အပိုင်း (၂)(ဃ)
သက်လုံတစ်ယောက် တစ်ယောက်တည်းအဖော်မဲ့စွာ နေထိုင်နေရာမှာ ကံကောင်းရောက်လာသည့်အခါ သူတို့အဖော်ရသွားတော့သည်။ သက်လုံက သူ့အား သူတို့အမှိုက်ပုံဝန်းကျင်နှင့် ရပ်ကွက်အတွင်းလိုက်လံပြသသည်။ ကံကောင်းကတော့ သူ့ခေါင်းထဲဘာဆိုဘာမှ သိပ်မမှတ်မိတော့ပေ။ သက်လုံလို အကိုတစ်ယောက် ရရှိခဲ့သည့်အတွက် သူလည်းပျော်ရွှင်ရသည်။
"အသက်ရှင်သန်ဖို့ဆို အလုပ်လုပ်ဖို့လိုတယ်ကွ ကံကောင်းရ"
သူတို့အထုပ်တွေယူပြီးတော့ အမှိုက်ပုံကြီးအနားသို့ကပ်ခဲ့သည်။ အမှိုက်ပုံကြီးအနီးတွင် လူကြီးလူငယ်များက မတ်တပ်ရပ်ကာ စီတန်းနေကြသည်။ မကြာခင်တွင် အလွန်ကြီးမားသည့် အမှိုက်ကားကြီးများရောက်လာလေသည်။ အမှိုက်ကားကြီးများက အတန်းလိုက်မောင်းနှင်လာပြီး အစီးနှစ်ဆယ်ခန့်ရှိမည်ထင်သည်။ နောက်တော့ တစ်နေရာတွင်ရပ်လိုက်ပြီး ကားဖင်ကြီးများကိုထောင်ချလိုက်ရာ အမှိုက်များပုံကျလာလေသည်။ ထိုအခါ စောင့်နေသည့်သူများက ညာသံပေးပြီး ထိုအမှိုက်ပုံဆီသို့ပြေးသွားကြလေသည်။ ဝင်္ကပါမြို့အတွင်းမှ တစ်နေ့စာစွန့်ပစ်လိုက်သည့် အမှိုက်များအတွင်းမှ ဘူးခွံတွေ၊ ပုလင်းခွံတွေ ရွေးချယ်ကောက်ကြရသည်။
"ပုလင်းတို့ သံဘူးတို့ ဦးစားပေးကောက်ကွ"
ကံကောင်းလည်း ကောက်ယူနေမိသည်။ ထိုအခါ မိန်းမကြီးတစ်ဦးက ကံကောင်းအနီးသို့လာကာ ကံကောင်းကောက်ထားသည့်အိတ်ကိုဆွဲယူလေသည်။
"ဟဲ့ကောင်လေး၊ နင့်ဟာတွေ ငါ့ကိုပေးစမ်း"
ထိုအခါ သက်လုံကပြေးလာပြီး ထိုမိန်းမကြီးလက်ထဲမှ ပလုံးထုပ်ကိုပြန်ဆွဲယူသည်။
"ဟေ့ကောင်မကြီး ခင်ဗျားမယုတ်မာနဲ့နော်၊ ဒါ ကျုပ်ညီရဲ့ဟာ"
ထိုအခါ လူကြီးတစ်ယောက်က ပြေးလာပြီး သက်လုံကိုတွန်းထုတ်လိုက်ရာ သက်လုံလည်း ဖင်ထိုင်လျက်သားလဲကျသွားသည်။ ကံကောင်းက ဒေါသထွက်ပြီးထိုလူကြီးဆီကိုပြေးသွားတော့ သက်လုံက ကံကောင်းလက်ကိုဆွဲထားသည်။ ထိုလူကြီးက သူတို့ကိုလှောင်ပြောင်သည့်အပြုံးနှင့်ကြည့်သည်။
"ဘာလဲ မင်းတို့က ငါနဲ့ချချင်လို့လားကွ၊ လာစမ်းပါ"
သက်လုံက ကံကောင်းလက်ကိုဆွဲထားလိုက်သည်။
"မလုပ်နဲ့ကံကောင်း၊ ဒီလူကြီးကို ငါတို့နှစ်ယောက်အားနဲ့မနိုင်ဘူးကွ၊ လာစမ်းပါ၊ သွားရအောင်"
"ဒီလူကြီးမတရားဘူးဗျာ၊ ကျုပ်တို့ကလေးဟာကိုတောင် လုတယ်"
"မင်းမှတ်ထားကံကောင်း၊ ဒီအမှိုက်ပုံမှာက လူကြီးတို့ ကလေးတို့မရှိဘူးကွာ၊ ငါတို့အားလုံးဟာ လူတွေချည်းဘဲ၊ လူတွေဆိုတော့ ရုန်းကန်စားသောက်ဖို့ပဲ စိတ်ထဲရှိကြတာကွ၊ မင်းဆီမှာပိုက်ဆံရှိတယ်ဆိုရင် မင်းဆီကနေလုမယ်၊ မင်းကိုသတ်ဖို့လည်း ဝန်မလေးကြဘူးလေ"
"ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ"
သက်လုံက ကံကောင်းပုခုံးကိုဖက်လိုက်သည်။
"မပူပါနဲ့ကွာ၊ လူရှင်းတဲ့နေရာသွားကောက်မယ်ကွာ၊ အရနည်းပေမယ့် စားလောက်ပါတယ်၊ နောက်ပြီးတော့ ငါ့ညီကိုတစ်ခုပြောထားရဦးမယ်၊ ငါက ပလုံးကောက်စားတဲ့ကောင်မဟုတ်ဘူးကွ"
"ဒါဆိုရင် ဘာလုပ်တာလဲ"
"မင်းတစ်နေ့တော့ သိပါလိမ့်မယ်ကွာ၊ လာကွာ သွားရအောင်"
ကံကောင်း၏ ပုခုံးကို သက်လုံကဖက်လိုက်ပြီး လူများလုယက်ကာ အမှိုက်ကောက်နေသည့်နေရာမှ သူတို့ထွက်လာခဲ့သည်။ သုံးရက်ခန့်အကြာတွင်တော့ သူတို့တဲသို့ပြန်လာရာ အမှိုက်ပုံထိပ်တွင် လူတစ်ဦးက ထိုင်စောင့်နေလေသည်။
"ကို၊ ကိုကြီးဖြိုး"
"ဘယ်လိုလဲကွ သက်လုံရ မင်းမေ့နေပြီလား"
"မမေ့ပါဘူးဗျာ၊ ဒါပေမယ့် လေးရက်မပြည့်သေးဘူးမဟုတ်လား"
"အေးပါကွ၊ ငါက မင်းမေ့နေမှာစိုးလို့ပြောတာ"
သူတို့လည်းထိုအရှေ့မှထွက်လာကြသည်။ သက်လုံတစ်ယောက်စိတ်ညစ်နေမိသည်။ ကိုကြီးဖြိုးဆိုသူကို ပေးဖို့က ငွေလိုနေပြီဖြစ်သည်။ သူ့ထံတွင် စုဆောင်းထားသည့် ငွေများရှိသော်လည်း ထိုငွေများကို မထိရက်သေးပေ၊ ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရသည်။ ထိုညတော့ သူနှင့်ကံကောင်းတို့ ဝယ်လာသည့်ထမင်းထုပ်ကို တစ်ယောက်တစ်ဝက်မျှဝေစားသောက်ပြီးနောက် အမှိုက်ပုံကြီးပေါ်သို့ပြေးတက်လာခဲ့သည်။ နှစ်ပေါင်းများစွာ အမှိုက်များကိုစုပုံထားသည့် အမှိုက်ပုံကြီးမှာ တောင်ကြီးတစ်ခုနီးပါး မြင့်မားလှသည်။
အမှိုက်ပုံထိပ်ကိုရောက်သောအခါ လသာနေသည့် ကောင်းကင်ပြင်ကြီးကိုမြင်တွေ့ရသည်။ အမှိုက်နံ့များသင်းနေသည့် လေက သူတို့ကိုတဖြူးဖြူးတိုက်ခတ်နေလေသည်။ မြို့ကြီးဆီသို့လှမ်းကြည့်လိုက်ရာ မိုးမျှော်တိုက်များ၏ ထိပ်ပိုင်းများကိုတွေ့ရသလို နီယွန်မီးရောင်များက ကောင်းကင်ကြီးတစ်ခုလုံးကို ထွန်းညှိထားသလိုဖြစ်နေသည်။
"မင်းကိုငါတစ်ခု တိုင်ပင်ချင်လို့ ဒီကိုခေါ်လာတာပဲကံကောင်း၊ တို့တဲမှာပြောနေရင် ဘေးနားကတဲက အမူးသမားလင်မယား ကြားသွားမှာစိုးလို့ကွ"
"ပြောလေ အကိုကြီး"
"ငါတို့မနက်ဖြန်အလုပ်တစ်ခုလုပ်ရမယ်"
"အလုပ်၊ ဟုတ်လား ဘာအလုပ်လဲ အကိုကြီးရဲ့"
သက်လုံက ကံကောင်းပုခုံးပေါ်ကိုလက်တင်လိုက်ပြီး ကံကောင်းနားရွက်များအနား သူ့နှုတ်ခမ်းကိုကပ်လိုက်သည်။
"ငါတို့လုပ်မယ့်အလုပ်က အရမ်းအရေးကြီးတဲ့အလုပ်ပဲ၊ မနက်ဖြန်ကျရင် မင်းငါပြောတဲ့အတိုင်းလုပ်ရမယ်ကံကောင်း၊ ငါတို့အောင်မြင်သွားရင် ငွေတွေအများကြီးရလိမ့်မယ်၊ ဒီအလုပ်က အရမ်းအန္တရာယ်များလို့ ငါတောင်မှ ခြောက်လတစ်ခါလောက်ပဲ လုပ်တာကွ"
"စိတ်ချပါ အကိုကြီးရာ ကျုပ်သေချာလုပ်ပါ့မယ်"
သူတို့အမှိုက်ပုံပေါ်မှပြန်ဆင်းမည်လုပ်လိုက်စဉ် သက်လုံက မီးရောင်များကိုမြင်တွေ့ရသဖြင့် ကံကောင်းအားဆွဲပြီး အမှိုက်များပေါ်တွင် မှောက်နေလိုက်သည်။
"ဘာဖြစ်တာလဲအကိုကြီး"
သူတို့နှစ်ယောက်ပုန်းအောင်းပြီး အမှိုက်ပုံပေါ်မှကြည့်နေလေသည်။ ထိုအခါ မျက်နှာဖုံးတပ်ထားသည့်လူကြီးများက ရပ်ကွက်အတွင်းလိုက်လံလှည့်လည်နေသည်ကိုတွေ့ရသည်။ ထိုလူကြီးများလာသည့်အခါ ရပ်ကွက်အတွင်းမှ လူကြီးများ၊ ကလေးများအကုန်ထွက်ပြေးကြလေသည်။ ထိုလူကြီးများက အိမ်တစ်ခုအတွင်းသို့ဝင်ရောက်သွားပြီး အသက်ငါးနှစ်အရွယ်လောက်ရှိမည့် ကလေးငယ်လေးတစ်ယောက်ကိုဆွဲခေါ်လာသည်။ ထိုအိမ်အတွင်းမှ ကလေးအမေဖြစ်သူက ထွက်လာသည့်အခါ ကလေးအမေဖြစ်သူကို ဝိုင်းဝန်းကန်ကျောက်ကြသည်။ ထို့နောက် သေနတ်နှင့်ပစ်ခတ်လိုက်ရာ ထိုကလေးအမေမှာ လဲကျသွားလေသည်။
"သူတို့က ဘာတွေလဲ"
"သူတို့ကို အဖြူကောင်တွေလို့ခေါ်တယ်ကွ၊ ဘာလဲတော့ ငါတို့မသိဘူး၊ အဲဒီလိုပဲ ကလေးတွေကို လိုက်ဖမ်းနေတတ်တယ်၊ ကိုကြီးဖြိုးပြောဖူးတာကတော့ အဲဒီအဖြူကောင်တွေအဖမ်းကို မခံရစေနဲ့တဲ့ကွ၊ အဖမ်းခံရရင် ငါတို့တွေးနိုင်တာထက် ပိုဆိုးတဲ့အဖြစ်တွေ ဖြစ်လာမယ်ဆိုပဲ"
အမှိုက်ပုံကြီးပေါ်မှနေ၍ ရပ်ကွက်ကလေးကို အပေါ်စီးမှမြင်နေရသည်။ အဖြူရောင် ပလတ်စတစ်ဝတ်စုံများဝတ်ထားကာ မျက်နှာဖုံးများတပ်ဆင်ထားသည့်လူကြီးများမှာ ကလေးငယ်များကို လိုက်လံဖမ်းဆီးကြသည်။
"သူတို့သေနတ်တွေက လူမသေဘူးကွ၊ သေနတ်အထဲမှာ မေ့ဆေးကျည်ထည့်ထားတယ်ပြောတယ်"
"သူတို့က ကလေးတွေကိုဖမ်းပြီးတော့ ဘာလုပ်တာလဲအကိုကြီး"
သက်လုံခေါင်းခါလိုက်သည်။
"အဲဒါတော့ ငါလည်းမသိဘူးကွ"
ထိုစဉ် အဖြူရောင်ဝတ်ထားသည့် လူကြီးခြောက်ယောက်မှာ သူတို့တဲတန်းကလေးဆီသို့လာခဲ့ကြသည်။
"ဟိတ်၊ ဒီထဲမှာ လေလွင့်နေတဲ့ ကလေးတွေရှိရင်ထွက်လာခဲ့"
ထိုအခါ သူတို့တဲနံဘေးရှိ တဲအတွင်းမှ မိန်းမတစ်ယောက်ထွက်လာသည်။ ဆံပင်များစုတ်ဖွာနေပြီး ပိန်ချုံးစုတ်ပြတ်နေသည်။
"ဟောဒီဘေးအိမ်မှာ ကောင်လေးနှစ်ယောက်ရှိပါတယ်၊ သူတို့ကိုဖမ်းသွားပါ"
အဖြူရောင်လူကြီးများက သူတို့တဲကလေးကို မွှေနှောက်ရှာဖွေလေသည်။
"မင်းပြောသလိုမရှိပါလား"
"ဒါဆို ကျွန်မကို ငါးထောင်ပေးပါ၊ သူတို့ရှိတဲ့နေရာကို ပြောပြမယ်"
အဖြူရောင်ဝတ်စုံလူကြီးများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် ထိုမိန်းမကြီးထံသို့ တစ်သောင်းတန်တစ်ရွက်ပေးလိုက်သည်။ ထိုမိန်းမကြီးက ပိုက်ဆံကိုယူကာ ပြုံးလိုက်သည်။
"ခုနက သူတို့ထမင်းစားပြီး အမှိုက်ပုံကြီးပေါ်ကိုတက်သွားကြတယ်"
ထိုလူကြီးများက အမှိုက်ပုံပေါ်သို့မော့ကြည့်ရာ သူတို့နှစ်ယောက်ပုန်းအောင်းနေလိုက်သည်။
"တောက်၊ ဒီအရက်မူးသမားကတော့ ငါတို့ကိုချောက်ချပြီ"
"ဟုတ်တယ်နော်၊ တကယ်ဆိုရင် ကျုပ်တို့က သူတို့နဲ့ဘဝတူတွေ၊ အတူတူနေတဲ့သူတွေမဟုတ်လား"
"ငါပြောပြီးသားပဲ ညီလေးရာ၊ သူတို့က ငွေရမယ်ဆိုရင် ကိုယ့်သားသမီးတောင်မှ ပြန်သတ်ဖို့ဝန်လေးတဲ့သူတွေမဟုတ်ဘူးကွ"
အမှိုက်ပုံပေါ်သို့ လူများတက်လာသည့်အသံကြားရသည်။ သူတို့လည်း အမှိုက်များပေါ်တွင် တွားသွားပြီးပုန်းအောင်းနေရသည်။ မကြာမီသူတို့နှစ်ယောက်အပေါ်သို့ ဓါတ်မီးရောင်များ ဖြာကျလာလေသည်။
"ဟေ့ကောင်လေးတွေ၊ မပြေးနဲ့၊ ငါတို့နဲ့လိုက်ခဲ့"
ထိုအခါ သူတို့နှစ်ယောက်လည်း ထပြေးတော့သည်။ ခြေဦးတည့်ရာပြေးလွှားရင်း နောက်ဆုံးတွင်တော့ အမှိုက်ပုံကြီးအစွန်ဆီသို့ရောက်လာခဲ့သည်။ အမှိုက်ပုံကြီးက တောင်ကြီးလိုမြင့်မားနေသည်။ အနောက်မှ လူကြီးများကလည်း သူတို့နှင့်တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ ထိုအခါ သက်လုံက ကံကောင်းကိုဆွဲဖက်လိုက်ပြီးနောက်
"မျက်စိမှိတ်ထားလိုက်"
ထိုသို့ပြောကာ အမှိုက်ပုံကြီးပေါ်မှ လှိမ့်ချလိုက်တော့သည်။ အမှိုက်ပုံအဟောင်းကြီးဖြစ်ရာ ပလတ်စတစ်အိတ်များမှတစ်ပါး ကျန်သည့်အမှိုက်များအားလုံးမှာ ဆွေးမြေ့သွားပြီဖြစ်သည့်အတွက် အိစက်ညက်ညောသည့် မွှေ့ယာကြီးတစ်ခုနှင့်ပင်တူနေသည်။ သူတို့သိပ်မနာမကျင်ဘဲ အမှိုက်ပုံအောက်ခြေသို့လိမ့်ကျသွားသည်။ အမှိုက်ပုံအောက်ခြေတွင် ရေမြောင်းကြီးတစ်ခုရှိရာ ထိုရေမြောင်းကြီးအတွင်းသို့ ကျသွားလေသည်။ အနောက်မှ လူကြီးများကလည်း ဆင်းလိုက်ဖို့လုပ်သည်။
"မလိုက်ကြနဲ့တော့၊ အဲဒီရေတွေက ညစ်ညမ်းမှုအဆင့်် ဂိတ်ဆုံးကွ၊ ငါတို့ဝတ်ထားတဲ့အကာအကွယ်တွေ ပျက်စီးသွားလိမ့်မယ်"
မြောင်းကြီးအတိုင်း သက်လုံတို့ကူးခတ်လာခဲ့သည်။ မြောင်းမှာ ရင်ခေါင်းလောက်သာနက်သဖြင့် သူတို့ခြေထောက်တွေ မြောင်းအောက်ခြေကိုထောက်ပြီး လျှောက်လှမ်းခဲ့သည်။ မြောင်းရေများမှာ အလွန်အနံ့အသက်ဆိုးပြီး ပျစ်ချွဲနေလေသည်။ နောက်ခပ်လှမ်းလှမ်းရောက်တော့မှ မြောင်းပေါ်သို့တက်လိုက်ကြသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသူများမှာ အလုံပိတ်ကားကြီးများအတွင်းသို့ ကလေးများကိုထည့်လိုက်ကြပြီးနောက် မောင်းနှင်ထွက်ခွာသွားကြလေသည်။
"ဟူး၊ မိသွားလို့ကတော့ မလွယ်ဘူး"
သူတို့နှစ်ယောက် ငုတ်တုတ်ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ပြေးလွှားထားရသဖြင့် လူကမောပန်းနေလေသည်။
"ငါတို့တဲကလေးတော့ သွားပါပြီကွာ၊ ငါတို့ပြန်ဆောက်ရတော့မယ်"
သူတို့နှစ်ယောက် တဲဆီသို့ပြန်လာခဲ့ကြသည်။ တဲအပြင်တွင် အရက်သမားမိန်းမကြီးက ခွေခွေကလေး လဲနေလေသည်။ ထို့နောက် ညည်းညူကာ လူးလွန့်နေပြန်သည်။
"ကောင်းတယ်၊ ကျုပ်တို့ကိုခင်ဗျား ညွှန်ပြတာမဟုတ်လား၊ ကျုပ်တို့ကိုမမိတော့ ဟိုလူတွေက ခင်ဗျားကိုရိုက်သွားတာပေါ့၊ နည်းတောင်နည်းသေးတယ်"
ပြိုပျက်လုနီးပါးဖြစ်နေသည့် တဲကလေးကို သူတို့နှစ်ယောက် ပြန်လည်ပြုပြင်လိုက်ကြရသည်။
(ဃ)
နောက်တစ်နေ့မနက်စောစော သူတို့အမှိုက်ပုံတဲကလေးမှထွက်လာခဲ့ကြသည်။ သူတို့တဲအုပ်စုတွင် နေထိုင်ကြသူများက ပျံကျများ၊ အချောင်သများ၊ လူဆိုးလူမိုက်လူပျင်းများသာဖြစ်ကြရာ ငွေအကြောင်းကြားလျှင် လူသတ်ပြီးငွေကိုလုရန် ဝန်မလေးသူများဖြစ်ကြသည်။ ဝင်္ကပါကဲ့သို့ ကျဉ်းမြောင်းပြီး ကွေ့ကောက်နေသည့် လမ်းကလေးများအတိုင်း သူတို့လျှောက်လာကြပြီးသော် နောက်ဆုံးတွင် တံတိုင်းကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ အုတ်တံတိုင်းကြီးမှာ ပေသုံးဆယ်ခန့်မြင့်မားပြီး သံဆူးကြိုးများနှင့်လည်း ကာရံထားသည်။ တံတိုင်းကြီးကို ကြည့်လိုက်ရာ မျက်စိတစ်ဆုံးပင်ဖြစ်သည်။ ထိုတံတိုင်းကြီးနှင့် လူနေအိမ်များအကြားတွင်တော့ ပေတစ်ထောင်ခန့်ကျယ်ဝန်းသည့် ကိုင်းတောကြီးများရှိသည်။ သူတို့လည်းကိုင်းပင်များအကြားတွင် တိုးလာခဲ့ရာ မကြာခင်တွင် အရှေ့တွင်ယင်စိမ်းကြီးများ တဝီဝီပျံသန်းနေသည်ကိုတွေ့လိုက်ရသည်။ ထိုအနီးရောက်သည့်အခါ အပုပ်နံ့က ထောင်းခနဲရလိုက်သဖြင့် ကံကောင်းတစ်ယောက် အန်ချင်သွားမိသည်။
"နှာခေါင်းကိုပိတ်ထား ပါးစပ်နဲ့အသက်ရှု"
သက်လုံက လက်နှစ်ဖက်နှင့် နှာခေါင်းကိုပိတ်လိုက်ပြီး ပါးစပ်ကိုအသာဟကာ အသက်ရှုလိုက်သည်။ သူတို့ဆက်လျှောက်လာခဲ့ရာ မကြာမီတွင် ပုပ်ပွပြီး လောက်တွေထိုးနေသည့် လူသေအလောင်းသုံးလောင်းကိုတွေ့လိုက်ရသည်။
"ဟာ၊ ဘာ၊ ဘာကြီးလဲ"
"စကားမပြောနဲ့ ယင်ကောင်တွေ ပါးစပ်ထဲဝင်ကုန်မယ်၊ တို့ဆီမှာက ဒီလိုပဲ၊ အနေအထိုင်မတတ်ရင် ကိုင်းတောထဲမှာ လူမသိသူမသိသေသွားတတ်ကြတယ်ကွ"
သူတို့လျှောက်လာခဲ့ကြရာ အနားရောက်သည့်အခါ ယင်မဲကြီးများက တဝီဝီနှင့် ထပျံသွားသည်။ သူတို့လည်း ကိုင်းတောအတွင်းဆက်တိုးပြီးသည့်အခါ နောက်ဆုံးတံတိုင်းကြီး၏ အောက်ခြေသို့ရောက်လာခဲ့သည်။
"ဒီတံတိုင်းကြီးက ဘာလုပ်တာလဲ"
"ဟိုဖက်ခြမ်းမှာနေတဲ့လူတွေက ငါတို့သူတို့ဆီကိုမလာအောင် ကာထားတာပေါ့ကွာ၊ ငါတို့ဖာသာ ဒီဘက်မှာ ဘာဖြစ်ဖြစ် သူတို့က ဂရုစိုက်ကြတာမဟုတ်ဘူးကွ၊ ကဲ အခုအချိန်ကစပြီး စကားမပြောနဲ့ အသံမထွက်မိအောင်နေ၊ ဟုတ်ပြီလား"
သူတို့အတူတူစကားပြောရင်း နံရံကြီးကို ကပ်ပြီး လေးဘက်ထောက်ကာ ခွေးများကဲ့သို့သွားလာနေလေသည်။ ထိုအချိန်တွင် ကိုင်းတောထဲတွင် တောတိုးသံများကိုကြားလိုက်ရသည်။ နောက်တော့ ကိုင်းတောအစပ်တွင် လူကြီးနှစ်ဦးထွက်ပေါ်လာလေသည်။ တစ်ဦးမှာ ယောက်ျားတစ်ယောက်ဖြစ်ပြီး နောက်တစ်ဦးမှာတော့ မိန်းမ၀၀ကြီးတစ်ဦးဖြစ်သည်။ ထိုသူများကိုတွေ့သည်နှင့်သက်လုံက ကုန်းထလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် အမှားပုံသဏ္ဍာန်ပြုလုပ်ပြလေသည်။ အသံတော့မထွက်ပေ။ ထိုလူနှစ်ဦးကလည်း သူတို့ဆီသို့ ပြေးလာလေသည်။
"ဒိုင်း"
သေနတ်သံတစ်ချက်ကြားလိုက်ရပြီး အရှေ့မှပြေးလာသည့် ယောက်ျားမှာ ဦးခေါင်းပွင့်ထွက်သွားကာ လဲကျသွားလေသည်။ သူ့အနောက်မှလိုက်လာသည့် မိန်းမကြီးက အလွန်အံ့သြသွားပြီးနောက် ကိုင်းတောထဲသို့ ပြန်ပြေးဝင်ရန်လုပ်လိုက်သည်။ သို့သော် ထိုမိန်းမကြီးနောက်ကျသွားပြီဖြစ်သည်။
"ဒိုင်း"
သေနတ်သံတစ်ချက်ကြားလိုက်ရပြီးနောက် ထိုမိန်းမကြီးမှာ အရှေ့သို့ဟပ်ထိုးလဲကျသွားပြီး ကိုင်းတောအစပ်တွင် ငြိမ်သက်သွားတော့သည်။ ကံကောင်းမှာ သူ့မျက်စိရှေ့တွင်ပင် လူနှစ်ဦးသေဆုံးသွားသဖြင့် အလွန်ထိတ်လန့်နေလေရာ သက်လုံက သူ့လက်ကိုဖမ်းဆွဲကာ ဆက်လျှောက်သွားလိုက်သည်။ မကြာခင် တံတိုင်းကြီးအောက်တွင် ရေထွက်ပေါက်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ သက်လုံက ရေထွက်ပေါက်အနားသို့ရောက်သည်နှင့် ရေထွက်ပေါက်တွင်ပိတ်ထားသည့် သံချောင်းများကို တုတ်တစ်ချောင်းနှင့်ရိုက်ထည့်လိုက်သည်။ မကြာခင်တွင် တံခါးပေါက်ပွင့်ထွက်သွားလေသည်။ လူ၀၀ကြီးတစ်ယောက်ထွက်လာသည်။
"ဘယ်နှယောက်လဲကွ"
"နှစ်ယောက်ပါ၊ ရော့ ငါးထောင်ယူပါ"
"နှစ်ယောက်ကို ငါးထောင်ရမလားကွ၊ တစ်ယောက်ငါးထောင်တောင်မှ မင်းကိုကလေးမို့လို့လျှော့ပေးထားတာ၊ ပုံမှန်ဆိုလူကြီးတစ်ယောက် နှစ်သောင်းပဲကွ"
"လုပ်စမ်းပါ ဦးတုတ်ကြီးရာ၊ ကျုပ်တို့ပြန်လာရင် ထပ်ပေးမယ်၊ ဟုတ်ပြီလား"
ဦးတုတ်ကြီးက ခေါင်းညိတ်လိုက်ပြီး သူတို့ကိုတံခါးအတွင်းဝင်ခွင့်ပေးလိုက်သည်။ အတွင်းတွင်တော့ တန်းစီနေသည့် လူတန်းကြီးကိုတွေ့ရသည်။
"ကဲ ရပြီ၊ ငါတို့စကားပြောလို့ရပြီ"
ကံကောင်းတွင် မေးစရာမေးခွန်းတွေများနေလေသည်။
"တံတိုင်းကြီးပေါ်မှာ မျှော်စင်တွေရှိတယ်၊ အဲဒီမျှော်စင်တွေကနေပြီး သေနတ်သမားတွေက စောင့်ကြည့်နေတယ်၊ သူတို့ရှေ့မှာမြင်လိုက်တာနဲ့ ပစ်ကြတော့တာပဲ၊ ငါတို့တောင် ကလေးတွေမို့လို့ လွတ်သွားတယ်လို့ပြောရမယ်ကွ၊ အဲ ၊ ဒါပေမယ့် ဒီအစောင့်တွေက တံတိုင်းအောက်ခြေကနေ ကပ်သွားရင် မမြင်ရဘူးလေ"
"သူတို့က ဘာလို့ဘာမှအပြစ်မရှိတဲ့သူကိုပစ်ကြတာလဲ"
"ငါပြောပြီးသားလေကွာ၊ သူတို့က ငါတို့ကိုလူတွေလို့တောင်ထင်တာမဟုတ်ဘူးကွ၊ တိရစ္ဆာန်တွေလို့ထင်နေကြတာ၊ ငါတို့ကိုတွေ့ရင် ပစ်သတ်ဖို့ သူတို့ဝန်မလေးကြဘူး၊ ငါကြားဖူးတာက တစ်ယောက်ပစ်နိုင်ရင် ဘယ်လောက်ဆိုပြီး ဆုကြေးရသေးတာတဲ့ကွ"
"ဒါဆို ဒီနေရာကရော ဘာလဲကိုကြီး"
"ဒီနေရာက ရေဆိုးစွန့်တဲ့အပေါက်ကြီးပဲကွ၊ ဒီမှာမြင်နေရတဲ့လူတွေက ဟိုဖက်အခြမ်းကိုသွားချင်တဲ့သူတွေ၊ ဟိုဖက်အခြမ်းကိုသွားဖို့ဆိုရင် တစ်နေ့ကိုသုံးကြိမ် ရေဆိုးစွန့်ထုတ်တဲ့အချိန်ပဲ သွားနိုင်တာကွ၊ ဒါနဲ့ မင်းအဝတ်အစားတွေကို သေချာပလတ်စတစ်အိတ်နဲ့ ထုတ်လာခဲ့ရဲ့လား"
ကံကောင်းက ပလတ်စတစ်အိတ်နှင့်ထုတ်လာခဲ့သည့် သူ့အဝတ်အစားများကိုပြလိုက်သည်။
"ငါသေချာမှာမယ်နော်ကံကောင်း၊ သူတို့ရေဆိုးတွေစွန့်ထုတ်လိုက်တာနဲ့ ရေတွေအလုံးလိုက်အရင်းလိုက် ကျဆင်းလာလိမ့်မယ်၊ ရေကျသွားပြီဆိုတာနဲ့ ငါတို့ရေထွက်ပေါက်ဘက်ကိုပြေးရမယ်၊ ရေထွက်ပေါက်က မိနစ်ပိုင်းပဲဖွင့်တာမို့လို့ ရေထွက်ပေါက်မပိတ်ခင် အဲဒီအပေါက်ကထွက်နိုင်မှ ငါတို့ဟိုဖက်ကိုရောက်မယ်"
"ဒါဆို ရေတွေနဲ့အတူတူပါသွားရင်ရော"
"မင်းသေမှာပဲ၊ ရေဆိုးတွေက ရေစစ်တဲ့ကန်တွေ၊ ဒလက်တွေကိုဖြတ်သွားပြီးတော့ ပင်လယ်ကိုဆင်းသွားလိမ့်မယ်"
ကံကောင်းတစ်ယောက် တံတွေးကိုမြိုချလိုက်သည်။ ထို့နောက် အသင့်တန်းစီနေသည့်လူများအနီးတွင် သူတို့ရပ်နေလိုက်သည်။ ထိုနံရံကြီးတွင် သံကွင်းကြီးများရှိသည်၊ ထိုသံကွင်းကြီးများကို သူတို့သေသေချာချာကိုင်ထားရသည်။ ဟိုဖက်ခြမ်းသို့ ကူးသွားမည့်သူများမှာ အားလုံးလိုလိုနွမ်းပါးသူများဖြစ်ကြသည်။ ယောက်ျား၊ မိန်းမများနှင့် အသက်အရွယ်ကြီးသူများ၊ ကလေးများပင် ပါဝင်သည်။
"ဝေါ၊ ဝရော"
မကြာမီတွင် ရေစီးသံကြီးတစ်ခုကိုကြားလိုက်ရသည်။
"ကံကောင်းရေ ညီလေး၊ သေသေချာချာကိုင်ထားဟေ့"
ကံကောင်းလည်း ပလတ်စတစ်အိတ်ကို သူ့တံကောက်ကွေးတွင် ချိတ်စွပ်လိုက်ပြီး သံကွင်းကြီးအားလက်နှစ်ဖက်ဖြင့်ကိုင်ထားလိုက်သည်။ ပိုက်လုံးကြီးအတွင်းသို့ ရေများက အလုံးလိုက် လိမ့်ဆင်းလာသည်ကိုတွေ့ရသည်။
"အသက်အောင့်ထားလိုက်တော့"
သက်လုံက အော်ဟစ်လိုက်သဖြင့် ကံကောင်းအသက်အောင့်ထားလိုက်သည်။ ရေများက အလုံးအရင်းနှင့်စီးလာပြီး သူတို့ကိုပါ တိုက်ခတ်သွားသည်။ ရေများထဲတွင် မစင်တုံးများက အတုံးလိုက်အခဲလိုက် မြောပါလာကြကာ သူတို့ကိုပင်တိုက်ခတ်သွားသည်။
"အား၊ ကယ်ကြပါဦး"
သံကွင်းကို ကိုင်ထားပြီး လက်မမြဲသူများ၊ ရေဆောင့်အားကိုမခံနိုင်သည့်သူများမှာ ရေဆိုးများနှင့်အတူ မြောပါသွားကြလေသည်။ အသက်အောင့်ထားသော်လည်း ပါးစပ်များ နှာခေါင်းများနှင့် နားအတွင်းသို့မစင်များက ဝင်ရောက်လေသည်။ မိနစ်ဝက်ခန့်ကြာသည့်အခါ မစင်များကုန်သွားပြီး ရေများမှာလည်း ရေကြည်များဖြစ်သွားကာ ရေပြန်ကျသွားသည်။ ကံကောင်းလက်အား သက်လုံကဆွဲလိုက်ရာ ကံကောင်းမျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။
"ကဲ၊ ပြေးစို့"
သူတိုလည်း ရေများကျဆင်းလာသည့်ဘက်သို့ ခြေကုန်ပြေးကြသည်။ ရေတွေက ဒူးလောက်ရှိသည်မို့ ပြေးရတာသိပ်မတွင်ကျယ်ပေ။ သူတို့နည်းတူ အခြားလူများမှာလည်း အမြန်ပြေးကြလေသည်။
"ပြေးထားကြ၊ ရေတံခါးပိတ်ဖို့ စက္ကန့်သုံးဆယ်ပဲလိုတော့တယ်"
သူတို့ပြေးကြသည့်အခါ မကြာခင် တံခါးကြီးတစ်ခုကိုတွေ့ရသည်။ ထိုတံခါးကြီးမှာ အလွန်ကြီးမားပြီး တဖြည်းဖြည်းပြန်ပိတ်နေလေသည်။
"ပြေးထားကွ ကံကောင်းရ"
ရေများမှာ ခြေသလုံးအထိကျဆင်းသွားလေသည်။ တံခါးကြီးမှလည်း လူများတိုးထွက်နေကြသည်။ နောက်ဆုံးသူတို့တံခါးအနီးရောက်လိုက်တော့ လူတစ်ယောက်ဝင်စာမရှိတော့ပေ။ သို့သော် သူတို့က ကလေးများမို့ ထိုဝင်ပေါက်ကလေးမှ ဘေးတစ်စောင်းတိုး၍ ထွက်ခဲ့ကြသည်။ သူတို့နောက်တွင် ကျန်နေခဲ့သူများရှိသည်။ ထိုအထဲမှ ပိန်ပိန်ပါးပါးနှင့် မိန်းမကြီးတစ်ဦးက သူတို့တိုးသလိုမျိုး လိုက်ပြီးတိုးသည်။ သို့သော် ကိုယ်တစ်ဝက်ဝင်ပြီးသည့်အခါတွင် အရှေ့တိုးမရ၊ အနောက်ဆုတ်မရတော့ဘဲ တစ်နေလေသည်။
"လုပ်ပါဦး၊ ငါ့ကိုကယ်ကြပါဦး"
ကံကောင်းနှင့် သက်လုံတို့လည်း ထိုမိန်းမကြီးဆီလှည့်ပြေးကာ သူ့လက်များခြေထောက်များကိုလှမ်းဆွဲသလို အခြားသူများကလည်း သူ့အားလှမ်းဆွဲသည်။
"မရတော့ဘူး၊ တံခါးကပိတ်နေပြီ"
ထိုမိန်းမကြီးမှာ အော်ဟစ်နေရင်းမျက်လုံးများပြူးထွက်လာသည်။ ထို့နောက် အရိုးများတဂျွတ်ဂျွတ်နှင့် ကျိုးကြေနေသည့်အသံများကြားရသည်။ ထိုမိန်းမကြီးမှာ ဆန့်ငင် ဆန့်ငင်ဖြစ်နေပြီးနောက် တံခါးကြီးမှာ ဂျိန်းခနဲ စေ့ပိတ်သွားသည့်အတွက် ထိုမိန်းမကြီးမှာလည်း ပြားချပ်သွားလေသည်။ သူတို့တစ်ကိုယ်လုံးလည်း ချီးဖတ်သေးဖတ်များဖြင့် အလွန်ညစ်ပတ်နေလေသည်။
"ကံကောင်းညီလေး၊ ငါတို့အချိန်မရှိတော့ဘူး၊ နောက်ထပ် မိလ္လာတွေထပ်ကျမလာခင် ဒီနေရာကနေထွက်မှဖြစ်မယ်"
မိလ္လာပိုက်ကြီးအတိုင်း သူတို့ဆက်လိုက်လာခဲ့သည်။ နောက်တော့ မြေအောက်ရေပိုက်လိုင်းများက လမ်းကြောင်းများကွဲသွားကြသည်။ ပိုက်လုံးများ၏ နံရံတွင် လက်ရေးကြမ်းကြမ်းနှင့် ရေးသားထားသည့် စာတန်းများရှိသည်။ သို့သော် သက်လုံက ထိုစာများကိုကြည့်ကာ ခေါင်းကုတ်နေလေသည်။
"အကိုကြီးဘာဖြစ်တာလဲ"
"ငါတို့မြို့ထဲကိုသွားရမှာကွ၊ မြို့ထဲကိုသွားရမယ့်လမ်းက ဘယ်လမ်းမှန်းမသိဘူးဖြစ်နေတယ်ကွာ"
ကံကောင်းက ပိုက်လုံးများတွင်ရေးထားသည့် စာများကိုဖတ်ရှုလိုက်သည်။
"ဟိုမှာပဲအကိုကြီး၊ ဟိုမှာ မြို့လယ်လို့ ရေးထားတယ်"
ကံကောင်းကိုကြည့်ပြီး သက်လုံအလွန် အံ့သြသွားလေသည်။
"ကံကောင်း၊ မင်း၊ မင်းက စာဖတ်တတ်တယ်ဟုတ်လား"
ကံကောင်းလည်း ခေါင်းညိတ်လိုက်ပြီး သူတို့မြို့လယ်သို့ဟုရေးထားသည့် ပိုက်လုံးကြီးအတိုင်း ပြေးလာခဲ့ကြသည်။
(င)
မြေအောက်ရေဆိုးမြောင်းပေါက်တစ်ခုမှ သူတို့တက်လာကြသည်။ သူတို့က မြို့လယ်ခေါင်ရှိ ပန်းခြံကြီးတွင်ရောက်နေကြခြင်းဖြစ်သည်။ ကံကောင်းက ပတ်ပတ်လည်ကိုလှည့်ကြည့်ကာ အံ့သြနေလေသည်။ သူတို့ပတ်ပတ်လည်တွင် မိုးမျှော်တိုက်ကြီးများနှင့် အလွန်ခေတ်မီသည့် အဆောက်အအုံများရှိပြီး လူများကလည်း ပျားပန်းခတ်မျှ သွားလာနေကြသည်။
"ကံကောင်းရေ၊ လာဟေ့၊ ငါတို့အလုပ်ရှိသေးတယ်"
သူတို့မှာ နံစော်နေသဖြင့် ဖြတ်သွားသူများက နှာခေါင်းပိတ်သွားကြသည်။ ပန်းခြံကြီးအလယ်တွင် လွတ်လပ်ရေးကျောက်တိုင်အဖြူကြီးရှိပြီး အလွန်မြင့်မားလှသည်။ ပန်းခြံတစ်နေရာတွင်တော့ ရေပန်းကြီးနှင့် ရေကန်ကြီးရှိသည်။ သူတို့လည်း ရေကန်ထဲခုန်ချလိုက်ပြီး ရေပန်းတွင် ရေချိုးလိုက်ကြသည်။ ထို့နောက် သူတို့ယူလာသည့် အဝတ်အစားများကိုထုတ်ကာ အသေအချာဝတ်ဆင်လိုက်ကြသည်။
"ရပြီ၊ ငါတို့သွားစို့"
သက်လုံခေါ်ဆောင်ရာအတိုင်း ကံကောင်းကလိုက်လာခဲ့သည်။ မြို့ကြီးတစ်ခုလုံး အလွန်ခေတ်မီလှပြီး သူတို့နေထိုင်သည့် အမှိုက်ပုံကြီးနှင့် မိုးနှင့်မြေအလား ကွာခြားလှသည်။ ကားတွေကလည်း နောက်ဆုံးပေါ်အဆင့်မြင့်ကားများဖြစ်ပြီး လူတွေအားလုံးလိုလိုခေတ်မီတောက်ပြောင်နေသည့် အဝတ်အစားများကိုဝတ်ဆင်ထားကြသည်။ သူတို့လျှောက်လာပြီး လမ်းကြားကလေးတစ်ခုအရောက်တွင် သက်လုံက ရပ်တန့်လိုက်သည်။
"ဟိုလူကိုသေသေချာချာကြည့်ထားစမ်း"
သက်လုံပြသည့်လူကိုကြည့်လိုက်ရာ ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားသည့် အနီရောင်လက်ရှည်အင်္ကျီကိုဝတ်ဆင်ထားသော လူတစ်ဦးကိုတွေ့လိုက်ရသည်။
"ငါတို့လုပ်ရမှာက သူ့လက်ထဲက အထုပ်ကိုလုဖို့ပဲ"
ထိုလူ၏ လက်ထဲတွင် လက်ဆွဲအိတ်တစ်ခုကိုင်ထားလေသည်။
"ဘယ်လိုလုမှာလဲ"
"မပူပါနဲ့၊ သူက လူတစ်ယောက်ကိုစောင့်နေတာ၊ အဲဒီလူလာရင် သူက သူ့လက်ထဲကအထုပ်ကို အဲဒီလူကို လှမ်းပေးလိမ့်မယ်၊ ဒီအခါကျရင် ငါက မယောင်မလည်နဲ့သူတို့သွားပြီး သူတို့နှစ်ယောက်ပေးနေတဲ့အချိန်ဆွဲလုခဲ့မယ်"
"ပြီးရင် မင်းက ဒီနားကနေစောင့်နေခဲ့၊ သူတို့ငါ့အနောက်ကိုလိုက်လာရင် ငါက ဒီလမ်းကွေ့မှာ မင်းကိုအထုပ်ပေးခဲ့မယ်၊ မင်းက လူအုပ်ကြားထဲကိုသာ ပေးပြေတော့၊ ပြီးရင် မင်းနဲ့ငါနဲ့ ပန်းခြံထဲမှာ ပြန်ဆုံကြမယ်၊ မင်းငါ့ကိုစောင့်နေ"
"စောင့်၊ စောင့်နေရဦးမှာလား၊ ကျုပ်မစောင့်ချင်ဘူးအကိုကြီး"
သက်လုံက ကံကောင်းပုခုံးနှစ်ဖက်ကို ချုပ်ကိုင်လိုက်သည်။
"စိတ်ချပါကံကောင်းရာ၊ ငါမင်းအမေလိုမဟုတ်ပါဘူးကွ၊ ငါပြန်လာမယ်၊ ငါမင်းကိုပြန်လာခေါ်မယ်လို့ ကတိပေးပါတယ်"
သက်လုံပြသည့် လမ်းထောင့်ချိုးကလေးတွင် ကံကောင်းထိုင်နေလိုက်သည်။ ထိုလမ်းတွင် လူအများက ဥဒဟိုသွားလာနေကြသည်။ သက်လုံကတော့ လမ်းကြားကလေးအတွင်းသို့ဝင်လိုက်ပြီး ခုနက သူပြသည့်လူအနားတွင် ရစ်သီရစ်သီလုပ်နေလေသည်။ ကံကောင်းက ဟိုဟိုသည်သည်ကြည့်ရင်း သူ့အနားသို့ပြုတ်ကျလာသည့် သတင်းစာစက္ကူတစ်ရွက်ကို ကောက်ဖတ်လိုက်သည်။
ကံကောင်းက သူ့ကိုယ်သူ စာဖတ်တတ်မှန်းလည်း မသိခဲ့၊ အခုမှသာ သူစာဖတ်တတ်မှန်းသိသည်။ သို့နှင့်သတင်းစာတွင်ရေးထားသည့် ဗမာစာများကိုဖတ်ကြည့်သည်။ သူအကုန်လုံးလိုလိုဖတ်တတ်နေသည်။ ထပ်ပြီး သတင်းစာတွင် အင်္ဂလိပ်စာဖြင့်ရေးသားထားသည့် ကြော်ငြာများကိုလည်းဖတ်ကြည့်ရာ နားလည်နေပြန်သည်။
"ငါကဘယ်သူများလဲ"
သူ့ကိုယ်သူ အံ့သြနေမိသည်။ သို့နှင့် ခပ်လှမ်းလှမ်းရှိ အဆောက်အအုံကြီးတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်ကြီးကိုကြည့်လိုက်သည်။ ထိုဆိုင်းဘုတ်တွင် တရုတ်စာလုံးများကို ရေးသားထားလေသည်။ ထိုတရုတ်စာလုံးများကိုလည်း သူကအသံကျယ်ကျယ်နှင့်အော်ဖတ်လိုက်သည်။
"ထူးဆန်းလိုက်တာ"
သတင်းစာ စာရွက်ကိုလှန်ကြည့်လိုက်ရာ အနောက်တွင် ကြော်ငြာတစ်ခုရေးသားထားသည်ကိုတွေ့ရသည်။
"အဖြူရောင်ဂိုဏ်းဆိုပါလား"
"အဖြူရောင်ဂိုဏ်းက ဦးလူ၀ တည်ထောင်ထားသည့် ဘာသာရေး ငြိမ်းချမ်းရေး ဂိုဏ်းတစ်ခုဖြစ်ပြီး၊ အထူးသဖြင့် မေတ္တာကိုရှေ့တန်းတင်ထားသည်။ ဂိုဏ်း၏ ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးငြိမ်းချမ်းစေရန်အတွက်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ဝင်္ကပါမြို့မြောက်ဘက်တွင် မြေဧက ရှစ်ဆယ်ပေါ်တွင် ပရဟိတမိဘမဲ့ ဂေဟာတစ်ခုကိုဖွင့်လှစ်ထားသည်။ ထိုဂေဟာတွင် လေလွင့်နှင့် မိဘမဲ့ကလေးငယ်ပေါင်း တစ်ထောင်ခန့်ကို ပြုစုပျိုးထောင်ထားသည်။ ပရဟိတ ဆေးရုံကြီးနှင့် ပရိဟိတ နာရေးကူညီမှုအသင်းကြီးကိုလည်းတည်ထောင်ထားရှိသည်။
"လေလွင့်ကလေးငယ်များအား အခမဲ့အစားအသောက်၊ အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး ကလေးငယ်များအတွက်အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ကြားပေးနေကာ တစ်ချိန်တွင် ကိုယ့်ဘဝကိုယ်ထိန်းကျောင်းနိုင်ရန်အတွက် စီစဉ်ထားသည်။ ထို့အတူ ပညာထူးချွန်သည့် ကလေးငယ်များကိုလည်း နိုင်ငံရပ်ခြားသို့ ပညာသင်စေလွှတ်ကာ ပညာသင်ကြားပေးခဲ့သည်။
"အဖြူရောင်ဂိုဏ်းမှ ပျိုးထောင်ပေးလိုက်သည့် လူငယ်ပေါင်း သုံးထောင်ကျော်မှာ မိမိဘဝကို ဦးဆောင်နိုင်သူများဖြစ်နေပြီး ကလေးငယ်ပေါင်း တစ်ထောင်ကျော်အားလည်း နိုင်ငံပေါင်း လေးဆယ်ကျော်သို့ စေလွှတ်ကာ ပညာသင်စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
"သင့်အနေဖြင့် လေလွင့်ကလေးငယ်များကိုတွေ့ရှိခဲ့ပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်သည်။
ထိုကြော်ငြာကိုဖတ်ပြီးသည့်နောက် ကံကောင်းတွေဝေသွားမိသည်။
"အခမဲ့အစားအစာ၊ အခမဲ့ကျန်းမာရေး၊ အခမဲ့ပညာရေးဆိုပါလား"
ထို့အပြင် ထိုကြော်ငြာတွင်ပါသည့် ဓါတ်ပုံများကိုလည်းကြည့်နေမိသည်။ ထိုအချိန်တွင် သက်လုံတစ်ယောက်ပြေးထွက်လာပြီး သူ့အားအိတ်တစ်ခုကိုပစ်ပေးသွားသည်။
"ကံကောင်းပြေးတော့"
သူလည်းအိတ်ကိုကောက်ပြီး လူကြားထဲသို့တိုးဝင်လိုက်သည်။ သက်လုံနောက်သို့ လူကြီးသုံးလေးယောက် ပြေးလိုက်သွားကြသည်။ သူ့ကိုတော့ ထိုလူများက ရိပ်မိဟန်မတူပေ။ သက်လုံရင်တွေ တဒိန်းဒိန်းနှင့်ခုန်နေမိသည်။ လူအခြေအနေကိုကြည့်ပြီးနောက် မြို့လယ်ပန်းခြံဆီသို့ပြန်ပြေးလာခဲ့သည်။ ပန်းခြံကြီးဆီသို့ရောက်သည့်အခါ ခုံတန်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"မှန်းစမ်း၊ အထဲမှာ ဘာတွေပါသလဲ ကြည့်ရအောင်"
ကံကောင်းက လက်ဆွဲအိတ်အနက်ကိုဖွင့်လိုက်သည်။ အိတ်ကိုမိုးကာသားနှင့် ချုပ်ထားခြင်းဖြစ်သည်။ အိတ်ဖွင့်လိုက်ရာ အိတ်အတွင်းမှ နှစ်သောင်းတန်စက္ကူစိမ်းများထွက်လာသည်ကိုတွေ့လိုက်ရသည်။ စက္ကူအစိမ်းများမှာ အထပ်လိုက်ဖြစ်သည်။ အလားတူပင် ငါးသောင်းတန် ငွေစက္ကူအဝါရောင်များကိုလည်းတွေ့ရပြန်သည်။ ထိုမျှများပြားသည့်ငွေများကို ကံကောင်းမမြင်ဖူးပေ။ သူနှင့်သက်လုံ တစ်နေ့လုံးပလုံးလိုက်ကောက်မှ အလွန်ဆုံးရလျှင် သုံးလေးထောင်သာဖြစ်သည်။ နောက်တော့ ပိုက်ဆံများအကြားတွင် အိတ်တစ်ခုကိုတွေ့ရပြန်သည်။ ထိုအိတ်ကိုဖွင့်ကြည့်လိုက်ရာ ပလတ်စတစ်အိတ်ကလေးများနှင့် ထုပ်ပိုးထားသည့် အနီရောင်၊ အစိမ်းရောင် ဂျယ်လီပုံစံကလေးများကိုတွေ့လိုက်ရသည်။
"ဒါတွေက ဘာတွေလဲ"
ကံကောင်းက အိတ်ကိုပြန်ပိတ်လိုက်ပြီး ထိုထိုင်ခုံကလေးတွင် ပြန်ထိုင်နေလိုက်သည်။
အချိန်တွေတော်တော်ကြာခဲ့ရာ ညနေပင်စောင်းတော့မည်ဖြစ်သည်။ ကံကောင်းဗိုက်အလွန်ဆာလောင်နေသည်။ သက်လုံပြန်လာမလားဟု စောင့်နေသော်လည်း သက်လုံအားမတွေ့ရပေ။
"အကိုကြီး၊ အကိုကြီးရော ငါ့ကိုဒီငွေတွေနဲ့ ထားခဲ့ပြီလား"
နောက်တော့ ကံကောင်းအကြံတစ်ခုရသွားသဖြင့် ပန်းခြံအတွင်းမှထွက်လာခဲ့သည်။ သက်လုံ အိတ်ကိုလုယက်ခဲ့သည့် လမ်းကြားကလေးထဲသို့ပြန်လာခဲ့ရာ လူကြီးနှစ်ယောက်က သူ့ဆီသို့ပြေးလာသည်။
"မင်းသေချင်နေပြီထင်တယ်ကောင်လေး"
"ကျုပ်အကိုကြီးကိုပြန်ပေး၊ ဒါဆိုရင် ကျုပ်ဒီအိတ်ကိုပြန်ပေးမယ်"
ထိုလူနှစ်ယောက်က သူ့ကိုဝိုင်းလိုက်သည်။
"မင်းအကိုကြီးက ဒီမှာ"
တိုက်အိမ်တစ်ခုအတွင်းမှ လူတစ်ယောက်ထွက်လာသည်။ ထိုလူက အင်္ကျီအနီရောင်ဝတ်ထားသည့် သူပင်ဖြစ်သည်။ သူ့လက်ထဲတွင်တော့ သက်လုံကို ဂုတ်ကနေကိုင်ဆွဲထားသည်။
"အကိုကြီး"
"ကံကောင်း၊ မင်းကွာ တုံးလိုက်အလိုက်တာ၊ ငွေတွေရမှတော့ မင်းပြေးတော့ပေါ့၊ ဘာလို့ပြန်လာတာလဲ"
"ကျုပ် အကိုကြီးကိုလာခေါ်တာ၊ အကိုကြီးကို ကျုပ်မထားခဲ့နိုင်ဘူး"
အင်္ကျီအနီနှင့်လူက ပြုံးလိုက်သည်။
"ဟား၊ ဟား မင်းတို့ညီအကိုသံယောဇဉ်တွေ ပြီးပြီကွ၊ ဟေ့ကောင်တွေ၊ ဒီကောင်လေးဆီက အိတ်ကိုလုကြစမ်း"
ထိုအခါ လူနှစ်ယောက်က ကံကောင်းဆီသို့ပြေးဝင်လာသည်။ လူတစ်ယောက်က ကံကောင်းကိုပြေးကန်သည်။ ကံကောင်းက ထိုလူ၏ ကန်ချက်ကို အသာခေါင်းငုံ့ပြီးရှောင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ထိုလူ၏ နောက်ခြေထောက်တစ်ဖက်ကို မြင်တွေ့လိုက်ရသည်။
"ကန်ထည့်လိုက်၊ အဲဒီခြေထောက်ကို ကန်ထည့်လိုက်"
သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာပြီး ထိုခြေထောက်ကိုကန်ထည့်လိုက်သည်။ ကန်ချက်အားလွန်သွားသည့် လူမိုက်မှာ ခြေထောက်ကိုအကန်ခံလိုက်ရသဖြင့် ကိုယ်ဟန်ပျက်ပြီး အရှေ့သို့ဟပ်ထိုးလဲကျသွားကာ ကတ္တရာလမ်းနှင့် မျက်နှာ မိတ်ဆက်သွားလေသည်။ နောက်လူမိုက်တစ်ယောက်က ကံကောင်းကိုအနောက်မှနေ၍ ပွေ့ဖက်ကာ ဖမ်းချုပ်ထားလိုက်သည်။
ကံကောင်းမှာ တိုက်ကွက်တွေ သူ့အလိုလိုခေါင်းထဲရောက်လာခဲ့သည်။ ထိုလူကြီး၏ ခြေထောက်နှစ်ဖက်ရှိ တံခေါက်ကွေးကို သူ့ခြေထောက်များနှင့် ဖမ်းကုပ်လိုက်ပြီး အနည်းငယ်တွန်းလိုက်ရာ ထိုလူကြီးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ကံကောင်းမှာ သူ့ပုခုံးအားဖြင့် ထိုလူကြီး၏ ရင်ဘတ်ကိုဆောင့်တွန်းထည့်လိုက်သည်။ သို့သော် ကလေးအားမို့ ထိုလူကြီးဘာမှဖြစ်ပုံမပေါ်ပေ။ ထို့ကြောင့် တိုက်ကွက်ပြောင်းလိုက်သည်။ ထိုလူကြီး၏ မေးစေ့ကို သူ့ခေါင်းဖြင့်ဆောင့်တိုက်ထည့်လိုက်ရာ ထိုလူကြီးပက်လက်လန်ကာ လဲကျသွားလေသည်။
ကံကောင်းက မြေပြင်ပေါ်မှနေ၍ မျောက်ခုန်ခုန်က ကောက်ထလိုက်သည်ကိုကြည့်ရင်း သက်လုံရော၊ အကျီအနီနှင့်လူပါ အံ့သြနေလေသည်။
"ကံကောင်း၊ ညီလေး၊ မင်းသိုင်းတတ်တယ် ဟုတ်လား"
သက်လုံအလွန်အံ့သြနေမိသည်။
"ဟုတ်တယ်အကိုကြီး၊ ကျုပ်လည်းဘာဖြစ်သွားမှန်းမသိဘူး"
ထိုအခါ သက်လုံကိုကိုင်ထားသည့် အနီရောင်အကျီနှင့်လူမှာ သက်လုံအားမြေပေါ်သို့ပစ်ချလိုက်ပြီးနောက် သူ့ခါးမှ ဓါးမြှောင်ကိုဆွဲထုတ်လိုက်သည်။
"မင်းတော့ သေပြီလို့သာမှတ်ထားပေတော့ ကောင်လေးရေ"
အင်္ကျီအနီနှင့်လူက ပြေးဝင်လာသည်။ လူမိုက်တစ်ဦးပီပီ ဓါးမြှောင်ကိုင်ရာတွင် ကျွမ်းကျင်လှသည်။ ကံကောင်းအား ထိုလူက ဓါးမြှောင်ဖြင့် ပြင်းပြင်းထန်ထန်ဝင်တိုက်ခိုက်သည်။ ထိုလူ၏ တိုက်ကွက်များက တိကျပြင်းထန်သော်လည်း ကံကောင်းက ထိုတိုက်ကွက်များကို ကြိုသိနေသည့်အလား အချိန်မီရှောင်ရှားနိုင်လေသည်။ ငါးကွက်ခန့်တိုက်ခိုက်ပြီးသောအခါ ထိုလူ၏ ဓါးထိုးချက်ကို ကံကောင်းက ခုန်ရှောင်လိုက်ပြီး ထိုလူ၏ ဇက်ပိုးကို ခြေထောက်ဖြင့်ကန်ထည့်လိုက်သည်။ ကလေးအားဆိုသောကြောင့်် ထိုလူသိပ်ပြီးနာကျင်ပုံမပေါ်ပေ။
"မဆိုးဘူးကွ၊ မင်းကမြန်သားပဲ"
ထိုလူက ခုန်ဝင်လာပြန်သည်။ ကံကောင်းအား ဓါးနှင့်ထိုးလိုက်ရာ ကံကောင်းက လက်အတွင်းမှအိတ်နှင့်ဓါးကိုခံလိုက်သည်။ ထိုအခါ အိတ်တွင်ဓါးမှာစိုက်သွားလေသည်။ ကံကောင်းက အိတ်ကို ချာလပတ်လည်အောင် လှည့်လိုက်ရာ ထိုလူ၏လက်မှာ ဓါးကလွတ်ထွက်သွားလေသည်။ ကံကောင်းက အိတ်ကိုမိုးပေါ်သို့ပစ်တင်လိုက်ပြီး အိတ်မှလွတ်ထွက်သွားသည့် ဓါး၏လက်ကိုင်ကို ခြေဖမိုးဖြင့်ခတ်ထုတ်လိုက်လေသည်။
အင်္ကျီအနီနှင့်လူမှာ တုန့်ခနဲရပ်တန့်သွားသည်။ သူ၏နဖူးတွင် ဓါးမြှောင်က ဖောက်ဝင်နေပြီဖြစ်သည်။ နားနှင့် နှာခေါင်းအတွင်းမှ သွေးများစီးကျလာပြီးနောက် ထိုလူမှာမြေပြင်ပေါ်သို့လဲကျသွားသည်။ ကံကောင်းလည်း သူလူသတ်မိပြီဖြစ်သဖြင့် အံ့သြကာ ကြောင်ကြည့်နေမိသည်။
"လာ၊ ညီလေးလာ"
သက်လုံက ကံကောင်းလက်ကိုဆွဲလိုက်ပြီးနောက် လက်ဆွဲအိတ်ကိုကောက်လိုက်သည်။ ထို့နောက် သူတို့အတူတူထွက်ပြေးခဲ့ကြသည်။ လက်ဆွဲအိတ်မှာ ဓါးဖြင့်ထိုးမိပြီးကွဲသွားရာ သူတို့ထွက်ပြေးသည့်အနောက်တစ်လျှောက်တွင် ပိုက်ဆံများက ပြန့်ကျဲကာ ကျနေခဲ့လေသည်။ မြို့မြောက်ဘက်ဆင်ခြေဖုံးဒေသရှိ လမ်းကြိုလမ်းကြားကလေးများသို့ရောက်တော့မှ သူတို့အမောဖြေလိုက်ကြသည်။ သက်လုံက လက်ကိုင်အိတ်ကိုဖွင့်ကြည့်ရာ ငါးသောင်းတန်အချို့နှင့် နှစ်သောင်းတန်များ ကျန်နေသေးသည်။ သက်လုံက ငါးသောင်းတန်များကိုကိုင်ကြည့်သည်။
"ငါးသောင်းတန်တွေ ကိုင်ဖူးပြီကွ"
ထို့နောက် ထိုပိုက်ဆံများကိုနမ်းရှုပ်ကြည့်နေလေသည်။
"အကိုကြီး ဘာလုပ်တာလဲ"
"ငါးသောင်းတန်အနံ့ဘယ်လိုရှိသလဲဆိုတာ ခံကြည့်တာပါကွာ"
ကံကောင်းက အုတ်နံရံတစ်ခုကိုမှီကာ ထိုင်ချလိုက်သည်။
"ကျုပ်၊ ကျုပ်လူသတ်မိပြီအကိုကြီး"
သက်လုံက ကံကောင်းလက်ကိုဆွဲကိုင်လိုက်သည်။
"မပူပါနဲ့ညီလေးရာ၊ ဒီလူက လူကောင်းမှမဟုတ်တာ၊ နောက်ပြီး မတော်တဆဖြစ်သွားတာမဟုတ်လား၊ ဘာမှစိတ်ထဲစိုးရိမ်မနေနဲ့၊ အကိုကြီးတို့ပြန်ဖို့လည်း မမီတော့ဘူးဆိုတော့ ဒီညတော့ ဒီမြို့မှာပဲ နေရမယ်ထင်တယ်၊ ပိုက်ဆံတွေလည်းရပြီမဟုတ်လား"
(င)
ဝင်္ကပါမြို့က နှစ်ဆယ့်လေးနာရီပတ်လုံး စည်ကားလှသည်။ ညအချိန်တွင် နီယွန်မီးရောင်စုံများဖြင့် ပိုမိုစည်ကားလှသည်။ ကုန်တိုက်ကြီးတစ်ခုအတွင်းသို့ သူတို့ဝင်ခဲ့ပြီး အကောင်းစားအဝတ်အစားများကို ဝယ်ယူလိုက်သည်။
"ဟေ့ကောင်လေးတွေ၊ နင်တို့မှာ ပိုက်ဆံပါလို့လား"
အရောင်းဆိုင်စာရေးမကို ငါးသောင်းတန်အထပ်လိုက်ထုတ်ပြလိုက်တော့မှ စာရေးမက မျက်လုံးပြူးသွားသည်။ တောင်းမှာအကွပ် လူမှာအဝတ်ဆိုသည့်အတိုင်း သူတို့အကောင်းစားအဝတ်အစားများကို ဝယ်ဝတ်လိုက်ကြသည့်အခါ သူတို့ရုပ်ရည်များမှာ သန့်ပြန့််သွားလေသည်။ ဈေးဝယ်စင်တာအတွင်းမှ ပြန်ထွက်လာသည့်အခါ သူတို့ကိုလူတိုင်း မမှတ်မိနိုင်တော့ပေ။
"ဗိုက်ဆာတယ်ကွာ၊ လာညီလေး၊ အကိုတို့ တစ်ခုခုသွားစားရအောင်"
ဈေးဝယ်စင်တာအရှေ့တွင် ကြက်ကြော်ဆိုင်တစ်ခုရှိသည်မို့ သူတို့ဆိုင်အတွင်းသို့ဝင်ခဲ့ကြသည်။ ကြက်ကြော်များကို မှာလိုက်ပြီး ဆိုင်မှာပင်ထိုင်စားလိုက်ကြသည်။ မစားဘူးကြသူများမို့ ကြက်ကောင်လုံးကြော်ကြီးများကို မှာယူလိုက်ကာ အားရပါးရစားသောက်လိုက်ကြသည်။
"ညီလေး စားလေကွာ၊ မင်းမစားချင်ဘူးလား"
ကံကောင်းက ကြက်ပေါင်တုံးတစ်ခုကိုင်ပြီး ထိုကြက်ပေါင်ကိုငေးကြည့်နေမိသည်။ သူ့စိတ်ထဲတွင်တော့ နေ့လည်က လူသတ်ခဲ့သည်ကို ပြန်တွေးလိုက်ကာ စိတ်ထဲထိတ်လန့်နေမိသည်။ သက်လုံက အချဉ်ရည်များနှင့် ကြက်ကြော်များကို တို့တို့ပြီးစားနေလေသည်။ ကံကောင်းက ထိုအချဉ်ရည်များကိုကြည့်လိုက်သည့်အခါ နေ့လည်က တိုက်ခိုက်ရင်းထွက်လာသည့် သွေးများနှင့်ပင်တူနေသဖြင့် ရွံရှာနေမိသည်။
ထိုစဉ်ဆိုင်အတွင်းမှလူများမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြလေသည်။ နောက်ဆုံးဆိုင်တွင် ဈေးရောင်းသူများပင်မရှိတော့ဘဲ လူသူရှင်းသွားလေသည်။ သူတို့နှစ်ယောက်က ကြက်ကြော်စားနေသည်မို့ သတိသိပ်မထားမိပေ။ သတိထားမိသည့်အချိန်တွင် ဆိုင်အတွင်းသို့ ယောက်ျားသားများ ဝင်လာကြသည်။ လူနှစ်ဆယ်ခန့်ရှိမည်ဖြစ်ပြီး သားနားစွာဝတ်ဆင်ထားကြသော်လည်း ရုပ်ရည်များကိုကြည့်လိုက်သည်နှင့် လူမိုက်များဖြစ်နိုင်မည်ဟု တွေးမိလိုက်သည်။ သက်လုံတို့ကြည့်နေစဉ်မှာပင် ထိုလူကြီးများက ဆိုင်တံခါးများကိုဆွဲချပြီး တံခါးပိတ်လိုက်တော့သည်။
"ဆိုင်ပိတ်ပြီကောင်လေးတွေ"
"ဒါဆိုကျုပ်တို့ထွက်ဦးမယ်လေ၊ ကျုပ်တို့အထဲမှာရှိနေသေးတယ်"
သက်လုံက ထွက်ပေါက်အနီးသို့သွားလိုက်ရာ လူမိုက်ခေါင်းဆောင်ဟု ယူဆရသည့်သူက သက်လုံ၏ရင်ဘတ်အား ခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ သက်လုံမှာ အနောက်သို့လွင့်ထွက်သွားပြီး ဆိုင်ခုံများနှင့် တိုက်မိသွားလေသည်။ လူမိုက်ခေါင်းဆောင်က အနက်ရောင်အနောက်တိုင်းဝတ်စုံကို ကျနစွာဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို အနောက်သို့သိမ်းကာ ဆီများပြောင်နေအောင်လိမ်းထားလေသည်။ သို့သော် သူ့မျက်နှာတွင်တော့ ဓါးခုတ်ရာအမာရွတ်ကြီးတစ်ခုရှိပြီး ဘယ်ဖက်မျက်လုံးတစ်ဖက်ကန်းနေပြီး မျက်သားအဖြူကြီးများသာ မြင်တွေ့ရလေသည်။ လူမိုက်ခေါင်းဆောင်နှင့်အတူ လူမိုက်များက သက်လုံအနီးတွင် ဝိုင်းလိုက်ကြသည်။
"ပြောစမ်းခွေးလေး၊ မင်းခိုးသွားတဲ့အထုပ်ဘယ်မှာလဲ"
သက်လုံအလွန်ထိတ်လန့်နေမိသည်။ လူမိုက်ခေါင်းဆောင်က သက်လုံ၏ အင်္ကျီလည်ပင်းကိုလက်ဖြင့်ဆွဲယူလိုက်ပြီး လက်သီးကိုမြှောက်လိုက်သည်။
"အိတ်ကကျုပ်ဆီမှာ"
ကံကောင်းက ထိုင်နေရင်းပြောလိုက်သည်။ ထိုအခါ လူမိုက်ခေါင်းဆောင်က ကံကောင်းဆီသို့လှည့်ကြည့်ရာ ကံကောင်းက သူ့နံဘေးရှိအိတ်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။
"ဟား၊ ဟား၊ ပေးစမ်း၊ အဲဒီအိတ်ကို ငါ့ဆီကိုလာပေးစမ်း"
ကံကောင်းက တစ်ချက်မှပင်မလှုပ်ပေ၊ ထို့နောက် လက်ထဲက ကြက်ပေါင်တုံးကို ကိုက်စားလိုက်သည်။ ပလုပ်ပလောင်းဝါးနေရင်း
"ကျုပ်ဒီမှာစားနေတာမမြင်ဘူးလား၊ ခင်ဗျားလိုချင်ရင် လာယူပေါ့ဗျ"
လူမိုက်ခေါင်းဆောင်က ရယ်မောလိုက်ပြီး သက်လုံကိုလွှတ်ချလိုက်သည်။
"ဟား၊ ဟား ငါကဒါမျိုးမှကြိုက်တာကွ၊ ဒီကောင်လေးက အကောင်ငယ်ပေမယ့် အဆိပ်တော့မသေးပါလားကွ၊ ဟား၊ ဟား"
လူမိုက်ခေါင်းဆောင်က ရယ်မောလိုက်သည့်အခါ သူ့နောက်လိုက်လူမိုက်များကလည်း ရယ်မောလိုက်သည်။ နောက်လိုက်လူမိုက်များက သစ်သားတုတ်များ၊ သံတုတ်များကို ကိုင်ထားပြီး အချို့မှာ ဓါးများကိုင်ဆောင်ထားကြသည်။ လူမိုက်ခေါင်းဆောင်က သူ့အနားသို့ တဖြေးဖြေးလျှောက်လာသည်။ ကံကောင်းကလည်း လက်ထဲက ကြက်ပေါင်ကိုသာ စားနေလေသည်။
"ဟေ့ကောင်လေး၊ မင်းငါဘယ်သူလဲဆိုတာရော သိရဲ့လား"
"ခင်ဗျားက ဘယ်သူလဲ"
"ငါ့နာမည်မိုးကြီးကွ၊ ဒီမြို့လယ်မှာ မိုးကြီးဆိုရင် မသိတဲ့သူမရှိဘူးကွ"
ကံကောင်းက သေချာစဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။
"မိုးကြီးဆိုပါလား၊ ကျုပ်ခင်ဗျားကိုမသိဘူး"
မိုးကြီးဒေါသထွက်သွားပြီးတော့ ကံကောင်းဆီသို့ပြေးဝင်လာသည်။ မိုးကြီးက ခါးကိုကုန်းလိုက်ပြီး စားပွဲပေါ်မှ အိတ်ကိုလှမ်းယူလိုက်သည်။ ထိုအခါ ကံကောင်းက ဘာမပြောညာမပြောနှင့် မိုးကြီး၏ညာဖက်မျက်လုံးဆီသို့ ကြက်ကြော်အရိုးကြီးနှင့် ဆောင့်ထိုးချထည့်လိုက်သည်။ မိုးကြီးက ရုတ်တရက်မို့ ကာကွယ်ချိန်မရလိုက်ပေ။ ညာဖက်မျက်လုံးအတွင်းသို့ ကြက်ရိုးက တစ်ဝက်ခန့်စိုက်ဝင်သွားပြီး သွေးတွေစီးကျလာလေသည်။
"အား၊ အား"
မိုးကြီးက သူ့မျက်စေ့ကိုလက်နှင့်အုပ်လိုက်သည်။
"ငါ့မျက်လုံး၊ ငါ့မျက်လုံး၊ ငါမမြင်ရတော့ပါလား၊ ဟေ့ကောင်တွေ၊ ဒီကောင်လေးကိုသတ်စမ်းကွာ"
လူမိုက်များက ပြေးဝင်လာသည်။ အရှေ့ဆုံးမှလူမိုက်က ဓါးတစ်လက်နှင့်အတင်းပြေးဝင်လာခဲ့ရာ ကံကောင်းက သက်လုံထိုင်ခဲ့သည့် ခုံကိုခြေထောက်နှင့်ကန်ထုတ်လိုက်လေသည်။ ပြေးဝင်လာသည့် လူမိုက်လည်း ခုံနှင့်ခြေထောက်တိုက်မိပြီး ချော်လဲကျသွားသည်။
"ခင်ဗျားတို့က ကျုပ်နဲ့တိုက်ခိုက်ချင်တာလား"
ဆိုင်အတွင်း ဝရုန်းသုန်းကားဖြစ်သွားလေသည်။ သက်လုံကလည်း လေးဘက်ထောက်ပြီး ကြက်ကြော်ရောင်းသည့် ကောင်တာအနောက်သို့ပြေးပုန်းလိုက်ကာ ဆိုင်အတွင်းသို့ချောင်းကြည့်လိုက်သည်။ ကံကောင်းက လူမိုက်များဖြင့် တိုက်ခိုက်နေလေသည်။ ကလေးတစ်ယောက်ဖြစ်သည်မို့ ခုန်ပျံကျော်လွှားလုပ်ရင်း လူမိုက်များအား ပြန်လည်တိုက်ခိုက်သည်။ လူမိုက်အယောက်နှစ်ဆယ်ခန့်မှာ ကံကောင်း၏ တိုက်ကွက်များအောက်တွင် လဲပြိုကျကုန်သည်။ ကံကောင်းက လူမိုက်များကိုင်ဆောင်လာသည့် လက်နက်များကိုပြန်လည်အသုံးပြုကာ တိုက်ခိုက်လေသည်။ တစ်ခဏအတွင်းမှာပင် ဆိုင်အတွင်းလူမိုက်များလဲပြိုနေပြီး ပြန့်ကျဲနေလေသည်။ သေသွားသည့်သူများလည်းရှိသလို အချို့လူမိုက်များကတော့ လူးလှိမ့်ကာ ညည်းညူနေလေသည်။
ထိုအခါ လူမိုက်တစ်ယောက်က ကောင်တာအနောက်သို့ပြေးဝင်လာပြီး သက်လုံကိုဖမ်းချုပ်လိုက်သည်။ သက်လုံ၏ လည်ပင်းကိုလည်း ထိုလူမိုက်က ဓါးတစ်ချောင်းဖြင့်ထောက်ထားလိုက်သည်။
"ဟေ့ကောင်လေး၊ ရပ်လိုက်တော့"
ကံကောင်းရပ်တန့်ကာ ထိုလူမိုက်ကိုကြည့်လိုက်သည်။
"မင်းဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ငါဒီကောင့်ကို သတ်ပစ်လိုက်မယ်"
"ခင်ဗျားကြီး ကျုပ်အကိုကို လွှတ်လိုက်"
"မလွှတ်ဘူးကွာ၊ မင်းအနားက အထုပ်ငါ့ကိုပစ်ပေးစမ်း၊ ဒါဆိုရင် ငါဒီကောင့်ကို လွှတ်ပေးမယ်"
ကံကောင်းက ခုံပေါ်မှအထုပ်ကိုကောက်ယူလိုက်သည်။ ထိုအနီးတွင်တော့ မျက်လုံးနှစ်ဖက်စလုံးကန်းနေသည့် မိုးကြီးက ငုတ်တုတ်ထိုင်နေလေသည်။ ကံကောင်းက ထိုအထုပ်အား လူမိုက်ထံသို့လှမ်းပစ်ရန်အတွက် ချိန်ရွယ်လိုက်သည်။ သို့သော် သူတကယ်ချိန်ရွယ်နေသည်က လူမိုက်ထံသို့မဟုတ်ဘဲ ထိုလူမိုက်၏ အနောက်ဘက်ရှိ ဘီရိုတစ်ခုပေါ်တွင်တင်ထားသည့် အသီးဖျော်စက်တစ်ခုကိုဖြစ်သည်။
"ရော့၊ မိအောင်ဖမ်းပေတော့"
ကံကောင်းလှမ်းပစ်ထည့်လိုက်သည့်အခါ ထိုလူမိုက်က လက်ထဲက ဓါးကိုချပြီး အထုပ်ကိုလှမ်းဖမ်းလိုက်သည်။ သို့သော် အထုပ်က သူ့လက်ထဲသို့မရောက်ဘဲ သူ့အနောက်ဘက် ဘီရိုပေါ်မှ အသီးဖျော်စက်ကိုထိမှန်သွားကာ အသီးဖျော်စက်ရော၊ အထုပ်ရော ပြုတ်ကျလာခဲ့သည်။ သက်လုံကလည်း အခြေအနေပေးပြီမို့ သူ့အပေါ်အင်္ကျီကိုချွတ်ချလိုက်ပြီး ထိုလူမိုက်လက်မှ လျှောထွက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင်ကျနေသည့်် အထုပ်ကို ကောက်ယူလိုက်ကာ ကောင်တာအပြင်သို့ပြေးထွက်လိုက်သည်။ ထိုလူမိုက်မှာ အသီးဖျော်စက်ကျလာသည်မို့ လန့်သွားလေသည်။ သိပ်တော့ ဒဏ်ရာမရပေ။
"လာ၊ ကံကောင်း၊ ပြေးစို့"
သက်လုံက ကံကောင်းလက်ကိုဆွဲပြီးထွက်ပြေးသည်။ ဆိုင်တံခါးများမှာ အလူမီနီယံခေါက်တံခါးများဖြစ်သော်လည်း တံခါးတစ်ခုမှာတော့ မှန်များဖြင့်သာ ကာရံထားသဖြင့် ကံကောင်းက ထိုင်ခုံတစ်လုံးကို ကောက်ယူလိုက်ပြီး ထိုမှန်ချပ်ကြီးအားပေါက်ခွဲလိုက်သည်။ ထို့နောက် မှန်ကွဲပေါက်မှ အပြင်သို့ပြေးထွက်လာခဲ့သည်။
(စ)
"ဘာကွ၊ မင်းတို့ကိုတိုက်ခိုက်သွားတာ ကလေးတစ်ယောက်တဲ့လား"
ကြက်ကြော်ဆိုင်အတွင်း လူများစည်ကားနေသည်။ မျက်လုံးနှစ်ဖက်ကန်းနေသည့် မိုးကြီးအရှေ့တွင်တော့ အနောက်တိုင်းဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည့် လူဝကြီးတစ်ယောက်က မတ်တပ်ရပ်နေသည်။
"ငါးယောက်သေတယ်၊ ကျန်တဲ့လူတွေအကုန်ဒဏ်ရာရသွားအောင်လုပ်သွားတာက ကလေးတစ်ယောက်တဲ့လား"
"ဟုတ်၊ ဟုတ်ပါတယ်အကိုကြီး၊ ကျွန်တော့်မျက်လုံးတစ်ဖက်ကိုပါ ကမ်းအောင်လုပ်သွားခဲ့တာ ဒီကောင်ကလေးပါ"
အကိုကြီးဆိုသူက အလွန်ဒေါသထွက်နေလေသည်။
"မိုးကြီး၊ အဲဒီပစ္စည်းတွေက ငါတို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ မင်းမသိဘူးလား"
"သိ၊ သိပါတယ်အကိုကြီး"
မိုးကြီးမှာအလွန်ထိတ်လန့်နေပုံရသည်။
"ဒါဆိုရင် ငါတို့ဂိုဏ်းမှာ အလုပ်မအောင်မြင်ဘူးဆိုရင် ဘာလုပ်လေ့ရှိသလဲကွ"
မိုးကြီးက လက်များကာလျက်
"မလုပ်ပါနဲ့အကိုကြီး၊ ကျွန်တော် အဲဒီကောင်ကလေးကိုတွေ့အောင်ရှာပြီးတော့ အဲဒီပစ္စည်းကို ပြန်ယူပေးပါ့မယ်"
အကိုကြီးဆိုသူက မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
"မင်းက မျက်လုံးနှစ်လုံးစလုံး ကန်းသွားပြီပဲမိုးကြီးရာ၊ မင်းသူတို့ကိုဘယ်လိုရှာမလဲ"
မိုးကြီးအလွန်ထိန်လန့်တုန်လှုပ်နေသည်။ ထိုအခါ အကိုကြီးဆိုသူက မျက်ရိပ်ပြလိုက်ရာ လူမိုက်နှစ်ယောက်က မိုးကြီးဆိုသူကို ဖမ်းချုပ်လိုက်ကြသည်။
"မလုပ်ပါနဲ့အကိုကြီး၊ မလုပ်ပါနဲ့"
အကိုကြီးဆိုသူက ကြက်သားကြော်ဆိုင်၏ မီးဖိုချောင်အတွင်းသို့ဝင်လိုက်ကာ ကြက်သားကြော်သည့် ဆီပူအိုးကြီးထဲမှ ဆီများကို ဇွန်းခွက်ကြီးတစ်ခုနှင့် မွှေကြည့်လိုက်သည်။
"မဆိုးပါဘူး၊ ဆီတော့ကျက်နေပါပြီ၊ ကဲ၊ မိုးကြီးကိုခေါ်လာကြဟေ့"
မိုးကြီးကို လူမိုက်နှစ်ယောက်က ချုပ်လာကြသည်။ ထို့နောက်ဆီပူအိုးကြီးအနားတွင်ရပ်လိုက်ပြီးသည့်အခါ အကိုကြီးဆိုသူက မိုးကြီးအနောက်တွင်ရပ်လိုက်ပြီး မိုးကြီး၏ ဦးခေါင်းကိုချုပ်ကိုင်လိုက်သည်။
"မင်းကိုငါတို့မလိုတော့ဘူးမိုးကြီး"
မိုးကြီး၏ လည်ပင်းကိုအားဖြင့်ကိုင်ပြီး မိုးကြီးခေါင်းကို ဆီပူအိုးကြီးထဲသို့ နှစ်ချလိုက်လေသည်။ မိုးကြီးမှာ အလွန်ပူလောင်သည့်ဝေဒနာကိုခံစားရပြီးနောက် လူးလွန့်နေလေသည်။ ဆီပူများမှာ မိုးကြီးမျက်နှာတစ်ခုလုံးကို လောင်မြိုက်နေတော့သည်။ မိုးကြီးရုန်းကန်ပြီး မကြာခင်မှာပင် ငြိမ်သက်သွားသည်။ လူမိုက်နှစ်ယောက်က မိုးကြီးမျက်နှာကိုဆွဲလိုက်သည့်အခါ မိုးကြီးမျက်နှာရှိအသားများမှာ ရွှေအိုရောင်သမ်းပြီး ကျက်နေပြီဖြစ်သည်။
"ဒီကောင့်ကို ထားခဲ့လိုက်တော့၊ ငါတို့ဂိုဏ်းသားတွေအကုန်လုံးကို သတင်းပေးလိုက်၊ ငါတို့ဂိုဏ်းက မိုးကြီးကို ဆော်သွားတဲ့ ဒီကလေးတွေကို အသေရရ အရှင်ရရဖမ်းရမယ်"
လူမိုက်များကထွက်သွားကြသည်။ အကိုကြီးဆိုသည့်လူဝကြီးကလည်း လမ်းလျှောက်လာပြီး ကြက်ကြော်ဆိုင်ရှေ့တွင်ရပ်ထားသည့် ဇိမ်ခံကားအနက်ကြီးပေါ်သို့တက်ထိုင်လိုက်သည်။ သူ၏ လည်ကုတ်တွင်တော့ ပင့်ကူတစ်ကောင်ပုံစံ ဆေးမင်ကြောင်ထိုးထားလေသည်။
"အကိုကြီး ဂိုဏ်းကိုပြန်မှာလား"
"မပြန်ဘူးကွာ၊ မြင်းမိုရ်ဟိုတယ်ကိုသာမောင်း"
ကားဒရိုင်ဘာလည်း မြင်းမိုရ်ဟိုတယ်ဆီသို့မောင်းနှင်ထွက်လာခဲ့သည်။
မြင်းမိုရ်ဟိုတယ်က အထပ်ပေါင်းသုံးဆယ်ကျော်ရှိသည့် မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်သည်။ တိုက်ကြီးကို မြင်းမိုရ်တောင်ပုံသဏ္ဍာန်တည်ဆောက်ထားခြင်းဖြစ်ပြီး တိမ်စိုင်တိမ်လိပ်များ၊ နေပုံစံ၊ လပုံစံ နီယွန်မီးများဖြင့် အလှဆင်ထားလေသည်။ ထိုဟိုတယ်ကြီးမှာ ဒုစရိုက်ဂိုဏ်းသားများ အချိုးကျရှယ်ယာပိုင်ဆိုင်သည့် ဟိုတယ်ကြီးတစ်ခုဖြစ်သည်။ ဒုစရိုက်ဂိုဏ်းပေါင်းစုံ ကျက်စားပျော်ပါးသည့်နေရာတစ်ခုဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ကြီးမားခန့်ညားသည့် ဟိုတယ်အဝင်၀ ဆင်ဝင်မုခ်ဦးကြီးအောက်တွင် ဇိမ်ခံကားနက်ကြီးရပ်တန့်သွားသည်။ ထိုအခါ ဧည့်ကြိုများက ပြေးလာကာ ကားတံခါးကိုဖွင့်ပေးလိုက်သည်။
"ပင့်ကူနက်ဂိုဏ်းက ဖိုးဝကြီးလာတယ်ဟေ့"
ဧည့်ကြိုများက ဖိုးဝကြီးကို သေချာကြိုဆိုပြီး ဟိုတယ်အတွင်းသို့ခေါ်ဆောင်သွားသည်။ ဖိုးဝကြီးက ကောင်တာတစ်ခုရှေ့တွင် ထိုင်ချလိုက်သည်။
"ဘာဝန်ဆောင်မှု ပေးရပါမလဲရှင့်"
လှပသည့်အမျိုးသမီးတစ်ယောက်က အပြုံးနှင့်နှုတ်ဆက်လေသည်။ ဖိုးဝကြီးက
"လူရှာပေးတဲ့ဝန်ဆောင်မှုကို သုံးချင်ပါတယ်"
"ဘယ်သူ့ကိုရှာဖွေမှာပါလဲ"
ဖိုးဝကြီးက သူ့ကုတ်အင်္ကျီအတွင်းမှ မန်မိုရီကတ်အသေးလေးတစ်ခုကိုထုတ်လိုက်ကာ ကောင်တာပေါ်သို့တင်ပေးလိုက်သည်။
"ဒီအထဲမှာ စီစီတီဗွီမှတ်တမ်းတစ်ခုပါတယ်၊ အဲဒီမှတ်တမ်းထဲက ကောင်လေးနှစ်ယောက်ကို ရှာပေးဖို့ပါ"
စာရေးမလေးက ကွန်ပြူတာအတွင်းသို့ အချက်အလက်များရိုက်ထည့်နေလေသည်။
"အသေလား၊ အရှင်လား"
"အသေရရ၊ အရှင်ရရ"
"ဘယ်နေရာမှာရှာမှာလဲ"
"ဟောဒီ ဝင်္ကပါမြို့ကြီးတစ်မြို့လုံးကိုရှာမယ်"
"ဆုကြေးကရော ဘယ်လောက်ထုတ်မှာလဲ"
ဖိုးဝကြီးက စဉ်းစားနေလိုက်သည်။ ထို့နောက် လက်သုံးချောင်းထောင်ပြသည်။
"သိန်းသုံးရာ"
ထို့နောက် ဖိုးဝကြီးကပင်ထက်ပြီး
"ခုနစ်ရက်အတွင်းတွေ့ချင်တယ်၊ အဲဒီကောင်လေးတွေနဲ့အတူတူ အိတ်အမည်းတစ်ခုပါသွားတယ်၊ အိတ်အမည်းကို ပြန်ပေးနိုင်တဲ့သူကို ဆုကြေးအကုန်ချီးမြှင့်မယ်၊ စောစောရှာတွေ့တယ်ဆိုရင် ဘောနပ်စ်ဆုကြေးထပ်ပေးမယ်"
စာရေးမလေးက ခေါင်းညိတ်လိုက်ပြီးနောက်
"တစ်ရက်ကို ဝန်ဆောင်ခ ဆယ်သိန်းကျမယ်၊ ဝန်ဆောင်ခကို တစ်ပတ်စာကြိုရှင်းခဲ့ရပါ့မယ်"
ထိုအခါ ဖိုးဝကြီးက ပိုက်ဆံအိတ်ကိုထုတ်လိုက်ကာ အနက်ရောင်ကတ်လေးတစ်ခုထုတ်လိုက်သည်။ ထိုကတ်ကလေးမှာ အနက်ရောင်ပြောင်လက်နေပြီး အလယ်ခေါင်တွင်တော့ ရွှေရောင်ကြယ်ပွင့်ပုံစံကလေးတစ်ခုပါသည်။
"အဲဒီထဲကနေသုံးမယ်"
စာရေးမလေးက အချက်အလက်များထည့်သွင်းပြီးသည့်အခါ ငွေချေယူလိုက်ပြီး ထိုအချက်အလက်များကို ဆော့ဖ်ဝဲလ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
"ပုံမှာပါတဲ့ကောင်လေးနှစ်ယောက်၊ အသေရရ အရှင်ရရ၊ သူတို့နဲ့ပါလာတဲ့ အိတ်အမည်းရတဲ့သူကို သိန်းသုံးရာ ဆုကြေးချီးမြှင့်ပေးမယ်"
တစ်မြို့လုံးရှိ ဒုစရိုက်ဂိုဏ်းသားများနှင့် လုပ်ကြံသတ်ဖြတ်သူများအကြား ထိုသတင်းစကားက ပြန့်နှံ့သွားလေသည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်