အပိုင်း (၄)နောက်ဆုံးတော့ ငမန်းကိုသာ ကပ္ပတိန်အဖြစ်တင်မြှောက်လိုက်ရသည်။ ယခုကျွန်းနေရာကိုသိနိုင်သူသည် သူသာရှိသည်မို့ အခြားသူများက မကျေနပ်သော်လည်း နောက်ဆုံးတွင် ငမန်းက ကပ္ပတိန်ဖြစ်သွားခဲ့သည်။ ထိုနေ့ည ခံတပ်ကြီးရှိ အခန်းတစ်ခုတွင် သူတို့စုဝေးလိုက်ကြသည်။
"ကဲ ကျုပ်တို့မနက်ဖြန်သွားတော့မှာဆိုတော့ ဘယ်သွားရမလဲဆိုတာ ကျုပ်သိလို့ရမလား"
ငမန်းကမေးလိုက်သည့်အခါ ဒေါက်တာက သူ့လက်ဆွဲအိတ်ကိုဖွင့်လိုက်ပြီးမြေပုံကလေးတစ်ခုကိုထုတ်လိုက်သည်။ ထိုမြေပုံကလေးကို အလွန်ညစ်ထေးသော အဝတ်စတစ်ခုတွင်ရေးဆွဲထားလေသည်။ မြေပုံတွင် ဘာစာသား၊ ဘာအမှတ်အသားမှမပါဘဲ မြေမျက်နှာသွင်ပြင်များနှင့်အတူ ပင်လယ်အတွင်းရှိနေရာတစ်ခုတွင် ကြက်ခြေခတ်ပုံသဏ္ဌာန်ကလေးရေးဆွဲထားသည်။ ငမန်းက ထိုမြေပုံကလေးကို သေချာစိုက်ကြည့်လိုက်ပြီးနောက် မြေပုံအား လှည့်ပတ်ကာကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါမြေပုံတဲ့လား၊ ဧကန္တဒီမြေပုံဆွဲတဲ့သူက စာမရေးတတ်ဘူးထင်တယ်"
ငမန်းအပြောကိုကြားလိုက်တော့ ဒေါက်တာက ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်သည်။ ထို့နောက် ငမန်းဆီမှမြေပုံကလေးကိုယူလိုက်ပြီး စားပွဲပေါ်တွင်တင်ထားသည့် မြေပုံကြီးပေါ်တွင်ထပ်တင်လိုက်သည်။
"လောလောဆယ် မြေပုံအသေးလေးက ကျွန်းပုံနဲ့ ဒီမြေပုံအကြီးက ကျွန်းပုံနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီကျွန်းကလေးဟာ ကျွန်းစုမြောက်ပိုင်းမှာရှိတဲ့ ကျွန်းငယ်ကလေးတစ်ခုဖြစ်ရမယ်"
"ဘာလို့ ဒေါက်တာက အဲဒီလိုထင်တာလဲ"
ဒေါက်တာက ခေါင်းကုပ်လိုက်ပြီး
"ဟောဒီမြေပုံကြီးနဲ့ တိုက်ကြည့်မယ်ဆိုရင် မြေပုံအသေးမှာပါတဲ့ အချွန်ကလေးကိုတွေ့လား အဲဒီအချွန်ကလေးက ဟောဒီကျွန်းနားက အချွန်ကလေးနဲ့မတူဘူးလား"
ငမန်းက သက်ပြင်းချလိုက်သည်။
"ဒေါက်တာ ခင်ဗျားက ရွှေသင်္ဘောတွေအကြောင်းသာပြောနေတာ အခုထိဘယ်နေရာကိုသွားရမလဲဆိုတာ ရေရေရာရာမသိဘူးလား"
ဒေါက်တာက လက်ကိုင်ပုဝါတစ်ထည်ကိုထုတ်လိုက်ပြီး သူ့နဖူးပြောင်ပြောင်ကြီးတွင် စီးကျနေသည့် ချွေးများကိုသုတ်လိုက်သည်။ မိစိမ်းက ငမန်းအနားသို့ကပ်လာပြီး
"အဲဒါကြောင့် ကျွန်မတို့ရှင့်ကိုလမ်းပြဖို့ခေါ်လာတာပေါ့ ငမန်းရဲ့"
ငမန်းက မိစိမ်းအားမျက်စောင်းထိုးကြည့်လိုက်ကာ
"ငါ့ကို ငါ့သင်္ဘောပေါ်မှာဆိုရင် ကပ္ပတိန်လို့ခေါ်ပါ"
မိစိမ်းက စိတ်ညစ်သွားကာ ခေါင်းခါလိုက်သည်။
"ကဲ ဟုတ်ပါပြီကပ္ပတိန်၊ ကျုပ်တို့အခုဘယ်သွားရမှာလဲ"
ငမန်းက အနားသို့လျှောက်လာပြီး စားပွဲပေါ်တင်ထားသည့်မြေပုံကြီးကို လိပ်လိုက်သည်။
"ခင်ဗျားရဲ့မြေပုံကြီးကိုမကြည့်နဲ့၊ အဲဒီမြေပုံအကြီးကြီးကိုက မှားနေတာ"
"ရှင်မဟုတ်တာမပြောနဲ့"
"ကျုပ်က မှန်တာပြောတာ၊ ခင်ဗျားတို့ဆွဲထားတဲ့မြေပုံက မှန်သင့်သလောက်မှန်ပေမယ့် တချို့နေရာကလေးတွေမှာ ကွဲလွဲနေတယ်"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်က ကပ္ပတိန် လွိုက် ရေးဆွဲခဲ့တဲ့ ကျွန်းစုမြေပုံပဲ"
"ဒါကြောင့်မှားနေတာပေါ့"
မိစိမ်းက သေနတ်ကိုလက်ဖြင့်စမ်းလိုက်သည်။
"ရှင် အပြောင်အပျက်မလုပ်ပါနဲ့၊ ဒီကိစ္စက အရေးကြီးတဲ့ကိစ္စပါ"
ထိုအခါ ငမန်းက သူ့နားထင်ကိုသူ လက်ညှိုးထိုးပြလိုက်သည်။
"ငါတစ်သက်လုံး ဒီကျွန်းစုတွေကြားထဲမှာ သွားလာနေခဲ့တာ၊ ငါ့ဒီခေါင်းထဲမှာ ဘာတွေရှိမယ်လို့မင်းထင်သလဲ မိန်းကလေး"
မိစိမ်းနှုတ်ဆိတ်သွားသည်။
"ခင်ဗျားရဲ့ မြေပုံအကြီးကြီးရော၊ မြေပုံသေးသေးစုတ်စုတ်ကလေးရောမေ့လိုက်တော့၊ အဲဒီမြေပုံအသေးလေးမှာ ပါတဲ့နေရာအတိုင်းဆိုရင် ကျုပ်တို့ဒေးဗိစ် ကျွန်းကိုသွားရလိမ့်မယ်"
"ဒေးဗိစ်ကျွန်းဟုတ်လား"
ဒေါက်တာက မြေပုံအကြီးကြီးကိုပြန်ဖြန့်ပြီးရှာဖွေလိုက်သည်။
"ဒီမြေပုံထဲမှာ အဲဒီကျွန်းမပါပါလားကွ"
"ဟား၊ ဟား အဲဒီကျွန်းကို ကျုပ်တို့က သံကျွန်းလို့ခေါ်တယ်ဗျ၊ အဲဒီကျွန်းက အာလာဒင်ကျွန်းစုတွေထဲက ကျွန်းတစ်ခုပဲလေ၊ ခင်ဗျားရဲ့မြေပုံမှာ အဲဒီကျွန်းတွေဘယ်ပါမလဲဗျ၊ ဘာလို့လဲဆိုတော့ အာလင်ဒင်ကျွန်းတွေဆိုတာ ပင်လယ်ဓါးပြတွေရဲ့ ခိုနားရာ၊ ကျုပ်ရဲ့အိမ်တစ်ခုပေါ့"
(၈)
နောက်တစ်နေ့မနက်လင်းပြီဖြစ်သည်။ ကမ်းခြေက ရာသီဥတုကောင်းမွန်သဖြင့် သာယာလှပနေသည်။ ခံတပ်အရှေ့ ဆိပ်ကမ်းကြီးတွင် ရပ်ထားသည့် အဲလိဇဘက် သင်္ဘောကြီးမှာ အလွန်ခန့်ညားစွာတည်ရှိနေလေသည်။ သင်္ဘောကြီးမှာ ခရီးထွက်ခွာရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သင်္ဘောတွင် အမှုထမ်းသင်္ဘောသား စုစုပေါင်း သုံးဆယ်နှင့် ဗြိတိသျှတော်ဝင်ရေတပ်မှ စစ်သား ခြောက်ဆယ်ခန့်ပါဝင်သည်။ စစ်သားများနှင့် သင်္ဘောသားများမှာ ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေကြသည်။ ကာနယ်စမစ်က ကုန်းပတ်ပေါ်မှ လူများအားလုံးမြင်နိုင်စေရန် ပဲ့ပိုင်းပေါ်သို့ခုန်တက်လိုက်သည်။
"ကဲ အားလုံးပဲနားထောင်ကြ၊ ဒီတစ်ခါသွားမယ့်ခရီးက စွန့်စားရမှာဖြစ်တဲ့အတွက် အားလုံးအမိန့်နာခံပြီးတော့ ကြိုးကြိုးစားစားဆောင်ရွက်ကြပါ"
ထိုအခါ ပဲ့ပိုင်းပေါ်သို့ ငမန်းက တက်လာသည်။
"ကဲ အားလုံးပဲ၊ ဒီအချိန်ကစပြီး ကျုပ်အမိန့်ကိုနာခံကြပါ၊ ကျုပ်က ကပ္ပတိန်ပဲ၊ ဒီသင်္ဘောပေါ်မှ ကျုပ်အမိန့်ကို နာခံရမယ်"
ငမန်းပြောစကားကြောင့် နားထောင်နေသည့် စစ်သားများနှင့် သင်္ဘောသားများမှာ စိတ်ရှုပ်ထွေးကုန်သည်။
"ပင်လယ်ဓါးပြကောင် ငါက စစ်သားတွေကိုအုပ်ချုပ်တဲ့ ကာနယ်ကွ"
"ကျုပ်က ဒီသင်္ဘောရဲ့ ကပ္ပတိန်ဗျ"
ငမန်းကခါးထောက်ထားလိုက်သည်။ ကာနယ်က ငမန်းဆီသို့လှမ်းလျှောက်လာရာ ဒေါက်တာက သူတို့ကြားတွင် ဝင်တားလိုက်သည်။
"တော်ကြစမ်း၊ ကလေးတွေလိုရန်ဖြစ်မနေကြနဲ့၊ ငမန်း မင်းစထွက်လို့ရပြီ"
ငမန်းက ခေါင်းညိတ်လိုက်ပြီး ပဲ့ထိန်းဘီးကြီးကို ဟန်ပါပါနှင့်ကိုင်တွယ်လိုက်သည်။
"အားလုံးထွက်ကြမယ်၊ ကျောက်ဆူးတင်၊ ရွက်ချ"
သင်္ဘောသားများမှာ ရေအောက်တွင်ချထားသည့်ကျောက်ဆူးကိုပြန်ဆွဲတင်ကြသည်။ အလားတူ ရွက်ဖျင်စဖြူဖြူကြီးများကို ဆွဲချလိုက်ကြလေရာ ရွက်ဖျင်စကြီးများမှာ လေအဝှေ့တွင် တင်းဖောင်းသွားလေရာ ငမန်းက ပဲ့ကိုလှည့်လိုက်သည်နှင့် ဆိပ်ကမ်းမှထွက်ကာ ပင်လယ်အတွင်းသို့ဦးတည်သွားလေသည်။
"ကာနယ်ကိုကျုပ်ပြောစရာရှိတယ်"
ငမန်းက ပဲ့ကိုင်နေသည်မို့ သင်္ဘောအောက်ဘက်အခန်းတွင် ကာနယ်နှင့်ဒေါက်တာတို့ အေးအေးဆေးဆေးစကားပြောနေလေသည်။
"ပြောပါဒေါက်တာ"
"ခင်ဗျားလူတွေကို ငမန်းကိုသေသေချာချာစောင့်ကြည့်ခိုင်းထား၊ ကျုပ်ကတော့ ဒီကောင့်ကိုသိပ်ပြီးမသင်္ကာဘူး"
"ဟုတ်ကဲ့ပါဒေါက်တာ၊ ဒါပေမယ့် ဒေါက်တာ့ကိုကျုပ်တစ်ခုလောက်တောင်းဆိုထားပါရစေ"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"ကိစ္စပြီးရင် အဲဒီငမန်းဆိုတဲ့ပင်လယ်ဓါးပြကို ကျုပ်ကိုယ်တိုင်သတ်မယ်"
ထိုအခါ ဒေါက်တာကပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ကာနယ်၏ဓါးမှာ ကျိုးပြတ်သွားသဖြင့် ဓါးကျိုးကြီးကိုသာ ခါးတွင်ချိတ်ဆွဲထားလေသည်။ ထိုအခါ ဒေါက်တာက သူ့ခါးမှ ဓါးကောက်ကိုဖြုတ်ပေးလိုက်သည်။
"ဒီဓါးဟာ ဓါးရေးသိပ်မကျွမ်းကျင်တဲ့ငါနဲ့ မလိုက်ဖက်ပါဘူးကာနယ်၊ ရော့ ဒီဘုရင်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ဓါး၊ မင်းကိုငါပြန်ပြီးချီးမြှင့်မယ်၊ တစ်နေ့ကျရင် မင်းဒီဓါးနဲ့ ငမန်းရဲ့ရင်ဝကို ထိုးသွင်းပြီးအဆုံးသတ်ပေးရလိမ့်မယ်"
ကာနယ်က ပြုံးလိုက်သည်။
"ကောင်းပါပြီဒေါက်တာ၊ ဒါနဲ့ ကျုပ်ဘယ်အချိန်မှာ ငမန်းကိုရှင်းပစ်လိုက်ရမလဲ"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"သိပ်တော့စိတ်မပူပါနဲ့ကာနယ်၊ အချိန်ကျရင် ကျုပ်မင်းကိုပြောမှာပါ"
ကာနယ်က ဒေါက်တာပေးသည့်ဓါးကိုလက်နှစ်ဖက်နှင့် အသေအချာဆုပ်ကိုင်လိုက်ပြီးနောက် သူ့ခါးတွင်ချိတ်ဆွဲထားလိုက်သည်။ သူ့ခါးတွင်ချိတ်ဆွဲထားသည့် ဓါးကိုဖြုတ်လိုက်ပြီး ကုန်းပတ်ပေါ်သို့တက်လာခဲ့သည်။ ထို့နောက် ဓါးကျိုးအား ပင်လယ်ထဲသို့လွှင့်ပစ်လိုက်လေသည်။ ကာနယ်လုပ်ကိုင်နေသည်ကို ပဲ့စင်ပေါ်မှ ငမန်းက သေချာကြည့်နေလေသည်။
"နှမြောစရာကြီးဗျာ၊ ကျုပ်ကိုပေးရင် ကျုပ်ပြန်ပြင်သုံးမှာပေါ့"
ကာနယ်က ငမန်းကိုတစ်ချက်စိုက်ကြည့်လိုက်ကာ သူ့ခါးမှ ဓါးအသစ်ကိုလက်ဖြင့်ပွတ်သပ်ပြလိုက်သည်။ ငမန်းက ပြုံးလိုက်ပြီး
"သြော်၊ ခင်ဗျားက ကျုပ်ကိုသတ်ဖို့အတွက် ဓါးအသစ်တောင်ရလာပြီကိုး"
ကာနယ်အလွန်အံ့သြသွားသည်။ ထိုကိစ္စကိုငမန်းဘယ်လိုလုပ်ပြီး သိနိုင်မလဲ၊ သို့သော် အကင်းပါးသည့်ငမန်းက ရိပ်စားမိသွားတာဖြစ်နိုင်သည်ဟုထင်လိုက်ပြီး ဘာမှမပြောတော့ဘဲ သင်္ဘောဦးပိုင်းသို့ထွက်လာခဲ့သည်။
"ဟေ့ကောင်မလေး၊ သေနတ်ကိုချည်းကြည့်မနေနဲ့ ရှုခင်းတွေလှတယ်ကြည့်ပါလား"
ကုန်းပတ်တစ်နေရာတွင် သေနတ်ကလေးကို ပြောင်လက်အောင်တိုက်ချွတ်နေသည့် မိစိမ်းကို ငမန်းကလှမ်းပြောလိုက်သည်။ မိစိမ်းက သေနတ်ဖြင့်ငမန်းအားလှမ်းချိန်လိုက်ရာ ငမန်းက လက်နှစ်ဖက်ကိုထောင်ပြလိုက်သည်။ ထိုအချိန် ဒေါက်တာလည်း သင်္ဘောအခန်းထဲမှထွက်လာသည်။ သူတို့၏ လက်ဝဲဘက်တွင်တော့ အလွန်လှပသည့် ကျွန်းများနှင့် ပင်လယ်ပြာကြီးကိုမြင်တွေ့ရသည်။ အလွန်များပြားသည့်ကျွန်းများက လှပစွာတည်ရှိနေကြသည်။
"အတော်လှတဲ့ကျွန်းတွေပဲကွ"
"ဒါပေါ့ဗျာ၊ ဟိုးမှာမြင်နေရတဲ့ ကျွန်းအကြီးကြီးနဲ့ တောင်အကြီးကြီးကိုတွေ့တယ်မဟုတ်လားဗျ၊ အဲဒါ ကျုပ်တို့က ကတန်ကျွန်းလို့ခေါ်တယ်၊ ခင်ဗျားတို့ကတော့ ဘုရင့်ကျွန်းလို့ခေါ်တာပေါ့၊ အဲဒီကျွန်းပေါ်မှာ ဘုရင့်အငူဆိုတဲ့ တောင်ကြီးရှိတယ်၊ အဲဒီတောင်ကြီးက ပေပေါင်းနှစ်ထောင့်ငါးရာကျော်မြင့်တယ်ဗျ၊ ဒီမာဂွေးကျွန်းစုတွေထဲမှာ အမြင့်ဆုံးတောင်ထွဋ်ကြီးပေ့ါဗျာ"
ငမန်းက အင်္ဂလိပ်လိုပြောကာ ရှင်းပြလိုက်သည်။ ဒေါက်တာက သူ့အိတ်ကပ်ထဲမှာ အဝေးကြည့်မှန်ပြောင်းတစ်ခုကိုထုတ်ပြီးလှမ်းကြည့်သလို ကာနယ်ကလည်း မှန်ပြောင်းဖြင့်လှမ်းကြည့်သည်။ ကျွန်းကြီးမှာ ကြီးမားလှပြီး ကျွန်းပတ်ပတ်လည်ရှိ ကမ်းခြေများတွင် အိမ်ကလေးများကိုတွေ့ရသည်။
ကွန်ဒါမိုင်းမှာ သင်္ဘောအခန်းထဲမှ ပြေးထွက်လာပြီးနောက် သင်္ဘောလက်ရမ်းဆီသို့ပြေးသွားလိုက်ကာ အော့အန်နေလေသည်။ ငမန်းက ကွန်ဒါမိုင်းကိုကြည့်ရင်း ပြုံးနေသည်။
"ဝမ်းဒါးဖူး အံ့သြဖို့ကောင်းလိုက်တာ ကျွန်းတွေက သစ်တောကြီးလိုပဲ အများကြီးဖြစ်နေပါလား"
ဒေါက်တာ ဟယ်ဖာက ရေရွတ်လိုက်သည်။
"ဒါပေါ့ဗျ၊ ဒီမာဂွေးကျွန်းစုတွေက ပင်လယ်ထဲမှာ ကျွန်းပေါင်းတစ်ထောင်ကျော်ရှိတယ်ဗျ၊ ကျွန်းတွေတစ်ခုနဲ့တစ်ခုက နီးကပ်ပြီးတော့ သင်္ဘောကိုထိန်းချုပ်ရခက်တာမို့လို့ ပင်လယ်ဓါးပြတွေတော်တော်များများပျော်စံတဲ့နေရာပေါ့ဗျာ၊ ခင်ဗျားတို့ လက်တင်အမေရိကမှာ ကာရစ်ဘီယန်ပင်လယ်က ပင်လယ်ဓါးပြတွေကြီးစိုးတယ်ဆိုရင် ကျုပ်တို့အက်ဒမန်ပင်လယ်မှာတော့ ဒီမာဂွေးကျွန်းစုက ပင်လယ်ဓါးပြတွေရဲ့ အိမ်ပဲပေါ့"
ကာနယ်က ငမန်းကိုတစ်ချက်ကြည့်လိုက်သည်။
"ကျုပ်တို့သိပြီးသားပါ ပင်လယ်ဓါးပြကောင်ရဲ့၊ ဒီနေရာမှာ ပင်လယ်ဓါးပြတွေအများကြီးကျက်စားပြီးတော့ ကုန်သွယ်နေကြတဲ့သင်္ဘောတွေကို ဓါးပြတွေတိုက်ပြီး ဖျက်ဆီးခံရလေ့ရှိတာ ကျုပ်တို့သိပြီးသား ခင်ဗျားဂုဏ်ဖော်ပြီးပြောနေစရာမလိုဘူး"
ထိုအခါ ငမန်းကပြုံးလိုက်သည်။
"မစ္စတာ ကွန်ဒါမိုင်းအတွက်တော့ စိတ်မကောင်းစရာပဲဗျာ၊ အရှေ့မှာ ရေသူမဖြတ်လမ်းလို့ခေါ်တဲ့ လမ်းတစ်ခုကိုဝင်တော့မယ်၊ အဲဒီလမ်းက ကျုပ်လိုမျိုးပဲ့ကို နိုင်နိုင်နင်းနင်းထိန်းတတ်တဲ့ လူတွေသာ ဖြတ်သန်းကြတဲ့ဖြတ်လမ်းဗျ၊ နည်းနည်းတော့ အကွေ့ကြမ်းလိမ့်မယ်နော်"
ကျွန်းစုကလေးများ ရေပေါ်တွင်အများကြီးပေါ်ထွက်နေသည့် ကျဉ်းမြောင်းသည့် ရေလမ်းကြောင်းကလေးတစ်ခုအတွင်းသို့ ငမန်းက သင်္ဘောကိုချိုးဝင်လိုက်သည်။ ငမန်းပြောသည့်အတိုင်းပင် သင်္ဘောကြီးမှာ ဘယ်ကိုယိမ်းလိုက်၊ ညာကိုယိမ်းလိုက်နှင့် ယိမ်းနွဲ့နေသည်။ မြင့်မားစွာတိုးထွက်နေသည့် ကျွန်းကလေးများ၊ ကျောက်ဆောင်ကလေးများအနီးမှ သူတို့သင်္ဘောကြီးက ပွတ်ကာသီကာနှင့် ကွေ့ပတ်ရှောင်သွားနေရာ အဲလိဇဘက် သင်္ဘော၏ ပုံမှန်မာလိန်မှူးတပ်ကြပ်ကြီးပင်လျှင် ငမန်း၏ သင်္ဘောပဲ့ထိန်းသည့်အစွမ်းကို ချီးကျူးရလေသည်။
သင်္ဘောကြီးမှာ ယိမ်းထိုးနေသဖြင့် သင်္ဘောသားများမှာ ကိုင်တွယ်စရာများကို ကိုင်တွယ်ထားရသည်။ နဂိုကတည်းက အန်နေသည့် မစ္စတာ ကွန်ဒါမိုင်းတစ်ယောက်ကတော့ သင်္ဘောကုန်းပတ်ပေါ်တွင် ငုတ်တုတ်ထိုင်ချကာ အန်နေလေသည်။
"ငမန်း ရှင်က ကိုယ်ရည်သွေးပြချင်လို့ ဒီလိုလမ်းကလေးကနေ ကျုပ်တို့ကိုခေါ်လာတာလား"
မိစိမ်းက သင်္ဘောပဲ့ထိန်းသည့် ပဲ့ဝိုင်းကြီးကို ဘယ်ညာလှည့်နေသည့် ငမန်းကိုကြည့်ပြီးပြောလိုက်သည်။ ငမန်းက တစ်ချက်ပြုံးလိုက်ကာ
"ကျုပ်ခင်ဗျားတို့ကို ကျွန်းတွေကိုရှောင်ပြီး ရေနက်ပိုင်းကနေခေါ်သွားလို့ရတယ်၊ ဒါပေမယ့် ခင်ဗျားတို့တစ်သက်မှာတစ်ခါမြင်ရမယ့် ကျွန်းအလှတွေကို မမြင်လိုက်ရမှာစိုးလို့ ဒီကနေတမင်ပတ်ပြီးခေါ်လာတာ၊ ဟား၊ ဟား"
ဟုတ်တော့လည်းဟုတ်နေပြန်သည်။ သာမန်မာလိန်မှူးများအဖို့ ထိုသို့သော အန္တရာယ်များပြီး ကျဉ်းမြောင်းသည့်ရေလမ်းခရီးကို ရွေးချယ်မည်မဟုတ်သော်လည်း ငမန်းကတော့ အေးအေးလူလူပင်ကြီးမားလှသည့် သင်္ဘောကြီးကိုထိန်းကာမောင်းနှင်နေလေသည်။ သင်္ဘောကြီးမှာ ကျောက်စွန်းများနှင့် တစ်လက်မပင်မထိဘဲ သေသပ်စွာသွားလာနေရာ မကြာခင် ဟက်တာရပ်စ် ရေလမ်းကြောင်းကိုရောက်တော့မှ သင်္ဘောမှာငြိမ်သက်သွားသည်။ လေကြောင်းလည်းကျဆင်းသွားသဖြင့် သင်္ဘောမှာနှေးကွေးသွားလေရာ မစ္စတာ ကွန်ဒါမိုင်းတစ်ယောက် ထိုတော့မှ မတ်တပ်ရပ်နိုင်သည်။
ဒေါက်တာဟယ်ဖာက သူ့အိတ်ဆောင်စာအုပ်ကလေးကိုထုတ်ကာ ကျွန်းများကိုကြည့်လိုက် စာဖတ်လိုက်နှင့်လုပ်နေသည်။ ကျွန်းကြီးတစ်ကျွန်းရှိ ကမ်းခြေတွင် သုံးပင်တိုင်ရွက်သင်္ဘောပျက်ကြီးတစ်ခုကို လှမ်းမြင်ရသည်။ ရွက်သင်္ဘောကြီးက ကျောက်ဆောင်များနှင့်တိုက်မိပြီး ကျွန်းပေါ်တွင်သောင်တင်နေလေသည်။ ဒေါက်တာက ထိုကျွန်းကိုလှမ်းကြည့်ပြီးနောက်
"ဟုတ်ပြီဟေ့၊ အဲဒီကျွန်းဟာ ကပ္ပတိန် ရော့စ်တို့ ရောက်ခဲ့တဲ့ကျွန်းပဲကွ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်က ဗြိတိသျှရေတပ်ဗိုလ်ကြီး ကပ္ပတိန်ရော့စ်က ရွှေသင်္ဘောတွေကိုရှာဖို့စူးစမ်းရင်းနဲ့ လေကြောင်းတစ်ခုနဲ့တိုးမိပြီးတော့ သူတို့သင်္ဘောကြီး သောင်တင်သွားခဲ့တာပဲကွ၊ အဲဒါနဲ့ အဲဒီကျွန်းကို ရော့စ်ကျွန်းလို့ နာမည်ပေးခဲ့တာပဲ"
ဒေါက်တာစကားကိုကြားတော့ ငမန်းကရယ်မောလိုက်သည်။
"ရော့စ်ကျွန်းတဲ့လားဒေါက်တာရယ်၊ အဲဒီကျွန်းကို ကျွန်တော်တို့ငယ်ငယ်ကတည်းက ဒေါင်းကျွန်းလို့ခေါ်တယ်ဗျ"
ဟက်တာရပ်စ် ရေလမ်းကြောင်းမှာ ရေစီးငြိမ်လှရာ သင်္ဘောကြီးမှာ ဖြေးညှင်းစွာမောင်းနှင်နေလေသည်။ ဒေါက်တာမှာ မှန်ပြောင်းနှင့်ကျွန်းကလေးတစ်ကျွန်းကိုကြည့်လိုက်ပြီးနောက်
"ဟောဟိုကကျွန်းကတော့ လွန်ခဲ့တဲ့ဆယ်နှစ် ၁၈၃၀ မှာ ကပ္ပတိန် လွိုက် ရောက်ခဲ့တဲ့ ကျွန်းပဲကွ၊ အဲဒီကျွန်းပေါ်မှာ ငါတို့ရဲ့ဗြိတိသျကြက်ခြေခတ်အလံကို လွှင့်ထူထားခဲ့သေးတယ်မဟုတ်လား"
ငမန်းက မျက်နှာကိုရှုံ့မဲ့လိုက်ပြန်သည်။
"အဲဒီကျွန်းတွေက ဟိုးအရင် ကျုပ်တို့ဘိုးဘေးတွေ နေခဲ့တဲ့ကျွန်းတွေဗျ၊ နာမည်တွေအမျိုးမျိုးရှိတယ်၊ ခင်ဗျားတို့အင်္ဂလိပ်တွေက နောက်ကျမှလည်းရောက်လာသေးတယ်၊ ကျွန်းတွေကို ကိုယ့်စိတ်ကြိုက်နာမည်တွေ ပြန်ပြောင်းလိုက်သေးတယ်၊ ခင်ဗျားတို့မရှက်ဘူးလား"
ကာနယ်က ဓါးကိုဆွဲထုတ်လိုက်ပြီးနောက် ငမန်းဆီသို့လှမ်းလျှောက်လာသည်။
"ဒီမှာပင်လယ်ဓါးပြကောင်၊ အခုဒီနေရာတွေအားလုံးက ငါတို့ဗြိတိသျှအင်ပါယာကြီးရဲ့ ပိုက်နက်နေရာတွေဖြစ်နေပြီနော်၊ မင်းစကားပြောတာဆင်ခြင်စမ်း"
"တော်ကြပါတော့ကွာ၊ မင်းတို့ အားရင် ရန်ဖြစ်မနေစမ်းပါနဲ့၊ ကဲ ငမန်း ငါတို့ဘယ်အချိန်လောက် မင်းပြောတဲ့နေရာကိုရောက်နိုင်မလဲ"
"ဒီပုံအတိုင်းဆို ကျုပ်တို့ဒီညပဲရောက်လိမ့်မယ်ထင်တယ်"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ အဲဒီကိုမနက်ဖြန်အမှီရောက်ဖို့လိုတယ်၊ ဘာလို့လဲဆိုတော့ မနက်ဖြန်က ဆယ်နှစ်ပြည့်တဲ့လပြည့်နေ့မဟုတ်လား"
ဒေါက်တာက ပြောဆိုပြီးသူ့အခန်းအတွင်းသို့ဝင်သွားသည်။ သူ့နောက်မှ ကွန်ဒါမိုင်း၊ မိစိမ်းနှင့် ကာနယ်တို့ကလိုက်ဝင်သွားသည်။
"ဒီကောက်ကျစ်တဲ့လူမျိုးတွေ ဘာတွေအကြံထုတ်ဦးမလို့လဲမသိဘူး"
ငမန်းက ရေရွတ်လိုက်သည်။
"ဒေါက်တာရာ ကျုပ်တော့ ဒီကောင့်ကိုလုံးဝကြည့်မရဘူး"
ကာနယ်က စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။ ဒေါက်တာက သက်ပြင်းချလျက်
"ကြည့်မရရင် သွားမကြည့်စမ်းပါနဲ့ကွာ၊ ဒီကောင့်ကို ငါတို့အသုံးလိုသေးတယ်ကွ"
"ကဲ၊ ဒေါက်တာ မနက်ဖြန်ကျွန်းကြီးပေါ်လာမယ်ဆိုပါတော့၊ ကျွန်မတို့ဘာလုပ်ကြမလဲ"
"ဟုတ်တယ် ဒေါက်တာ၊ ကျွန်းက မိနစ်ပိုင်းပဲပေါ်မှာဆို"
ကွန်ဒါမိုင်းကလည်း ဝင်မေးသည်။ ဒေါက်တာက ခေါင်းညိတ်လိုက်ပြီး
"မှန်တယ်၊ ကျုပ်တို့ကျွန်းကိုမြင်ရတာနဲ့ ဒီသင်္ဘောကြီးနဲ့ကျွန်းပေါ်ကိုတက်ကြမယ်၊ ပြီးတော့ ရေကြောင်းပြအမှတ်အသား ဗော်ယာတွေကို လမ်းတစ်လျှောက်ချခဲ့ကြမယ်"
သူတို့အကုန်လုံးထိတ်လန့်သွားကြသည်။
"ဒါဆိုရင် ကျုပ်တို့က အဲဒီကျွန်းမှာ ဆယ်နှစ်တောင်နေရမယ်ဆိုတဲ့သဘောလားဗျ"
ဒေါက်တာက ခေါင်းညိတ်သည်။
"နောက်ဆယ်နှစ်ပြည့်တဲ့အခါ ဗြိတိသျှသင်္ဘောတွေက ကျုပ်တို့မှတ်သားခဲ့တဲ့နေရာမှာစောင့်နေပြီးတော့ ကျုပ်တို့သင်္ဘောတွေကို သူတို့သင်္ဘောတွေနဲ့ဆွဲယူလိမ့်မယ်၊ ဒါကြောင့်မို့ ဒီသင်္ဘောကြီးထဲမှာ ရိက္ခာတွေနဲ့ လက်နက်ခဲယမ်းတွေ အတော်အတန်ထည့်ပြီးသယ်ဆောင်လာတာပေါ့"
"ဒါဆို ကျွန်းကနေပြန်ထွက်ဖို့က ဆယ်နှစ်စောင့်ပြီး နောက်တစ်ကြိမ်ကျွန်းပေါ်တဲ့အချိန်မှာ ပြန်ထွက်မှပဲရမှာပေါ့"
မိစိမ်း၏အမေးကို ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"လောလောဆယ်တော့ ဒီနည်းလမ်းအပြင် တခြားနည်းလမ်းမရှိဘူးမိန်းကလေး၊ တကယ်လို့ မင်းနောင်တရတယ်ဆိုရင် အခုနေခဲ့လို့ရသေးတယ်"
မိစိမ်းက ခေါင်းခါလိုက်သည်။
"ကျွန်မနောင်တမရပါဘူး၊ ဒီကျွန်းကြီးနဲ့ရတနာတွေအကြောင်းကိုတွေးမိရင် ကျွန်မက ပိုပြီးစိတ်လှုပ်ရှားနေမိပြီ"
ဒေါက်တာက ခေါင်းညိတ်လိုက်ကာ အားလုံးကိုကြည့်လိုက်သည်။
"ကောင်းပြီ၊ အန်တိုနီယိုနဲ့ ငမန်းရဲ့ပြောစကားတွေကိုထောက်ရင် မနက်ဖြန်နေ့လည်လောက်ဆိုရင် ပင်လယ်ထဲမှာ မုန်တိုင်းကြီးပေါ်လာပြီး ကျွန်းကြီးပေါ်လာလိမ့်မယ်၊ ငါတို့အဲဒီကျွန်းကို မုန်တိုင်းတိုက်နေတဲ့အချိန် အမိအရတက်ဖို့လိုအပ်တယ်"
"ဟေ့လူတွေ၊ လာကြည့်ကြစမ်းပါဦီး"
ပဲ့စင်ပေါ်မှ ငမန်း၏အော်သံကြားသဖြင့် သူတို့အားလုံးပြေးထွက်လာခဲ့ကြသည်။ ထို့နောက် ပဲ့စင်ပေါ်သို့ပြေးတက်သွားကြသည်။
(၉)
"ဘာဖြစ်လို့လဲငမန်း"
ငမန်းက သူတို့သင်္ဘောအနောက်ဘက်သို့ထိုးပြလေသည်။ သင်္ဘောကြီးက သွားလာနေသဖြင့် ရေများကအနောက်တွင် လှိုင်းဂယက်ထပြီးကျန်နေခဲ့သည်။ ထိုအခါ ဒေါက်တာတို့အကုန်လုံး ရေပြင်ကိုကြည့်ပြီးတော့ ခေါင်းခါကြသည်။
"မင်းဘာကိုဆိုလိုချင်တာလဲငမန်း"
ငမန်းက ရေပြင်တစ်နေရာကိုလက်ညှိုးထိုးပြလိုက်သည်။ ဒေါက်တာက ထိုနေရာသို့အဝေးကြည့်မှန်ပြောင်းနှင့်ကြည့်လိုက်သည့်အခါ သစ်သားစည်ပိုင်းတစ်ခုမြောနေသည်ကိုတွေ့လိုက်ရသည်။
"ဟိုကိုထပ်ကြည့်ဦီးဒေါက်တာ"
ငမန်းပြသည့်နေရာကိုထပ်ကြည့်လိုက်သည့်အခါ အတော်လှမ်းလှမ်းနေရာတွင် စည်ပိုင်းတစ်လုံးကိုတွေ့လိုက်ရပြန်သည်။
"အဲဒီစည်ပိုင်းတွေက ဘာကိုပြောချင်တာလဲငမန်း"
"ကျုပ်တို့ထဲမှာ တစ်ယောက်ယောက်တော့ တစ်ခုခုကြံစည်နေပြီဗျ၊ စည်ပိုင်းကိုအမှတ်အသားလုပ်ပြီး သင်္ဘောသွားတဲ့နေရာအနောက်မှာ ပစ်ချထားခဲ့တယ်ဆိုတာက ကျုပ်တို့ဘယ်သွားနေသလဲဆိုတာ လမ်းပြပေးနေတဲ့အချက်ပြသင်္ကေတတစ်ခုပဲဗျ၊ ပင်လယ်ဓါးပြတွေ အသုံးပြုတတ်တာပေါ့"
ထိုအခါ အားလုံးက ငမန်းကိုငေးကြည့်လိုက်သည်။ ငမန်းက လက်နှစ်ဖက်ကိုထောင်ပြလိုက်ပြီးနောက်
"ကျုပ်လုပ်တာမဟုတ်ဘူးနော်၊ ကျုပ်က ဒီနေရာမှာ ပဲ့ကိုင်နေတာ၊ ခင်ဗျားတို့သံသယရှိရင်တော့ အောက်ထပ်က ကုန်ထားတဲ့အခန်းကို သွားကြည့်သင့်တယ်"
သူတို့အကုန်လုံး သင်္ဘောအောက်ထပ်သို့ပြေးဆင်းလာကြသည်။ အောက်ထပ်တွင် ကုန်စည်နှင့်ရိက္ခာများကို သိမ်းဆည်းထားသည့် စတိုခန်းများရှိသည်။ စတိုခန်းများ၏ အလယ်နေရာလွတ်တွင် သင်္ဘောသားများအနားယူအိပ်စက်နိုင်သည့် အိပ်စင်များရှိကာ သင်္ဘောနံရံတွင် ကုတင်များကိုကပ်ရိုက်ထားသလို လှုပ်ပုခက်ကြီးများကိုလည်း တပ်ဆင်ထားသည်။ သူတို့စတိုခန်းအတွင်းအရောက်တွင် စတိုခန်းထဲတွင် လူတစ်ယောက်မှမရှိပေ။
"အားလုံးစုလိုက်ကြဟေ့"
ကာနယ်က အမိန့်ပေးလိုက်သဖြင့် အားလုံးစုရုံးလိုက်ကြသည်။
"ငါပြောမယ်၊ ဘယ်သူက စည်ပိုင်းတွေကိုပစ်ချနေတာလဲ"
သင်္ဘောသားတွေရော စစ်သားတွေပါ ခေါင်းခါလိုက်ကြသည်။ ငမန်းက စတိုခန်းတစ်နေရာကိုဝင်သွားပြီး စည်ပိုင်းလွတ်ကလေးတစ်ခုကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည်။ စည်ပိုင်းကလေး၏ နံရံဘေးသားများတွင် ဓါးဖြင့်ခြစ်ထားပြီး ဆေးအနီနှင့်သုတ်ထားသည့် အမှတ်အသားများကိုတွေ့ရသည်။
"ကျုပ်ထင်တာမှန်တယ်၊ တစ်ယောက်ယောက်တမင်အချက်ပေးနေတာပဲ"
"ဘယ်သူလုပ်တာလည်း၊ မင်းတို့ထဲမှာလုပ်တဲ့သူရှိရင်ဝန်ခံလိုက်စမ်း၊ မဟုတ်လို့ ငါစုံစမ်းမှတွေ့ရင် မင်းတို့မလွယ်ဘူးမှတ်"
ကာနယ်က ခြိမ်းခြောက်နေသော်လည်း သင်္ဘောသားများမှာ ဘာမှမသိသလိုပင်ဖြစ်နေသည်။ ငမန်းက သံသယဖြစ်နေသူတစ်ယောက်ရှိသည်။ ထိုသူကတော့ လိပ်ကြီးပင်ဖြစ်သည်။ ငမန်းက လိပ်ကြီးအနားသို့တိုးကပ်သွားရာ လိပ်ကြီးကမျက်နှာတစ်ချက်ပျက်သွားသည်။
"လိပ်ကြီး မင်းလုပ်တာမဟုတ်လား"
ထိုအခါ မိစိမ်းက ငမန်းအနီးတွင်ရပ်လိုက်သည်။
"ငမန်း၊ ရှင်လုပ်ပြန်ပြီလား"
ငမန်းက ဘာမှမပြောတော့ပဲ သင်္ဘောကုန်းပတ်ပေါ်သို့ပြန်တက်ခဲ့သည်။ ထိုကိစ္စမှာ မည်သူလုပ်မှန်းမသိတော့ပေ။ ကာနယ်ကလည်း စတိုခန်းကို အစောင့်စစ်သားနှစ်ယောက်အား အချိန်ပြည့်စောင့်နေစေကာ တံခါးကိုလည်းသော့ခတ်ထားစေသည်။
ညရောက်ပြီ၊ ကပ္ပတိန် ရော့စ်၏ မြေပုံညွှန်းပြသည့်နေရာသို့ သူတို့ရောက်နေကြသည်။ ပင်လယ်ပြင်ကြီးက ငြိမ်သက်နေသည်။ ရွက်လှေကြီးက ရွက်ဖျင်များကိုသိမ်းခေါက်ထားပြီး ကျောက်ဆူးချထားသည်။ သူတို့နေရာမှာ သံကျွန်းခေါ် ဒေးဗစ်ကျွန်း၏ အနောက်ဘက်ယွန်းယွန်း ပင်လယ်ပြင်အလယ်တွင်ဖြစ်သည်။ လသာနေသဖြင့် ပင်လယ်ရေပြင်ကြီးက လရောင်ကြောင့် တဖိတ်ဖိတ်တောက်လျက်ရှိသည်။ ငမန်းက သင်္ဘောကြီး၏ လက်ရမ်းပေါ်တွင်လှဲထိုင်နေရင်း အဝေးတွင်ခပ်ရေးရေးမြင်နေရသည့်သံကျွန်းကြီးကိုကြည့်နေလေသည်။
"ရှင်ဘာတွေစဉ်းစားနေသလဲ ငမန်း"
စကားပြောသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ မိစိမ်းကိုတွေ့ရသည်။ မိစိမ်းက ငမန်းအနီးရှိ အမြှောက်တစ်လက်ပေါ်တွင် ထိုင်ချလိုက်သည်။
"ကျုပ်အဲဒီကျွန်းကြီးကိုတွေ့လိုက်တိုင်း၊ ကျုပ်နဲ့ကျုပ်အဖေနဲ့ ကျွန်းနားမှာ ပုလဲငုတ်ခဲ့တာတွေကို ပြန်သတိရနေသေးတယ်"
ငမန်းက ဓါးမြှောင်ကလေးတစ်လက်ကို ကိုင်ထားရင်း ပွတ်သပ်နေသည်။
"အဲဒီဓါးမြှောင်လား၊ ရှင်တို့အရင်က သုံးခဲ့တာ"
ငမန်းက ခေါင်းညိတ်လိုက်သည်။
"အဲဒါ ငါ့ဓါးမဟုတ်ဘူး၊ ငါ့အဖေရဲ့ဓါး၊ ငါ့မှာအမှတ်တရဆိုလို့ ဟောဒီဓါးကလေးပဲကျန်နေခဲ့တာ"
"ရှင် ရင်ခုန်မနေဘူးလား၊ မနက်ဖြန်ဆို မုန်တိုင်းကြီးကျပြီ၊ ကျွန်းကြီးလည်းပေါ်လာပြီ၊ ရှင်လည်း ရှင့်အဖေနဲ့ပြန်ဆုံနိုင်ပြီလေ"
ငမန်းက တစ်ချက်ပြုံးလိုက်သည်။ မိစိမ်းလည်း နှုတ်ဆိတ်သွားပြီး လှပသည့်ပင်လယ်ပြင်ကြီးနှင့် လမင်းကြီးကိုငေးကြည့်နေသည်။
"ဒါနဲ့ငမန်း ကျွန်မရှင့်ကိုတစ်ခုကမ်းလှမ်းစရာရှိတယ်"
ငမန်းက မိစိမ်းမျက်နှာကိုကြည့်လိုက်သည်။ မိစိမ်းမျက်နှာကလေးက လရောင်အောက်တွင် အလွန်လှပနေသည်။
"ရှင် ကျွန်မနဲ့ပူးပေါင်းပါလား"
ငမန်းက တစ်ချက်ပြုံးလိုက်သည်။
"ဒီတော့ မင်းဆီမှာလည်း အကြံတစ်ခုရှိနေခဲ့တယ်ပေါ့"
မိစိမ်းခေါင်းညိတ်သည်။
"ရှင့်ကိုကျွန်မ အခွင့်အရေးတစ်ကြိမ်ပေးမယ်ငမန်း၊ ရှင်ကျွန်မတို့နဲ့ပူးပေါင်းမယ်ဆိုရင် ရှင့်အတွက်လည်း ဝေစုတစ်စု ကျွန်မစီစဉ်ပေးမယ်"
"ကျုပ် ရတနာတွေမလိုချင်ပါဘူး၊ ဒါပေမယ့် ကျုပ်လိုချင်တာ တစ်ခုရမယ်ဆိုရင် မင်းနဲ့ပူးပေါင်းမယ်"
"ရှင်ပြောကြည့်လေ"
"မင်းနဲ့ငါနဲ့ပေါင်းရမလား"
မိစိမ်းက ဒေါသထွက်သွားပြီး ငမန်းမျက်နှာကိုပါးတစ်ချက်ပိတ်ရိုက်လိုက်သည်။ ငမန်းကတော့ ပြုံးပြုံးကြီးခံယူလိုက်သည်။
"ရှင်အိပ်မက်မက်မနေနဲ့၊ ရှင့်လိုဓါးပြတစ်ယောက်က ကျွန်မနဲ့တန်လို့လား"
မိစိမ်းက မတ်တပ်ရပ်လိုက်သည်။
"ရှင့်အခွင့်အရေးကုန်သွားပြီငမန်း၊ ရှင်ကျွန်မနဲ့ပူးပေါင်းပေါင်း မပေါင်းပေါင်း အချိန်ကျတာနဲ့ရှင့်ကိုသူတို့က သတ်ပစ်ဖို့စီစဉ်ထားပြီးသား၊ ကျွန်မလည်း အဲဒီအချိန်ကျရင် ရှင့်ကိုအလွတ်ပေးမှာမဟုတ်ဘူးငမန်း"
ငမန်းက ပြုံးလိုက်ပြီး
"မင်းကြိုက်သလိုစီစဉ်ပါ၊ ဒါပေမယ့် ငါသေချာပြောနိုင်တာကတော့ မင်းငါနဲ့ပေါင်းမယ်ဆိုမှ ငါမင်းနဲ့ပူးပေါင်းမယ်"
မိစိမ်းကမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ထိုနေရာမှထွက်သွားလေသည်။
မနက်မိုးလင်းတော့မည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့သင်္ဘောကြီး၏ ကုန်းပတ်ပေါ်မှနေ၍ မီးရှုးမီးပန်းတစ်ခုက မိုးပေါ်သို့ထောင်တက်သွားပြီး သင်္ဘောရွက်တိုင်များအနီးတွင်ပေါက်ကွဲသွားလေသည်။
"ရွှီး၊ ဝုန်း"
ကောင်းကင်တွင် ပေါက်ကွဲသွားပြီး အနီရောင်မီးပွားများက ပြန့်ကျဲကျဆင်းသွားလေသည်။ အိပ်ငိုက်နေသည့် အစောင့်များနှင့် သင်္ဘောသားများမှာ လန့်နိုးသွားကြသည်။ ကာနယ်မှာ ကုန်းပတ်ပေါ်သို့ပြေးတက်လာသလို ဒေါက်တာနှင့် ကွန်ဒါမိုင်းမှာလည်း အခန်းအတွင်းမှပြေးထွက်လာလေသည်။
"ဘာ၊ ဘာဖြစ်တာလဲ"
"တစ်ခုခုအချက်ပေးချင်တာများလား"
ထိုအခါ သူတို့နှင့်ခပ်လှမ်းလှမ်းတွင် မီးရောင်များထိန်လင်းသွားသည်ကိုတွေ့လိုက်ရသည်။ ကာနယ်က မှန်ပြောင်းဖြင့်အမြန်လှမ်းကြည့်လိုက်သည်။ ကြီးမားသည့် သင်္ဘောကြီးတစ်စီးကိုတွေ့လိုက်ရသည်။
"သင်္ဘောတစ်စီးပဲ"
ငမန်းက ဒေါက်တာလက်ထဲမှ မှန်ပြောင်းကိုဆွဲယူလိုက်ပြီး အနီးကပ်ဆွဲကြည့်လိုက်သည်။
"ရွက်ဖျင်အနီတွေလွှင့်ထားတယ်၊ ရွက်တိုင်ထိပ်မှာ ခေါင်းသုံးလုံးနဂါးပုံပါတဲ့ အလံတစ်ခုလွှင့်ထားတယ်၊ သင်္ဘောဦးပိုင်းမှာ ယိုးဒယားနဂါးပုံကြီးထုလုပ်ထားတယ်"
ငမန်းက ထိုသို့ပြောပြီး တစ်ချက်ပြုံးလိုက်သည်။
"အဲဒါ စုရင်ကျွန်းက နာမည်ကြီးယိုးဒယားပင်လယ်ဓါးပြ ဆူဖရပ်တို့ရဲ့ နဂါးနီသင်္ဘောကြီးပဲ"
"ပင်လယ်ဓါးပြတဲ့ဟေ့၊ အချက်ပေးခေါင်းလောင်းတီးလိုက်ကျ"
ကာနယ်က အော်ဟစ်လိုက်သဖြင့်် သင်္ဘောတစ်စီးလုံး ဝရုန်းသုန်းကားဖြစ်သွားသည်။ စစ်သားတစ်ယောက်က သင်္ဘောပဲ့ပိုင်းရှိခေါင်းလောင်းကလေးကို အဆတ်မပြတ်တီးခတ်လိုက်သည်။ ထိုစဉ်မှာပင် ဆူဖရပ်တို့၏ နဂါးနီသင်္ဘောကြီးက ရွက်ဖျင်တွေချပြီးတော့ ပြန်လည်ကွေ့နေသည်ကိုတွေ့ရသည်။ ငမန်းက ပဲ့စင်ပေါ်သို့အမြန်ပြေးတက်သွားသည်။
"ကာနယ် အဲဒါသူတို့ကျုပ်တို့ကိုပစ်ချင်လို့ သင်္ဘောကိုလှည့်နေတာ ခင်ဗျားလူတွေကိုအသင့်ပြင်ထား"
ငမန်းက ပြောဆိုရင်း လေကြောင်းထိန်းသည့်အနောက်ဘက်ရွက်တိုင်မကြီးမှ ရွက်ဖျင်ကြီးများကိုပြေးပြီးချလိုက်သည်။ ရွက်ဖျင်များကိုချည်နှောင်ထားသည့် တုပ်ကြိုးများကိုဖြတ်လိုက်ရာ ရွက်ဖျင်ကြီးများမှာ ပြုတ်ကျလာပြီးပွင့်သွားလေသည်။
"လုပ်ကြဟေ့၊ ငါတို့သင်္ဘောကိုအမြန်လှည့်ရမယ်"
သင်္ဘောသားများက ရွက်ဖျင်ကြိုးများကို ဝိုင်းဆွဲထားကြသည်။ ထိုအချိန်စစ်သားများမှာလည်း အိပ်နေရာမှ နိုးထလာခဲ့သည်။ ကာနယ်က သူ့ခါးမှဓါးကိုဖြတ်လိုက်ပြီး မိုးပေါ်သို့ထောင်လိုက်သည်။
"တပ်သားတွေ၊ အမြှောက်တွေအသင့်ပြင်စမ်း"
ကာနယ်အမိန့်ပေးနေစဉ်မှာပင် တစ်ဖက်သင်္ဘောကြီးမှာ သူတို့နှင့်ဘေးတိုက်အနေအထားဖြစ်သွားသည်။ ထို့နောက် ကျယ်လောင်သည့်အသံများနှင့် မီးပွင့်မီးတောက်များကို မြင်တွေ့လိုက်ရသည်။
"အမြှောက်တွေပစ်ပြီဟေ့၊ အကာအကွယ်ယူကြ"
"ဒိန်း၊ ဒိန်း၊ ဒိန်း"
နဂါးနီသင်္ဘောကြီး၏ ဘေးဖက်တွင်တပ်ဆင်ထားသည့် အမြှောက်များက သူတို့ကိုအမြှောက်ဆန်များဖြင့် ပစ်ခတ်လိုက်ရာ အမြောက်ဆန်များမှာ တဝှီးဝှီးအော်မြည်လျက် သူတို့သင်္ဘောကြီးကိုထိမှန်လေသည်။
"ဝုန်း၊ ဝုန်း"
အပိုင်း (၅) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်