
Part - 19 အိမ်သို့အလောတကြီး ပြန်ရောက်လာသည့် ရာဇဘွားမှာ ရင်ထဲပူပင်ဗြောင်းဆန်နေ၏။ သမီးအိမ်မှာ မရှိတော့ဘူးဆိုတာ ဘာစကားမျိုးပါလိမ့်။
" ငါ့သမီးရော.....ဘာကိုမရှိတော့တာလဲ။ ဘယ်သွားလို့လဲ။ "
အကုန်လုံးက မျက်နှာမကောင်းကြတာမို့ သူ့ရင်တွေ ပိုပူလာရသည်။ သမုဒယလဲ ပြောမထွက်တာမို့ ရာဇဘွားမျက်နှာကိုငေးကြည့်ရင်း ဘယ်ကနေဘယ်လိုစပြောရမလဲမသိ။ ဒေါ်ပုလဲသီကလဲ စိတ်ဆင်းရဲသလို ထိုင်နေရင်းမှ မူးဝေလာသည်မို့ သံပုရာသီးအားနှာခေါင်းဝတေ့ကာရှူနေရသည်အထိပင်။ ရာဇဘွားအိမ်အပေါ်ထပ်သို့ ကပျာကယာတက်လာကာ သမီး၏အခန်းထဲဝင်လာခဲ့တော့ ဗီရိုတံခါးမှာပွင့်လျက်သားနှင့် အဝတ်အစားအချို့မရှိတော့။
" ဒါက.....ဒါ....."
" မောင့်သမီးတော့ ခိုးရာလိုက်သွားပြီထင်တယ်။"
" ဟာ.....မဖြစ်နိုင်တာ....."
ထငြင်းလိုက်သလို လက်မခံနိုင်ပေ။ အောက်ထပ်ဆင်းလာရင်း သူ့ရင်တွေသည် တလှပ်လှပ်တုန်ယင်နေ၏။ ခြေမကိုင်မိလက်မကိုင်မိဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိသလို သူ့သမီးလေး မလုပ်လောက်ပါဘူးဟု ဇွတ်မှိတ်ယုံချင်နေသည်။
" မင်းသမီးက မိုက်လိုက်တာ သားရယ်.... အဲ့လိုကောင်မျိုးဆို ငါ့မြေးအနာဂါတ်တော့ မတွေးရဲဘူး။ "
အမေ့စကားကြားမှ ရာဇဘွား အသိနဲ့သတိကပ်သွားရသည်။ မယုံမရဲဖြစ်နေရာမှ ကြုံလာရပြီမို့ သမီးမျက်နှာကိုတွေးကာ ရင်တွေမွန်းကြပ်သွား၏။ အရမ်းကြီးလဲ ဆူဆူညံညံမလုပ်ရဲပဲ မိန်းကလေးရှင်မို့ ကြိတ်စုံစမ်းရ၊ဂျော်နီ့သတင်းကို မသိမသာထောက်ရ၏။ ရင်ထဲတအုံနွေးနွေးဖြင့် ကြိမ်မီးအုံးနေသလို ထိုညတစ်ညလုံး သူမအိပ်နိုင်ပေ။
သမုဒယ ကော်ဖီခွက်လေးယူကာ ရာဇဘွားအနားရောက်လာရင်းမှ ငူငူငိုင်ငိုင်ကြီး ထိုင်နေသည့်ပုံကိုကြည့်ပြီး သက်ပြင်းချမိ၏။
" မောင်......တစ်နေကုန် ဘာမှလဲမစားဘူး။ ကော်ဖီလေးနဲ့မုန့်လေးဖြစ်ဖြစ် စားလိုက်ပါ......"
ရာဇဘွား ခေါင်းကိုခါယမ်းပြလိုက်ရင်းမှ ရင်တစ်ခုလုံးကတင်းကြပ်နေသလို လည်ပင်းထဲဝေဒနာက တစ်စို့လျက်ရှိနေ၏။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှဒီလောက် ဝမ်းမနည်းဖူးသလို မောလဲမောနေ၏။ ခေါင်းတစ်ခြမ်းကနောက်ကျိထုံကျဥ်နေသလို ကိုယ့်သမီးလေးအား နှမျောတသဖြစ်ရမဆုံးပေ။ မထွေးနိုင်မအန်နိုင်ဖြစ်နေသည့် ရာဇဘွားကိုကြည့်ပြီး သမုဒယ ပခုံးပေါ်လက်လေးဆုပ်ကိုင်ရင်းမှ.....
" မောင်ရယ်......ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ။ "
ရာဇဘွား အံကိုတင်းခနဲကြိတ်လိုက်တော့ ပါးပြင်ပေါ် မျက်ရည်စအချို့စီးကျလာသည်။
သူ ငိုနေသည်.....ဟုတ်သည် ရာဇဘွား အံတကြိတ်ကြိတ်ဖြင့် တအီးအီးယူကြုံးမရ ငိုကြွေး၏။ သူ့သမီးလေးကို သူသိပ်နှမျောသည်။ ဒီလိုကောင်စားမျိုးနဲ့မဆိုထားဘိ.... တကယ့်သူဌေး၊မျိုးရိုးမြင့်မြင့်တွေထဲက လူတွေကို သမီးအတွက်ရည်မှန်းထားခဲ့တာ မဟုတ်လား။ ဒီလိုကလေကဝ လောင်းကစားသမား၊ဘာအရည်အချင်းမှမရှိတဲ့ကောင်နဲ့ ရသွားလိမ့်မည်ဟု သူတွေးပင်မတွေး။ ချစ်သမီးသည် ဂျော်နီနှင့် ခိုးရာလိုက်သွားပြီး နှစ်ပတ်ကြာတော့မှ ဂျော်နီ့အိမ်တွင် ပြန်ရောက်လာခဲ့သည်။ တစ်မြို့လုံးလဲ သိကြပြီမို့ ရာဇဘွားမှာ လက်မခံချင်လဲမရသလို ကိုယ်ကသမီးရှင်မို့ မတင်းထားနိုင်ပဲ လျှော့ရ၏။
ဂျော်နီ့အဖေက မင်္ဂလာဦးဆွမ်းပဲကျွေးမည်ဆိုသဖြင့် ကိုယ့်သမီးမျက်နှာငယ်မှာစိုးကာ မင်္ဂလာဆောင်ကို သူကပဲ အကုန်အကျခံကာ ဆောင်ပေးလိုက်ရ၏။ သမက်ဖြစ်သူက အချိုးမပြေသမျှကို ကိုယ့်သမီးလေးမျက်နှာဖြင့် ကြိတ်မှိတ်သည်းခံရကာ ဒေါသထွက်လွန်းသည်မှာ ဆိုဖွယ်ရာမရှိ။
@@@@@@@@@@@@
" မိန်းမကလဲကွာ.....ကိုကိုတို့ မင်္ဂလာဦးဆိုတော့ သူငယ်ချင်းတွေနဲ့အတူ အပျော်ဆော့တာပါ။ သောက်ရင်းစားရင်းပေါ့...."
" ဟုတ်ပါပြီ ကိုကိုရယ်..... ကဲ ရော့ "
ချစ်သမီး ဖေဖေသုံးရန်ပေးထားသည့် ပိုက်ဆံထဲမှ သုံးရာခန့်ယူကာ ကိုကို့လက်ထဲထည့်ပေးလိုက်၏။ သုံးရာဆိုသည်မှာ နည်းလှသောပိုက်ဆံမဟုတ်သလို ထိုခေတ်အခါက ပညာတတ်လခစားတစ်ဦး၏တစ်လစာလခလောက်ရှိသည်။ ဂျော်နီသည် ငွေယားလေးရသည်နှင့် မိန်းမဖြစ်သူကို တစ်ချက်နမ်းကာ ထွက်သွားသည်မှာ မိုးစုန်းစုန်းချုပ်မှ ငွေလဲကုန်၊လူလဲမူးပြဲကာ ပြန်ရောက်လာခဲ့သည်။
မနက်ခင်းမင်္ဂလာပွဲပေမယ့် သတို့သားပီပီ ဘာမှကူညီလုပ်ကိုင်ခြင်းမရှိသည့်အပြင် ရာဇဘွားက ပွဲပြင်ဆင်ရန်လွှတ်ထားသည့် အလုပ်သမားတွေကိုပင် မူးမူးရူးရူးနှင့် ရန်ရှာသည်။ ရာဇဘွားနားထဲ သတင်းလာပို့ကြပေမယ့် မနက်ဖြန်ပဲ မင်္ဂလာဆောင်မို့ ပွဲပျက်မည်စိုးကာ မသိဟန်ဆောင်၍ စိတ်လျှော့ထားရသည်။
မင်္ဂလာပွဲကား စည်ပေမယ့် ဂျော်နီကား လူညံ့လူဖျဥ်းပီပီ စကားကိုမိန်းမလိုမိန်းမရဆန်ဆန်ပြောတတ်သည်။
" ဟုတ်တယ်ကွာ.....လူပျိုဘဝပဲနေချင်သေးတာ....အဲ့ကောင်မလေးက ငါမှငါဟေ့။ "
" မင်္ဂလာဆောင်က ငါ့အဖေလုပ်ပေးတာပေါ့ကွ.....အလကားပါကွာ အဖေက ချစ်သမီးကို သိပ်သဘောမကျဘူး။ပညာမတတ်လို့လေ။ "
ကြားနေရသည့်စကားတွေက အချိုးမပြေပေမယ့် မင်္ဂလာပွဲတစ်လျှောက်လုံး ကိုယ့်သမီးမျက်နှာကြည့်ရင်း မနည်းသည်းခံရသည်။ ပွဲထဖျက်ရင်လဲ ဒီမြို့ဒီနယ်မှာ ကိုယ့်သမီးလေးပဲ တစ်ရှက်ကနေနှစ်ရှက်ဖြစ်စရာရှိတော့သည်။
မင်္ဂလာဆောင်ပြီး၍ ပြန်မည့်အချိန်မှာ လာကန်တော့မည်ကို ဧည့်ခန်းထဲကနေပဲ မသိမသာစောင့်မိသည်။ အတော်လေးကြာမှ သမီးတစ်ယောက်ထဲရောက်လာသလို မျက်နှာမကောင်းတာမို့ ဂျော်နီက သူ့ကိုကန်တော့ရန် လိုက်မလာချင်မှန်းသိလိုက်၏။
" ဖေကြီးကို လာကန်တော့တာ.....သမီးတို့ ဟိုဖက်အိမ်ပြန်တော့မယ်။ "
သူ့သမီးလေးကို သူ မပိုင်တော့ဘူးဆိုတဲ့ အရှိတရားကို ပထမဆုံး သူခံစားမိသွား၏။ သက်ပြင်းချလိုက်မိရင်းမှ....
" မောင်ဂျော်နီရော သမီး......"
ချစ်သမီးမျက်နှာလေးက ကွက်ခနဲ ပျက်သွားသလို ဟန်မဆောင်နိုင်ပဲ ဘာပြောရမှန်းမသိပေ။ ဂျော်နီ့ကို ခေါ်ပေမယ့် မလိုက်ချင်ပဲ ပေကတ်နေခဲ့သည်။
" ဟို...ဟို ကိုကိုက အလုပ်လေးတွေ ရှုပ်နေလို့ပါ ဖေကြီး။ "
ညာပြောလိုက်ရပေမယ့် အသည်းတအေးအေးဖြင့် ကောင်းကောင်းယုံပါ့မလား ဖေကြီးစိတ်များမကောင်းဖြစ်သွားမလားဆိုတာ အကဲခတ်ကြည့်ရင်း ရင်ထဲကျဥ်းကြပ်ကာ မရှူနိုင်မကယ်နိုင်ဖြစ်နေရသည်။
ရာဇဘွားက ပျက်ယွင်းနေသည့် သမီးဖြစ်သူရဲ့ပုံစံကို စိတ်မချမ်းမသာဖြင့်ကြည့်ရင်းမှ.....
" မူမူ.....ခြံထဲမှာ မောင်ဂျော်နီ့ကို သွားခေါ်ခဲ့ချေ။ငါ ခေါ်ခိုင်းလိုက်တယ်ပြောလိုက်။ "
ချစ်သမီးခေါင်းလေးကို ငုံ့လိုက်မိသလို သိပ်မကြာပဲ မူမူနဲ့အတူ ဂျော်နီရောက်လာ၏။ ဂျော်နီက ချစ်သမီးအနားဝင်ထိုင်လိုက်ရင်းမှ ရာဇဘွားကိုတစ်ချက်ကြည့်ကာ.....
" ဦးလေး ကျွန်တော့်ကို ပြောစရာရှိတယ်ဆို။ "
" အကူအညီတောင်းစရာရှိတာပါ......"
ဂျော်နီ့အကြည့်က ရာဇဘွားကို ငေးစိုက်ကြည့်နေရာမှ နားမလည်နိုင်ဖြစ်သွားပုံရသည်။
" ဘာအကူအညီ....."
" ဦးလေးသမီးကို သေချာအပ်ပါတယ်ကွယ်.....အဖေက အရမ်းအလိုလိုက်ခဲ့တဲ့ကလေးမို့ မောင်ရင်က ပိုချစ်ပေးပါ။ "
ဂျော်နီ့မျက်နှာက ပြုံးသွားသလို ချစ်သမီး၏လက်လေးကို ဆုပ်ကိုင်ကာ အာမဘန္တေခံလာ၏။
" စိတ်ချပါ ဦးလေး......ကျွန်တော်တို့လင်မယား ရိုးမြေကျပေါင်းမှာပါ။ ဒါပေမယ့် ဦးလေးရယ်....အိမ်ထောင်ဦးအစဆိုတော့ စီးပွားရေးလေးလုပ်ရဦးမယ်လေ....ဂရုစိုက်မှာဆိုပေမယ့် ဒီရက်ပိုင်းတော့ အရင်းအနှီးလေးရှာရမှာမို့ အလုပ်များမှာပဲ။ "
ချစ်သမီးစိတ်ထဲမှ မပြောပါနဲ့ဟု တားလိုက်မိပေမယ့် နှုတ်ကတော့ တကယ့်တကယ်အာစေးမိနေသည်။ မင်္ဂလာဆောင်မှရသည့် လက်ဖွဲ့ငွေတွေလဲရှိပါလျက်နှင့် သက်သက်ကြီးဖေဖေ့ဆီမှ မတောင်းစေချင်တာ စိတ်အမှန်ပင်။ ရာဇဘွားက သမီးမျက်နှာလေးကို ကြည့်ရင်းမှ ဂျော်နီ့ဆီအကြည့်ပြန်လွှဲကာ.....
" အရင်းအနှီးက ဘယ်လောက်လိုတာလဲ...."
ဂျော်နီက စဥ်းစားသလိုဟန်ပြုရင်းမှ.....
" အတော်များတယ် ဦးလေး......တကယ်တော့ ကျွန်တော့်မိတ်ဆွေတွေထဲ ဘီအီးဒီအောင်ဖေတို့ အဆိုတော်မမြလေးတို့ရှိတယ်လေ......ဘိုင်စကုတ်တစ်ကားရိုက်ချင်တာ။ "
ရာဇဘွားက ခေါင်းတဆတ်ဆတ်ညိတ်ရင်းမှ....
" အေးကွယ်.....လုပ်ကြည့်ပေါ့။ လိုတဲ့ငွေကို ဦးလေးထုတ်ပေးမယ်။ "
ဂျော်နီတစ်ယောက် သဘောအကျကြီးကျကာ အူမြူးလျက် ချစ်သမီးလက်ကိုဆွဲရင်း ပြန်သွား၏။ ညဖက်အိပ်ယာဝင်သည့်အခါ လက်ဖွဲ့ပစ္စည်းတွေဖောက်၊လက်ဖွဲ့ငွေတွေတွက်ရင်း ချစ်သမီးက လင်ဖြစ်သူအား ဝမ်းသာအားရပြောလာ၏။
" ကိုကိုရေ......မင်္ဂလာဆောက်က နှစ်ဖက်မိတ်ပေါလို့လား မသိဘူး သိပ်မြတ်တာပဲ။ ပစ္စည်းတွေရော၊ငွေတွေပါမနည်းဘူး ကိုကိုရဲ့ သိလား။ ဖေဖေ့ဆီက ငွေမယူရင်တောင် ရလောက်မယ်။ "
ဂျော်နီ့မျက်နှာက တည်တင်းသွားသလို အိပ်နေရာမှ ထထိုင်လာ၏။.
" ဘာလဲ ချစ်သမီး.....မင်းအဖေဆီကငွေယူလို့ မင်းကမကြိုက်ဘူးလား။ ငါကတောင်းတာ မဟုတ်ဘူးနော်....မင်းအဖေဘာသာထုတ်ပေးတာ။ "
" ဘာပြောလို့လဲ ကိုကိုရယ်....."
" အေး....ပြောလို့လဲမရဘူး။ မင်းနဲ့ရမှငွေကိုင်ရတဲ့ကောင် မဟုတ်ဘူးဆိုတာ မင်းသိထား ချစ်သမီး။ "
စကားများရတော့ အတော်လေး စိတ်မချမ်းမသာဖြစ်ရသည်။
မင်္ဂလာဦးမှာ ရန်ဖြစ်ပြီးမဖြတ်သန်းချင်တာမို့ သည်းခံလိုက်ရပေမယ့် နေ့စဥ်ရက်ဆက်လိုဖြစ်လာခဲ့သည်။ ဂျော်နီသည် နဂိုထဲကိုက လက်ကြောတင်းသူ မဟုတ်ပေ။
@@@@@@@@@@@@
ကိုကိုရယ်..... နည်းနည်းပါးပါး အိမ်ကပ်ပါဦး။ အမြဲတမ်းလဲ သောက်စားနေတာပဲ။
ချစ်သမီး၏စကားသည် ဂျော်နီ့အတွက် တိုးမပေါက်သလို နဂိုဗီဇအကျင့်မို့ ဖျောက်ဖျက်ဖို့ မရှိပါ။ မနက်မိုးလင်းမိုးချုပ်အိမ်မကပ်သလို မယားကိုလဲ မက်မောတွယ်တာသူ မဟုတ်ပေ။ အိမ်ထောင်ကျပြီးထဲက ချစ်သမီးမှာ အဖေအိမ်မရောက်ဖြစ်သလို တစ်ခါတစ်လေသွားလျှင်တောင် ထေ့ငေါ့ပြောခံရသည်။
" ကိုယ့်အိမ်မှာကိုယ်နေမယ် မရှိဘူး။ ခုချိန်ထိ အဖေ့အိမ်ဝင်ထွက်နေရအောင် မင်းကဒီမိသားစုဝင်ဖြစ်နေပြီနော်။ "
လင်ရယ်မယားရယ်ဖြစ်လာမှ ကိုကိုသည် အတော်လေး မိန်းမလိုမိန်းမရဆန်တာသိလာရသည်။ အလုပ်ဆိုပြီး ထွက်ထွက်သွားပေမယ့် ဘာတွေလုပ်လို့လုပ်နေမှန်းမသိအောင် တစ်ယောက်ထဲ တိုးတိုးတိတ်တိတ်လုပ်တတ်၏။ ချစ်သမီးကို ပေးမသိသလို မေးလျှင်လဲ အော်ငေါက်ကာ စကားများရ၏။
နှစ်ယောက်သား၏အိမ်ထောင်ရေးမှာ ရန်တကျတ်ကျတ်ဖြစ်နေရသည်က များသလို ကိုကို့အဖေကလဲ သားဖြစ်သူကိုဆုံးမဖို့နေနေသာသာ မသိဟန်သာဆောင်နေတတ်သည်။ ဖေကြီးနဲ့တုန်းက ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင်ဖြင့် နေရပေမယ့် အိမ်ထောင်ကျတော့ အရင်လိုနေမရဖြစ်လာသည်။
လင်ဖြစ်သူကပါ မသိတတ်တာမို့ ပိုပင်ပန်းရကာ ချက်ပြုတ်တာလဲကိုယ်ကအဆင်မပြေ။ နောက်ဆုံး ဖေကြီးဆီသာအပူလာကပ်ရတော့သည်။ သမီးဖြစ်သူ အိမ်ခဏလာသည်ကိုပင် ရာဇဘွားမှာ ဝမ်းအသာကြီးသာကာ ပျော်ရွှင်မှုက မျက်နှာမှာ ဖုံးမရဖိမရပေါ်နေ၏။
" ထမင်းစားပြီးမှပြန်နော် သမီးလေး......ဖေကြီးထင်တယ်....မနက်က ကျီးတွေအာနေလို့ ငါ့သမီးလေးလာမယ်ထင်တယ်လို့တောင်ပြောနေသေးတာ။ "
သမုဒယက ပြုံးမိသလို သူ့သမီးကို နေ့တိုင်းမျှော်နေတာ သိတာမို့ ခပ်ဆိတ်ဆိတ်သာနေလိုက်သည်။
" ဖေကြီး.......သမီးချက်ပြုတ်ဖို့နဲ့သန့်ရှင်းရေးအတွက် ဒီကနေတစ်ယောက်လောက်ခေါ်သွားချင်တယ်။ "
ရာဇဘွားက သမီးမျက်နှာလေးကို ငေးကြည့်ရင်းမှ ပိန်သွားတာသတိထားမိသည်။
" သမီးလေးလိုချင်ရင်ခေါ်သွားပါ......လခက ဖေကြီးပဲပေးလိုက်မယ်။ ဒါနဲ့ဟိုမှာ သမီးပဲချက်ရတာလား။ "
ချစ်သမီးမျက်နှာလေးက ပျက်ယွင်းသွားရင်း....
" သမီးကချက်ကြည့်တာပါ....ကိုကိုက စားပေမယ့် သမီးက သမီးလက်ရာသမီးမစားနိုင်ဘူးဖြစ်နေတာ။
" သြော်.....။ညာလဲညာတတ်သည့် သူ့သမီးပင်။ ထမင်းစားတော့လဲ ပလုတ်ပလောင်းဖြင့် အားရပါးရပင်။ဟိုမှာ အစားများဆင်းရဲသလားတွေးမိပေမယ့် သူ့ပိုက်ဆံတွေရော၊လက်ဖွဲ့ရတဲ့ငွေတွေရောမို့ မဖြစ်နိူင်ပါဘူးလေဟု ဖြည့်တွေးရသည်။
" ဖေကြီးသမီးဆံပင်တွေက ခြောက်သလောင်းနေမှကွယ်.....ဆီသေချာမထည့်ဘူးလား။ "
ကြမ်းပြင်ပေါ်ထိုင်နေသည့် ချစ်သမီးက ခုံပေါ်ထိုင်နေသည့်ဖခင်ဖြစ်သူ၏ပေါင်ပေါ် ခေါင်းလေးတင်ထားသလို ရာဇဘွားက ထုံးစံအတိုင်း သမီးရဲ့ဆံပင်တွေကိုဆီလူးပြီး ဆင်စွယ်ဘီးလေးဖြင့် သေချာဖြီးသင်ပေး၏။
" ငါ့သမီးရယ်.....ဖေကြီးဆီ ခဏခဏလာစမ်းပါကွဲ့။ ယောကျာ်းရသွားတာနဲ့ ဒီအဖေကို ပစ်ထားတော့တာပဲ ဒီကလေးနှယ်။ "
ရင်ထဲမချိတာကို ဟန်လုပ်ရယ်ရင်း ပြောတော့ ချစ်သမီးက ပြုံး၏။သားအဖနှစ်ယောက်ကား ကိုယ့်အပူကိုယ်မြိုသိပ်နေကြသည်။ ဆံပင်လေးကိုဆီလူးဖြီးသင်ပြီး ဖခင်က ကျစ်ဆံမြီးသေချာကျစ်ပေးလိုက်ရှာသည်။ သူ့မျက်စိထဲတော့ ဘယ်အရွယ်ရောက်ရောက် သူ့သမီးဟာ ကလေးလေး။ ညနေ ကြီးမူမူက ချစ်သမီးနဲ့အတူလိုက်လာသလို အိမ်ထဲဝင်လာရုံရှိသေး ဂျော်နီ့ကိုမြင်လိုက်ရရင်း ပါးတစ်ဖက်ကထူပူသွားရုံမက ကျစ်ဆံမြီးစကို တင်းခနဲဆောင့်ဆွဲခံလိုက်ရ၏။
" အမလေး.....မမလေးတော့ သေပါပြီ။"
ကြီးမူမူဆီမှ ထိတ်ထိတ်ပြာပြာအော်သံနဲ့အတူ ခွေကျသွားသည့် ချစ်သမီးအနားရောက်လာသည့် ဂျော်နီ့ပုံစံက သရဲဘီလူးစီးနေသလို ကြောက်စရာကြီးဖြစ်နေ၏။ ဖခင်ကိုယ်တိုင် ဆီလူးပေးထားသည့်ဆံစတွေဟာ ဂျော်နီ့လက်ထဲဆောင့်ဆွဲခံလိုက်ရသလို ရစ်ပတ်ခံလိုက်ရတာမို့ ချစ်သမီးမျက်နှာလေးမှာ ခပ်မော့မော့ဖြစ်သွားရင်း မျက်ရည်တွေစီးကျလာရင်း......
" ကိုကို့...."
@@@@@@@@@@@@@@@@@@@@@@
To be continue P -
20Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ