Part - 15
" သောက်လိုက်ပါ သမီးရဲ့.....ဆေးသောက်မှ ပျောက်မှာလေ။ ဖေကြီး သမီးလေးက လိမ္မာပါတယ်....."
" အင်းးးးဟင့်းးးအီးဟီးးး သောက်ဝူး.....ခါး...ခါး။ "
ဒေါ်ပုလဲသီ သူ့သမီးကို ဆေးချော့တိုက်နေသည့် ရာဇဘွားကိုကြည့်ရင်း စိတ်မရှည်သလို သက်ပြင်းချမိ၏။ ဒီကလေးက ဖအေ အလိုလိုက်မှန်းသိလို့ ဆိုးကိုဆိုးသည်။ အခုပဲကြည့်.......ဆေးချော့တိုက်နေတာ တစ်နာရီကျော်ကြာလှပြီဖြစ်၏။ တွန်းထုတ်လို့ဆေးမှောက်ရတာနဲ့၊ငိုယိုရတာနဲ့ ရိပ်ငြိမ်စံအိမ်တစ်ခုလုံးကို ဆူညံနေ၏။
" ဟဲ့...ရာဇဘွား နင် အဲ့လိုတိုက်နေရင် ဆေးကိုဝင်မှာ မဟုတ်ဘူး။ ချုပ်ပြီးတိုက်လိုက်ပါလား။ "
ရာဇဘွား သက်ပြင်းချမိသွားသလို သမီးကိုယ်လေးကို အသာထွေးဖက်လိုက်၏။ ကိုယ်လေးက ပူကျစ်နေတာမို့ ဆေးမဝင်လို့ကတော့ မဖြစ်ပါ။
" အီးးဟီးးးးသောက်ဘူးးးးးဝူးးးဖလူး။ "
ဆေးတွေကို သမီးက တွန့်လိမ်ကောက်ကွေးကာ ထွေးထုတ်ပစ်၏။ ရာဇဘွား မူမူကမ်းပေးလာသည့် တဘက်ဖြင့် ဆေးရည်တွေပေကျံကုန်သည့် သမီးရင်ဘတ်ကိုအသာလိုက်သုတ်ပေးတုန်း ဒေါ်ပုလဲသီက ထကြမ်းတော့၏။
" ဒီကလေးက.....ဆေးသောက်ဆိုသောက်လိုက်။ ငါရိုက်ရမလား.....ဟမ်။ "
သမီးက တဗြဲဗြဲထငိုတော့သလို သူ့မှာ မနည်းချော့ရ၏။
" အမေ့.....ကျွန်တော့်သမီးကို မဆူပါနဲ့ဗျာ။ ကလေးက ကြောက်တတ်သွားမယ်။ "
ရာဇဘွားက သူ့သမီးကို ဆတ်ဆတ်ထိမခံပေ။ သမီးကို အဝတ်အစားထပ်လဲပေးရင်း ဆေးတိုက်ရန်နည်းလမ်းရှာရ၏။ မနည်းကြီးချော့မော့ကာ လျှောက်လည်ကြမည်ဆိုမှ ဆေးသောက်၏။ သမုဒယကတော့ အပေါ်ထပ်မှာ အေးအေးလူလူပင်။ ဆေးသောက်ပြီး သမီးအိပ်မောကျသွားစဥ် သမီးအနား မူမူ့ကိုထားခဲ့ရင်းမှ သူအပေါ်ထပ်တက်လာခဲ့သည်။
အခန်းထဲဝင်လာသည့် သူ့ကိုမြင်တော့ သမုဒယ အကြည့်လွှဲလိုက်ရင်း.....
" မောင့်သမီး သက်သာရဲ့လား။ "
" မင်း ဒီအိမ်ပေါ်ကဆင်းတော့....."
သမုဒယ ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်သလို....
" ဘာပြောတယ်....."
" မင်းနဲ့ဆက်မပေါင်းနိုင်တော့ဘူး.......မင်း ငါ့အိမ်ပေါ်က ဆင်း။ "
သမုဒယ အံကိုတင်းခနဲကြိတ်မိရင်းမှ....
" မောင့်.....သမုဒယက မောင့်ကလေးကိုလွယ်ထားရတာနော်။ "
ကြားလိုက်ရသည့်စကားကြောင့် ရာဇဘွား ဟက်ခနဲလှောင်ရယ်လိုက်မိ၏။ သမုဒယနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ရင်းမှ လက်မောင်းတစ်ဖက်ကို ဆောင့်ဆွဲပစ်လိုက်သည်။
" ငါ့ကလေး ဟုတ်လား......မင်း ငါ့ကိုဘယ်လိုကောင်စားထင်နေလဲ သမုဒယ။ ငါ့အသိ ဆေးရုံကြီးက စစ်ဆေးဆရာဝန် မစ္စတာကာနယ်ကို သိတယ် မဟုတ်လား။ "
သမုဒယ သိပါသည်။ အင်္ဂလိပ်ဆရာဝန်ဖြစ်ကာ ဂျပန်တွေဝင်လာတော့ အသတ်ခံလိုက်ရသည့် အင်္ဂလိပ်လူမျိုးပင်။ မောင်နဲ့လဲ အရမ်းရင်းနှီး၏။
"ကြွယ် ကိုယ်ဝန်လွယ်ထဲက ငါ့ကိုသူသားကြောဖြတ်ပေးခဲ့တယ်။ ငါ ကလေးထပ်မရနိုင်ဘူး။ "
ဟင်။
သမုဒယမျက်နှာလေးက သွေးဆုပ်ဖြူလျော်သွားသလို ကြက်သီးတွေဖြန်းခနဲ ထသွား၏။
" မောင့်......"
" ကလေးအဖေကိုပါ ငါပြောပြရဦးမလား.....မင်းရဲ့မိတ်ဆွေ ဆန်စပါးကိုယ်စားလှယ်ဆိုတဲ့ကောင်က မင်းကလေးအဖေလေ....."
သမုဒယ ပါးပြင်ပေါ် မျက်ရည်စတွေစီးကျလာသလို မောင့်မျက်နှာကို ကြောက်ကြောက်လန့်လန့်ကြည့်မိ၏။
" အဟင့်....ဟင့်.....မောင်ရယ်...."
" မင်း ငါ့ကို ဘယ်လိုကောင်စားထင်နေလဲ သမုဒယ။ မင်း ဘာလုပ်လုပ် ငါမသိဘူးများထင်နေလား။ ငါ့ကို မင်း လှည့်စားချင်တိုင်း လှည့်စားလို့ရမယ်ထင်နေလား......ဘာမဟုတ်တဲ့ကောင်ရဲ့ကလေးကိုလွယ်ပြီး ငါ့သမီးနေရာကို လာတပ်မက်ရဲသေးတယ်......ဆင်းသွားးးးး"
" တောင်းပန်ပါတယ်.....သမုဒယ တောင်းပန်ပါတယ် မောင်ရယ်။ မှားသွားပါတယ်......မောင့်ကို ရွဲ့ချင်တဲ့စိတ်နဲ့......"
သမုဒယ ကိုယ်လေးမှာ နတ်ပူးသလိုတဆတ်ဆတ်တုန်နေရင်း လူကဆောက်တည်ရာမရ ဖြစ်နေရသည်။ မျက်ရည်အရွှဲသားဖြင့် ရာဇဘွား၏ခြေထောက်တစ်ဖက်ကို အတင်းဆွဲကာ တောင်းပန်၏။
ရာဇဘွား အံကိုတင်းခနဲ ကြိတ်လိုက်ရင်းမှ သမုဒယကို စူးစိုက်ကြည့်လာသည်။ ဒီမိန်းမကို သူနေရာပေးလို့ မဖြစ်တော့။ သမီးနေရာကို မျက်စောင်းထိုးရဲသည့်အပြစ်ကို ထိုက်သလိုပေးဆပ်ရမည်။
@@@@@@@@@@@@
ရာဇဘွားသည် သမုဒယ၏ကိုယ်ဝန်ကို လက်သည်ခေါ်ကာ ဖျက်ချစေခဲ့၏။ သမုဒယမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့သလို ရာဇဘွားနှင့်ဒေါ်ပုလဲသီ၏ ဓားထက်နေသည့်အချိန်မို့ အရှုံးပေးရန်သာရှိခဲ့၏။ ထို့အတူ အရင်ကလောက် ရိပ်ငြိမ်မှာနေရာမရတော့သလို ပစားပေးခံရခြင်း မရှိတော့ပေ။
သိပ်မကြာခင်ကာလမှာပင် ရာဇဘွား၏ဖခင်သည် ဆုံးပါးသွား၏။ ဒေါ်ပုလဲသီ၏ အမိန့်အာဏာမှာလဲ ရိပ်ငြိမ်တွင်တဖြည်းဖြည်း ကျဆင်းလာကာ ရာဇဘွား၏အမိန့်သာ စံအိမ်တွင်တစ်ခွန်းစံဖြစ်နေ၏။ ရာဇဘွားကား သိကြသည့်အတိုင်းပင် သူ့သမီးကိုအလိုလိုက် အကြိုက်ဆောင်သူဖြစ်၏။
ဤသို့ဖြင့် ချစ်သမီးလေးသည် တဖြည်းဖြည်း အပျိုပေါက်အရွယ်လေးရောက်လာသည်။ ဖူးငုံစအလှကြွယ်စမို့ အစွမ်းကုန်လှပသလို အလိုလိုက်ခံရပြီး ကြီးပြင်းလာသူပီပီ ဒီကလေးမဟာ ဖအေ့သွေးကို အပြည့်ပါ၏။
" ဟဲ့......ဖိနပ်လာစီးပေးလို့ ပြောနေတယ်လေ။ မကြားဘူးလား။ "
အသံစူးစူးလေးအော်လိုက်တော့ အိမ်ဖော်ကောင်မလေးတစ်ယောက်က ပြေးလာ၏။
" မကြားလိုက်လို့ပါ မမလေးရယ်.....အေးစံစီးပေးမယ်နော်။ "
အေးစံဆိုသော ကောင်မလေးက ဖိနပ်စီးပေးရင်းမှ ချစ်သမီး၏ခြေဖမိုးလေးကို ထိမိသွားကာ လက်မှာပေနေသည့် အိုးမဲလေးက ခြေဖမိုးလေးပေါ်ထင်းသွား၏။
" ဟင်.....ကြည့်စမ်း.....အသုံးမကျတဲ့ကောင်မ။ "
! ဖြန်း!
အေးစံ ပါးတစ်ဖက် အရိုက်ခံလိုက်ရသလို အနားကို သမုဒယရောက်လာ၏။
" ဟဲ့....ဟဲ့.....သြော် ဘယ်လိုဖြစ်နေကြတာလဲ။ ချစ်သမီး......သမီးအဖေ နိုးသွားပါဦးမယ်အေ။ တိုးတိုးလုပ်ပါ။ "
သမုဒယစကားကြောင့် ချစ်သမီး၏အကြည့်က စူးခနဲရောက်လာရင်း.....
" ရှင် ဝင်မပါပါနဲ့။ ရှင်က ဘာကိစ္စ သမီးကိုလာဆုံးမနေရတာလဲ။ ဒီစံအိမ်က သမီးအပိုင်၊ ဒီလူတွေက သမီးအလုပ်သမားတွေ။ ရှင့်အပူ တပြားသားမှ မပါဘူး။ "
" သမီးလေး........"
နူးညံ့ချိုသာသည့်ခေါ်သံနဲ့အတူ အပေါ်ထပ်မှဆင်းလာသည့် ရာဇဘွား။ သမီးဖြစ်သူ ပခုံးကိုဖက်ရင်းမှ.....
" ဖေကြီး သမီးလေးက စောစောစီးစီးငမွှေထိုးလုပ်နေပြီပေါ့.....ဟုတ်လား။ ပြောစမ်းပါဦး.....တစ်အိမ်လုံး ဆူညံနေအောင် ငါ့သမီးကို ဘယ်သူတွေက စိတ်အနှောက်အယှက်ပေးပြန်ပြီတုန်း။ "
ရာဇဘွား၏ စကားကြောင့် ချစ်သမီးနှုတ်ခမ်းလေးက စူထော်သွားရင်း ဖအေဖြစ်သူလက်ကိုချိတ်ကာ ချွဲနွဲ့လာ၏။
" ဖေကြီးကလဲ.....ဒီမှာလေ သမီးအပြင်သွားမလို့ ဖိနပ်စီးခိုင်းတာ ခြေထောက်မှာအိုးမဲတွေ ပေကုန်ပြီ ဖေကြီးရဲ့။ "
" ကဲ....ဟိုကလေးမ သမီးခြေထောက်ကို သေချာရေဆေးပြီး ပြန်သုတ်ပေးလိုက်။ ဖေကြီး သမီးလေး မုန့်ဖိုးရော လိုသေးလား။ "
ချစ်သမီးက ခေါင်းလေးခါယမ်းပြသလို ဖအေဖြစ်သူပါးပြင်ကို ရွှတ်ခနဲနမ်းရင်း ခြေထောက်ကလေး သန့်သွားသည်နှင့် အပြင်ထွက်သွား၏။ သမုဒယ မောင့်ပုံစံကိုကြည့်ရင်း သက်ပြင်းချလိုက်မိသလို.....
" မောင်......မောင့်သမီးက...."
" ငါ အကုန်ကြားပါတယ်။ သမီးပြောတာ အမှန်ပဲလေ.....ဒါသူ့အိမ်...ဒီကလူတွေက သူ့အလုပ်သမားတွေပဲဟာ။ ပြီးတော့ ငါ့သမီးကို မင်း ဆုံးမစရာ မလိုဘူး။ "
သမုဒယ သက်ပြင်းချမိသလို သူ့သမီးဆို ပစားပေးလွန်းသည့် မောင့်ကြောင့် ရင်လေးမိသွား၏။ မောင်ဟာ အလိုလိုက်တာ လွန်လွန်းနေသည်။ ဘယ်သူပြောပြော နားမဝင်ပဲ သမီးဖြစ်သူရှေ့မှ ကာဆီးထားသလို သူကိုယ်တိုင်လဲ ခုချိန်ထိပြောင်းလဲခြင်းမရှိ။
ချစ်သမီး ကားလေးကိုမွေးနေ့ပွဲလေးဆီ ဦးတည်လာခဲ့သည်။ ကားပေါ်မှဆင်းလိုက်ကာ မွေးနေ့ပွဲလေးထဲဝင်လာရင်း သူငယ်ချင်းတွေကို လက်ကလေးလှမ်းပြလိုက်၏။ ချစ်သမီး ပေါင်းသင်းနေသည့် အပေါင်းအသင်းသူငယ်ချင်းတွေဆိုသည်မှာလဲ သူမနည်းတူ သူဌေးသား၊သမီးတွေ အရာရှိသားသမီးတွေဖြစ်ကာ အလိုလိုက်ခံထားရ၍ ဆိုးသွမ်းပျက်စီးနေသည့် ကလေးတွေပင်။
ချစ်သမီးသည် ငွေမရှိ၊သူဆင်းရဲ အလုပ်သမားဆိုလျှင် ပေါင်းသင်းဖို့မပြောနဲ့ အနားပင် အကပ်မခံ။ပညာရေးကို စိတ်မဝင်စားပဲ ကျောင်းအမြဲပြေးသည်။ အပေါင်းအသင်းတရုံးရုံးနဲ့ သုံးဖြုန်းကာ အချိန်ကုန်နေတတ်သလို တားဆီးဆုံးမမည့်သူ မရှိတော့ သူမကိုကြည့်ရသည်မှာ ဘရိတ်ပေါက်နေသည့် ကားတစ်စီးနဲ့တူနေသည်။ ကြည့်ရတာ အသဲတယားယား ရင်တထိတ်ထိတ်ဖြင့် ဘယ်တော့ ဘယ်တော့ဒုက္ခရောက်မလဲ ငေးမောနေရသလိုပင်ရှိ၏။
@@@@@@@@@@@@
" သားရေ.......ကဲ ကြာလိုက်တာကွယ်။ "
" လာပါပြီ မေမေရဲ့......ဒီမှာ ဘုရားပန်းတွေကို သေချာလဲနေလို့ပါ။ "
အသံနဲ့အတူ ဘုရားပန်းအိုးတွေကို ရေလဲယူလာသည့် သားဖြစ်သူကြောင့် လှလွန်းကြွယ်၏မျက်နှာလေးမှာ ပြုံးယောင်သမ်းသွားရသည်။ သားအမိနှစ်ယောက် ဘုရားပန်းလဲပြီး ဘုရားရှိခိုးနေစဥ် အနားရောက်လာသည့် သောင်းမြင့်။
ဟုတ်သည်....တစ်ချိန်က အင်္ဂလိပ်တွေ ဖမ်းဝရမ်းထုတ်ခဲ့သည့် ဗိုလ်သောင်းမြင့်။ ကြွယ့်ကိုသူကယ်ထားပြီးသည့်အချိန်တွင် ကြွယ်ဟာ စိတ်ပုံမှန် မဟုတ်သေးပေ။ သူ့ပထမအိမ်ထောင်မှ ဇနီးသည်ဆုံးပါးသွားပြီး သားတစ်ယောက်ရခဲ့သလို ကြွယ်နဲ့လက်ထပ်လိုက်တော့ သားအသက်ငါးနှစ်သာရှိသေး၏။ ရန်ကုန်ကိုပြောင်းလာပြီး အခြေချခဲ့သလို ကြွယ့်ကိုလဲ မနည်းကုခဲ့ရသည်။ ပုံမှန်အခြေအနေလေး ပြန်ဖြစ်လာပေမယ့် တစ်ခါတစ်လေစိတ်မငြိမ်တော့ ဖြစ်တတ်သေးသည်။
လင်ပါသားပေမယ့် ကြွယ်နဲ့သားဟာ အဆင်ပြေသည်။ သားကလဲ လိမ္မာသလို ကြွယ်ကလဲ သေချာဆုံးမနိုင်သည်။ အခုဆိုသားဟာ သူ့အလုပ်အကိုင်လေးရှိသလို သောက်စားခြင်း၊အပျော်အပါးလိုက်စားခြင်းတွေလဲ မရှိပဲ စိတ်ချရ၏။
" သြော်......ကိုသောင်း ဗိုက်ဆာနေပြီထင်တယ်။ မနက်စာက ကြွယ်ပြင်ထားပြီးသားပါ။ "
" အဖေက အမေနဲ့အတူတူ စားချင်လို့စောင့်နေတာနေမှာပေါ့ အမေရဲ့......ဟုတ်တယ် မဟုတ်လား အဖေ့။ "
" ဟားဟားးးဟားးး ဟုတ်ပါ့ကွာ။ ကဲ.... လာကြ လာကြ။ ကြွယ်လေးရော သားရော မနက်စာအတူစားကြမယ်။ "
မနက်စာထမင်းပွဲလေးက ရယ်သံလေးတွေဖြင့် ကြည်နူးစရာအတိဖြစ်နေသည်။ တစ်ယောက်ကိုတစ်ယောက် ဟင်းခပ်ထည့်ပေးလိုက်၊ ခွံ့ကျွေးလိုက်ဖြင့် မိသားစုလေးက အချင်းချင်းချစ်ပေးကြသည်။
---------------
မြင့်သောင်း ခြံထဲတွင်ထိုင်နေသည့် ကြွယ်လေးဆီလျှောက်လာကာ အနားဝင်ထိုင်လိုက်၏။ သူ့ကိုမြင်တော့ ပြုံးကာကြည့်လာပေမယ့် သူမလေးရင်ထဲမှအပူတွေကိုမြင်နေရသည်။
" ကြွယ်လေး......မင်း သမီးကို သတိရနေတာလား။ "
ကြွယ့်မျက်နှာလေးက ညိုးကျသွားရင်း သက်ပြင်းချလာ၏။
" သမီးကို တွေ့ချင်လို့သွားခဲ့ပေမယ့် အဲ့လူမျက်နှာကို မမြင်ချင်ဘူး အစ်ကိုရယ်။ ဒီလူက လူစိတ်လဲမရှိဘူး၊အကြင်နာတရားလဲ မရှိဘူး။ကြွယ် သူ့ကိုခွင့်မလွှတ်နိုင်ဘူး.....သမီးရှေ့မှာ သူ့အဖေက ဒီလိုလူမျိူးပါဆိုပြီးလဲ မဖော်ပြချင်ဘူး။ "
မြင့်သောင်း ကြွယ့်ပခုံးလေးကို သိုင်းဖက်လိုက်ရင်း....
" မင်းသမီးကို မင်းတစ်သက်လုံး ခွဲနေ မလို့လား။ အခုစုံစမ်းရသမျှကလဲ မကောင်းဘူး ကြွယ်ကလေး။"
ကြွယ် သိပါသည်။ သမီးရဲ့သတင်းတွေကို သားက အမြဲစုံစမ်းပေး၏။ သားကလိမ္မာရေးခြားရှိသလောက် သမီးက ဆိုးလွန်းရိုင်းလွန်းသည်။
" အစ်ကို......ကျေးညီနောင်ပုံပြင်လိုတော့ ဖြစ်နေပြီ ထင်ပါတယ် အစ်ကိုရယ်။ ကြွယ့်သားနဲ့သမီးက သူကျင်လည်ရာဘဝရဲ့အကျင့်စိတ်ဓာတ်နဲ့အညီကို ခြားနားနေတယ်။တစ်ယောက်က လိမ္မာပြီး တစ်ယောက်ကဆိုးတယ်။ ခိုးသားလေးဆယ်ဆီရောက်သွားတဲ့ကျေးငှက်က ဆိုးတာရိုင်းတာ ကြွယ်လက်ခံနိုင်ပါသေးတယ်.....သူ့အဖေက ခိုးသားလေးဆယ်ထက်ကို ဆိုးသွမ်းနေမှတော့ သမီးလေးဘဝကိုတွေးကြည့်ရင် ကြွယ်ရင်တွေပူလိုက်တာ။ "
စည်းစိမ် အဖေနဲ့အမေဖြစ်သူကို လှမ်းငေးကြည့်ရင်း သက်ပြင်းချမိ၏။ အမေဟာ သိပ်သနားစရာကောင်းပါသည်။ သူ အမေ့ကို စိတ်ချမ်းသာစေချင်၏။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 16
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ