်ပြတာပေါ့၊ ဘာဖြစ်သလဲ ကြည့်ပေးပါအုံး "
နွားတွေက ပိန်ချုံးနေကြတယ်။ မျက်လုံးတွေတောင် အရောင်မွဲနေကြပြီ။ သူတို့ကြည့်ရတာ တစ်ခုခုကို ကြောက်ရွံနေကြသလိုပဲ။ အုန်းမောင်ကိုတော့ သူတို့သခင်မှန်း သိကြဟန်တူတယ်။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ကြဘူး။ လိုအပ်တာထက် ပိုငြိမ်နေကြတာတခုပဲ။
နွားနှစ်ကောင်ကို ဘသာက သေချာ စစ်ဆေးတယ်။ အုန်းမောင်က မီးအိမ်နဲ့ ဘေးကနေ လိုက် ပြပေးတယ်။
နွားပေါင်ခြံကို ဘသာက ငုံ့ကြည့်ပြီး ....
" ဝေါ့ ... ထွီ "
ဘသာ အံချတော့မလိုတောင် ဖြစ်သွားတယ်။ နွားရဲ့ အတွင်းဘက်ပေါင်မှာ အနာကြီးဖြစ်နေတယ်။ အနာက ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး။ပုပ်စော်တွေနံနေတဲ့အပြင် အနာက လောက်တောင်ကျနေပြီ။ ထူးခြားတာက နွားနှစ်ကောင်လုံး အနာက တစ်ပုံစံတည်းပဲ။
" ဒါ ဆေးအုံမှ ရမှာကွ၊ ပြီးတော့ မင်းနွားတွေ ဆေးကျွေးရမယ်။ အနာကြောင့် သူတို့ အစာမစားတာ "
ဘသာက ဆေးတွေ နာမည်ပြောပြတယ်။ ဒါမှမသက်သာရင် တစ်ပါတ်တစ်ခါ သူတို့ ရွာကို လာတတ်တဲ့ တိမွေးကု ဆရာဝန်ကို ပြကြည့်ဖို့ အကြံပေးတယ်။
အဲ့ဒီအချိန် တဲထဲက အိုးခွက်ပန်းကန်တွေ ကျကွဲသံကို သူတို့ ကြားလိုက်ရတယ်။
ဘသာက လူနေတဲဘက်ကို လှမ်းကြည့်လိုက်တော့ အုန်းမောင်က မျက်စိမျက်နှာပျက်နဲ့ ...
" ဘာမှမဟုတ်ဘူး ၊ ကြောင်တိုးတာနေလိမ့်မယ်၊ နေပစေ ဂရုစိုက်မနေနဲ့ ၊ ကဲ ဒါဆိုလဲ ခင်များပြောသလို လုပ်ကြည့်မယ်ဗျာ။ မသက်သာတော့ ဆရာပြကြည့်တာပေါ့ ၊ လာ ပြန်ကြစို့ "
အုန်းမောင်က ရှေ့က လျှောက်သွားတယ်။ ခုဏ လာစဉ်ကလိုပဲ တဲရဲ့ခေါင်းရင်းဘက်က ပြန်လာတော့ ဘသာ တစ်ခု သတိထားမိလိုက်တယ်။ ခုဏက ပွင့်လျက်သား ရှိတဲ့ တဲရဲ့ ပြတင်းတံခါးက အခု စေ့နေအောင် ပိတ်ထားလိုက်ပြီ။အဲ့ဒီတော့ အထဲကို မမြင်နိုင်တော့ဘူး။
ဘသာရဲ့ စိတ်ထဲ တံခါးပိတ်လိုက်တာလည်း ခပ်ကောင်းကောင်းလို့ တွေးလိုက်မိတယ်။ မတော် သူကတဲထဲကို လှမ်းအကြည့်နဲ့ တစ္ဆေမမယ်ဆုံကို ထင်ထင်ရှားရှားကြီး မြင်လိုက်ရရင် နေရာတင် အသက်ထွက်သွားနိုင်တယ်မဟုတ်လား။
အုန်းမောင်က ခြံတံခါးဝအထိ လိုက်ပို့ပေးပြီး ...
" ကဲ ကိုကြီးဘသာ ... ကျုပ် လိုက်မပို့တော့ဘူး။ တဲထဲမှာလဲ မယ်ဆုံတစ်ယောက်တည်း။ သိပ်လဲ နေကောင်းတာမဟုတ်ဘူး "
" အေးပါ ... ဒါဆိုလဲ ငါပြန်မယ် အုန်းမောင် "
ဘသာက အုန်းမောင်ကို နုတ်ဆက်ပြီး ပြန်တယ်။အုန်းမောင်ရဲ့ ခြံက ထွက်တာနဲ့ ဘသာစိတ်ထဲ အတော် လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။
ရွာထဲလမ်းမှာ လူခြေတိတ်နေပြီ။ လမ်းပေါ် ဘသာတစ်ယောက်ပဲ ရှိတယ်။ အုန်းမောင်တို့ ခြံနဲ့ ခပ်လှမ်းလှမ်း ရောက်တာနဲ့ ဘသာ စိတ်ထဲ တစ်မျိုးကြီး ခံစားလာရတယ်။
အဲ့ဒါကတော့ သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်လာတယ်လို့ ခံစားမိနေတာပဲ။တဖပ်ဖပ်နဲ့ ခြေသံ ခပ်သေးသေးတခု သူကြားနေရတယ်။ သူ့ဖိနပ်သံလားလို့ ဇဝေဇဝါ ဖြစ်သွားသေးတယ်။ ဒါနဲ့ သူ ခြေသံကို မကြားရအောင် ခပ်ဖွဖွ လျှောက်တယ်။ဒါပေမဲ့ သူ့နောက်က တဖပ်ဖပ်နဲ့ ခြေသံက ရပ်မသွားဘူး။ ဆက်ပါလာတယ်။နောက်ကနေ လိုက်လာနေတဲ့သဘော။
သရက်ပင်ကြီးတပင် အနီးရောက်တော့ ဘသာ အသက်ကို ဝဝရှုသွင်းလိုက်ပြီး စိတ်အားကို တင်းလိုက်တယ်။ သူကသာ ခြေသံမထွက်အောင် လျှောက်နေပေမယ့်၊ နောက်က ခြေသံက ရပ်မသွားတော့ ... ဘသာ မရဲတရဲနဲ့ နောက်ကို လှည့်ကြည့်လိုက်တယ်။
" ဟင် ! ဘာမှလဲ မရှိပါလား "
သရက်ပင်ကြီး အရိပ်က ကောင်းတော့ အခြေက ခပ်ရေးရေး မြင်သာရုံလေး မှောင်နေတယ်။ ဖိနပ်သံတော့ မကြားရတော့ဘူး။ ဒါနဲ့ သူ ရှေ့ဆက်လျှောက်ဖို့ ခြေလှမ်း စလှမ်းလိုက်တယ်။
" ဝုတ်! ဝုတ်! ဝုတ်! "
" ဂဲ ... ဝုတ် ဝုတ် ဝုတ် "
လမ်းနံဘေး လူနေခြံထဲက ခွေးတစ်ကောင်က ဘာကို မြင်တယ်မသိပါဘူး။ အတင်းထိုးဟောင်တယ်။ ဘသာ ခွေးကိုကြည့်တော့ သူ့ကို ဟောင်တာမဟုတ်ဘဲ သူ့နောက်ကို လှမ်းဟောင်နေတာ တွေ့လိုက်ရတယ်။ သူ နောက်ကို လှည့်ကြည့်တယ်။ ဘာကိုမှ မတွေ့ရဘူး။ ခွေးကတော့ ဟောင်နေတုန်းပဲ။
ဘသာ ကြက်သီးတွေ ထလာတယ်။ ခွေးဆိုတဲ့သတ္တဝါက နာနာဘာဝကို တွေ့ရင် အဲ့သလို ဟောင်လေ့ရှိတယ်လို့ ကြားဖူးထားတယ်လေ။
အဲ့ဒီအချိန် သရက်ပင်ပေါ်က ငှက်ဆိုးထိုးသံကြီးကလည်း သူ့ကျောမတစ်လျှောက်လုံး အေးစိမ့်သွားစေသလို ၊ ခေါင်းမွှေးတွေပါ ထောင်ထသွားစေတယ်။
" ဟင်! ဟိုဟာ ဘာကြီးတုန်း "
ဘသာက သရက်ပင် အောက်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ ထွက်လာတဲ့ အရိပ်တစ်ခုကို မြင်လိုက်ရပြီး အံဩမှင်သက်သွားပြန်တယ်။
တဖြည်းဖြည်းနဲ့ အရိပ်မည်းကြီးက သရက်ပင်ကြီး အရိပ်လွတ်ရာကို ရွေ့လာတယ်။ အဲ့ဒီကျမှ ဘသာ တစ်ကိုယ်လုံး တုန်သွားရှာတယ်။
"ဟင်! မယ်ဆုံ ... မယ်ဆုံ "
ဟုတ်တယ် ... မယ်ဆုံ။ မယ်ဆုံဆိုပေမယ့် လူ မယ်ဆုံမဟုတ်ဘူး။ တစ္ဆေမ မယ်ဆုံ။ ဆံပင်က ဖါးလျားကြီး ၊ မျက်နှာက ဖွေးစုပ်စုပ်နဲ့ ကြောက်စရာကြီး။
ဘသာ နောင်တ ရသွားတယ်။ သူ အုန်းမောင်ကို ဆရာကြီးဦးအံ့ဆီ သွားဖို့ ပြောမိတယ်မဟုတ်လား။ ဒါကို မယ်ဆုံက မကျေနပ်လို့ သူ့နောက်ကို လိုက်လာတာ ဖြစ်လိမ့်မယ်လို့ တွေးလိုက်မိတယ်။
" ဣတိပိတော ... ဣတိပိတော ... ဘဂဝါ ... ... "
ဘသာ ဘုရားစာ ရွတ်တယ်။ဒါပေမဲ့ ဘဂဝါကနေ ရှေ့မဆက်နိုင်ဘူး။ အကြောက်လွန်ပြီး ဘုရားဂုဏ်တော်တောင် မေ့ကုန်တယ်။
နောက်ဆုံး ဘသာ ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဖိနပ်ကိုချွတ်၊ လက်ကကိုင်ပြီး အတင်းပြေးတယ်။
သူက ပြေး၊ နောက်ကလည်း တဖပ်ဖပ်နဲ့ လိုက်လာတဲ့ ခြေသံကို ဆက်တိုက်ကြားရတယ်။
ဘသာ အိမ်ရောက်ခါနီးမှာ ဘုန်းခနဲ သူ့နောက်ကျောကို ရိုက်သံကြားလိုက်ရပြီး ကျောတပြင်လုံး ကျိန်းစပ်သွားတယ်။ ဒါတင်မကဘူး ရိုက်တဲ့အရှိန်က ပြင်းတော့ လမ်းပေါ် လဲကျသွားပါတော့တယ်။
ဘသာ ချက်ချင်း မထနိုင်ဘူး။ အဲ့ဒီအချိန် ဘသာတို့ အိမ်ထဲက ခွေးက ပြေးထွက်လာပြီး လမ်းမပေါ် အတင်းထိုးဟောင်တယ်။
ခွေးဟောင်သံတွေက အဆက်မပြတ်ဆိုတော့ ဘသာတို့အိမ်ထဲက လက်နှိပ်ဓာတ်မီးရောင် ထွက်ပေါ်လာတယ်။ ဘသာရဲ့ အဖေ ဦးစီ လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်တာပဲ။ ဦးစီက သူ့သား ဘသာ လမ်းပေါ်လဲနေတာ မြင်တော့ အိမ်သားတွေပါ နှိုးလိုက်ပြီး အတင်းပြေးလာရှာတယ်။
အဲ့တော့မှ ဘသာ ဟင်းချနိုင်တယ်။ နို့မို့ဆို တစ္ဆေမ မယ်ဆုံက သူ့ကို ဘယ့်နှယ်ဆက်လုပ်နေဦးမလဲ မသိနိုင်ဘူးလေ။ ဦးစီက သူ့သားကို ထူမပေးရင်း ...
" ဘာဖြစ်လာပြန်ပြီလဲ ဘသာ၊ မင်းမလဲ ဒီအရက်ကြောင့် ခက်တယ် "
ဦးစီက သူ့သား ဘသာ အရက်မူးလွန်လာပြီး လဲတယ်ထင်နေတာ။ ဘသာက ...
" မသိဘူး အဖေရ၊ ဒီနားရောက်မှ ကျုပ်ကို နောက်ကနေ ရိုက်လိုက်သလို လဲကျသွားတာပဲ ။ အံမယ်လေး ကျောကုန်းက နာလိုက်တာ ကျွတ် ကျွတ် ကျွတ် "
ဦးစီက ဘသာရဲ့ အင်္ကျီကိုလှန်ပြီးကျောမကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။
" အောင်မယ်လေး ဘုရားရေ ၊ ကျောမမှာ လက်ငါးချောင်းရာကြီးပါလား "
ဘသာရဲ့ ကျောမမှာ ညိုမည်းနေတဲ့ လက်ငါးချောင်းရာကြီးက ထင်ထင်ရှားရှား ပေါ်နေတယ်။
" ဟင်! ဒါ... ဒါ ဆို ခုဏက ကျုပ်ကို တစ္ဆေ ရိုက်လိုက်တာပေါ့ "
ဘသာက ထထိုင်ရင်း သူ လာခဲ့သော လမ်းဘက်ကို ငေးကြည့်လိုက်ချိန် ... တိုက်တိုက်ဆိုင်ဆိုင် အနီးက ခွေးနီမက အဲ့ဒီဘက်ကို ကြည့်တဲ့ပြီး စွဲစွဲငင်ငင်ကြီး အူလိုက်တော့တာပေါ့။
" ဝူ အူး အူး "
" ဝူ အူး အူး "
တဆက်တည်း ရွာထဲရှိတဲ့ ခွေးတွေကပါ လိုက်အူကြတော့ ကြားရတဲ့သူတွေအဖို့ ရင်တဖိုဖို အသဲတလျပ်လျပ် ဖြစ်ကုန်ကြတယ်ဆိုပဲ။
(ပြီးပါပြီ)
ပီပီ၊မန္တလေး၊
၁၃၊၇၊၂၀၂၃
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ