အပိုင်း (၁)(ဤဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်းဖြစ်ပြီး ဤဇာတ်လမ်းပါအကြောင်းအရာများ၊ အဖြစ်အပျက်များ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တိုက်ဆိုင်မှုရှိနေပါက မရည်ရွယ်သောတိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း အသိပေးလိုပါသည်။)
(က)
"ဂျိန်း"
မိုးခြိမ်းသံကြီးနှင့်အတူ လျှပ်စီးတစ်ချက်လက်လိုက်သဖြင့် ခန်းမကြီးအတွင်း လင်းလက်သွားလေသည်။ ခန်းမအတွင်းတွင်တော့ အဖြူရောင်အဝတ်အစားများကို ကိုယ်လုံးပြည့်ဝတ်ဆင်ထားပြီး ခေါင်းတုံးများတုံးထားသည့် လူကြီးများက ဒူးထောက်ထိုင်လျက် လက်နှစ်ဖက်ကိုရင်ဘတ်တွင် ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်ထားကြသည်။ မျက်လုံးများကိုမှိတ်ထားလျက် တစ်ခုခုကိုအာရုံပြုဆုတောင်းနေကြသည်။
"ကမ္ဘာကြီးအေးချမ်းပါစေ၊ လူသားတွေအကုန်အေးချမ်းပါစေ"
ထိုလူကြီးများက နှုတ်မှတဖွဖွရွတ်လျက်ဆုတောင်းနေကြလေသည်။ ခန်းမအတွင်းလူနှစ်ဆယ်ခန့်ရှိမည်ဖြစ်ပြီး အားလုံးပုံစံတူပြုလုပ်ကာ ဆုတောင်းနေကြသည်။ သူတို့ရှေ့တွင်တော့ ကုတ်အကျီအဖြူ၊ ဘောင်းဘီအဖြူကိုဝတ်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦးက မတ်တပ်ရပ်ထားကာ လက်နှစ်ဖက်ကိုအရှေ့သို့ဆန့်တန်းထားသည်။ သူ့ရင်ဘတ်တွင်တော့ အလွန်ကြီးမားသည့် ဘယက်ကြီးတစ်ခုကိုချိတ်ဆွဲထားပြီး ထိုဘယက်ကြီးတွင် စိန်လုံးကြီးများ၊ ပတ္တမြား၊ နီလာလုံးကြီးများကိုတပ်ဆင်ကာ အလှဆင်ထားသည်။
"ငါတို့ပေးပို့တဲ့ မေတ္တာဓါတ်တွေကြောင့် ကမ္ဘာကြီးတစ်ခုလုံးအေးချမ်းပြီး ကမ္ဘာသူကမ္ဘာသားတွေလည်း ဘေးရန်ကင်းကြပါစေသား"
ထိုလူကြီးက အသံသြသြကြီးဖြင့်အော်ဟစ်လိုက်သည်။ ထိုအချိန်မှာပင် ခန်းမတံခါးကြီးက ဝုန်းခနဲပွင့်ထွက်သွားပြီး သူတို့နည်းတူ အဖြူရောင်ကုတ်အကျီ၊ အဖြူရောင်ဘောင်းဘီရှည်နှင့် အဖြူရောင်သားရေဖြင့်ပြုလုပ်ထားသည့် ရှူးဖိနပ်ကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဝင်လာခဲ့သည်။ တံခါးကို ဂျိန်းခနဲတွန်းဖွင့်လိုက်သဖြင့် ခန်းမအတွင်းရှိလူများက အနောက်သို့လှည့်ကြည့်လိုက်သည်။
ထိုလူငယ်က ပြုံးရယ်လိုက်ပြီး ခန်းမအတွင်းဖြတ်သန်းလာခဲ့သည်။
"ဟား၊ ဟား ခင်ဗျားတို့ဆုတောင်းပေးနေရုံနဲ့ ကမ္ဘာကြီးက အေးချမ်းသွားမယ်ထင်လို့လား"
လက်နှစ်ဖက်ကိုဆန့်တန်းထားသည့် လူကြီးမှာ ထိုလူငယ်ကိုကြည့်လျက် အံ့သြသွားလေသည်။
"ဟင်၊ မင်း၊ ကံကောင်းပါလား"
ထို့နောက်မျက်လုံးများပြူးလျက် အလွန်ထိတ်လန့်နေလေသည်။
"ခင်ဗျားကြီးက ကျုပ်ကိုမှတ်မိသေးတာလားဗျ၊ ကျုပ်ဖြင့်မေ့သွားပြီလို့တောင်ထင်နေတာ"
ထိုလူကြီးက ကံကောင်းဆိုသည့် လူငယ်ကိုလက်ညှိုးထိုးလိုက်သည်။
"သူ့ကိုတား၊ သူ့ကိုတားကြ"
ဒူးထောက်ထိုင်နေသည့် လူကြီးများက မတ်တပ်ရပ်လိုက်ပြီးနောက်
"ဟေ့ကောင်လေး၊ ဒီနေရာက မြင့်မြတ်သန့်ရှင်းတဲ့နယ်မြေကွ၊ မင်းအရှေ့ကိုတိုးမလာသင့်ဘူး"
"ဘာတဲ့၊ မြင့်မြတ်သန့်ရှင်းတယ်ဆိုပါလား၊ ဒီမှာကြည့်လေ၊ ကျုပ်လဲခင်ဗျားတို့လိုဝတ်ထားတာပဲမဟုတ်လား၊ ကျုပ်ကရော မသန့်ရှင်းဘူးလား"
ထိုအခါ ခေါင်းတုံးကြီးနှစ်ယောက်က ထိုလူငယ်ကိုပြေးဝင်ကာတိုက်ခိုက်လေသည်။ ထိုလူငယ်က ခေါင်းတုံးကြီးနှစ်ယောက်၏ တိုက်ကွက်များကို ကာကွယ်လိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်ရာ ခေါင်းတုံးကြီးနှစ်ယောက်မှာ လဲကျသွားသည်။ လဲကျသွားသည့် ခေါင်းတုံးကြီးတစ်ယောက်၏ လက်မောင်းကိုထိုလူငယ်က ကောက်ဆွဲလိုက်သည်။
"ခင်ဗျားတို့အသက်ရှင်ချင်တယ်ဆိုရင် ကျုပ်နဲ့သူ့ကြားမှာ ဝင်မပါနဲ့"
"ဟေ့ကောင်လေး၊ ဝင်မပါလို့ရမလား၊ မင်းက ငါတို့ဂိုဏ်းချုပ်ကို ရန်ပြုချင်နေတာမဟုတ်လားကွ"
လူငယ်က ဆန့်တန်းထားသည့် ထိုခေါင်းတုံးကြီး၏ တံတောင်ဆစ်အား လက်ဝါးစောင်းအားဖြင့်ရိုက်ချလိုက်ရာ ခေါင်းတုံးကြီး၏လက်မှာ ကျိုးထွက်သွားလေသည်။ အလားတူ နောက်ထပ်ပြေးလာသည့် ခေါင်းတုံးကြီးတစ်ယောက်က ထိုလူငယ်ကို ကန်ပြီးဝင်ရောက်လာရာ လူငယ်က ခေါင်းတုံးကြီး၏ ကန်ချက်ကိုဖမ်းလိုက်ပြီး ဒူးခေါင်းကို လက်ဝါးစောင်းဖြင့်ရိုက်ချလိုက်ရာ ခေါင်းတုံးကြီးခြေထောက်ကျိုးကျသွားလေသည်။
"ဟေ့၊ ငါ့တပည့်တို့၊ ဒီကောင့်ကိုတားကြကွာ"
ကျန်သည့််ခေါင်းတုံးကြီးများက သူ့ကိုဝင်ရောက်တိုက်ခိုက်ကြသည်။ သို့သော် လူငယ်က အလွန်သိုင်းပညာကျွမ်းကျင်ပြီး တိုက်ခိုက်ရာတွင်လည်း တိကျလှသည်ဖြစ်ရာ ခေါင်းတုံးကြီးအယောက်နှစ်ဆယ်လုံးမြေပြင်တွင်လဲကျသွားတော့သည်။ ခြေထောက်ကျိုးသည့်သူကကျိုးနေပြီး၊ အချို့ကလက်ကျိုးနေကာ ကြမ်းပြင်ပေါ်တွင် အော်ဟစ်ညည်းတွားနေလေသည်။
"ကဲ အဘိုးကြီး၊ ခင်ဗျားအလှည့်ပဲ"
ဂိုဏ်းချုပ်ကြီးက ခန်းမဘေးရှိတံခါးကိုဖွင့်ပြီး ပြေးတော့သည်။ ထိုအခါ လူငယ်ကလည်းပြေးလိုက်သွားသည်။ ခန်းမဘေးလျှောက်လှမ်း၏နံရံတွင်တော့ ကလေးငယ်များ၏ ပျော်ရွှင်နေသည့်ဓါတ်ပုံများကို မှန်ဘောင်သွင်းကာ နံရံအပြည့်ချိတ်ဆွဲထားသည်။ ဂိုဏ်းချုပ်ကြီးက အသက်ကြီးနေပြီး ဝဖိုင့်သည့်ခန္ဓာကိုယ်ရှိသည်မို့ သိပ်မပြေးနိုင်ပေ။ ထိုစဉ် အနောက်က လိုက်လာသည့် လူငယ်က ဂိုဏ်းချုပ်ကြီး၏ တဖားဖားဖြစ်နေသည့် ဝတ်ရုံကြီးကိုဆောင့်ဆွဲထည့်လိုက်ရာ ဂိုဏ်းချုပ်ကြီးမှာ ရှေ့သို့ဟပ်ထိုးလဲကျသွားသည်။ ချက်ချင်းပင် တစ်ဖက်သို့ပြန်လှည့်လိုက်ရာ လူငယ်က ဂိုဏ်းချုပ်ကြီး၏ ခြေရင်းတွင် ရောက်နေပြီဖြစ်သည်။ ထိုလူငယ်က သူ့ခါးကြားအတွင်းမှ ဓါးမြှောင်ကလေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ အသွားခြောက်လက်မခန့်ရှိပြီး လက်ကိုင်ကိုဆင်စွယ်အဖြူဖြင့် အလှဆင်ထားသည့်ဓါးမြှောင်ကလေးမှာ လျှပ်စီးလက်သည့်အလင်းရောင်များအောက်တွင် ဝင်းလက်နေလေသည်။
"ခင်ဗျားကြီး ဒီဓါးကိုမှတ်မိရဲ့လား"
"မှတ်၊ မှတ်မိပါတယ်ကံကောင်းရာ၊ ငါ့ကိုမသတ်ပါနဲ့၊ ငါ့ကိုလွှတ်ပေးပါကွာ၊ မင်းကိုငါ့ရဲ့စည်းစိမ်တွေအကုန်ပေးပါ့မယ်"
"ဆောရီးပဲဗျာ၊ ကျုပ်ကခင်ဗျားစည်းစိမ်တွေကိုလိုချင်တာမဟုတ်ဘူး"
ဂိုဏ်းချုပ်ကြီးမျက်နှာမှာ အလွန်ကြောက်လန့်နေပြီး နဖူးပြောင်ပြောင်ကြီးမှ ချွေးတွေစီးကျနေလေသည်။
"ဒါဆိုရင် မင်းလိုချင်တာကို ငါပေးပါ့မယ်ကွာ၊ မင်းဘာလိုချင်တာလဲ၊ ရွှေလား၊ ငွေလား"
"ကျုပ်လိုချင်တာ တကယ်ပေးမှာလား"
ဂိုဏ်းချုပ်ကြီးက ခေါင်းကိုဆတ်ခနဲညိတ်လိုက်သည်။ ထိုအခါ လူငယ်က သွားများအကုန်ပေါ်အောင် ပါးစပ်ကြီးကိုဖြဲပြီးတော့ ရယ်လိုက်သည်။
"ကျုပ်လိုချင်တာ ခင်ဗျားရဲ့အသည်း၊ ခင်ဗျားရဲ့ကျောက်ကပ်၊ ခင်ဗျားရဲ့နှလုံး"
ဂိုဏ်းချုပ်ကြီးအလွန်ကြောက်လန့်သွားသည်။ ထိုအချိန်မှာပင် လူငယ်က ထိုင်ချလိုက်ပြီး သူ့လက်ထဲမှ ဓါးကလေးဖြင့် ဂိုဏ်းချုပ်ကြီးရင်ဝကိုထိုးစိုက်ချလိုက်ကာ ရင်ကိုခွဲထုတ်လိုက်သည်။ ဂိုဏ်းချုပ်ကြီးမှာ အကြောက်အကန်တွန်းကန်နေသော်လည်း သူ့ရင်ဘတ်ကြီးက ပွင့်ထွက်သွားပြီဖြစ်သည်။ လူငယ်က ဂိုဏ်းချုပ်ကြီး၏ ဗိုက်အထိခွဲချလိုက်ပြီးတော့ ကျောက်ကပ်ကိုဆွဲထုတ်လိုက်သည်။ ပဲစေ့ပုံကျောက်ကပ်ကြီးမှာ တဆတ်ဆတ်တုန်ခါနေသည်။ လူငယ်က ထိုကျောက်ကပ်ကို ဂိုဏ်းချုပ်ကြီးအားပြလိုက်သည်။
"ဒါဆို ဘယ်လောက်တန်မယ်ထင်သလဲဗျ"
ဂိုဏ်းချုပ်ကြီးမှာ အော်ဟစ်နေရတော့သည်။ ဆက်လက်ပြီး လူငယ်က အသည်းကိုဆွဲထုတ်သည်။ ဝနေသည့်သူမို့ သူ့အသည်းတွင် အဆီအိတ်ဝါဝါကလေးများက ကပ်နေလေသည်။
"ခင်ဗျားကြီးက ဝတော့ အသည်းက အဆီတွေဖုံးနေတာပဲဗျာ၊ ဒီအသည်းဆိုရင် ဘယ်သူမှဝယ်မှာမဟုတ်ဘူးဗျ၊ အလကားပေးရင်တောင် ကြော်စားမယ့်သူရှိမှာမဟုတ်ဘူး"
လူငယ်က အသည်းကိုဆွဲထုတ်ကာ လွှင့်ပစ်လိုက်သည်။ ဂိုဏ်းချုပ်ကြီးမှာတော့ အလွန်ပြင်းထန်သည့်ဝေဒနာကိုခံစားနေရသည်။ နောက်ဆုံးတော့ လူငယ်က ဂိုဏ်းချုပ်ကြီး၏ တဒုန်းဒုန်းနှင့်လှုပ်ခါနေသည့် နှလုံးကိုသေချာစိုက်ကြည့်လိုက်ကာ လက်နှစ်ဖက်နှင့်ဆွဲထုတ်လိုက်တော့သည်။
"ဟား၊ ဟား၊ ဟား"
"အား"
ဂိုဏ်းချုပ်ကြီးက အော်ဟစ်လိုက်ပြီးနောက် ငြိမ်ကျသွားသည်။ နှလုံးသွေးကြောများအတွင်းမှ သွေးများက ပန်းထွက်လာလေရာ ရယ်မောနေသည့် လူငယ်၏မျက်နှာနှင့် တစ်ကိုယ်လုံးကိုသွေးများပေကျံသွားသည်။
ခဏကြာသည့်အခါ ရဲကားများက ဥသြသံများပေးလျက် ခြံဝန်းကြီးအတွင်းသို့ဝင်လိုက်သည်။ ရဲများက ကားပေါ်မှဆင်းလိုက်သလို စုံထောက် ဦးမောင် မှာလည်း ကားပေါ်မှဆင်းလိုက်သည်။
"ဘယ်လိုတွေတောင်ဖြစ်နေတာလဲကွာ"
ခြံဝန်းကြီးအတွင်းတွင် ဓါးများ၊ လက်နက်များကိုင်ဆောင်ထားသည့် လူအများအပြားသေဆုံးကာ အလောင်းများပြန့်ကျဲနေလေသည်။ ရဲများက သေနတ်များကိုဆွဲထုတ်လိုက်ကြသလို စုံထောက်ဦးမောင်လည်း သူ့ချိုင်းအောက်တွင်ထည့်ထားသည့် ပစ္စတိုသေနတ်ကိုဆွဲထုတ်လိုက်သည်။
"ခန်းမလျှောက်လမ်းမှာ လူရိပ်တွေ့တယ် ဦးမောင်"
"ငါသွားလိုက်မယ်၊ မင်းတို့က ခြံဝန်းကိုပိတ်ပြီးတော့ သေသေချာချာစစ်ဆေးကြ"
ဦးမောင်က သေနတ်ကိုအသင့်ပြင်လျက် ခန်းမအတွင်းသို့ဝင်လာခဲ့သည်။ ဒဏ်ရာရနေသည့် ခေါင်းတုံးကြီးများကိုတွေ့လိုက်ရသည်။
"ဟိုကိုပြေးသွားပြီ အဲဒီကောင်"
ခေါင်းတုံးကြီးများက ခန်းမဘေးမှ လျှောက်လမ်းကိုညွှန်ပြလိုက်သည်မို့ ဦးမောင်လည်းသေနတ်နှင့်ထိုးချိန်လျက် ခန်းမလျှောက်လမ်းဆီသို့ ချိုးကွေ့ဝင်လိုက်သည်။ ထိုအခါ လူသေအလောင်းကြီးတစ်ခုအနား ငုတ်တုတ်ထိုင်နေပြီး နှလုံးကြီးကိုကိုင်မြှောက်ကာ ရယ်မောနေသည့် လူငယ်တစ်ဦး၏ နောက်ကျောကိုတွေ့လိုက်ရသည်။
"ဟေ့မလှုပ်နဲ့၊ လက်မြှောက်ထားလိုက်စမ်း"
"ဟား၊ ဟား၊ ကျုပ်လက်တွေက မြှောက်ထားတယ်မဟုတ်လား"
"မင်းမခုခံနဲ့နော်၊ မဟုတ်ရင် ငါမင်းကိုပစ်ထည့်လိုက်မယ်"
"ဟား၊ ဟား ခင်ဗျားသေနတ်လောက်နဲ့ ကျုပ်ကိုတားဆီးနိုင်မယ်လို့ထင်လို့လား"
"မယုံရင် စမ်းကြည့်မလား"
ထိုအခါ လျှောက်လမ်းတစ်ဖက်မှ ရဲနှစ်ယောက်က သေနတ်များချိန်ကာဝင်လာလေသည်။ ရဲနှစ်ယောက်က လူငယ်အနီးသို့တိုးကပ်လာသည့်အခါ လူငယ်က ကြမ်းပြင်တွင်လျှောချလိုက်ပြီးနောက် ရဲတစ်ယောက်၏လက်မှာသေနတ်ကိုဆွဲလုလိုက်သည်။ ထိုအချိန်နောက်ထပ်ရဲတစ်ယောက်က သူ့အားသေနတ်နှင့်ထိုးချိန်လိုက်သည့်အခါ လူငယ်က ထိုသေနတ်ကို ခြေထောက်နှင့်ကန်လိုက်လေသည်။ ရဲက သေနတ်ခလုပ်ကို ညှစ်လိုက်သည့်အချိန်တွင် ကျည်ဆန်များက မျက်နှာကျက်ကိုသာ ဖောက်ဝင်သွားလေသည်။
"ပစ်ခတ်မှုဖြစ်နေတယ်၊ ပစ်ခတ်မှုဖြစ်နေတယ်"
စုံထောက်ဦးမောင်က သေနတ်နှင့်ပစ်ရန်သေချာချိန်တွယ်နေသော်လည်း ရဲနှစ်ယောက်နှင့် လူငယ်က လုံးထွေးနေသဖြင့် ပစ်ကွင်းမရှင်းပေ။ ထိုလူငယ်က ရဲနှစ်ယောက်၏ သေနတ်ကိုလုယူလွင့်ပစ်လိုက်ပြီးနောက် ထွက်ပြေးတော့သည်။ ဦးမောင်က သူ့ရင်ဘတ်မှ စကားပြောစက်ကို နှိပ်လိုက်ပြီး
"သံသယရှိသူပြေးပြီ၊ မျှော်စင်ကြီးဘက်ကိုတက်ပြေးတာ၊ ငါတို့စစ်ကူလိုတယ်၊ ရဲနှစ်ယောက်ထိခိုက်သွားတယ်"
ရဲများက မျှော်စင်ကြီးကို ဝိုင်းလိုက်ကြသည်။ ရဲအင်အားငါးဆယ်ခန့်ရှိသည်။ ထို့နောက် မျှော်စင်လှေကားတွင် အပေါ်သို့တက်ရန်နေရာယူသည်။ ရဲမှူးက စုံထောက်ဦးမောင်အနားသို့ကပ်လာသည်။
"သူ့မှာသေနတ်ပါသလား"
"ကျုပ်မသိသေးဘူး ရဲမှူး"
"မင်းရအောင်ဖမ်းပါ"
စုံထောက်ဦးမောင်က သေနတ်ကိုအသင့်ပြင်ပြီး ရဲများက လှေကားထစ်အတိုင်း တစ်ထစ်ချင်းတက်လာသည်။ လှေကားကွေ့များ၊ လှေကားထောင့်များသည် အန္တာရာယ်ရှိသဖြင့် တဖြည်းဖြည်းချင်းတက်လာခဲ့သည်။ မျှော်စင်ကြီးက ငါးထပ်တိုက်လောက်နီးပါးမြင့်သည်။ မျှော်စင်ထိပ်ရောက်သည့်အခါ နာရီကြီးတစ်ခုနှင့် ခေါင်းလုံးတစ်လုံးကိုသာတွေ့ရပြီး လူမရှိပေ။
"ပုန်းခိုနိုင်တဲ့နေရာရှိသလားဆိုတာ သေချာရှာစမ်းကွာ"
ရဲများက မျှော်စင်အတွင်းလိုက်ရှာသော်လည်း ဘာမှမတွေ့ပေ၊ မျှော်စင်မှာ ရှင်းလင်းနေပြီး လူတစ်ယောက် ပုန်းခိုနိုင်သည့်နေရာမရှိပေ။ စုံထောက်ဦးမောင်က စကားပြောစက်ဖြင့်
"သံသယရှိသူ မျှော်စင်အပြင်ကိုထွက်ပြေးသွားတယ်ထင်တယ်၊ အထဲမှာမရှိဘူး"
"ဒါဆိုမဖြစ်နိုင်ဘူးဗျ၊ အဲဒီသူအပြင်ကိုလည်းမလာဘူး၊ ကျုပ်တို့မျှော်စင်ကိုသေချာဝိုင်းထားပြီး မီးမောင်းတွေလည်းထိုးထားတာ"
ရဲမှူးထံမှ အကြောင်းပြန်သံကြားလိုက်ရသည်။ စုံထောက်ဦးမောင်စိတ်ညစ်သွားသည်။ လွတ်လမ်းမရှိသည့် မျှော်စင်ပေါ်တွင် သံသယရှိသူလွတ်သွားပြီဖြစ်သည်။
"ဒီနေရာကိုပိတ်ပြီး သေချာရှာကြစမ်း"
ဦးမောင်စိတ်ညစ်ညစ်နှင့်ဆင်းလာသည်။ ရဲတွေကတော့ တစ်ညလုံးထိုခြံဝန်းနှင့် အနီးအပါးကိုရှာဖွေကြသည်။ စုံထောက်ဦးမောင်လည်း သူ့တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အိပ်ရာပေါ်သို့တက်လိုက်တော့ ဘေးနားတွင် မိန်းမနှင့် သမီးလေးက အိပ်နေပြီဖြစ်သည်။ ညကလည်း ညည့်အတော်နက်နေပြီဖြစ်သည်။ သမီးကလေးက အသက်ဆယ်နှစ်နီးပါးရှိနေပြီဖြစ်သော်လည်း တစ်ဦးတည်းသောသမီးလေးမို့ သူတို့နှင့်သာ အတူအိပ်လေသည်။ ဦးမောင်လည်း သူ့သမီးကလေး၏ နဖူးကိုနမ်းရှုပ်လိုက်ပြီးနောက် အိပ်ရာပေါ်တွင်လှဲချလိုက်သည်။
"ဘယ်ရောက်သွားတာလဲ၊ ဒီကောင်ဘယ်လိုများထွက်ပြေးသွားတာလဲ"
စဉ်းစားရင်း တော်တော်နှင့်အိပ်မပျော်နိုင်ပေ၊ သို့သော်လည်း အလုပ်ထဲပင်ပန်းသဖြင့် အတန်ကြာသည့်အခါ အိပ်မောကျသွားလေသည်။
(ခ)
"ကလင်၊ ကလင်"
အိမ်ရှိ ကြိုးဖုန်းမှာ အော်မြည်နေလေသည်။ ဦးမောင်က အအိပ်ဆတ်သည်မို့ ငေါက်ခနဲကောက်ထိုင်လိုက်သည်။ မိုးပင်ကောင်းကောင်းမလင်းချင်သေးပေ၊ နာရီကိုကြည့်လိုက်တော့ နံနက်ငါးနာရီဆယ့်ငါးမိနစ်ဖြစ်နေပြီ။ အိပ်ရာမှထလိုက်ပြီး ဧည့်ခန်းအတွင်းရှိကြိုးဖုန်းကို ကိုင်လိုက်သည်။
"ဦးမောင်"
"အေးပြောကွာ၊ ဘာထူးလဲ"
"ဟိုလူကိုတွေ့ပြီ"
ဦးမောင်မျက်လုံးပြူးသွားသည်။
"ဟုတ်လား ဘယ်မှာမိသွားတာလဲ၊ ဘယ်မှာပုန်းနေတာလဲ"
"အခုပဲ ရဲစခန်းမှာရောက်နေတာ၊ သူ့ကိုယ်သူ လာအဖမ်းခံတာတဲ့"
ဦးမောင်ဖုန်းကိုချလိုက်ပြီးနောက် အခန်းထဲသို့အမြန်ဝင်လိုက်သည်။ အဝတ်အစားကို မြန်မြန်ကောက်ဝတ်ပြီး မျက်မှန်တပ်ကာ အိပ်ခန်းအတွင်းမှထွက်ရန်ပြင်ဆင်လိုက်သည်။
"ရှင်သွားတော့မလို့လား"
မိန်းမဖြစ်သူက အိပ်မှုန်စုံမွှားနှင့်မေးရာ ဦးမောင်က ခေါင်းညိတ်လိုက်သည်။
"အရေးကြီးတဲ့ အမှုတစ်ခုရှိတယ်"
"ရှင်ဘယ်တုန်းက အရေးမကြီးတာရှိခဲ့ဖူးလို့လဲ၊ သမီးလေးအတွက် ရှင်ဒီတစ်လလုံးအချိန်မပေးနိုင်သေးဘူးမဟုတ်လား၊ သမီးက ရှင့်ကိုမေးနေတာ၊ မနေ့ကတောင်မှ ရှင်ပြန်အလာကိုစောင့်ရင်း အိပ်ပျော်သွားတာ"
"အေးပါကွာ၊ ငါသိပါတယ်"
"ရှင့်ကိုတစ်ခုမှာထားမယ်နော်၊ သန်ဘက်ခါက ရှင့်သမီးမွေးနေ့ဆိုတာ သိတယ်မဟုတ်လား၊ ရှင်အဲဒီနေ့တော့ ဘာမှအရေးကြီးလို့မရဘူးနော်၊ ဒါနဲ့ ရှင်တို့ဌာနမှာ ရှင်တစ်ယောက်တည်း အလုပ်ရှိတာလား"
ဇနီးဖြစ်သူက မကြည်ဖြူချင်ပေ၊ တကယ်လည်း မကြည်ဖြူစရာပင်၊ ဦးမောင်က အမှုနှင့် အလုပ်ကိစ္စကိုသာအာရုံထားသည်။ စုံထောက်အလုပ်ကိုလည်း အလွန်ဝါသနာပါသဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်လေရာ အမှုတိုင်းလိုလိုတွင် ဦးမောင်ဝင်ပါလေ့ရှိသည်။ စခန်းကရော၊ ရဲမှူးကအစ ဦးမောင်ကိုအားကိုးသည်။ အခုအသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း အမှုလိုက်ရမည်ဆိုလျှင် ဦးမောင်တစ်ယောက်ဆယ်ကျော်သက်တစ်ယောက်လို တက်ကြွနေလေသည်။ ဇနီးဖြစ်သူ ပြောသမျှကို ဘာမှမတုန့်ပြန်တော့ဘဲ ကားဂိုဒေါင်ထဲသို့ဝင်လိုက်သည်။ ကားဟောင်းလေးပေါ်သို့တက်လိုက်ပြီး စခန်းသို့မောင်းနှင်လာခဲ့သည်။
ရဲစခန်းတွင် ရဲများစည်ကားနေလေသည်။ ထိုရဲများအလယ်တွင် ညကတွေ့ခဲ့သည့်လူငယ်က ငုတ်တုတ်ထိုင်နေသည်။ သူ့တစ်ကိုယ်လုံး သွေးတွေပေကျံနေပြီးတော့ နီရဲနေလေသည်။ လူက အသက်ခပ်ငယ်ငယ်ဖြစ်သည်။ သူ့ကိုရဲများက ဝန်းရံထားကြသည်။
"ဦးမောင်၊ ဦးမောင်"
"အေး၊ ငါသူနဲ့စကားပြောချင်တယ်"
ဦးမောင်က ထိုလူငယ်အနားသို့တိုးကပ်သွားသည်။
"မင်းဘာလို့ ဒီလောက်ရက်စက်တာတွေလုပ်ခဲ့တာလဲ"
"ဟား၊ ဟား ကျုပ်လုပ်ခဲ့တာက သူတို့လုပ်ခဲ့တာနဲ့စာရင် မရက်စက်ပါဘူးဗျာ"
ဦးမောင်က ထိုလူငယ်၏ လက်မောင်းကိုဆွဲလိုက်သည်။ ရဲစခန်းအတွင်းတွင် အမှုစစ်သည့် မှန်လုံခန်းရှိသည့်အတွက် ထိုမှန်လုံခန်းအတွင်းသို့ လူငယ်ကိုဆွဲထည့်လိုက်သည်။ လူငယ်က အသာတကြည်ပင် လိုက်ပါလာသည်။ အမှုစစ်သည့်အခန်းအတွင်းသို့ထည့်လိုက်ပြီး လူငယ်ကို ထိုင်ခုံတစ်ခုတွင်ထိုင်ခိုင်းလိုက်သည်။ အမှုတွဲဖိုင်များကိုစားပွဲပေါ်သို့ပစ်တင်လိုက်ကာ လူငယ်အရှေ့တွင်ရှိသည့် စားပွဲပေါ်သို့ တင်ပါးလွှဲကာထိုင်ချလိုက်သည်။
"ကဲ၊ ပြောစမ်းပါဦး၊ မင်းတစ်ယောက်တည်းလုပ်တာလား၊ မင်းနဲ့အတူ ဘယ်သူတွေပါသေးလဲ"
"ကျုပ်တစ်ယောက်တည်းလုပ်တာ"
ဦးမောင်က မျက်ခုံးပင့်လိုက်ပြီး အမှုတွဲဖိုင်ကိုဆွဲယူလိုက်သည်။ ထို့နောက် ဖိုင်ကိုလှန်လိုက်ပြီး ခြံဝန်းအတွင်းသေဆုံးနေသည့်သူများ၏ ဓါတ်ပုံများကို ပြလိုက်သည်။
"လူသုံးဆယ်သေတယ်၊ လူနှစ်ဆယ့်ရှစ်ယောက် မသေမရှင်ဖြစ်သွားတယ်၊ လူနှစ်ဆယ့်နှစ်ယောက် ဒဏ်ရာရသွားတယ်၊ ဒါတွေအားလုံးကို မင်းတစ်ယောက်တည်းလုပ်တယ်ဆိုတာ မင်းငါ့ကိုယုံခိုင်းနေတာလား"
"ကျုပ်မလိမ်ဘူး၊ ယုံတယ်မယုံဘူးဆိုတာက ခင်ဗျားတို့သဘောပဲ"
"ကောင်းပြီလေ၊ ငါသိချင်တာက မင်းကဘာဖြစ်လို့ အဖြူရောင်ဂိုဏ်းကို ဝင်သတ်ရတာလဲ၊ အဖြူရောင်ဂိုဏ်းဆိုတာ ဘာသာရေးဂိုဏ်းတစ်ခုကွ၊ ကောင်းမှုတွေချည်းလုပ်နေတဲ့လူတွေ၊ ငြိမ်းချမ်းရေးလုပ်နေတဲ့လူတွေပဲ၊ မင်းက ဘာလို့သူတို့ကိုသတ်ပစ်ရတာလဲ"
"ဒါကတော့ အရင်တုန်းက ရန်ငြိုးတစ်ခုကြောင့်ပေါ့ဗျာ"
ဦးမောင်မျက်ခုံးပင့်လိုက်သည်။
"ရန်ငြိုးတစ်ခုနဲ့ တစ်ဂိုဏ်းလုံးကို သတ်စရာလိုလို့လား"
ကံကောင်းက ခေါင်းညိတ်လိုက်သည်။
"လိုတယ်ဗျ၊ ဖြစ်နိုင်ရင် မြေလှန်ဖို့တောင်လိုအပ်တယ်၊ ကျုပ်ခင်ဗျားတို့ဆီက ထွက်ပြေးလိုက်လို့ရပေမယ့်၊ ကျုပ်အဖမ်းခံတယ်ဆိုတာက ခင်ဗျားတို့ကို ကျုပ်သက်သေပြချင်လို့"
"ဘာတွေသက်သေပြချင်တာလဲ"
"ဒီဂိုဏ်းက ဘယ်လောက်ဆိုးတယ်ဆိုတာကို သက်သေပြဖို့ပေါ့ကွာ"
ဦးမောင်က သက်ပြင်းချလိုက်ပြီးတော့ ခေါင်းခါလိုက်သည်။ ထို့နောက် စားပွဲခုံမှထလိုက်ကာ လူငယ်အရှေ့တွင်ရှိသည့် ထိုင်ခုံတွင်ခြေထောက်ချိတ်ကာ ထိုင်ချလိုက်သည်။
"မိဘမဲ့ကလေးတွေကို မွေးစားတယ်၊ ပညာသင်ပေးတယ်၊ အလုပ်အကိုင်တွေရှာပေးတယ်၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီတယ်၊ ဆင်းရဲတဲ့သူတွေကို အမြဲလှူဒါန်းနေတယ်၊ ဆေးမကုနိုင်တဲ့သူတွေကို ဆေးကုပေးတယ်၊ သေဆုံးသွားတဲ့သူတွေကိုလည်း ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးတယ်ကွာ၊ ကဲ၊ ဒါသူတို့ဂိုဏ်းကလုပ်နေတဲ့အလုပ်တွေပဲလေ၊ မင်းက ဒီအလုပ်တွေကို မကောင်းမှုတွေလုပ်နေတယ်လို့ ထင်နေတာလား"
"ခင်ဗျားနားလည်အောင်ပြောဖို့ဆိုရင်တော့ ကျုပ်ဘဝအကြောင်းကို ပြန်ပြောပြမှရလိမ့်မယ်"
ရဲတစ်ယောက်က အခန်းထဲသို့ဝင်လာပြီး အအေးသံဘူးတစ်ဘူးကိုချပေးလိုက်သည်။ ဦးမောင်က သံဗူးကိုအဖုံးဖွင့်ပြီး အအေးတစ်ကျိုက်သောက်လိုက်ကာ သူ့ဘေးနားတွင်ချထားလိုက်သည်။
"ကဲ၊ ဒါဆိုလည်း မင်းရဲ့စတိုရီလေး၊ မင်းရဲ့အကြောင်းလေး နားထောင်ကြည့်ရတာပေါ့ကွာ"
(ဂ)
ဝင်္ကပါမြို့။
မြို့ကြီးက ကမ်းရိုးတန်းတွင်ရှိပြီး အလွန်စည်ကားသည့်မြို့ကြီးဖြစ်သည်။ စက်မှုလုပ်ငန်းများအပြင် ဆိပ်ကမ်းကြီးလည်းရှိပြီး အခြားနိုင်ငံများနှင့်လည်း ကုန်ကူးသန်းလျက်ရှိရာ စီးပွားရေးကောင်းလှသည်။ စီးပွားရေးကောင်းသောကြောင့် နေသည့်လူဦးရေလည်း အလွန်ထူထပ်သည်။ လူဦးရေ သန်းတစ်ရာခန့်နီးပါး ထိုမြို့ကြီးတွင် နေထိုင်နေကြခြင်းဖြစ်သည်။ မြို့ကြီး၏ မြောက်ဘက်တွင် တောအုပ်ကြီးများနှင့် တောင်တန်းကြီးများရှိသလို မြို့ကြီး၏ တောင်ဘက်တွင်တော့ ပင်လယ်ကမ်းခြေနှင့် ဆိပ်ကမ်းကြီးများရှိသည်။ မြို့၏ အရှေ့ဘက်တွင် စက်ရုံကြီးများရှိသည့် စက်မှုဇုန်ကြီးတစ်ခုရှိသလို၊ မြို့၏အနောက်ဘက်တွင်တော့ များပြားလှသည့် လူနေအိမ်ခြေများရှိသည်။ မြို့လယ်ခေါင်က အလွန်စည်ကားပြီး မိုးမျှော်တိုက်ကြီးများနှင့် ဟိုတယ်ကြီးများက နေရာယူထားလေသည်။
မြို့အနောက်ဘက် အစွန်ပိုင်းတွင် ကြီးမားသည့် အမှိုက်ပုံကြီးများရှိသည်။ ထိုအမှိုက်ပုံများအနီးတွင် ဆင်းရဲသားလူမွဲများနေထိုင်ကြလေသည်။ ပျံကျများဖြစ်ပြီး ဝင်္ကပါမြို့ကြီးအတွင်း ရရာအလုပ် လုပ်ကိုင်ကာ နေထိုင်နေကြသူများဖြစ်သည်။ ဝင်္ကပါမြို့မှာ တိုးတက်သလောက် ဒုစရိုက်လုပ်ငန်းများလည်း ခေတ်စားရာ ထိုပျံကျဆင်းရဲသားများမှာ ဒုစရိုက်လုပ်ငန်းများတွင် လုပ်ကိုင်ကြရတော့သည်။ ထို့ကြောင့် ဝင်္ကပါ မြို့၏အနောက်ဘက် အမှိုက်ပုံအနီးရှိ ရပ်ကွက်များသည် ဒုစရိုက်မှုများပြားပြီး အလွန်ဗရုတ်ကျသည့်နေရာများဖြစ်ကာ ရဲနှင့်အာဏာပိုင်များကင်းလွတ်ရာဒေသဖြစ်နေတော့သည်။
"ဂျိန်း"
ပင်လယ်အနီးတည်ရှိသည့်မြို့ဖြစ်ရာ မိုးအလွန်ကောင်းလှသည်။ မိုးကတစ်နှစ်ပတ်လုံး ရွာချင်သည့်အချိန်တွင် ရွာချလေ့ရှိသည်။ အခုလည်း မိုးက ရွာဖို့ပြင်နေပြီမို့ သက်လုံတစ်ယောက် ပလတ်စတစ်စကြီးခေါင်းမှာအုပ်ကာ အမှိုက်ပုံကြီးအတွင်းမှ အမြန်ပြေးထွက်လာခဲ့လေသည်။ သူ့လက်တစ်ဖက်တော့ အမှိုက်များ၊ ပလတ်စတစ်ဘူးခွံများထည့်ထားသည့် အိတ်ကြီးကို ကိုင်ဆွဲလာလေသည်။ အိတ်ကြီးမှာ ကြီးမားလွန်းသဖြင့် တရွတ်တိုက်ဆွဲလာရလေသည်။
မကြာမီ မိုးများက တဝေါဝေါနှင့်ရွာချတော့သည်။ သူလျှောက်နေသည့်လမ်းက မိုးရေများကြောင့် ဗွက်တွေထလာသည်။
"အမေရေ၊ အမေရ၊ အီး ဟီး"
မိုးရေများအတွင်း ငိုသံတစ်ခုကိုကြားလိုက်ရသည်။ ထို့ကြောင့် သက်လုံက ငိုသံကြားရာသို့လိုက်လာခဲ့ရာ အမှိုက်ပုံးတစ်ခုအနီးတွင် ကောင်လေးတစ်ယောက်က ငုတ်တုတ်ထိုင်နေကာ ငိုကြွေးနေခြင်းဖြစ်သည်။
"မင်းအမေဘယ်ရောက်သွားလို့လဲ"
ထိုကောင်လေးက ခေါင်းခါပြသည်။ သက်လုံက အသက်ဆယ့်နှစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။ ထိုသို့ကလေးမျိုးကို သက်လုံအနေနဲ့မထူးဆန်းတော့ပေ။ သူတို့အမှိုက်ပုံရပ်ကွက်ကလေးတွင် မလိုချင်သည့်ကလေးများကို မိဘများက လာရောက်စွန့်ပစ်လေ့ရှိသည်ကို သက်လုံသိသည်။
"ငိုမနေပါနဲ့၊ မင်းအမေက မင်းကိုစွန့်သွားပြီထင်တယ်"
"မဟုတ်ဘူး၊ ငါ့အမေက ငါ့ကိုပြန်လာခေါ်မယ်လို့ပြောခဲ့တယ်"
"အေး၊ ဒါဆိုရင်လည်း ဒီမှာသာစောင့်နေပေတာ့၊ ရော့ ရော့"
သက်လုံက သူဆောင်းထားသည့် ပလတ်စတစ်စကြီးကို ထိုကောင်လေးခေါင်းပေါ်တွင်တင်ပေးခဲ့သည်။ ထိုကောင်လေးအဝတ်အစားများကိုကြည့်ရာ အဝတ်အစားသန့်သန့်ပြန့်ပြန့်နှင့်ဖြစ်သည်။ အသက်ကလည်း သူ့ထက် တစ်နှစ်လောက်သာ ငယ်မည်ဟုခန့်မှန်းမိသည်။ သက်လုံလည်း ထိုကောင်လေးကို ဂရုမစိုက်တော့ဘဲ သူတို့ရပ်ကွက်ကလေးဆီသို့သာ အမြန်ပြေးထွက်လာခဲ့သည်။
သူတို့ရပ်ကွက်ကလေးတွင် ပလုံးစုတ်များဝယ်ယူသည့် ဒိုင်များရှိသည်။ ဒိုင်တစ်ခုတွင် သက်လုံက သူကောက်လာသည့် ပလုံးများကို ရောင်းချလေသည်။
"မင်းဟာက တော်တော်စုတ်ပြတ်ပြီး ညစ်ပတ်နေတာပဲကွာ၊ တစ်ခုကို တစ်ဆယ်ပဲပေးမယ်"
"ဟာ၊ မလုပ်ပါနဲ့ဗျာ၊ ဒါတွေရဖို့တောင် သူများတွေနဲ့ လုကောက်လာရတာ၊ နှစ်ဆယ်တော့ပေးဗျာ"
သက်လုံက ဈေးဆစ်သည်။ ထိုအဘိုးကြီးက သက်လုံကိုကြည့်ပြီး ခေါင်းခါလိုက်ကာ သက်လုံပေးသည့် ပလုံးများကိုခြေထောက်နှင့်ပြန်ကန်ထုတ်လိုက်သည်။
"ငါမင်းနဲ့ ဈေးဆစ်နေတာမဟုတ်ဘူး"
"လုပ်စမ်းပါဦးကြီးရာ၊ ဒါဆိုရင်လည်း ဆယ့်ငါးကျပ်တော့ ပေးပါလား"
"မင်းကိုငါပြောပြီးပြီမဟုတ်လား၊ မရောင်းချင်မရောင်းနဲ့၊ မင်းရဲ့ပလုံးအစုတ်တွေပြန်ကောက်ပြီး သွားပေတော့"
သက်လုံနောက်ဆုံးတော့ ခေါင်းညိတ်လိုက်ရသည်။
"ကောင်းပြီလေ၊ ဦးကြီးနဲ့ ပထမဆုံးအလုပ်စလုပ်တဲ့အနေနဲ့ ကျုပ်လျော့ပေးလိုက်ပါ့မယ်"
ဦးလေးကြီးက မျက်မှောင်ကြုတ်လျက် သူကောက်လာသည့်ပလုံးများကို ရေတွက်နေလေသည်။
"ဒီကောင်လေးကတော့ကွာ"
သက်လုံစုစုပေါင်း ပိုက်ဆံငါးရာရခဲ့သည်။ ထိုပိုက်ဆံကိုယူလျက် သူနေထိုင်ရာအိမ်ကလေးဆီသို့ပြန်လာခဲ့လိုက်သည်။ သက်လုံက တစ်ယောက်တည်းနေပြီးဆင်းရဲသူဖြစ်သည်မို့ ရပ်ကွက်အတွင်းမနေနိုင်ပေ၊ အမှိုက်ပုံများကြားတွင် ဖြစ်သလိုအိမ်ကလေးပြုလုပ်ပြီးနေထိုင်ရသည်။ ပိုက်ဆံငါးရာကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အိမ်သို့အမြန်ပြေးလာခဲ့သည်။ မိုးတွေက အတော်သည်းနေပြီဖြစ်ရာ ရေတွေက သူ့ဒူးခေါင်းကိုပင် မြှုပ်ချင်နေပြီဖြစ်သည်။ ပြန်လာရင်း လမ်းတွင် ခုနက ငိုနေသည့််ကောင်ကလေးကိုတွေ့လိုက်ရပြန်သည်။ ထိုကောင်လေးမှာ မိုးတွေစိုနေပြီး ရေတွေထဲ ငုတ်တုတ်ထိုင်နေလျက်ရှိသည်။
"ဟေ့ကောင်လေး၊ ငါနဲ့လိုက်မလား"
"မလိုက်ဘူး၊ ငါ့ကိုအမေလာခေါ်မှာ၊ ငါ့ကိုအမေပြန်လာခေါ်မှာ"
သက်လုံသက်ပြင်းချပြီး အိမ်သို့ပြန်ပြေးလာခဲ့တော့သည်။ လာရာလမ်းတွင် သူ့ဘဝအကြောင်းကိုပြန်တွေးနေမိသည်။ သက်လုံအိမ်ကတော့ လူများမသုံးဘဲစွန့်ပစ်ထားသည့် အထည်စများ၊ ဗီနိုင်းကြော်ငြာစများဖြင့် ပြုလုပ်ထားသည့် တဲကလေးများပင်ဖြစ်သည်။ ထိုတဲကလေးတစ်တဲအတွင်းသို့ သူလှမ်းဝင်လိုက်သည့်အခါ မကြာမီပင် တစ်ကိုယ်လုံးဆေးမင်ကြောင်များထိုးထားပြီး ပိန်ပိန်ပါးပါးနှင့် လူကြီးတစ်ယောက် တဲအရှေ့သို့လာရပ်သည်။
"ဟေ့ကောင်သက်လုံ၊ မင်းငါ့ကိုမပေးရသေးတာ သုံးရက်ရှိပြီနော်"
သက်လုံလည်းတဲအတွင်းမှထွက်ခဲ့သည်။
"ပေးပါ့မယ် ကိုကြီးဖြိုးရာ၊ ကျုပ်လည်း သိပ်အဆင်မပြေသေးလို့ပါ"
"အောင်မာ၊ မင်းလိုသူခိုးကများ အဆင်မပြေဘူးတဲ့လား၊ မလိုချင်ဘူးကွာ၊ မင်းပေးရင်ပေး၊ မပေးရင် မင်းတဲကိုငါဖျက်မယ်"
ကိုကြီးဖြိုးဆိုသည့်သူက သက်လုံတဲကိုလှမ်းဆွဲသဖြင့် တဲကလေးယိုင်သွားသည်။ သက်လုံက သူ့ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံကိုထုတ်လိုက်ရာ စုစုပေါင်း ပိုက်ဆံငါးထောင်ခန့်ရှိသည်။
"ရော့ဗျာ၊ ငါးထောင်ရှိတယ်၊ အဲဒါပဲယူထား"
ပိုက်ဆံခပ်နွမ်းနွမ်းများကို ကိုကြီးဖြိုးဆိုသူက သေချာရေတွက်ကြည့်သည်။
"မင်းမှာပိုက်ဆံရှိမှန်း ငါသိသားပေ၊ ဒါပေမယ့် မင်းမှာ အချိန်လေးရက်ပဲရှိတယ်၊ ငါ့နယ်မှာနေရင် တစ်ပတ်ကိုငါးထောင်ပေးရတယ်ဆိုတာ မင်းသိတယ်မဟုတ်လား"
သက်လုံခေါင်းညိတ်လိုက်သည်။ တဲအတွင်းသို့ပြန်ဝင်လိုက်ပြီး စိုနေသည့်အဝတ်အစားများကိုချွတ်လိုက်ကာ တန်းပေါ်တင်လိုက်သည်။ ထို့နောက် အဝတ်အစားအခြောက်များဝတ်ဆင်ပြီး တဲအတွင်းထိုင်နေလိုက်သည်။ သူ့နားထဲတွင်တော့ ညနေက တွေ့ခဲ့သည့် ကောင်ကလေး၏ ငိုသံကိုပြန်ကြားနေရသည်။
"သနားပါတယ်၊ သူလည်း ငါ့လိုပဲနေမှာ"
လွန်ခဲ့သည့် ရှစ်နှစ်လောက်က သူလည်းထိုကဲ့သို့ပင် မိုးရေထဲ ငိုယိုနေမိသည်။ သူ့အမေသေဆုံးပြီးတော့ ပထွေးဖြစ်သူက သူ့ကိုဒီနေရာကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ တောင်လိုမြင့်မားလှသည့်အမှိုက်ပုံကြီးများနှင့် ဝင်္ကပါကဲ့သို့ ကွေ့ကောက်နေသည့် လမ်းကြိုလမ်းကြားကလေးများရှိသည်မို့ ဒီနေရာကလေးမှာ ကလေးငယ်တစ်ဦးလမ်းပျောက်စေနိုင်သည့်နေရာကလေးဖြစ်သည်။ ထိုအချိန်မှစပြီး သူလည်းအခုလိုတစ်ယောက်တည်း ရုန်းကန်ရှာဖွေစားသောက်နေရခြင်းဖြစ်သည်။ ဒီအမှိုက်ပုံကြီးတွင် သူ့လိုမျိုးနေထိုင်သည့် ကလေးများ များစွာရှိသည်။ အစားအသောက်မမှန်၊ ဆေးမရှိဝါးမရှိနှင့် ဖျားနာကာသေဆုံးသွားရသည့် ကလေးများလည်း အလွန်များပြားလှသည်။ သေဆုံးသွားပါကလည်း မနေနိုင်သူတစ်ချို့က အလောင်းအားကောက်ယူပြီး အမှိုက်ပုံအောက်ခြေတွင် မြှုပ်နှံပေးလိုက်ကြလေသည်။
"ဂျိန်း"
မိုးက ထပ်ရွာရန်ပြင်ဆင်နေပြီဖြစ်သည်။ နောက်ဆုံးသက်လုံက ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး မိုးရေထဲ ပြေးထွက်လာခဲ့သည်။ အမှိုက်ပုံးနားအရောက်တွင် သူတွေ့ခဲ့သည့်ကောင်လေးက ခွေခွေကလေးမေ့မြောနေလေသည်။
"ဟာ၊ ဒုက္ခပဲ၊ သေများသေသွားပြီလားမသိဘူး"
သက်လုံက ထိုကောင်ကလေးကို စမ်းကြည့်လိုက်ရာ အသက်တော့ရှူနေသေးသည်။ စိတ်ထိခိုက်သည့်ဒဏ်၊ မိုးရေစိုသည့်ဒဏ်များကြောင့် မေ့မြောနေဟန်တူလေရာ သက်လုံလည်း မနိုင့်တနိုင်နှင့် ထိုကောင်ကလေးကို ထမ်းပိုးလိုက်ရသည်။ မိုးထဲရေထဲ တရွတ်တိုက်ဆွဲပြီးတော့ သူတဲကလေးအနီးသို့ရောက်လာခဲ့သည်။ သူတို့တဲတန်းကလေးတွင် တဲပေါင်းသုံးဆယ်ခန့်ရှိပြီး တဲတွင်နေထိုင်သူများမှာ အယောက်ခြောက်ဆယ်နီးပါးရှိသော်လည်း မိုးရေထဲ ထိုကောင်ကလေးကိုဆွဲလာသည့် သူ့အားဝိုင်းကြည့်နေကြလေသည်။
တဲထဲကိုဆွဲသွင်းပြီး ထိုကောင်လေး၏ အဝတ်အစားများကိုချွတ်ရသည်။ ထိုအခါ ထိုကောင်ကလေး၏ ကျောကုန်းနှင့် လည်ပင်းတစ်ဝိုက်တွင် အညိုအမည်းများ၊ အပ်ရာများကိုတွေ့ရသည်။ သူ့ထံတွင်ရှိနေသည့်အကျီအစုတ်ကလေးများကိုဝတ်ပေးလိုက်ပြီး စောင်အစုတ်ကြီးနှင့် ခြုံထားပေးလိုက်သည်။
"ဟင်း၊ ဟင်း၊ အမေ၊ အမေ"
ထိုကောင်ကလးက ညည်းညူနေသည်မို့ အဖျားတက်နေပြီမှန်းသိလိုက်သည်။ သက်လုံ သက်ပြင်းတစ်ချက်ချလိုက်ပြီး တဲအတွင်းတွင် မြှုပ်နှံထားသည့် သံဘူးကလေးကို ဆွဲထုတ်လိုက်သည်။
"မထူးတော့ပါဘူး၊ သူ့ကိုကယ်ရမှာပဲ"
သူစုဆောင်းထားသည့် ငွေကြေးများကိုထုတ်ယူလိုက်ကာ သူတို့တဲအိမ်တန်းကလေးနှင့် မလှမ်းမကမ်းရှိရပ်ကွက်ဆီသို့ပြေးလာခဲ့သည်။ ဆေးနှင့် ပေါင်မုန့်နှစ်လုံးဝယ်လာခဲ့ပြီး တဲဆီပြန်လာသည်။ ပေါင်မုန့်တစ်လုံးကသူ့ဖို့ဖြစ်ပြီး၊ နောက်တစ်လုံးကတော့ ကောင်လေးဖို့ဖြစ်သည်။ စတီးခွက်အစုတ်တစ်ခုကို တဲတံစက်မြိတ်အပြင် မိုးရွာနေသည့်နေရာသို့ထုတ်လိုက်သည်။ သည်းသည်းမည်းမည်းရွာနေသည့်မိုးရေများက ခွက်ကိုတစ်ခဏအတွင်း ပြည့်လျှံသွားစေခဲ့သည်။ ကောင်လေးပါးစပ်ထဲသို့ ဆေးလုံးကလေးကိုတိုက်လိုက်ပြီး ရေတိုက်လိုက်သည်။ သူဝယ်လာသည့် ပေါင်မုန့်ကလေးကိုစားရင်း ညည်းတွားနေမိသည်။
"သွားပြီ၊ ငါ့ရဲ့စုထားတဲ့ အရေးပေါ်ပိုက်ဆံတွေ တစ်ဝက်လောက်ကုန်သွားပြီ"
"အမေ၊ အမေ"
အော်သံကြားသဖြင့် သက်လုံနိုးထလာခဲ့သည်။ ကောင်လေးက ငုတ်တုတ်ထိုင်နေသည်။ ထို့နောက် သူ့ကိုကြည့်ရင်း
"အမေ၊ အမေဘယ်မှာလဲ"
သက်လုံခေါင်းခါပြလိုက်သည်။
"မင်းအမေက ဘယ်သူလဲကွ"
သက်လုံမေးလိုက်တော့ ထိုကောင်လေးက ကြောင်တောင်တောင်ဖြစ်နေသည်။
"အမေ၊ ကျုပ်အမေက ဘယ်သူလဲ၊ ကျုပ်အမေက ဘယ်သူလဲ"
သက်လုံသက်ပြင်းချလိုက်ရပြန်သည်။
"မင်းအမေကို မေ့ထားလိုက်ပါတော့ကွာ၊ မင်းတောင်မှ ကံကောင်းလို့မသေတာ"
"ကံကောင်းလို့ဟုတ်လား၊ ဒါနဲ့ မင်းက ဘယ်သူလဲ"
"ငါ့နာမည် သက်လုံ၊ နာမည်အရင်းတော့ ငါမမှတ်မိပါဘူးကွာ၊ ဒီနားကလူတွေက သက်လုံလို့ခေါ်ကြတယ်၊ ဒါနဲ့ မင်းနာမည်ရောဘယ်သူလဲ"
ကောင်လေးက တွေဝေနေပြီးနောက် ခေါင်းကိုဖြည်းဖြည်းချင်းခါသည်။
"ငါဘာမှ မသိဘူးကွ"
"ဟား၊ ဟား မင်းကဖျားပြီးတော့ နာမည်တောင်မေ့သွားတာလားကွာ၊ ထားလိုက်ပါ နာမည်က အရေးမကြီးပါဘူး၊ မင်းက ကံကောင်းလို့ မသေတာဆိုတော့ မင်းကိုငါ ကံကောင်းလို့ ခေါ်မယ်ကွာ"
"ကံကောင်းဟုတ်လား၊ ကံကောင်း"
"အေး၊ မင်းနာမည်ကံကောင်းပေါ့ကွာ၊ နောက်ထပ်လဲ ငါတို့အတူတူကံကောင်းပါစေကွာ၊ ဒီနေ့ကစပြီး မင်းကငါ့ညီဖြစ်သွားပြီ"
ကံကောင်းက ညစ်ပတ်ပေရေနေသည့် သက်လုံ၏ မျက်နှာကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"အကိုသက်လုံ"
"ညီလေးကံကောင်း"
"အကိုသက်လုံ"
"ညီလေးကံကောင်း"
သူတို့တစ်ယောက်နှင့််တစ်ယောက်ခေါ်သံများက တဲအိမ်တန်းကလေးများအတွင်း ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
အပိုင်း (၂) တွင်ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်