မှတစ်ပါး........(အပိုင်း ၅)
lotaya.mpt.com.mm
|
2023-07-01

ရာဇဘွား သူ့အင်္ကျီကိုကြယ်သီးတပ်ပေးရင်း သေသပ်အောင်လိုက်ပြင်ပေးနေသည့် 

လှလွန်းကြွယ်ကို ငေးစိုက်ကြည့်နေမိသည်။ သူ နဲ့ ဒါလင်ရဲ့ကိစ္စကို ထပ်ပြီးစကားမဟတော့သလို ပြဿနာလဲမရှာသည့်အပြင် လုပ်ပေးနေကျဝတ္တရားတို့ကိုလဲ တစ်ခုမှလစ်ဟာခြင်းမရှိအောင် ပြုမူဆောင်ရွက်ပေး၏။ သဘောထားကြီးပေးလိုက်ခြင်းလား တွေးမိပေမယ့် မဖြစ်နိုင်ဘူးဆိုတာလဲ သူ့စိတ်ကသိနေသည်။ မနေနိုင်သည့်သူကပဲ စကားစရန်ပြင်လိုက်ရင်း သူမဘာတွေးနေလဲဆိုတာ ခန့်မှန်းနိုင်ရန်အစပြုလိုက်သည်။

" ကြွယ်....."

ခေါ်သံကနူးညံ့နေသည်။ ဟုတ်သည်.....သူက အလိုရှိသူကိုး။

" ရှင် ကိုကို....ပြောလေ။ "

ရာဇဘွား မျက်ခုံးအားလက်မဖြင့် အသာခြစ်လိုက်ရင်းမှ....

" ကြွယ် ကိုယ်နဲ့ ဒါလင့်ကိစ္စကို ဘယ်လိုသဘောထားလဲ သိချင်နေတာ။ "

ကြွယ့် မျက်နှာလေးက တည်သွားသလို ကိုကို့အင်္ကျီအိတ်ကပ်ထဲဖောင်တိန်လေးချိတ်ပေးနေရာမှ လက်တစ်စုံဟာလဲ တုံ့ခနဲရပ်သွား၏။ သို့ပေမယ့် ချက်ချင်းပင် ပြန်လည်ပြုံးရယ်လာရင်းမှ....

" ဘာများလဲလို့ ကိုကိုရယ်....ကြွယ်က ဘယ်လိုသဘောထားရမှာလဲ။ ကိုကိုဟာ ယောကျာ်းသားဖြစ်တယ်....မှားတတ်သလို အသိဉာဏ်ကင်းမဲ့နေတဲ့ ခပ်ညံ့ညံ့ခပ်တုံးတုံးလူကို ကြွယ်ကခင်ပွန်းတော်ထားတာမှမဟုတ်ပဲ။ "

" ကြွယ့်......"

" ကဲ..ငြိမ်ငြိမ်နေ ကိုကို။ ဒီနေ့ ကိုကို ရာထူးသွားလျှောက်မှာမဟုတ်လား။ သန့်ပြန့်ပြီးကြည့်ကောင်းနေမှဖြစ်မှာ ကိုကိုရဲ့။ "

ရာဇဘွား ဟင်းခနဲသက်ပြင်းချတော့ ကြွယ်ကပြုံးလာသည်။

" ကိုကိုဟာ မြို့ပိုင်ဖြစ်လာရင် ကိုကို့ဂုဏ်အသရေကို ဂရုစိုက်ဖို့လဲလိုတယ် ကိုကို။ "

အဓိပ္ပါယ်ပါပါပြောလာသည့်စကားတွေနှင့် မျက်ဝန်းအကြည့်ကို သူနားလည်သည်။ ကြွယ်ဟာ မြို့မိမြို့ဖတွေကို စည်းရုံးနိူင်သည်။ မြို့သူမြို့သားတွေကလဲ ကြွယ့်ကို နှစ်သက်ကြသည်။ အရာရှိဇနီးတွေကလဲ ကြွယ်ကလေး ကြွယ်ကလေးဖြင့် နှုတ်ဖျားကမချရှိကြသည်။ 

" လိုက်မှာလား ကြွယ်။ တချို့လူတွေသူတို့ဇနီးကိုခေါ်လာကြမယ်။ "

ကြွယ်က သူ့ကိုပြုံးကြည့်ရင်းမှ...

" ကိုကိုက ပြောတတ်ဆိုတတ်ပြီးသားပါ။ ပြောရဲဆိုရဲလဲရှိပြီးသားမို့ ကြွယ်မှလိုက်စရာမလိုပဲ။ ကြွယ်က အခြားနေရာသွားစရာရှိတယ်။ "

အခြားနေရာ......။

ဒီနေ့ဟာ သူ့အတွက်အတော်အရေးကြီးသလို ရာဇဘွားဟာ မြို့ပိုင်မင်းသိပ်ဖြစ်ချင်၏။ လာလျှောက်ကြတာတွေရှိမှာဖြစ်သလို အကုန်ပညာတတ်တွေချည်းမို့ စိတ်တော့ပူ၏။ ဒီလိုအရေးကြီးတာကိုသိလျက်နှင့် အတူမလိုက်ဘူးဆိုတာမို့ ရာဇဘွားစိတ်တော့မကြည်ဖြစ်သွားကာ တင်းသွားရသည်။

အကဲဆတ်သူပီပီ သတိထားမိသည့်ကြွယ်က ပြုံးလာရင်းမှ.....

" ဘာလဲ......ကိုကိုကလိုက်စေချင်လို့လား။ "

ရာဇဘွား ရှုတည်တည်ဖြင့် ကြွယ့်ကိုကြည့်လာ၏။ သူက လိုက်စေချင်ပါတယ်ဟု ပြောတာကို နားထောင်ချင်နေတာလား တွေးမိတော့ ရင်ထဲမှ ဖျဥ်းခနဲ။

" မခေါ်ဘူးဖြစ်မှာစိုးလို့ မေးတာ ။ မင်းမလိုက်လဲ ပြီးတာပဲ ။ "

ကြွယ် နှုတ်ခမ်းလေးတွန့်ရုံ ပြုံးမိသွား၏။ အခန်းထဲမှ ထွက်သွားသည့် ကိုကို့နောက်ကနေလိုက်လာရင်း အောက်ထပ်အတူဆင်းလာသလို ကားအနားအထိ လိုက်ပို့ပေးသည်။ ကိုကို့ကားလေး ထွက်သွားသည်နှင့် ကြွယ်လဲအခန်းပြန်လာကာ အဝတ်အစားလဲသည်။ ပယင်းရောင်ရင်စေ့ အင်္ကျီလက်ရှည်ခါးတိုလေးအား အောက်မှပိတ်ဗြောင်ထဘီလေးဖြင့်တွဲဝတ်ကာ လည်ပင်းတွင် ပုလဲဆွဲကြိုးလေးတစ်ကုံးဆွဲလိုက်သည်။ 

ကြွယ် ကိုကို့ရာထူးကိစ္စအတွက် လုပ်စရာရှိသည်။စစ်ကြီးအခြေအနေကလဲ မကောင်းသလိုလူတိုင်းကလဲခက်ခဲနေကြသည်။ သူခိုး၊ဓားပြ တောကြောင်တွေဟာလဲ နေရာအနှံ့သောင်းကျန်းသလို အင်္ဂလိပ်အစိုးရကပဲ ပြေးတော့မလိုလို ၊ဂျပန်တွေပဲဝင်လာမလိုလိုအခြေအနေပင်။

ကြွယ်သည် အင်္ဂလိပ်စကားကို ကောင်းကောင်းပြောတတ်သည်။ ဂျပန်လိုလဲပြောတတ်အောင် သင်နေသည်။ အခြေအနေကဘာရယ်မသိတာမို့ ကြွယ့်အတွက် ဘာသာစကားတစ်ခုတတ်ထားခြင်းဟာ ဆိုးကျိုးမရှိဘူးဟု ယူဆသည်။ ပြီးတော့ ကိုကို.....ကိုကိုဟာ မြို့ပိုင်မင်းဖြစ်လာလျှင် ကြွယ်က ထောက်ကူပေးချင်သည်.....ဒါဟာ တာဝန်ကြောင့်မဟုတ်ပဲ ချစ်ခြင်းကြောင့်သာ ဖြစ်သည်။

@@@@@@@@@@@@

ရာဇဘွား အိပ်ယာထက်လှဲနေရင်းမှ မျက်ဝန်းတွေကို မှေးမှိတ်ထားမိသည်။ သမုဒယ ရာဇဘွားဘေးတွင် ယဉ်၍ အိပ်နေရင်းမှ မောင့်ကိုယ်ကြီးကို သိုင်းဖက်ကာ ရင်ဘတ်မှအမွှေးအမျှင်အချို့အား ဆော့ကစားရင်း.....

" မောင်......ဘာတွေစိတ်ညစ်နေတာလဲဟင်။ "

ရာဇဘွား သူ့ရင်ဘတ်ပေါ်မှ ဒါလင့်လက်ကိုအသာဆုပ်ကိုင်လိုက်ကာ သက်ပြင်းချ၏။

" မနေ့က မြို့အုပ်ရာထူးအတွက် အရာရှိအိမ်သွားတာ သိပ်အဆင်မပြေဘူး ဒါလင်။ "

သမုဒယ မျက်မှောင်လေးကျုံ့ သွားရရင်းမှ....

" မောင် အရမ်းသဘောကျတဲ့အလုပ်ကို ဖြစ်ရလေမောင်ရယ်......​အရမ်းကြီးလဲစိတ်မပူပါနဲ့။ မောင့်အရည်အချင်းကို သူတို့သိကြမှာပါ။ ဒါလင်လဲ ယတြာလေးဘာညာချေပေးမယ် သိလား။ "

ရာဇဘွား ပြုံးမိသွားသလို သမုဒယ၏နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။ တဟင်းဟင်းရယ်သံလေးကထွက်လာရင်း နှစ်ယောက်သားလုံးထွေးနေစဉ်.....

" အာစရိ..... အာစရိ...ကျွန်တော် မောင်ခိုင် ပါ။ "

ရာဇဘွား အိမ်ရှေ့ခန်းမှ ခေါ်နေသည့်အသံကြောင့် ကပျာကယာ အင်္ကျီဝတ်ကာ ထွက်လာခဲ့သည်။ 

" ဘာလဲ.....ဘာဖြစ်လို့လဲ ။ "

" မမလေးခေါ်ခိုင်းလို့ပါ။ အရေးကြီးတယ်တဲ့။ "

ရာဇဘွား ကျစ်ခနဲစုပ်သပ်မိသလို အခန်းထဲမှထွက်လာသည့် သမုဒယ၏ မျက်နှာလေးမှာပျက်ယွင်းသွား၏။ ရာဇဘွား ဒါလင့်ကိုတစ်ချက်ငဲ့ကြည့်လိုက်ရင်းမှ....

" မောင် သွားတော့မယ်နော်။ မနက်ဖန်မှလာခဲ့မယ်။ "

ခပ်သုတ်သုတ်ထွက်သွားကြသည်ကိုကြည့်ရင်း သမုဒယ ရင်ထဲမသက်မသာခံစားလိုက်ရသည်။ အရေးမပါသည့် ခံစားချက်ကို ခံစားမိလိုက်သလို မောင်ဟာ သမုဒယကိုချစ်ပေမယ့် ဘာကြောင့်များ မစွန့်စားချင်သည်လဲ။

လှလွန်းကြွယ် လက်ထဲကိုင်ထားသည့် စာအိတ်လေးကို အပြန်ပြန်အလှန်လှန်ထပ်ခါထပ်ခါကြည့်မိနေပေမယ့် ဖောက်တော့ဖွင့်မကြည့်ရသေးပေ။ ကိုကိုလာမှ လက်ထဲအပ်မည်စဉ်း စားထားသလို ဘယ်လောက်ပျော်နေမလဲ ကြိုတင်တွေးမိတော့ အသံလေးထွက်အောင်ရယ်မိရင်း ပခုံးလေးပင်တွန့်တက်သွားရသည်။

ဟော....ကားသံကြားရပြီ။ 

ကိုကို ပြန်လာပြီဆိုတာသိလိုက်သလို ထိုင်နေရာမှထလာရင်း လက်လေးနှစ်ဖက်နောက်ပစ်ကာ ရပ်နေလိုက်သည်။ ရာဇဘွားကားပေါ်ကနေ ဆင်းလာရင်းမှ....

" ဘာအရေးကြီးလို့လဲ.....ဘာဖြစ်လို့လဲ။ "

ကြွယ့်နှုတ်ခမ်းလေး ကွေးညွှတ်အောင်ပြုံးသွားသည်ကို ရာဇဘွားငေးစိုက်ကြည့်နေမိ၏။ လက်လေးတစ်ဖက်က မြောက်တက်လာရင်း အသားရောင်စာအိတ်လေးကို မြှောက်ပြလာ၏။ ရာဇဘွား စူးစမ်းသလိုယူကြည့်လိုက်ရင်း စာအိတ်ပေါ်မှ အမှတ်တံဆိပ်ကိုမြင်တော့ ရင်ထဲလှပ်ခနဲတုန်ယင်ကာ ကြွယ့်ကိုမယုံနိူင်သလို ပြန်ကြည့်၏။

ကြွယ်က တဟင်းဟင်းရယ်ကာ ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။ စာအိတ်ကိုဆွဲထုတ်ကာ အင်္ဂလိပ်စာလုံးတွေကို အပြန်ပြန်အလှန်လှန် ဖတ်ရင်းအဟားဆိုပြီး ထရယ်၏။ ကြွယ် လက်လေးနှစ်ဖက်နောက်ပစ်ကာ ခေါင်းလေးညွှတ်လိုက်ရင်းမှ.....

" မြို့အုပ်မင်းကို အရင်ဆုံးဂုဏ်ပြုပါတယ်ရှင်။ "

 " ကိုယ်...ကိုယ်စာမေးပွဲဖြေတုန်းက လိုတာတွေရှိခဲ့တာ......"

ကြွယ် ပြုံးလိုက်မိရင်းမှ ကိုကို့လက်တစ်ဖက်ကိုအသာဆုပ်ကိုင်ရင်း....

" ကိုကိုက တော်ပြီးသားပါ။ အရည်အချင်း ရှိတယ်လေ.....နည်းနည်းလေး လွဲချော်ခဲ့တာ....ကြွယ်ကအဲ့အလွဲကို အရာရှိရဲ့ဇနီးဆီသွားပြီး ဖြည့်ပေးခဲ့တယ်....."

" ဘယ်လို!"

နားမလည်နိုင်သလို ပြန်မေးနေသည့် ရာဇဘွား။ ကြွယ်သေချာရှင်းပြမှ ပြုံးရယ်လာသလို ကြွယ့်ကိုသူ့ရင်ခွင်ထဲဆွဲဖက်လာ၏။ ကြွယ် အသက်ကိုအောင့်ထားမိသလို ကိုကို့ဆီမှရနေသည့် မိန်းကလေးပေါင်ဒါနံ့အား မေ့ပစ်ချင်သည်။ 

အဆင်ပြေသွားမှာပါ......အဆင်ပြေလာမှာပါ လှလွန်းကြွယ်ရယ် ။ ဆက်တောင့်ခံပြီး ကြိုးစားဖို့ပဲလိုတာ။

@@@@@@@@@@@

ကြွယ် မေမေကြီးစကားကိုနားထောင်နေရင်းမှ သက်ပြင်းချမိ၏။ ကိုကိုနဲ့သမုဒယအကြောင်းကို ကြွယ် လျစ်လျူရှုထားခြင်းမဟုတ်ပါ။ အချိန်ယူပြီး အသင့်လျော်ဆုံးနဲ့ အပြတ်သားဆုံးဖြစ်မယ့်လမ်းကို စဉ်း စားနေခြင်းပင်။

" မင်း တုန့်ဆိုင်းမနေနဲ့တော့ လှလွန်းကြွယ်။ ရောဂါဆိုတာ နုတုန်းကုရမှာပဲ ။ ရင့်လာတဲ့အခါ အမြစ်ပါတွယ်သွားလိမ့်မယ်။ "

" ကိုကိုက ...."

" သူလက်ခံတာမခံတာ ဂရုစိုက်စရာမလိုဘူး။ အခု သားကမြို့အုပ်မင်းဖြစ်နေပြီ။ သူ့သိက္ခာကို လက်ညိုးထိုးစရာမရှိနေမှရမယ်။ မင်းအသာနေပါ လှလွန်းကြွယ်။ ဒီကိစ္စကို ငါဖြေရှင်းမယ်။ "

မေမေကြီးစကားကြောင့် ကြွယ် သက်ပြင်းသာချမိသည်။ ရန်ကုန်ကိုသွားစရာကိစ္စပေါ်လာသည်ဆိုပြီး ဒေါ်ပုလဲသီသည် လှလွန်းကြွယ် နှင့် ရာဇဘွားကို ရန်ကုန်သို့လွှတ်လိုက်သည်။ ကြွယ်ကသိပေမယ့် ကိုကိုက ရိပ်မိပုံမရပါ။ 

တစ်ပတ်အတွင်း ကြွယ်ရောကိုကိုပါ ရန်ကုန်အနှံ့လည်ပတ်ကြသည်။ မေမေကြီးခိုင်းတာလုပ်ပြီး ရွှေတိဂုံဘုရားဖူးသည်။ ကြွယ်လဲပျော်သလို ကိုကိုကိုယ်တိုင်လဲ သူလိုချင်သည့်ရာထူးအာဏာကိုရရှိထားတာ လောလောလတ်လတ်မို့ ပြုံးရွှင်နေ၏။

သို့ပေမယ် ရိပ်မြုံက်ိုပြန်ရောက်သည့်အချိန်တွင် သမုဒယသည် အခြားတစ်ယောက်နှင့် လက်ထပ်လိုက်ရပြီဖြစ်၏။ သိသိချင်းကိုကိုဟာ စိတ်အရမ်းဆိုးပြီး ဒေါသတွေကြီးသည်။ မေမေကြီးကို ထိပ်တိုက်မ​ပြောရဲသည့် ဒေါသတွေဟာ ကြွယ့်အပေါ်ပုံကျလာ၏။

" မင်း ပျော်လား.....ပျော်နေလား လှလွန်းကြွယ်။ အခြား မိန်းမတစ်ယောက်ရဲ့ နာကျင်မှုကိုချနင်းပြီး ရယူထားတဲ့ပျော်ရွှင်မှုကြီးက အင်မတန်မှ ကျေနပ်စရာကောင်းရဲ့လား။ "

ကြွယ် ခပ်လှောင်လှောင်သာပြုံးမိသည်။ ကိုကိုဟာ သိပ်ဘက်လိုက်သည်။ ကြွယ့်နာကျင်မှုကိုကျ နှစ်ယောက်သား စိတ်တူကိုယ်တူချနင်းခဲ့တာမဟုတ်ဘူးလား။

" မင်း ဒီကိစ္စတွေကိုမသိဘူးလို့ မငြင်းနဲ့နော်။ မင်း သိတယ်ဆိုတာ ငါသိတယ် ။ "

" ကြွယ် သိပါတယ်။ မေမေကြီးကိုယ်တိုင်က ဆူံးဖြတ်ပြီးသားဖြစ်နေတာ။ ကြွယ်တားလို့မရဘူး.....ရလဲမတားဘူး။ "

ရာဇဘွား ကြွယ့်အနားဝုန်းခနဲရောက်လာရင်းမှ ပခုံးကနေဆောင့်တွန်းပစ်သည်။

" မင်း သိပ်တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမ......မချစ်တဲ့သူနဲ့လက်ထပ်ရတာ ဘယ်လိုခံစားနာကျင်မှုမျိုးလဲ မင်း အသိဆုံးမဟုတ်လား...မင်းကိုယ်ချင်းမစာပေးသင့်ဘူးလား။ "

ကြွယ့်သီးခံနိူင်မှု ကုန်သွားပြီဖြစ်၏။

" ကြွယ်က ဘာကိစ္စကိုယ်ချင်းစာပေးရမှာလဲ။ အဲ့မိန်းမကို ဘာကိစ္စ ကိုယ်ချင်းစာရမှာတုန်း။ "

" မင်းပြောတဲ့မိန်းမက ငါချစ်တဲ့မိန်းကလေးမို့......"

ဟင်။

ကိုကို့အော်သံအဆုံး ကြွယ်ငြိမ်ကျသွားသည်။ ကြွယ့်ရှေ့ပြောထွက်ရက်သည်ကိုငေးစိုက်ကြည့်ရင်း ကြက်သေသေနေမိသလို ကိုကိုကလဲ ကြွယ့်ကိုရန်သူပမာ စူးစိုက်ကြည့်နေခဲ့သည်။

ဘုရားရေ......ကြွယ့်နှလုံးသားကိုဘယ်သူမှမစာနာပေးကြတော့ဘူးလား။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 6

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..