
အပိုင်း(၇)
"ကျွန်မနာမည်ခင်ခင်၊ ကြောင်နက်ရှင်ခင်ခင်"
လုံခြုံရေးများက ခင်ခင်အားသေနတ်များဖြင့်ဝိုင်းပစ်ခတ်ကြသည်။ ဆယ်ယောက်ခန့်ရှိသော လုံခြုံရေးများလောက်နှင့် ခင်ခင်က ချွေးပင်မထွက်ပါ။ ကျောက်ဓါးမြှောင်ကလေးနှစ်ချောင်းကို လုံခြုံရေးနှစ်ယောက်၏ လည်ပင်းဆီသို့လှမ်းပေါက်လိုက်သည်။ ခင်ခင်၏ ဓါးပေါက်ချက်က အပိုအလိုမရှိ ကွက်တိ၊ လုံခြုံရေးနှစ်ယောက်၏ လည်ဇလုပ်မှဓါးမှာဝင်သွားပြီး လည်ချောင်းနောက်ဘက်သို့တိုင် ဖောက်ဝင်နေသည်။ ကျန်သည့်လုံခြုံရေးများက စက်သေနတ်အသေးစားလေးများဖြင့် တရစပ်ပစ်ခတ်သည်။ ခင်ခင်က ကြောင်အဖြစ်ပြောင်းလဲလိုက်ပြီး ကျည်ဆန်များကို ခုန်ပေါက်ရှောင်တိမ်းလိုက်ကာ သေဆုံးသွားသည့် လုံခြုံရေးနှစ်ဦးဆီမှ ကျောက်ဓါးမြှောင်ကလေးများကိုဖြုတ်ယူလိုက်ပြီး ကျန်နေသည့်လုံခြုံရေးများကို အပြင်းအထန်တိုက်ခိုက်သည်။ ခဏအကြာတွင် လုံခြုံရေးတပ်ဖွဲ့များ အားလုံးငြိမ်သက်သွားကြကုန်သည်။
ခင်ခင်က ဧည့်ခန်းမကြီးကို ဖြတ်ကျော်လာခဲ့သည်။ ဓါတ်လှေကားကြီး၏ ဝင်ပေါက်သို့ရောက်သည့်အခါတွင်တော့ ဓါတ်လှေကားတံခါးမှာ အလိုလိုပွင့်သွားလေသည်။ ထိုအတွင်းမှ လက်နက်ကိုင်ဆယ်ဦးခန့်ထွက်လာပြီး သူနှင့်အတူ ဟုမ်းလဲပါလာသည်။ ဟုမ်းကလည်း လက်နက်ကိုင်များနည်းတူ မောင်းပြန်ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားသည်။ လက်နက်ကိုင်များက ခင်ခင့်အား သေနတ်နှင့်ချိန်ထားလိုက်ကြရာ သေနတ်တွင်တပ်ထားသည့် အနီအောက်လေဆာရောင်ခြည်လေးများက ခင်ခင်၏ နဖူးနှင့်ကိုယ်လုံးတွင် စုပြုံနေလေသည်။
"ရှင်က ကျွန်မကိုဒီလိုပုံစံနဲ့ ကြိုဆိုလိုက်တာပေါ့၊ ဟုတ်လား ဟုမ်း"
ဟုမ်းက ရယ်မောလိုက်သည်။
"ပြန်တွေ့ရတာ ဝမ်းသာပါတယ်ခင်ခင်၊ ဒါပေမယ့် ဒီတစ်ခေါက်မင်းနဲ့ပြန်တွေ့တာ ငါ့အဖို့တော့ နောက်ဆုံးအကြိမ်ဖြစ်မှာပါ"
ခင်ခင်က သူ့နှုတ်ခမ်းတွင်ပေနေသည့် သွေးစများကို လျှာဖြင့်သပ်လိုက်သည်။ ထိုသွေးစများမှာ အစောပိုင်းတုန်းက လုံခြုံရေးများနှင့်တိုက်ခိုက်ရင်း ပေကျံလာခဲ့သည့် သွေးများဖြစ်သည်။ ခင်ခင်က ထို့နောက် မထီမဲ့မြင်ပြုံးလိုက်သည်။
"ဘာလဲ ရှင်သေတော့မှာမလို့၊ နောက်ဆုံးတွေ့လိုက်ရတာမျိုးလား"
ဟုမ်းမှာ မျက်လုံးပြူးသွားသလို ဒေါသလည်းထွက်သွားသည်။
"ငါသေမှာမဟုတ်ဘူးကွ၊ ငါဟာ မကြာခင်အချိန်မှာ စူပါလူသားတစ်ယောက်ဖြစ်တော့မှာကွ၊ ဒါတင်မကသေးဘူး၊ အရာရာမှာ ပြီးပြည့်စုံတဲ့ စူပါလူသားတွေနဲ့ စစ်တပ်ကြီးတစ်ခုတည်ဆောက်အုံးမှာကွ"
ခင်ခင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"မင်းဘာရယ်တာလဲကွ"
"နေ့ခင်းကြောင်တောင်ကြီးရှိပါသေးတယ်ရှင်၊ ရှင်အိပ်မက်မက်တာက စောမနေဘူးလားလို့"
ဟုမ်းက ဘာမှမပြောတော့ဘဲ သေနတ်ခလုပ်ကိုဆွဲညှစ်လိုက်သည်။ နောက်ဆုံးပေါ် ခေတ်မီမောင်းပြန်ရိုင်ဖယ်၏ ပြောင်းဝမှ ကျည်ဆန်ပူပူတွေက အရှိန်အဟုန်နှင့်ပြေးဝင်လာသည်။ ဟုမ်းပစ်ခတ်လိုက်သည့်အခါ သူနှင့်အတူပါလာသည့် ကြေးစားစစ်သားများမှာလည်း လိုက်လံပစ်ခတ်ကြသည်။ သူတို့က ခင်ခင်၏ ခေါင်းနှင့်ကိုယ်လုံးကိုချိန်ထားသော်လည်း ခင်ခင်က ကြောင်တစ်ကောင်အဖြစ် ရုတ်ချည်းပြောင်းလဲသွားသည့်အခါ သူတို့ပစ်ခတ်သည့်ပစ်ချက်များမှာ လွဲမှားကုန်တော့သည်။ ခင်ခင်က သူနှင့်အနီးဆုံး ကြေးစားစစ်သားတစ်ဦးဆီသို့ ပြေးဝင်လိုက်ပြီး လည်ပင်းနှင့်ရင်ဘတ်အား ဓါးမြှောင်နှစ်ချောင်းဖြင် တစ်ပြိုင်နက်တည်း ထိုးသွင်းလိုက်သည်။ ထို့နောက် ထိုကြေးစားစစ်သား၏ ခန္ဓာကိုယ်အား အကာအကွယ်ပြုလျှက် ကျန်နေသည့် ကြေးစားစစ်သားများထံသို့ တိုးဝင်သွားသည်။
ကြေးစားစစ်သားများမှာ ခင်ခင်၏ လျှင်မြန်လှသည့် ဓါးချက်များအောက်တွင် ကစဉ့်ကလျားကျဆုံးကုန်သည်။ ကျောက်ဓါးကလေးများမှာ အသွားသိပ်မထက်လှသော်လည်း ကျောက်ချွန်ကလေးများမှာ အလွန်ချွန်ထက်နေသည့်အတွက် ထိုးစိုက်တိုက်ခိုက်ရသည်။ ဓါးနှစ်လက်နှင့်မို့ တိုက်ခိုက်ရတာပိုပြီးမြိုင်ဆိုင်လှသည်။ ကြေးစားစစ်သားများ၏ အားနည်းချက်၊ ဟာကွက်များကိုတိုက်ခိုက်ပြီး သူတို့လဲကျသွားတော့မှ ရင်ဝကို ဓါးနှင့်ထိုးစိုက်လိုက်သည်။
"ငါ့အဖေနဲ့ ငါ့ဦးလေးကို ဒီဓါးနဲ့နှလုံးသားကိုထိုးခဲ့သလိုမျိုး နင်တို့ကိုလဲ ငါအဲဒီအတိုင်း စီရင်မယ်ဟေ့"
ခင်ခင်တစ်ကိုယ်လုံး သွေးတွေစိုရွှဲပြီးပေကျံနေသည်။ ခင်ခင်က ပုံမှန်သူဝတ်နေကျဝတ်စုံမဟုတ်ဘဲ မင်္ဂလာအခမ်းအနားဝတ်စုံကြီးဝတ်ဆင်ထားခြင်းဖြစ်ရာ ထိုဝတ်စုံတွင် အလှဆင်ထားသည့် ပန်းပွင့်များမှာအကုန်သွေးရောင်စွန်းပေလျှက် နီရဲနေလေသည်။ နောက်ဆုံးကြေးစားစစ်သားသေဆုံးသွားပြီးသည့်အခါ ခင်ခင်က ဟုမ်းကိုလှမ်းကြည့်လိုက်သည်။ ဟုမ်းက သူ့လက်ထဲမှသေနတ်ဖြင့် ခင်ခင်အားတရစပ်ပစ်ခတ်လိုက်သည်။ ခင်ခင်က အေးအေးလူလူပင် ခုန်ပေါက်ရှောင်တိမ်းလိုက်သည်။ ဟုမ်းလက်ထဲမှ သေနတ်မှာ ကျည်ဆံကုန်သွားသဖြင့် တချောက်ချောက်နှင့် အသံမြည်နေသည်။ ဟုမ်းကလည်း အံ့သြစွာနှင့် ခင်ခင်ကိုကြည့်နေသည်။
"ကျွန်မကို ဒီ သေနတ်သမားလေးဆယ်ယောက်လောက်နဲ့ ရှင်တားဆီးနိုင်မယ်လို့ ထင်လို့လား"
"မထင်ပါဘူးကွာ၊ ငါကလည်း မင်းအတွက်ပြင်ဆင်ထားပြီးသားပါ"
ဟုမ်း၏ လက်တစ်ဖက်ကလှုပ်ရှားသွားပြီး သူ့ခါးမှလက်ပစ်ဗုံးတစ်ခုကိုဖြုတ်ကာပစ်လိုက်သည်။ ခင်ခင်က ထိုလက်ပစ်ဗုံးကိုကြည့်လိုက်မိစဉ် ထိုလက်ပစ်ဗုံးမှာ ပေါက်ကွဲသွားပြီး အလွန်လင်းလက်နေသည့် အလင်းတန်းများထွက်ပေါ်လာသည်။ ခင်ခင်၏မျက်လုံးများမှာ စူးရှသည့်အလင်းရောင်များကြောင့် ဘာမှမမြင်ရတော့ဘဲ ပြာနှမ်းသွားသည်။ ခင်ခင်လည်း ကြောက်ကြောက်ဖြင့် အနောက်သို့ ကျွမ်းသုံးလေးပတ်ထိုးပြီး ရှောင်တိမ်းလိုက်သည်။
"အဲဒါ စိန်ရောင်ခြည်လို့ခေါ်တဲ့ လက်ပစ်ဗုံးပဲခင်ခင်၊ မင်းအတွက် ငါ့ရဲ့ပထမဆုံးလက်ဆောင်ပေါ့"
ဟုမ်းအသံကို သူကြားနေရသည်။ ဟုမ်းက သေနတ်နှင့်ပစ်မည်စိုးသဖြင့် ခင်ခင်က ခုန်လွှားနေမိသည်။
"ဟား၊ ဟား၊ မပူပါနဲ့ကွာ၊ မင်းအတွက် ငါ့လက်ဆောင်တွေအများကြီးရှိပါသေးတယ်"
ထို့နောက် ဟုမ်းထွက်ပြေးသွားသည့် ခြေသံများကိုကြားလိုက်ရသည်။ မကြာခင် ခင်ခင်၏မျက်လုံးထဲ ပုံရိပ်များဝိုးတဝါးနှင့် ပြန်ပေါ်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဟုမ်းကိုမတွေ့ရတော့ သို့သော် ဓါတ်လှေကားကြီးကတော့ ရွှေ့လျားနေသည်ကိုတွေ့လိုက်ရသည်။ ခင်ခင်လည်း ဓါတ်လှေကားတံခါးဆီသို့ပြေးလာပြီး စေ့စေ့ပိတ်နေသည့် ဓါတ်လှေကားတံခါး ကြားကို ကျောက်ဓါးချွန်ကလေးဖြင့် ထိုးသွင်းကာ ကလန့်လိုက်သည်။ လက်တစ်ကိုင်စာပေါ်သည့်အခါတွင် ဓါတ်လှေကားတံခါးနှစ်ချပ်ကို လက်အားဖြင့်ဆွဲဖွင့်လိုက်သည်။ ဓါတ်လှေကားတံခါးကြီးပွင့်သွားပြီး အတွင်းတွင် ဓါတ်လှေကားအား ချီမသည့် ကြိုးများကိုတွေ့လိုက်ရသည်။ ခင်ခင်က အောက်သို့ငုံ့ကြည့်လိုက်ရာ ဓါတ်လှေကားကြီးက အောက်သို့ဆင်းသွားသည်ကိုမြင်လိုက်ရသည်။ ထို့ကြောင့် အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှုပြီး ဓါတ်လှေကားအိမ်ကြီးထဲသို့ ခုန်ချလိုက်တော့သည်။
"ဒုန်း"
ဓါတ်လှေကားအိမ်ကြီးပေါ်သို့ ကြောင်ကျကျသည်။ ထို့နောက် ဓါတ်လှေကားအိမ်၏ အပေါ်မှအပေါက်ကို ဖွင့်ရန်ကြိုးစားနေမိသည်။ ထိုအချိန်မှာပင် ဓါတ်လှေကားကြီးက သိမ့်ခနဲတုန်ခါသွားပြီးနောက် ရပ်တန့်သွားလေသည်။ ဟုမ်းလည်း ဓါတ်လှေကားအပေါ်သို့ ပြုတ်ကျသည့်အသံနှင့် မျက်နှာကျက်မှအပေါက်ကို တဂျစ်ဂျစ်နှင့်ဖွင့်နေသည့်အသံကို ကြားလိုက်ရပြီး ခင်ခင်လိုက်လာမှန်းသိလိုက်သည်။ ဓါတ်လှေကားကို အနက်ရှိုင်းဆုံး ဆယ်ထပ်မြောက်တွင်ရပ်လိုက်ပြီးနောက် ဓါတ်လှေကားအတွင်းမှပြေးထွက်လိုက်သည်။
"မင်းကိုဒီအတိုင်းမထားဘူးခင်ခင်၊ မင်းအပေါ်ကိုပြန်တက်သွားပေတော့၊ အပေါ်က မျက်နှာကျက်နဲ့ ညပ်ပြီးသေပေတော့"
ဟုမ်းက ဓါတ်လှေကားအတွင်းမှမထွက်ခင် ဓါတ်လှေကားကို အပေါ်ဆုံးထပ်သို့ပြန်နှိပ်လိုက်သည်။ ဓါတ်လှေကားမှာ တဖြည်းဖြည်းပြန်တက်လာသည်ကို ခင်ခင်လည်းရိပ်မိလိုက်သည်။ ထို့ကြောင့် ကျောက်ဓါးဖြင့်အားကုန်စိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် ထိုတံခါးပေါက်သေးသေးကလေးထဲသို့ ခုန်ဝင်လိုက်ပြီး ဓါတ်လှေကားအတွင်းသို့ဆင်းလိုက်သည်။
ခင်ခင်ဆယ်ထပ်မြောက်ကိုရောက်သောအခါ ဘယ်သူမှမတွေ့ရပေ။ ခင်ခင်လည်း သတိကြီးစွာထားပြီး သေချာထွက်လာခဲ့သည်။ ဆယ်ထပ်မြောက်က မြေအောက်ရှိအနက်ဆုံးအထပ်ဖြစ်ပြီး ထိုနေရာတွင် ကုန်ပစ္စည်းများကိုသိုလှောင်ထားသည်ကိုတွေ့ရသည်။ ခင်ခင်လာရင်း တစ်နေရာအရောက်တွင် ပိလုံနှင့် ဘွားခနဲသွားတွေ့ကြသည်။
"ဟင် အကိုပိလုံ"
"ခင်ခင်၊ မင်းပါလား"
ပိလုံက ခင်ခင်ကိုပြေးဖက်လိုက်သည်။ ခင်ခင်လည်း ပိလုံအားပြန်လည်ဖက်ထားလိုက်သည်။ သို့သော် ပိလုံ၏လက်တစ်ဖက်တွင်ဖွက်ကိုင်ထားသည့် ဓါးတစ်လက်ကိုမူ ခင်ခင်မြင်နိုင်မည်မဟုတ်ပါ။
(ဖ)
လွန်ခဲ့သော ဆယ့်ငါးမိနစ်ခန့်။
"ခင်ခင်လာနေပြီ၊ ငါတို့သူ့ကိုတားဆီးရလိမ့်မယ်"
ဟုမ်းက အလွန်စိုးရိမ်ထိတ်လန့်နေလျှက်ရှိသည်။ ထိုအခါ ကြေးစားစစ်သားခေါင်းဆောင်နှင့် တပည့်များက လက်နက်များကိုအသင့်ပြင်ထားလိုက်သည်။ ကြေးစားစစ်သားခေါင်းဆောင်မှာ အာဖရိကန်တစ်ယောက်ဖြစ်သည်။ အရပ်မှာ ခုနစ်ပေခန့်မြင့်မားပြီး တစ်ကိုယ်လုံးတွင်လည်း အလွန်ကျစ်လျစ်သန်မာသည့် ကြွက်သားများရှိသည်။ လူကောင်ထွားထွားကျိုင်းကျိုင်းကြီးဖြစ်ပြီး သူတို့တစ်ဖွဲ့လုံးကို ဟုမ်းက ဒေါ်လာအမြောက်အများနှင့် ငှားရမ်းထားခြင်းဖြစ်သည်။ သူ့အမည်မှာ ဘူဂွါး ဟုအမည်ရသည်။
"မပူပါနဲ့ဟုမ်းရာ၊ သူ့ကိုငါရှင်းလိုက်မယ်"
ကြေးစားစစ်သားခေါင်းဆောင် ဘူဂွါး က လက်ဆစ်များကိုတဖျောက်ဖျောက်ချိုးနေရင်းပြောသည်။ ဟုမ်းကခေါင်းခါလိုက်သည်။
"ခင်ဗျားရဲ့အကူအညီကိုလိုပေမယ့် ဒီနေရာမှမဟုတ်သေးဘူးဘူဂွါး၊ အခုတော့ သူ့ကို ကျုပ်ရှင်းမယ်"
သိပ္ပံပညာရှင်များက အံ့သြသွားသည်။
"ဟုမ်း၊ ဒီမှာခင်ဗျားမရှိလို့ မဖြစ်ဘူးမဟုတ်လား"
ဟုမ်းက ရယ်မောလိုက်သည်။
"မပူပါနဲ့ဗျာ၊ ကဲ မာနီ မင်းအလှည့်ရောက်ပြီ"
မာနီက ဟုမ်းအနားသို့ တိုးလာခဲ့သည်။ ထို့နောက် ဟုမ်း၏ညာဘက်လက်ကိုတစ်ချက်ပွတ်သပ်လိုက်သည်။ ထို့နောက် မာနီမှာ တစ်ကိုယ်လုံးတုန်ခါလာပြီး အချိုးအဆစ်တွေပြောင်းလဲလာပြီးနောက် ဟုမ်း၏ပုံစံအတိုင်း တစ်ပုံစံတည်းဖြစ်သွားလေသည်။
"ကောင်းပြီမာနီ၊ မင်းကြေးစားစစ်သား ဆယ်ယောက်ကိုခေါ်သွားလိုက်၊ မင်းသူ့ကိုအနိုင်တိုက်နိုင်မှာမဟုတ်တာသေချာတယ်၊ ဒီတော့ မင်းသူ့ကိုမျှားခေါ်သွားရလိမ့်မယ်"
"ကောင်းပြီလေ၊ ကျွန်မက ဘယ်ကိုခေါ်သွားရမှာလဲ"
"တို့မြေအောက်စမ်းသပ်ခန်းရဲ့ အနက်ဆုံးအပိုင်းဖြစ်တဲ့ ဆယ်ထပ်မြောက်ကိုခေါ်သွားရမယ်၊ အဲဒီကိုရောက်တဲ့အခါမှာ မင်းက ပိလုံရဲ့ပုံကိုပြောင်းလဲရလိမ့်မယ်"
မာနီမျက်လုံးပြူးသွားသည်။
"ကျွန်မက လူတစ်ယောက်ကို တစ်ခါထိမှ တစ်ခါပြောင်းလို့ရတယ်ဆိုတာကို ရှင်မေ့နေပြီလား ဟုမ်း"
"မမေ့ပါဘူးကွာ၊ ဟောဒီမှာကြည့်လိုက်"
ဟုမ်းက ပလတ်စတစ်အိတ်ကလေးတစ်ခုကိုထုတ်ပြသည်။ ထိုပလတ်စတစ်အိတ်ကလေးထဲတွင် လူတစ်ယောက်၏ လက်မတစ်ချောင်းကိုထည့်ထားသည်။ ထိုပလတ်စတစ်အိတ်ကလေးကို ဟုမ်းက မာနီထံသို့လှမ်းပစ်ပေးလိုက်သည်။
"အဲဒါ ပိလုံရဲ့လက်ချောင်းပဲ၊ မင်းဒီလောက်ဆိုရင် အဆင်ပြေတယ်မဟုတ်လား"
မာနီက ပြုံးလိုက်သည်။
"အဆင်ပြေပါတယ်"
"မင်းလုပ်ရမှာက ခင်ခင်ကို ဆယ်ထပ်မြောက်ကိုမျှားခေါ်သွား၊ ပြီးတော့ ပိလုံပုံစံအရောင်ဆောင်ပြီး သူ့ကိုအယုံသွင်းရမယ်၊ သူနဲ့တွေ့တာနဲ့ သူ့ကိုပြေးပြီးဖက်ရမယ်၊ ဖက်ပြီးသွားရင်တော့ ဟောဒီဓါးနဲ့ သူ့ရဲ့နောက်ကျောကနေ နှလုံးသားအထိထိုးဖောက်သွားအောင်လို့ ခပ်နက်နက်ကလေးသာ ထိုးခဲ့ကွာ"
ဟုမ်းလက်ထဲတွင် ဓါးတစ်လက်ကိုင်ထားသည်။ ဆယ်လက်မခန့်ရှိသည့် ဓါးမြှောင်တစ်ချောင်းဖြစ်သည်။ ထိုဓါးကိုလည်း မာနီထံသို့လှမ်းပစ်ပေးလိုက်ရာ မာနီက ကျင်လည်စွာပင် ဖမ်းယူလိုက်သည်။
"ဓါးကတော့ ဓါးကောင်းပဲ၊ ဒါနဲ့ ဒီကိစ္စအောင်မြင်ရင် ကျွန်မအတွက် စိန်တစ်သေတ္တာလောက်နဲ့တော့ မလုံလောက်ဘူးနော်"
"မပူပါနဲ့ကွာ၊ စိန်အတုထုတ်တဲ့စက်က စိန်တွေအားလုံးဟာ မင်းအတွက်ပဲဖြစ်စေရမယ်"
"ကြိုက်ပြီလေ"
မာနီက သေနတ်တစ်လက်ကိုဆွဲကိုင်ယူသွားပြီးနောက် အပြင်တွင်ရပ်စောင့်နေသည့် ကြေးစားစစ်သားဆယ်ယောက်ကို ခေါ်ဆောင်သွားသည်။ ထို့နောက်ဓါတ်လှေကားကြီးမှ တက်သွားလေတော့သည်။ ထိုအခါ ဟုမ်းက ဘူဂွါးဘက်သို့လှည့်ကြည့်လိုက်ပြီး
"ဒီအစီအစဉ်ကို ကျုပ်က အစီအစဉ် တစ်လို့ အမည်ပေးလိုက်မယ်ဗျာ"
ဘူဂွါးကလည်း ဖြူဖွေးဆွတ်နေသည့် သူ့သွားကြီးတွေပေါ်အောင် ပြုံးရယ်လိုက်ပြီး
"ခင်ဗျားရဲ့အစီအစဉ် အောင်မြင်ပါစေ ဟုမ်း"
အခုတော့ ဟုမ်းနှင့် ဘူဂွါးတို့က ဆယ်ထပ်မြောက်တွင်တပ်ဆင်ထားသည့် လုံခြုံရေးစီစီတီဗွီကင်မရာများမှတဆင့် ခင်ခင်နှင့် ပိလုံအဖြစ်ဟန်ဆောင်ထားသည့် မာနီ ဖက်နေကြခြင်းကို ကြည့်ကာ ရယ်မောနေမိသည်။
"မာနီကတော့ လုပ်ချလိုက်ပြန်ပြီဟေ့၊ လုပ်လိုက်စမ်းကွာ"
ခင်ခင်က ပိလုံကိုဖက်ထားမိသည်။ ပိလုံမှာတော့ တကယ့်ပိလုံအစစ်မဟုတ်ဘဲ မာနီဖြစ်နေမှန်းသိပုံမရပေ။ ပိလုံတစ်ဖြစ်လဲ မာနီက ဓါးမြှောင်ကိုအသာထုတ်ပြီး ခင်ခင်၏ကျောကုန်းနေရာတစ်ခုကို သေသေချာချာချိန်ရွယ်နေလိုက်သည်။
"အကိုပိလုံ၊ အကိုမသေသေးဘူးနော်"
"ဒါပေါ့ခင်ခင်၊ အကိုခင်ခင့်အတွက် အသက်ဆက်ရှင်နေမှာပါ"
ထို့နောက် မာနီက တစ်ချက်ပြုံးလိုက်ပြီး ခင်ခင်၏ နောက်ကျောအား ဓါးဖြင့်တဆုံးထိုးထည့်လိုက်တော့သည်။
"အ၊ အ"
မာနီက အော်ဟစ်လိုက်မိသည်။ သူငုံ့ကြည့်လိုက်သောအခါ သူဖက်ထားသည့် ခင်ခင်မရှိတော့ပေ။ ထို့အတူ ခင်ခင်အားသူထိုးလိုက်သည့်ဓါးမှာ သူ့ရင်ဘတ်ကိုထိုးဖောက်စိုက်ဝင်နေလေသည်။ ခင်ခင်က ကြောင်နက်ကလေးတစ်ကောင်အဖြစ်နှင့် ကြမ်းပြင်တွင်သွားလာနေပြီး ပစ္စည်းများထည့်ထားသည့်သေတ္တာကြီးတစ်ခုအပေါ်သို့ ခုန်တက်လိုက်ကာ အေးအေးလူလူထိုင်ပြီး သူ့လက်ကိုသူ လျှာနှင့်လျက်နေလေသည်။
"မင်း၊ မင်းဘယ်လိုလုပ်လိုက်တာလဲ ခင်ခင်"
ကြောင်နက်ကလေးက ရယ်မောလိုက်ပြီး
"ဟန်ဆောင်မနေစမ်းပါနဲ့မာနီရယ်၊ ငါကမင်းဆိုတာကို အစကတည်းက သိပြီးသားပါ"
မာနီက အံ့သြသွားသည်။ ထို့နောက် သူ့နဂိုမူလပုံစံကိုပြန်ပြောင်းလိုက်သည်။ ဓါးကတော့ ရင်ဝတွင် စိုက်ဝင်နေဆဲဖြစ်သည်။ မာနီက ဓါးကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားသည်။ သွေးစက်တွေက ဓါးဒဏ်ရာမှတဆင့် မာနီကိုယ်ပေါ်သို့ စီးထွက်နေသည်။
"နင်၊ နင်ဘယ်လိုလုပ်ပြီး သိတာလဲ ခင်ခင်"
ခင်ခင်က အခန်းမျက်နှာကျက်တွင် တပ်ဆင်ထားသည့် စီစီတီဗွီကင်မရာများလေးကိုကြည့်လိုက်ပြီးနောက်
"ရှင်ရော ကြည့်နေသလား ဟုမ်း၊ ကျွန်မက သူ့ကိုမာနီမှန်း ဘယ်လိုသိသွားသဲဆိုတာကို ရှင်သိပ်အံ့သြနေမှာပေါ့နော်"
စီစီတီဗွီကင်မရာမှ တဆင့်ကြည့်နေသည့် ဟုမ်းက ဒေါသထွက်နေပြီး စားပွဲခုံကိုထုရိုက်လိုက်သည်။ ခင်ခင်က ကြောင်အဖြစ်နှင့်ပင် စကားဆက်ပြောသည်။
"ပထမတစ်ချက်က ဟုမ်းလိုအဖြစ်မရှိတဲ့ကောင်က သေနတ်တစ်လက်ကိုကျွမ်းကျွမ်းကျင်ကျင်မပစ်နိုင်ဘူးဆိုတာ ကျွန်မသိပြီးသား၊ ဒီတော့ ဒီဟုမ်းကလည်း အတုဆိုတာကို ကျွန်မထင်လိုက်တယ်လေ"
"နောက်ပြီး အကိုပိလုံနဲ့တွေ့တော့လည်း အကိုပိလုံက ကျွန်မကိုပြေးဖက်တယ်၊ နောက်ပြီး ကျွန်မကို ခင်ခင်လို့ခေါ်လိုက်တယ်၊ အဲဒီမှာ ကျွန်မကလည်း ဒီတစ်ယောက်က အကိုပိလုံအစစ်မဟုတ်ဘူးဆိုတာကို သိသွားလိုက်တယ်၊ အကိုပိလုံက ကျွန်မကို ခင်ခင်လို့ တစ်ခါမှ မခေါ်ဘူးရှင့်"
ဟုမ်းမှာ ဒေါသထွက်လွန်းသဖြင့် ခုံပေါ်တွင်တင်ထားသည့်အရာများကို ပစ်ပေါက်ခွဲနေသည်။
"နောက်တော့ ကျွန်မစဉ်းစားမိတာက ဘယ်သူကများ ဒီလောက်ပုံစံတူအောင် သရုပ်ပြောင်းနိုင်မလဲလို့ စဉ်းစားလိုက်တော့ အဖြေကတစ်ယောက်ပဲရှိတယ် အဲဒါကတော့ မာနီပဲ"
မာနီ မျက်နှာအတော်ပျက်နေသည်။ သူ့ရင်ဘတ်ဒဏ်ရာမှလည်း သွေးတွေစီးကျကာ ကြမ်းပြင်တွင်အိုင်ထွန်းနေသည်။
"ဒါဆို ကျွန်မတစ်ခုသိချင်တယ်၊ ကျွန်မ ဟုမ်းနဲ့ပူးပေါင်းနေတယ်ဆိုတာကို ရှင်ဘယ်လိုလုပ်ပြီး သိသလဲ"
ခင်ခင်က သူ့လည်ပင်းကို ခြေထောက်နှင့်လှမ်းကုတ်ရင်း
"ဒါကလွယ်လွယ်လေးပါ၊ ကျွန်မတို့ရွာကို တော်ရုံလူတွေလာလို့မရဘူးရှင့်၊ တမင်မျက်စိလည်အောင်လုပ်ထားတာ၊ ဒီတော့ရွာကိုလာချင်ရင် တစ်ခုပဲရှိတယ်၊ အဲဒါကတော့ အာကာသဓါးရဲ့ ဓါးဦးညွှန်ပြတဲ့အရပ်အတိုင်း လိုက်လာဖို့ပဲလေ၊ ဒီအကြောင်းတွေကိုလည်း ကျွန်မအဖေက ရှင်တို့အိမ်မှာ ကလေးတွေကိုပုံပြင်ပြောရင်းနဲ့ ပြောပြခဲ့တယ်မဟုတ်လား မာနီရဲ့"
မာနီက ဓါးကိုရင်ဝမှဆွဲထုတ်လိုက်သည်။ သူ့ဒဏ်ရာမှ သွေးတွေပန်းထွက်လာသဖြင့် လက်ဖြင့်အုပ်ထားလိုက်သည်။
"ဒါဆို ငါတောင်းပန်ပါတယ်ခင်ခင်၊ ငါ့ကိုကယ်ပါ၊ ဒီကိစ္စတွေအကုန်လုံးက ငါကမလုပ်ချင်ဘဲ လုပ်ခဲ့ရတာပါ၊ ငါစိန်တွေလိုအပ်တယ်ခင်ခင်၊ ငါအသက်ရှင်ဖို့အတွက် ငါစိန်တွေလိုအပ်တယ်၊ သူက ငါလိုချင်တဲ့စိန်တွေပေးမယ်ဆိုလို့ ငါလုပ်ခဲ့ရတာပါဟာ"
"တော်ပါတော့မာနီရယ်၊ ရယ်စရာတွေမပြောပါနဲ့တော့၊ တကယ်လို့ သူက အတင်းအကြပ်လုပ်ခိုင်းရင်လဲ မင်းစိတ်ပါမှဖြစ်တာမဟုတ်လား၊ အခုတော့ မင်းအတတ်နဲ့မင်းပြန်စူးပြီမဟုတ်လား၊ မင်းသာ ဦးနှောက်နည်းနည်းရှိခဲ့ရင် ဒီလိုကောက်ကျစ်တဲ့ ဟုမ်းဆိုတဲ့လူနဲ့ ပေါင်းဖို့တွေးမှာမဟုတ်ဘူး၊ သူက မင်းကိုအသုံးချချင်ယုံသက်သက်ပဲဆိုတာ မင်းမသိဘူးလား၊ မင်းလိုချင်တာမပေးဘဲနဲ့ သူအသုံးချပြီးရင် မင်းကိုပါရှင်းပစ်မယ်လို့ မင်းမတွေးထားဘူးမဟုတ်လား မာနီ"
မာနီက ခေါင်းခါသည်။
"ကျွန်မ ဒါတွေမသိခဲ့ဘူးခင်ခင်၊ ရှင့်ကိုသတ်နိုင်ရင် သူက စိန်တုထုတ်တဲ့စက်က ထွက်တဲ့စိန်မှန်သမျှကို ကျွန်မကိုပေးမယ်လို့ပြောတယ်လေ"
"မင်းအရူးပဲမာနီ၊ မြေခွေးလိုကောက်ကျစ်တဲ့လူရဲ့ စကားကို ယုံစားမိတဲ့မင်းမှားတာ၊ မင်းဟာ လူယုတ်မာနဲ့ပေါင်းသင်းမိလို့ အခုလိုအဖြစ်နဲ့ကြုံရတာပဲမာနီ၊ ဟုမ်းဆိုတဲ့လူက သူတစ်ကိုယ်ကောင်းစားဖို့ပဲ ကြည့်တဲ့တစ်ကိုယ်ကောင်းသမားတစ်ယောက်ပဲ၊ နောက်ဆုံး ဒီကမ္ဘာကြီးမှာ လူနှစ်ယောက်ပဲရှိတော့မယ်ဆိုရင်တော့ သူကောင်းစားဖို့အတွက်ဆိုရင် ကျန်တဲ့တစ်ယောက်ကိုချနင်းဖို့ ဝန်လေးတဲ့သူမဟုတ်ဘူး"
ခင်ခင်က လူပုံအဖြစ်ပြောင်းလဲလိုက်ပြီး မာနီ၏အနီးသို့တိုးကပ်သွားသည်။
"မင်းကို ပိလုံယောင်ဆောင်ခိုင်းပြီး ငါ့ကိုသတ်ခိုင်းမယ်ဆိုရင်လည်း ဘာလို့မြေပေါ်မှာဖြစ်ဖြစ် တခြားနေရာမှာဖြစ်ဖြစ်မသတ်ခိုင်းဘဲ ဒီအောက်ခြေအထိလာပြီး သတ်ခိုင်းရသလဲဆိုတာ မင်းသိရဲ့လားမာနီ၊ ဘာလို့လည်းဆိုတော့ သူက မင်းကို ငါနဲ့အတူ ဒီမြေအောက်မှာ လူမသိသူမသိ မြှုပ်နှံချင်လို့ပဲ"
မာနီမျက်လုံးပြူးသွားကာ စီစီတီဗွီကင်မရာ သို့မော့ကြည့်လိုက်သည်။ ဟုမ်းက ဖန်သားပြင်ကိုကြည့်နေရင်း ကျေနပ်စွာပြုံးနေလေသည်။
"ဒီတစ်ခါတော့ မင်းတွေးတာမှန်သွားပြီခင်ခင်"
ထိုသို့လည်း ရေရွတ်လိုက်သေးသည်။ ခင်ခင်က ဆက်လက်ပြီး
"နောက်ပြီးတော့ သူသိပ်ယုံရတဲ့၊ အားကိုးရတဲ့ မြင်းမိုရ်မောင်အေးကို ဘာလို့တောထဲကိုလွှတ်လိုက်သလဲဆိုတာကိုရော မင်းစဉ်းစားမိရဲ့လား၊ ဘာလို့လဲဆိုတော့ အဲဒီတောအကြောင်းကို သူသိတယ်၊ မြင်းမိုရ်မောင်အေးသာ တောထဲမှာ ငါနဲ့တိုက်မယ်ဆိုရင် သေချာပေါက်ရှုံးမယ်ဆိုတာ သူသိလို့ တမင်သက်သက် သေတွင်းထဲကိုစေလွှတ်ခဲ့တာ၊ ဘာကြောင့်လည်းဆိုတော့ မိုးကြိုးဝတ်စုံရှိနေရင် မြင်းမိုရ်မောင်အေးကို သူရှင်းလို့မရနိုင်ဘူးလေ၊ ဒါကြောင့်မို့လို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုပြီးတော့ တမင်တောထဲကို စေလွှတ်လိုက်တာ"
ဟုမ်းက စကားပြောစက်တစ်ခုကို ကောက်ယူလိုက်သည်။ ထိုစကားပြောစက်မှာ အစောပိုင်းက စမ်းသပ်ခန်းတစ်ခုလုံးကြားနိုင်ရအောင် စီမံထားသည့် စကားပြောစက်ဖြစ်သည်။
"တင်းတောင်၊ ဒီတစ်ခါတော့ ကြောင်မလေးရဲ့အဖြေတွေ အားလုံးမှန်ပါတယ်ကွယ်"
ဟုမ်းက ရယ်မောနေသေးသည်။ ထို့နောက် ဆက်လက်ပြီး
"မာနီ၊ မာနီ၊ မင်းက သိပ်ကိုတုံးအတဲ့လူတစ်ယောက်ပဲကွ၊ အေးလေ၊ မင်းသာ မတုံးအဘူးဆိုရင် ကိုယ်ဖောက်ထွင်းဝင်ထားတဲ့ စိန်တိုက်ထဲကို နောက်တစ်ခါဘယ်ပြန်ဝင်ပါ့မလဲကွ၊ ခင်ခင် ဒီတစ်ခါတော့ မင်းကိုငါချီးကျူးသွားပြီ"
ခင်ခင်က စီစီတီဗွီကင်မရာ ကိုလက်ညှိုးထိုးလိုက်ပြီး
"ရှင်သိပ်ပျော်နေတယ်ပေါ့ ဟုမ်း၊ မပူပါနဲ့ ရှင်ရဲ့ပျော်နေတဲ့မျက်နှာကိုကြည့်ရအောင် ကျွန်မရှင့်ဆီကိုလာခဲ့မယ်"
ထိုအခါ ဘူဂွါးက ဟုမ်းအားပြုံးရင်း တစ်ချက်ကြည့်လိုက်သည်။
"ဘယ်လိုလည်းဟုမ်းရဲ့ မင်းရဲ့အစီအစဉ် နံပတ်တစ်တော့ ပျက်သွားပြီထင်တယ်နော်"
ဘူဂွါး၏ စကားက ဟုမ်းကိုတမင်သက်သက် ခနဲ့လိုက်မှန်း ဟုမ်းသိသည်။ ထို့ကြောင့် ဟုမ်းက စကားပြောစက်ကိုချလိုက်ပြီး ဘူဂွါးဘက်သို့လှည့်ကြည့်လိုက်သည်။
"ကျုပ်မှာ အစီအစဉ်တွေရှိပြီးသားပါ ဘူဂွါးရဲ့၊ ပွဲမပြီးသေးပါဘူးဗျာ၊ သိပ်မလောပါနဲ့"
"ကောင်းပြီလေ၊ ဒါဆို ခင်ဗျားရဲ့အစီအစဉ် နှစ်က ဘာလဲ"
"ကျုပ်က သူတို့ကို ဘာလို့ဆယ်ထပ်မြောက်ကို ခေါ်သွားခိုင်းတာဖြစ်မလဲ၊ ခင်ဗျားတွေးကြည့်"
ဘူဂွါးထံမှ မည်သည့်အဖြေမှပြန်မရပေ။
"ခင်ဗျားမဖြေနိုင်ဘူးမဟုတ်လား၊ ဒီတစ်ခါ နည်းနည်းလွယ်တာလေး မေးကြည့်မယ်၊ ကြောင်တွေက ဘယ်အရာကိုကြောက်သလဲဗျ"
ဘူဂွါးက စဉ်းစားနေသည်။ အတန်ငယ်ကြာတော့မှ
"ကြောင်က ရေကြောက်တာပေါ့"
ဟုမ်းက ဘူဂွါးအဖြေကိုကြားသည့်အခါ လက်ခုပ်တီးလိုက်သည်။
"ဒီတစ်ခါတော့ ခင်ဗျားမှန်သွားပြီ၊ ဟုတ်တယ်ဗျ၊ ရေကိုသိပ်ကြောက်ကြတာပေါ့ဗျာ၊ ဒီက ဆယ်ထပ်မြောက်ဆိုတာကလည်း ပင်လယ်ရေတွေနဲ့ဆက်နေတဲ့အခန်းဗျ၊ အမြဲရေတွေဝင်နေတတ်လို့ ရေစုပ်စက်တွေနဲ့ပြန်စုပ်ထုတ်နေရတဲ့အထပ်"
ဘူဂွါး တစ်ခုခုကိုသဘောပေါက်လိုက်ပြီးဖြစ်သည်။
"ဒါဆို ခင်ဗျားက အဲဒီအထပ်ကို ရေလွှမ်းပစ်လိုက်မယ်လို့ဆိုလိုတာလား"
"သိပ်သေချာတာပေါ့ဗျာ"
ဟုမ်းက ထို့နောက် နည်းပညာရှင်တစ်ဦးဆီသို့လှည့်ကြည့်လိုက်ပြီး
"ဆယ်ထပ်မြောက်ကို အလုံပိတ်ချလိုက်၊ ပြီးရင် ရေစုပ်စက်တွေကိုရပ်လိုက်တော့၊ အဲဒီအထပ်ထဲကို ရေတွေအလုံးအရင်းနဲ့ဝင်လာတာကို ငါမြင်ချင်တယ်"
နည်းပညာသမားကလည်း ဟုမ်းအကြံပေးသည့်အတိုင်း ဆယ်ထပ်ကိုပိတ်ချလိုက်ပြီး ရေစုပ်စက်များကိုရပ်လိုက်သည့်အပြင် ရေစုတ်သည့်အပေါက်များမှာ ပင်လယ်ရေများကို ပြန်ပြီးမှုတ်သွင်းလိုက်လေသည်။
ဆယ်ထပ်မြောက်တစ်ထပ်လုံး ရုတ်တရက်အမှောင်ကျသွားလေသည်။ ခင်ခင်နှင့် မာနီလည်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။ မကြာခင် ရေများက သူတို့ခြေထောက်ကိုလာထိသည်။ နားထဲတွင်လည်း ရေဝင်နေသည့် အသံများကို တဝုန်းဝုန်းနှင့်ကြားနေရသည်။ မာနီက ငုတ်တုတ်ထိုင်ချလိုက်သည်။
"ရှင်ပြောတာမှန်တယ်၊ ဟုမ်းက ကျွန်မတို့ကို ရေအောက်မှာ နစ်မြှုပ်ပြီးသေစေချင်နေတာပဲ"
ခင်ခင်လည်း အံ့သြသွားပြီး
"ငါတို့ထွက်လမ်းရှာရမယ်"
မာနီက ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်တော့ဘူးခင်ခင်၊ ဘာလို့လဲဆိုတော့ ဒီစမ်းသပ်ခန်းကြီးရဲ့ အထပ်တိုင်းကို ဘယ်သူမှ မဝင်မထွက်နိုင်အောင်လို့ ပိတ်ချလိုက်လို့ရတယ်၊ ဟုမ်းက ဒီအထပ်ကို ပိတ်ပြီးတော့ ရေတွေသွင်းပြီး အရာအားလုံးကို ရေအောက်ကိုနစ်မြုပ်စေချင်တာ"
သူတို့စကားပြောနေသည့်အချိန်မှာပင် ရေများက ခြေသလုံးအထိဖုံးလွှမ်းလာခဲ့သည်။ ခင်ခင်က မာနီအားဆွဲထူလိုက်သည်။
"ငါတို့သွားရမယ်မာနီ၊ ငါတို့ ဒီကနေထွက်ရမယ်"
မာနီက ခင်ခင်၏လက်ကိုပုတ်ချလိုက်သည်။
"ရှင်အခုမှ သူတော်ကောင်းလုပ်မနေနဲ့တော့၊ ရှင်အမြန်သွားတော့"
"လုပ်စမ်းပါမာနီ၊ မင်းကိုငါကတမင်ပြောတာပါ၊ ငါနဲ့လိုက်ခဲ့ပါ"
"တော်ပြီခင်ခင်၊ ကျွန်မပါတယ်ဆိုရင် ရှင်လွတ်မှာမဟုတ်ဘူး၊ သွားပါတော့ ရှင်အမြန်သွားပါတော့"
ခင်ခင်က မာနီလက်ကိုလွှတ်လိုက်သည်။ ရေတွေက တဖြည်းဖြည်း ဒူးလောက်အထိ နစ်မြုပ်လာပြီဖြစ်သည်။
"ခင်ခင်၊ ကျွန်မရှင့်အပေါ်လုပ်ခဲ့တာတွေအတွက် ကျွန်မတောင်းပန်ပါတယ်၊ ဒါကျွန်မရဲ့နောက်ဆုံးစကားပါ၊ နောက်ပြီးတော့ ကျွန်မရှင့်ကို အကူအညီတောင်းစရာတစ်ခုရှိတယ် ခင်ခင်"
"ပြောပါမာနီ"
"ကျွန်မကလေးတွေကို ဂရုစိုက်လိုက်ပါ"
မာနီက စကားပြောပြီး လှဲချလိုက်ရာ ရေထဲသို့ကျဆင်းသွားတော့သည်။ ခင်ခင်လည်း အနီးရှိ ပစ္စည်းများတင်သည့် ကုန်သေတ္တာကြီးများပေါ်သို့ ခုန်တက်လိုက်ပြီး ကြောင်တစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။ ကုန်သေတ္တာများပေါ်မှတဆင့် ခုန်ပေါက်ပြီးနေုာက် ဓါတ်လှေကားတံခါးကြီးဆီသို့လာခဲ့သည်။ တံခါးကြီးက အသေပိတ်ထားရာ ခင်ခင်က အားကုန်ဖွင့်သော်လည်းမရပေ။ ရေတွေက တဖြည်းဖြည်းများလာသည်။ လူတစ်ရပ်ခန့်မြင့်သည့် ကုန်သေတ္တာကြီးများပါ ရေအောက်နစ်မြုပ်ကုန်သည်။ နောက်မကြာခင် ရေမျက်နှာပြင်မှာ မျက်နှာကျက်နှင့်ထိတော့မည်ဖြစ်သည်။ ရေကြောက်သည့် ခင်ခင်လည်း ရေထဲတွင်အသက်လုပြီး ကူးခတ်နေရသည်။
"မင်းမကြိုးစားနဲ့တော့ခင်ခင်၊ နောက်ဆုံးတော့ ကြောင်ကလေးတစ်ကောင် ရေနစ်ပြီးသေသွားပြီပေါ့ကွာ၊ ဟား၊ ဟား"
စီစီတီဗွီကင်မရာမှ တဆင့်ကြည့်နေသည့် ဟုမ်းကရယ်မောနေသည်။ မကြာခင် မျက်နှာကျက်တွင် တပ်ထားသည့် စီစီတီဗွီကင်မရာပါ ရေနစ်မြုပ်သွားပြီး ရှော့ခ်ဖြစ်ကာ ပျက်စီးသွားတော့သည်။ ဟုမ်းက အလွန်ကျေနပ်စွာပြုံးလိုက်ပြီး ဘူဂွါးကိုလှည့်ကြည့်လိုက်သည်။
"ကဲ ဘယ်လိုလဲ ဘူဂွါး ကျုပ်အစီအစဉ် နံပတ်နှစ် အောင်မြင်တယ်မဟုတ်လား"
ဘူဂွါး က ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်လေသည်။ ဟုမ်းက ဖန်ပေါင်းချောင်ကြီးအနီးသို့လမ်းလျှောက်လာခဲ့သည်။ အတွင်းတွင်တော့ ကလေးငယ်လေးတစ်ယောက်ကိုမြင်နေရသည်။ ကလေးမှာ အသက်တစ်နှစ်ခန့်ရှိနေပြီဖြစ်ပြီး ယောက်ျားကလေးတစ်ဦးဖြစ်သည်။ ဇီဝကမ္မသိပ္ပံပညာရှင် နှစ်ယောက်က ကလေးကိုအသေအချာ ကြပ်မတ်ကြည့်ရှုနေလေသည်။
"အခြေအနေကောင်းရဲ့လား"
"အကုန်ကောင်းပါတယ်၊ သူ့ကိုသိပ်မကြာခင်မှာ မှတ်ဉာဏ်တွေ စတင်ပြီးဖြည့်သွားပါမယ်"
ဟုမ်းက အလွန်ကျေနပ်စွာပြုံးလိုက်သည်။
"ဒါနဲ့ကလေးကိုကြည့်စမ်းပါအုံးကွာ၊ ငါနဲ့ပိုမတူဘူးလား"
"ဟုတ်တယ်၊ ကလေးက ခင်ဗျားနဲ့တစ်ရုပ်ထဲဗျ"
"ကြီးထွားလာစမ်းပါ ငါ့သားရယ်၊ မင်းမြန်မြန်ကြီးထွားလာစမ်းပါ၊ မင်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံးစူပါလူသားဖြစ်ရမယ်"
ဟုမ်းကရေရွတ်လိုက်သည်။ သိပ္ပံပညာရှင်များက ကလေးငယ်အား မှတ်ဉာဏ်များထည့်သွင်းရန်ပြင်ဆင်နေကြသည်။ မှတ်ဉာဏ်များကို အကုန်ထည့်သွင်း၍မရသေးဘဲ သူ့အရွယ်နှင့်သူ လိုက်ဖက်သည့် မှတ်ဉာဏ်မျိုးကို ထည့်သွင်းပေးရန်လိုအပ်သည်။ မဟုတ်ပါက ကလေး၏ဦးနှောက် ထိခိုက်မှုဖြစ်သွားပြီး ရူးသွားနိုင်ပေသည်။
"ငါတစ်ခုမှာထားမယ်နော်၊ ကလေးကို မှတ်ဉာဏ်တွေနဲ့ အတတ်ပညာတွေထည့်တဲ့အခါ မကောင်းတဲ့အရာတွေကို မထည့်ပေးနဲ့၊ အကြောက်တရားတွေ၊ အရှက်တရားတွေ၊ အားနာတတ်တာ၊ သနားကြင်နာတတ်တာတွေ ငါလုံးဝမလိုချင်ဘူး"
ဟုမ်း၏ စကားကိုသိပ္ပံပညာရှင်များက အံ့သြသွားကြသည်။ ထို့နောက် ခေါင်းညိတ်လိုက်ကြသည်။
"အထူးသဖြင့်ကတော့ အဲဒီကလေးကို အချစ်ဆိုတဲ့အရာကို လုံးဝပေးမသိလိုက်နဲ့"
(ဗ)
"လင်းယုန်(၁) မှ သတင်းပို့ပါတယ်၊ ကပ္ပလီပင်လယ်ပြင် နိုင်ငံတကာလေပိုင်နက်အတွင်းမှာ တရုတ်တိုက်လေယာဉ်နှစ်စီးတွေ့ပါတယ်"
အမေရိကန်အထူးစစ်ဆင်ရေးဌာနသို့ သတင်းပို့ချက်ကို ဗိုလ်ချုပ်ကြီးက နားထောင်နေလိုက်သည်။
"ဆက်ပြီးသတင်းပို့ပါ လင်းယုန် (၁)"
"လက်နက်အပြည့်တပ်ဆင်ထားတဲ့ တိုက်လေယာဉ်နှစ်စီးနဲ့ ကုန်တင်လေယာဉ်တစ်စီးက ကျွန်တော်တို့ရှိရာကို ဦးတည်လာနေပါတယ်"
ဗိုလ်ချုပ်ကြီးက မျက်ခုံးပင့်လိုက်သည်။
"တရုတ်တွေ ရောက်လာပြီပေါ့"
ထို့နောက် မစ်ရှင်အဖွဲ့ကို အကြောင်းကြားလိုက်သည်။
"မင်းတို့မှာတပ်ဆင်ထားတဲ့လက်နက်တွေကို အသင့်ပြင်ဆင်ထားပါ"
အမေရိကန်ပိုင် အက်ဖ် (၂၂) ဂျက်တိုက်လေယာဉ်မှ ဒုံးကျည်စနစ်များကို ဖွင့်လှစ်လိုက်သည်။ လေယာဉ်နှစ်စီးမှာ တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။
"တိုက်ခိုက်ဖို့အသင့်ပါပဲ ဗိုလ်ချုပ်ကြီး"
တောင်တရုတ်ပင်လယ် ဖုကျန့်လေယာဉ်တင်သင်္ဘောကြီးပေါ်တွင်ဖြစ်သည်။ ဆက်သွယ်ရေးစက်မှ တတီတီအော်မြည်လာသဖြင့် ဗိုလ်ချုပ်က ကောက်ကိုင်လိုက်သည်။
"အခုသတင်းပို့နေတာ စွန်ရဲ(၁)ကပါ၊ ကျွန်တော်တို့ဆီကို ဦးတည်ပြီးတော့ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လေယာဉ်တစ်စီးလာနေတယ်လို့ ရေဒါမှာအချက်ပြနေပါတယ်ဗိုလ်ချုပ်"
ဗိုလ်ချုပ်လည်း တွေးတောသွားသည်။
"ဆက်ပြီးအစီရင်ခံစမ်း"
"နောက်ဆုံးရထားတဲ့ ဂြိုလ်တုသတင်းအချက်အလက်တွေအရတော့ အမေရိကန်ထုတ် အက်ဖ်(၂၂) တိုက်လေယာဉ်တွေဖြစ်ပါတယ်"
တရုတ်ဗိုလ်ချုပ် အလွန်အံ့အားသင့်သွားသည်။
"စွန်ရဲ(၁) နဲ့ (၂) တိုက်ခိုက်ရေးစနစ်တွေအကုန်ဖွင့်လိုက်ပါ"
တရုတ်ထုတ် ဂျေ(၁၅) တိုက်လေယာဉ်ကြီးများကလည်း ဒုံးလက်နက်စနစ်များကိုဖွင့်လှစ်လိုက်ပြီး ဂြိုလ်တုနှင့်ဆက်သွယ်လိုက်ကာ ပစ်မှတ်ကိုအတည်ပြုနေသည်။
"ပစ်မှတ်ရပါပြီဆရာ ပစ်မိန့်ပေးပါ"
ဗိုလ်ချုပ်က ခေါင်းခါလိုက်သည်။
"အမေရိကန်တွေထင်တယ်၊ ငါတို့မစဉ်းစားဘဲ မလုပ်သင့်ဘူးကွ၊ ဒီကိစ္စကနေ တတိယကမ္ဘာစစ်ကြီးစတင်သွားနိုင်တယ်"
တရုတ်လေယာဉ်အစုနှင့် အမေရိကန်လေယာဉ်အစုမှာ တဖြည်းဖြည်းနီးကပ်လာကြသည်။ နောက်တော့ သူတို့လေယာဉ်အစု ထိပ်တိုက်တွေ့ဆုံကြသည်။ နှစ်ဖက်စလုံးက ပစ်မိန့်မရသေးသဖြင့် ဂျက်လေယာဉ်များမှာ ကောင်းကင်တွင် ဝဲကာ ကွေ့ပတ်ပျံသန်းနေကြသည်။
"လင်းယုန်(၁)ပါ ဗိုလ်ချုပ်ကြီး၊ ပစ်မှတ်တွေက အရမ်းနီးကပ်လာပြီ၊ ပစ်မိန့်ပေးပါ"
ဗိုလ်ချုပ်ကြီးက ဆက်သွယ်ရေးစကားပြောခွက်ကို ကိုင်ရင်းစဉ်းစားနေသည်။
"လင်းယုန်(၁) မင်းကိုပစ်ခွင့်မပေးပါဘူး၊ တရုတ်တွေစတင်တိုက်ခိုက်မလာမချင်း မင်းတို့ပြန်လည်တိုက်ခိုက်ခွင့်မရှိဘူး"
တရုတ်လေယာဉ်မှူးများကလည်း ဗိုလ်ချုပ်အားပစ်မိန့်တောင်းသည်။ သို့သော် ဗိုလ်ချုပ်ကလည်း ပစ်မိန့်မပေးပေ။
"ဧကန္တတော့ ဒီအမေရိကန်တွေလည်း ငါတို့သွားချင်တဲ့နေရာကို လာတာဖြစ်လိမ့်မယ်"
တရုတ်ဗိုလ်ချုပ် ကစဉ်းစားလိုက်ပြီး
"စွန်ရဲ(၁) နဲ့ (၂) ကိုအမိန့်ပေးတယ်၊ မင်းတို့လက်နက်စနစ်တွေကို ပိတ်သိမ်းပြီးတော့ ချက်ချင်းပြန်လှည့်လာပါ၊ စွန်ရဲ(၃) ကတော့ ရှိသမျှအရှိန်ကုန်တင်ပြီးတော့ စစ်ဆင်ရေးပြီးမြောက်အောင် ဆောင်ရွက်ပါ"
တရုတ်ဗိုလ်ချုပ်ရဲ့ အမိန့်ပေးမှုကြောင့် ဂျေ (၁၅) တိုက်လေယာဉ်ကြီးနှစ်စီးမှာ အရှိန်လျော့လိုက်ပြီး ပြန်လည့်လာခဲ့သည်။ ကျန်ခဲ့သည့် လေထီးခုန်တပ်သားများကို တင်ထားသည့် လေယာဉ်ကတော့ အရှိန်မြှင့်တင်ကာ မောင်းနှင်လိုက်သည်။ ထိုအဖြစ်ကို အမေရိကန်ဘက်မှလည်းတွေ့မြင်သွားသည်။
"လင်းယုန်(၁) နဲ့(၂) မင်းတို့လည်းပြန်လာခဲ့တော့၊ လင်းယုန်(၃) ငါတို့က ရန်သူတွေထက်ခြေတစ်လှမ်းဦးနေရမယ်၊ ဒီတော့ မင်းတို့လည်း စစ်ဆင်ရေးအောင်မြင်ဖို့ကိုပဲ အာရုံထားပြီးလုပ်ဆောင်ပါ"
အမေရိကန် အက်ဖ်(၂၂) တိုက်လေယာဉ်များမှာလည်း ပြန်လှည့်သွားသည်။ ထိုအခါ တရုတ်ကေဂျေ(၆၀၀) အမျိုးအစား ကိုယ်ပျောက်လေယာဉ်နှင့် အမေရိကန်၏ အေစီ(၁၃၀) ဝိညာဉ်အမည်ရ ကိုယ်ပျောက်လေယာဉ်တို့မှာ အရှိန်ကုန်ဖွင့်လျှက် မောင်းနှင်နေကြသည်။ မကြာမီအချိန်တွင် သူတို့ကိုယ်ထည်တွင် တပ်ဆင်ထားသည့် ရောဒါဖျက် ကိုယ်ဖျောက်ကိရိယာများကို ဖွင့်လိုက်ကြသည်။ ထိုကိရိယာများကြောင့် သူတို့အား ရေဒါစနစ်ဖြင့် ဖမ်းယူ၍မရနိုင်တော့ပေ။
မကြာခင်တွင် ဝင်္ကပါမြို့အနီးသို့ချဉ်းကပ်လာသည်။ သို့သော် မြို့ပေါ်သို့မပျံသန်းတော့ဘဲ ကမ်းရိုးတန်းအတိုင်းပျံသန်းလာပြီးနောက် အထူးစစ်ဆင်ရေးတပ်သားများ လေထီးခုန်ရန်အသင့်ဖြစ်နေကြသည်။ သူတို့က အဆင့်မြင့် အတောင်ပံဝတ်စုံများကို ဝတ်ဆင်ထားကြသည်၊ မကြာခင် စစ်ဆင်ရေးခေါင်းဆောင်က သူတို့ကိုစုဝေးလိုက်သည်။
"ငါတို့ ဒီနေရာရဲ့မြောက်ဘက်ယွန်းယွန်းကိုဆင်းမယ်၊ အဲဒီအပေါ်မှာတောင်ကုန်းရှိတယ်၊ အဲဒီတောင်ကုန်းအပေါ်ကနေ အဲဒီအဆောက်အဦးထဲကို ဖောက်ဝင်မယ်၊ အချိန်တစ်နာရီအတွင်းမှာ လင်းဆိုတဲ့မိန်းကလေးကို ရအောင်ဖမ်းဆီးရမယ်၊ ဟုတ်ပြီလား"
"ငါနောက်ဆုံးမှာချင်တာကတော့ ငါတို့ရဲ့မစ်ရှင်အောင်မြင်ရေးကိုပဲ ဂရုစိုက်ရမယ်၊ ငါတို့ရှေ့မှာပိတ်နေတဲ့အရာတွေမှန်သမျှကို ရှင်းလင်းရမယ်၊ အားလုံးနားလည်ကြလား"
အထူးစစ်ဆင်ရေးတပ်သားများက ခေါင်းညိတ်လိုက်ကြသည်။ ထိုအခါ လေယာဉ်အတွင်း မီးစိမ်းများလင်းသွားပြီးနောက် လေယာဉ်နောက်ဘက်အမြီးမှာပွင့်သွားလေသည်။ အထူးစစ်ဆင်ရေးတပ်သားများမှာ လေယာဉ်ပေါ်မှ ခုန်ချလိုက်ကြပြီး အတောင်ပံဝတ်စုံများဖြင့် သူတို့ဆင်းသက်မည့်နေရာသို့ ပျံသန်းသွားကြသည်။
"အမေရိကန်တွေ ဆင်းသွားကြပြီ"
တရုတ်တပ်သားများလည်း တောင်ပံဝတ်စုံများကိုဝတ်ဆင်လိုက်ကြသည်။ ထိုဝတ်စုံများက လေထီးခုန်သည့်ဝတ်စုံများဖြစ်သော်လည်း ချိုင်းကြားနှင့်ကိုယ်ထည်တွင် အတောင်ပံများတပ်ဆင်ထားပြီး လေထီးခုန်သည့်အခါ ကိုယ်လိုချင်သည့်နေရာသို့ ရောက်အောင်ပျံသန်းနိုင်ပေသည်။ တရုတ်တပ်ဖွဲ့စစ်ဆင်ရေးခေါင်းဆောင်က တပ်သားများကိုစုစည်းလိုက်ပြီး မြေပုံကိုဖြန့်ချလိုက်သည်။
"ငါတို့ ဒီအဆောက်အအုံကိုဖောက်ထွင်းဝင်ရမယ်၊ အဆောက်အအုံအကြောင်း အသေးစိတ်ကို လင်းက ပေးပို့ထားပြီးပြီ၊ ငါတို့ အဲဒီအိမ်ရဲ့ တောင်ဘက်ကိုဆင်းမယ်၊ ဆင်ခြေလျောအတိုင်းတက်ပြီး ဖောက်ထွင်းမယ်၊ လင်းက မြေအောက်အထပ် သုံးနဲ့ လေးကြားမှာ ရှိနေမယ်လို့ ငါတို့ ခန့်မှန်းထားတယ်၊ ငါတို့ခပ်မြန်မြန်ဆင်းပြီးတော့ သူ့ကိုမြန်မြန်ကယ်ထုတ်ရမယ်၊ လမ်းမှာရှိတဲ့အတားအဆီးမှန်သမျှကို ငါတို့ရှင်းလင်းရမယ်၊ အားလုံးသဘောပေါက်ကြလား"
တပ်သားများက ခေါင်းညိတ်လိုက်သည်။ သူတို့လည်းမကြာခင်မှာပင် လေယာဉ်ပေါ်မှခုန်ဆင်းလိုက်ကြသည်။
အမေရိကန်တပ်ဖွဲ့များက တောင်ကုန်းပေါ်တွင်ဆင်းသက်လိုက်ကြသည်။ ဟုမ်းတို့၏ ခြံကြီးကို ထိုတောင်ကုန်းပေါ်မှအကုန်မြင်နေရသည်။ ခြံအတွင်း ရဟတ်ယာဉ်တစ်စီးပျက်ကျနေပြီး မီးလောင်နေလေသည်။ အထူးစစ်ဆင်ရေးတပ်သားများကို ခေါင်းဆောင်သူ ဗိုလ်ကြီးက တောင်ကုန်းပေါ်မှနေ၍ အဝေးကြည့်မှန်ပြောင်းတစ်ခုဖြင့် ကြည့်နေလေသည်။
"ကြည့်ရတာတော့ တစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပုံရတယ်ကွ"
"ဗိုလ်ကြီး၊ ဟိုမှာကြည့်ပါအုံး"
တပ်သားတစ်ယောက်က ပြောလိုက်သဖြင့် ဗိုလ်ကြီးက တပ်သားညွှန်ပြရာကိုကြည့်လိုက်သည်။ တရုတ်တပ်သားများက လေထီးဖြင့် အိမ်ကြီး၏ တောင်ဘက်၊ တောင်ခြေအတိုင်း ခုန်ဆင်းလာကြသည်။
"ကဲ တပ်ဖွဲ့ဝင်တွေအားလုံးပဲ နှစ်ဖွဲ့ခွဲမယ်၊ တစ်ဖွဲ့က တရုတ်တွေနဲ့တိုက်ခိုက်ရင်းနေခဲ့ ကျန်တဲ့တစ်ဖွဲ့က ငါတို့အိမ်ထဲကိုဝင်ကြမယ်"
တရုတ်တပ်ဖွဲ့ဝင်များမြေပေါ်သို့မရောက်သေးခင်ပင် အမေရိကန်တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ကြသည်။ တောင်ပေါ်နှင့်တောင်အောက် နှစ်ဖက်ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားကြလေသည်။
(ဘ)
ဘူဂွါးက သူ့နားထဲမှ နားကြပ်ကိုနားထောင်နေသည်။ နောက်တော့ ဟုမ်းဆီသို့လမ်းလျှောက်လာခဲ့သည်။ ဟုမ်းက တဖြည်းဖြည်းကြီးထွားလာနေသော ကလေးငယ်ကလေးကိုကြည့်ရင်း ပီတိဖြစ်နေလေသည်။
"ဟုမ်း၊ ငါတို့မှာ ပြဿနာတစ်ခုပေါ်ပြီ"
"ဘာဖြစ်တာလဲ"
"မြေပြင်ပေါ်မှာ ဘယ်ကမှန်းမသိတဲ့အဖွဲ့နှစ်ဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ပစ်ခတ်နေကြတယ်"
ဟုမ်းကမျက်ခုံးပင့်လိုက်သည်။
"ငါတို့မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တွေရှိနေတဲ့ပုံပဲကွ၊ ကဲ ဘူဂွါး မင်းရဲ့ကျန်တဲ့လူတွေကိုခေါ်ပြီးတော့၊ ငါ့ဆီက ကျန်တဲ့လုံခြုံရေးအင်အားနဲ့ပေါင်းလိုက်ပါ၊ ဒီလူတွေကိုမတိုက်ဘဲနဲ့ အခြေအနေဆက်စောင့်ကြည့်ထား၊ သူတို့အထဲဝင်လာတော့မှ ငါတို့တားဆီးကြမယ်"
ဘူဂွါးခေါင်းဆောင်သည့်လူများက အခန်းအတွင်းမှထွက်ခွာသွားရန်ပြင်ဆင်လိုက်သည်။ ထိုအခါ ဟုမ်းက ဘူဂွါးကိုလှမ်းတားလိုက်သည်။
"ငါတို့မှာ နောက်ထပ်ဧည့်သည်တစ်ယောက် ထပ်ရောက်နေပြန်ပြီ"
ဟုမ်းကပြောရင်း မှန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ ဘူဂွါးကြည့်လိုက်သည့်အခါတွင်တော့ လျှောက်လမ်းတစ်ခုအတိုင်း ခင်ခင်က လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ်ပြီး လွတ်မြောက်ခဲ့တာလဲ"
ဘူဂွါး အလွန်အံ့သြနေမိသည်။ ဟုမ်းကတော့ ကြိုတင်သိထားသကဲ့သို့ အေးအေးဆေးဆေးဖြစ်နေသည်။
"ကြောင်ဆိုတာ အတော်သတ်ရခက်တဲ့အမျိုးပဲဗျ၊ ကဲ ဘူဂွါး ဒီဧည့်သည်ကတော့ ခင်ဗျားအတွက်ဖြစ်သွားပြီ"
ဘူဂွါးက ကျေကျေနပ်နပ်ပြုံးလိုက်ပြီး
"အခုသူရောက်နေတာ ဘယ်အထပ်လဲ"
"ကျုပ်တို့အောက်ကအထပ်၊ ရှစ်ထပ်မြောက်ကိုရောက်နေတာ"
ဘူဂွါးက သူ့ခါးတွင်ချိတ်ဆွဲထားသည့် ဓါးမရှည်ကြီးတစ်လက်ကိုဆွဲထုတ်လိုက်ပြီး အပြင်ထွက်သွားရန်ပြင်လိုက်သည်။
"နေအုံး ဘူဂွါး"
ဟုမ်းက လှမ်းခေါ်လိုက်သဖြင့် ဘူဂွါးက ဟုမ်းကိုလှည့်ကြည့်လိုက်သည်။
"ကျုပ် ခင်ဗျားကို လက်ဆောင်ကလေးတစ်ခုပေးမလို့"
ဟုမ်းက အနက်ရောင်သေတ္တာကလေးတစ်လုံးကိုဖွင့်လိုက်သည်။ ထိုအခါ အတွင်းတွင် ငွေရောင်ပြောင်လက်နေသည့် ဓါးမြှောင်ကလေးတစ်ချောင်းကိုတွေ့လိုက်ရသည်။ ဘူဂွါး အံ့သြသွားသည်။
"ခင်ဗျားဓါးက သေးလိုက်တာဗျာ"
"ဒါက နှယ်နှယ်ရရ ဓါးမဟုတ်ဘူးဗျ၊ အာကာသဓါးလို့ခေါ်တယ်၊ ဘယ်လိုအရာမျိုးကိုမဆို ဖြတ်တောက်နိုင်တယ်"
ဘူဂွါးက ဓါးကိုကောက်ကိုင်လိုက်သည်။ ဓါးမှာ အတော်အတန်လေးသော်လည်း ဘူဂွါးက အားကောင်းသည်မို့ သိပ်ပြီး ကိစ္စမရှိပေ။ ဘူဂွါးက ဓါးကို ချိန်ဆကြည့်သည်။
"အတော်တော့ လေးသားပဲဗျ"
ထို့နောက် သူ့အနီးတွင်ရပ်နေသည့် စစ်သားတစ်ယောက်ကိုင်ထားသည့် ရိုင်ဖယ်သေနတ်ကို ခုတ်ဖြတ်လိုက်သည်။ သံဖြင့်ပြုလုပ်ထားသည့် ရိုင်ဖယ်သေနတ်မှာ နှစ်ပိုင်းပြတ်ထွက်သွားလေသည်။
"ခင်ဗျားဓါးကိုတော့ ကျုပ်သိပ်ကြိုက်သွားပြီဗျာ"
ဘူဂွါးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်လေသည်။
အပိုင်း (၈) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်