Part - 17
" ကျွန်မသမီးကို ကျွန်မ လာပြန်ခေါ်တာ။ "
ဒီစကားသည် ရာဇဘွားအတွက် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုပင်။ ဘာခနဲ အော်ဟစ်လိုက်သံနဲ့အတူ ပြင်းစွာသော ခြောက်ခြားကြောက်လန့်မှုတို့ကို ရာဇဘွားမျက်နှာတွင် ထင်းလင်းနေအောင် တွေ့လိုက်ရတာမို့ ကြွယ်အရသာရှိရှိကြီးကို စိုက်ကြည့်ကာ ပြုံးနေလိုက်သည်။
" မင်း.....မင်း ဘာပြောတယ် လှလွန်းကြွယ်...."
" မကြားလိုက်ဘူးထင်တယ်.....ကျွန်မသမီးလေးကို ကျွန်မလာပြန်ခေါ်တာ။ "
" ဘာကျွန်မသမီးလဲ......ဘာကျွန်မသမီးလဲကွ။ သမီးက ငါ့သမီး.....ငါရာဇဘွားရဲ့သမီး မင်းနဲ့မဆိုင်ဘူး။ "
သွေးရူးသွေးတန်းဖြင့် အော်ဟစ်ပြောဆိုနေသော ရာဇဘွားကို ကြွယ်က ခပ်အေးအေးလေး လက်ပိုက်ပြုံးကြည့်နေသည်။ သူဒီလို အရူးတစ်ပိုင်းဖြစ်နေတာကို မြင်ချင်တွေ့ချင်လွန်းခဲ့သည်။ ဒီလူ့ကို လက်စားချေမယ်ဆိုပြီး တွေးတောခဲ့ဖူးသည်အထိကို မုန်းတီးနာကြည်းခဲ့ရသည်။ သို့ပေမယ့် ကြွယ်ကိုယ့်ကိုကိုယ် ထိန်းနိုင်ခဲ့သည်။
ကြွယ့်ဘဝကြီးအဆုံးခံပြီး ပြန်လက်စားချေရအောင်ထိ ဒီလူက တန်ဖိုးရှိမနေ။ ကြွယ် ကိုယ့်ကိုကိုယ် ချစ်မှရမည်။ အခုတော့ ဒီလူ စကားလေးတစ်ခွန်းမှာပင် သွေးပျက်နေသည်။
" သမီးက ကြွယ်ကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတာပါ။ ရှင်လဲသမီးနဲ့ဒီအသက်အရွယ်အထိ နေလာခဲ့ရပြီပဲ.....ကျွန်မကအမေလေ။ ကျွန်မလဲ ကျွန်မသမီးနဲ့အတူ နေဦးမှာပေါ့။ "
" တော်စမ်းပါ.....ဘာအမေလဲ....ဒီမှာ ".
ရာဇဘွားက ရှေ့ကိုတိုးလာတော့ ကိုသောင်းမြင့်က ကြွယ့်ရှေ့မှပိတ်ရပ်လာ၏။
" ငါ့ဇနီးကို မင်းလက်ဖျားနဲ့ထိရဲရင်ထိကြည့်စမ်းပါ။ "
ရာဇဘွား အံ့အားသင့်သွားသလို ကြွယ့်ကိုငေးကြည့်လာ၏။ ပြီးမှတဟားဟားထရယ်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ.....
" လှလွန်းကြွယ်......လှလွန်းကြွယ်.....မင်းကငါ့သမီးကို ပထွေးလက်ထဲအပ်ချင်လို့ လာခေါ်တာလား ဟမ်....ဒါလားအမေ။ မင်းနောက်အိမ်ထောင်နဲ့သာယာပျော်ရွှင်နေတဲ့အချိန်မှာ ငါကငါ့သမီးကို အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်ခဲ့တာကွ။ "
ကြွယ့် ဒေါသတွေ ထိန်းမရတော့သလို အရှေ့မှ ကိုသောင်းကိုယ်ကြီးကို တွန်းဖယ်ရင်း....
" ရာဇဘွား.....ရှင် စကားပြောတာ အဆင့်မရှိလိုက်တာ။ ကျွန်မရှင့်ကြောင့် မသေခဲ့တာ ဒီလူကယ်လို့လေ....ရှင်မေ့နေပြီလား....ရှင် ကျွန်မအပေါ် ဘယ်လိုတွေလုပ်ခဲ့သလဲ....ဟမ်!"
ရာဇဘွားက မျက်နှာကိုမဲ့ရွဲ့ချလိုက်ရင်းမှ....
" တော်စမ်းပါ......မင်းကိုငါက ဘာတွေလုပ်ခဲ့လို့တုန်း။ ငါ့ကြောင့်လို့ပြောရအောင် မင်းကိုဓားနဲ့ထိုးတာ ငါမှမဟုတ်တာ....."
" ဘာ.....ရှင် ကျွန်မကို...."
" သမီးက အရေးကြီးတယ်လေ....သမီးလွတ်အောင် ငါပြေးခဲ့ရတာ....ငါ့ဆုံးဖြတ်ချက်မှန်လို့ ခုသမီးဒီအရွယ်ရောက်လာတာပေါ့....မင်းလဲအခုကောင်းနေတာပဲဟာ။ တကယ်ဆို မင်းငါ့ကို ကျေးဇူးတောင်တင်သင့်တာ.....။ ပြီးတော့ ဓားနဲ့ထိုးတာကလဲ သူ့တပည့်တွေ လုပ်လို့ မင်းသေမလိုဖြစ်ခဲ့တာလေ...ဒါကိုမင်းက သူနဲ့ယူလိုက်တယ်....မရှက်ဘူးလား။ "
ကြွယ့်မှာ ဘာပြန်ပြောလို့ပြောရမှန်း မသိအောင်ပင် ဆွံ့အ ကြောင်ကြည့်နေမိသည်။ ဒီလူဟာ သူ့ကိုယ်သူ မှားတယ်လို့ကို ထင်ပုံမရပေ။ ကိုသောင်းမြင့်က ရာဇဘွားကိုကြည့်ရင်းမှ ဘယ်လိုမှ ရပ်ကြည့်မနေနိုင်ပဲ ထပြော၏။
" ခင်ဗျားယောကျာ်းဖြစ်ပြီး စကားကိုမိန်းမလိုမိန်းမရ မပြောပါနဲ့လား ။ ကြွယ်လေးကို ခင်ဗျားပစ်ပြေးပြီး သမုဒယကျ...."
" သမုဒယ......အဲ့မိန်းမက ကျုပ်နဲ့လက်ထပ်ထားတာ မဟုတ်ဘူး။ ကျုပ်သမီးအတွက် ဘယ်သူမှတားဆီးခွင့် မပေးထားဘူး။ "
" အို! ဘာပဲဖြစ်ဖြစ် ကျွန်မသမီးကို ကျွန်မလာပြန်ခေါ်တာ။ "
ရာဇဘွား၏ မျက်နှာကတည်တင်းသွားသလို ခါးကြီးထောက်လိုက်ရင်း မျက်မှောင်ကြီးကျူံ့လျက်...
" ရမယ်ထင်ရင် လုပ်ကြည့်လိုက်လေ.....ငါ့သမီးကို လာထိရင် ငါဘယ်သူ့ကိုမှ သည်းမခံဘူး။ "
ကြွယ် အံလေးကို တင်းခနဲကြိတ်လိုက်မိသလို ခပ်မဲ့မဲ့လေးပြုံးပစ်၏။
" သမီးကို ဒီလောက်ချစ်ပါတယ်ဆိုတဲ့ အဖေက ကိုယ့်သမီး ဘယ်လိုလူနဲ့တွဲနေမှန်း သိရောသိရဲ့လား....ပါးစပ်ကပဲ ချစ်ပြမနေစမ်းပါနဲ့။ "
ရာဇဘွား ကြွယ့်ကို စူးခနဲစိုက်ကြည့်မိသလို သူ့ရုံးခန်းထဲမှထွက်သွားကြသည်ကို ခါးကြီးထောက်လျက်သား ရပ်ကြည့်ကျန်နေခဲ့၏။ ရာရာစစ....သူနဲ့သူ့သမီးကို ခွဲချင်နေသေးသည်။ လှလွန်းကြွယ်.....လှလွန်းကြွယ် ငါ့သမီးအတွက်ဆို မင်းကို တစ်ကြိမ်မဟုတ်ဘူး အကြိမ်ပေါင်းထောင်သောင်းမက တွေဝေခြင်းမရှိပဲ စွန့်ပစ်နိုင်တာ မသိသေးဘူးနဲ့တူတယ်။
@@@@@@@@@@@@
" သမီးမိန်းကလေးကွ....ဘယ်သွားမယ် ဘာလုပ်မယ်တော့ မေးထားရမှာ မင်းမသိဘူးလား။ အခုပဲ ညမိုးချုပ်တော့မယ်... ငါ့သမီးကို ဂရုစိုက်ကြပါ ဂရုစိုက်ကြပါ အတန်တန်မှာတယ်။ တောက်! အကုန်လုံး တစ်ယောက်မှကို အသုံးမကျဘူး။ "
သမုဒယ သက်ပြင်းချလိုက်မိသလို အလုပ်ကပြန်ရောက်လာသည်နှင့် သူ့သမီးကို မတွေ့၍
ဆူညံပြဿနာရှာနေသည့် ရာဇဘွားကို ငေး၍သာကြည့်နေမိသည်။ တစ်အိမ်လုံးမှ အလုပ်သမားတွေလဲ ငြိမ်ကုတ်နေကြသလို သမုဒယကိုယ်တိုင်လဲ ငြိမ်နေလိုက်၏။ သူ့သမီးနဲ့ ပက်သက်လျှင် ဖက်ပြိုင်ငြင်းလို့ကောင်းသည့်လူမှ မဟုတ်ပဲ။
" ဆူညံနေတာပဲ ရာဇဘွားရယ်.... မင်းသမီးကို မင်းပဲအလိုလိုက်ထားတာလေကွယ်။ ဘယ်သူက မင်းသမီးဆရာမကြီးကို ဘယ်သွားမယ်၊ဘာလုပ်မယ် မေးရဲမှာတုန်း။ "
ဒေါ်ပုလဲသီက အခန်းထဲမှထွက်လာသလို ဆူပြောတော့ ရာဇဘွားတစ်ယောက် ရှူးရှူးရှဲရှဲဖြစ်သွားရသည်။
" အမေကလဲဗျာ... ပြောလိုက်ရင် ကျွန်တော်သမီးကို အလိုလိုက်တယ်၊အလိုလိုက်တယ်နဲ့။ မိတဆိုးသမီးလေးပါ.....ဒီအဖေပဲ သူ့မှာရှိတာ။ "
စကားများနေကြစဥ်မှာပင် ကားသံနဲ့အတူ ခြံထဲဝင်လာသည့် ကားလေးပေါ်မှ ချစ်သမီးတစ်ယောက် ဆင်းချလာ၏။ ရာဇဘွား သမီးဖြစ်သူဆီ ရောက်သွားသလို ....
" သမီး......ညမိုးချုပ်တော့မယ်။ အခုဘယ်ကပြန်လာတာလဲ။ "
ချစ်သမီးပုံစံလေးက အဖြေရကြပ်သွားသလို ပြီးမှ ဟန်ဆောင်ပြုံးရင်း ဖအေလက်မောင်းကို ချိတ်ဆွဲလာသည်။
" ဖေကြီးကလဲ.....သမီးက သမီးသူငယ်ချင်း ခင်ကြီးတို့ဆီ သွားနေတာပါ။ ဖေကြီးမကြိုက်ရင် သမီးနောက်ဆို စောစောပြန်လာမယ်နော်။ "
သမီးဖြစ်သူက မျက်နှာလေးငယ်ရင်း လေပြေထိုးပြောလာတော့လဲ ဒီအဖေမှာ မဆူရက်နိုင်တော့ပြန်ပေ။
" ကဲပါ......သမီးရေမိုးချိုးလိုက်ဦး။ ပြီးရင် ဖေကြီးနဲ့ထမင်းအတူစားကြမယ်။ "
" ဟုတ်... "
ရာဇဘွား အပေါ်တက်သွားသည့် သမီးဖြစ်သူကိုလိုက်ကြည့်ရင်း သက်ပြင်းချမိသည်။ လှလွန်းကြွယ် သမီးလေးအနားကို ရောက်လာမှာ သူစိုးရိမ်သည်။ ပြီးတော့ သမီးနဲ့တွဲနေပါတယ်ဆိုတဲ့ကောင်လေး...သူစုံစမ်းဦးမှပါပဲ။
------------
" ဘာပြောတယ်....လောင်းကစားသမား ဟုတ်လား။ "
" ဟုတ်ပါတယ် ဆရာ။ အဲ့ဂျော်နီဆိုတဲ့ကောင်လေးက အတော်ရိုင်းတဲ့အထဲပါပါတယ်။သူ့မိဘတွေတောင် မနိုင်လို့လွှတ်ထားရတာ.....ဖဲကစားတာ၊လေးကောင်ဂျင်ဝိုင်းတာ ၊ရွှေဘောလုံးထိုးတာ အစုံလုပ်တာပါ။ "
တပည့်ဖြစ်သူ စုံစမ်းသိလာရသည့်သတင်းက သူ့ရင်ကို ပူစေ၏။ သမီးက ဘယ်လိုဖြစ်ပြီး ဒီလိုကောင်လေးကိုများ.....။
" ပြီးတော့ မိန်းမရှုပ်တယ်လို့လဲ ကြားရတယ် ဆရာ။ "
ဘုရား.....ဘုရား။
သူ့ရင်တွေပူလိုက်တာ။ မဖြစ်ဘူး.....သူ ဒီအတိုင်းနေလို့ မဖြစ်တော့သလို သမီးကို ဒီလိုကောင်မျိုးနဲ့လုံးဝ သဘောမတူနိုင်ပေ။ မရရအောင်ကို ခွဲရမည်။
@@@@@@@@@@@
" ချစ်သမီး.....ဖေကြီးပြောနေတယ်။ အဲ့ကောင်လေးနဲ့ ဖေကြီးလုံးဝ သဘောမတူဘူး။ "
ဖခင်ဖြစ်သူဆီမှ ကန့်ကွက်စကားကြောင့် ချစ်သမီးမျက်နှာလေးက မှုန်ကုတ်နေ၏။ ဘယ်ကဘယ်လို မဟုတ်သည့်စကားတွေ ကြားလာမှန်းမသိပဲ ကိုကို့မကောင်းကြောင်းတွေကို စီကာပတ်ကုံး လာပြောပြနေသည်။ ဒီကြားထဲ ဖွားဖွားကလဲ အပိုတွေလုပ်ကာ ရင်ဘတ်တဖိဖိ အမလေး အမလေးနှင့် အမှုကို ပိုမကြီးကြီးအောင် လုပ်ပြနေသည်။
" အမလေး.....အမလေး....ချစ်သမီးရယ်။ ဒီလိုလူမျိုးကို နင်ဘယ်လိုများ ရွေးခဲ့တာတုန်း။ လောင်းကစားမက်တဲ့အပြင် မိန်းမကလဲရှုပ်သေးတယ်။ "
ချစ်သမီး ကျစ်ခနဲစုပ်သပ်လိုက်ရင်းမှ....
" ဖွားဖွား ဘာမှမသိပဲ ဝင်မပြောစမ်းပါနဲ့။ ဘာလောင်းကစားမက်တာလဲ။ ကိုကိုက အပျော်သဘောနဲ့ အပျင်းပြေဆော့တာပါ။ မိန်းမလဲ မရှုပ်ဘူး.....အကုန်ရှင်းပြပြီးသား။ လူတွေကိုက မဟုတ်တာ။ "
ချစ်သမီးသည် ချစ်ဆိပ်ကလေးကရှိနေပြီမို့ နှစ်ယောက်သားကို ခွဲရန်ကြိုးစားကြလာသည်ကို မနှစ်သက်။ ငယ်ဂုဏ်နှင့် အယုံလွယ်မှုတို့ကြောင့်ရော ရေအိုင်ထဲကဖားသူငယ်ပမာ ကိုယ်ပဲအသိဆုံး၊အတတ်ဆုံးထင်ကာ ကန့်ကွက်စကားပြောဆိုသူတွေကို ရန်သူပမာမှတ်ထင်၏။
" သမီး....ဖေကြီး ပြောစကားကို နားထောင်စမ်း။ ဖေကြီးသမီးလေးကို ရွှေပေါ်မြတင်ထားလာတာ ဒီလိုကောင်စားမျိုးအတွက် မဟုတ်ဘူး။ ဒီနေ့ကစပြီး အပြင်လုံးဝ မထွက်ရဘူး။ "
" ဖေကြီး.....အဟင့်...ဟင့်....ဖေကြီးကိုမုန်းတယ်....မုန်းတယ် ။ "
ငိုရှိုက်၍ အပေါ်ထပ်ပြေးတက်သွားသည့် သမီးဖြစ်သူကိုကြည့်ရင်း လိုက်သွားရန် မူမူ့ကို လှမ်းစိုက်ကြည့်လိုက်၏။ သူအတော် စိတ်ပူပန်ရပြီဖြစ်သည်။ လှလွန်းကြွယ် သမီးအနားရောက်လာမှာကိုလဲ ပူသလို ဒီဂျော်နီဆိုသည့်ကောင်နှင့် ငြိစွန်းမှာကိုလဲ သေမတတ်စိုးရိမ်၏။
သူ့သမီးလေးကို သူဘယ်လိုပြုစုပျိုးထောင်ခဲ့ရသလဲ။ ဘယ်လောက်တောင် တန်ဖိုးရှိတဲ့ ကလေးလဲ။ သူ့ဘဝ၊သူ့အသက်ဟာ ဒီကလေးပင်။ သမီးသူ့ဘဝထဲ ရောက်လာသည့်အချိန်ထဲက သမီးအတွက်ပဲ သူရှင်သန်ခဲ့သည်။
ဆင်စီး၍မြင်းရံတာပဲ မြင်ချင်သလို တကယ့်အမျိူးကောင်းသားလေးနဲ့သာ ရစေချင်သည်။ သမီးကို တန်ဖိုးထားပြီး ချစ်မြတ်နိုးခံရစေချင်သည်။
-------------
" သွား.....ထွက်သွားကြ...မစားဘူးလို့ပြောနေတယ်။ "
အပေါ်ထပ်မှ ဆူညံသံတွေကြောင့် ရာဇဘွား သက်ပြင်းချမိသလို စိတ်ထိခိုက်စွာ ကုလားထိုင်ပေါ်ထိုင်ချမိ၏။ မျက်နှာကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း အတွေးတွေက ယောက်ယက်ခတ်နေ၏။ သမီးကို သူအိမ်ထဲမှာပင် ထားထားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သလို သမီးကလဲ ဘာမှမစားမသောက်ပဲ သူ့ကိုဆန္ဒပြနေ၏။
" မောင်......ဆေးသောက်လိုက်ဦးနော်။ "
သမုဒယ မောင့်ပုံစံကိုကြည့်ရင်း စိတ်မောမိသည်။ အသက်ကြီးတော့ အားနည်းလာသလို အရင်ကလို အမောအပန်းသိပ်မခံနိုင်တော့ပေ။ ရာဇဘွား ဆေးသောက်ပြီး ခဏနားကာ အိမ်ပေါ်ထပ်တက်လာခဲ့၏။ အခန်းထဲဝင်ရန်ပြင်ပြီးခါမှ စိတ်မချတာရော ငြိမ်လွန်းနေတာမို့ပါ သမီးအခန်းရှေ့လျှောက်လာရင်း သူအခန်းတံခါးကို တွန်းဖွင့်လိုက်၏။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲလှိုက်ခနဲ ဖြစ်သွားသလို ခေါင်းထဲပါ မိုက်ခနဲဖြစ်သွားရ၏။ ဘေးနားပုလင်းတစ်ခုနှင့် လဲကျနေသည့်သမီးကို မြင်တွေ့လိုက်ရသည့်အချိန် သူ့မျက်စိတွေပြာထွက်သွားရရင်း.....
" သမီး....."
@@@@@@@@@@@@@@@@@@@@@@
To be continue P - 18
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ