မှတစ်ပါး........(အပိုင်း ၆)
lotaya.mpt.com.mm
|
2023-07-02

Part - 6

ကြွယ့်နှလုံးသားကို မီးလောင်တိုက်သွင်းသည့်မိန်းမကို ကြွယ်က ကိုယ်ချင်းစာပေးရမည်တဲ့လေ။ ကြွယ့်သီးခံနိုင်မှုတွေ ကုန်ဆုံးသွားသလို လက်သီးလေးဆုပ်ကာ ပြန်ကုန်းအော်၏။

" ကြွယ်က ဘာကိစ္စကိုယ်ချင်းစာပေးရမှာလဲ။ အဲ့မိန်းမကို ဘာကိစ္စ ကိုယ်ချင်းစာရမှာတုန်း။ "

" မင်းပြောတဲ့မိန်းမက ငါချစ်တဲ့မိန်းကလေးကွ......"

ဟင်။

ကိုကို့ပြန်အော်သံအဆုံး ကြွယ်ငြိမ်ကျသွားသည်။ ချစ်တဲ့မိန်းကလေး...။ ကြွယ့်ရှေ့ပြောထွက်ရက်သည်ကိုငေးစိုက်ကြည့်ရင်း ကြက်သေသေနေမိသလို ကိုကိုကလဲ ကြွယ့်ကိုရန်သူပမာ စူးစိုက်ကြည့်နေခဲ့သည်။

ဘုရားရေ......ကြွယ့်နှလုံးသားကိုဘယ်သူမှမစာနာပေးကြတော့ဘူးလား။ ကြွယ့်မျက်ဝန်းအိမ်ထဲမှ မျက်ရည်တွေစီးကျလာရသလို ကိုကိုက စူးစိုက်ကြည့်နေရင်း....

" မင်း ကိုယ်ချင်းစာရမယ် လှလွန်းကြွယ်...အဲ့မိန်းမကို ငါချစ်တယ်။ သူ့နာကျင်မှုက ငါ့နာကျင်မှု ဖြစ်သလို သူ့ကျရှုံးခန်းက ငါ့အတွက်သီးမခံနိုင်တဲ့အရာပဲ.......မင်း သူ့ကိုထိခိုက်နာကျင်အောင် လုပ်ခွင့်မရှိဘူးကွ......ငါချစ်မြတ်နိုးတဲ့မိန်းကလေးကို မင်းထိပါးစော်ကားခွင့်မရှိဘူး။ "

ကြွယ် ခေါင်းလေးတယမ်းယမ်းဖြင့် အနောက်မှစားပွဲကို ဖမ်းကိုင်ကာ ပြိုလဲမကျစေရန်အနိုင်နိုင်မတ်တတ်ရပ်ထားရသည်။ ရက်စက်လိုက်တာ...... ကြွယ့်အပေါ် ကိုကိုသိပ်ရက်စက်နိုင်လွန်းသည်။

" ကြွယ်....ကြွယ်ကဘာလဲဟင်။ "

ပါးစပ်ကထုတ်ဖော်မေးလိုက်ပေမယ့် အသံကကြားရရုံတောင်ထွက်မလာပဲ ဗလုံးဗထွေးဖြစ်နေ၏။ ကြွယ့်မှာ စကားတစ်ခွန်းတောင် ပီပီသသပြောနိုင်သည့်စွမ်းအင်မရှိတော့။ အသက်ကိုပြင်းပြင်းရှုလိုက်ရင်းမှ အားယူရင်းထပ်မေး၏။.

" ကြွယ်က ဘာလဲ......ကိုကို့အတွက် ကြွယ်ကဘာလဲ။ ကိုကိုဘာကြောင့် ကြွယ့်ကိုလက်ထပ်ခဲ့ရသလဲ.....ကြွယ့်ကိုစိတ်ဒဏ်ရာတွေလာပေးခဲ့တာလဲ။ "

ရာဇဘွား သက်ပြင်းချမိရင်းမှ အံကိုတင်းခနဲ ကြိတ်မိ၏။

" ငါ့မှာ ရွေးချယ်စရာမရှိဘူး လှလွန်းကြွယ်။ ငါ့မိဘကိုငါမလွန်ဆန်နိုင်ဘူး။ မင်းကိုငါအရင်ကရော ခုရောမချစ်ဘူး...နောင်လဲချစ်လာမှာမဟုတ်ဘူး။ "

သတ္တိမရှိလိုက်တာ......။ 

ကိုကို့ကို ကြွယ်နာနာကြင်ကြင်စိုက်ကြည့်မိ၏။ ရာဇဘွား သွေးပျက်ကာ ဖြူဖျော့နေသည့်ကြွယ့်ပူံစံကိုကြည့်ရင်း အခန်းထဲမှထွက်လာခဲ့သည်။ သူ ခုချိန်မှာ ယူကြုံးမရတာပဲသိသည်။ သူ့ကြောင့်ဒါလင် ဒုက္ခရောက်ရပြီ မဟုတ်လား။ ဘယ်လောက်တောင်များ ငိုကြွေးဝမ်းနည်းနေမလဲ သူတွေးကြည့်လို့ရသည်။

" မမလေး......မမလေးရယ်...."

ကိုကိုထွက်သွားသည်နှင့် မူမူက အခန်းထဲပြေးဝင်လာသလို ကြမ်းပြင်ပေါ်ပြိုလဲကျသွားသည့်ကြွယ့်ကိုပြေးဖက်ငိုရှာ၏။ အခုမှ မှီစရာရင်ခွင်ရသည်မို့ ကြွယ်မူမူ့ကိုဖက်ကာ ဝမ်းပန်းတနည်း ယူကြုံးမရငိုရှာသည်။ ကိုကို့စကားတွေက ကြွယ့်နှလုံးသားကို ဆတ်ဆတ်ခါသည်အထိ နာကျင်စေခဲ့သည်။

" အမလေး….အမလေး မူမူရယ်....ကြွယ်....ကြွယ့်ကိုကယ်ပါဦး။ အား…..အဟင့်....ဟင့် ကြွယ့်ဘဝက ဆုံးပြီ မူမူရဲ့။ "

" မမလေးရယ်.....မူမူ ဘာလုပ်ပေးရမလဲဟင်။ မမလေး ဘာဆက်လုပ်မှာလဲ......မူမူအဲ့မိန်းမကိုသွားရိုက်ပစ်ရမလား။ "

ကြွယ် စကားပင်ပြန်မဖြေနိုင်သလို တအင့်အင့်သာရှိုက်ငိုသည်။ ဘာစကားမှမပြောချင်သလို လက်ချောင်းလေးပင် မလှုပ်ချင်ပဲငို၍သာနေချင်တော့သည်။ အသဲတွေရော အသားတွေပါနာကျင်ကျိန်းစက်နေသလို အရာအားလုံးကို အရှုံးပေးပါသည်လေ။

ကိုကို့ကိုလဲ အရှုံးပေးပါသည်။

ကိုကိုချစ်တဲ့ ထိုမိန်းမကိုလဲ အရှုံးပေး၏။

ကြွယ့်ကိုဓားစာခံအဖြစ် အသုံးချခဲ့တဲ့သူတွေရော.... အရာအားလုံးကို ကြွယ်အရှုံးပေးပါသည်။

@@@@@@@@@@

ကွာရှင်းမည်ဆိုတဲ့ အကြောင်းအရာကို ကြွယ့်ဦးနှောက်က ထပ်တလဲလဲသတိပေးနေပြီဖြစ်၏။ ကိုကို နဲ့ ကြွယ် မျက်နှာချင်းမဆိုင်ပဲ ရှောင်နေကြတာလဲ နှစ်ရက်ရှိပြီဖြစ်၏။ ကြွယ် ထိုနှစ်ရက်မှာ ဘာမှလဲမစားနိုင်သလို ညတွေလဲတစ်ရေးလေးမျှပင် အိပ်မပျော်နိုင်သည်အထိ ရင်ထဲကပူလောင်နေ၏။

ကိုကို့ကိုဆုံးရှုံးလိုက်ရမည်ကို ကြွယ်ကြောက်သည်။ ထို့အတူ ကြွယ့်ကိုသစ္စာဖောက်ကာ ရက်စက်မျက်နှာပြောင်တိုက်လွန်းသည်အား နာကြည်း၏။ ကြွယ်ဝမ်းနည်းငိုကြွေးနေချိန်တွေမှာ သူတို့ပျော်ရွှင်နေကြမှာကို တွေးမိရင် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ခံစားရသည်။ 

" မမလေး.......မေမေကြီးခေါ်နေတယ်။ "

အခန်းထဲဝင်လာကာ အသံလေးတိမ်ပြီးပြောလာသည့်မူမူကြောင့် ကြွယ်အိပ်ယာထဲလှဲနေရာမှ ခေါင်းလေးစောင်းငဲ့ကြည့်၏။ 

" မူမူကြည့်ကောင်းအောင် ပြောပေးရမလား....။ "

မမလေး ပင်ပန်းနေတာ မူမူသိသလို မမလေးနာကျင်နေရတာတွေကို မူမူသည်မြင်နေရသည်မို့ အတတ်နိုင်ဆုံး လုပ်ပေးလို့ရတာလုပ်ပေးချင်သည်။ အပြင်ပန်းမှာသာ တည်ငြိမ်ဟန်ဆောင်ထားရင်း လူမြင်မပျက်နေပြရပေမယ့် ကွယ်ရာတွင်ဘယ်လောက်ထိ နာကျင်ပြိုလဲနေသလဲ မူမူအသိဆုံးပင်။

အိပ်ယာထက်ကနေ အားယူပြီးထလာသည်မို့ မူမူကူတွဲပေးလိုက်သည်။ အဝတ်အစားလဲရဦးမည်မို့ မူမူဗီရိုထဲမှ အဝတ်အစားတစ်စုံပြေးထုတ်၏။ မေမေကြီးက ညအိပ်ဝတ်စုံ၊အိမ်နေရင်းဝတ်စုံတွေနှင့် သူ့ဆီလာလို့မကြိုက်တတ်ပါ။ 

အဝတ်အစားလဲကာ ဆံနွယ်တွေကိုဖြီးသင်ကာ စည်းပေးလိုက်ရင်း အခန်းအပြင်ရောက်သည်နှင့် မမလေးဟာ မူမူ့လက်ကိုအသာဖယ်ချကာ ကိုယ်ကိုမတ်လိုက်၏။ အသက်ကိုပြင်းပြင်းရှူလိုက်ရင်းမှ......

" သွားကြရအောင် မူမူ။ "

ဒေါ်ပုလဲသီအခန်းတံခါးခေါက်သံကြောင့် တစ်ချက်ငဲ့ကြည့်လိုက်ရင်းမှ.....

" ဝင်ခဲ့ပါ။ "

အခန်းတံခါးပွင့်လာကာ ခပ်တည်တည်လေးဖြင့် ရောက်လာသည့် လှလွန်းကြွယ် ။ မူမူက အခန်းတံခါးကို အပြင်မှပိတ်ပေးလိုက်သလို လှလွန်းကြွယ်က သူမရှေ့မှခုံတွင်ဝင်ထိုင်လိုက်ရင်းမှ.....

" ကြွယ် မေမေကြီးကို ပြောစရာရှိတယ်။ "

ဒေါ်ပုလဲသီမျက်စပင့်မိသွား၏။ 

" မင်းအရင်ပြောပါ လှလွန်းကြွယ်....."

ကြွယ် စိတ်ကိုငြိမ်အောင် ကြိုးစားစုစည်းလိုက်သလို ဆုံးဖြတ်ပြီးသားမို့ တွေဝေမနေတော့။

" ကြွယ် ကွာရှင်းချင်တယ်...... "

ဒေါ်ပုလဲသီ မျက်မှောင်ကျုံ့သွားမိသလို ဟင်းခနဲသက်ပြင်းချ၏။

" ကလေးကစားနေတာလား လှလွန်းကြွယ်။ မင်းတို့လက်ထပ်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ "

" ကိုကို ဖောက်ပြန်တယ်လေ......ဒါကိုမေမေကြီးလဲသိတယ်.....​ကိုကိုမှကြွယ့်ကိုမချစ်တာ။ ကြွယ့်ကို တစ်သက်လုံးမချစ်နိုင်ဘူးပြောထားတဲ့ယောကျာ်းတစ်ယောက်ကို ကြွယ်ဆက်ဆွဲထားစရာ ဆင်ခြေမရှိတော့ဘူး မေမေကြီး။ အစထဲကိုက ဒီအိမ်ထောင်ရေးဟာ ဖြစ်ကိုဖြစ်မလာသင့်တာ။ "

" အိူး…..ငါ့အပြစ်ပေါ့။ "

" ကြွယ့်အပြစ်မဟုတ်တာတော့ ကျိန်းသေတယ်။ ကြွယ် ဒီနေ့ပဲအိမ်ပြန်မယ်။ ကိုကိုဒီလိုတွေလုပ်နေတာ ကြွယ်ဆက်သီးမခံနိုင်တော့ဘူး။ ဘယ်မိန်းမမှလဲ သီးခံမှာမဟုတ်ဘူး။ "

မေမေကြီး၏စကားကိုပင် ကြွယ်စောင့်နားထောင်မနေတော့ပဲ အခန်းထဲမှထွက်လာခဲ့သည်။မူမူက ကြွယ့်နောက်မှ ငိုပြီးလိုက်လာသလို အခန်းထဲပြန်ရောက်သည်နှင့် ဗီရိုထဲမှအဝတ်အစားတွေကို သေတ္တာကြီးထဲပြောင်းထည့်၏။ ကြွယ် မူမူ့ကိုဖျတ်ခနဲငဲ့ကြည့်မိသွားသလို အနားလျှောက်သွားရင်း ပခုံးလေးကိုထိကိုင်လိုက်၏။

" မူမူ....."

ကြွယ့်ကို မျက်ရည်လုံးကြီးတွေစီးကျရင်း ငေးစိုက်ကြည့်လာကာ ကြွယ့်လက်လေးအားယူ၍နမ်း၏။

" မူမူ.....မူမူ မမလေးနဲ့မခွဲချင်ပါဘူး။ ဒါ....ဒါပေမယ့် မမလေးကို ဆက်ပြီးစိတ်မဆင်းရဲစေချင်တော့ဘူး။ မမလေးကွာရှင်းတာ မှန်ပါတယ်....."

ကြွယ် မချိတင်ကဲပြုံးမိရင်းမှ ခေါင်းကိုတဆတ်ဆတ်ညိတ်မိသည်။ ဟုတ်တယ်.....ကြွယ် ဘာကြောင့်ပဲဖြစ်ဖြစ် လုပ်တာမှန်တယ်။ 

@@@@@@@@@@@@

ရာဇဘွား ဖုန်းခွက်ကိုဆောင့်ချလိုက်ရင်းမှ ဒေါသတကြီး စားပွဲပေါ်မှ ပစ္စည်းအကုန် ဆွဲလွှင့်ပစ်လိုက်သည်။ ကွာရှင်းတယ်.....ကွာရှင်းပြီးအိမ်ပေါ်ကဆင်းတယ်ပေါ့လေ။ ရာရာစစဘယ်သူက ဘယ်သူ့ကို ကွာရှင်းချင်ရတာလဲ။

လှလွန်းကြွယ်....လှလွန်းကြွယ်။

သူက ပြန်လိုက်ခေါ်မယ်များထင်နေလားမသိ။ ကောင်းပြီ.....ဆင်းသွား။ သူ မှ ဒီမိန်းမကို မပြတ်နိုင်စရာ အကြောင်းမရှိပဲ။

တစ်ပတ်.....။

တစ်ပတ်လုံးလုံး ကြွယ် ဖေဖေ့အိမ်ပြန်နေခဲ့သလို ဖေဖေက အကျိုးအကြောင်းသိသည်နှင့် ကြွယ့်ကို ​ကွာရှင်းမည့်ကိစ္စအား စီစဉ်ပေးရှာသည်။ သို့ပေမယ့် ပြဿနာက ပတ်ဝန်းကျင် နဲ့ ဆွေမျိုးတစ်စုပင်။

" ကိုယ့်လင်မြို့အုပ်ဖြစ်မှပဲ ကွာရမယ်လို့အေ.....ညည်းဉာဏ်တိမ်လှချည်လား။ "

" တစ်ခုလပ်များ ဘာမက်စရာရှိတုန်း။ အိမ်ထောင်ပဲကျနေပြီ မရင့်ကျတ်လိုက်တာ။ "

" ဥစ္စာပေါရုပ်ချောဂုဏ်နဲ့ဒြပ်နဲ့ကို ကွာမယ်ဟုတ်လား.....ညည်းရူးများနေသလားအေ့။ သည်းခံပေါင်းတော့ ဘာဖြစ်သွားမှာတုန်း။ "

ဖေဖေကတော့ရှင်းပါသည်။

" ငါ့သမီးကိုငါတစ်သက်လုံး ကျွေးမွေးစောင့်ရှောက်လာတာ။ ငါ့ဆီဘာဖြစ်ပြီးပြန်လာပြန်လာ မှားမှားမှန်မှန် ငါကျွေးမွေးနိုင်တယ်။ နင်တို့ဘာမှဝင်ရှည်စရာမလိုဘူး။ "

ကြွယ့်ကြောင့် ဖေဖေစိတ်မကောင်းဖြစ်နေရတာတော့ ကြွယ်သိသည်။ ကြွယ်ကိုယ်တိုင်လဲ ရင်ထဲမကောင်းသလို ကိုကိုကတော့ တင်းသည်ပြတ်သည်။ ဖုန်းတစ်ချက်ပင်မဆက်သလို မေမေကြီးကတော့ လာညှိနှိုင်းမည်ပြောလာသည်။

" အော့......ဝေါ့.....ဝေါ့ "

ဟင်းချက်နေရင်းမှ ရင်ထဲပျို့တက်လာကာ ပြေးအန်လိုက်ရင်း ကြွယ့်ရင်တွေလှပ်ခနဲဖြစ်သွားရသည်။ ရင်တွေတဒိန်းဒိန်းခုန်လာရရင်း ဘုရားတမိသလို ရက်တွေတွက်ကြည့်သည်။ 

ညနေသားဖွားဆရာမဆီသွားပြသည့်အခါတွင်တော့ ကြွယ်ဟာ ရွေးချယ်စရာမရှိသောလမ်းကိုရောက်ခဲ့၏။

ကြွယ့်မှာ ကိုယ်ဝန်ရှိနေခဲ့ပြီတဲ့လေ။

ကလေးရယ်......မေမေ ဘာလုပ်ရမလဲ ။

@@@@@@@@@@@@@@@@@@@@@

To be continue P - 7

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..