
Part - 8
ကိုယ်ဝန်လလေးနည်းနည်းရလာသလို ဗိုက်ကလေးလဲ မစို့မပို့ထွက်လာ၏။ သို့ပေမယ့် အပျိုဗိုက်လေးမို့လားမသိ လပဲမရင့်သေးလို့လားမသိ ဗိုက်လေးကပူတယ်ဆိုရုံလေးသာ ရှိနေသေးသည်။ ထိုအနေအထားကို မကျေနပ်နိုင်သူက ရာဇဘွားပင်။
" မဟုတ်သေးပါဘူး.....မင်း ကိုယ်ဝန်ဆောင်အားဆေးကိုရော မှန်မှန်သောက်ရဲ့လား ကြွယ်။ သူများဗိုက်တွေ ပျံလန်နေတာပဲကွာ......"
ကြွယ် ကလဲ တစ်ခါမှ ကိုယ်ဝန်ဆောင်ဖူးသူ မဟုတ်သဖြင့် ဘာပြန်ပြောရမှန်းမသိ။
" နင်တို့ရော ဘာတွေလုပ်ပြီး ဘယ်လိုဂရုစိုက်နေတာလဲ......လခပဲယူပြီး ရေသာခိုမနေကြနဲ့နော်....အေး ငါ့ကလေးတစ်ခုခုဆို နင်တို့အကုန်သတ်ပစ်မယ်မှတ်။ "
အိမ်မှ အလုပ်သမားလေးတွေလဲ မနေရသလို ကြွယ့်ကိုလဲ အတော်တင်းကြပ်ထားသည်။ မစားရသည့်အစားအသောက်တွေ၊မသွားရသည့်လမ်းတွေ အစစအရာရာ သူ့ထိန်းချုပ်မှုအောက်တွင်ပဲ ရှိနေစေသည်။ ကိုကိုဟာ သူ့ရင်သွေးနဲ့ပက်သက်ပြီး ဘယ်လောက်များ အလွန်အကြူးဖြစ်လဲဆိုလျှင် ထိုနေ့က မေမေကြီးနဲ့ကိုကို စကားအကြီးအကျယ်များကြသည်အထိ။
ပြဿနာအစက မေမေကြီးသည် ကြွယ့်အား ခြံဝမှာ သတင်းစာယူခိုင်းမိခြင်းပင်။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်မှပြန်လာသည့် ကိုကိုက ခြံဝမှာဗိုက်ဖုံးအင်္ကျီလေးနဲ့သတင်းစာယူနေသည့် ကြွယ့်ကိုမြင်ကာ ကားပေါ်မှ အလန့်တကြားပြေးဆင်းလာ၏။
" လှလွန်းကြွယ်......မင်း.....မင်း ဘာထွက်လုပ်တာလဲကွ။ မင်းက ဘာကိစ္စထွက်လာရတာလဲ။ "
ကြွယ့်အနားရောက်လာကာ လက်မောင်းကို တင်းတင်းဖိဆုပ်ထားသည့် ကိုကို့ပုံစံကြောင့် ကြွယ် ရုတ်တရတ်မို့ ကြောက်ပင်ကြောက်သွားရသည်။ အယောင်ယောင်အမှားမှားဖြင့် မေမေကြီးယူခိုင်းတာ ပြောလိုက်မိပြီး နောက်ဆက်တွဲကား.......
" ကြွယ့်ကို နောက်အဲ့လိုတွေ မခိုင်းပါနဲ့ မေမေ။ ကျွန်တော် လုံးဝမကြိုက်ဘူး....."m
" ဘာပြောတယ် ရာဇဘွား..."
ထိုင်နေရာမှ ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်သည့် ဒေါ်ပုလဲသီ ။ တစ်သက်လုံး အမေ့စိတ်နဲ့ရှင်လာသလို မလွန်ဆန်ဖူးသည့် သားဖြစ်သူဆီမှ ထွက်လာသည့်စကားက ပိုရင်နာစရာကောင်းသည်။
" မေမေ့ကို ကျွန်တော် မယုံတာ စိတ်မရှိပါနဲ့ ။ အကယ်၍....... မပြောကောင်းမဆိုကောင်း ကျွန်တော့်ရင်သွေးကို လာထိခိုက်မယ့်လူရှိလာရင် ကျွန်တော်က ဘယ်သူ့မှသက်ညှာနေမှာ မဟုတ်ဘူး။ "
ဒေါ်ပုလဲသီသာမက ကြွယ်ပါ မယုံနိုင်ဖြစ်ခဲ့ရသည်။ မေမေကြီးကို အကဲခတ်ကြည့်မိတော့လဲ အံက်ိုတင်းတင်းကြိတ်ထားသလို ကြွယ့်ကိုစူးခနဲ လှမ်းကြည့်လာသဖြင့် ကပျာကယာမျက်နှာလွှဲပစ်မိသည်။
ရာဇဘွား ၏ ကလေးဘဝသည် ပျော်ရွှင်စရာ ကောင်းမနေခဲ့ပါ။ ဒေါ်ပုလဲသီသည် သားဖြစ်သူကို ထိန်းကျောင်းရာတွင် စည်းကမ်းသိပ်ကြီး၏။ ခင်ပွန်းဖြစ်သူရော ၊ သားဖြစ်သူအပေါ်ပါ မိမိသြဇာညောင်းစေသလို အရာရာကိုထိန်းချုပ်ထား၏။ အချစ်မခံရသောသူပီပီ သူတစ်ပါးကို ပြန်မချစ်ပေးတတ်သော ရာဇဘွား၊ ငယ်စဥ်ထဲက ဖခင်ဖြစ်သူဆီကနေ တယုတယအချစ်ခံကာ ကြီးပြင်းလာခဲ့သည့် လှလွန်းကြွယ် နှစ်ယောက်သားဟာ အကျင့်စရိုက်က အတော်လေးကွာခြား၏။
ရာဇဘွား၏ စိတ်ထဲတွင် သူ့ရင်သွေးနဲ့ပက်သက်ပြီး မျှော်လင့်ချက်များ၏။ သူ့ဆီမှ နွေးထွေးသော မေတ္တာတွေသာ ရစေမည်။ အကောင်းဆုံးကိုပေးမည် တန်ဖိုးအကြီးဆုံးတွေသာ ခြံရံစေမည်။ မိခင်မေတ္တာကို ကြွယ်က အပြည့်အဝပေးနိုင်မည်ဆိုတာ ယုံသလို သူကလဲ ဖခင်မေတ္တာကိုပေးမည်။
ဤသို့ဖြင့်.......ရာဇဘွားဟာ သူ့ကိုယ်သူထက်ချစ်သော ပထမဆုံးလူသားသည် လောကကြီးဆီ မကြာခင်ရောက်လာတော့မည် သူ့ရင်သွေးတွေဖြစ်လာခဲ့သည်။
@@@@@@@@@@@@
ဂျပန်တွေနှင့် အင်္ဂလိပ်တွေ အတော်အခြေအနေ တင်းမာကာ ဂျပန်စစ်ကြောင်းတွေဟာ တစ်စတစ်စ ချီလာသည်လဲ ကြားရ၏။ ကြွယ့်ကိုယ်ဝန်ကလဲ လရင့်လာပြီဖြစ်သည်။ ထို့အပြင် သမုဒယ၏ခင်ပွန်းဖြစ်သူသည် တောကြောင်တွေလက်ချက်ကြောင့် အသတ်ခံလိုက်ရ၏။
ကြားလိုက်ရသည့် သတင်းကြောင့် ကြွယ် မထိတ်သာမလန့်သာဖြစ်သွားရသည်မှာ အမှန်ပင်။ ကိုကိုကလဲ တောရွာတွေဘက် ခဏခဏသွားကြည့်ကာ တစ်ခါတစ်လေ ညအိပ်ရတတ်သည်မို့ လမ်းခရီးမှာ တောကြောင်တွေနှင့်တိုးမှာ စိုးရိမ်သည်။ မိန်းမသားချင်းမို့ လင်သားဆုံးရှုံးရသည့် အပူမီးကို ကိုယ်ချင်းစာသည်ကတစ်ဖက်၊ကိုကိုနဲ့များ ပြန်ပြီးပက်သက်ကြလျှင်ဆိုတဲ့ အပူကတစ်ဖက်ပင်။
" မမလေး.......နွားနို့လေးသောက်လိုက်ဦးနော်။ "
မူမူကမ်းပေးလာသည့် နွားနိူ့ကို ယူသောက်လိုက်ရင်း နာရီကိုကြည့်မိတော့ ကိုကိုပြန်လာချိန်နီးပြီမို့ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ကားသံနဲ့အတူ ကားပေါ်မှ ဆင်းလာသည့်ကိုကို့ပုံစံက လောကြီးနေ၏။
" ကိုကို.......ဘာဖြစ်လို့လဲဟင်။ "
အလုပ်သမားလေးတွေကို ကားပေါ်မှ ပစ္စည်းတွေသွားချခိုင်းရင်း ကိုကိုက ကြွယ့်ကိုယ်လေးအားထိန်းဖက်ထား၏။
" ဂျပန်တွေ ရန်ကုန်ကိုဝင်မယ်လို့ သတင်းတွေကြားတယ် ကြွယ်။ စစ်ရိပ်စစ်ငွေ့တွေလဲ မိုးလာပြီ.... "
" ဟင်!"
" ကြွယ့်အတွက် လိုအပ်မယ်ထင်တာတွေ ကိုယ်အကုန်ဝယ်သိမ်းထားရမယ်......အခုလဲ တစ်ဝက်လောက်ပါလာပြီ.....ခဏနေပြန်သွားပြီးထပ်သယ်ရမယ်။ ဆေးတွေရော၊နို့မှုန့်တွေရော ဝယ်စုထားမှဖြစ်မယ်။ သားဖွားဆရာဝန်ကိုပါ အိမ်ခေါ်ထားပြီးပြီ....ဒီညပြောင်းလာလိမ့်မယ်။ "
ကြွယ် ဘာမှပြောလို့မရမှန်းသိသလို တစ်နေကုန် ကိုကိုဟာ အလုပ်ရှုပ်နေခဲ့သည်။ တကယ်လဲ ထိုနောက်ပိုင်းတွင် အခြေအနေဟာ ဆိုးရွားလာခဲ့သည်။
@@@@@@@@@@@@
သမုဒယ ရုံးခန်းရှေ့တွင် စောင့်နေရင်းမှ ခြေသံကြောင့် မော့ကြည့်မိတော့....
" မောင်......"
ရာဇဘွား သမုဒယကိုယ်လေးကို အသာဆွဲထူလိုက်ရင်းမှ....
" ဆောရီး ဒါလင်......မောင် ဘယ်လိုမှမအားဘူးဖြစ်နေလို့ပါ။ "
သမုဒယ မောင့်ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ငိုရှိုက်မိ၏။ ရာဇဘွားသည် သူမဆီရောက်မလာသေးတာမို့ လိုက်လာခဲ့ရခြင်းဖြစ်သလို မောင် လှလွန်းကြွယ်ကို ဘယ်လောက်ဂရုစိုက်လဲ ပြန်ကြားနေရသလို ဘယ်လောက်ထိ မခံချိမခံသာဖြစ်နေရသလဲ ကိုယ့်ကိုယ်ကိုယ်သာသိ၏။
" မောင်....မောင် သိပ်ရက်စက်တာပဲ ။ ပစ်ထားရက်လိုက်တာ..."
ရာဇဘွား သက်ပြင်းချမိသွားရသည်။ သူ ဒါလင့်ကို သိပ်ချစ်ပါသည်။ သို့ပေမယ့် သူ့မှာအာရုံမထားနိုင်လောက်အောင် ကြွယ်ကိုယ်ဝန်ရှိနေသည်အား စိတ်ပူနေရ၏။ ကြွယ့်က မိခင်ကောင်းဖြစ်မည်ဟု ထင်ပေမယ့် မသိစိတ်ကလဲ မယုံနိုင်ဖြစ်နေ၏။ သူ ဖောက်ပြန်ခဲ့တာကို မကျေနပ်ပဲ သူ့ကလေးတွေကို ငြိုးမှာစိုးရိမ်နေပြန်၏။
ရုံးခန်းထဲအတူဝင်လာကြသလို ရာဇဘွား ဟင်းခနဲ သက်ပြင်းချမိ၏။
" ကြွယ်က အခုကိုယ်ဝန်ကြီးနဲ့ ဒါလင်.....မောင်တို့အနေအထိုင်ဆင်ခြင်မှဖြစ်မယ်။ "
ရာဇဘွားစကားကြောင့် သမုဒယ မျက်နှလေးငယ်ကျသွားသလို အင့်ခနဲရှိုက်ငို၏။
" ဒါဆို...မောင်က သမုဒယကို မချစ်တော့ဘူးလားဟင်။ "
ရာဇဘွား ကျစ်ခနဲစုပ်သပ်လိုက်မိရင်းမှ....
" မဟုတ်တာ ဒါလင်ရယ်.....မောင် ဒါလင့်ကို သိပ်ချစ်တာပေါ့။ ဒါပေမယ့် မောင်တို့အကြောင်းကို ဘယ်သူမှမသိစေချင်ဘူး။ သဘောပေါက်လား။ "
သမုဒယမျက်နှာလေးက အခုမှပြုံးရယ်သွားသလို မောင့်ဆီမှ အနမ်းတွေကြောင့် တခစ်ခစ်ရယ်မိသွားရသည်။ ဒီတစ်ခါတော့ ဘာအကြောင်းနဲ့မှ မောင့်ဘေးက ပထုတ်ခံတော့မည်မဟုတ်ပါ။
@@@@@@@@@@@
နေရာတိုင်းတွင် အကာအကွယ် အသီးသီးလုပ်နေကြပြီဖြစ်သလို ကိုကိုကလဲ ကြွယ့်ကိုစိတ်မချသဖြင့် လုံခြုံမည်ထင်သည့် အမျိုးတွေရှိရာ နယ်မြို့လေးကို ပို့ရန်စီစဥ်သည်။ သို့ပေမယ့် ကိုကို့အလုပ်ကိစ္စကပေါ်လာကာ ရန်ကုန်သွားရရန်ဖြစ်လာသည်။
" ကြွယ်ပါ တစ်ခါထဲလိုက်မယ်နော်။"
ကြွယ့် စကားကြားတော့ ကိုကို့ပုံစံက အနည်းငယ်ကြောင်ကြည့်နေသေးသည်။ ဒီကာလကြီးမှာ ကြွယ့်ကို ရန်ကုန်အထိခေါ်သွား၍ ဖြစ်ပါ့မလားတွေး၏။
" ဟုတ်တယ်လေ......ကိုကို့ကို တစ်ယောက်ထဲ လွှတ်ရမှာလား။ သားဖွားဆရာဝန်လဲ ခေါ်သွားမယ်။ ပစ္စည်းတွေလဲ ပြင်နေပြီ။ "
ရာဇဘွား ပြုံးမိသလို ကိုကို သွားစရာရှိသေးသည်ဆိုပြီး အပြင်ခဏထွက်လာ၏။ ဖြစ်ချင်ရာဖြစ် သူ့နောက်ကို လိုက်မည့်သဘောရှိတာကို ဝမ်းသာသလို သူ့မျက်စိကွယ်ရာမှာလဲ ကြွယ့်ကိုစိတ်မချတာအမှန်ပင်။ကြွယ်ကတော့ ခရီးဆောင်အိတ်တွေလိုက်စစ်ရင်း မနက်ခင်းအတွက် လမ်းမှာစားရမည့် အစားအသောက်တွေပါ ကြိုထည့်ထားရန် လိုက်မှာ၏။
-------------
ရာဇဘွား အိပ်ယာထဲလှဲနေရင်းမှ သူ့ရင်ခွင်ထဲရှိ သမုဒယကိုယ်လေးအား အသာဖက်ကာ နမ်းလိုက်မိသည်။
" မောင်ရယ်....သမုဒယမှာ မျှော်လိုက်ရတာ မောနေတာပဲ။ "
" မောင် မအားလို့ပါ။ ဒါနဲ့ ဝယ်လာပေးတာတွေ သိမ်းထားနော်။ စစ်ငွေ့တွေက လွှမ်းနေပြီ။ "
သမုဒယ ပြုံးမိသလို မောင့်ခါးကြီးကို ဖက်လိုက်သလိူ ထိုနေ့က ညနေမှမောင်ပြန်သွားပါသည်။ အတင်းပူဆာကာ ရန်ကုန်ကိုလိုက်ချင်သည် ပူဆာသလို လှလွန်းကြွယ်ကလိုက်ရဲသည့်အဖြစ်မှာ မောင့်နောက်ကိုတမင်လိုက်၏။ ရန်ကုန်ကို ကြိုရောက်နေလိုက်ကာ မောင်ပြောထားသည့်အိမ်တွင် တည်း၍စောင့်သည်။
ကြွယ် တိတ်ဆိတ်ငြိမ်သက်နေသည့် ရန်ကုန်မြို့ကြီးကိုကြည့်ရင်း မျက်နှာလေးပျက်သွားရသည်။အရင်တစ်ခါ ကိုကိုနဲ့လာတုန်းက စည်ကားလွန်းလှသည့် မြို့တော်ကြီးဟာ ခုတော့ခြောက်ကပ်နေသည်။ တည်းခိုမည့်နေရာရောက်တော့ မူမူနှင့်သားဖွားဆရာဝန်ကြီးက ပစ္စည်းတွေနေရာချကြသလို ကြွယ်ကခရီးပန်းလာသဖြင့် ကိုကိုကခဏအိပ်ခိုင်းပြီး အလုပ်ကိုထွက်သွားသည်။
သမုဒယ လန်ချားပေါ်မှဆင်းလာသည့် မောင့်ကိုမြင်တော့ အပြေးလေးဆီးဖက်မိသည်။ နှစ်ယောက်သား စကားတပြောပြောဖြင့် ခဏထိုင်ရုံရှိသေး ကြားလိုက်ရသည့်လေကြောင်းအချက်ပေးသံကြောင့် ဟင်ခနဲဖြစ်သွားရ၏။ ရာဇဘွား ကြားကြားချင်း ဝုန်းခနဲထထိုင်လိုက်သလို နားထင်တွေပူသွား၏။
" ဒါ လေကြောင်းအချက်ပေးသံပဲ.... "
" ဟုတ်.....ဟုတ်တယ် မောင်။ လုပ်ပါဦး......ကြောက်....ကြောက်တယ် မောင်။ "
သူ့ခါးကို ကြောက်ကြောက်လန့်လန့်ဖြင့် တွယ်ဖက်ထားသည့် ဒါလင့်လက်ကို ခပ်မြန်မြန်ဖယ်ချလိုက်ရင်းမှ ကပျာကယာအဝတ်အစားကောက်ဝတ်သည်။
" မောင့် ဘယ်လဲ....."
" ဟ! ပြန်ရမှာပေါ့......ကြွယ်က ကိုယ်ဝန်ကြီးနဲ့လေ။ "
ဟင်....ဒါဆို သမုဒယကရော။ ရင်ထဲနာကျင်သွားရသလို မျက်ရည်စတွေဝဲတက်လာပေမယ့် မောင်အခုချိန်အပြင်ထွက်လို့ မဖြစ်ပါ။ မကြာခင် ဗုံးတွေလာကျဲမည့်ပုံပင်။
" မောင် ရူးနေလား။ အပြင်မှာ အန္တရာယ်များတယ်။ "
အတင်းလာဆွဲသည့်လက်ကို ပုတ်ချလိုက်ရင်းမှ သူ့အကြည့်က သမုဒယဆီစူးခနဲရောက်သွားရသည်။
" ဂရုမစိုက်ဘူး......ဒီလိုအန္တရာယ်များတော့မယ့် အခြေအနေမှာ ငါ့ရင်သွေးအနားငါရှိမှဖြစ်မှာ။ ငါ့ရင်သွေးက်ို ဘာဆိုဘာမှအဖြစ်မခံနိုင်ဘူး။ ".
အတင်းထွက်သွားသဖြင့် သမုဒယမှာ အတင်းလိုက်ဆွဲရင်း ကျန်ခဲ့သလို သိပ်မကြာလိုက် ဂျပန်လေယာဥ်တွေဝေါခနဲပျံလာပြီး ဗုံးကျဲသံတွေဆူညံသွား၏။
ဘုရားရေ.....။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 9
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ