Part - 12
ရာဇဘွား အိပ်မောကျနေသည့် သမီးလေးကို ငေးစိုက်ကြည့်ရင်း ပြုံးမိသွား၏။ ကြည့်စမ်းပါဦး......သူ့သမီးလေးက ချစ်စရာကောင်းလိုက်တာဆိုတာလေ။ ပါးလေးနှစ်ဖက်က ဖောင်းဖောင်းလေးနှင့် နှုတ်ခမ်းလေးကစုထော်နေ၏။ အသားလေးကဖြူဖြူဝင်းဝင်းလေးမို့ ဘာလေးပဲဝတ်လိုက်ဝတ်လိုက် ချစ်စရာကောင်းသလို မလိုက်ဖက်ဘူးဆိုတာ မရှိ။
သူ့သမီးလေးကို သူသိပ်ချစ်သည်။ သမီးလေးက သူ့အသက်၊သူ့အသဲနှလုံးဖြစ်သလို မိတဆိုးလေးမို့ အသနားလဲပိုရသည်။ သမုဒယကို သူချစ်ပါသည်...သို့ပေမယ့် သူ့ရင်မှဖြစ်တည်သည့် သူ့သမီးလေးထက်တော့ ပိုမချစ်နိုင်ပေ။ သမုဒယနှင့် မင်္ဂလာသာအတိအလင်းဆောင်လိုက်လျှင် သမီးဟာမိထွေးတစ်ယောက် ရသွားပေလိမ့်မည်။ပြီးတော့ သူ့ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေဟာ ခွဲဝေရတော့မည်မို့ သူလုံးဝ မင်္ဂလာပွဲမလုပ်ခဲ့။
ပြီးတော့ မေမေ.....မေမေဟာ မြေးယောကျာ်းလေး လိုချင်သည်။ ထို့ကြောင့် သမုဒယကို ကလေးယူခိုင်းနေတာ သူသိသည်။ ထို့အတွက် သမုဒယကို သူသေချာမှာထားထိန်းချုပ်ထားရသည်။
သမုဒယ ရုံးခန်းလေးထဲ ထမင်းချိုင့်ဆွဲကာ ဝင်လာရင်း အကြည့်က ဒရင်းဘတ်ပေါ် ပက်လက်ကလေး အိပ်ပျော်နေသည့် ချစ်သမီးကိုမြင်တော့ မျက်စလေးပင့်မိသွား၏။
" မောင်....နေ့လည်စာလာပို့တာ။ "
ရာဇဘွား အခွန်ဆောင်သည့်စားရင်းတွေ ကြည့်နေရင်းမှ ထလာခဲ့သလို ထမင်းစားရန်ပြင်ပေးနေသည့် သမုဒယဘေးဝင်ထိုင်ကာ တစ်ချက်လှမ်းနမ်းလိုက်၏။
" ဒါလင့်ကို မြင်ရတာ အမောကိုပြေသွားတာပဲ။ "
သမုဒယ ပြုံးမိသွားရင်းမှ...
" တော်ပါ မောင်ရယ်....အပိုတွေသိပ်ပြောတာပဲ။ "
" တကယ်ပြောတာ ဒါလင်ရဲ့.....အခုလို ဒါလင်နဲ့နေနိုင်ဖို့ဆိိုတာ ဘယ်လောက်ခက်ခဲခဲ့သလဲ။ မောင်ကတော့ ပျော်တယ်.....ဒါလင်ကရော မပျော်ဘူးလား။ "
မောင့် မေးခွန်းကြောင့် အရင်ဆုံး ပြေးမြင်မိတာက လှလွန်းကြွယ်ကိုပင်။ လှလွန်းကြွယ်ဟာ ကိုယ်နဲ့ရန်သူပေမယ့် မိန်းမသားချင်းမို့ ဒီလောက်ထိ အဖြစ်ဆိုးနဲ့သေသွားရတာကို သနားမိသဖြင့် မောင့်ကို မေးကြည့်မိသေးသည်။
" မောင်......ဘာဖြစ်လို့ လှလွန်းကြွယ်အပေါ် အဲ့လိုလုပ်ရက်တာလဲဟင်။ အဲ့တုန်းက မောင့်ပုံစံကိုလေ တို့ဖြင့် သိပ်ကြောက်မိတာပဲ။ "
ဟုတ်သည်.....မောင့်လုပ်ရက်က အရမ်းရက်စက်ရာကျခဲ့သည်လေ။
" ဒါလင်ကလဲကွာ.....မောင်က နဂိုထဲကိုမှ သူ့မချစ်ခဲ့ပဲ။ မောင် ချစ်တာက ဒါလင်လေ။ ဒါလင့်ကိုကျ မောင်ထားခဲ့သလား ပြော။ "
မောင့်အမေးကို ထိုစဥ်က ခေါင်းခါပြခဲ့ပေမယ့် မောင်ထားခဲ့တာကိုတော့ ဦးနှောက်က သိနေသည်။ ရန်ကုန်မှာလဲ မောင်ထားခဲ့သည်။ စခန်းမှ ထွက်ပြေးပြီး လူကွဲတုန်းကလဲ မောင်ထားခဲ့ရန်ကြိုးစားသည်။ သို့ပေမယ့် သမုဒယ၏နှလုံးသားက အမှန်တရားတွေကို အမှောင်ချကာ မတော်တဆဟုသာ မောင့်ဘက်ကနေ မရမကဖြည့်တွေးခဲ့တာ ယခုထိပင်။
" ဟော......ဖေကြီး သမီးလေးက နိုးလာပြီကိုး။ အိပ်ရေးဝရဲ့လား သမီးလေး။ ဖေကြီးရဲ့မင်းသမီးလေး အိပ်ယာကနိုးတော့ ဗိုက်ဆာနေပြီမဟုတ်လား။ "
မောင့်အသံကြားမှ သမုဒယ ဟင်းချိုင့်တွေကို ပြင်လိုက်သလို ပြုံးလိုက်၏။ ကြည့်လိုက်တော့ မောင်က သူ့သမီးကိုချီလာသလို ချစ်သမီးလေးက အဖေဖြစ်သူအား တခိခိရယ်ရင်းလိုက်ဖက်နမ်းနေတာမို့ မောင်တစ်ယောက် အပြုံးတွေဝေနေ၏။
" ကဲ....ဘာဟင်းတွေလဲ......ကြည့်မယ်။ "
ရာဇဘွား မျက်နှာက အလိုမကျဖြစ်သွားရင်း သမုဒယကိုလှမ်းကြည့်၏။ သမီးကြိုက်သည့်ဟင်းတွေအစား သူကြိုက်သည့်ဟင်းတွေသာပါ၏။
" ဟင့်.....မီးဟာ ပါဝူးးးးးချားဘူး....ချားဘူး....အီးးဟီးးးး"
သမီးက နဂိုထဲကမှ အရွယ်နဲ့မလိုက်အောင် သိလွန်းတာမို့ သူစားနေကျလေးတွေမဟုတ်တော့ ထငိုတော့သည်။
" ဘယ်လိုဖြစ်တာလဲ ဒါလင်။ "
" သြော်....မောင်ရယ်။ မောင်လဲ တစ်ခါတစ်လေ မောင်ကြိုက်တာလေးတွေ စားစေချင်လို့ပါ။ မောင့်သမီးအကြိုက်တွေချည်း လိုက်စားနေရလို့ တမင်မောင့်အတွက် ချက်ခဲ့ပေးတာ။ "
ရာဇဘွား ကျစ်ခနဲ စုပ်သပ်လိုက်မိရင်းမှ....
" အပိုတွေကွာ..... ပြောရင်ပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ။ သမီးက အရေးကြီးဆုံးပဲဆိုတာ မသိဘူးလား။ လူကြီးက ဘယ်လိုစားစားရတယ်.....သမီးက ခုမှကလေးပဲရှိသေးတာ....ကြီးထွားဖို့၊ဖွံ့ဖြိုးဖို့အာဟာရပိုလိုအပ်တာ နားမလည်ဘူးလား။ "
" ဟင့်....ဖေကြီး......အီးးဟီးး "
" တိတ်....တိတ် သမီးလေး....မငိုနဲ့နော်။ ဖေကြီးနဲ့အပြင်မှာသွားစားကြမယ်......ကဲ လာဗျာ။ "
သူ့သမီးကိုချီပြီး ထရပ်လိုက်သည့်မောင့်ကြောင့် သမုဒယ ကပျာကယာထရပ်ရင်း...
" မောင့်.... ဒါတွေကရော...."
" သွန်ပစ်လိုက်ကွာ......ဖယ် ဖယ်။"
သမုဒယကိုယ်လေးကို တွန်းတိုက်ကာ ထွက်သွားသည်မို့ နေရာတင်တောင့်တောင့်လေး ရပ်ကျန်နေခဲ့ရင်း ပါးပြင်ပေါ်မျက်ရည်စတို့က စီးကျလာရသည်။ မောင့်အကြိုက်တွေပဲ စေတနာအပြည့်နဲ့ ပင်ပင်ပန်းပန်းချက်ပြုတ်လာခဲ့ရတာကို နားမလည်ဘူးလားကွယ်။ ဒီမိန်းမက မောင့်ကိုဘယ်လောက်ချစ်လိုက်သလဲ။
@@@@@@@@@@@@
ဒေါ်ပုလဲသီ သမုဒယပုံစံကိုကြည့်ရင်းမှ စိတ်တိုင်းမကျသလို မျက်နှာက ရှုံ့မဲ့သွားရသည်။ ကလေးယူပါ ယူပါဆိုတာ အခုထိ မယူရဲသေးပဲ ရာဇဘွားကို ငဲ့နေကြောက်နေ၏။
" ညည်းအေ.....ပြောရကြပ်လိုက်တာ။ ဘာကိစ္စ မယူရဲရတာလဲ။ "
သမုဒယ သက်ပြင်းချမိရင်းမှ....
" အဒေါ်ရယ်.....အဒေါ်လဲ မောင့်အကြောင်းကိုသိတာပဲ။ သူ မကြိုက်ဘူးဆို သွားလုပ်လို့မရဘူး။ ပြီးတော့ သမုဒယကြောင့် မောင်စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး။ "
ဒေါ်ပုလဲသီ သမုဒယကို အားမလိုအားမရ ဖြစ်သွားရသည်။ ဒါမျိုးကျ လှလွန်းကြွယ်ကသာသည်။ ပညာတတ်မို့ သူမှန်တယ်ထင်ရင် လုပ်ရဲကိုင်ရဲသည်။
" ညည်းအေ......လှလွန်းကြွယ်နဲ့များ တခြားစီ။ ကြွယ့်တုန်းကကျ ထက်လွန်းလို့ စိတ်တိုနေရတာ.....ညည်းကျမအုံ့မနွေးနဲ့။ "
သမုဒယ မျက်နှာလေးက တင်းချီသွားသလို....
" အို....သူနဲ့သမုဒယက ဘာဆိုင်လို့လဲ။ တခြားစီ.....ကလေးမွေးတာကလွဲလို့ ဘာများအသုံးဝင်ခဲ့လို့တုန်း။ "
မခံမရပ်နိုင်ဖြစ်သွားသည့် သမုဒယပုံစံကိုကြည့်ရင်း ဒေါ်ပုလဲသီ ခြေထောက်ကိုပြင်ချိတ်လိုက်ကာ ခပ်ဟဟလှောင်ရယ်မိ၏။
" သမုဒယ.....သမုဒယ....ညည်း အ ရန်ကော။ ဘာလဲ.....သားမြို့အုပ်ဖြစ်လာတာ သူသိပ်တော်လွန်းလို့ဆိုပြီး ထင်နေတာလား။ သူ့မှာနောက်ခံဖြစ်တဲ့ငါ.....ပြီးတော့ ချက်ဆိုနားခွက်ကမီးတောက်နေတဲ့ လှလွန်းကြွယ်လိုဇနီးမျိုးသာ မရှိရင် အရာရှိစာမေးပွဲဖြေကြသူတွေအများကြီးထဲ သူပါလာပါ့မလား.....မင်းက သားကိုအိပ်ယာပေါ်လောက်ပဲ ကျေနပ်စေတာပါအေ....."
သမုဒယ အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်မိသလို ဝဲတက်လာသည့် မျက်ရည်စတွေအား မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားနေရသည်မှာ အနိုင်နိုင်ပင်။ ပြောချင်ကြသည်က ကိုယ်ဟာ ဘာအရည်အချင်းမှ မရှိသည့်မိန်းမပေါ့။
------–----------
ရာဇဘွား ညစာစားပွဲတစ်ခုရှိသည်မို့ အပြင်သွားရန် ပြင်ဆင်နေခြင်းပင်။ သမီးကိုတော့ မူမူကပြင်ပေးနေသလို မူမူက ကလေးထိန်းထဲမှာဆို လှလွန်းကြွယ်၏လူမို့ စိတ်တော့ချရသည်။ တိုက်ပုံကိုအပေါ်ကထပ်ဝတ်နေစဥ် သမုဒယက သူ့ရှူးဖိနပ်ကို ယူလာပေးသည်။
" မောင်....အခုသွားမှာက ဘာပွဲလဲဟင်။ "
" အင်း......မောင်တို့သူငယ်ချင်းတွေထဲကပဲ။ သူကအခု အကောက်ခွန်ကိုယ်စားလှယ်လေ။ မိန်းမရသွားပြီဆိုတော့ ဧည့်ခံတာပေါ့။ သူငယ်ချင်းတွေပါပဲ.....စပါးအဝယ်တော်တို့ဘာတို့ကများတယ်....သူတို့မိန်းမတွေလဲပါလာကြမှာပေါ့။ "
သမုဒယ မောင့်ကိုတစ်ချက်ကြည့်မိရင်းမှ....
" တို့လဲ လိုက်ချင်တယ်..... မောင့်ဇနီးပဲဟာ။ "
ရာဇဘွား ဖြေရကြပ်သွားရင်းမှ ဟန်ဆောင်ပြုံးလိုက်၏။
" မောင်ကခေါ်ချင်ပါတယ်။ ဟိုမှာက အင်္ဂလိပ်လိုတွေချည်းပြောကြတာ ဒါလင်ရဲ့။ ဒါလင် ကြောင်နေလိမ့်မယ်။ "
သမုဒယ မျက်နှာလေးက ငယ်သွားသလို မကျေမနပ်ဖြင့် စူပူလာ၏။
" လှလွန်းကြွယ်တုန်းကကျ ဒီလိုပွဲတွေ အမြဲလိုက်တယ် မဟုတ်လား။ "
ရာဇဘွား ကျစ်ခနဲစုပ်သပ်လိုက်မိသည်။
" ဟ! သူက အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်ကွ။ Tabel Manner ကအစ သိပ်သိတဲ့မိန်းမ.....သေပြီးသားလူကိုဆွဲထည့်မနေစမ်းနဲ့.....ကဲ...မူမူ သမီးကိုပြင်တာပြီးပြီလား။ "
ပြောလဲပြော သမီးဆီလျှောက်လာရင်း ရာဇဘွား မျက်နှာမှာ အပြုံးတွေပေါ်လာ၏။ ထဘီလေးနဲ့ရင်ဖုံးလေးနဲ့ဖြူဖြူဖွေးဖွေးလေးမို့ ပါးကွက်လေးကွက်ကာ သမီးကချစ်စရာလေးဖြစ်နေ၏။
" ဖေကြီးသမီးလေးက ချစ်စရာလေးဗျာ....လာဗျာ.....ဖေကြီးဇက်ပေါ်ကလိုက်စေ။ "
သူ့သမီးကို လည်ကုပ်ပေါ်တင်၍ သားအဖနှစ်ယောက် ပြုံးပျော်ကာ ထွက်သွားသည်ကိုကြည့်ရင်း သမုဒယမျက်နှာလွှဲလိုက်မိ၏။ လှလွန်းကြွယ်ဆီကနေ လုယူပြီးရရှိခဲ့တာ မောင်တင်မကပဲ အပူတွေသောကတွေပါ လက်ခံရခဲ့တာပင်။
@@@@@@@@@@@@
ဦးမြင့်ကြွယ် ဆွဲခြင်းလေးထဲ ခြံမှထွက်သည့်အသီးလေးတွေ စုထည့်ကာ ရိပ်မြုံသို့ထွက်လာခဲ့သည်။ ကစားစရာလေးတွေလဲ ဝယ်စုထားတာမို့ မြေးမလေးကြိုက်မှာ အသေအချာပင်။
ရာဇဘွားသည် လှလွန်းကြွယ်၏အသုဘကိစ္စတွေပြီးစီးသွားသည်နှင့် အကုန်အပြတ်ဖြတ်ကာ အဆက်အဆံမရှိတော့။ ထို့အတူ သမုဒယကိုပါ သူ့အိမ်ပေါ်ခေါ်တင်ထားလိုက်သဖြင့် ဦးမြင့်ကြွယ်အတွက် မခံချိမခံသာဖြစ်မယ်ဆိုလဲ ဖြစ်စရာပင်။ သို့ပေမယ့် မြေးမလေးကိုတော့ ချစ်သည်.....သမီးချန်ထားပေးခဲ့သော တန်ဖိုးကြီးလူသားလေး မဟုတ်ပါလား။
အခုလဲ ရိပ်မြုံရှေ့ရောက်လာရင်း သူ့ကိုမြင်ပေမယ့် ခြံစောင့်ဒရဝမ်ခမျာ တံခါးချက်ချင်းမဖွင့်ပေးရဲပဲ ပြေးပြောရသေးသည်။ အတန်ကြာမှ တံခါးပွင့်လာရင်း သူလဲအိမ်ထဲဝင်လာခဲ့သည်။
" လာပါ ကိုမြင့်ကြွယ်.....ထိုင်ပါ.....သားကတော့ ဒီနေ့ အခွန်တွေစစ်စရာရှိလို့ ကြာမယ်ထင်တယ်။ "
ဦးမြင့်ကြွယ် အိမ်ထဲတစ်ချက်ဝေ့ကြည့်လိုက်ရင်းမှ.....
" ကျုပ် မြေးလေးနဲ့လာတွေ့တာပါ။ "
ဒေါ်ပုလဲသီ ပြုံးလိုက်ရင်းမှ.....
" ခါတိုင်းဆိုတွေ့ရမှာမဟုတ်ဘူး ကိုမြင့်ကြွယ်ရေ.....သူ့သမီးကို ဘယ်သွားသွားခေါ်သွားတာ။ ဒီနေ့ အလုပ်များမှာဆိုပြီး မထားချင်ထားချင်နဲ့ထားခဲ့တာ။ မူမူရေ.....မူမူ.....ကလေးခေါ်လာဦး။ "
သိပ်မကြာလိုက် သူ့ဆီရောက်လာသော မြေးမလေးကိုကြည့်ရင်း ဦးမြင့်ကြွယ် ရင်ထဲလှိုက်ခနဲနေအောင် ဝမ်းသာကြည်နူးသွားရသည်။
" မြေးလေး....... ဒီ...ဒီမှာ မြေးလေးအတွက် ဖိုးကလေ အရုပ်တွေရော၊အသီးတွေရောပါလာတယ် သိလား။ "
သွေးသားသံယောဇဥ်ဆိုတာ ဒီလိုမျိုးထင်ပါရဲ့။ မတွေ့ဖူးသည့်ဖိုးအေကို စိမ်းနေတာမျိုးမရှိပဲ မျက်နှာလေးကချိုသည်။
ရာဇဘွား ဖိုဒ့်ကားလေးကို ခြံထဲထိုးဝင်လာရင်း ကားပေါ်ကဆင်းလိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရင်ထဲဒိန်းခနဲဖြစ်သွားရသလို စိုးရိမ်ထိတ်လန့်သွားရသည်။ ခြံထဲရှိ မြက်ခင်းပြင်ပေါ် အတူဆော့နေသည့် သမီးလေးနှင့် ဦးမြင့်ကြွယ်။
" သမီး.....ဒီကိုလာ။ "
သူ့အသံကြားတော့ လှည့်ကြည့်လာရင်း သူ့မြင်တာနဲ့ သမီးကပြေးလာ၏။ သမီးကိုဆတ်ခနဲ ကောက်ချီလိုက်ရင်းမှ သူ့ကိုမြင်တော့ တည်တင်းသွားသည့်ဦးမြင့်ကြွယ်ကို ခပ်စူးစူးကြည့်မိ၏။
" နောက်တစ်ခါ ထပ်မလာပါနဲ့.....ကျုပ်သမီးနဲ့လာမပက်သက်ကြနဲ့။ "
ဦးမြင့်ကြွယ် အံကိုတင်းခနဲ ကြိတ်မိရင်းမှ....
" ငါ့သမီးကမွေးတဲ့ငါ့မြေးပါကွ....."
" အဖိုးကြီး.....ကျုပ်မရိုင်းချင်ဘူးနော်။ ထပ်ပြောမယ်.....ကျုပ်သမီးမှာ သူ့အဖေတစ်ယောက်လုံးရှိတယ်။ဘယ်သူ့မှမလိုဘူး။ "
သမီးကိုချီထားရင်း အိမ်ထဲဝင်လာရန်ပြင်ပေမယ့် နောက်ပါးမှဦးမြင့်ကြွယ်စကားကြောင့် သူ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွား၏။
" မင်းလဲ သမီးမွေးထားတာပဲ ရာဇဘွား။ ဖအေတစ်ယောက်ရဲ့ခံစားချက်ကိုနားလည်မှာပါ။ ကိုယ့်ရင်သွေးကမှအဖိုးတန်လှချည်ရဲ့မလုပ်နဲ့......ဘယ်မိဘမဆို သူတို့ရင်သွေးက သူတို့အတွက်အဖိုးတန်ဆုံးပဲ။ "
ရာဇဘွား နှုတ်ခမ်းကိုမဲ့ချပစ်၏။ မဟုတ်ဘူး.... မှားသည်။ ဒီအဖိုးကြီးလုံးဝကို မှားယွင်းသည်။ သူ့သမီးက လမ်းဘေးကစျေးသည်ရဲ့ကလေးမဟုတ်သလို၊သာမာန်ကျောင်းဆရာလခစားရဲ့ကလေးလဲမဟုတ်။
သူ့သမီးက မြို့အုပ်မင်း၏ တစ်ဦးတည်းသောသမီး။ ကျိကျိတက်ချမ်းသာသည့် ရိပ်မြုံ၏ဆက်ခံသူ။ ပညာတတ်မျိုးရိုး။
ကမ္ဘာပေါ်မှာ သူ့အတွက် သူ့သမီးကသာအဖိုးအတန်ဆုံး။
ထိုနေ့က တစ်အိမ်လုံး ရာဇဘွားနှင့် စကားများကြရသည်။ ဒေါ်ပုလဲသီအပါအဝင် သမုဒယကအစ ခြံစောင့်တွေအဆုံး အကုန်အပြောခံရသည်။ ရာဇဘွား၏စိတ်ထဲ ဦးမြင့်ကြွယ်ဟာ သူ့သမီးလေးကို လာခိုးများခေါ်သွားမလား တွေးကြောက်နေ၏။ သူ့သမီးမွေးထားသည်ဆိုပြီး ကလေးခိုးသွားလျှင်......မဖြစ်ဘူး.....ဒီအဖိုးကြီးကို သူတစ်ခုခုလုပ်မှ ဖြစ်လိမ့်မည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P -13
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ