
Part - 9
ရန်ကုန်က အလောင်းတွေပုံသွားသလို ရာဇဘွားကလဲ မရမက ရောက်အောင်ပြန်လာ၏။ သူရောက်တော့ ကြွယ်က ဗိုက်နာနေပြီဖြစ်သလို သူ့မြင်တော့ ငိုတော့၏။
" ကိုကို......ကိုကို့....အားးးးးအမလေး.....နာတယ်....နာတယ် အားးးးအမေရေ..."
ဒီအခြေအနေမှာ ဘယ်လိုမှအပြင်ထွက်မရမှန်း သူသိသည်။ သားဖွားဆရာဝန်ပါလာ၍သာ တော်သေးသည်ပြောရမည်ဖြစ်ကာ ကြွယ့်ကိုယ်လေးမှာ နာလွန်း၍တဆတ်ဆတ်တုန်နေ၏။
" ရေမွှာပေါက်သွားပြီ.....မွေးတော့မယ်ထင်တယ်။ "
သားဖွားဆရာဝန်မကြီးက သူ့အနားလာကာ အကျိုးအကြောင်းပြောပြ၏။ ရာဇဘွား ပျာယာခတ်နေပြီဖြစ်ကာ ခပ်ကြိတ်ကြိတ်မှာ၏။
" မွေးနိုင်ပါ့မလား......ကြွယ့်အခြေအနေ ဘယ်လိုရှိလဲ။ "
" မွေးနိုင်မှာပါ......ဒါပေမယ့် အပြင်မှာ "
" ဂရုစိုက်စရာမလိုဘူး.......တကယ်လို့ တစ်ခုခုအခက်ကြုံရင် ကလေးကိုပဲရအောင်ကယ်ပါ။ ကလေးက ပထမဦးစားပေးပဲ....နားလည်လား။ "
သားဖွားဆရာဝန်မကြီးက မယုံနိုင်သလိုကြည့်လာတာ သိပေမယ့် သူ ဂရုမစိုက်အားပါ။ အပြင်က အခြေအနေကိုလဲ ကြည့်ရသေးသလို ခဏကြာတော့ ကလေးငိုသံတဝါးဝါးက ထွက်လာ၏။
ဟင်...။
ရာဇဘွား အနားရောက်လာသလို ကလေးကိုလှမ်းချီရန်ပြင်၏။
" မိန်းကလေးပါ......"
ရာဇဘွား၏မျက်နှာက ပြုံးသွားရသလို နီတာရဲလေးအား ပွေ့ချီ၍ ကြည်နူးစွာရင်ထဲသိမ့်ခနဲ ဖြစ်သွားရသည်။ သမီး......သူ့သမီးလေး။ ကြည့်ပါဦး.....သေးသေးလေးနှင့် ချစ်စရာလေးပင်။
" ဝုန်းးးးးအုန်း "
ပေါက်ကွဲသံတွေကြောင့် ရာဇဘွား အလန့်တကြားဖြစ်သွားသလို သားဖွားဆရာဝန်မကြီးရော ကြွယ်ပါကိုယ်လေးတွေတုန်တက်သွား၏။
" ပစ်ကုန်ပြီပဲ.......ဗုံးခိုကျင်းထဲအမြန်ဆင်းကြ။ "
ပြောလဲပြော သူ့သမီးကို ရင်ခွင်ထဲကျစ်နေအောင် ထွေးပွေ့ကာ ရာဇဘွားတစ်ယောက် ဗုံးခိုကျင်းထဲ ပြေးဆင်းသွားသည်။ ကြွယ်က သွေးနုသားနုမို့ ယဲ့ယဲ့လေးသာရှိသလို ဝမ်းနည်းနာကျင်သွားရသည်မှာ နှလုံးသားကိုစဥ်းနှီတုံးပေါ်တင်ကာ အလှီးခံလိုက်ရသလို ဖျတ်ဖျတ်လူးနာသွား၏။
" မကြောက်နဲ့ သမီး......မကြောက်နဲ့......ဆရာမကြီးရှိတယ်။ "
သားဖွားဆရာဝန်မကြီးက ကြွယ့်ကိုအတင်းဆွဲထူကာ ကျင်းဆီခေါ်လာသလို ကျင်းနားရောက်ခါနီးမှာ သေနတ်သံတွေကြား နှစ်ယောက်အတူလဲကျသွား၏။
" အမလေး!! "
ဂျပန်လေယာဥ်တွေဆီမှ တရစပ်ပစ်နေသည့် ကျည်ဆံတွေကြား သွေးတွေအရွှဲသားဖြင့် သားဖွားဆရာမကြီးမှာ အသက်မရှိတော့။ မျက်လုံးကြီးပွင့်ကာ ပါးစပ်မှသွေးတွေစီးကျနေသည်ကိုမြင်တော့ သွေးနုသားနုဖြင့် ကြွယ့်မှာ သည်းခြေပျက်မတတ် ကြောက်လန့်တုန်လှုပ်သွားရသည်။
" အားးးအားးးးးသွေးတွေ သွေးတွေ.....အမလေးးးးးးအဟင့်ဟင့်....."
ဖျတ်ခနဲ လက်တစ်ဖက်ထွက်လာကာ ဆောင့်ဆွဲခံလိုက်ရသလို ကြွယ့်ကိုယ်လေးမှာ ကျင်းထဲဗုန်းခနဲ ပြုတ်ကျလာ၏။ ခါးအောက်ပိုင်းက ပြင်းပြင်းထန်ထန် အောင့်သက်နာကျင်သွားရသလို ကြွယ် သတိပါလစ်သွားတော့သည်။
! အူဝဲ....အူဝဲ......အူဝဲ!
ရာဇဘွား သမီးကိုပွေ့ချီထားရင်းမှ သတိလစ်နေသည့် ကြွယ့်ကို ငေးကြည့်လာသည်။ သမီးနို့ဆာပုံပေါ်တာမို့ ကြွယ့်အင်္ကျီရင်စေ့လေးကို အသာဖြုတ်ကာ သမီးနို့စို့လို့ရရန် တေ့ပေးလိုက်သည်။ နို့စို့နေသည့်သမီးပုံစံလေးကိုကြည့်ရင်း ရာဇဘွား နှုတ်ခမ်းတွေပြုံးယောင်သမ်းသွား၏။
" ချစ်စရာလေးဗျာ.....ဖေကြီးသမီးလေးက နို့ဆာနေတာလား ဟုတ်လား.....သမီးလေး "
အတော်ကြာမှ အသံတွေငြိမ်သွားသလို ရာဇဘွား အခြေအနေထွက်ကြည့်မိသည်။ နောက်ထပ်လေယာဥ်မလာခင် သူရန်ကုန်ကနေ ထွက်မှရမည်ဆိုတာ သိလိုက်သလို သမီးအတွက်လိုအပ်သည့်အနှီးတွေအိတ်ထဲစုပြုံကာ အမြန်ထည့်၏။
" ဟယ်.....ကလေးလေးတော့......ဟီးဟီး "
ဟင်...။
ချာခနဲ လှည့်ကြည့်လိုက်တော့ အိပ်ယာထက်အိပ်ပျော်နေသည့်သမီးကို ပြုံးရယ်ကာ စိုက်ကြည့်နေသည့် ကြွယ်။
" မင်း သတိရပြီလား..."
" ဟင်....ဘယ်သူတုန်း......ငါလား.....နင်ငါ့ကိုပြောနေတာလား။ "
ရာဇဘွား စိတ်ထဲထင့်သွားရသလို ကြွယ့်အနား ကပျာကယာရောက်လာ၏။ ကြွယ့်မျက်နှာလေးကို စူးစိုက်ကြည့်ကာ အကဲခတ်မိတော့ မျက်လုံးတွေကလဲ ဂဏှာမငြိမ်သလို လက်ညှိုးလေးကိုက်ရင်း တခိခိရယ်နေသည်။ ရူးသွားပြီပဲ..... သွေးလန့်ပြီး ရူးသွားပုံရသည်။
" ကလေးလေးကို ချီမယ်နော်.....ခိခိ"
သမီးဆီလက်လှမ်းလိုက်တာမို့ ရာဇဘွား ကပျာကယာဆောင့်တွန်းပစ်လိုက်သလို ကြွယ့်ခမျာ ဘေးသို့လဲကျသွားရှာ၏။
" ဟေ့...ဟေ့.....ငါ့သမီးကို မထိနဲ့။ "
ဟုတ်သည်.....ကြွယ်က ခုချိန်မှာ စိတ်ပုံမှန်မဟုတ်။ အရူးဆိုတာ စိတ်ထဲရှိသလို လုပ်တတ်တာမို့ သမီးကိုအန္တရာယ်မပေးဘူးဟု စိတ်မချနိုင်။ ကြွယ်က မျက်နှာလေးစူပုတ်ကာ နှုတ်ခမ်းလေးစူရင်း လူးလဲထလာ၏။
" နာလိုက်တာဟယ်.....နင်ကလဲ အရမ်းအရမ်းလုပ်တာပဲ.....ငါက ကလေးလေးကိုချစ်လို့ဟာ။ "
အနားကပ်လာတော့ ရာဇဘွား သမီးရှေ့မှကာထားရင်း အမြဲဆောင်ထားလေ့ရှိသည့် ဓားကိုဆွဲထုတ်ကာ ရွယ်ထားလိုက်သည်။
" အနားကပ်မလာနဲ့နော်......ငါ့သမီးနဲ့ဝေးဝေးနေ။ သတ်ပစ်မှာနော်။ "
ကြွယ် မျက်လုံးလေးပြူးသွားကာ ကြောက်လန့်သွားပုံရ၏။
" အူဝဲ......အူဝဲ....ငဲ....."
သမီးငိုသံကြောင့် ရာဇဘွား ဆတ်ခနဲ ဖြစ်သွားရသလို ကြွယ်က ထောင့်လေးတွင်သွားကပ်နေ၏။ ရာဇဘွား သမီးကိုကောက်ချီလိုက်ရင်းမှ....
" ဖေကြီးရှိတယ်နော်.....သမီးလေးရယ် ငိုပါနဲ့ဗျာ....ကျွတ် ကျွတ် ကျွတ်......တိတ်ပါကွယ်။ "
! အူဝဲ.....အူဝဲ.......!
ရာဇဘွား ကြွယ့်ကိုလှမ်းကြည့်မိသွားသလို ကြွယ်ကလဲ ခပ်တိုးတိုးလေးရေရွတ်ရှာ၏။
" နို့ဆာနေတာလား သိဘူး......ငါ့ဆီမှာရှိတာကို။ "
ကြွယ့်ပုံစံကိုကြည့်ရင်းမှ ရာဇဘွား ဆုံးဖြတ်ချက်ချလိုက်သည်။ သမီးအတွက် လှလွန်းကြွယ်ကို သူလိုသည်။
@@@@@@@@@@@@
လေယာဥ်တွေထပ်မလာခင် သမီးကိုချီ၍ လှေဆိပ်ဆင်းခဲ့သလို ကြွယ်ကတော့ သူ့အနောက်ကနေ ရို့ရို့လေးပါလာ၏။ ရန်ကုန်ကနေ အန္တရာယ်ကင်းကင်း ထွက်လာနိုင်ပေမယ့် မြို့ကိုရောက်အောင်ပြန်ရမည်ဖြစ်သလို လမ်းခရီးမှာ အစစ်အဆေးကလဲများလှသည်။ ကြုံရာ ရွာတစ်ရွာတွင် ဝင်တည်းပေမယ့် စားရေးသောက်ရေးကတော့ အဆင်ပြေလှသည် မဟုတ်ပါ။
ကလေးနို့တိုက်သည့်အချိန်ကလွဲရင် သမီးကိုကြွယ်နှင့်အထိမခံသလို လမ်းခရီးမှာ ပင်ပန်းတာမို့ သမီးကိုပူပန်ရသည်။ သူ့သမီးလေးကို သူသိပ်ချစ်သည်။ ညဘက်အိပ်လျှင်တောင် ခြင်တွေဖြုတ်တွေ ဒီအသားနုနုလေးအား ကိုက်ကြမည်စိုးတာမို့ မအိပ်နိုင်ပဲ ပုဆိုးတစ်ထည်ဖြင့်ခြင်ထိုင်ယမ်းကာ အိပ်ရေးပျက်ခံစောင့်သည်။
သူခဏဝင်နားနေသည့်ရွာအား ရန်ကုန်မှပြေးလာသည့် လူတွေထပ်ရောက်လာကာ သမုဒယပါပါလာသဖြင့် သူ့ကိုမြင်တော့ ပြေးလာပြီး ငိုယိုထုရိုက်၏။
" မောင့်ကိုမုန်းတယ် သိလား......မောင် သိပ်ရက်စက်တာပဲ ။ ပစ်ထားရက်တယ်နော်...."
ရာဇဘွား ဘာမှပြန်မပြောမိသလို သမီးကိုမြင်တော့ သမုဒယက သူ့ကိုငေးကြည့်လာ၏။
" ဒါက....."
" မောင့်သမီးလေးလေ ဒါလင်ရဲ့......ကြည့်ပါဦး ချစ်စရာလေး မဟုတ်လား။ "
မချစ်ပေမယ့် ဟန်ဆောင်ကာ ပြုံးရယ်၍ ခေါင်းညိတ်ပြလိုက်ရသလို ခုမှသတိရသွားရင်း...
" လှလွန်းကြွယ်ရော.....သေသွားပြီလားဟင်။ "
ရာဇဘွားက သက်ပြင်းချလိုက်မိရင်း မေးဆတ်ပြလိုက်သည်။ သမုဒယ လှမ်းကြည့်လိုက်မိတော့ သစ်ပင်အောက်တွင် ဇယ်တွေခုတ်ပြီးဆော့နေသည့် လှလွန်းကြွယ်ကိုမြင်တော့ နားမလည်သလို မောင့်ကိုပြန်ကြည့်မိသည်။
" သွေးနုသားနုနဲ့ဆိုတော့ ရူးသွားတယ်ထင်တာပဲ..... စိတ်ကပုံမှန် မဟုတ်ဘူး။ "
အို!..။
သမုဒယ အာမေဋိတ်သံလေးထွက်သွားသလို ငေးပြီးကြောင်ကြည့်နေမိသည်။ သူမကိုကြည့်နေတာမြင်သွားတော့ လက်လေးဝှေ့ယမ်းပြလာရင်း ဟီးခနဲရယ်ပြလာ၏။ ဘုရားရေ.....တကယ်ရူးသွားတာပါလား။
" မောင်.....မညောင်းဘူးလားမောင်ရယ်။ ကလေးကို ဒီပေး.....သမုဒယချီထားပေးမယ်။ "
" ရတယ်....ရတယ် မောင်မညောင်းဘူး။ "
" ကဲပါ.....ပေးဆျို..."
" ရတယ်လို့.....မောင့်သမီးမောင့်ဘာသာချီမယ်။"
သမုဒယ မျက်လုံးလေး ဝိုင်းသွားရသလို ရာဇဘွားမျက်နှာအား ငေးခနဲကြည့်မိသွား၏။
" မောင့်....."
" ဆော....ဆောရီး ဒါလင်။ ဒါလင်ပင်ပန်းမှာစိုးလို့ပါ။ အိပ်တော့.....မောင့်အိပ်ယာထဲပဲ ဝင်အိပ်လိုက်။ "
သမုဒယ မောင့်ကိုမျက်စောင်းထိုးလိုက်မိသလို မလှမ်းမကမ်းတွင်ထိုင်ကာ ခြင်တွေတဖတ်ဖတ်လိုက်ရိုက်နေသည့် လှလွန်းကြွယ်အား ကဲကြည့်မိ၏။ ပေးထားသည့်ခေါင်းအုံးလေးပေါ်လှဲ၍ ကွေးကွေးလေးအိပ်ကာ ပါးစပ်က တလှုပ်လှုပ်ဖြင့် ဘာတွေရွတ်နေမှန်းမသိ။
---------------
ညကနက်နေပြီဖြစ်သလို နှစ်ခြိုက်စွာ အနှီးလေးထုပ်လျက်သားဖြင့် အိပ်ပျော်နေသည့် သမီးမျက်နှာလေးအား ခပ်ပြုံးပြုံးငေးကြည့်နေမိသည်။ ချစ်စရာကောင်းလိုက်တာ.....သူ့သမီးလေးက တကယ့်အဖိုးတန် ရတနာလေးပင်။
! ရှီးးးး!
ရုတ်တရတ် အပေါ့အပါးသွားချင်လာသလို သမီးကိုလဲ စိတ်ကမချ။ အိပ်ပျော်နေသည့် သမုဒယကို စူးစိုက်ကြည့်ရင်းမှ မျက်နှာနားလက်ဖြင့်ဝှေ့ယမ်းကြည့်လိုက်သည်။ တကယ်အိပ်နေတာ သေချာမှ ခြင်ထောင်ထဲကနေ ထွက်လာရင်း အိမ်နောက်ကိုထွက်လာခဲ့ပေမယ့် လူကစိတ်မဖြောင့်။
@@@@@@@@@@@@@
အူငဲ......အူငဲ....အဲ့......အူဝဲ
အိပ်ပျော်နေရာမှ ကလေးငိုသံကြောင့် သမုဒယ ထထိုင်မိသလို မောင့်ကိုမတွေ့သဖြင့် ဘေးဘီလိုက်ကဲကြည့်မိသည်။
အူဝဲ.....အူဝဲ
ကလေးကိုပွေ့ချီလိုက်သလို အငိုတိတ်အောင် ချော့ရန်ကြိုးစား၏။
" အေးးးးအေး.....တိတ်ပါကွယ်.....တိတ်....တိတ် "
! အူဝဲ......အူဝဲ!
" ကလေးရယ်.....တိတ်ပါ...."
" ဘာလဲ.....ဘာဖြစ်တာလဲ....သမီး....ပေးစမ်း"
မောင်တစ်ယောက် ဘယ်ကနေရောက်လာမှန်းမသိ ခြင်ထောင်ထဲ ဝရောသောပါးပြေးဝင်လာကာ သမုဒယလက်ထဲမှ ကလေးကိုအတင်းလုကာ သူ့သမီးကိုပွေ့ချီပစ်သည်။
" ဘာလုပ်လိုက်တာလဲ..... သမီးကိုမင်းဘာလုပ်လိုက်တာလဲ။ "
သမုဒယ မျက်လုံးလေးဝိုင်းသွားရသလို ..
" မောင့်သမီးကို ဘာလုပ်ရမှာလဲ။ "
" မင်း သမီးကိုဆွဲဆိတ်လိုက်တာတော့ မဟုတ်ပါဘူးနော်.....မလုပ်နဲ့နော် သမုဒယ။ သမီးကိုထိရင် ငါဘယ်သူ့မှ သည်းမခံဘူး။ "
ပြောလဲပြော သူ့သမီးကိုယ်လေးကို စေ့စေ့ပေါက်ပေါက် ဒဏ်ရာလိုက်ကြည့်၏။ ရင်ထဲထိခိုက်သွားရသလို မျက်ရည်စတို့ဝဲတက်လာရင်းမှ.....
" ကလေးက နို့ဆာလို့ငိုတာပါ မောင်ရယ်....."
ရာဇဘွား ကွေးကွေးလေးကြမ်းပြင်ပေါ် အိပ်နေသည့် လှလွန်းကြွယ်ဆီအကြည့်ရောက်သွားရသလို ခြင်ထောင်ထဲကနေ သမီးကိုချီရင်းထွက်လာသည်။သမုဒယက ခြင်ထောင်ထဲ သူတို့သားအဖနှင့်အတူအိပ်သလို လှလွန်းကြွယ်ကိုက အပြင်မှာခေါင်းအုံးတစ်လုံးပေးထားလိုက်သည်။ အိပ်နေသည့်ဆီ ရောက်လာရင်းမှ.....
" ဟေ့....ဟေ့ လှလွန်းကြွယ် ထစမ်း။ ကလေးကိုနို့တိုက်ဦး။ "
" အာ......အိပ်ချင်တယ်....ပေး ပေး "
ရာဇဘွား သမီးနို့စို့နေသည်ကို ဘေးမှငုတ်တုတ်ထိုင်ကြည့်ရင်း လက်ဖဝါးသေးသေးလေးအား ကိုင်ထားလိုက်သည်။ မနက်ကျလျှင် ရွာကထွက်မည်။ လမ်းခရီးက တောကြောင်ဓားပြတွေ ထကြွသည့်နေရာမို့ စိတ်ပူသလို မြို့ပြန်ရောက်လျှင် သူအဆင်ပြေပါပြီ။
----------------
ရာဇဘွား သမီးကိုချီထားရင်းမှ တောလမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ သူ့ဘေးမှာ သမုဒယကပါလာသလို လှလွန်းကြွယ်ကတော့ ခုန်ပေါက်လျက်ဆော့ရင်းလိုက်လာသည်။
" မောင်.....ရေသောက်ဦးလေ။ "
" ရပါတယ်.....ဒါလင်ပဲသောက်။ "
သမုဒယ ရေကိုမော့သောက်လိုက်ရင်းမှ လှလွန်းကြွယ်ဆီ အကြည့်ရောက်သွားကာ.....
" ဟိတ်.....အရူးမ ရေလာသောက်။ "
" အံမာ.....ဘာအရူးမလဲ။ နင်ပဲအရူး....ငါကမင်းသမီးလေး။ "
လှလွန်းကြွယ်က ခုန်ပေါက်ရင်း အနားရောက်လာသည်။ ပေကျံနေသလို မျက်နှာကလဲ ကြောင်ချေးရုပ်ဖြစ်နေသည်။ ရေဗူးကိုလှမ်းယူရန်ပြင်လိုက်ပေမယ့်.....
" ဖယ်စမ်း......ဒါလင် ဘယ်လိုလုပ်လိုက်တာလဲ။ ဒီရေက သမီးကိုလဲတိုက်နေရတာလေ။ သူက ညစ်ပတ်နေတဲ့ဟာ......သမီးကိုဒုက္ခရောက်အောင် လုပ်နေတာလား။ "
ဒေါသတကြီး ရေဗူးကိုဆွဲလုယူသွားသည့် မောင့်ကြောင့် သမုဒယ ရင်ထဲမကောင်းဖြစ်သွားရသလို လှလွန်းကြွယ်ကို ကြည့်မိတော့ နှုတ်ခမ်းလေးသပ်နေသည်။အစားလဲကောင်းကောင်း ကျွေးတာမဟုတ်။
" ဒါပေမယ့် မောင်ရယ်......သူလဲရေဆာမှာပေါ့။ "
" ဆာဆာသေသေကွာ......မောင့်သမီးကို ဥပါဒ်ဖြစ်မယ့်ကိစ္စဆို ဘယ်သူ့မှငဲ့မနေနိုင်ဘူး။ "
" စိတ်ပုတ်လိုက်တာဟယ်...နင်ကလဲ... ငါလဲရေဆာတာပေါ့။ နင့်သမီးကျနို့တိုက်ပေးရတယ်။ "
ခါးလေးထောက်ကာ ရန်ပြန်တွေ့လာသည့် လှလွန်းကြွယ်ကြောင့် ရာဇဘွား ခပ်တင်းတင်း စိုက်ကြည့်ပစ်သည်။ ထိုအခါမှငြိမ်သွားသလို သူ့ကိုတော့ ကြောက်သည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ