Part - 16
ဧည့်ခန်းထဲတွင် အကျအနထိုင်ကာ ရေဒီယိုမှလာနေသည့် သီချင်းလေးအား လိုက်ဆိုရင်း တစ်ယောက်ထဲပြုံးလိုက်၊ တစ်ခုခုကို စိတ်ကူးယဥ်သလို နှုတ်ခမ်းလေးဖိကိုက်လိုက်ဖြင့် ရှိနေသည့် ချစ်သမီး။ ဒေါ်ပုလဲသီ ဧည့်ခန်းထဲဝင်လာရင်းမှ ရေဒီယိုကို ပိတ်ချလိုက်သည်။
" ဟင်......ဘာလုပ်တာလဲ။ "
ချစ်သမီး၏ အလိုမကျသံလေး ထွက်လာသလို ဖွားအေဖြစ်သူအား ငြူစူစွာကြည့်လာသည့်အကြည့်မှာ ဒေါသရောင်တွေက လွှမ်းနေသည်။
" ညည်းကို ငါကြည့်နေတာ ကြာလှပြီ။ တစ်ယောက်ထဲရယ်လိုက်ပြုံးလိုက်နဲ့ ဘာဖြစ်နေတာလဲ။ "
ချစ်သမီး နှုတ်ခမ်းလေးက မဲ့ကျသွားသလို ထိုင်နေရာမှထရပ်လိုက်ရင်း ....
" ဖွားကလဲ.....ရယ်တာတောင် လွတ်လွတ်လပ်လပ် မရယ်ရဘူးလား။ လိုက်ကြည့် လိုက်ပြောနေတာပဲ။ "
" ငါလဲ ငယ်ရာက ကြီးလာတာပါအေ။ ချစ်သမီး....ညည်းအခုမှ ငယ်ငယ်လေးရှိသေးတယ်နော်။ "
" ဘာဖြစ်နေကြပြန်ပြီလဲဗျာ....."
အပြင်ကပြန်ရောက်ရောက်ချင်း သမီး နဲ့ အမေ့ရဲ့ ဆူဆူပူပူအသံတွေကို အရင်ကြားနေရသည်။ သမီးက သူ့ကိုမြင်တော့ အနားပြေးလာကာ ခါးကြီးကိုဖက်ရင်းမှ နှုတ်ခမ်းလေးစူကာ ဦးအောင်တိုင်၏။
" ဖေကြီး....အဲ့မှာလေ ဖွားပေါ့။ သမီးကို ရယ်လို့ဆိုပြီး လာဆူနေတယ်။ သမီးက မရယ်ရတော့ဘူးလားလို့။ "
ရာဇဘွား ပြုံးမိသွားသလို သမီး၏ခေါင်းလေးကို ဖွဖွပွတ်သပ်လိုက်သည်။
" ကဲပါ.....ဟုတ်ပါပြီ သမီးရယ်။ သွား.....အပေါ်တက်တော့။ "
ဒေါ်ပုလဲသီ အိမ်ပေါ်ထပ်သို့ တက်သွားသည့် ချစ်သမီးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသလို သားဖြစ်သူကို ရင်မောစွာကြည့်မိ၏။ ရာဇဘွားက အခုအငြိမ်းစားယူထားပြီဖြစ်သလို စီးပွားရေးသာ လှည့်လုပ်သည်။
" ရာဇဘွား.....မင်း သမီးက အပျိုလေးဖြစ်နေပြီနော်။ ဒီအရွယ်ဆိုတာ လေတိုးရင်တောင် ခွက်ထိုးခွက်လှန်ရယ်တတ်တဲ့အရွယ်။ ပြီးတော့..... "
" အမေရယ်......သမီးက ကလေးပဲရှိပါသေးတယ်။ "
ဒေါ်ပုလဲသီ ပြောရကြပ်လွန်းသဖြင့် ရင်သာလေးမိသည်။
" မင်းတို့သားအဖနဲ့တော့ ခက်တော့တာပါပဲ။ "
ရာဇဘွား တဗျစ်တောက်တောက် ပြောနေသည့် အမေ့ကို လျစ်လျူရှုရင်းမှ အိမ်ပေါ်ထပ်တက်လာခဲ့သလို နဂိုထဲက သူတို့သားအမိအနေအထားက စိမ်းသက်၏။ အခုမှမဟုတ်....အရင်ထဲကိုက မနွေးထွေးခဲ့တာပင်။
@@@@@@@@@@
ချစ်သမီးခုံလေးတွင်အသာထိုင်ရင်း မျက်နှာလေးက ပန်းသီးပမာ နီရဲနေ၏။ ရင်တွေကတဒိန်းဒိန်း အခုန်မြန်လှသလို လက်ဖျားလေးတွေဆို အေးစက်လာ၍ အချင်းချင်းဖိဆုပ်ကိုင်ထားရသည်။ သူ့အကြည့်တွေအောက်မှာ ကိုယ်လေးကျူံ့ထားမိသလို ကြက်သီးမွှေးညှင်းလေးတွေက ဖျန်းခနဲထ၏။
" ကိုယ့်ကို မချစ်လို့လားဟင်.....ပြောပါ ဒါလင်ရဲ့။ အဖြေကို ကြားချင်လွန်းလို့ စောင့်နေရတဲ့ ကိုယ့်ကို သနားပါဦး။ "
အို!
ချစ်သမီး၏ရင်အစုံမှာ ဂရုဏာမိုးတွေ စွေသွားရသည်။ သူ့မျက်နှာကို မရဲတရဲမော့ကြည့်တော့ ချစ်သမီးထံမှ အဖြေကို ငံ့လင့်တောင့်တနေသည့် သူ့ပုံစံက သနားစရာပါပဲ။ သူကား တခြားလူမဟုတ်။ အခွန်တော်အရာရှိကြီး ဦးရွှေမိုး၏ တစ်ဦးတည်းသော သားဖြစ်သူ ဂျော်နီငွေမိုးပင်။ ဂျော်နီသည် ရုပ်ရည်လေးမဆိုးသလို အင်မတန်မှ ပွေရှုပ်တတ်သည့်ဗီဇရှိသည်။ ပညာလေးကလဲရှိ ငွေကြေးကလဲချမ်းသာကာ ချစ်သမီးနှင့်ထူးမခြားနား ရိုင်းစိုင်း၏။
" ပြောလေ ဒါလင်.....ကိုယ့်ကိုချစ်သလား။ "
ချစ်သမီး၏ နှုတ်ခမ်းပါးလေးမှာ တဆတ်ဆတ်တုန်ယင်နေသည်။ မေးဖျားလေးကို ဆွဲပင့်လာတော့ ဟင့်ခနဲအသံလေးထွက်လာသလိုပြုံးရယ်ရင်းမှ......
" ချစ်ပါတယ်ရှင်.....ချစ်သမီး ရှင့်ကိုသိပ်ချစ်ပါတယ်။ "
စပါးကြီးမြွေတစ်ကောင်၏ ညို့ချက်ပြင်းပြင်းကို မိလိုက်သလို မလူးလွန့်သာအောင် ချစ်ခြင်း၏ရှေ့မှောက်တွင် ချစ်သမီးတစ်ယောက် ပြားပြားဝပ်ခဲ့၏။ ဂျော်နီသည် ချစ်သမီးကို လိုသလိုကြိုးကိုင်နိုင်သည်။ ချော့၍လဲစည်းရုံးနိုင်သလို ခြောက်၍လဲ အမိန့်ပေးတတ်၏။ မချစ်ဖူးသည့် အူအရိုင်းလေးမို့ ချစ်သမီးမှာ ချစ်ရသူမျက်နှာညှိုးလျှင်ကို မိုးပြိုမတတ် ခံစားရရှာသည်။
" မောင်.....မောင့်သမီး ရည်းစားထားနေပြီ။ သမုဒယကို သူများတွေ ပြောပြကြတယ်။ "
ရာဇဘွားက နားမထောင်သလို သူ့မျက်စိထဲ သူ့သမီးဟာ ကလေးသာသာမို့ သားအဖကြား တမင်သွေးခွဲသည်ဟုသာ မှတ်သည်။
" ရာဇဘွား.....နင့်သမီး မူမမှန်ဘူးနော်။ အလှတွေအရမ်းကြိုက်တာပဲ။ ပြီးတော့ အိမ်လဲမကပ်ဘူး။ "
" အမေကလဲဗျာ....အမေ့ဘာသာ အေးအေးလူလူနေစမ်းပါ။ ကျွန်တော့်သမီးကိစ္စ ကျွန်တော့်ဘာသာသိတယ်။ "
ကြာတော့ ဘယ်သူမှ အမုန်းခံ၊ အတိုက်အခံအဖြစ်ခံပြီး သတိမပေး မပြောနေတော့ပေ။ ရာဇဘွားကတော့ သူ့သမီး စကားတစ်ခွန်းသာ အမှန် ယူဆသူဖြစ်သည်။
ချစ်သမီးသည် ဂျော်နီ့ အနားတွင်သာ အမြဲရှိသည်။ မကြုံဖူးသော အနုအရွစကားတွေ၊အတွေ့အထိတွေမှာ ရူးရူးမိုက်မိုက် သာယာ၏။ ဂျော်နီသည် လက်ကြောမတင်းသလို လောင်းကစားအလွန်မက်၏။ ငွေလိုသည့်အခါတိုင်း သူ့အဖေဆီကမရလျှင် ချစ်သမီးဆီကယူသည်။ ချစ်သမီးနောက်ကွယ်တွင် ပွေရှုပ်သလို
ချစ်သမီးက မယုံသင်္ကာဖြင့် မေးမိလျှင် တစ်ပြန်စီး ပြဿနာရှာတတ်၏။
ဂျော်နီ့ကို ရူးရူးမူးမူး စွဲလန်းမိသည့် ချစ်သမီးမှာ ထိုဒဏ်တွေ ခံရတော့သည်။
@@@@@@@@@@@@
မြို့ကလေးကို ခြေချမိသည်နှင့် ကြွယ့်ရင်ထဲမှ ဒဏ်ရာဟောင်းတွေသည် တစ်ဖန်နာကျင်လာရပြန်သည်။ ဖေဖေလဲ မရှိတော့သလို ဒီမြို့မှာ ကြွယ်တွယ်တာစရာဆိုလို့ သမီးသာကျန်သည် မဟုတ်လား။ ကြွယ့်ပခုံးကို အသာဖက်ရင်း စိတ်မပူရန်ပြုံးပြလာသည့် ခင်ပွန်းဖြစ်သူကြောင့် ကြွယ် အနည်းငယ်တည်ငြိမ်သွားရသည်။ ကြွယ့်ကို စိတ်မချသဖြင့် ဒီခရီးမှာ သားအဖနှစ်ယောက်လုံး လိုက်ပါလာကြသည်။
" အဆင်ပြေသွားမှာပါ ကြွယ်လေးရယ်။ "
အားပေးသံကြောင့် ကြွယ် ခပ်ယဲ့ယဲ့လေး ပြုံးမိသည်။ သမီးက ကြွယ့်ကို မှတ်မိပါ့မလား။ ကြွယ့်ကို မြင်လျှင် ဘယ်လိုမျိုး တုန့်ပြန်လာမည်လဲ ရင်ခုန်စိတ်လှုပ်ရှားမိသည်။
" ညနေကျရင် ရာဇဘွားဆီ သွားတွေ့ရမယ် အစ်ကို။ "
" ကိုယ် ကြွယ့်အနားမှာ ရှိမယ်။ "
ခေါင်းလေးညိတ်ပြမိသလို အံလေးတင်းမိ၏။ ဒီလူယုတ်မာ ကြွယ့်ကိုတွေ့လျှင် ဘယ်လောက်အံ့သြကြောက်လန့်သွားမလဲ မြင်ချင်၏။
---------
ဧည့်သည်ရောက်နေသည်ဆိုတာမို့ ရာဇဘွား သူ့အလုပ်ခန်းထဲ ခေါ်ခဲ့ခိုင်းလိုက်သည်။ တံခါးကိုတွန်းဖွင့်ကာ တစ်လှမ်းချင်း ခပ်ပြုံးပြုံးဝင်လာသည့် မိန်းမကိုမြင်တော့ တအံ့တသြဖြစ်သွားရရင်း ထိုင်နေရာမှ ဝုန်းခနဲထရပ်မိ၏။
လှလွန်းကြွယ်..... ဒီမိန်းမ....မဟုတ်တာ သူမျက်စိများမှားသလား။
သူ့သံသယကို ကြွယ့်အနောက်မှ ပါလာသည့် ဗိုလ်သောင်းမြင့်က ဖယ်ရှားပေးလိုက်၏။ ပြီးတော့ ကြွယ့်ပုံစံက အရင်လို နုနုဖတ်ဖတ်လေး မဟုတ်တော့။ အသက်အရွယ်ရလာသည့် မိန်းမတစ်ဦးပီပီ ချိတ်ထဘီ၊ရင်စေ့လက်ရှည်ကို အကျအနဝတ်ပြီး နောက်တွဲဆံထုံးထုံးထားကာ တည်ငြိမ်နေ၏။
" မင်း.....လှလွန်းကြွယ်။ "
" အရှင်လတ်လတ်ကြီးပါပဲရှင်....."
ကြွယ်က ခပ်ထေ့ထေ့လေး ဖြေကာ ရာဇဘွား၏မျက်နှာကို နာနာကြည်းကြည်း စူးစိုက်ကြည့်လာ၏။ ရွှေကိုင်းမျက်မှန်ကြီးတပ်၍ အင်္ကျီအဖြူလက်ရှည်အပေါ် ဆွယ်တာထပ်ဝတ်ကာ ဇရာ၏ပြယုဂ်တွေ အစပျိုးလာသည့် ရာဇဘွားမျက်နှာက အကြီးအကျယ် ပျက်ယွင်းနေ၏။
" မင်း ဘယ်လိုဖြစ်ပြီး....."
" မသေတာလဲလို့ မေးမလို့လား.... ငါကိုယ်တိုင် သတ်ခဲ့တဲ့မိန်းမက ဘာလို့ငါ့ရှေ့ ပြန်ရောက်လာသလဲ သိချင်တာလား....."
ရာဇဘွား မျက်နှာက ထိန်းမရအောင် ပျက်သွား၏။ထိုအမူအယာကိုပင် ကြွယ်က အရသာခံကြည့်ရင်း ခပ်ပြုံးပြုံးလေး ဆက်ပြောလာသည်က.....
" ကျွန်မ သမီးကို ကျွန်မ လာပြန်ခေါ်တာ။ "
@@@@@@@@@@@@@@@@@@@@@
To be continue P - 17
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ